အခန်း၉၁
Viewers 8k

Chapter 91

(VIPအခန်း)


အမြဲစိတ်ကောင်းရှိသူ ဝေ့ယွမ် မှာ ဒေါသ ပေါက်ကွဲအားကို မထိန်းနိုင်တော့ပေ။

"ဖာ့ခ်...လင်း မိသားစုက ငါတို့ညီမလေးကို ပြုစုပျိုးထောင်ထားတာတွေကို ဒီလို အကြွေးဆပ်ခိုင်းတာလား...အခု သူမ ကြီးလာပြီဆိုတော့လည်း မလွှတ်ပေးနိုင်ဘဲ ပြန်ခေါ်ဖို့ ကြံနေတာမလား"


သို့သော်၊ ဖက်ထားရုံနှင့်တော့ ဘာမှမဖြစ်သွားနိုင်ပေ။ ချောင်းမင်ယောင် အမြင်မှားတာလည်း ဖြစ်နိုင်ကြောင်း သူ့စိတ်ထဲတွင် မျှော်လင့်ချက်တစ်ခု ရှိနေသေးသည်။ ထို့ကြောင့်၊ လင်းယောင်ယောင် နှင့် စကားစမြည်ပြောဖို့ ပွဲအပြီးအထိ စောင့်ရန်စီစဉ်ထားသည်။


ဧည့်သည်အများစုသည် သာမန်အရသာမြည်းသည့် ခန်းမထဲတွင်ပင် အတော်လေး ဝမ်းသာပျော်ရွှင်နေလေသည်။ ဧည့်သည်အများစုသည် Star Network မှ လင်းယောင်ယောင်ပြုလုပ်သော ဖြည့်စွက်အစားအစာကို စားဖူးကြသူများဖြစ်သည်။သူတို့ကိုယ်တိုင်က "ထူးခြားသော အာနိသင်ရှိသည့် ဂြိုလ်သားရဲအသား" သည် ဝိညာဉ်ရေးရာနယ်ပယ် ပျက်စီးခြင်းအပေါ် အထူးကောင်းမွန်ပြီး ဇာ့ခ်များ တိုက်ခိုက်ခံရပြီးနောက် ဖြစ်ပေါ်တတ်သည့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုအား အလွန်ထိရောက်စွာ တိုက်ဖျက်နိုင်မှန်း သိထားပေသည်။


သို့သော်၊ ဇာ့ခ်အသား၏ နူးညံ့ထူးခြားသော အရသာနှင့် အစွမ်းထက်သော ကုထုံးအကျိုးသက်ရောက်မှု၊ ကြွယ်ဝသောစွမ်းအင်တို့က သူတို့၏ အစာအိမ်နှင့် နှလုံးသားများကို လျင်မြန်စွာသိမ်းပိုက်နိုင်ခဲ့သည်။ယခု သူတို့စိတ်ထဲမှာ တိမ်ပျံစီးနေရသလို ငြိမ့်ငြောင်းသာယာလျက်ရှိပေသည်။


လင်းယောင်ယောင်၏ဆရာသမားများ၊ ဆွေမျိုးများနှင့် သူငယ်ချင်းများမှာ ဇာ့ခ်အသားကို ကိုယ်တိုင်ကိုယ်ကျ စမ်းစားကြည့်ပြီးနောက် အလွန်ပင် ကျေးဇူးတင်နေကြ၏။


"အိုး ဘုရား ဘုရား...ဒီလို အရသာရှိတဲ့ ဟော့ပေါ့ဆိုတာမျိုး တစ်ခါမှကို မစားဖူးပါလား.… ဒီစွပ်ပြုတ်၊ ဒီဆော့စ်၊ ဒီ ဇာ့ခ်အသား၊ တစ်ခုစီတိုင်းက အရမ်းအရသာရှိတာပဲ"


