အခန်း(၆၉)
Viewers 12k

အခန်း(၆၉)《 မြေမဲ့စိုက်ပျိုးရေး 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク



ထိုညတွင် ကျန့်ယွင်နှင့် သူ့အဖွဲ့သည် သူတို့၏ကားဖြင့် စခန်းမှ မောင်းထွက်လာကြစဉ် ချွေ့ကျန်းချောင်အမည်ရှိသော စစ်သားငယ်တစ်ဦးမှ သူတို့အား တားလိုက်လေ၏။ 


“ခေါင်းဆောင် ကျန့်ယွင်၊ ခေါင်းဆောင်ကျန့်ယွင် ”


ချွေ့ကျန်းချောင်သည် အရှိန်စွမ်းရည် နိုးထလာခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အခြေစိုက်စခန်း၏ခေါင်းဆောင်သည် သူ့အား ဘယ်အရာမဆိုလုပ်ခိုင်းစရာရှိပါက အလျင်အမြန် ပြေးသွားခိုင်းရသည်ကို သဘောကျလေသည်။ ယခုတွင် သူသည် သူတို့ထံသို့ အလျင်စလိုပြေးလာခဲ့ပြီး တပ်ခွဲမှူးကျန်းမှ တာဝန်ပေးခဲ့၍ဖြစ်သည်။


“ရှောင်ချွေ့၊ ဘာဖြစ်လို့လဲ ”


ကျန့်ယွင်သည် ကားရပ်၍ တံခါးမှန်ကိုချလိုက်ပြီး ခေါင်းထုတ်ကာမေးလာလေ၏။ 


“တပ်ခွဲမှူးကျန်းက ခင်ဗျားလာဖို့ တောင်းဆိုခိုင်းလိုက်လို့ပါ ”


ချွေ့ကျန်းချောင်သည် သူ့ချွေးများကို သုတ်လိုက်လေ၏။ ကံကောင်းထောက်မစွာဖြင့် သူအမြန် ပြေးသွား၍ မဟုတ်လျှင် ခေါင်းဆောင်ကျန့်ယွင်သည် မြို့ထဲမှ ထွက်သွားပြီးလိမ့်မည်ဖြစ်သည်။


“ကောင်းပြီ”


ကျန့်ယွင်သည် ချက်ချင်းပင် ကားကိုလှည့်ကာ အခြေစိုက်စခန်းဌာနချုပ်ဆီသို့ ဦးတည်လိုက်သည်။


တပ်ခွဲမှူးကျန်းသည် ဌာနချုပ်၏ ဧည့်ခန်းတွင် စောင့်ဆိုင်းနေခဲ့သည်။ သူသည် ကျန့်ယွင်ရောက်လာသည်ကို မြင်သောအခါ ပြုံးလျက် ချက်ချင်း နှုတ်ဆက်လိုက်သည်။


“ခေါင်းဆောင်ကျန့်ယွင်၊ ခင်ဗျားလာပြီ”


“တပ်ခွဲမှူးကျန်းက တာ၀န်သစ်အတွက် ကျွန်တော်တို့အကူအညီလိုသေးလို့လား”


နှစ်ဖက်စလုံးသည် ရိုးရိုးရှင်းရှင်း နှုတ်ဆက်လိုက်ကြပြီး ကျန့်ယွင်သည် တိုက်ရိုက်ပင်မေးလိုက်သည်။


နှစ်ဘက်အကြား ပူးပေါင်းဆောင်ရွက်မှုများစွာ ပြုလုပ်ပြီးနောက် တပ်ခွဲမှူးကျန်းသည် တိုက်ရိုက်ပင်ပြောလာခဲ့သည်။


