အခန်း၉၀
Viewers 8k

Chapter 90

(ချောင်းမင်ယောင်က လျှို့ဝှက်ချက်တစ်ခုရှာဖွေတွေ့ရှိခြငိး)


တနင်္ဂနွေနေ့ မွန်းတည့်ချိန်နီးလာသောအခါတွင် ဧည့်သည်တစ်ဦး၏ အမြန်ကားတစ်စီးသည် အစားအသောက်ကုထုံးသုတေသနစခန်းသို့ ရောက်လာသည်။ ကံကောင်းစွာဖြင့်၊ ဇာ့ခ် အသားအရသာမြည်းပွဲမှာ ပြင်ဆင်မှုများ ပြီးလုနီးပါးဖြစ်နေသည်။


လင်းယောင်ယောင် သည် ဇာ့ခ် အသားပြုတ် ကြွပ်ကြွပ်ကြော်၊ အသားပြုတ်၊ ဇာ့ခ် အသားနှင့်ကြက်ဥဟင်းချို၊ ဇာ့ခ် အသားဆော့စ်၊ ဟော့ပေါ့ဟင်းရည်စသည်ဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ယမန်နေ့က အခြားသော အစားအသောက် ကုထုံးပညာရှင်များသည် ပြင်ဆင်မှုအများစုကို ကူညီဆောင်ရွက်ပေးနေခဲ့သည်။


ဇာ့ခ် အသားပါဝင်ပစ္စည်းများအပြင် ဇာ့ခ် အသားမုန့်များ၊ ဇာ့ခ် အသားဖက်ထုပ်များ စသည်တို့အတွက် ချိုက်ယူဟုန် နှင့် အခြားသော အစားအသောက်ကုထုံးပညာရှင်များမှ အဓိကပြင်ဆင်ထားသည်။ လင်းယောင်ယောင် က သူတို့ကို အရသာအတွက်သာ ကြီးကြပ်လမ်းညွှန်ပေးခြင်းဖြစ်သည်။


သူမမှ လွဲ၍ အခြားသော အစားအသောက် ကုထုံးပညာရှင်များမှ ထုတ်လုပ်သော ဖြည့်စွက်အစားအစာများ၏ ပန်းကန်ပြား အစွန်းတွင် အတိုကောက်အညွှန်းပါရှိသည်။အညွှန်းကြောင့်သာ တိုက်ပွဲဝင်စစ်သည်များအား အစားအစာရွေးချယ်ရာတွင် လွယ်ကူချောမွေ့စေသည်။


သာမာန်မြည်းစမ်းသူများအတွက် ထမင်းစားခန်းသည် အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်းအပြင်ဘက်တွင်ရှိသည်။ ချမ်းသာပြီး အာဏာရှိသူများအတွက် VIP အခန်းသည် သာမန်အချိန်များတွင် ဖွင့်ခဲသော အစားအသောက်ကုထုံးသုတေသနစခန်း၏ အပေါ်ထပ်တွင်ဖြစ်သည်။


သာမန်မြည်းစမ်းသူများ၏ ခန်းမတွင်၊ အစိမ်းနှင့်ပြုတ်ထားသော ဇာ့ခ် အသားများကို အကန့်အသတ်ဖြင့်သာ ရရှိနိုင်၏။ ဆယ်ယောက်စာ စားပွဲ၏ စံပုံစံဖွဲ့စည်းပုံမှာ ဇာ့ခ်အသားအမျိုးအစားတစ်ခုစီကို ပန်းကန်တစ်ချပ်စီ၊ ဇာ့ခ် အသားစိမ်း၊ဇာ့ခ် အသားလုံးများ၊ သာမန်အသားနှင့် ဟင်းသီးဟင်းရွက် အမျိုးအစား 20 မှ 30 အထိဖြစ်သည်။ သာမန်ပါဝင်ပစ္စည်းများကိုမူ အကန့်အသတ်မရှိ ပမာဏဖြင့် ရရှိနိုင်သည်။