"ကျွန်တော်သွားဖူးတဲ့ ကြယ်ငါးပွင့် စားသောက်ဆိုင်ထက်တောင် ပိုအရသာရှိသေးတယ်…ကျွန်တော်စားဖူးတဲ့ အစားအသောက်ကုထုံးပညာရှင်ရဲ့ ဖြည့်စွက်စာတွေထက်တောင် ပိုကောင်းပါတယ်ဆိုတာ ငြင်းမရဘူးဗျာ"


" ဇာ့ခ်အသားရဲ့စွမ်းအင်က အရမ်းများတယ်…ကျွန်မရဲ့ ကိုယ်လုံးကိုယ်ပေါက်က မကြာသေးခင်ကမှ A+ကို ရောက်ခဲ့တာ...ဒါပေမယ့် S အဆင့်ကို တော်တော်နဲ့ မရောက်နိုင်ခဲ့ဘူး…ဒီ ဇာ့ခ်အသားကို စားပြီး မကြာခင် အဆင့်တက်လာမယ်လို့ အခုတောင် ခံစားနေရပြီ"


"ဟာ... ဒီအသားက အရမ်းအရသာရှိတယ်ဆိုတာသာ သိခဲ့ရင် အဲဒီနေ့တုန်းက ငါကိုယ်တိုင် ထွက်သတ်ပါတယ်…အနည်းဆုံး တစ်ပိုင်းလောက်တော့ ရနိုင်တယ်..."


"တစ်ကယ်ကို ဇာ့ခ် အသားလို့ မထင်ရဘူး...အရမ်း မိုက်တာပဲ"


"ဒီ ဇာ့ခ် အသားကိုစားပြီးရင် ခုနစ်မီတာ ၊ ရှစ်မီတာမြင့်တဲ့ ဇာ့ခ် ကောင်ကြီးကိုကြည့်လိုက်တိုင်း မျက်လုံးထဲမှာ ကြည်နူးစရာကြီးလို့ မြင်လာနိုင်တယ်…ငါဆို ဒီကောင်တွေကို မြင်ရင် ပထမဆုံးတွေးမိမှာက ခြေသည်းနဲ့ ချွန်ထက်တဲ့ ပါးစပ်တွေကို မဟုတ်ဘူးနော်..သူ့အခွံအောက်က အသားတွေကိုပဲ သွားရည်ကျနေတော့မှာ”


"တစ်ခါတုန်းက ဇာ့ခ် တစ်ကောင်က ကျွန်မ အနားကို ဖြတ်သွားခဲ့တာလေ…ဒါပေမယ့် ကျွန်မ အရမ်းကိုကြောက်လန့်ပြီး အော်ဂလီဆန်နေခဲ့တာ…ဒါနဲ့ပဲ ချက်ချင်း ထွက်ပြေးလာလိုက်တယ်… နောက်တစ်ခါ ကျွန်မ သူတို့ကိုတွေ့ရင်ကတော့ သတ်ပစ်ပြီး အိမ်ပြန်ယူသွားမှာ...ပြီးရင် အစားအသောက်ကုထုံးပညာရှင်တစ်ယောက်ကို အကူအညီတောင်းပြီး ချက်ခိုင်းလိုက်ရုံပဲ"


စိတ်ပိုင်းဆိုင်ရာနယ်ပယ် ချို့ယွင်းမှု သို့မဟုတ် ပျက်စီးသွားသော တိုက်ခိုက်ရေးသမား 10ဦးခန့်သည် သီးခြားစားပွဲတစ်ခုတွင် ထိုင်နေကြသည်။ သူတို့အား ပေးထားသည့် လတ်ဆတ်သော ပါဝင်ပစ္စည်းများ၏ တစ်ဝက်ကို လင်းယောင်ယောင် ကိုယ်တိုင် စီမံဆောင်ရွက်ပေးခဲ့သဖြင့် သူတို့အားလုံး တခြားသူများထက်ပင် ပိုစိတ်လှုပ်ရှားနေကြ၏။


