အခန်း(၆၈)
Viewers 12k

အခန်း(၆၈)《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク


စုရွေ့ကျယ်နှင့် ကျန့်ယွင်တို့နှစ်ဦးစလုံးသည် စစ်တပ်၏ဆုံးဖြတ်ချက်ကို သဘောတူခဲ့ကြသည်။ အဆုံးမှာတော့ အခြေစိုက်စခန်းရှိ ရှိပြီးသားပစ္စည်းများသည် အရေအတွက် အကန့်အသတ်နှင့်သာရှိသည်။ အသက်ရှင်ကျန်ရစ်သူလူဦးရေ တိုးလာသည်နှင့်အမျှ အခြေစိုက်စခန်းတွင် ဝန်ထုပ်ဝန်ပိုးများလည်း တိုးလာပေသည်။ 


ထိုနည်းအတိုင်း ဆက်သွားပါက အခြေစိုက်စခန်း၏ ဆန်စပါးသိုလှောင်မှုမှာ အနည်းဆုံး တစ်နှစ်ခွဲခန့်စာလောက်သာ ခံနိုင်သည်။ စိုက်ပျိုးထားသည့် မည်သည့်သီးနှံမျိုးမဆို ပုံမှန်မဟုတ် မြင့်မားနေသည့် အပူချိန်ကြောင့် ရှင်သန်ရန် ခက်ခဲလေသည်။ သစ်သားစွမ်းအားရှင်များဖြင့် စိုက်ပျိုးထုတ်လုပ်ထားသော အသီးအနှံများသည် အခြေစိုက်စခန်းတစ်ခုလုံး၏ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ချေ။ 


ထို့ကြောင့်ပင် အသက်ရှင်ကျန်ရစ်သူများသည် အခြေစိုက်စခန်းမှထွက်ခွာပြီး ဖုတ်ကောင်များကိုသတ်ကာ ရိက္ခာပစ္စည်းများရှာဖွေရန်ကသာ အကောင်းဆုံးဖြစ်လေသည်။


သို့သော်လည်း အသက်ရှင်ကျန်ရစ်သူများကို အခြေစိုက်စခန်းမှ လိုလိုလားလား ထွက်သွားပြီး ထိုကြောက်ရွံ့ဖွယ်ကောင်းသော ဖုတ်ကောင်များနှင့် ရင်ဆိုင်ရန် မည်သို့စည်းရုံးသင့်ပါသနည်း။ 


အခြေစိုက်စခန်း၏ ခေါင်းဆောင်များသည် မိုက်မဲသည့် အရူးများမဟုတ်ကြချေ။ သူတို့သည် အလျင်စလိုလုပ်ခြင်းဖြင့် မည်သည်ကိုမှ မဦးတည်နိုင်ကြောင်းသိခဲ့ကြသည်ပင်။ သူတို့သည် အခြေစိုက်စခန်း၏ သုတေသနစင်တာမှ တီထွင်ထားသည့် ဖုတ်ကောင်များကို သေစေနိုင်လောက်သည်အထိ ဒဏ်ရာဖြစ်စေနိုင်သည့် နောက်ဆုံးပေါ်ကျည်ဆန်အကြောင်း ပထမဆုံး ကြေငြာချက်တစ်ခုထုတ်ပြန်ခဲ့သည်။ ထို့နောက် သူတို့သည် အခြေစိုက်စခန်းမြို့စောင့်တပ်ကို စတင်တိုးချဲ့ခဲ့ကာ သေနတ်ပစ်အတွေ့အကြုံ သို့မဟုတ် ကိုယ်ကာယခွန်အားကြံ့ခိုင်မှု မလိုအပ်ဘဲ စုဆောင်းခဲ့ကြလေသည်။ သူတို့သည် အခြေစိုက်စခန်းတွင် ကောင်းမွန်စွာ ပြုမူလုပ်ကိုင်သူများကိုသာမက အမျိုးသမီးများကိုပင် စုဆောင်းလိုခဲ့ကြသည်။


