အခန်း(၆၆)
Viewers 12k

အခန်း(၆၆)《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク


နောက်ဆုံးတွင် ချန်းချီနှင့် သူ့လူများသည် သယ်ယူသည့်ကားတစ်စီးကို ရှာရန်သွားခဲ့ကြသည်။ သူတို့အားလုံးသည် ကြီးမားများပြားသည့် ထုတ်လုပ်ပြီးစက်ကိရိယာများကို ဖြိုဖျက်ကာ သူတို့ရှာဖွေနိုင်ခဲ့သော ကုန်ကြမ်းများအားလုံးကို အကြီးစားကွန်တိန်နာတင်ထရပ်ကားပေါ်သို့ တင်ခဲ့ကြသည်။ ထုတ်လုပ်ရေးအဆင့် ပြီးဆုံးထားသည့် ဆိုလာပြားများကိုတော့ စစ်ကားတစ်စီးစီတွင် တပ်ဆင်လိုက်ကြကာ မူရင်းကားတွင်ရှိသော စစ်သားများသည် အခြားစစ်ကားသုံးစီးအတွင်းတွင် စုလိုက်ခဲ့ကြသည်။


မစ်ရှင်သည် အောင်မြင်စွာပြီးမြောက်ခဲ့ပြီး အမြုတေများစွာကိုလည်း ရိတ်သိမ်းစုဆောင်းနိုင်ခဲ့သည်။ လီမင်းသည် ကျန့်ယွင်နှင့် စုရွေ့ကျယ် တို့ကိုပို၍ပင်ကျေးဇူးတင်ခဲ့သည်။ သူတို့အားကျေးဇူးတင်ရပေမည်။ ဤတစ်ကြိမ်တွင် အခြားသူများအား(ဖက်တီးတို့အဖွဲ့) ထည့်မတွက်လျှင်တောင် သူတို့သည် အဆင့်မြင့်ရှိဖုတ်ကောင်များနှင့် ဖုတ်ကောင်ခွေးများ၏ခြေသည်းများနှင့် သွားများအောက်တွင် ပြင်းထန်စွာဒဏ်ရာရသွားကြခြင်းဖြစ်နိုင်သည်။ လီမင်းသည် အစီရင်ခံသတင်းပို့စာတွင် သူတို့အတွက် ပိုကောင်းသည့် ချီးကျူးစကားများထည့်ရေးပြီး ပြန်ရောက်သည့်အခါတွင် အကျိုးကျေးဇူးများ ပိုရလာစေဖို့ ကူညီပေးရန် စိတ်ပိုင်းဖြတ်ထားလေသည်။ 


သူတို့သည် အဆောက်အဦးသေးသေးလေးတွင် အနားယူနေသော ဒဏ်ရာရစစ်သားများကို ခေါ်ဆောင်ပြီး အဖွဲ့သည် သူတို့လမ်းကြောင်းသို့ပြန်တက်လာခဲ့ကြလေသည်။ 


ဒဏ်ရာရသွားသည့် စစ်သားများသည် ကံကောင်းကြလေ၏။ သူတို့အားလုံး ဗိုင်းရပ်စ်ပိုးကို လွန်ပြီး သူတို့၏စွမ်းအားများ အောင်အောင်မြင်မြင် နိုးထခဲ့ကြသည်။ အလွန်ထူးခြားသည့်အာကာသ နေရာလွတ်စွမ်းရည်ကို နိုးထလာသည့် စစ်သားငယ်တစ်ဦးလည်း ရှိခဲ့သည်။ 


ထိုနေရာသည် ငါးကုဗမီတာ ကျယ်ဝန်းပြီး ပစ္စည်းများစွာကို ထိုအထဲသို့ထည့်နိုင်လောက်သည်အထိ ကြီးလေသည်။ ဤအချိန်တွင် ကောအန်းသည် အဖွဲ့၏ ရတနာကြီးတစ်ခုဖြစ်လာခဲ့သည်။ နောင်အနာဂါတ်တွင် ပစ္စည်းများကို စုဆောင်းရန် သို့မဟုတ် သယ်ဆောင်သွားရန်လိုအပ်ပါက ပြဿနာမရှိတော့ချေ။ ထိုအာကာသမှော်ဆရာ၏ အကူအညီဖြင့် အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။


