အခန်း(၇၀)
Viewers 12k


အခန်း(၇၀)《 ၀မ်ချန်းအခြေစိုက်စခန်း 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク


အသက်ရှင်ကျန်ရစ်သူအများအပြားသည် ငိုယိုအော်ဟစ်ပြီး မိုးကြိုးစွမ်းအားအဖွဲ့ဆီသို့ ပြေးသွားခဲ့ကြကာ အကာအကွယ်ယူကြလေသည်။ သို့သော်လည်း သေနတ်သံများသည် ဖုတ်ကောင်များကိုသာ ပို၍စွဲဆောင်မိလေသည်။ သူတို့သည် အဝေးမှ ချဉ်းကပ်လာစဉ် အရိပ်များ လှုပ်ယမ်းနေသည်ကို မြင်တွေ့နိုင်လေသည်။


တစ်စုံတစ်ယောက်သည် ဖုတ်ကောင်များကို ရှောင်ရန် သူ့ကားထဲသို့ အလျင်အမြန်၀င်ကာ တံခါးကို သော့ခတ်လိုက်ပြီး ထိုင်ခုံအောက်သို့ဝင်ရန်ကြိုးစားခဲ့၏။


မော်တော်ယဉ်တန်း၏အနီးသို့ ရောက်ရှိလာသော ဖုတ်ကောင်များသည် ၎င်းတို့၏လည်ချောင်းထဲမှ ဆာလောင်စွာအော်ဟောက်နေကြပြီး လေထဲရှိအစာအနံ့ကို ရှူရှိုက်ရင်း သူတို့၏ ကားပြတင်းပေါက်များကို အားတက်သရော ရိုက်နှက်ကာ လူများကို လိုက်ဖမ်းနေကြလေသည်။


“အား အား...”


ကားတစ်စီး၏ပြတင်းပေါက်သည် ဖုတ်ကောင်တစ်ကောင်ကြောင့် ကွဲသွားခဲ့ပြီး အထဲရှိလူများသည် ဆွဲထုတ်ခံရကာ သူတို့၏ အသားနှင့်သွေးများကို ကိုက်ဖြတ်ခံကြရသောကြောင့် အော်ဟစ်နေခဲ့ကြသည်။


တချို့လူများသည် ဖုတ်ကောင်များထံမှ လည်ပင်းကိုအကိုက်ခံရပြီး သေဆုံးခဲ့ကြရကာ သွေးများသည် နေရာတိုင်းသို့ ပန်းထွက်လာလေ၏။ ပြင်းထန်သည့် သွေးရနံ့သည် နေရာအနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေ၏။ 


ကားများသည် အလွန်များနေပြီး လူများသည်လည်းအလွန်များပြားကာ ပတ်ပတ်လည်သို့ပြေးလွှားအော်ဟစ်နေကြလေ၏။ စုရွေ့ကျယ်အတွက် ချိန်ရွယ်ပြီးပစ်ခတ်ဖို့ ခက်ခဲလွန်းလေသည်။ သူတို့သည် စက်သေနတ်များနှင့် သိမ်းကျုံးပစ်ခတ်ခြင်းကြောင့် အသက်ရှင်ကျန်ရစ်သူများ ထိခိုက်မိမည်ကို စိုးရိမ်နေခဲ့ကြသည်။ သူတို့သည် မတတ်နိုင်ဘဲ အနီးကပ်တိုက်ခိုက်ဖို့ရန် ပြေးထွက်လာခဲ့ကြလေ၏။ 


သို့သော်လည်း မိုးကြိုးစွမ်းအားအဖွဲ့မှ လူများသည် ကားထဲသို့ခုန်၀င်ကာ ကားကိုပြန်လည်နှိုးနေစဉ် ချဉ်းကပ်လာနေသည့်ဖုတ်ကောင်များကို ဆက်လက်ပစ်ခတ်နေကြလေသည်။ သူတို့ ဒီလိုပဲ ထွက်ပြေးဖို့ အသင့်ဖြစ်နေပြီလား။


