အခန်း(၆၅)
Viewers 12k

အခန်း(၆၅)《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク



“ဝိုး၊ ရှောင်ကျယ် မင်းအရမ်းမိုက်နေတာပဲ ”


အဆင့်သုံးဖုတ်ကောင် မြေပေါ်သို့လဲကျသွားသည်ကိုမြင်လိုက်ရသောအခါ ကျန့်ကျားဟယ်သည် စုရွေ့ကျယ်အား ပွေ့ဖက်ရန် ပြေးလာလေ၏။ 


သူ ဒီလောက် အစွမ်းကြီးသည့် ဖုတ်ကောင်ကိုတောင် အနိုင်မယူနိုင်သော်လည်း စုရွေ့ကျယ်သည် သူတစ်ယောက်တည်း သတ်ပစ်လိုက်ခြင်းဖြစ်သည်။ သူ အရမ်းစွမ်းအားကြီးတာပဲ။ 


သို့သော်လည်း စုရွေ့ကျယ်၏လက်ထဲမှ သေနတ်သည် ရုတ်တရက် မြေပြင်ပေါ်သို့ လွတ်ကျသွားပြီး အလွန်ပင်ပန်းနေသကဲ့သို့ သူ့တစ်ကိုယ်လုံးကို ကျန့်ကျားဟယ်၏ ပခုံးပေါ်တွင် ပစ်တွဲထားကာ “ငါ့ကို ကားဆီပြန်သယ်ပေးအုံး၊ ငါ့မှာ ခွန်အားမရှိတော့ဘူး”


ကြည်လင်သော အမြုတေသည် စွမ်းအားရှင်အသုံးပြုလိုက်သည့် စွမ်းအားကို ဖြည့်တင်းပေးနိုင်သည်ဟု ယုံကြည်နိုင်သော်လည်း ၎င်းသည်စွမ်းရည်ကို အသုံးပြုခြင်းကြောင့် ကုန်ဆုံးသွားသည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို ဖြည့်စွက်မပေးနိုင်ခဲ့ချေ။ ယခုလေးတင် အဆင့်သုံးဖုတ်ကောင်ကို တိုက်ခိုက်ရာတွင် စုရွေ့ကျယ်သည် အစွမ်းကုန်လုပ်ခဲ့သည်။ ဤအချိန်တွင် သူ့ခွန်အားများ ဆုံးရှုံးသွားသည်သာမက သူ့စိတ်စွမ်းအားလည်း ထိခိုက်သွားလေသည်။ 


“အိုခေ....”


ကျန့်ကျားဟယ်သည် ကျန်းရှို့လျန်ကို အမြန်ခေါ်လိုက်ပြီး စုရွေ့ကျယ်၏သေနတ်ကို ကောက်ယူကာ စုရွေ့ကျယ်ကို ကားထဲသို့ခေါ်သွားပေးလေသည်။ သူ့အား ပိုပြီးသက်တောင့်သက်သာ လှဲလျောင်းစေနိုင်ရန်အတွက် သူတို့သည် ဒုတိယထိုင်ခုံတန်းမှ ထွက်လာပေးခဲ့ကြသည်။


စုန့်ချန်ရှုသည် စုရွေ့ကျယ်ကို စစ်ဆေးပေးခဲ့ပြီး သူ ထိခိုက်ခြင်း မရှိသော်လည်း အားအင်ကုန်ခန်းသွားခြင်းသာဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ထိုမှသာ ကျန်အဖွဲ့သားများ စိတ်သက်သာသွားခဲ့ကြသည်။


မကြာမီမှာပင် ရှေ့မှထွက်ပေါ်နေသော သေနတ်သံများသည် နောက်ဆုံးတွင် ရပ်တန့်သွားလေသည်။ ကျန့်ယွင်၊ ချန်းချီနှင့် ချန်းကျောင်းတို့သည် ပင်ပန်းနွမ်းနယ်သော ခြေလှမ်းများဖြင့် ပြန်လည်ရောက်ရှိလာကြသော်လည်း SUV ကားပတ်လည်တွင် အလောင်းအများအပြားကို တွေ့လိုက်ကြရသောအခါ တုန်လှုပ်သွားခဲ့ကြသည်။


ဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသည့် အလောင်းများ ရာနှင့်ချီရှိခဲ့ပြီး စုရွေ့ကျယ်ကသာ လက်ပစ်ဗုံးများနှင့် ဗုံးများစွာကို တစ်ပြိုင်နက်ထုတ်ယူနိုင်သည့်စွမ်းရည်ရှိပြီး ကြီးမားသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးကို ဖြစ်စေသည့် တစ်ဦးတည်းသောဖြစ်လေသည်။


ကျန့်ယွင်သည် SUV ကားဆီသို့ အမြန်ပြန်သွားပြီး စုရွေ့ကျယ်သည် မျက်နှာဖြူဖျော့ဖျော့နှင့် နောက်ထိုင်ခုံတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူ့စိတ်များဗလာဖြစ်ကာ သူ့လက်ချောင်းများ ထုံကျင်သွားသည်ဟုပင် ခံစားလိုက်ရသည်။ 


“သူ...”


ကျန့်ယွင်သည် စုရွေ့ကျယ် ဘာဖြစ်နေတာလဲဟု မေးချင်သော်လည်း သူ့လည်ချောင်းသည် လည်ပင်းညှစ်ခံထားရသလိုပင် သူသည် မည်သည့်အသံမှ ထွက်မလာနိုင်ချေ.....


“အားကျန့်၊ ရှောင်ကျယ် အဆင်ပြေပါတယ်။ သူ ပင်ပန်းပြီး နည်းနည်းလောက်အနားယူဖို့လိုရုံပါ”


စုန့်ချန်ရှုသည် ကျန့်ယွင်၏စိုးရိမ်နေမှုများကို သိပြီး ဖြစ်စဉ်တစ်ခုလုံးကို ရှင်းပြလိုက်လေသည်။ 


စုရွေ့ကျယ်၏ဘေးကင်းမှုကို အတည်ပြုပြီးနောက် အပြင်ဘက်ရှိ အလောင်းတောင်ကြီးကို ကြည့်လိုက်သည်။ စုန်ချန်ရှုပြောပုံအရ ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်များသည် တစ်ဖန်ထပ်တိုးတက်လာပြီး ပိုအဆင့်မြင့်သည့် ဖုတ်ကောင်များဖြစ်လာခဲ့သည်။ ဤအရာများသည် လူသားများအတွက် ကောင်းသောကိစ္စမဟုတ်ချေ။ ၎င်းတို့၏ ခွန်အားသည်သံကဲ့သို့အရိုးရှိရုံသာမက ၎င်းတို့သည် အဆင့်နိမ့်ဖုတ်ကောင်များကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိကြသည်။


ထိုအချိန်တွင် လီမင်းသည် သူ့အဖွဲ့ကို အခြေချပြီး ကျန့်ယွင်နှင့်သူတို့အခြေအနေကိုကြည့်ရန် ရောက်လာခဲ့သည်။ စုရွေ့ကျယ်ပေးခဲ့သော အပင်ကျည်ဆန်များ ကျေးဇူးကြောင့် လီမင်း၏အဖွဲ့မှ ငါးယောက်သာ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး မည်သူမျှသေဆုံးခြင်း မရှိခဲ့ပေ။ 


သူရောက်လာသောအခါ သူ့ရှေ့ရှိ အလောင်းတောင် ကြီးကြောင့် အံ့သြသွားလေသည်။


“ဒါက..”


ကျန့်ယွင်သည် စုန့်ချန်ရှုကိုကြည့်လိုက်ကာ စုန့်ချန်ရှုသည် တုံ့ဆိုင်းစွာဖြင့် ယခင်စကားလုံးများကို ပြန်ပြောရုံသာ ရှိတော့သည်။


လီမင်း၏ မျက်နှာသည်လည်း လျင်မြန်စွာ အေးခဲသွားပြီး သူသည် ချက်ချင်းပင် ဤသတင်းကို အခြေစိုက်စခန်း၏ ထိပ်တန်း စီမံခန့်ခွဲရေးမှူးထံ အသိပေးရန် ရေဒီယို အသံလွှင့်စက်ကို အသုံးပြုဖို့ သူ့လူများကို အမိန့်ပေးခဲ့သည်။


“အဆင့်မြင့် ဖုတ်ကောင်က ဘယ်မှာလဲ...”