VIP အခန်းအတွက် ဇာ့ခ် အသားများကို အကန့်အသတ်မရှိပေးထားပြီး စားပွဲတစ်ခုစီအတွက် ဇာ့ခ်အသား နှစ်ပန်းကန်စီ ရရှိမည်ဖြစ်၏။ ထို့အပြင်၊ လင်းယောင်ယောင် သည် VIP အခန်းအတွက် အထူးဟင်းလျာ နှစ်မျိုးကိုလည်း ပြင်ဆင်ထားပြီး တစ်ခုမှာ ဆန်ခေါက်ဆွဲနှင့် ဇာ့ခ်အသားပြုတ် ဖြစ်ပြီး နောက်တစ်မျိုးမှာ ပူစပ်စပ် ဇာ့ခ် ဟင်းရည် ဖြစ်သည်။ အဆိုပါဟင်းပွဲ နှစ်ခုလုံးကို သူမကိုယ်တိုင် တနင်္ဂနွေနေ့ နံနက်တွင် ပြုလုပ်ခဲ့သည်။


မွန်းတည့်မတိုင်မီတွင် သူမသည် ဟင်းပွဲများအားလုံးကို ပြင်ဆင်နိုင်ခဲ့သည်။ နောက်ဆုံးတွင် သူမသည် ကိုယ်ပေါ်ရှိ ခါးစည်းကို ချွတ်လိုက်ပြီး အစားအသောက်အနံ့ကို ဖယ်ရှားရန် သန့်ရှင်းရေးကိရိယာကို အသုံးပြုလိုက်သည်။


ထို့နောက် လင်းရွှမ် ကို ခေါ်ရန် အစားအသောက်ကုထုံးသုတေသနစခန်း၏ နံဘေးတံခါးသို့ သွားခါနီးတွင် စုချင်းဟယ် က သူမကို တားလိုက်သည်။


"ယောင်ယောင်… ငါ့အစ်ကိုကလေ မနေ့က ဒီမြည်းစမ်းပွဲအတွက် စာရင်းသွင်းတာကို မမီလိုက်လို့မရသွားဘူး…သူက လာမြည်းချင်နေတာ… အဆင်ပြေရဲ့လား၊ နှစ်ဆပေးရလည်း ရပါတယ် .. "


စုချင်းဟယ် သည် ဆေးဝါးဌာနမှ ကျောင်းသားတစ်ဦးဖြစ်သော်လည်း လင်းယောင်ယောင် ၏ ဇာ့ခ် ဟင်းရည်စွပ်ပြုတ်သည် ဖြည့်စွက်ဆေးဖက်ဝင်အစားအစာမှန်း သိသည်။ ဆေးဖက်ဝင်ပစ္စည်းများ အများအပြားထည့်ထားပြီး သူမကိုယ်တိုင်ကလည်း ဆေးဖက်ဝင်ပစ္စည်းများရှိ အညစ်အကြေးများကို ဖယ်ရှားပေးခဲ့သည်။


ဒါပေမယ့် စုချင်းဟယ် ရဲ့အစ်ကိုက…အဲဒါ Star Network က "နစ်ကို" မဟုတ်လား… ထိပ်တန်းအရာရှိ ကျောက် ရဲ့မြေး ကျောက်ချင်းယွင် လေ…


မမျှော်လင့်ဘဲ မောင်နှမများ အချင်းချင်း မှတ်မိသွားကြပြီးဖြစ်နိုင်သည်။


လင်းယောင်ယောင် က ပြုံးပြီးပြောလိုက်သည်။


"ရပါတယ်…ဆရာကြီးချိုက် က ဝန်ထမ်းတစ်ဦးစီက မိသားစုဝင်တစ်ဦးကို ခေါ်လာနိုင်တယ်လို့ ပြောတယ်လေ…နင်လည်း ငါတို့ရဲ့ အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်း က ဝန်ထမ်းတစ်ပိုင်းလည်း ဖြစ်နေပြီဆိုတော့ ပိုက်ဆံပေးစရာမလိုပါဘူး… မိတ်ဆွေဖြစ်နေပြီဆိုတော့ ငါ့ကို ယဉ်ကျေးပြီး ပြောနေစရာ မလိုဘူးနော်…သူ့ကိုလည်း ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေအတွက် ထားပေးတဲ့ သီးသန့်ခန်းခေါ်သွားလို့ရတယ်"