စွမ်းအားရှင်တွေလို့ ကတိပြုထားတဲ့ အဖွဲ့ကော။ ဘာကြောင့် နှစ်ကြိမ်လောက်ပဲ ပစ်ခတ်ပြီး ထွက်ပြေးသွားတာလဲ။ မင်းတို့ရဲ့ စွမ်းရည်တွေကိုဘာလို့မသုံးကြတာလဲ။


မိုးကြိုးစွမ်းအားရှင်အဖွဲ့ကို စွမ်းအားရှင်အဖွဲ့ဟု ခေါ်သော်လည်း အဖွဲ့ခေါင်းဆောင်နှင့် လက်ထောက်အဖွဲ့ခေါင်းဆောင်တို့ကသာ စွမ်းရည်ရှိကြောင်း မည်သို့သိရှိနိုင်မည်နည်း။ အခြေစိုက်စခန်းဂိတ်တွင် ပစ္စည်းများစုဆောင်းသည့်တာ၀န်များ၌ ဆီနှင့်ရေများ များစွာရှိသော်လည်း ၎င်းသည်အန္တရာယ်လည်း အတိုင်းအတာတစ်ခုအထိ ရှိသောကြောင့် ထိုသို့သော သာမန်တိုက်ခိုက်ရေးသမားများကိုသာ မကြာခဏ စေလွှတ်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့တွင် သေနတ်များရှိကြသည်။ ပြန့်ကျဲနေသော ဖုတ်ကောင်မျကို အလွယ်တကူ ဖြေရှင်း၍ရနိုင်သည်။ အကယ်၍ အခြေအနေမကောင်းခဲ့ဘဲ ကြီးမားသည့် ဖြေရှင်းရမည့်ပြဿနာ ဖြစ်ခဲ့ပါက ထွက်ပြေးကြရုံပင်။


ယခု ဤသာမန်တိုက်ခိုက်ရေးသမားများသည် သူတို့အနေဖြင့် ဖုတ်ကောင်များကို အနိုင်မယူနိုင်ကြဟု ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် စစ်သားများကို ကယ်တင်ပြီး ရှေ့သို့ဆက်သွားလိုက်ကြသည်။ ထို့နောက် သူတို့အားလုံးသည် ဖုတ်ကောင်များကို ရှင်းလင်းရန် အသက်ရှင်ပြန်လာနိုင်လိမ့်မည်။ အသက်ရှင်ကျန်ရစ်များအတွက်ကတော့...သူတို့အတွက်ကကော။


အသက်ရှင်ကျန်ရစ်သူများတွင် ရိုးရိုးရှင်းရှင်း ပစ္စည်းများကို လွှဲပေးခဲ့ကြသူများကို သူတို့၏ကားများပေါ်သို့ တက်ခိုင်းလိုက်သည်။ မည်သည့်ပစ္စည်းကိုမှ ပေးအပ်ခဲ့ခြင်းမရှိသူများသည်လည်း ကားနောက်မှ ဝမ်ချန်းအခြေစိုက်စခန်းသို့ ပြေးလိုက်သွားကြလေသည်။


ထိုအချိန်တွင် စုရွေ့ကျယ်နှင့်သူ့အဖွဲ့သည် စတင်တိုက်ခိုက်နေကြပြီဖြစ်၏။ ကျန့်ယွင်သည် ဆွဲငင်အားကို တိုက်ရိုက်အသုံးပြုလိုက်ပြီး ဖိအားဆယ်ဆဖြင့် ဖုတ်ကောင်တစ်ကောင်ကို မြေပြင်ပေါ်သို့ဖိချလိုက်ကာ ထိုဖုတ်ကောင်များ၏ဦးခေါင်းများကိုပေါက်ကွဲသွားစေရန် ဖိအားများတိုးလိုက်လေသည်။


၎င်းသည် အဆင့်နှစ်စွမ်းအားဖြစ်၏။ ထိုစွမ်းအားသည် အဆင့်တစ်နှင့် တူညီလိမ့်မည်မဟုတ်ချေ။ 