"ဖြည့်စွက်အစားအစာတွေကို နေ့တိုင်းစားရင် မုန်းတောင်လာတယ်… အားကိုးဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့လို့သာ စားနေခဲ့တာ...ဒါပေမယ့် ဖြည့်စွက်စာတွေက အရမ်းအရသာရှိတယ်ဆိုတာ တစ်ခါမှ မသိခဲ့ဘူး"


"ကျွန်တော့ရဲ့ စိတ်ပိုင်းဆိုင်ရာနယ်ပယ်က သိပ်မကြာသေးခင်ကမှ ပျက်စီးသွားခဲ့တာလေ...ဒီအသားက တစ်ကယ်ကို အသုံးဝင်တာပဲ... စုပ်ယူမှုအာနိသင်ကိုတော့ ပြောမနေနဲ့တော့ စွမ်းအင်ကလည်း တော်တော်များတယ်…ဒါ စားပြီးပြီးချင်းလေ ကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာနယ်ပယ်က C အဆင့်ကနေ C+ကိုတက်တော့မှာ…တစ်ကယ် ကြိုသိနေတယ်"


"ကျွန်တော်လည်း စိတ်ပိုင်းဆိုင်ရာနယ်ပယ် ချို့ယွင်းနေတာ ကြာပါပြီ... ဒါပေမယ့် ဒီအသားရဲ့ အာနိသင်က ကျွန်တော်စားနေကျ ဖြည့်စွက်စာထက် အများကြီး ပိုကောင်းပါတယ်...ခေါင်းလည်းမကိုက်တော့ဘူး…ဒီလိုအရသာရှိရှိနဲ့ ထိရောက်မှုရှိတဲ့ ဇာ့ခ် အသားကို အချိန်အတော်ကြာအောင် စားနိုင်ရင်လေ ကျွန်တော့် စိတ်စွမ်းအင် အဆင့်က ပြန်မကောင်းလာနိုင်ရင်တောင် အားရဝမ်းသာနဲ့ ပျော်ပျော်ကြီး စားနိုင်တယ်"


"ပြီးခဲ့တဲ့လက ကျွန်တော့် စိတ်ပိုင်းဆိုင်ရာနယ်ပယ်မှာ ချို့ယွင်းချက်ကြီးတစ်ခု ဖြစ်ခဲ့တာပါ…စိတ်စွမ်းအင်က F အဆင့်ကို ပြန်ရောက်သွားတာ...အခုတော့ စွမ်းအင်တွေ ပြည့်လာသလိုပါပဲ… ဒီ ဇာ့ခ်အသားက အရသာတင်မကဘူး အရမ်းကို အံ့သြစရာကောင်းတယ်"


အဆုံးတွင် တိုက်ခိုက်ရေးသမားအားလုံးသည် လင်းယောင်ယောင် ကို ကျေးဇူးတင်နေကြသည်။ သူမသည် ရုပ်ကလေးနှင့် စိတ်လှရုံသာမက ပြိုင်ဘက်ကင်းသော ဇာ့ခ်အသား၏ အထူးအဆန်း အရသာကို ခံစားခွင့်ရစေခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာနယ်ပယ် မပြည့်စုံဖြစ်နေသော သူတို့အတွက် မျှော်လင့်ချက်တို့အား ဆောင်ကျဉ်းပေးနိုင်ခဲ့သည်။ သို့သော် စိတ်ပိုင်းဆိုင်ရာနယ်ပယ် ထိခိုက်မှုများနှင့် ပျက်စီးသွားသူများမှာ တစ်ယောက်၊နှစ်ယောက်မကဘဲ အများကြီး ဖြစ်သည်။