“ဟုတ်ပါတယ်၊ ၀မ်ချန်း အခြေစိုက်စခန်းက တစ်စုံတစ်ယောက်က သစ်သားကျွမ်းကျင်ပညာရှင်တွေရဲ့အကူအညီနဲ့ စိုက်ပျိုးရေးနဲ့ သီးနှံအထွက်နှုန်းကောင်းတဲ့ မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို တီထွင်နိုင်ခဲ့တယ်လို့ ကျွန်တော်တို့ကြားခဲ့ရတယ်။ ကျွန်တော်တို့ နည်းပညာရှင်တချို့ကို လေ့လာစေဖို့ ပို့ဖို့လုပ်ထားတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့အခြေစိုက်စခန်းကနေ ၀မ်ချန်းအခြေစိုက်စခန်းအထိ လမ်းမက အခုထိ မဖွင့်ရသေးပါဘူး။ ကျွန်တော်တို့ အန္တရာယ်အတွက် စိုးရိမ်နေကြတာ။ ဒါ့အပြင် ရှောင်စုရဲ့သစ်သားစွမ်းရည်က ကျွန်တော်တို့အခြေစိုက်စခန်းမှာ အသန်မာဆုံးပဲ။ မင်းတို့နှစ်ယောက် အနှောက်အယှက်မဖြစ်ရင် ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်လိုပါတယ်။ ပြီးတော့ လမ်းမှာ နည်းပညာရှင် တစ်ယောက် နှစ်ယောက်လောက်ကို ကာကွယ်ပေးဖို့ပါ။ ”


ထိုအကြောင်းကိုကြားသည်နှင့် ကျန့်ယွင်သည် စုရွေ့ကျယ်ကို ကြည့်ကာမေးလိုက်၏။ 


“မင်းဘယ်လိုထင်လဲ ရှောင်ကျယ် ”


စုရွေ့ကျယ် :.....


ဘာအကြောင်း စဉ်းစားရမှာလဲ။ ဘာမှမရှိဘူး၊ သူ့စွမ်းအားအားလုံးကို လက်နက်အသွင်ပြောင်းရာတွင် အသုံးချခဲ့ပြီး ကောက်ပဲသီးနှံများ ထုတ်လုပ်နိုင်သည့် နည်းလမ်းမရှိချေ။ သူထုတ်ယူနေသည့် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များအားလုံးသည် နေရာလွတ်ထဲတွင် သူ့ဘာသာသူ စိုက်ပျိုးထားခဲ့ခြင်းဖြစ်ပြီး ၀မ်ချန်းအခြေစိုက်စခန်းတွင် အထောက်အကူဖြစ်လိမ့်မည် မဟုတ်ပါချေ။


ကျန့်ယွင်သည် သူ့ချစ်သူလေးအား စူးစူးစိုက်စိုက် စိုက်ကြည့်နေပြီး သူ့စကားများကို အလျင်အမြန်ပြောင်းလဲလိုက်၏။ 


 “ဒါပေမယ့် ရှောင်ကျယ်ရဲ့ စွမ်းအားတွေက ထူးခြားတယ်။ ဒီအဆင့်နိမ့်ကောက်ပဲသီးနှံတွေပေါ်မှာ မဖြုန်းတီးကြစို့။ တပ်ခွဲမှူးကျန်၊း ခင်ဗျား ကျွန်တော်တို့နောက်ကိုလိုက်ဖို့ သစ်သားစွမ်းအားရှင်တချို့ကို ရွေးသင့်တယ် ”


“ကောင်းပါပြီ ”


တပ်ခွဲမှူးကျန်းသည်လည်း စုရွေ့ကျယ်၏ စွမ်းရည်သည် အလွန်ထူးခြားပြီး လယ်ယာလုပ်ငန်းတွင် အသုံးပြုပါက ဖြုန်းတီးရာ ရောက်လိမ့်မည်ဟုထင်ခဲ့သည်။ ထို့ကြောင့် သူသည် သူတို့အား ချက်ချင်း သဘောတူလိုက်သည်။


“ခင်ဗျားတို့ ဘယ်တော့ စမလဲ”