ကျန့်ကျားဟယ်သည်လည်း ကြီးမားသော ခွန်အားရှိလေ၏။ သူသည် ကားသည်လမ်းတွင်ရှိနေသည်ဟုခံစားလိုက်ရပြီး ၎င်းကို သူခြေဖဝါးဖြင့် အဝေးသို့ တိုက်ရိုက်ကန်ထုတ်လိုက်လေသည်။ သူသည် စုရွေ့ကျယ်ပေးထားသည့် အခွံမာသီးဒိုင်းကာကိုဘယ်လက်ဖြင့်ကိုင်ထားပြီး သူ့ညာလက်တွင် သူ့အကြိုက်ဆုံးဂေါက်ကလပ်ကို ကိုင်ဆောင်ထားကာ ဖုတ်ကောင်များ၏ခေါင်းများကို ရိုက်ခွဲခဲ့သည်။


ချန်းချီနှင့်ချန်းကျောင်း တို့သည် ဤနေရာတွင် ပါဝင်ရန် နေရာမရှိသည်ကို မြင်လိုက်ရသဖြင့် သူတို့သည် သေနတ်သံကြောင့် ဆွဲဆောင်ခံလိုက်ရသော ဖုတ်ကောင်များကို တွေ့ဆုံရန် အပြင်သို့ပြေးထွက်သွားကြလေသည်။ လေနှင့်လျှပ်စီးဓာတ်တို့သည် အချိန်အတော်ကြာအောင် ပျံသန်းနေကာ ၎င်းသည် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်များထဲသို့ ဖြတ်ကျော်ကူးပြောင်းသွားခဲ့သလိုပင်။


လူလေးဦး၏ အင်အားဖြင့်သာ အကျပ်အတည်းကို ဖြေရှင်းခဲ့ပြီး ကြီးမားသည့်သေကြေမှုကြီး ဖြစ်ခဲ့လေသည်။


ကွမ်းဟုန်သည် အဖွဲ့၏အင်အားကို အချိန်အတော်ကြာ သိနေခဲ့ပြီး သက်ရောက်မှုမှာအဆင်ပြေသော်လည်း ဒေါက်တာယန်နှင့် သူ့လက်ထောက်နှစ်ယောက်မှာတော့ တုန်လှုပ်သွားခဲ့ကြလေသည်။


ကမ္ဘာကြီး၏အဆုံးသတ်အစောပိုင်းတုန်းက ဒေါက်တာယန်သည် သိပ္ပံသုတေသနစွမ်းရည်ရှိသူတစ်ယောက်အဖြစ် သိပ္ပံအကယ်ဒမီစစ်တပ်မှ ကယ်တင်ခဲ့သည့် ပထမအသုတ်လူများထဲမှဖြစ်ကာ ထိုအချိန်ကစပြီး သူ့ကို အခြေစိုက်စခန်းထဲတွင် တင်းတင်းကြပ်ကြပ် အကာအကွယ်ပေးခဲ့လေသည်။ ၎င်းသည် ပထမဆုံးအကြိမ်အဖြစ် ထိုကဲ့သို့ ကြေကွဲဖွယ်မြင်ကွင်းတစ်ခုကို သူတွေ့လိုက်ခြင်းဖြစ်ကာ သူ့မျက်နှာသည်ပင် ကြောက်ရွံ့မှုနှင့်အတူ ဖြူဖျော့လာခဲ့လေသည်။


ကျန့်ယွင်၏အဖွဲ့သည် အလွန်အစွမ်းထက်မည်ဟု ဒေါက်တာယန် ဘယ်သောအခါမှ စိတ်ကူးမထားခဲ့ပေ။


သူတို့ထဲမှတစ်ယောက်သည် အပင်များကို လက်နက်ထုတ်နိုင်သည့် အထူးစွမ်းရည်တစ်ခုရှိမှန်း သူသိထားခဲ့သော်လည်း သူတို့သုတေသနဌာနမှထုတ်သည့် ကျည်ဆန်အသစ်များသည် မဆိုးသည့်အတွက် အဖွဲ့ကိုအထူးအဆန်းဖြစ်သည်ဟု သူမထင်ထားခဲ့မိချေ။ 


တစ်ဦးတည်းသော အပင်စွမ်းရည်အသုံးပြုသူအား ဤမစ်ရှင်သို့ ခေါ်ဆောင်လာရန် လုံလောက်မည်ဟု သူထင်ခဲ့သည်။ အဖွဲ့တစ်ခုလုံးကို သူ မည်သို့ခေါ်ဆောင်လာနိုင်မည်နည်း။ လမ်းတွင် သူတို့ကို နောက်တစ်ကြိမ် မတွေ့ရတော့သဖြင့် သူတို့အဖွဲ့သည် အသုံးမဝင်ဟု ခံစားလာခဲ့ရသည်။


ယခု သူလုံး၀ ရှော့ရသွားလေပြီ.....