စုန့်ချန်ရှုသည် သိပ်မဝေးသည့်နေရာရှိ မြေပေါ်ရှိ အသားပုပ်ပုံကြီးကိုညွှန်ပြလိုက်သည်။ စုရွေ့ကျယ်၏ စူပါပဲစေ့ကျည်ဆန်ကို လျှော့တွက်၍မရချေ။ 


လီမင်း :....


မူလက နမူနာတချို့ကို ပြန်ယူချင်ခဲ့ခြင်းဖြစ်သည်။ ဘာကြောင့်များ ချက်ချင်း အားလုံး ပုပ်သွားရတာလဲ။


“အဲ့ဒါရဲ့ အမြုတေက ဘယ်မှာလဲ...”


“ရှောင်ကျယ် သိမ်းထားတယ်။ သူအဲ့ဖုတ်ကောင်ကို သတ်လိုက်တာ”


ဆိုလိုရင်းမှာ အမြုတေသည် စုရွေ့ကျယ်နှင့် သာ သက်ဆိုင်သည်။ မည်သူ့ကိုမှ လုယက်ရန် ခွင့်မပြုပေ။


“အမြုတေရှိနေသ၍ အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့၊ ကျွန်တော်အမြုတေကို လုယူဖို့မရည်ရွယ်ပါဘူး။ အဆင့်မြင့်ဖုတ်ကောင်ရဲ့ အမြုတေက တခြားဖုတ်ကောင်တွေနဲ့ ခြားနားသလားဆိုတာကို မြင်ချင်ရုံပါ။ ”


ထိုအချိန်မှာပဲ စုရွေ့ကျယ်သည်လည်း ဖြည်းဖြည်းချင်း နိုးလာလေသည်။ သူတို့၏အသံများကိုကြားပြီးနောက် သူထထိုင်ကာ အဆင့်သုံးဖုတ်ကောင်၏ အမြုတေကို ထုတ်ယူလိုက်သည်။ လိမ္မော်နီရောင်အမြုတေကို သန့်စင်ထားပြီး ၎င်းသည် အနီရောင်အာ့ဂတ် ကဲ့သို့ တောက်ပနေကာ မျက်စိဖမ်းစားနေလေသည်။ ၎င်းသည် တခြားဖုတ်ကောင်များ၏ ဦးခေါင်းထဲရှိ အရာနှင့် လုံးဝမတူပါချေ။


“ကျေးဇူးတင်ပါတယ် ”


အခြားအဆင့်ဖုတ်ကောင်များ၏ ကြည်လင်သောအမြုတေနှင့် ထင်ရှားသော ကွဲပြားခြားနားမှုများကို မြင်ပြီးနောက် လီမင်းသည် ခေါင်းညိတ်လိုက်ကာ စုရွေ့ကျယ်အား လေးနက်စွာ ကျေးဇူးတင်စကားဆိုလိုက်သည်။


အလောင်း ရာနှင့်ချီရှိနေပြီး အလဟဿမဖြစ်သင့်ပေ။ လီမင်းသည် နျိုသလီကိုခေါ်ခိုင်းလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ထိုကောင်လေးသည် မီးစွမ်းရည် နိုးထလာခဲ့သည်။ သူသည် မြေပြင်ပေါ်ရှိဖုတ်ကောင်များကို ရှင်းဖို့ရန် မီးတင်ရှို့ပြီး ပြာများထဲမှ တောက်ပနေသော အမြုတေခဲများအားလုံးကို ကောက်ယူလိုက်သည်။


ဖုတ်ကောင်အများစုကို စုရွေ့ကျယ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိပြီး လီမင်းသည် အမြုတေခဲများမှ အများစုကို ကျန့်ယွင်၏အဖွဲ့ ကို ပေးလိုက်လေသည်။ ကျန့်ယွင်သည် ငြင်းဆန်ရန် ရည်ရွယ်ချက်မရှိပါချေ။ အားလုံးကို စုဆောင်းထားလိုက်သည်။