သုံးရက်ကြာပြီးနောက် အဖွဲ့သည် ဝန်အပြည့်ဖြင့် ပြန်ရောက်လာခဲ့လေသည်။ ခြောက်ရက်မှ ခုနစ်ရက်ခန့်သာကြာခဲ့သော်လည်း အခြေစိုက်စခန်းမှာ များစွာပြောင်းလဲသွားခဲ့သည်။ အုတ်တံတိုင်းဆောက်လုပ်ရန် စာရင်းသွင်းသူအရေအတွက်မှာ အလွန်များပြားသောကြောင့် ဖြစ်နိုင်သည်။ နံရံတည်ဆောက်မှုသည် အတော်မြန်လေသည်။ အပြင်ဘက်မှ ကြည့်လျှင် နံရံမြင့်များနှင့် တာဝါတိုင်များသည် သမိုင်းဝင် တီဗီစီးရီးများထဲက ကဲ့သို့ပင် ဖြစ်သည်။ 


နောက်ထပ်ဂိတ်တံခါးပေါက် တစ်ပေါက် ထပ်တိုးလာခဲ့သည်။ ဘယ်ဘက်တံခါးသည် မြို့ထဲသို့ဝင်ရောက်လာတဲ့ အသက်ရှင်ကျန်ရစ်သူအသစ်များအတွက် သီးသန့်ထားခဲ့သည်။ ဤရက်များတွင် အသက်ရှင်ကျန်ရစ်သူ အများအပြားသည် ရေဒီယိုကြေငြာချက်ကို နားထောင်ပြီး အခြေစိုက်စခန်းသို့ဆက်တိုက်ရောက်လာခဲ့ကြသည်။ သူတို့အားလုံးသည် စာရင်းသွင်းရန်နှင့် မြို့ထဲသို့ဝင်ရန် ဂိတ်ဝတွင် တန်းစီရပ်နေကြလေသည်။ 


လက်ယာဘက်မြို့တံခါးသည် အခြေစိုက်စခန်း၏ ယာယီနေထိုင်ခွင့်နှင့် တရားဝင်မှတ်ပုံတင်ကတ်ပြားများ ရရှိထားသူများအတွက်သာဖြစ်သည်။ ဝင်ခွင့်ရရှိရန် သူတို့၏ သက်သေခံကတ်ပြားများကို ပြသရန် အလွန်မြန်ဆန်ပြီး အဆင်ပြေလေသည်။


စုရွေ့ကျယ်သည် မြို့မှထွက်ခွာလာသည့် ယာဉ်တန်းကိုတွေ့လိုက်ရသည်။ ၎င်းသည် မြို့စောင့်တပ်သားများဖြစ်ပုံရသည်။ သူတို့သည် အနီးအနားရှိ ဖုတ်ကောင်များကို ရှင်းလင်းရန် နေ့တိုင်းမြို့တွင်းမှ ထွက်ခွာရန် လိုအပ်သည်။


စစ်ကားလေးစီးနှင့် ဟဲဗီးဝိတ်ထရပ်ကားတစ်စီးသည် မြို့တွင်းဝင်ထွက်နေသူများကို ဆွဲဆောင်ခဲ့သည်။ မြို့တံခါးအစောင့်အကြပ်တပ်သားများသည် အခြေအနေကို သူတို့၏အထက်အရာရှိများအား ချက်ခြင်းအကြောင်းကြားခဲ့ပြီး ကားများဖြတ်သန်းသွားနိုင်စေရန် မြို့တံခါးကို အမြင့်ဆုံးကန့်သတ်ချက်အထိ ဖွင့်လှစ်ခဲ့သည်။


ကျန့်ယွင်၏ ယာယီနေထိုင်ခွင့်ကတ် သက်တမ်းကုန်သွားသဖြင့် သူတို့သည် ပြန်လည်မှတ်ပုံတင်ရန်နှင့် တရားဝင်မှတ်ပုံတင်ကတ်များ ရယူရန် မှတ်ပုံတင်ရုံးသို့သွားရန် လိုအပ်နေသည်။ 


ကျန့်ယွင်သည် မြို့တံခါးတွင် ကားရပ်ပြီး သူတို့၏ ID ကတ်များကို အရင်ယူရန် သွားလေသည်။ 