၀မ်ချန်းအခြေစိုက်စခန်းမှ ကယ်ဆယ်ရေးသမားများသည် မြို့ထဲမှ ထွက်လာခဲ့ချိန်တွင် ဖုတ်ကောင်များကို လုံးဝဖြေရှင်းပြီးသားဖြစ်နေခဲ့သည်။


“မင်းတို့က အတော်ထူးခြားတယ်။ မင်းတို့ ဘယ်အခြေစိုက်စခန်းကလဲ။ ငါက မိုးကြိုးစွမ်းအားရှင်အဖွဲ့ရဲ့ခေါင်းဆောင် ၀မ်ရွှီရုန် ”


ခေါင်းဆောင်များသည် ယူနီဖောင်းများနှင့် ကွမ်းဟုန်နှင့်အဖွဲ့ကိုမြင်လိုက်သည်နှင့် မြေဆီလွှာမဲ့ စိုက်ပျိုးနည်းစနစ်များကို လေ့လာရန် အခြားလွတ်မြောက်လာသူများအခြေစိုက်စခန်းမှ လာခြင်းဖြစ်မည်ကို သိလိုက်သည်။ သူတို့သည် ချက်ချင်းဆိုသလိုပင် အပြုံးဖြင့် ပြောဆိုကြလေတော့သည်။


“ကျွန်တော်တို့က တောင်ပိုင်းအခြေစိုက်စခန်းကပါ။ ကျွန်တော်တို့ကို နည်းပညာအသစ်ကိုလေ့လာဖို့ မင်းတို့အခြေစိုက်စခန်းကနေ ဖိတ်ထားတာပါ။ ကျွန်တော်က ဒီတာ၀န်ရဲ့ ခေါင်းဆောင်ကွမ်းဟုန်ပါ။” 


“အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်နေကာကိုး၊ ခင်ဗျားကိုမမှတ်မိလိုက်တဲ့အတွက် တောင်းပန်ပါတယ် ”


၀မ်ရွှီရုန်သည် ပြုံးလျက်ပြောလိုက်၏။


“၀မ်ချန်းအခြေစိုက်စခန်းကနေ ကြိုဆိုပါတယ်ဗျာ ”


ယခုအချိန်တွင် ကျန့်ကျားဟယ်သည် သူတို့ရှေ့မှ ကားများကို ဖယ်ကာ လမ်းရှင်းပေးထားပြီး အသက်ရှင်လွတ်မြောက်လာသူအားလုံးသည် သူတို့၏ကားများဆီသို့ ပြန်လာခဲ့ကြကာ ၀မ်ရွှီရုန်၏ယာဉ်တန်းနောက်မှ လိုက်သွားကြလေ၏။ သူတို့သည် ယင်းထျန်းမန် တံတားကိုဖြတ်ကာ ၀မ်ချန်းအခြေစိုက်စခန်း ဂိတ်ပေါက်သို့ ရောက်ရှိလာခဲ့ကြသည်။


သို့သော်လည်း သူတို့သည် မြို့ထဲသို့ဝင်ရန် လုပ်ထုံးလုပ်နည်း စည်းကမ်းများအတိုင်းသွားနေစဉ် ၀မ်ရွှီရုန်သည် ရုတ်တရက်ပြောလာခဲ့လေ၏။ 


“မြို့ထဲကို၀င်ဖို့အတွက် ကျွန်တော်တို့အခြေစိုက်စခန်းကို ၀င်ကြေးပေးဆောင်ရတဲ့အကြောင်း ခင်ဗျားတို့ သိမယ်ထင်တယ်”