“ဒါပေါ့ မြန်လေကောင်းလေပဲ။ မင်းတို့မှာပြဿနာမရှိဘူးဆိုမှတော့ မနက်ဖြန် ညနေခြောက်နာရီမှာ စကြရအောင်ကွာ။ ဒါပေမယ့် မင်းကိုပြောစရာတစ်ခုရှိတာက ဒေါက်တာယန်က မြင့်မားတဲ့ဘွဲ့၊ ကောင်းမွန်တဲ့နည်းပညာနဲ့ သင်ယူမှုအားကောင်းတဲ့ စိတ်ဓာတ်ရှိတဲ့သူတစ်ယောက်ဖြစ်တယ်။ သူက ဒေါသနည်းနည်းလည်း ရှိတယ်...အမ်၊ သူက ထူးဆန်းတယ်။ ကျေးဇူးပြုပြီး မင်းတို့ကိုယ်မင်းတို့ ဂရုစိုက်ကြနော်”


“စိတ်မပူပါနဲ့ ”


ကျန့်ယွင်သည် နားလည်နိုင်ခဲ့သည်။ သုတေသနနှင့် သင်ယူမှုနယ်ပယ်တွင် ပါဝင်ပတ်သက်နေသည့်သူ မဟုတ်သူများသည် ယခုရက်ပိုင်းအတွင်း အနည်းငယ် စိတ်တိုနေမိတတ်ကြသည်။


နောက်တစ်နေ့ သူတို့ မစ်ရှင်တစ်ခု သွားရန်ရှိသည်ဆိုသောကြောင့် ယနေ့ မြို့ထဲမှ မထွက်ခွာရန်ဆုံးဖြတ်ခဲ့ကြသည်။ သူတို့သည် အနားယူရန် ပြန်ခဲ့ကြ၏။ ဝမ်ချန်းအခြေစိုက်စခန်းသို့ သွားရာလမ်းတွင် အလွန်အေးချမ်းမှု မရှိသင့်ပေ။


နောက်တစ်နေ့တွင် သူတို့သည် အခြေစိုက်စခန်းတံခါးဝတွင် စုဝေးကြသောအခါတွင် ကျန့်ယွင်သည် ဒေါက်တာယန်နှင့်ဆုံလေ၏။ ဒေါက်တာယန်မင်းယွီသည် မျက်မှန်တစ်လက်နှင့် ကလေးမျက်နှာဖြင့် ငယ်ရွယ်ပုံရသော်လည်း အမှန်တကယ်တွင် အသက်သုံးဆယ်ရှိပြီဖြစ်သည်။ သူသည် ဇီဝဗေဒနှင့် ဓာတုဗေဒဘာသာရပ်တွင် Ph D ရရှိထားသည်။ သူသည် အလွန် IQ မြင့်မားသော အမျိုးသားတစ်ဦးဖြစ်ပြီး ၀မ်ချန်းအခြေစိုက်စခန်းသို့ မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို လေ့လာရန် သွားရောက်မည့် အဓိကလူဖြစ်သည်။ သူနှင့်အတူ သူ့လက်ထောက်များဖြစ်သည့် ယောက်ျားလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ လိုက်ပါလာခဲ့သည်။


ဒေါက်တာယန်သည် ဇိမ်ခံကားတစ်စီးထဲတွင် စီးခဲ့သည်။ ဒေါက်တာယန်၏မိသားစုသည် အလွန်ကောင်းသည်ဟုပြောကြသည်။ ဤကားသည် သူ့ကိုယ်ပိုင်ပစ္စည်းဖြစ်ခဲ့သော်လည်း ယခုတော့ သူသည် ရိုးရှင်းသည့် ဓာတ်ခွဲခန်းတစ်ခုအဖြစ် ပြောင်းလဲလိုက်လေသည်။ သူသည် လမ်းတွင် စမ်းသပ်မှုတချို့လုပ်ဖို့ရာလည်း မမေ့ခဲ့ချေ။