လင်းယောင်ယောင် သည် ယခင်က သူမအပေါ် အေးစက်ပြီး ဘာမှမထူးခြားသည့် သဘောထားရှိခဲ့သော်လည်း မကြာသေးမီက သူမနှင့် ပိုမိုရင်းနှီးလာခဲ့ကြောင်းစုချင်းဟယ် ခံစားခဲ့ရသည်။ အထူးသဖြင့် ယခုတစ်ကြိမ်တွင် လင်းယောင်ယောင် ၏ လေသံသည် ဖော်ရွေပြီး သူမ၏ အပြုံးသည် ရိုးသားနေကာ အပြင်လူမဟုတ်တော့ဟု မှတ်ယူထားပြီးဖြစ်၍ သူမ အတော်ပင်ပျော်သွားသည်။


"အေးအေး တော်သေးတာပေါ့ … နင်က အရမ်းသဘောကောင်းတာပဲ"


ထိုစကားကြောင့် စုချင်းဟယ် သည် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ဘဲ ‌လင်းယောင်ယောင်ကို ရုတ်တရက် ပွေ့ဖက်လိုက်သည် ။ အရပ်ရှည်ရှည်နှင့် လှပကြော့ရှင်းသော ကောင်မလေးက သေးသေးသွယ်သွယ်နှင့် ချစ်စရာ ချောမောလှပသော ကောင်မလေးကို ပွေ့ဖက်ထားသည့် ပုံရိပ်သည် တစ်ကယ်ကို နွေးထွေးပြီး ချစ်ဖို့ကောင်းနေသည်။


စုချင်းဟယ် ၏ မျက်နှာသည် နီမြန်းနေပြီး စိတ်လှုပ်ရှားစွာ ရေရွတ်ရင်း


"အာ... ငါ ဒီလိုလေး နင့်ကို ဖက်ချင်နေတာကြာပြီ… နင်က အရမ်းချစ်စရာကောင်းတာပဲ"


လင်းယောင်ယောင် အံ့သြသွားသည်။


'...ဟေး…နင်က ငါ့ကို ရုတ်တရတ်ကြီး ဘယ်လိုဖြစ်တာလဲ… ငါက နင့်ကို ပြုံးပြရင်တောင် ဖက်ခိုင်းနေတာ မဟုတ်ဘူးလေ"


သူမသည် စုချင်းဟယ် ကို မည်သို့တွန်းထုတ်ရမည်ကို စဉ်းစားနေချိန်၌ ငွေရောင် စစ်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးသည် သူမ၏ သီးသန့်အစားအသောက်ကုထုံးဓာတ်ခွဲခန်းတံခါးဝသို့ ရောက်ရှိလာသည်။ သူက ဖွင့်ပြီးသား တံခါးကို ခေါက်လိုက်ပြီး သူ့အသံက ဒေါသထွက်နေပုံဖြင့်…


"ဒီမှာ ရောက်လာတာ အချိန်လွဲနေတာလား"


အရပ်ရှည်သောလူကြီးသည် အေးစက်သောမျက်နှာထားရှိသည်။


သူက လင်းရွှမ် မဟုတ်ရင် ဘယ်သူဖြစ်နိုင်မလဲ…


သူမသည် လင်းရွှမ် ထံသို့ VVIP ဖိတ်စာတစ်စောင် ပေးပို့ခဲ့သည်။ သူမကို ရှာမတွေ့မှာကြောက်၍ အရင်သူ့ကို လာခေါ်ဖို့ စီစဉ်ခဲ့တာပင်။ ယခုမူ မထင်မှတ်ပဲ၊ သူက သူမ၏ ဓာတ်ခွဲခန်းသို့ တိုက်ရိုက်ရောက်လာခဲ့သည်။


လင်းရွှမ် သည် ယခင်က စုချင်းဟယ် ၏ နည်းပြဆရာဖြစ်သည်။ စုချင်းဟယ် သည် နည်းပြဆရာဖြစ်သူ၏ အသံကိုကြားကြားချင်း အမြဲတစေ ကြောက်ရွံ့ထိတ်လန့်နေရသဖြင့် သူမ လင်းယောင်ယောင် ကို ကိုယ်ချင်းခွာလိုက်၏။သူမလည်း အလွန်ရှက်သွားစဥ် ထိုလူကြီးက သူမကို မှတ်မိသွားပုံရသည်။သူမလည်း မျက်နှာနီနီနှင့် နှုတ်ဆက်လိုက်သည်။


"နည်းပြဆရာ လင်း… ယောင်ယောင်ကလည်း မိသားစုဝင်တွေကို ခေါ်လာတယ် ထင်တယ်"