မြို့စောင့်တပ်ကို သေနတ်များ တပ်ဆင်ပေးထားသည်။ ကျည်ဆန်အမျိုးအစားအသစ်ကို အသုံးပြုပြီးနောက်တွင် ဖုတ်ကောင်များကို ရှင်းလင်းရန် အမှန်တကယ် ပို၍လွယ်ကူလာခဲ့လေသည်။ ယခင်က ဖုတ်ကောင်များကို သတ်ရန်အတွက် ဖုတ်ကောင်များ၏ခေါင်းများကို တိကျစွာ ထိမှန်ရန်လိုခဲ့သည်။ သေနတ်နှင့် ရင်းနှီးကျွမ်း၀င်မှုမရှိသော သို့မဟုတ် တိကျမှုအတော်လေးညံ့ဖျင်းသောသူများသည် ဖုတ်ကောင်များကိုထိမှန်ရန် အကြိမ်ပေါင်းများစွာ ပစ်ခတ်ရလေ့ရှိသည်။ သို့သော်ယခုမူ သူတို့သည် ဖုတ်ကောင်များကို သေစေလောက်သည်အထိ ထိခိုက်မှုဖြစ်စေရန် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကိုမဆို ထိမှန်ရန်သာ လိုအပ်တော့သည်။ ဖုတ်ကောင်တစ်ကောင်ကို ယခုအခါတွင် နှစ်ချက် သို့မဟုတ် သုံးချက်လောက်ဖြင့်သာ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပြီဖြစ်သည်။


ထို့အပြင် အခြေစိုက်စခန်းသည် ဖုတ်ကောင်များကို ရှင်းလင်းသည့်အချိန်တွင် လမ်းတစ်လျှောက်၌ ရိက္ခာပစ္စည်းများကို ရှာဖွေရန်လည်း မြို့စောင့်တပ်အားတွန်းအားပေးခဲ့သည်။ လူတစ်ဦးစီမှ ရှာတွေ့ခဲ့သည့် ပစ္စည်းများ၏ ဆယ်ပုံတစ်ပုံကိုသာ အခြေစိုက်စခန်းသို့ လွှဲပြောင်းပေးရန်လိုအပ်ကာ ကျန်သည့်ပစ္စည်းများကို သိမ်းဆည်းထားနိုင်မည်ဖြစ်လေသည်။ ထိုအချိန်တွင် မြို့စောင့်တပ်အတွက် စာရင်းသွင်းလိုကြသည့်လူများ ပိုများလာခဲ့လေသည်။ မြို့စောင့်တပ်သားများ၏အရေအတွက်သည် လျင်မြန်စွာဖြင့် ပြည့်သွားသည့်အဆင့်သို့ ရောက်ရှိသွားလေသည်။ အဆုံးမှာတော့ သေနတ်များနှင့် ကျည်ဆန်အသစ်များသည်လည်း ရှားပါးလေသည်။ ၎င်းတို့ကို စစ်တပ်မှ ပထမဆုံးအသုံးပြုရန် သီးသန့်ထားခဲ့သေးသည်။


မြို့စောင့်တပ်၏အကူအညီဖြင့် အသက်ရှင်ကျန်ရစ်သူများ၏ စိတ်ဝိညာဉ်များသည်နိုးကြားတက်ကြွလာခဲ့ကြကာ အထူးသဖြင့် အဖွဲ့ငယ်များအလိုလိုဖွဲ့စည်းကာ မြို့စောင့်တပ်များနှင့်အတူ ပူးပေါင်းကာ ရိက္ခာရှာဖွေရန် မြို့ပြင်သို့ထွက်ခွာသွားကြသော စွမ်းအားရှင်များပင်ဖြစ်လေသည်။ တောင်ပိုင်းအခြေစိုက်စခန်းအနီးအနားတွင် မြို့ငယ်လေးများ များစွာရှိနေသေးသည်။ အခြေခံအားဖြင့် လည်ပတ်ခြင်းတစ်ခုသည် အမြဲလိုလိုအကျိုးရှိပေလိမ့်မည်။


သို့သော် အသက်ရှင်ကျန်ရစ်သူအများစုသည် ဘေးထွက်နေကြဆဲဖြစ်သည်။ အဆုံးမှာတော့ အပြင်ဘက်သည် အလွန်အန္တရာယ်များလွန်းလေသည်။ သူတို့တွင် သေနတ်နှင့် အစွမ်းအစများ မရှိကြချေ။ အကယ်၍သူတို့သာ ထိခိုက်ဒဏ်ရာရသွားပါက သူတို့သာလျှင် ဒုက္ခရောက်ကြပေလိမ့်မည်။ 