ကျန့်ယွင်၏အဖွဲ့အပြင် အခြေစိုက်စခန်းမှ သူတို့အားစောင့်ကြပ်ရန် စစ်ကားနှစ်စီးကိုလည်း စေလွှတ်ခဲ့သည်။ ယခုတစ်ကြိမ်တွင် ကွမ်းဟုန်သည် အဖွဲ့ကို တာဝန်ယူခဲ့ပြီး လီမင်းသည် အခြားအလုများကြောင့် စစ်ဆင်ရေးတွင် ပါဝင်ခြင်းမရှိခဲ့ချေ။ 


ကွမ်းဟုန်သည် ကျန့်ယွင်နှင့် တစ်ကြိမ် ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးသည်။ သူသည် သူတို့၏ အရည်အချင်းများကို အလွန် ရှင်းရှင်းလင်းလင်း သိထားသောကြောင့် သူတို့အပေါ် အလွန်ယဉ်ကျေးပြီး စာနာလေသည်။ 


ကားနောက်တွင် သစ်သားစွမ်းအားရှင်နှစ်ဦးလည်း ရှိခဲ့သည်။ လောင်ယွမ် အမည်ရှိ အသက်ကြီးသူမှာ အခြေစိုက်စခန်းမှ ခေါ်ယူစုဆောင်းခဲ့သူတစ်ယောက်ဖြစ်သည်။ သူသည် မူလကတည်းက လယ်သမားတစ်ဦးဖြစ်ပြီး ရိုးသားပြီး ကြင်နာတတ်သည်။ သူသည် စိုက်ပျိုးထုတ်လုပ်မှုနယ်ပယ်တွင် သြဇာအရှိဆုံးသူတစ်ဦးဖြစ်သည်။


အခြားအငယ်တစ်ယောက် ရှောင်ကျန်းသည် စစ်သားတစ်ဦးဖြစ်သည်။ သူသည် သစ်သားစနစ်စွမ်းရည်ကို နိုးထလာခဲ့သော်လည်း စွမ်းရည်ကို ထိန်းချုပ်ရာတွင် အလွန်တရာကျွမ်းကျင်မှုမရှိခဲ့ချေ။ မူလက ထိုသို့သောတာဝန်ကိုထမ်းဆောင်ရန် သူ့အလှည့်မရောက်သင့်ပေ။


သို့သော်လည်း အခြေစိုက်စခန်းတွင် သစ်သားစွမ်းအားရှင် အများအပြားမရှိခဲ့ချေ။ ပိုမိုအားကောင်းသော သူများအားလုံးကိုပို့လိုက်ပါက အခြေစိုက်စခန်းတွင် ဟင်းသီးဟင်းရွက်များ ထောက်ပံ့မှုတွင် ပြဿနာများ ပေါ်ပေါက်လာပေလိမ့်မည်။ ထို့ကြောင့် နောက်ဆုံးတွင် လောင်ယွမ် နှင့် ရှောင်ကျန်းတို့ကို ရွေးချယ်ခဲ့သည်။


အဖွဲ့သည့် စတင်ထွက်ခွာကြကာ ကားနှစ်စီးသည် ဒေါက်တာယန်၏ လီမို(ဇိမ်ခံကားရှည်)ကို အလယ်တွင် အကာအကွယ်ပေးပြီး ကျန့်ယွင်၏ SUV သည် နောက်ဘက်တွင် ရှိနေဆဲဖြစ်သည်။


【TN : Limo က ဇာတ်ကားတွေထဲကလို ဇိမ်ခံကားရှည်ကြီး မျိုးကိုပြောတာပါ။ 】


အဖွဲ့သည် အနောက်ဘက်သို့ တလမ်းလုံးမောင်းနှင်ခဲ့ကြပြီး HX အဝေးပြေးလမ်းမကြီးသို့ မကြာမီမှာပင်ရောက်လာခဲ့ကြသည်။ တကယ်တမ်းတွင် HX အဝေးပြေးလမ်းမကြီးမှ JT အဝေးပြေးလမ်းမကြီးသို့ ပြောင်းရွှေ့ပြီးနောက် ယင်းထျန်းမန် တံတားကိုဖြတ်ပြီး သူတို့သည် ဝမ်ချန်းနယ်စပ်သို့ ရောက်ခါနီးပါးဖြစ်လိမ့်မည်။