လင်းယောင်ယောင် သည် လင်းရွှမ် ၏ အေးစက်နေပုံရသော အသံတွင် လျှို့ဝှက်မကျေနပ်ချက်တစ်ခုကို သဘာဝအတိုင်း ကြားလိုက်ရသောကြောင့် စုချင်းဟယ် အား ပြောလိုက်သည်။


"နင့်အစ်ကိုနဲ့ သွားဆက်သွယ်လိုက်ပါလား"


စုချင်းဟယ် သည် လင်းယောင်ယောင် ကို ငုံ့ကြည့်ကာ သူမ၏ နှလုံးသား လှုပ်ရှားသွားသည်။ ထို့နောက် သူမသည်် လင်းရွှမ် ဝင်လာသော တံခါးမဟုတ်ဘဲ အဝေးမှ တံခါးကိုဖွင့်၍ အခန်းပြင်ထွက်ပြီး ထိုတံခါးအား ပြန်ပိတ်လိုက်သည်။


လင်းယောင်ယောင် နှင့် လင်းရွှမ် တို့သာ ကြီးမားသော ဓာတ်ခွဲခန်းတွင် ကျန်ခဲ့သည်။ ပိုကြောက်စရာကောင်းသည်က စုချင်းဟယ် ထွက်သွားပြီးနောက် လင်းရွှမ်သည် သူဝင်လာသည့်တံခါးကို မထင်မှတ်ပဲ ပိတ်ပစ်လိုက်သည်။ ထို့နောက် ခြေလှမ်းကျဲကြီးဖြင့် သူမအနားကို တစ်လှမ်းပြီးတစ်လှမ်း ချဉ်းကပ်ခဲ့သည်။


သူမလည်း အလန့်တကြား နောက်ပြန်ဆုတ်ကာ


"ဘာလို့ တံခါးပိတ်တာလဲ"


ထိုအခါ လင်းရွှမ် ၏ ခြေသံများ ရပ်တန့်သွားပြီး နက်မှောင်သော မျက်လုံးများက သူမကို မှုန်ကုပ်ကုပ် ကြည့်နေသည်။ သူ၏ တင်းမာသော မျက်နှာထားသည် ထုတ်ဖော်မပြတတ် သော ခံစားချက်များနှင့် ပြည့်နှက်လျက်ရှိသည်။


"ကိုယ်လည်း ဖက်ချင်တယ်"


လင်းယောင်ယောင် : ' ဒီနေ့ သူတို့နှစ်ယောက်လုံး ဆေးမှားသောက်ထားတာလား'


လင်းယောင်ယောင် ၏ တုံ့ဆိုင်းမှုကို မြင်သောအခါ လင်းရွှမ် သည် ချက်ချင်းပင် ပြောလာသည်။


"ဒီမိန်းကလေးက စုချင်းဟယ် လား… အရင်က သူမကို တစ်ယောက်ယောက်က ချောက်ချမယ်ကြံတုန်းကလည်း မင်း ကူညီပေးခဲ့တာပဲ… ကျောက် မိသားစုနဲ့လည်း မင်းဆက်သွယ်ပေးခဲ့တာ…အခုလည်း မင်းကို သူမက ဖက်နေပြန်တယ်…... မင်း သူမကို ကြိုက်နေတာတော့ မဟုတ်ဘူးမလား"


လင်းရွှမ် သည် လင်းယောင်ယောင် ၏ စိတ်ကူးအိပ်မက်များကို ကြားသိပြီးနောက် ထိုအရာများကို အမှန်တစ်ကယ် မယုံခဲ့ပေ။ သို့သော်လည်း သူမ ပြောခဲ့သော အချို့အရာများက မှန်ကန်လာသည်။ ဥပမာအားဖြင့်၊ စုချင်းဟယ် သည် ကျောက်ချင်းယွင် ၏အမွှာညီမဖြစ်ကြောင်း လုလင်း ကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ရာ စုချင်းဟယ် ၏ဖခင် စုယိယုံ နှင့် ထိပ်တန်းအရာရှိကျောက် ၏သမီး ကျောက်မင်ရု တို့သည် အမှန်တကယ် အိမ်ထောင်သက် (၁၇) နှစ်ရှိပြီဖြစ်ကြောင်း တွေ့ရှိခဲ့သည်။