ယခုအခါ အခြေစိုက်စခန်းသည် ဖုတ်ကောင်ကုတ်ခြစ်ခံရသူများကို ဗိုင်းရပ်စ်ပိုး၏တိုက်ခိုက်မှုကို တွန်းလှန်နိုင်ရန်နှင့် စွမ်းအားရှင်တစ်ယောက်အဖြစ်နိုးထနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည့် အပင်များထဲမှ ဒြပ်စင်သဲလွန်စအချို့ကို သုတေသနစင်တာမှ တွေ့ရှိခဲ့သည့်အကြောင်း သတင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး အထူးဆေးဝါးအချို့ လဲလှယ်ရေးကိုဖွင့်လှစ်ပေးခဲ့သည်။


တကယ်တမ်းတွင် ထိုအထူးဆေး၀ါးများသည် စုပေါင်းဖျော်ထားသည့်အသီးအနှံဖျော်ရည်များဖြစ်သည်။ ပုလင်းသေးသေးတစ်လုံးကို လဲလှယ်ရန် အလုပ်မှတ်နှစ်မှတ်လောက်သာ ယူသည်။ ဤစျေးနှုန်းသည် အမှန်တကယ်စျေးမကြီးချေ။ အဆုံးမှာတော့ ဤကဲ့သို့သော ရာသီဥတုအခြေအနေတွင် လတ်ဆတ်သည့် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များရှာရန် အလွန်ခက်ခဲသောကြောင့်ဖြစ်သည်။ 


သို့သော်လည်း အခြေစိုက်စခန်းရှိ စွမ်းအားရှင် အရေအတွက်သည် တဖြည်းဖြည်း တိုးလာကာ အခြေစိုက်စခန်း၏ ကြံ့ခိုင်မှုတိုးမြင့်လာခဲ့ရုံသာမက ပစ္စည်းများပြတ်လပ်မှုကိုလည်း များစွာ သက်သာသွားစေလေသည်။


ကျန့်ယွင်နှင့် သူ့အဖွဲ့သည် ပစ္စည်းများစုဆောင်းရန်အတွက်မဟုတ်ဘဲ သူတို့၏စွမ်းရည်များကို အသုံးချပြီး တိုက်ခိုက်ရေး စွမ်းရည်များကို လေ့ကျင့်ရန် နေ့တိုင်း မြို့ပြင်သို့ထွက်ခဲ့ကြသည်။ အကယ်၍ အခြေခံစိုက်စခန်းတွင် ခက်ခဲသောအလုပ်တစ်ခုရှိလျှင် သူတို့သည် ကူညီလိုစိတ်ရှိကြသည်။ ထို့အပြင် အခြေစိုက်စခန်းသည် သူတို့အား ဘယ်သောအခါမှ ဆိုးဆိုးရွားရွား ဆက်ဆံလိမ့်မည်မဟုတ်ချေ။ နှစ်ဦးနှစ်ဘက်သည် အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေးတစ်ခုရှိပြီး အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့လေသည်။


နောက်ပိုင်းတွင် အခြေစိုက်စခန်းရှိ လူအချို့သည်အခြေစိုက်စခန်းအလယ်ဗဟိုရှိ လမ်းများပေါ်တွင် ဈေးဆိုင်များ စတင်တည်ထောင်လာကြသည်။ သူတို့သည်သန့်ရှင်းရေးလုပ်ရန် ထွက်သွားကြသည့်အခါများတွင် ပစ္စည်းအများအပြား ရှာတွေ့ခဲ့ကြသည်။ တခါတရံတွင် အခြားသူများအတွက် အသုံးဝင်နိုင်မည့် အရာအချို့ကို သူတို့အသုံးမပြုနိုင်ကြချေ။ ဝယ်သူနှင့် ရောင်းသူသည် စျေးနှုန်းသတ်မှတ်ကြပြီးနောက် သူတို့သည် အလွန်အဆင်ပြေသည့် တိုက်ရိုက်အရောင်းအ၀ယ် ပြုလုပ်နိုင်ခဲ့ကြလေသည်။ 


အဆိုပါဆိုင်များ ပေါ်ပေါက်လာကြခြင်းကြောင့် အခြေစိုက်စခန်းသည် ပိုပိုပြီး အသက်၀င်လာခဲ့လေသည်။ ကုန်သွယ်မှုကိုတွန်းအားပေးဆောင်ရွက်= အခြေစိုက်စခန်းဖွံ့ဖြိုးတိုးတက်လာစေခဲ့ရာ အခြေစိုက်စခန်းအတွက် အလွန်ကောင်းမွန်လှချေသည်။