“ကျွန်တော်တို့က လေ့လာဖို့လာရုံလေးတင်ပါ။ ကျွန်တော်တို့ကော ပေးဆောင်ဖို့လိုတာလား ”


ကွမ်းဟုန် အနည်းငယ် မျက်မှောင်ကြုတ်မိသွားလေ၏။ ဤနေရာသို့ လာခဲ့ကြသည့် သူတို့သည်လူများ၏။ အကယ်၍ လူတစ်ဦးအတွက် အသီးအနှံ သုံးကတ်တီပေးရလျှင် သူတို့အားလုံးကို လုံး၀ထုတ်နိုင်တော့မည် မဟုတ်ပေ။


“တစ်ယောက်အတွက် အသီးအနှံ တစ်ဂျင်းပဲထားပါ။ နောက်ဆုံးတော့ ကျွန်တော်တို့က ဧည့်သည်တွေပဲလေ။ ”


ကွမ်းဟုန်သည် ၀မ်ချန်းအခြေစိုက်စခန်းနှင့် ရန်မဖြစ်လိုခဲ့ချေ။ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါက တာ၀န်အပေါ် သက်ရောက်သွားလိမ့်မည်ဖြစ်သည်။ သူတို့အများစုမှာ ၀မ်ချန်းအခြေစိုက်စခန်းသို့ လာပြီး အချိန်တစ်ခုကြာ လေ့လာနေထိုင်ကြရမည်ဖြစ်သည့် အကြောင်းကို ထည့်တွေးပြီး အခြေစိုက်စခန်း၏ အကြီးတန်းစီမံခန့်ခွဲရေးသည်လည်း သူတို့အတွက် ပစ္စည်းများပြင်ပေးထားခဲ့လေသည်။ အကယ်၍ သူတို့ ၎င်းတို့ကိုထုတ်လိုက်ပါက မြို့ဝင်ကြေး ပေးနိုင်သည်။ 


နောက်ဆက်တွဲကုန်ကျစရိတ်များ ထပ်တိုးလာဦးမည်ကို သူမသိခဲ့‌ချေ။ အဆုံးမှာတော့ သူတို့သည် လူများစွာအတွက် နေရာထိုင်ခင်းပြဿနာများကို ဖြေရှင်းနေရဆဲဖြစ်လေသည်။


ကွမ်းဟုန်၏ အကျပ်အတည်းကိုမြင်သောအခါ ကျန့်ယွသည် ရုတ်တရက်မေးလိုက်၏။ 


“အစားအသောက်အပြင် မင်းတို့ဘာယူသေးလဲ ” 


“အလုပ်ဖြစ်နေသ၍ အားလုံးရတယ်”


၀မ်ရွှီရုန်သည် ပြုံးလျက်ပင် ဆက်ပြောလာလေ၏။ 


ကျန့်ယွင် တွေးပြီး မေးလိုက်၏။ 


“မင်းတို့ရေကော စုဆောင်းလား ”


“ရေလား ”


၀မ်ရွှီရုန်သည် သူ့မျက်ခုံးကို အသာပင့်၍ “သာမာန်သောက်ရေဆို မလိုပါဘူး။ ငါတို့အခြေစိုက်စခန်းမှာ ရေစွမ်းအားရှင်တွေ အများကြီးရှိတယ်။ ဒါပေမယ့် ဝိုင်နဲ့ အချို‌ရည်တွေဆိုရင်အဆင်ပြေတယ် ”


ကျန့်ယွင် ခေါင်းအသာ ညိတ်လိုက်၏။


“အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဆိုရင်ကော ”


သူတို့သည် မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းစနစ်များကို ကျွမ်းကျင်ခဲ့ကြသော်လည်း ၎င်းတို့သည် လျင်မြန်စွာ ကြီးထွားလာနိုင်ကြမည်မဟုတ်ပေ။ ဟုတ်တယ်မလား။ 


၀မ်ရွှီရုန်သည် ထိုအကြောင်းကြားလိုက်သောအခါ သူ့မျက်လုံးများ တောက်ပလာလေ၏။ 


“ရတာပေါ့ ”