လင်းယောင်ယောင် ကဲ့သို့သော ဉာဏ်ကြီးရှင်တစ်ဦးအား သူတို့၏ ကိုယ်ပိုင် အစားအသောက် ကုထုံး ပညာရှင်အဖြစ် တောင်းဆိုရန် မဖြစ်နိုင်ပေ။ သူမ ပြုလုပ်သော ဖြည့်စွက်စာမဟုတ်သည့်တိုင် စွမ်းအင်ပြည့်ဝသော ဤဇာ့ခ်အသားသည် သာမာန် ဖြည့်စွက်စာများ၏ အာနိသင်ထက် များစွာသာလွန် ကောင်းမွန်နိုင်သည်။


မကြာမီ၊ အရသာမြည်းစမ်းပွဲကို တာဝန်ခံထားသည့် သုတေသနပညာရှင်တစ်ဦးသည် ဇာ့ခ်အသား၏ မိတ်ဆက်ဗီဒီယိုကို ပြသခဲ့သည်။ ဇာ့ခ်မျိုးနွယ်စု၏ ဆဲလ်ဖွဲ့စည်းပုံသည် အလွန်ရိုးရှင်းပြီး အဆင့်-၂ ဂြိုလ်သား သားရဲများနှင့် တူသည်။ သို့သော်လည်း စွမ်းအင်သည် အဆင့်-၅ ဂြိုလ်သား သားရဲနှင့် နှိုင်းယှဉ်၍ပင် ရနိုင်သည်။ အစပြုသူအဆင့် (beginner level) အစားအသောက် ကုထုံးပညာရှင်သည် ဇာ့ခ်အသားကို စိတ်ပိုင်းဆိုင်ရာစွမ်းအင်ဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ပြီး အလယ်အလတ်အဆင့် အစားအသောက်ကုထုံးပညာရှင်က ထိုဇာ့ခ်အသားများကို အပြည့်အဝ ထိန်းချုပ်နိုင်သည်။


ဧည့်သည်အဖြစ် ရောက်ရှိလာသော တိုက်ခိုက်ရေးသမားများသည် အခန်းထောင့်ရှိ အစားအသောက်ကုထုံးပညာရှင် အနည်းငယ်ကို စိုက်ကြည့်နေကြသည်။ အများစုမှာ လင်းယောင်ယောင်၏ အတန်းဖော်များဖြစ်သည်။သူတို့ထဲမှ၊ အများစုမှာ ပထမအဆင့် ပါဝင်ပစ္စည်းများကိုသာ ကိုင်တွယ်နိုင်ပြီး ဒုတိယအဆင့် ပါဝင်ပစ္စည်းများကို လုပ်ဆောင်ရန် ကြိုးစားသည့် အဆင့်တွင် ရှိနေဆဲဖြစ်သော်လည်း တိုက်ခိုက်ရေးသမားများ၏ မျက်လုံးထဲတွင် အထင်ကြီးမှုက လျော့မကျသွားပေ။


လတ်ဆတ်သော ဇာ့ခ်အသားသည် အရသာကောင်းမွန်ပြီး ဟော့ပေါ့၊မှိုဟင်းချို၊ ခရမ်းချဉ်သီးဟင်းချို၊ အစပ်ဟင်းချို) နှင့် လူကြိုက်အများဆုံး ဇာ့ခ်အသားဆော့စ် စသဖြင့်၊ ဟင်းလျာ 20 ကျော်ရှိသေးသည်။


ချက်ပြုတ်ထားသော အသားသည် မည်မျှပင် ကောင်းမွန်ပြီး ထိရောက်သည်ဖြစ်စေ ၊ ချက်ပြုတ်နည်းကျွမ်းကျင်မှုနှင့် အစားအသောက်ကုထုံးပညာရှင်၏ အဆင့်ပေါ်မူတည်ပြီး အရသာက ကွာခြားနိုင်သည်။