အဝေးပြေးလမ်းမကြီးပေါ်တွင် စွန့်ပစ်ထားသောယာဉ်များ အများအပြားရှိနေသဖြင့် သူတို့သည် တစ်လမ်းလုံး ဖြောင့်တန်းစွာမသွားနိုင်ခဲ့ကြချေ။ သူတို့သည် အဝေးပြေးလမ်းမကြီးပေါ်တွင် ပြန့်ကျဲနေသောဖုတ်ကောင်များကို အချိန်တိုင်း ဖယ်ရှားရှင်းလင်းရန် လိုအပ်သည်သေးသည်။ ၎င်းသည် အမှန်တကယ်ကို အချိန်အတော်ကြာခဲ့လေသည်။ 


အကယ်၍များ ကမ္ဘာကြီး အဆုံးမသတ်မီက ဆိုပါက တောင်ဘက်အခြေစိုက်စခန်းမှ ဝမ်ချန်းအခြေစိုက်စခန်းသို့ သုံးနာရီမှ လေးနာရီ ကြာလိမ့်မည်ဖြစ်သည်။ ယခုအချိန်တွင် နှစ်ရက်သုံးရက်ခန့် ကြာလိမ့်မည်ဖြစ်သည်။


သို့သော်လည်း ကျည်ဆန်အသစ်များဖြင့် ဖုတ်ကောင်များကို ရှင်းလင်းရန် ပိုမိုလွယ်ကူသွားသည်။ စစ်တပ်ရှိ မီးစွမ်းအားရှင်များသည် ဖုတ်ကောင်အလောင်းများကို မီးရှို့ခြင်းနှင့် အမြုတေခဲများကို စုဆောင်းရန်အတွက် အထူးတာဝန်ယူရှိကြသည်။ အခြေခံအားဖြင့် သူတို့သည် အများကြီး မရွေ့ခဲ့ကြချေ။ 


သူတို့သည် နေ့ခင်းဘက်တွင် လမ်းတစ်လျှောက်ရှိ ဓာတ်ဆီဆိုင်များတွင် အနားယူခဲ့ကြပြီး ညဘက်လမ်းတွင် ခရီးဆက်ကြသည်။ ၎င်းသည် သူတို့အား လမ်းပေါ်တွင် နှစ်ရက်ကြာခဲ့သည်။ သူတို့သည် ဝမ်ချန်းအခြေစိုက်စခန်းသို့ သွားရာလမ်းတွင် ကားအမြောက်အမြားတွေ့ခဲ့ကြသည်။ သူတို့သည် စစ်တပ်တစ်ခုဖြစ်နေသ၍ ၎င်းတို့အားလုံးသည် သူတို့နောက်သို့ လိုက်လာခဲ့ကြလေသည်။


သုံးရက်မြောက်နေ့ နံနက်သုံးနာရီခန့်တွင် သူတို့သည် ယင်းထျန်းမန်တံတားသို့ ရောက်ရှိလာခဲ့ကြသော်လည်း တံတားသို့သွားသောလမ်းသည် ပိတ်ဆို့နေခဲ့သည်။ ကွမ်းဟုန်သည် သူ့ရှေ့တွင် စွန့်ပစ်ထားသောယာဉ်များ ရှိနေသည်ဟု ထင်ခဲ့၏။ သူသည် လူများအား ကားပေါ်မှ ဆင်းခိုင်းပြီး ၎င်းတို့ကို ဖယ်ခိုင်းချင်ခဲ့သည်။ သို့သော် သူ အနီးသို့ရောက်လာသောအခါ ထိုယာဉ်များထဲတွင် လူများရှိနေသည်ကို တွေ့လိုက်ရလေသည်။


ကွမ်းဟုန်သည် ကားတစ်စီး၏ပြတင်းပေါက်ကို ခေါက်လိုက်သည်။ တစ်ဖက်လူသည်မှ သူ့အား စစ်ယူနီဖောင်းဝတ်ထားသည်ကို မြင်သောအခါ ပြတင်းပေါက်ကို ချလိုက်ကာ ရန်လိုစွာ ကြည့်လိုက်သည်။