သဘာ၀အားဖြင့် အခြေစိုက်စခန်း၏ အဆင့်မြင့်သူများသည် ၎င်းအောင်မြင်မှုကိုမြင်ရ၍ ပျော်ရွှင်ခဲ့ကြသည်။ သူတို့သည် နယ်မြေတစ်ခုကို လူများ သူတို့လိုချင်တာမှန်သမျှ ဖလှယ်၍ရသည့် လွတ်လပ်သောကုန်သွယ်မှုနယ်မြေအဖြစ် ကန့်သတ်ပေးထားပြီးတဲ့ ဤနေရာ၌ ကင်းလှည့်ဖို့ရန် ဥပဒေစိုးမိုးရေးအဖွဲ့များ စီစဉ်ပေးထားခဲ့သည်။ မည်သူကမှ ပြဿနာမရှာရဲကြချေ။ 


ကျန့်ကျားဟယ်သည် အရောင်းအ၀ယ်နေရာတစ်ခုတွင် လမ်းလျှောက်သွားနေရင်း သူစိတ်ကူးထားသည့် ဖုန်စုပ်စက်တစ်လုံးကို ရှာတွေ့ခဲ့ပြီး အလုပ်မှတ်ငါးမှတ်လောက်နှင့် ဝယ်ခဲ့လေသည်။


ထိုဆိုင်လေး၏ သူဌေးသည် ချန်ဖူကွေ့ ဟုအမည်ရသည့် လူလတ်ပိုင်းအရွယ် အနည်းငယ်၀၀နှင့် လူတစ်ယောက်ဖြစ်သည်။ သူ့နာမည်ကဲ့သို့ပင် သူသည် အမှန်တကယ်ကို စီးပွားရေး အလွန်ကောင်းလေသည်။ သူသည် အမှန်တကယ်ကို စီမံခန့်ခွဲရေးစင်တာမှ ကတ်ပွတ်ဆွဲစက်တစ်ခုကို အလုပ်မှတ်များသုံးကာ ငှားရမ်းချင်နေခဲ့ပြီး ပစ္စည်းများကိုင်ကာ လဲလှယ်ရသည်ထက် ပိုအဆင်ပြေသောကြောင့်ဖြစ်လေသည်။ 


ကုန်သွယ်ဧရိယာတစ်ခုလုံးတွင် သူ့ဆိုင်သည် ငွေပေးချေရန် အလုပ်မှတ်များကို အသုံးပြုသည့် တစ်ခုတည်းသောဆိုင်ဖြစ်သည်။ သူနှင့်ရင်းနှီးသော ဆိုင်ပိုင်ရှင်များစွာသည် သူ့ထံမှစက်ကို ချေးယူလာကြလိမ့်မည်ဖြစ်ပြီး အကျိုးအမြတ်အချို့ကို တစ်လှည့်စီ ပေးကြလေသည်။ ထို့ကြောင့်ပင် အရောင်းအ၀ယ်နယ်ပယ်တစ်ခုလုံးတွင် သူ့ဆိုင်သည် အကြီးဆုံးဖြစ်ပြီး စီးပွားရေး အကောင်းဆုံးဖြစ်လေသည်။


ချန်ဖူကွေ့သည် ရောင်းချရုံသာမက အသုံးဝင်မည့်ပစ္စည်းများကို သူရှာတွေ့သ၍လည်း ဝယ်ယူခဲ့လေသည်။


စုရွေ့ကျယ်သည် ထိုနေရာတွင် ကလေးများအတွက် ကစားစရာအရုပ်အချို့ရှိနေသေးသည်ကို တွတွေ့လိုက်ရသည်။ ယွီသုန်သုန်အတွက် တစ်ချို့ကို ဝယ်ပေးချင်ခဲ့သောကြောင့် သူသည် တချို့ကို ကျပန်းရွေးယူလိုက်သည်။ ဘေလ်ပေးချေသောအခါတွင် ချန်ဖူကွေ့၏ စားပွဲအံဆွဲထဲတွင် အခြေခံအမြုတေတစ်ဒါဇင်လောက်ကို သတိပြုမိလိုက်လေသည်။ စုရွေ့ကျယ်သည် သူဘယ်နေရာမှ ၎င်းကိုရရှိခဲ့သည်ကို မသိခဲ့ချေ။


“လောပန်၊ အဲ့ဒါတွေကို ခင်ဗျား ဘယ်ကနေရခဲ့တာလဲ ”


ချန်ဖူကွေ့သည် လူများအကဲခတ်ခြင်း၌ အထူးသဖြင့်ကောင်းလေသည်။ စုရွေ့ကျယ်နှင့် သူနှင့်အတူပါလာသည့် တစ်ယောက်သည် သန့်ရှင်းသပ်ရပ်ပြီး ကြည့်ကောင်းကာ အခြားသာမန်လူများထက် စိတ်ဓာတ်စွမ်းအားရှိကြလေသည်။