လီမင်းနှင့်သူ့အဖွဲ့သည် နေရောင်ခြည်စွမ်းအင်သုံး ကိရိယာများနှင့်အတူ အလုပ်တာဝန်ကို အမြန်ထမ်းဆောင်ရန် ပြေးလွှားနေကြလေသည်။ ကျန့်ယွင်ကို နှုတ်ဆက်ပြီးနောက် သူတို့သည် အရင်ဆုံးထွက်သွားခဲ့ကြသည်။


မြို့ထဲသို့ဝင်ရောက်ပြီးနောက် စုရွေ့ကျယ်သည် မြို့တံခါးအနီး လေဟာပြင်တွင် တဲအမြောက်အမြားရှိနေသည်ကို တွေ့ရှိခဲ့သည်။ သူတို့သည် စစ်သားတစ်ဦးအား မေးမြန်းခဲ့ပြီး အများစုမှာ အိမ်ငှားခပေးရန်မတတ်နိုင်သော သို့မဟုတ် ငှားရမ်းခမပေးလိုသော အသက်ရှင်ကျန်ရစ်သူများဖြစ်ကြောင်း နားလည်ခဲ့ကြသည်။


“သူတို့က ဘာလို့အလုပ်မလုပ်တာလဲ။ မြို့ထဲကအလုပ်တွေ အကုန်ကုန်သွားလို့လား ”


ကျန့်ကျားဟယ်သည် အထူးတဆန်းဖြစ်စွာဖြင့် မေးလိုက်၏။ 


တဲအတွင်း၌ မလှုပ်မယှက်အိပ်နေသော လူများ သို့မဟုတ် တဲထဲမှထွက်ကာ နေရာတိုင်းတွင် အစာတောင်းစားရန် ရှာဖွေနေသူများကို စောင့်ကြည့်နေခဲ့သည်။ ထိုအဖွဲ့တွင် အဓိကအားဖြင့် အသက်ကြီး၍ အားနည်းသော အမျိုးသမီးများနှင့် ကလေးငယ်များ ပါ၀င်သော်လည်း ခြေလက်နှင့် အလုပ်လုပ်နိုင်သော အမျိုးသားများ အများအပြားလည်းရှိနေသည်။


“ဘယ်လိုတတ်နိုင်မလဲ။ အခြေစိုက်စခန်းစတည်ဆောက်တုန်းက နေရာတိုင်းမှာ လူပြတ်လပ်နေခဲ့တာ။ အဲ့လူတွေက သူတို့အရမ်းခါးခါးသီးသီးဖြစ်နေပြီး အလုပ်လုပ်ဖို့ တွန့်ဆုတ်နေကြတာ ”


စစ်သားသည် မထီမဲ့မြင်ပြုလိုသောအကြည့်ဖြင့်ကြည့်ကာ ပြောပြလိုက်၏။


သူတို့အခြေစိုက်စခန်း၏စနစ်သည် အလွန်လူသားဆန်သည်ဟု သူပြောနိုင်သည်။ အခြေစိုက်စခန်းသည် အသက်ကြီးသူများ၊ အားနည်းသူများနှင့် မသန်စွမ်းသူများတောင် သူတို့အတွက် လွယ်ကူသည့်အလုပ်များကို စီစဉ်ပေးဖို့ နည်းလမ်းများ စဉ်းစားပေးလိမ့်မည်ဖြစ်သည်။


သက်ကြီးရွယ်အိုများအတွက် သူတို့သည် ရေလောင်းခြင်း နှင့် တံမြက်လှည်းခြင်း အလုပ်တချို့ကို စီစဉ်ပေးခဲ့ကြသည်။ ကျန်းမာရေးမကောင်းပါက အချက်အလက်များခွဲထုတ်ရန် ကူညီပေးလိမ့်မည်။ ဖျားနာသူများအတွက် အခြေစိုက်စခန်းမှ ဆေး၀ါးများ ထောက်ပံ့ပေးမည်ဖြစ်သော်လည်း ပြန်လည်ကောင်းမွန်လာပြီးနောက် သူတို့သုံးခဲ့သည့် ဆေးဝါးများအတွက် အကြွေးဆပ်ရန် အလုပ်လုပ်ကြရမည်ဖြစ်သည်။ လိုက်လျောညီထွေမရှိသူများအတွက်လည်း အရိုးရှင်းဆုံးအလုပ်အချို့ကို စီစဉ်ပေးလိမ့်မည်ဖြစ်သည်။