“မင်းတို့ဘာလုပ်နေကြတာလဲ။ မင်းတို့အားလုံး ဒီမှာဘာလို့ ပိတ်နေကြတာလဲ ”


“ကျွန်တော်တို့ တန်းစီနေကြတာပါ။ အန်းဟွေ့မြို့အခြေစိုက်စခန်းသို့ ဝင်ရောက်ဖို့ ရိက္ခာပစ္စည်း‌ပို့ဆောင်ပေးဖို့ လိုအပ်တယ်။ ပစ္စည်းတွေကို ရေတွက်ဖို့ အချိန်ကြာနေပါတယ်။ ”


ထိုလူသည် ကွမ်းဟုန်ကိုကြည့်ပြီး ပြောလိုက်၏။ 


“ခင်ဗျားက ၀မ်ချန်းအခြေစိုက်စခန်းကမဟုတ်ဘူးလား ”


“ကျွန်တော်တို့က တောင်ပိုင်းအခြေစိုက်စခန်းကပါ။ မြို့ထဲကို၀င်ဖို့ ၀မ်ချန်းအခြေစိုက်စခန်းရဲ့ စည်းမျဉ်းတွေက ဘာတွေလဲ။ ခင်ဗျား ကျွန်တော့်ကိုပြောပြနိုင်မလား။ ”


ကွမ်းဟုန်သည် ဘီစကစ်ထုပ်လေးတစ်ထုပ်ကို ထုတ်ယူလိုက်ပြီး မေးလိုက်၏။ 


တစ်ဖက်လူသည် အပြုံးတစ်ခုနှင့် ယူလိုက်လေပြီး တစ်ခါတည်းပင် ထုပ်ပိုးထားသော အိတ်ကို ဆုတ်ဖြဲကာ စားလေ၏။ စားနေစဉ်မှာပင် ကွမ်းဟုန်နှင့် စကားပြောခဲ့လေသည်။


ဤ၀မ်ချန်းအခြေစိုက်စခန်းသည် တောင်ပိုင်းအခြေစိုက်စခန်းနှင့် ကွဲပြားလေသည်။ ၎င်းသည် စစ်ဘက်ဆိုင်ရာနယ်မြေမှ ပြန်လည်တည်ဆောက်ထားခြင်းမျိုးမဟုတ်ဘဲ အင်အားများစွာအတူတကွဖွဲစည်းတည်ထောင်ထားခဲ့ခြင်းဖြစ်သည်။ ထိုနေရာတွင် နယ်မြေခံတပ်များရှိသော်လည်း ဝမ်ချန်းအခြေစိုက်စခန်းကို လုံးလုံးလျားလျား လွှမ်းမိုးထားနိုင်ခြင်းတော့မရှိချေ။ 


၀မ်ချန်းအခြေစိုက်စခန်းသည်လည်း အသက်ရှင်ကျန်ရစ်သူများကို လက်ခံထားသော်လည်း တောင်ပိုင်းအခြေစိုက်စခန်းနှင့်မတူသည်မှာ လူတိုင်းသည်၀င်ရောက်ရန် ဂျုံသုံးကျင်းကို ပေးဆောင်ရန် လိုအပ်သည်။ အခြေစိုက်စခန်းသည် နေရေးထိုင်ရေးနှင့် စားဝတ်နေရေးနှင့် ဆိုင်သည့် ပြဿနာများကို ဖြေရှင်းရာတွင်လည်း တာဝန်မရှိချေ။