ကားများသည် လမ်းမပေါ်သို့ တစ်ဖန်ပြန်သွားကြပြန်သည်။ ဤတစ်ကြိမ်တွင် အဆင့်သုံးဖုတ်ကောင်များ ထိန်းချုပ်ခြင်းမရှိချေ။ အဖွဲ့သည် ကြီးကြီးမားမား ခြိမ်းခြောက်မှု မရှိသည့် ပြန့်ကျဲနေသော ဖုတ်ကောင်အချို့နှင့်သာ တွေ့ဆုံခဲ့ကြရသည်။


နောက်ဆုံးတွင် သူတို့၏ရည်ရွယ်ရာဖြစ်သော ဟုန်ယန်၏ photovoltaic ဓာတ်အားပေးစက်ရုံအသစ်ဆီသို့ ရောက်ရှိခဲ့ကြသည်။


ဤ စွမ်းအင်ဂျင်နရေတာစက်ရုံသစ်သည် အလွန်ကျယ်၀န်းပြီး အလုပ်သမားထောင်ပေါင်းများစွာအတွက် စတုရန်းမီတာထောင်ပေါင်းများစွာရှိသည်။ ညအချိန်တွင် ဖြစ်ပျက်ခဲ့သော်လည်း စက်ရုံ၀န်းထဲတွင် ညဘက် အလုပ်သမားများစွာရှိသောကြောင့် အထဲမှာ ဖုတ်ကောင်အနည်းငယ်ထက် ပိုရှိသင့်သည်။


လီမင်း၏အဖွဲ့မှ ဒဏ်ရာရသူငါးဦးသည် တစ်ယောက်ပြီးတစ်ယောက် အဖျားဝေဒနာ ခံစားနေကြရသည်။ သူတို့၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ပိုကောင်းသောကြောင့် သူတို့သည် နက်ရှိုင်းသော ကူးစက်ရောဂါကို မခံစားခဲ့ကြရပေ။ သို့သော်လည်းသူတို့သည် သိသိသာသာပင် ဤတာ၀န်တွင် မပါဝင်နိုင်ကြတော့ချေ။ သူတို့ မထွက်ခွာမီ အထူးပြင်ဆင်ထားသည့်ဖျော်ရည်ကို သောက်ပြီးနောက် လီမင်းသည်အနီးနားရှိ အဆောက်အဦအလွတ်တစ်ခုကို ရှာတွေ့ခဲ့ပြီး သူတို့အား ယာယီခေါ်ဆောင်သွားကာ ကျန်းရှို့လျန်အား အဆောက်အဦးလွတ်၏ ဝင်ပေါက်နှင့် လှေကားများကို ပိတ်ဆို့ပေးထားရန် တောင်းဆိုလိုက်သည်။ ဤနည်းလမ်းဖြင့် ဖုတ်ကောင်များသည် ဤနေရာတွင် ပုန်းအောင်းနေသော လူသားများကို ရှာဖွေရန်ခက်ခဲလိမ့်မည်ဖြစ်သည်။


အခြေချပြီးကြသည်နှင့် သူတို့သည် စွမ်းအင်ထုတ်လုပ်သည့် စက်ရုံအသစ်သို့ ဝင်ရောက်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။


အလုပ်ရုံသည် အလွန်ကျယ်ဝန်းပြီး နေရာတိုင်းရှာဖွေရန် အချိန်များစွာယူရလိမ့်မည်ဖြစ်ပြီး သူတို့၏အချိန်သည် အကန့်အသတ်ရှိသည်။ ထို့ကြောင့် နောက်ဆုံးတွင် လူတိုင်းသည် သီးခြားစီ ခွဲပြီးရှာဖွေကြရန် ဆုံးဖြတ်ခဲ့ကြပြီး တစ်စုံတစ်ခုဖြစ်လာပါက တစ်ဦးနှင့်တစ်ဦးဆက်သွယ်ရန် ဝေါ်ကီတော်ကီကို အသုံးပြုကြမည်ဖြစ်သည်။ 