အသေအချာပင် ကျန့်ယွင်တွေးထားခဲ့သလိုပင် ၀မ်ချန်းအခြေစိုက်စခန်းတွင် မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို တီထွင်ထားခဲ့သော်လည်း ပျိုးပင်များ စိုက်ပျိုးသည့်အဆင့်တွင် ရှိနေဆဲဖြစ်လေသည်။ ထို့အပြင် ၎င်းတို့ကို အမှန်တကယ်ရိတ်သိမ်းနိုင်ဖို့ နှစ်လမှ သုံးလကြာလိမ့်မည်ဖြစ်သည်။ အခြေစိုက်စခန်းတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အချို့ကို ထုတ်လုပ်နိုင်သည့် သစ်သားစွမ်းအားရှင်များရှိသော်လည်း အဆုံးမှာတော့ အရေအတွက်သည် အကန့်အသတ်နှင့်ဖြစ်လေ၏။ အခြေစိုက်စခန်းတွင် လူဦးရေအလွန်များပြားပြီး လူအများစားသုံးရန် ထုတ်ကုန်နည်းပါးလွန်းလေသည်။


“စွမ်းအားရှင်တွေအတွက်ဆို ပေးဆောင်စရာမလိုဘူးဆို ”


“ဟုတ်တယ် ”


ကျန့်ယွင်သည် ကွမ်းဟုန်ကို မျက်စိမှိတ်ပြလိုက်ပြီးအဖွဲ့ထဲရှိ သစ်သားစွမ်းအားရှင်နှစ်ယောက်ကို ချက်ချင်းပြောလိုက်၏။ 


“လောင်ယွမ်၊ ရှောင်ကျန်း ကျေးဇူးပြုပြီး ”


“ပြသနာမရှိပါဘူး၊ ပြသနာမရှိပါဘူး ”


လောင်ယွမ်နှင့် ရှောင်ကျန်းတို့သည် တစ်ဖက်သို့သွားကာ စုဆောင်းထားသောမျိုးစေ့များစွာကို ထုတ်ယူပြီးနောက် ၎င်းတို့ကိုမြေထဲတွင်မြှုပ်ထားလိုက်ကာ ၎င်းတို့အပေါ် ရေအနည်းငယ်လောင်းပြီနောက် ၎င်းတို့ကြီးထွားလာရန် သူတို့၏စွမ်းရည်ကို အသုံးပြုခဲ့ကြသည်။


သစ်သားစွမ်းရည်ကို အဆက်မပြတ်အသုံးပြုခြင်းဖြင့် လောင်ယွမ်သည် ဖရဲသီးကြီးများစွာကို စိုက်ပျိုးခဲ့ပြီး ရှောင်ကျန်းသည် ခရမ်းချဉ်သီးအသေးများကို စိုက်ပျိုးခဲ့လေသည်။ ယခုအခါတွင် ချိုမြပြီး ရေဓာတ်ပြည့်၀‌သောအသီးအနှံများစွာကို စွမအားရှင်များမှ ထုတ်ပေးခဲ့သည်ကို လူတိုင်းသိကြ၏။ အဆိုပါအသီးအနှံနှစ်မျိုးသည် လက်ရှိနေရာတွင် ချက်ချင်းထုတ်လုပ်ခဲ့သည်မှာ ၀မ်ရွှီရုန်သူ့မျက်လုံးများကိုပင် မရွှေ့နိုင်ဖြစ်စေခဲ့သည်။ 


“လုံလောက်ပြီလား ”


လောင်ယွမ်စိုက်ပျိုးခဲ့သော ဖရဲသီးများသည် 5 ကျင်းမှ 10 ကျင်း လောက်အထိသာရှိပြီး ရှောင်ကျန်း၏ခရမ်းချဉ်သီးသည် အများကြီးထပ်မရှိသော်လည်း ၎င်းတို့သည် ရှားပါးသောကြောင့် ပိုကောင်းပါသည်။ အစား အသောက်များစွာ တန်ကြေးရှိလေ၏။ စွမ်းအားရှင်များသည် ပစ္စည်းများအတွက်ပေးဆောင်ရန်မလိုအပ်သောကြောင့် ၎င်းသည် လုံလောက်ပြီဖြစ်သည်။ 