မြို့ထဲသို့ဝင်ပြီးနောက် သူတို့သည် သူတို့၏ပြဿနာများကို ဖြေရှင်းရန် လိုအပ်သည်။ သို့သော်လည်း၀မ်ချန်းအခြေစိုက်စခန်း၏ စွမ်းအားရှင်များအပေါ် ပြုမူဆက်ဆံမှုသည် အနည်းငယ်သာလွန်ကောင်းမွန်လေသည်။ အကယ်၍ တစ်စုံတစ်ဦးသည် စွမ်းအားရှင်တစ်ယောက်ဖြစ်ပါက သူတို့သည် မြို့ထဲသို့ဝင်ရန် မည်သည့်ပစ္စည်းများကိုမျှ ပေးဆောင်ရန်မလိုအပ်ချေ။ 


စွမ်းအားရှင်သည် အခြေစိုက်စခန်းသို့ဝင်ရောက်ပြီးနောက်တွင် သူသည် စွမ်းအားရှင်အဖွဲ့တွင် ပူးပေါင်းပါဝင်နိုင်သောကြောင့် အစားအသောက်နှင့်နေရာထိုင်ခင်းပြဿနာများကို လွယ်ကူစွာဖြေရှင်းနိုင်လေသည်။ ထို့ကြောင့် ၀မ်ချန်းအခြေစိုက်စခန်းသည် စွမ်းအားရှင်များကြားတွင် အလွန်ရေပန်းစားလာခဲ့သည်။ ၀မ်ချန်းအခြေစိုက်စခန်းရှိ စွမ်းအားရှင်အရေအတွက်ကြောင့် သာမန်အသက်ရှင်ကျန်ရစ်သူများမှာ ပိုမိုလုံခြုံသည်ဟု ခံစားကြရသောကြောင့် သူတို့သည် ၀မ်ချန်းအခြေစိုက်စခန်းသို့ ပူးပေါင်းရန် ရွေးချယ်ကြလေသည်။ 


အရှေ့ဘက်တွင် ပိတ်ဆို့ထားသော ယာဉ်များအားလုံးသည် ၀မ်ချန်းအခြေစိုက်စခန်းသို့ ရောက်ရှိလာသော အသက်ရှင်ကျန်ရစ်သူများသာမဟုတ်ကြချေ။ အချို့မှာ တာ၀န်များဆောင်ရွက်ရန် ထွက်လာကြသည့် စွမ်းအားရှင်အဖွဲ့များဖြစ်ကြသည်။ သို့သော်လည်း သူတို့သည် စုဆောင်းလာခဲ့သောပစ္စည်းများ၏ တစ်ဝက်ကိုပေးချေရန် လိုအပ်သောကြောင့် ၎င်းတို့၏ပစ္စည်းများကို ရေတွက်ရန် အချိန်အတော်ကြာခဲ့လေသည်။ 


ကွမ်းဟုန်သည် ကြက်သေသေသွားခဲ့ကာ ဝမ်ချန်းအခြေစိုက်စခန်းရှိ စည်းမျဥ်းများသည်တင်းကျပ်လွန်းသည်ကို သူ မယုံနိုင်ခဲ့ချေ။


သို့သော် သူတို့သည် တာ၀န်တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့တာဝန်ရှိပြီး ၀မ်ချန်းအခြေစိုက်စခန်းမှ မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာအသစ်ကို လေ့လာချင်‌သောကြောင့် သူတို့သည် လိုင်းတွင်တန်းစီကြရုံသာရှိတော့သည်။ 


နောက်ဆုံး စောင့်ဆိုင်းချိန် နာရီဝက်ကျော်ကြာပြီးနောက် သူတို့ရှေ့ရှိ ယာဉ်ကြောပိတ်ဆို့မှုသည် တံတားကို ဆက်လက်ဖြတ်ကူးသွားခဲ့ပြီး နောက်ဆုံး၌ သူတို့အလှည့်ရောက်လာခဲ့လေသည်။ 


သို့သော် ထိုအချိန်မှာပင် ဖုတ်ကောင်များ၏ အော်ဟောက်သံတစ်ခု ရုတ်တရက် ထွက်လာလေသည်။


“ဖုတ်ကောင်တွေရှိတယ်၊ ဖုတ်ကောင်တွေ ဒီကိုလာနေပြီ ”