မြို့တံခါး၌ အသက်ရှင်ကျန်ရစ်သူအသစ်များစာရင်းကို တာဝန်ယူနေသည့် ၀မ်အာ့ကော် လိုပင် သူသည် ငယ်ငယ်ကတည်းက ပိုလီယိုရောဂါ ခံစား နေခဲ့ရပြီး သူ့ဘယ်ခြေထောက်သည် ပြင်းထန်စွာသိမ်နေသော်လည်း သူစာရေးနိုင် နေသေးပေသည်။ 


“စုရွေ့ကျယ် ”


ရုတ်တရက် စုရွေ့ကျယ်၏ နာမည်ကို တစ်စုံတစ်ယောက်မှ ခေါ်လာလေ၏။ 


စုရွေ့ကျယ်သည် အသံလာသည့်ဘက်ကို မသိစိတ်ဖြင့် ကြည့်လိုက်ရာ ရင်းနှီးနေသည့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရလေသည်။ သူမသည် မီးခိုးရောင်ပိတ်စကတ်ကို ၀တ်ထားကာ ဆံပင်များက ကောက်ရိုးကဲ့သို့ ရှုပ်ယှက်ခတ်နေခဲ့သည်။ သို့သော်လည်း သူမ၏ဆံပင်ကို ဆွဲဖယ်ပြီးနောက် သူမ၏မျက်နှာသည် အလွန်နူးညံ့ပြီး ချစ်စဖွယ်ဖြစ်နေသည်။


“မင်းက ဘယ်သူလဲ ”


မိန်းကလေးသည် စုရွေ့ကျယ် ဒီလိုမေးခွန်းမျိုးမေးလာဖို့ မမျှော်လင့်ထားခဲ့ဘဲ သူမ၏မျက်နှာသည်ရုတ်တရက်ဖြူရော်သွားလေသည်။


“ငါက ရွှီကျားနီလေ ”


နာမည်နှင့် မျက်နှာသည် အမှန်တကယ်ရင်းနှီးပုံပေါက်သော်လည်း စုရွေ့ကျယ်ယခုထိ မမှတ်မိနိုင်သေးချေ။


“ငါမင်းအတွက် ဘာလုပ်ပေးရမလဲ ”


စုရွေ့ကျယ်သည် သူမကို မမှတ်မိနိုင်ခဲ့သောကြောင့် တွန့်ဆုတ်နေခဲ့သည်။ တစ်ဖက်လူအား သူမ ဘာလုပ်ချင်လဲဟုသာ တိုက်ရိုက်မေးလိုက်သည်။


ကောင်မလေး၏ နှုတ်ခမ်းများသည် တုန်လှုပ်သွားပြီး မျက်လုံးများက မျက်ရည်များ စီးကျလာပြီး သူမပြင်းထန်စွာ ထိခိုက်သွားပုံရလေသည်။


သူမဘာလုပ်ချင်လို့လဲ။ သူမ တခြားဘာများလုပ်ချင်သေးလို့လဲ။ လွတ်မြောက်လာသူများ၏ အခြေစိုက်စခန်းကို ရောက်လာခဲ့သည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။ မနက်ဖြန်သည် အလကားရသည့် နောက်ဆုံးနေ့ဖြစ်သဖြင့် ညစ်ပတ်ပြီး ပင်ပန်းသည့်အလုပ်များကို သူမလုပ်ရပေတော့မည်။ သူမ ဘယ်လို သည်းခံနိုင်ပါ့မလဲ။


အုတ်သယ်ရွှေ့သည့် အလုပ်တစ်ခုကို စာရင်းသွင်းရန် ဖခင်ဖြစ်သူနှင့်အတူ အလုပ်ခန်းမသို့ လိုက်ပါသွားခဲ့သည်။ ထိုအလုပ်သည် နေ့စဉ် အလုပ်ငါးမှတ်သာ ရမည်ဖြစ်သည်။ သူမသည် တည်းခိုခကို အလုပ်မှတ်နှစ်မှတ်ဖြင့် ပေးဆောင်ကာ အလုပ်သုံးမှတ်သာ ကျန်တော့သည်။ ၎င်းသည် ခန့်မှန်းချေ စားသောက်စရိတ်မှာ နှစ်ရက်နှင့် တစ်၀က်စာသာကျန်တော့သည်။ 