လင်းယောင်ယောင် ပြောပုံအရဆို သူမနှင့် စုချင်းဟယ် တို့သည် အချစ်ရေးအရ ပြိုင်ဖက်များ ဖြစ်သင့်သည်။သို့သော်လည်း၊ အခုတော့ သူမသည် ရှောင်မင် ကို မကြိုက်တော့ဘဲ စုချင်းဟယ် နှင့်သာ အတော် ရင်းနှီးလာခဲ့သည်။ ကြယ်တာရာခေတ်တွင် ယောက်ျားနှင့်မိန်းမကြား၊ မိန်းမအချင်းချင်း၊ ယောက်ျားအချင်းချင်းတို့ ကြားထဲမှ ချစ်ခြင်းမေတ္တာကို ဥပဒေအရ အကာအကွယ်ပေးထားသောကြောင့် လင်းရွှမ် သတိရှိရန်လိုသည်။


အခု စုချင်းဟယ် က ရှောင်မင် ကို ဂရုမစိုက်ဘဲ ယောင်ယောင် ကို ဘာကြောင့် စွဲလန်းနေတာလဲ…


လင်းယောင်ယောင် သည် လင်းရွှမ် ၏ အမေးကို နားထောင်ပြီး သူမ ရင်တုန်ပန်းတုန်တောင်ဖြစ်သွား၏။

"ဘယ်လိုဖြစ်နိုင်မှာလဲ… စုချင်းဟယ် နဲ့ က ရိုးရိုးသားသားပါ"


သို့သော်လည်း၊ယခုထိ လိုက်သဝန်တိုနေသူမှာ ချစ်စရာကောင်းနေသလိုရှိသည်။ မယုံကြည်နိုင်စရာတွေ ပြည့်နှက်နေသည့် သူ့မျက်နှာကို သူမမြင်လိုက်သည့်အခါ အနည်းငယ်စိတ်မကောင်း ဖြစ်မိသော်လည်း အနည်းငယ်တော့ ဝမ်းသာသွားရ၏။ သူမ အံကြိတ်ကာ ထိုသူအနားကို တိုးကပ်လိုက်သည်။ ထို့နောက် သူမသည် သူ၏ တုတ်ခိုင်သောခါးကို ပွေ့ဖက်ကာ သူ့ကို မော့ကြည့်ပြီး


"ညီမလေးက အစ်ကိုကြီးကို အချစ်ဆုံးပဲ…ပျော်နေလား"


စစ်ဝတ်စုံက သူ၏ ပုံပန်းသဏ္ဍာန်ကို ကောင်းကောင်းဖော်ပြနေသည်။ သူ့တွင် ကျယ်ပြန့်သောပုခုံး၊ကျစ်လျစ်သော ခါး၊တင်ပါးက တောင့်တင်းပြီး ခြေတံရှည်များလည်း ရှိသည်။ တင်းကျပ်ပြီး အားကောင်းသည့် သူ့ကြွက်သားများကို တင်းကျပ်သော ယူနီဖောင်းကြောင့် အလွန် sexy ကျနေသည်။


သူမသည် လင်းရွှမ် ကို ဖက်ပြီးနောက် တစ်ကယ်ပင် လက်မလွှတ်ချင်လောက်အောင် ဖြစ်နေရသဖြင့် သူ့ခါးကို အဝတ်အစားပေါ်မှတစ်ဆင့် ထိလိုက်သည်။


လင်းရွှမ် မျက်လုံးများ ရုတ်တရက် မှေးကျဉ်းသွားကာ သူ့ကိုလာဖက်သော ကလေးမလေးကို ဖက်လိုက်သည်။ထို့နောက် သူမကို သူ့ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ထည့်ထားရင်း သက်ပြင်းချကာ အသံတိုးတိုးနှင့် ပြောလိုက်၏။


" လူဆိုးမလေး...ကိုယ့်ကို မနှောင့်ယှက်နဲ့"