အခန်းတွင်းရှိလူများအားလုံးသည် ရုတ်တရတ် ရှုပ်ထွေးသွားကြလေသည်။ သူတို့သည် ကားပေါ်သို့တက်ကာ အဝေးသို့ပြေးထွက်ချင်သော်လည်း ပတ်ပတ်လည်တွင် ယာဉ်ကြောပိတ်ဆို့မှု ရှိနေသောကြောင့် သူတို့ ပြေးစရာနေရာမရှိတော့ချေ။


“မကြောက်ကြနဲ့၊ မလှုပ်ကြနဲ့ ”


ရုတ်တရက် ခရာကိုင်ထားသည့် တစ်စုံတစ်ယောက်သည် လူအုပ်အား အော်လိုက်ပြီး ကောင်းကင်သို့ သေနတ်ပစ်ဖောက်လိုက်၏။ 


လူအုပ်သည် ငြိမ်သက်သွားကြကာ အားလုံးသည် အသံလာရာဆီသို့ကြည့်နေကြလေ၏။ 


လက်တိုတီရှပ်အင်္ကျီ၀တ်ထားသော အမျိုးသားတစ်ဦးသည် ကုန်တင်ကားကြီးတစ်စင်းရှေ့တွင် ရပ်ကာ သူတို့ဆီသို့ အော်ငေါက်နေလေ၏။ သူ့ပတ်ပတ်လည်တွင် လူခုနစ်ဦးမှ ရှစ်ဦးခန့်သည် သေနတ်များ ကိုင်ဆောင်ထားကြလေသည်။ သူတို့အားလုံး၏လက်မောင်းများတွင် လျှပ်စီးလက်နေသည့် ဆိုင်းတစ်ခုဆွဲထားကြလေသည်။ သူတို့အားလုံးသည် သူတို့မျက်နှာ‌များပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုတစ်စုံတစ်ရာမရှိကြဘဲ သက်တောင့်သက်သာဖြစ်နေကြပုံရလေသည်။ 


“အဲ့ဒါက မိုးကြိုးစွမ်းအားရှင်တွေပဲ၊ မိုးကြိုးစွမ်းအားရှင်တွေ ”


၀မ်ချန်းအခြေစိုက်စခန်းမှလူများသည် သူတို့အား သတိပြုမိသွားကြလေသည်။ 


ကျန့်ယွင်သည် မျက်ခုံးပင့်လိုက်ပြီး ထိုလူများကိုစိတ်ဝင်တစား ကြည့်လိုက်လေသည်။


အော်ဟောက်‌နေသော ဖုတ်ကောင်များသည် ပတ်ပတ်လည်တွင် ဖြည်းဖြည်းချင်း စုရုံးလာကြလေသည်။ ၎င်းတို့ထဲမှ တစ်ဒါဇင်ခန့်ရှိ‌လေသည်။ ၎င်းတို့သည် ဤနေရာတွင်စုရုံးနေသော လူအုပ်၏ ဆွဲဆောင်ခြင်းကို ခံခဲ့ရသင့်သည်။


ထိုလူများသည် သူတို့၏သေနတ်များကို မြှောက်ပြီး ပစ်ခတ်ခဲ့သော်လည်း သူတို့တွင် ပစ်ချက်ကောင်းမရှိခဲ့ချေ။ ငါးမိနစ်လောက်ပစ်ခတ်ကြပြီးနောက် ဖုတ်ကောင်များ၏ ထက်ဝက်လောက်သာ သေဆုံးခဲ့သည်။ အရံယာဉ်များနှင့် နီးကပ်နေပြီဖြစ်သည့် လူအများအပြားရှိခဲ့ကြလေသည်။


“အား အား အား ”


လူအချို့သည် အော်ဟစ်ပြီး တံတားဦးတည်ရာဘက်သို့ ထွက်ပြေးသွားကြကာ လူအုပ်သည် နောက်တစ်ကြိမ် ရှုပ်ယှက်ခတ်သွားကြပြန်လေ၏။