အသက်ရှင်ကျန်ရစ်သူများ၏ အခြေစိုက်စခန်းသို့ မရောက်မီက သူမသည် ရက်ပေါင်းများစွာ အစားအစာအလုံအလောက်မရှိခဲ့ချေ။ ထို့အပြင် သူမသည် ဆာလောင်မှုအပြည့်ဖြင့်ဘဝကို အမှန်တကယ် မနေထိုင်ချင်ခဲ့ပေ။


သူမသည် စုရွေ့ကျယ်နှင့် ဤလူအုပ်စုသည် တခြားတံခါးမှ မြို့ထဲကို ဝင်လာသည်ကို တွေ့လိုက်ရလေသည်။ သူတို့တွင် ကားများ၊ သေနတ်များရှိကြသည်။ သူတို့သည် အဖွဲ့တစ်ဖွဲ့ဖြစ်ရမည်။ သူတို့သည် ထိုဖော်ရွေမှုမရှိသည့် စစ်သားများနှင့်လည်း စကားပြောနိုင်ကြသည်။ သူတို့သည် အလွန်အားကောင်းသည့် အနေအထားရှိရမည်ဖြစ်သည်။


သူမ ကျောင်းတက်စဉ်က စုရွေ့ကျယ်၏ ထိုင်ခုံသည် သူမအတန်းနှင့်ထောင့်ဖြတ်နေရာတွင်ရှိသည်။ ထိုအချိန်က လူတိုင်းသည် အချစ်စိတ်ကစားသည့် အသက်အရွယ်လေးများဖြစ်ကြသည်။ အတန်းဖော်များနှင့် စကားစမြည်ပြောသည့်အခါ တွင် စုရွေ့ကျယ်နှင့်သူ့အဖွဲ့ စကားစမြည်ပြောသံကိုကြားခဲ့ရပြီး သူက သူမအရမ်းလှသည်ဟု သူမကြားခဲ့ရသည်။ သို့သော် သူမသည် စုရွေ့ကျယ်၏မိသားစုသည် အဆင်မပြေသည်ကို သိသည့်အတွက် သူနှင့် ဘယ်တုန်းကမှ အဆက်အသွယ် မရှိခဲ့ချေ။


အခုထိ သူမကို သဘောကျနေသေးတာ ဖြစ်နိုင်လား။ အကယ်၍ သူသာ သူမကို ကူညီချင်စိတ်ရှိရင်...


ရွှီကျားနီ၏ နှလုံးသားသည် ကြောင်လေးတစ်ကောင်မှ ကုတ်ခြစ်ခံလိုက်ရသကဲ့သို့ ခံစားနေရချေသည်။ စုရွေ့ကျယ် မှတ်ပုံတင်ရုံးသို့ ဝင်ခါနီးကို မြင်လိုက်ရသောအခါ သူ့အားအော်မခေါ်ဘဲ မနေနိုင်တော့ချေ။ 


ဒါဆို... သူ သူမကို မမှတ်မိတော့ဘူးပေါ့...


နွေရာသီ အားလပ်ရက်လေးပဲရှိသေးတယ်လေ။ သူက ဘာလို့ သူမကို မမှတ်မိတော့တာလဲ။


သူမတွေးထားသည့် နွေရာသီအားလပ်ရက်တိုလေးသည် စုရွေ့ကျယ်အတွက် ဘ၀တစ်သက်တာလုံးကဲ့သို့ဖြစ်နေမည်ကို သူမဘယ်သိနိုင်ပါ့မလဲ။ စုရွေ့ကျယ်သည် ဘဝသစ်တစ်ခုမှ ပြန်ရောက်လာခဲ့ပြီး သူ့မျက်လုံးများသည် ကျန့်ယွင်နှင့်သာ ပြည့်နှက်နေခဲ့သည်။ သူနှင့် သိပ်မရင်းနှီးသည့် အတန်းဖော်တစ်ယောက်ကို အဘယ်ကြောင့် မှတ်မိနိုင်ပါ့မလဲ။


“ငါ၊ ငါ....”