ထိုစဉ်၊ ဓာတ်ခွဲခန်းရှိ ဉာဏ်ရည်တု အသံစနစ်က အင်တာဗျူးနှင့် ပွဲအား တရားဝင်စတင်ပြီဖြစ်ကြောင်းနှင့် မစ္စတာချိုက် က လင်းယောင်ယောင်အား VIP အခန်းသို့ သွားရန် ပြောနေကြောင်း အစီရင်ခံလိုက်သည်။ဤလူကြီးက သူမကို ဘာမှ ဆက်မလုပ်နိုင်မှန်း သိသော်လည်း အချိန်နှင့်နေရာက တစ်ကယ်ကို မသင့်တော်ပေ။ သို့သော် သူမလည်း သက်တောင့်သက်သာ ခံစားရသွားသောကြောင့် ဆက်ဖက်ထားလိုက်သည်။


ထိုအချိန်တွင် စုချင်းဟယ် ပိတ်ထားသော တံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်သူက ချောင်းမင်ယောင် ဖြစ်နေလေသည်။

" ယောင်ယောင်… မစ္စတာ ချိုက်က ခေါ်နေတယ်... . အိုး. ဆောရီး... ဓာတ်ခွဲခန်း မှားသွားလို့ပါ"


ချောင်းမင်ယောင်သည် ဓာတ်ခွဲခန်းထဲတွင် ယောက်ျား တစ်ယောက်နှင့်မိန်းမတစ်ယောက်မှာ မျက်နှာချင်းဆိုင် ပွေ့ဖက်ထားသည်ကို သူ မြင်လိုက်ရသည်။ထိုအတွဲ၏ မျက်နှာများကို လုံးဝမမြင်ရသော်လည်း တံခါးကို အမြန်ပိတ်ပစ်လိုက်သည်။သို့သော်၊ သူလှည့်ထွက်သွားပြီး ဓါတ်ခွဲခန်းနံပါတ်ကိုကြည့်လိုက်လျှင် စောစောက မြင်လိုက်သည့် ကောင်လေးနှင့်ကောင်မလေးကို ပြန်သတိရမိ၏။ကောင်လေးဖြစ်သူကို သူ နည်းနည်းတော့ သိနေသလိုပင်။ကောင်လေးကို ဖက်ထားသော ကောင်မလေး၏ လက်များက သာမာန်ထက် ပိုပြီးပုတိုနေသလိုရှိသည်။


သေစမ်း...ငါ အခုမှ တွေ့ရတဲ့ ငါ့ရဲ့ဝမ်းကွဲညီမလေးကို ဘယ်ခွေးစုတ်က လာထိရဲတာလဲ…


ချောင်းမင်ယောင် သည် စိတ်ထဲမှာ ဒေါသများ ပေါက်ကွဲထွက်ကုန်ကာ တံခါးကို ပြန်ဖွင့်လိုက်သည်။ ထို့နောက် အခန်းထဲတွင် လူချင်းကွဲသွားပြီ‌ဖြစ်သော ကောင်လေးနှင့် ကောင်မလေးကို မြင်လိုက်ရရာ....


လင်းယောင်ယောင် နှင့်ရှိနေသူမှာ လင်းရွှမ် မှန်းသိလိုက်ရသည်။


ချက်ပြုတ်ရာတွင် အဆင်ပြေစေရန်အတွက် လင်းယောင်ယောင် သည် သူမ၏ ဆက်သွယ်ရေးစက်ကို အာကာသ ခလုတ်တွင် ထည့်ထားသည်။ ထို့နောက် သူမသည် ဆက်သွယ်ရေးစက်ကို အာကာသ ခလုတ်မှ ထုတ်လိုက်ပြီး ချိုက်ယူဟုန် အား ပြောလိုက်၏။


"သိပါတယ်...ဟုတ်ကဲ့..အခု အပေါ်ထပ်ကို တက်ခဲ့ပါမယ်"


ပုံမှန်အားဖြင့် စားဖိုမှူးသည် ဧည့်သည်များနှင့် တွေ့ဆုံရန် မလိုအပ်သော်လည်း အစားအသောက် ကုထုံးပညာရှင်ကမူ မတူပေ။ အစားအသောက်ကုထုံးပညာရှင်တစ်ဦးသည် ဖြည့်စွက်စာ၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ စစ်သည်များ၊စားသုံးသူများ၏ review ကို နားထောင်ရန် လိုအပ်သည်။ အစားအသောက် ကုထုံးပညာရှင်များ၏ အလုပ်အကိုင် အနေအထားသည် အမြဲတစေ အဆင်မပြေနိုင်သောကြောင့်၊ စားသုံးသူ စစ်သည်များနှင့် ပေါင်းသင်းပြီး တည်ငြိမ်အေးချမ်းသော အရောင်း အ၀ယ်ဆက်ဆံရေးသို့ ရောက်ရှိရန် ကြိုးစားခြင်းသည် အတော်ကောင်းပေသည်။