တခြားကောင်လေးသည် ဖုန်စုပ်စက်အား ယခုလေးတင်ဝယ်သည့် အခါတုန်းက သူနှင့် ဈေးမဆစ်ခဲ့ချေ။ ဒီလူများ၏ အထောက်အထားသည် မရိုးရှင်းဟု သူမယုံကြည်ချေ။ သူသည် သဘာ၀အတိုင်း ဒီလိုလူများနှင့် ပေါင်းသင်းရသည်ကို ပျော်ရွှင်နေသောကြောင့် ရိုးရိုးသားသားပြောပြခဲ့လေသည်။ 


“ဒါတွေကို မြို့စောင့်တပ်သားတွေဆီက စုဆောင်းခဲ့တာ။ သူတို့တွေ ဖုတ်ကောင်တွေကို ရှင်းဖို့ အပြင်ထွက်တုန်းက ဖုတ်ကောင်တွေရဲ့ ခေါင်းတွေဆီကရခဲ့ကြတာ။ သူတို့ကောက်ယူလာပြီး ဘာအတွက် သုံးရမှန်းမသိကြလို့ သူတို့ ငါ့ကိုရောင်းခဲ့ကြတာလေ ”


“ဘာအတွက်သုံးမှန်း ခင်ဗျားမသိဘဲ ဘာလို့ဝယ်ခဲ့တာလဲ”


စုရွေ့ကျယ်သည် သူ့မျက်ခုံးအား အသာပင့်မိသွား၏။ 


“ဟားဟားဟား ငါလည်း ကမ္ဘာပျက်ကပ် ရုပ်ရှင် တွေနဲ့ ဝတ္ထုတချို့ကို မြင်ဖူးခဲ့တယ်လေ။ ဖုတ်ကောင်တွေရဲ့ ဦးနှောက်ထဲက ဒီလိုအရာတွေက အသုံးဝင်နိုင်တယ်လေ ”


ချန်ဖူကွေ့က ပြုံးလျက် ပြောလိုက်၏။ 


“ခင်ဗျား ပိုက်ဆံတွေ ဆုံးရှုံးသွားမှာ ကိုမကြောက်ဘူးလား ”


“ကြောက်တာ”


ချန်ဖူကွေ့သည် ပြောပြီး နောက် အံဆွဲကိုဖွင့်လိုက်သည်။ အထဲတွင် ရွှေနှင့် စိန်ကဲ့သို့ လက်ဝတ်ရတနာ အများကြီးရှိနေခဲ့၏။ 


“အစတုန်းကတော့ ရွှေဟာ ခိုင်မာတဲ့ ငွေကြေးဖြစ်လာသင့်တယ်လို့ ငါထင်ခဲ့တာ။ ဒါကြောင့် ငါတချို့ကို သိမ်းဆည်းထားမိခဲ့တယ်။ အားလုံးကို လွှင့်ပစ်ရလိမ့်မယ်လို့ ငါမသိခဲ့ဘူး။ အခု ပေါင်မုန့်တစ်ပိုင်းစာတောင် လဲလှယ်လို့မရတော့ဘူးလေ။”


“ဘယ်သူပြောလဲ၊ ကျွန်မအဲ့ဒါအတွက် ငွေချေမယ် ”


ချန်းကျောင်းသည် တိုး၀င်လာပြီး ရတနာအစုအဝေးဆီသို့ မျက်လုံးများတောက်ပနေပြီး တစ်ခုပြီးတစ်ခု စတင်ရွေးချယ်ပြီးနောက် တောက်ပြောင်သော စိန်လည်ဆွဲတစ်ခုကိုရွေးလိုက်ကာ  


“ဒါအတွက် ရှင် အလုပ်မှတ်ဘယ်လောက်နဲ့ ရောင်းမလဲ ”


ချန်ဖူကွေ့သည် သူ့လက်များကို ပွတ်သပ်လိုက်ကာ စမ်းသပ်သည့် သဘောဖြင့် ပြောလိုက်၏။ 


“အလုပ်မှတ်နှစ်မှတ် ”


ချန်းကျောင်း ပြုံးပြုံးရွှင်ရွှင်ဖြင့် သူမ၏ ID ကတ်ကို တိုက်ရိုက်ပေးအပ်လိုက်ကာ တစ်ချိန်တည်းမှာပင် ဝူကျင်းကို တစ်ခုရွေးရန် တိုက်တွန်းနေခဲ့သည်။