အဖွဲ့တစ်ဖွဲ့တွင် စစ်သား30ခန့်ရှိပြီး ကျန့်ယွင် နှင့် သူ့အဖွဲ့သည် ကြံ့ခိုင်သောတိုက်ပွဲဝင်နိုင်စွမ်းရှိသောကြောင့် သူတို့ကိုလည်း တစ်ယောက်စီခွဲပြီး စစ်သားအဖွဲ့တစ်ခုစီတွင်ပါ၀င်ရန်အတွက်မေးခဲ့ကာ သူတို့သည်လည်း အဖွဲ့သုံးဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ကြသည်။


ကျန့်ယွင်နှင့် စုရွေ့ကျယ်သည် လီမင်း၏ပထမအဖွဲ့တွင် ယွီသုန်သုန်နှင့်အတူပူးပေါင်းခဲ့ကြသည်။ စုန့်ချန်ရှု၊ ဝူကျင်း နှင့် ကျန်းရှို့လျန်တို့သည် နျိုသလီ၏ဒုတိယအဖွဲ့တွင် ပူးပေါင်းခဲ့ကြသည်။ ချန်းမောင်နှမများနှင့် ကျန့်ကျားဟယ်သည် တတိယအဖွဲ့တွင် အတူတကွပူးပေါင်းခဲ့ကြသည်။ ဘေးကင်းရန်အတွက် စုရွေ့ကျယ်သည် အပင်လက်နက်အချို့ကိုဖန်တီးကာ ၎င်းတို့အား အဖွဲ့အားလုံးထံဖြန့်ဝေပေးခဲ့သည်။ 


“ညကြည့်မျက်မှန်တွေတပ်ထားကြပါ။ လှုပ်ရှားကြစို့ ”


ဤစစ်ဆင်ရေးအတွက် အခြေစိုက်စခန်းသည်လည်း ကြီးမားသော ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့သည်။ အမှောင်အလုပ်ရုံတွင် သူတို့၏ရှာဖွေမှုကို လွယ်ကူချောမွေ့စေရန် အဖွဲ့၀င်တစ်ဦးစီအတွက် ညကြည့်မျက်မှန်တစ်ရံစီကို ပြင်ဆင်ပေးခဲ့သည်။


အဖွဲ့သုံးဖွဲ့သည် ဘယ်ဘက်၊ အလယ် နှင့် ညာဘက်သို့ လမ်းကြောင်းသုံးခုခွဲကာ စွမ်းအင်ထုတ်လုပ်သည့် စက်ရုံအသစ်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။


“ကောကော၊ အထဲမှာ ဘီလူးတွေရှိနေတယ်”


သူတို့သည် ထုတ်လုပ်ရေးအလုပ်ရုံတစ်ခု၏ တံခါးသို့ ရောက်လာကြပြီး သုန်သုန်သည် ရုတ်တရက် အသံသေးသေးလေးဖြင့် ပြောလိုက်သည်။


“အဲ့မှာ ဘီလူးတွေ ဘယ်လောက်လောက်ရှိနေလဲ ”


စုရွေ့ကျယ်သည် အသံတိုးကာ သူ့အားမေးလိုက်၏။


ယွီသုန်သုန်သည် ၎င်းကိုခံစားသိရှိရန် အစွမ်းကုန်ကြိုးစားခဲ့ပြီး နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် သူ့ခေါင်းလေးကိုယမ်းလိုက်သည်။ နောက်ဆုံးမှာတော့ သူ့စွမ်းရည်သည် နိုးထလာရုံသာရှိသေးသည်။ သူ့အသိအကွာအဝေးသည် မီတာ 50 ခန့် လောက်သာရှိသည်။ ဤအလုပ်ရုံသည် စုစုပေါင်း ဧရိယာ 300 စတုရန်းမီတာရှိသည်။ သူသည် ဘီလူးများ၏ ရွံရှာဖွယ်ကောင်းသော အနံ့ကိုသာ ခံစားနိုင်ခဲ့သော်လည်း အသေးစိတ်အထိ ရှင်းရှင်းလင်းလင်း ခွဲခြားလို့မရနိုင်ခဲ့ပါချေ။ 