စစ်ပညာရေးအကယ်ဒမီတွင် တက်ရောက်သော အစားအသောက်ကုထုံးပညာရှင်များသည် အနည်းဆုံး A အဆင့် စိတ်စွမ်းအင်ရှိရမည်ဖြစ်သည်။ထို့ကြောင့် ဖြည့်စွက်အစားအစာများ၏ အကျိုးသက်ရောက်မှုက အလွန်အမင်း မဆိုးဝါးနိုင်ပေ။


"ဒီနှစ် အစားအသောက် ကုထုံး ဌနက ကျောင်းသားတွေ အရမ်းတော်တာပဲ… သူတို့က လင်းယောင်ယောင် နဲ့ တစ်တန်းတည်းမလား…သူမက ဒီနှစ် အစားအစာကုထုံးဌာနကို ရှေးခေတ် တရုတ် အစားအစာ ပုံစံတွေ ချက်ခိုင်းဖို့ ဦးဆောင်နေတယ်လို့လည်း ကြားတယ်..."


လင်းယောင်ယောင် ကဲ့သို့ အတန်းတူ အစားအသောက်ကုထုံး ဌာနမှ ကျောင်းသားများသည် သူတို့၏ အတန်းခေါင်းဆောင်ကို ပံ့ပိုးကူညီလိုရုံသာ ဖြစ်ပြီး ဤကဲ့သို့ အဆင့်မြင့်သော ဇာ့ခ်အသားဟင်းပွဲများကို မြည်းစမ်းကြည့်ခွင့်ရရန် မမျှော်လင့်ခဲ့ပေ။ယခုလည်း အားလုံးက သူတို့ဌာနကို အာရုံစိုက်လာကြ၍ ပျော်ရွှင်လာကြသည်။


အားလုံးပြီးပြည့်စုံနေသော ပွဲအတွင်း တစ်ခုတည်းသော ‌စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စမှ ပါဝင်ပစ္စည်းများကို အကန့်အသတ်ဖြင့် ပေးထားတာကြောင့် စောဒကတက်လာကြခြင်း ဖြစ်သည်။ သူတို့အားလုံးမှာ ဗိုက်ပြည့်နေသော်လည်း ပါးစပ်က လောဘကြီးနေဆဲဖြစ်ပြီး နောက်ထပ် ဟင်းရည်အိုးကြီးတစ်လုံးကို ကုန်အောင် ထပ်စားနိုင်သေးသည်။


သာမာန် အရသာမြည်းစမ်းပွဲခန်းမထဲတွင် စည်းကမ်းထိန်းသိမ်းရန် တာဝန်ရှိသော ချိုက်မူပိုင် နှင့် ရန်နင် တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးပြလိုက်ကြသည်။ ဤအရသာမြည်းစမ်းပွဲသည် သူတို့အတွက် မကြုံစဖူး ခမ်းနားပြီး အအောင်မြင်ဆုံးပွဲဖြစ်သည်။


ကြောက်စရာအကောင်းဆုံးနှင့် မျှော်လင့်မထားသောာ ဇာ့ခ် အသားကို အစားအစာ ပါဝင်ပစ္စည်းအဖြစ် အသုံးပြုခြင်းဖြင့် လူအများမှ စိတ်ရင်းမှန်ဖြင့် ‌လင်းယောင်ယောင်ကို ကျေးဇူးတင်နေကြတော့သည်။


အခြားတစ်ဖက်ရှိ VIP အခန်းတွင် ဧည့်သည်များသည် တန်ခိုးအာဏာကြီးပြီး ချမ်းသာသူများဖြစ်သောကြောင့် မြင်ကွင်းတစ်ခုလုံးက ပိုမို၍ သပ်ရပ်လှပနေသလိုရှိသည်။ သို့သော်၊ အလွှာပေါင်းစုံမှ ဤလူကြီးများသည် စိတ်ပိုင်းဆိုင်ရာနယ်ပယ် မပြည့်စုံသူများ သို့မဟုတ် စိတ်ပိုင်း‌ဆိုင်ရာနယ်ပယ် ပျက်စီးသွားကြသူများ ဖြစ်သည်။ ဇာ့ခ် အသား၏ အရသာရှိပြီး ကုထုံး အာနိသင်ကို ခံစားပြီးနောက် သူတို့၏ အတွင်းစိတ်ထဲမှာ ဝမ်းသာမှုနှင့် စိတ်လှုပ်ရှားမှုတို့သည် အောက်ထပ်ရှိ သာမန်ခန်းမထက် မပိုပေ။