သို့သော်၊ ထူးချွန်ထက်မြက်သော ဟင်းချက်စွမ်းရည်၊ ငွေကြေးနှင့် မိသားစုနောက်ခံရှိသော မျိုးဆက်သစ် အစားအသောက်ကုထုံးပညာရှင် လင်းယောင်ယောင် နှင့် အဘိုးကြီးချိုက် တို့ကဲ့သို့ ဂရိတ်မာစတာအဆင့် အစားအသောက်ကုထုံးပညာရှင်များအတွက် အဆင့်အတန်းသည် လုံးဝပြောင်းပြန်ဖြစ်သွားသည်။ တိုက်ခိုက်ရေးသမား အများအပြားက သူမကို တွေ့ပြီး စကားပြောဆိုချင်နေကြသည်။


လင်းယောင်ယောင်သည် တံခါးဝမှာ ထိတ်လန့်တုန်လှုပ်စွာ ရပ်ကြည့်နေသော ချောင်းမင်ယောင် ကို အပြစ်ကင်းစွာ ကြည့်လိုက်သည်။


"အလှလေး ချောင်း က ဘာလို့ မစားတာလဲ…ဇာ့ခ် အသားက ဒီညပဲ စားရမှာနော်"


သူမသည် ဝေ့ယွမ်၊ ချောင်းမင်ယောင်၊ ယဲ့ရှီ၊ စုချင်းဟယ်၊ ကျန်းရို့၊ ဖုယင်း နှင့် အခြားသူများ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများအတွက် အတူတူ သီးသန့်အခန်းထဲကို ထည့်ထားခဲ့သည်။ ဝန်ဆောင်မှုက VIP အခန်းနှင့် အတူတူပင်ဖြစ်သည်။ ကုန်ကြမ်းပါဝင်ပစ္စည်း ဟင်းအမည်(အမယ်)များမှာ အကန့်အသတ်မရှိသော်လည်း ချက်ပြုတ်ထားသော အစားအစာမှာ အကန့်အသတ်ရှိသည်။


ချောင်းမင်ယောင်သည် အစားအသောက်အတွက် တစ်ကယ်ကို စိတ်ပူနေသော်လည်း သူ ဤမျှအထိ မတုံးအ,သေးပေ။ ချီတုံချတုံနှင့် သူ့မျက်လုံးများသည် လင်း မိသားစု၏ မောင်နှမကို အပြန်ပြန်အလှန်လှန် ကြည့်နေကြသည်။


"မင်းတို့နှစ်ယောက်က..."


သူမ သူ့ကို ပြူပြူးကလေး စိုက်ကြည့်နေသည်။


"စိတ်ရှုပ်စရာတွေ ဘာတွေ ပြောချင်သေးလို့လဲ…အစ်ကို့ကို ဖက်တာ ဘာဖြစ်နေတာလဲ...ချစ်စရာတောင် ကောင်းသေးတယ်... ဘာဖြစ်နေတာလဲ"


လင်းရွှမ် သည် ချောင်းမင်ယောင် ကို ဖျတ်ခနဲ ငုံ့ကြည့်လိုက်ပြီး စကားမပြောပေ။ သို့သော်လည်း လင်းယောင်ယောင်ကို စိုက်ကြည့်နေသည့် သူ့မျက်လုံးတွေက နူးညံ့မှုအပြည့်ရှိနေကြသည်။ ချောင်းမင်ယောင် သည် မည်သို့ပင်ဖြစ်စေ၊ အစ်ကိုဖြစ်သူက ညီမဖြစ်သူကို ယခုလိုမကြည့်သင့်ကြောင်း ယောင်ဝါးဝါး ခံစားမိနေသေးသည်။ သို့သော် ယခုအချိန်သည် မေးခွန်းထုတ်ရမည့် အချိန်မဟုတ်သေးပေ။ထို့ကြောင့်၊ သူ့သံသယစိတ်များကို ဖြေဖျောက်လိုက်ပြီး ပြောလိုက်သည်။


"အိုး.. ဒါဆို ငါစားဖို့ အရင် ပြန်တော့မယ်နော်"