အထဲတွင် ဖုတ်ကောင်များရှိမှန်း သိသော်လည်း သူတို့သည် သွားပြီးတစ်ချက်လောက်ကြည့်ကြဆဲပင်။ သူတို့ရှာနေသည့် အရာများသည် ဤအလုပ်ရုံထဲဖြစ်နေမလားဆိုသည်ကို မည်သူသိနိုင်မလဲ။ 


“တံခါးဖွင့်လိုက် ”


စစ်သားနှစ်ယောက် အလုပ်ရုံတံခါးကိုဖွင့်ဖို့ ထွက်လာကြလေသည်။ သူတို့သည် ချက်ချင်းပင် ညကြည့်မျက်မှန်များမှတဆင့် အနက်ရောင် အရိပ်ပေါင်းများစွာပြေးလွှားလာသည်ကို မြင်လိုက်ကြရတယ်။


သူတို့သည် ပစ်ခတ်ရန် တွန့်ဆုတ်ခြင်းမရှိဘဲ အပင်ကျည်ဆံများသည် ဖုတ်ကောင်၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်ကာ ထိသွားသော ဖုတ်ကောင်သည် လျင်မြန်စွာ လဲကျသွားလေသည်။


ညကြည့်မျက်မှန်များ၏ အကူအညီဖြင့် သူတို့သည် အမှောင်ထဲတွင် ပုန်းနေသည့်ဖုတ်ကောင်များကို အမှောင်ထု၏ သက်ရောက်မှုမရှိဘဲ ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့ကြသည်။ ၎င်းတို့ရွေ့လျားဝံ့သ၍ ချက်ချင်း ပစ်ဖောက်ခံရလိမ့်မည်ဖြစ်သည်။ 


အလုပ်ရုံရှိ အလောင်းကောင်များအားလုံးကို လျင်မြန်စွာ ရှင်းလင်းကြပြီး ဓာတ်မီးများဖွင့်လိုက်ကြကာ ဤအလုပ်ရုံသည် ကုန်ကြမ်းပစ္စည်းများထုတ်လုပ်သည့် အလုပ်ရုံတစ်ခုဖြစ်ကြောင်း တွေ့လိုက်ကြရသည်။ သူတို့ရှာဖွေနေသော ထုတ်လုပ်ပြီးပစ္စည်းများသည် အမှန်တကယ်ပင် ဤနေရာတွင် ရှိနေခဲ့သည်။


လီမင်းသည် အလုပ်ရုံဒါရိုက်တာ၏ ရုံးခန်းတွင်ရှိနေဆဲဖြစ်သည်။ သူသည် ထုတ်လုပ်ပြီးဖြစ်သည့် ပစ္စည်းများအတွက် လိုအပ်သော စက်ပစ္စည်းဒေတာအချို့ကို ရှာတွေ့ခဲ့သည်။


တခြားနေရာကို ရှာကြည့်စရာ မလိုတော့ချေ။ သို့မဟုတ်ပါက ကြိုးစားအားထုတ်မှု ဖြုန်းတီးခြင်းဖြစ်‌ပေလိမ့်မည်။


ယခုတွင် ကြီးမားသောထုတ်လုပ်ပြီးပစ္စည်းများကို မည်သို့ ပို့ဆောင်ရမည်ကို စိုးရိမ်နေခဲ့ကြသည်။


သို့သော်လည်း ထိုအချိန်တွင် ဝေါ်ကီတော်ကီမှ လျှပ်စစ်စီးကြောင်း အသံတစ်ခု ထွက်ပေါ်လာပြီး သေနတ်သံတစ်ခုနောက်မှ တစ်စုံတစ်ဦး၏ အော်သံထွက်လာလေသည်။


 “ဖုတ်ကောင်ခွေးတစ်ကောင်ရှိတယ်၊ ပြေး ” 