ချိုက်ယူဟုန် သည် အခြေအနေကို တည်ငြိမ်အောင် ထိန်းထားနိုင်သော်လည်း လူတိုင်း အမြင်ချင်ဆုံးသူမှာ 100% စုပ်ယူနိုင်သော ဖြည့်စွက်အစားအစာအဖြစ် ဇာ့ခ်အသားကို စားသုံးရန် ပထမဆုံးစဉ်းစားခဲ့သူ လင်းယောင်ယောင် ကိုသာဖြစ်သည်။


အများစုမှာ ရာထူးကြီးသူများ ဖြစ်ကြပြီး သူတို့၏ ရာထူးက လင်းမိသားစုလို ပထမတန်းစား စစ်မိသားစုလောက် မမြင့်မားသော်လည်း သူတို့အားလုံးမှာ အရည်အချင်းကိုယ်စီ၊အာဏာကိုယ်စီ တော်ဝင်မိသားစုနှင့် အဆက်အသွယ်ရှိကြ၍ အဓိကတပ်ခွဲများကို ပိုင်နိုင်စိုးမိုးနိုင်ကြသူများပင်။သူတို့ထဲမှ အများစုမှာ အခြားသော အင်အားကြီး တပ်လေးတပ်၏ တိုက်ရိုက် ဆွေမျိုးများ ဖြစ်ကြသည်။


လင်းယောင်ယောင် သည် လင်း မိသားစု၏ မွေးစားသမီးတစ်ဦးမျှသာ ဖြစ်၍ သူတို့သည် သူမဆီမှ ဖြည့်စွက်အစားအစာများကို စားသုံးနိုင်ဖို့ အရည်အချင်းပြည့်မီသူများဟု ဆိုနိုင်၏။ သူတို့မှာ လုံလောက်သည့် အခြေအနေနှင့် စည်းစိမ်ရှိသည်။ လင်းမိသားစုမှ မွေးစားသမီးတစ်ဦးသည် သူတို့အား မျက်နှာသာပေးရမည်ဖြစ်သည်။ အစားအသောက်ကုထုံးပညာရှင်တစ်ယောက်အနေဖြင့် သူမသည် အရှင်သခင် အင်ပါယာ၏ အထွပ်အထိပ်ဖြစ်လိုပါက သူတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ဖားယားထားဖို့လိုအပ်ပေသည်။


သို့သော်လည်း၊ လင်းယောင်ယောင်၏ တန်ဖိုးက မြင့်မားပြီး နောက်ခံကလည်း ကြီးမားသဖြင့် သူမကို ‌မောက်မာစွာ ဆက်ဆံလို့တော့မရပေ။ သို့သော် မည်မျှပင် စွမ်းအားကြီးသည်ဖြစ်စေ လင်းမိသားစုသည် သူတို့အားလုံး ပေါင်းစည်းထားသည့်အင်အားထက် သြဇာပိုရှိရန် မဖြစ်နိုင်ပေ။


ဧကရာဇ်မြို့တော် အစားအသောက်သုတေသနစင်တာမှ ဇာ့ခ် အသားကို အစားအသောက် ပါဝင်ပစ္စည်းအဖြစ် မြှင့်တင်ချင်သည်ဆိုလျှင်တောင် သူတို့အားလုံးကသာ သူမကို ပစ်ပယ်ထားလိုက်ပါက သူမအတွက် လွယ်ကူမည်မဟုတ်တော့ပေ။ အင်ပါယာကြီးနှင့်လူမျိုးအတွက် အကျိုးအရှိဆုံးဖြစ်သော လင်းမိသားစုသည် ဤအဆိုပြုချက်ကို သူတို့အားလုံးထံသို့ ဦးစွာတင်ပြရမည်ဖြစ်သည်။ သူတို့သဘောမတူနိုင်ခင်မှာ သူတို့ စိတ်လက်မချမ်းသာအောင် လုပ်၍မဖြစ်ပေ။