“ခင်ဗျားတို့မှာ စွမ်းအားရှင်အများကြီးရှိတယ်လား”


၀မ်ရွှီရုန်သည် ကွမ်းဟုန်ထံမှ ကိန်းဂဏန်းများကိုကြားသောအခါ နောက်တစ်ကြိမ် သူ့မျက်ခုံးများ မပင့်မိဘဲ မတတ်နိုင်ချေ။ 


“ခင်‌ဗျားလာနောက်နေတာလား။ ခင်ဗျားတို့ စာရင်းသွင်းတဲ့အခါ စွမ်းရည်ကို သက်သေပြဖို့လိုတယ်”


သူ့အထင်အရ ကွမ်းဟုန်၏အဖွဲ့ထဲတွင် လူ 100 ထက်နည်းသည်။ စွမ်းအားရှင် 20 ကျော် ရှိနိုင်ပါ့မလား။


“ကျွန်တော် မနောက်ပါဘူး၊ သေချာတာပေါ့။ နောက်စာရင်းသွင်းတဲ့အခါ ခင်ဗျားသိမှာပါ ”


ပစ္စည်းများ ပေးဆောင်သူများသည် မှတ်ပုံတင်ရုံးတွင် ရိုးရိုးစာရင်းသွင်းပြီးပါက အခြေစိုက်စခန်းသို့ တိုက်ရိုက်ဝင်ရောက်နိုင်ပြီး ကျန်သူများသည် မှတ်ပုံတင်ရုံးဘေးရှိ အခန်းငယ်သို့ သွားရောက်စစ်ဆေးရမည်ဖြစ်သည်။


အမှန်ကို ကွမ်းဟုန် နောက်ပြောင် နေခဲ့ခြင်းမဟုတ်ချေ။ သူ့အဖွဲ့ထဲတွင် စွမ်းအားရှင် အများအပြားရှိနေပြီဖြစ်သည့်အပြင် ကျန့်ယွင်နှင့်သူ့အဖွဲ့တစ်ဖွဲ့လုံးသည် စွမ်းအားရှင်များဖြစ်ကြပြီး စုစုပေါင်းသည် 20 ကျော်ရှိ၏။ 


စာရင်းမှတ်သူသည် တစ်ယောက်လျှင် ရင်ဘတ်တွင်ချိတ်ဖို့ရန် အနီရောင်တံဆိပ်၀ိုင်းတစ်ခုစီ ပေးခဲ့၏။ ထိုတံဆိပ်ကို ဝတ်ထားသရွေ့ သူတို့သည် အဆင်ပြေမှုများစွာကို ခံစားရနိုင်ပါသည်။ 


သို့သော် သူတို့၏ကားများကို အထဲသို့မောင်း၀င်ရန်ခွင့်မပြုခဲ့ချေ။ သူတို့သည် သူတို့ကများကို အခြေစိုက်စခန်းအပြင်ဘက် ကားရပ်နားသည့်နေရတွင်သာ ရပ်ထားခဲ့ရပြီးနောက် သူတို့၏ကျောပိုးအိတ်များကို ၀မ်ချန်းအခြေစိုက်စခန်းထဲသို့ သယ်ဆောင်သွားနိုင်လေသည်။


၀မ်ချန်းအခြေစိုက်စခန်းသည် ပိုမိုကြီးမားပုံရပြီး တောင်ပိုင်းအခြေစိုက်စခန်းထက် လူများပိုများသည်။ သို့သော်လည်း နေရောင်ခြည်စွမ်းအင်သုံး မီးစက်များမရှိချေ။ နေရာအများအပြားတွင် ဖယောင်းတိုင်များ၊ ဓာတ်မီးများဖြင့် မီးထွန်းနေရဆဲဖြစ်သည်။