တကယ်တမ်းတွင် ဝူကျင်းသည်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားလေသည်။ လက်ဝတ်ရတနာ မကြိုက်သည့် မိန်းကလေး မရှိချေ။ ဤနေရာရှိ လက်၀တ်လက်စားများအားလုံးသည် အခြေအနေအလွန်ကောင်းမွန်ကြ၏။ ၎င်းတို့အား မကြည့်ရန် ခက်ခဲလှချေသည်။ ကမ္ဘာပျက်ကပ်မတိုင်မီက ၎င်းတို့သည် ဒေါ်လာသောင်းချီတန်ဘိုးရှိပြီး သာမန်လူတစ်ဦးတစ်ယောက်မှ လုံးဝမဝယ်ယူနိုင်သော်လည်း ယခုမူ ၎င်းတို့အား ဘီစကွတ်ထုပ်အနည်းငယ်နှင့် ဘန်းမုန့်ပေါင်းများနှင့် လဲလှယ်နေရပြီဖြစ်သည်။


“မင်းကြိုက်တယ်ဆို ယူလိုက် ပြီးရင် ကိုယ့်ကတ်နဲ့ဖြတ်လိုက် ”


ကျန်းရှို့လျန်သည် သူမအား တိတ်တဆိတ်ကြည့်နေသော်လည်း သူ့ဦးနှောက်သည် မမိုက်မဲသေးချေ။ သူ့ကောင်မလေး သဘောကျနေသည်ကို မြင်သည်နှင့် သူ့ မှတ်ပုံတင်ကတ်ကို ချက်ချင်းထုတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အမျိုးသမီးများစွာ၏ မနာလိုစိတ်များကို စွဲဆောင်လိုက်နိုင်လေသည်။


【TN : ဒီလိုကောင်လေးမျိုးမှ မရရင် ရည်စားမထားတော့ဘူး (စာဖတ်သူများအစား ပြောပေးသည်)】


ဝူကျင်းသည် ချိုမြိန်စွာ ပြုံးပြရင်း မြလက်ကောက်တစ်ခု နှင့် ဆွဲကြိုးတစ်ကုံးကို ရွေးချယ်လိုက်ကာ အလုပ်မှတ် သုံးမှတ်သာ ပေးခဲ့ရသည်။ 


ချန်ဖူကွေ့သည် သူ စွန့်ပစ်ထားပြီး အမှိုက်များဖြစ်လာတော့မည်ဟု တွေးထားသော အရာများသည် မထင်မှတ်ထားဘဲ အမှန်တကယ်ရောင်းလိုက်ရလေသည်။ သူသည် သဘာဝအတိုင်း အလွန်ပျော်ရွှင်လာခဲ့လေ၏။ 


ထိုလက်ဝတ်ရတနာတစ်စုံတွင် စိန်လက်စွပ်တစ်ကွင်းလည်း ပါလေသည်။ စိန်သည် အလွန်ကြီးမားသော်လည်း ဝူကျင်း၏လက်ချောင်းများသည် အနည်းငယ်ထူသောကြောင့် သူမ မဝတ်ဆင်နိုင်ခဲ့ချေ။ ယခုချိန် အရွယ်အစားပြောင်းလဲနိုင်သော လက်ဝတ်ရတနာဆိုင်တစ်ဆိုင်ရှိပါသလား။ နောက်ဆုံးတွင် သူမသည်၎င်းကို တုန့်ဆိုင်းစွာဖြင့်သာ ပြန်ထားခဲ့လေ၏။ 


ကျန်းရှို့လျန်သည် ထိုမြင်ကွင်းကို သူ့မျက်လုံးများဖြင့် မြင်လိုက်ရလေသည်။ အခြားသူများ ထွက်ခွာသွားကြသည်နှင့် သူပြန်လာခဲ့ပြီး ချန်ဖူးကွေ့အား အသံတိုးတိုးဖြင့် ပြောလိုက်၏။ 


“လောပန်၊ ခင်ဗျားဆီမှာ တခြားလက်စွပ်ရှိသေးလား ”


“ငါ့ဆီမှာ အခုလောလောဆယ်တော့မရှိဘူး။ ဒါပေမယ့် ငါအဲ့ဒါတွေကို ရနိုင်တယ်။ မင်းလိုချင်တယ်ဆိုရင် ငါမင်းအတွက်ရှာပေးနိုင်ပြီးတော့ မင်းပြန်လာမယူခင်အထိ သိမ်းထားပေးနိုင်တယ် ”