သို့သော် လူတိုင်း အနည်းငယ် အံ့သြသွားကြသည်။ လင်းကျန့်ဟိုင်သည် ဤပွဲကို မလာလျှင်လည်းရသည်။အကြောင်းမှာ၊ လင်းယောင်ယောင်က သူ၏ မြေးမလေးဖြစ်၍ မြေးဖြစ်သူ ချက်ပေးသော ဟင်းလျာများကို အချိန်မရွေး အဆင်ပြေပြေ စားနိုင်သော်ငြား၊ ဝေ့မိသားစုမှ ဝေ့ချုံးရှန် မလာရခြင်းကို အံ့ဩနေမိသည်။သူ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်သည် SS အဆင့်မှ S အဆင့်အထိ ကျသွားခြင်းကို လူတိုင်းသိသွားမှာ ကြောက်နေ၍သာ ဖြစ်နိုင်၏။


ထိုလူကြီးများ မြင်လိုစိတ်ပြင်းပြနေသော လင်းယောင်ယောင် သည် နောက်ကျမှရောက်လာကာ ပွဲစပြီး နာရီဝက်မှသာ မျက်နှာမြင်ရတော့သည်။


VIP ခန်းထဲသို့ဝင်လာရာမှာ၊ သူမသည် အင်ပါယာတစ်ခွင် မသိသူမရှိသော တစ်ကယ့် နတ်ဘုရား လင်းရွှမ်ကိုပါ ခေါ်လာခြင်းဖြစ်၏။


"မင်္ဂလာပါ ဦးလေးတို့ အဒေါ်တို့... ကျွန်တော့် ညီမလေး ကမ္ဘာကြီး အကြောင်း ဘာမှ သိတာမဟုတ်ဘူး…သူမက ခုမှ ဖြည့်စွက် အစားအစာတွေ စလုပ်တာဆိုတော့ သူမရဲ့ အဆင့်က သိပ်ပြီးမကောင်းသေးဘူးလေ… ဇာ့ခ် အသားကို ဖြည့်စွက်စာအဖြစ် သူမက စပြီးသုံးပြလိုက်တော့ အားလုံးက သဘောမကျဘဲ အရမ်း သူမကို စိတ်ဆိုးသွားကြတယ်လေ…ဒါကြောင့် ကျွန်တော်က တောင်းပန်ပါရစေ…မကြိုက်ရင် ကြိတ်မှိတ်ပြီး စားဖို့ မလိုပါဘူး…ဦးလေးတို့ အဒေါ်တို့ ညီမလေးကို စိတ်အနှောင့်အယှက်မဖြစ်ကြပါနဲ့"


ထိုလူသည် အဓိပ္ပါယ်မဲ့စွာပင် ညီမဖြစ်သူကို အဆင့်နိမ့်သထက် နိမ့်သွားအောင် ‌ပြောနေရင်း စားပွဲပေါ်ရှိ ပန်းကန်အလွတ်များကို လုံးဝလျစ်လျူရှုလိုက်သည်။ထိုအခါ၊ လူကြီးများကလည်း ‌လင်းယောင်ယောင် အပေါ်ပြန်ပြီး ချီးကျူးကာ သူမက တစ်ကယ်အရည်အချင်းရှိပြီး တော်သူဖြစ်ကြောင်း ပြောပေးကြ၏။ သို့သော်၊ လင်းရွှမ်ကမူ ဆက်ပြီး အဓိပ္ပါယ်မဲ့စကားများကိုသာ ပြောနေဆဲပင်။