သူတို့ လမ်းလျှောက်၀င်လာပြီး မကြာခင်မှာပင်တစ်စုံတစ်ယောက်မှ သူတို့အားလမ်းညွှန်ခိုင်းချင်သလားဆိုသည်ကိုမေးရန် ညစ်ပတ်‌ပေရေနေသည့်လူအများအပြား စုရုံးလာလေ၏။ တစ်ချို့သည် အမျိုးသားများ၊ တစ်ချို့သည် အမျိုးသမီးများ တစ်ချို့သည် အသက်ကြီးသူများနှင့် တစ်ချို့သည် ငယ်ရွယ်သူများဖြစ်ကြသည်။ သူတို့၏မျက်လုံးများသည် ကျောပိုးအိတ်များကို စိုက်ကြည့်နေကြလေသည်။ 


“ဆရာ၊ ကျွန်တော် ဒီနေရာက နေရာတိုင်းကို သိပါတယ်။ ဘီစကစ်တစ်ထုပ်ပါပဲ ”


အရပ်တိုတိုလူတစ်ယောက်သည် အော်ပြောလာလေ၏။ 


“ဆရာ၊ ကျွန်မလည်း ‌ဒီနေရာက နေရာတိုင်းကိုရင်းနှီးပါတယ်။ ဘီစကစ်ထုပ်တစ်၀က်ဆိုလုံလောက်ပါတယ် ”


ပိန်ပါးပါးအမျိုးသမီးတစ်ယောက်သည် ရောက်လာလေ၏။ 


“ဆရာ၊ ဘီစကစ်လေးတစ်ခုပဲလိုပါတယ်...တစ်ကိုက်ထဲပါ ”


ကလေးတစ်ယောက်သည် ညစ်ပတ်ပေရေနေသည့် မျက်နှာလေးနှင့်ကြည့်ကာ ပြောလာလေ၏။ 


၀မ်ချန်းအခြေစိုက်စခန်းသည် တောင်ပိုင်းအခြေစိုက်စခန်းကဲ့သို့ ဖွဲ့စည်းထားခြင်းမရှိသည့်အပြင် သူတို့ကို လမ်းညွှန်ရန် မည်သူမှတာဝန် ပေးထားခြင်းမရှိသောကြောင့် လူသစ်များကို အထူးလမ်းညွန်ရန် ဤလူများရှိနေကြခြင်းဖြစ်သည်။


လူသစ်များသည် တတ်နိုင်သမျှ အခြေချနေထိုင်ရန် နေရာရှာရန် လိုအပ်သည်။ လမ်းပြများနောက်ကို လိုက်သွကြခြင်းဖြင့် အခက်အခဲများစွာကို သက်သာစေနိုင်ပြီး အခကြေးငွေလည်း ချိုသာသောကြောင့် လုပ်ငန်းအဆင်ပြေသည်။


စုရွေ့ကျယ်သည် ကလေးများအပေါ်ဆို အနူးညံ့ဆုံးဖြစ်သည်။ ညစ်ပတ်ပေရေနေသောကလေးမလေးအား လူအုပ်က ဝိုင်းတွန်းသည်ကိုမြင်လိုက်သည်နှင့် သူ့သနားညှာတာမှုတိုးလာခဲ့ကာ “ဒါဆို မင်းတစ်ယောက်ပဲ ”





ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်။ 


မိဘမရှိကြတော့တဲ့ ကလေးပေါက်စလေးတွေသာဆို ဘယ်လိုရှင်သန်ကြမလဲနော်။ သုန်သုန်က ရှောင်ကျယ်တို့နဲ့ဆုံခဲ့လို့ လုံခြုံရေး၊ အစားအသောက်အတွက်စိတ်မပူရ။ စွမ်းအားပါရခဲ့သေးတယ်။ ၀မ်ချန်းအခြေစိုက်စခန်းက ကလေးမျိုးတွေလည်း အများကြီးရှိနေမှာပဲ။ တောင်းစားလို့ရသ၍တော့ သူအသက်ရှင်နိင်ပေမယ့် လူကြီးတွေနဲ့ယှဉ်ရင် သူရှုံးတဲ့အခါ ငတ်ဖို့ကများတယ်။ ဖတ်ရင်း သနားနေရကော။ 


ဒို့နိုင်ငံက စစ်ဘေးရှောင် လူမမယ်ကလေးတွေလည်း အဆင်ပြေပါစေ။ ကရုဏာတရားရှိသူနဲ့သာ ဆုံကြရပါစေ။