ချန်ဖူးကွေ့သည် ပြုံးပြုံးရွှင်ရွှင်နှင့် ပြောလိုက်ပြီး ဒီလူငယ်နှင့် ချောမောလှပသည့်ကောင်မလေးတို့သည် စုံတွဲတစ်တွဲဖြစ်ကြောင်း သူမြင်လိုက်သည်။ လူငယ်လေးသည် သူ့ကောင်မလေး စိတ်ကျေနပ်စေမည့် လက်စွပ်တစ်ကွင်း ဝယ်ပေးချင်နေသည် ဖြစ်ရမည်။ 


သူ့တွင် လက်ကျန်တစ်ခုမှမရှိသော်လည်း သူသည် မြို့စောင့်တပ်သားများနှင့် ရင်းနှီးလေသည်။ သူတို့ အပြင်ဘက်တွင် ပစ္စည်းများ သွားစုဆောင်းသည့်တဲ့အခါတွင် လက်ဝတ်ရတနာဆိုင်များထဲတွင် လိုက်ရှာပြီး လက်စွပ်အချို့ရှာဖို့ရန် သိပ်မခက်ချေ။ 


“ကောင်းပြီ၊ ကျွန်တော် ခင်ဗျားကို စရံငွေအဖြစ် အလုပ်မှတ်ဆယ်မှတ်ပေးမယ်။ ပြီးရင် အဲ့ဒါကိုရတာနဲ့ ခင်ဗျားကို အလုပ်ဆယ်မှတ်ပေးမယ်”


ကျန်းရှို့လျန်နှင့် ဝူကျင်းတို့သည် မူလက နှစ်ကုန်တွင်လက်ထပ်ရန် သူတို့မွေးရပ်မြေသို့ ပြန်ရန် စီစဉ်ခဲ့ကြသည်။ သို့သော် ကမ္ဘာ့အဆုံးသတ်ကြီးသည် ရုတ်တရက်ရောက်လာခဲ့ပြီး သူတို့၏အစီအစဉ်များကို အနှောင့်အယှက်ဖြစ်ခဲ့လေသည်။


ကမ္ဘာ့အဆုံးသတ်မတိုင်ခင်က ကျန်းရှို့လျန်သည် ကြံ့ခိုင်ရေးနည်းပြတစ်ဦးသာဖြစ်ပြီး သူတို့၏ နှစ်ဦးပေါင်းလစာသည် အရမ်းမမြင့်ချေ။ သူတို့သည် မင်္ဂလာပွဲအတွက် ပိုက်ဆံစုထားရသောကြောင့် သင့်တော်သည့် မင်္ဂလာလက်စွပ်တစ်ကွင်းတောင် မဝယ်ခဲ့ကြချေ။ ယခုအချိန်တွင် မင်္ဂလာပွဲမကျင်းပနိုင်သေးချေ။ အနည်းဆုံးတော့ လက်စွပ်ကို သူတို့ဝယ်နိုင်သေးသည်။ မှန်သည်၊ ဝူကျင်း ကြိုက်နှစ်သက်လိမ့်မည်ဟု သူ သေချာပေါက် ထင်ခဲ့သည်။


“ကောင်းတယ် ”


ချန်ဖူကွေ့သည် ခပ်ကျယ်ကျယ် ပြုံးလိုက်ပြီး သူ့သွားများ ပြုတ်ကျသွားတော့မည့်ပုံပေါ်နေလေသည်။ ကျန်းရှို့လျန်ကဲ့သို့ အကောင်းဆုံး ဖောက်သည်များ ထွက်ပေါ်လာခဲ့လေပြီ။ သူသည် စာအုပ်‌သေးသေးလေးတစ်အုပ်ကို ထုတ်ကာ ကျန်းရှို့လျန်နှင့်၀ူကျင်း၏ လက်ချောင်းအရွယ်အစားများနှင့် သူလိုချင်သည့်ပုံစံကို မှတ်ထားလိုက်သည်။ အလုပ်မှတ်အများကြီးနှင့် ဆိုလျှင် မြို့စောင့်တပ်သား ကလေးပေါက်စများအတွက် လက်စွပ်ရရန် အထူးခရီးထွက်ဖို့ လုံလောက်ပြီဖြစ်သည်။