"ဦးလေးတို့အားလုံးက ကျွန်တော်တို့ လင်း မိသားစုရဲ့ မျက်နှာကြောင့် သူမကို ချီးကျူးနေကြတာပါ...ကျွန်တော့် ညီမလေးက အခုမှ စပြီးချက်တတ်ကာစလေးပဲရှိသေးတယ်… သူမရဲ့ အရည်အချင်းက ဦးလေးတို့ကို ကျွေးဖို့ မလုံလောက်သေးပါဘူး…ဦးလေးတို့ မိသားစုရဲ့ အစားအသောက်ကုထုံးပညာရှင်တွေနဲ့ ယှဉ်လို့မရပါဘူး"


"ယောင်ယောင် ရဲ့ အစားအသောက် ချက်ပြုတ်တာက ဝါသနာတစ်ခုပါပဲ…သူမ လုပ်ထားတဲ့ ဇာ့ခ်အသားကို မစားချင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး…သူမက မိသားစုအတွက်ပဲ နောက်ဆို ချက်ပေးမှာဆိုတော့လေ"


" ယောင်ယောင် ချက်တဲ့ ဖြည့်စွက်အစားအစာအဆင့်က အကြမ်းဖျင်းဖြစ်ပြီးတော့ လူကြီးမင်းတို့ကို ရေရှည်အတွက် ချက်ပေးဖို့ဆိုတာက အရည်အချင်းမပြည့်မီပါဘူး"


" ကျွန်တော့် အဘိုးလား...ဟုတ်ပါတယ်၊ အဘိုးက ယောင်ယောင် လုပ်တဲ့ အစားအစာကို စားဖူးတယ်… သူ့မြေးလေးလုပ်ထားတဲ့ အစားအစာကို မကြိုက်ဘူး…ဒါပေမယ့် ကလေးမလေး ပင်ပန်းမှာကို ကြောက်လို့ အဘိုးက တစ်လကို တစ်ကြိမ်၊နှစ်ကြိမ် လောက်ပဲစားပါတယ်"


ထိုင်နေသည့်လူကြီးများအားလုံး သွေးအန်လုမတတ် ဖြစ်ကာ အထင်အမြင် လွဲမှားသဖြင့် ကိုယ့်ကိုယ်ကို ရှက်စိတ်ဝင်နေရလေသည်။ တိုက်ပွဲဝင်ရာမှာ ထူးချွန်ပြီး တုနှိုင်းမရသည့် အရည်အချင်းများရှိသူ လင်းရွှမ် က မုသားပြောလိုက်သည်ကို သူတို့ မရိပ်မိကြပေ။ သူတို့စိတ်ထဲမှာ၊လင်းရွှမ် က လင်းယောင်ယောင် ၏ ချို့ယွင်းချက်များကို ကာကွယ် ပေးချင်နေသည်ဟုသာ ထင်မြင်သွားတော့သည်။ သူမ၏ ဖြည့်စွက်အစားအစာက မည်မျှပင် ကောင်းသည်ဖြစ်စေ ၊ လုပ်ချင်စိတ်ရှိသည့် ဘယ်သူမဆို သူမ လက်ရာအတိုင်း လိုက်ချက်န်ိုင်မည်ဖြစ်သည်။ သူတို့သည် ဧကရာဇ်မင်းမြတ်မဟုတ်သဖြင့် လင်းမိသားစုမှမိန်းကလေးအား သူမ မကြိုက်သောအရာများကို လုပ်ရန် အတင်းအကျပ် ခိုင်းစေခြင်းမပြုနိုင်ပေ။


'ဘာကိုမကျေနပ်တာလဲ… လာတိုက်လှည့်လေ… ငါတို့ လင်း မိသားစုက ဘယ်သူမှ မင်းကို မကြောက်ဘူး'



xxxxxx

Ei Thet Hmue