ရွှီကျားနီသည် စကားမပြောနိုင်တော့ချေ။ 


စုရွေ့ကျယ်သည် အနည်းငယ် စိတ်မရှည်ဖြစ်လာလေသည်။ သူ့အတွေးတွင် သူလမ်းပေါ်တွင် လျှောက်သွားနေပြီး သူ မသိသည့်လူက လှမ်းခေါ်လာခဲ့ပြီး သူတို့ စကား အကြာကြီးမပြောခဲ့ကြချေ ထိုသို့ဖြစ်ကာ ယခုအခြေအနေသည် သူ့အား စိတ်ရှုပ်သွားစေသည်။


“မင်းမှာ ဘာ ပြဿနာရှိလို့လဲ။ မရှိတော့ရင် ငါအရင်ဆုံးသွားတော့မယ်”


“နင်..နင်....”


ရွှီကျားနီ၏ မျက်လုံးများသည် မကျေနပ်ချက်များဖြင့် နီရဲလာလေ၏။ 


“ဟားဟားဟား ၊ ရှောင်ကျယ်။ မင်း ဒီလိုမျိုး အရမ်းစိတ်ရှုပ်ထွေးနေမယ်လို့ ငါမထင်ထားဘူး”


ချန်းကျောင်းသည် ရယ်မောရင်း ရောက်လာပြီး စုရွေ့ကျယ်၏ ပခုံးကို လှမ်းဆွဲလိုက်သည်။


“တခြားမိန်းကလေးက နင့်ကိုကြိုက်နေတာ သိသာနေတာကို ”


“ကျွန်တော် သူမကိုတောင်မှ မသိတာ ”


ကျန့်ယွင်သည် ပြုံးလျက်ဘေးတွင် ရပ်နေသည်ကို တော့လိုက်ရသောအခါ စုရွေ့ကျယ်သည် သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို အမြန်ရှင်းပြလိုက်သည်။


ထိုအချိန်တွင် အနီးနားတွင် လူများစွာရှိနေသည်။ သူတို့အားလုံးသည် ရွှီကျားနီကို လက်ညှိုးထိုးနေခဲ့ကြသည်။ ကောင်မငယ်လေးက ဘယ်လိုတောင်ဒီလို ရပ်တည်နိုင်သလဲ။ သူမသည် မုန်းတီးမှုဖြင့် ခြေဆောင့်ကာ မျက်ရည်များဖြင့် ထွက်ပြေးသွားခဲ့လေသည်။


သို့သော် စုရွေ့ကျယ်သည် သူ့ခေါင်းပေါ်တွင် မေးခွန်းအမှတ်အသားဖြင့် ထိုနေရာတွင် ဆက်၍ရပ်နေခဲ့လေသည်။


“သွားကြစို့။ အဓိပ္ပါယ်မရှိတာတွေ ပြောမနေတော့နဲ့။ သွားပြီး စာရင်းသွင်း။ လူတွေ စောင့်နေတယ်”


ကျန့်ယွင်သည် ချန်ကျောင်းကို ဆွဲထုတ်လိုက်ပြီး စုရွေ့ကျယ်၏ လက်ကောက်ဝတ်ကို ဆွဲကာ မှတ်ပုံတင်ရုံးထဲသို့ ဆွဲခေါ်သွားလေသည်။


ကျန်းရွှီကျိုးသည် သူတို့အတွက် တရားဝင် ID ကတ်များကို ပြင်ဆင်ထားရန် အမိန်ပေးထားပြီးဖြစ်သည်။ သူတို့စာရင်းသွင်းပြီး သူတို့၏ လက်ဗွေရာများကို မှတ်တမ်းတွင် ထည့်သွင်းပြီးသည်နှင့် သူတို့သည် မှတ်ပုံတင်ကတ်များကို ချောမွေ့စွာရခဲ့ကြလေသည်။ ကတ်ပြားများနှင့်အတူ သူတို့သည် စားရန် သို့မဟုတ် ရိုးရှင်းသော ပစ္စည်းများလဲလှယ်ရန်အတွက် ပွတ်ဆွဲရန်သာလိုအပ်လေသည်။


နားမလည်နိုင်စွာ ပေါ်လာပြီး နားမလည်နိုင်အောင် ထွက်ပြေးသွားသည့် မိန်းကလေးသည် သူတို့အပေါ် အထင်ကြီးလောက်စရာ အမြင်မကျန်ရှိခဲ့ပါချေ။