“ကျွန်တော်တို့က ဒီလိပ်စာမှာနေကြတယ်။ ပစ္စည်းတွေရောက်လာတဲ့အခါ တံခါးနားက စာတိုက်ပုံးကို ပို့လိုက်ရုံပဲ ”


ယခုအခါ အခြေစိုက်စခန်းတွင် လုံလောက်သော ဓာတ်အားရရှိနေပြီဖြစ်ပြီး ဓာတ်လှေခါးများလည်း ပုံမှန်အတိုင်းအသုံးပြုနိုင်ပြီဖြစ်သည်။ အထပ်မြင့် အဆောက်အအုံငယ်များတွင် မြို့စောင့်တပ်သားများစွာ နေထိုင်ကြသည်။ လူတိုင်းသည် အလုပ်လုပ်ဖို့ရန် အပြင်သွားနေကြရုံသာရှိသည်။ အထပ်မြင့် အဆောက်အအုံငယ်များ၏ တံခါးများကို များသောအားဖြင့် သော့ခတ်ထားသည်မို့ အကြောင်းတစ်ခုခုရှိပါက တံခါးရှိစာတိုက်ပုံးထဲတွင် မှတ်စုတစ်ခု ထားခဲ့နိုင်လေသည်။


“ကောင်းပါပြီ ”


ချန်ဖူကွေ့သည် ချက်ချင်းပင် အပိုစကားလုံးများအပါဘဲ သဘောတူလိုက်လေသည်။


ရလဒ်အနေနှင့် ကျန်းရှို့လျန်သည် ကျန့်ယွင် နောက်တစ်ခေါက် ပြန်လာသည့်အခါမှသာ သူပြန်လာခဲ့လေသည်။ သူလည်း လက်စွပ်လိုချင်ခဲ့သော်လည်း အမျိုးသားနှစ်ယောက်အတွက်ဖြစ်ကာ စပေါ်ငွေပေးခဲ့သည်။ ယခုလေးတင် ဝူကျင်း လက်စွပ်ကို စမ်းကြည့်ခဲ့သည့်အချိန်တွင် သူလည်း သူနှင့်သူ့ချစ်သူငယ်လေးအတွက် တစ်စုံဝယ်ပေးချင်ခဲ့လေသည်။


လုပ်ငန်းအကြီးကြီးနှစ်ခု ပြီးသွားသည်နှင့် ချန်ဖူကွေ့သည် အလွန်ဝမ်းသာသွားပြီး သူသည် လုံး၀နှောင့်နှေးမနေခဲ့ချေ။ သူသည် ချက်ချင်းပင် မြို့စောင့်တပ်မှ သူ့အသိမိတ်ဆွေများကို သွားရှာခဲ့လေသည်။


ချန်ဖူကွေ့၏ စွမ်းဆောင်ရည်မှာ အလွန်မြင့်မားခဲ့ပြီး ငါးရက် သို့မဟုတ် ခြောက်ရက်ခန့်တွင် သူသည် ကျန်းရှို့လျန်နှင့် ကျန့်ယွင်တို့ ထံသို့ သူတို့လိုချင်သည့်အရာ ရောက်နေပြီဖြစ်ကြောင်း အသိပေးသည့် စာတစ်စောင်ပေးပို့ခဲ့သည်။


သူတို့သည် လက်စွပ်ကို ရလာခဲ့ပြီး သူတို့၏ ချစ်လှစွာသောလေးများကို လက်ဆောင်ပေးရန် ပြန်လာခဲ့ကြလေသည်။ ဝူကျင်းသည် ကျန်းရှို့လျန်ကိုဖက်ထားပြီး ငိုပြီး ရယ်နေခဲ့လေသည်။ စုရွေ့ကျယ်သည် မငိုခဲ့သော်လည်း သူ့မျက်လုံးများ နီရဲနေခဲ့လေသည်။ ချစ်သူစုံတွဲနှစ်တွဲစလုံးသည် အလွန်ချိုမြိန်နေခဲ့ကြပြီး တခြားသူများကို မနာလိုဖြစ်စေခဲ့ကြကာ အဖွဲ့ထဲမှ တခြားတစ်ကိုယ်တည်းစင်ဂယ်ခွေးများသည် သူတို့ အသက်ရှင်နိုင်တော့ဘူးဟု အော်နေခဲ့ကြလေသည်။




ဘာသာပြန်သူတွင်ပြောစရာရှိသည်။


ကိုကြီး ကျန်းတို့ရဲ့ ခွေးစာလည်း တနင့်တပိုးစားလိုက်ရပါတယ်။