ဖုတ်ကောင်ခွေးအကြောင်း ကြားလိုက်ကြရသောအခါ အားလုံး တုန်လှုပ်သွားကြသည်။ ကမ္ဘာ့အဆုံးသတ်မတိုင်ခင်က စက်ရုံတွင် ခွေးတချို့ရှိခြင်းသည် သာမန်ပင်ဖြစ်သည်။ သို့သော်လည်း ထိုအစောင့်ခွေးများသည် ဖုတ်ကောင်ဗိုင်းရပ်စ် ကူးစက်ခံလိုက်ကြရသောအခါ ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းသည် အံ့မခန်းပင်ဖြစ်သွားလေသည်။ 


“မင်းတို့ဘယ်နားမှာလဲ။ ငါတို့ မင်းတို့ကိုတွေ့ဖို့ ချက်ချင်းလာခဲ့မယ် ”


“အဆင်ပြေတယ်၊ မလာခဲ့နဲ့ ”


ကျန့်ကျားဟယ်၏အသံသည် ဝေါ်ကီတော်ကီမှ ထွက်လာ‌ခဲ့လေသည်။ 


ဖုတ်ကောင်ခွေးနှင့် တွေ့သည့်အဖွဲ့မှာ တတိယအဖွဲ့ဖြစ်‌သည်။ သူတို့ရှေ့မှ လျှောက်သွားသည့် စစ်သားများသည် ဖုတ်ကောင်ခွေးများကို ရှာတွေ့ပြီးနောက် ချက်ချင်း ပစ်ခတ်ခဲ့ကြသည်။ သို့သော်လည်း သူတို့ရှေ့ရှိ ဖုတ်ကောင်ခွေးများ၏အရှိန်သည် အလွန်လျင်မြန်လွန်း‌လေသည်။ သူတို့သည် အရှေ့တံခါးဆီသို့ ပြေးလွှားသွားကြပြီး အရှေ့မှစစ်သားများသည် ကုတ်ခြစ်မိလုနီးပါး ဖြစ်သွားသည်။ စစ်သားတစ်ယောက်သည် လဲကျသွားသောအခါ သူသည် ကျန့်ယွင်နှင့်ချိတ်ဆက်ထားသော ဝေါ်ကီတော်ကီ၏ခေါ်ဆိုမှုခလုတ်ကို မတော်တဆနှိပ်မိသွားခဲ့ခြင်းဖြစ်သည်။


တကယ်တမ်း၌ ကျန့်ကျားဟယ်သည် ဖုတ်ကောင်ခွေးကုတ်ခြစ်လုနီးပါးဖြစ်နေသော စစ်သားကို အမြန်ဖမ်းမိပြီးနောက် ဖုတ်ကောင်ခွေးသည် ကျောရိုးများပင် ကွေးသွားသည်အထိ အရိုက်ခံလိုက်ရလေသည်။ ချန်ကျောင်း၏လေဓားသည် ခွေး၏ခေါင်းကို တစ်ချက်တည်းနှင့် ဖြတ်လိုက်‌လေသည်။


ချန်းချီ၏ မိုးကြိုး ရောက်လာပြီးနောက် ကျန်ဖုတ်ကောင်ခွေးများကို လျှပ်စစ်ရှော့တိုက်လိုက်လေသည်။ စစ်သားများသည် ဖုတ်ကောင်ခွေးများ၏ခေါင်းများကို ပူးပေါင်းပစ်ခတ်လိုက်ကြကာ ဖုတ်ကောင်ခွေးများအပါအ၀င် အကျပ်အတည်းကို ချောမွေ့စွာ ဖြေရှင်းနိုင်ခဲ့ကြသည်။


သူတို့သည် ကုန်ကြမ်းများအတွက် ဂိုဒေါင်ကိုလည်း ရှာဖွေနိုင်ခဲ့ကြသည်။


နာရီဝက်ခန့် ရှာဖွေကြပြီးနောက် ဒုတိယအဖွဲ့သည်လည်း ထုပ်ပိုးထားသော ဆိုလာပြားအမြောက်အများရှိသော ဂိုဒေါင်တစ်ခုကိုတွေ့ရှိခဲ့ကြသည်။ ၎င်းသည် ဖောက်သည်များထံ မပို့ရသေးသည့် ကုန်ပစ္စည်းများ ဖြစ်သင့်သည်။ သို့သော် ၎င်းတို့သည် စျေးသက်သာသော ပစ္စည်းများသာဖြစ်သည်။