လင်းရွှမ် က လင်းယောင်ယောင် ကို အခွင့်ကောင်းယူသည့် လူဆိုးတစ်ယောက်ဆိုလျှင်တောင် သူ့ကို အနိုင်ယူ၍မရချေ။ ပို၍အရေးကြီးသည်မှာ-- သည် အတင်းကြီး စိတ်ဆိုးနေဟန်လည်း မရှိသလို၊ စိတ်ညစ်နေပုံလည်းမပေါက်ပေ။မွေးချင်းများကြား ဆက်ဆံရေးအရ သူမနှင့် လင်းရွှမ် သည် ချောင်း မိသားစုဝင်များထက် ပိုမိုရင်းနှီးသည်။ သူမသည် လင်းရွှမ် ကို တစ်ချိန်လုံး အစ်ကိုကြီးဟု ခေါ်သော်လည်း သူ့အား ဝမ်းကွဲအစ်ကိုဟုပင် မခေါ်ခဲ့ပေ။


ပုံမှန်အားဖြင့် စားသောက်ရုံသာသိသော ချောင်းမင်ယောင် သည် ကြာကြာစိတ်မပျက်နိုင်တော့ဘဲ ဇာ့ခ် အသား၏ အရသာကိုပင် သူ အာရုံပြန်ရောက်သွားသည်။ ဝေ့ယွမ်အား သူ ချက်ချင်းပြောပြချင်သော်လည်း အလွန်အမင်း အတွေးလွန်နေမည်ကို ကြောက်မိသည်။ သူ ပြန်သွားသောအခါ၊ ဝေ့ယွမ် နှင့် ယဲ့ရှီတို့သည် သူ၏ ပုံမှန်မဟုတ်သော အသွင်အပြင်ကို မြင်ရလျှင် အလွန်အံ့သြသွားကြသည်။


ဝေ့ယွမ် : "မင်းဘာဖြစ်နေတာလဲ


ယဲ့ရှီကလည်း


"စိတ်မကောင်းပါဘူး...ခွေးအ,လေးက ဘာတွေများ ဖြစ်လာပြန်တာလဲ"


ချောင်းမင်ယောင် သည် နောက်ဆုံးတွင် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားနိုင်ခြင်းမရှိသောကြောင့် ဝေ့ယွမ်ကို အပြင်သို့ ခေါ်ထုတ်ကာ နားနေခန်းထဲ ခေါ်သွား၍ သေသေချာချာ ပြောပြခဲ့သည်။


ဝေ့ယွမ် သည် ချောင်းမင်ယောင် လို လူအ တစ်ယောက်မဟုတ်ပေ။ လပန်းပွင့်အိပ်မက်ကြယ် နားကပ်တစ်ရံကို တစ်ယောက်ယောက်က သူမကိုပေးခဲ့ကြောင်း လင်းယောင်ယောင် ထံမှ သိခဲ့ဖူးသည်။အကယ်၍ သူမက ထိုလူကို ကြိုက်နေပါကလည်း သူတို့ ညီအစ်ကိုများအချင်းချင်း စည်းလုံးကြ၍ ထိုကောင်လေးကို လက်မခံဖို့ သူ ကြိုတင်ပြင်ဆင်ထားခဲ့သည်။သို့သော်၊ ထိုကောင်လေးက ဘယ်သူ၊ဘယ်ဝါမှန်း သူ မသိပေ။သူလည်း လင်းယောင်ယောင်က ဘာကြောင့် မပြောပြချင်ရမှန်း နားမလည်နိုင်ခဲ့ချေ။အပြင်လူတစ်ယောက်က သူတို့၏ ညီမလေးကို လာလုချင်ပါက သူနှင့် ချောင်း ညီအကိုများက ထိုကောင်လေးကို သနားငဲ့ညှာမှာမဟုတ်ဘူးဟု ပြောစဉ်က သူမ၏ အမူအရာမှာ ဘာကြောင့် ဘာလို့ ချီတုံချတုံဖြစ်နေမှန်း သူနားမလည်ခဲ့ပေ။


အကယ်၍ ထိုကောင်လေးသည် လင်းရွှမ် ဟုတ်မှန်သည်ဆိုလျှင်... အရာအားလုံးမှာ အဖြေရှိနေပုံရသည်။




xxxxxx

Ei Thet Hmue