အခန်း(၇၁)
Viewers 12k


အခန်း(၇၁)《 အန်းဟွေ့မြို့ထဲရှိ မငြိမ်သက်မှုများ 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク



ကလေးမလေးသည် ငယ်ရွယ်သော်လည်း ၀မ်ချန်းအခြေစိုက်စခန်းနှင့် အလွန်ရင်းနှီးကျွမ်း၀င်သူဖြစ်လေ၏။ သူတို့သည် သူမအား နေထိုင်စရာနေရာရှာချင်သည်ဟု ပြောလိုက်သောကြောင့် သူမသည် သူတို့အား ဟိုတယ်တစ်ခုဆီသို့ ချက်ချင်းခေါ်သွားလေသည်။ ဤဟိုတယ်သည် ကမ္ဘာ့အဆုံးသတ်ချိန်မတိုင်ခင်က လူနေအဆောက်အအုံတစ်ခုဖြစ်ခဲ့ပြီး ပုဂ္ဂလိကပိုင်အဖြစ် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အခြေအနေများသည် အလွန်ကောင်းမွန်နေခြင်းမဟုတ်သော်လည်း သူတို့နေထိုင်နိုင်ကြသေးသည်။ ပစ္စည်းများပေးချေနေသရွေ့ ထိုနေရာတွင် နေထိုင်နိုင်လေသည်။ 


သူတို့သည် လူဦးရေ 100 ထက်နည်းပြီး အခန်း 20 ကျော်ကို တောင်းဆိုခဲ့ကြသည်။ တည်းခိုခန်းပိုင်ရှင်သည် ကျန့်ယွင်၏စွမ်းအားရှင် အဆောင်အယောင်ကိုမြင်ပြီးနောက် လျှော့စျေးပေးရန် အဆိုပြုခဲ့သည်။ သို့သော်လည်း သူတို့သည် တစ်ပတ်စာလျှင် အစားအစာ 80ကျင်းကျော်ကို ပေးဆောင်ရန် လိုအပ်နေဆဲပင်ဖြစ်သည်။ ယခင်ကအတိုင်းပင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို နေရာထိုင်ခင်းအတွက် ပေးချေရန် အသုံးပြုခဲ့ကြပြီး နောက်ဆုံးတွင် အဖွဲ့သည် ၀မ်ချန်းတွင်အခြေချနေထိုင်ခဲ့ကြသည်။


သဘောတူညီချက်အတိုင်း ကလေးမလေးအား ဘီစကွတ်ထုပ် တစ်ဝက်ပေးသင့်သော်လည်း စုရွေ့ကျယ်သည် ကြင်နာစွာဖြင့် သူမကို တစ်ထုပ်လုံး ပေးလိုက်လေသည်။ ကလေးမလေးသည် ဘီစကစ်ကို သူမ၏လက်များကြားထဲတွင် ဂရုတစိုက်ဖုံးကွယ်ထားလေ၏။ သူမလေးသည် ချိုမြိန်စွာ ကျေးဇူးတင်စကားဆိုပြီးနောက် ဆန်ခိုးသွားသော ကြွက်ကလေးတစ်ကောင်ကဲ့သို့ ထွက်ပြေးသွားခဲ့လေသည်။ 


နောက်တစ်ဆင့်သည် မြေဆီလွှာမဲ့စိုက်ပျိုးရေးနည်းပညာကို လေ့လာဆွေးနွေးဖို့ရန် ၀မ်ချန်းအခြေစိုက်စခန်းတာဝန်ခံကို ရှာတွေ့ဖို့ရန်ဖြစ်သည်။ သို့သော်လည်း နေရာနှင့် ရင်းနှီးကျွမ်း၀င်ခြင်းမရှိကြသောအခါ လူရှာရန် သူတို့အတွက် ခက်ခဲလေသည်။ ကွမ်းဟုန်သည် ၀မ်ချန်းမြို့စောင့်တပ်ကိုရှာရန် လူတော်တော်များများကို ခေါ်ဆောင်သွားခဲ့လေသည်။ 


ချန်းချီသည် ဘာမှလုပ်စရာမရှိသဖြင့် စုရွေ့ကျယ်ဆီမှ အနီရောင်ရွှမ်းရှီးဗူးတစ်ဗူးကို ယူလိုက်ပြီး သူဌေးနှင့်စကားပြောရန် အောက်ထပ်သို့ဆင်းသွားလေသည်။ ၀မ်ချန်းအခြေစိုက်စခန်းတွင် ဤကဲ့သို့အဆောက်အဦးတစ်ခုကို သီးသန့်ပိုင်ဆိုင်နိုင်သည့် ဟိုတယ်ပိုင်ရှင်သာဖြစ်မည်ဆိုလျှင် သူ့တွင် အဆက်အသွယ်အချို့ရှိရမည်ဖြစ်သည်။ သူ့ထံမှ ၀မ်ချန်းအခြေစိုက်စခန်း၏ အခြေအနေကို ပိုမိုမြန်ဆန်စွာ နားလည်သဘောပေါက်နိုင်ရမည်ဖြစ်သည်။


အသေအချာပင် ချန်းချီကိုင်ထားသော စီးကရက်ဗူးကိုမြင်လိုက်သောအခါ တည်းခိုခန်းပိုင်ရှင်၏ မျက်လုံးများ တောက်ပသွားလေသည်။ ဝါးပြွန်ထဲမှ ပဲစေ့များကို လောင်းချလိုက်သကဲ့သို့ ၀မ်ချန်းအခြေစိုက်စခန်း၏ အခြေအနေအကြောင်းများကို ချန်းချီအားပြောပြလေ၏။ 


၀မ်ချန်းအခြေစိုက်စခန်းကို အင်အားစုအများအပြားက ပူးပေါင်းချုပ်ကိုင်ထားပြီး သြဇာအရှိဆုံးမှာ ၀မ်မိသားစုဖြစ်လေ၏။ ၀မ်မိသားစုသည် ၀မ်ချန်းတွင် ကျော်ကြားပြီး ချမ်းသာသော စီးပွားရေးမိသားစုတစ်ခုဖြစ်လေ၏။ သူတို့သည် ကုန်တိုက်များစွာကိုဖွင့်လှစ်ထားခဲ့ပြီး ပစ္စည်းဂိုဒေါင်နှစ်ခုစာထက်ပိုသည့် အင်အားရှိလေ၏။ ကမ္ဘာပျက်ကပ်ထဲတွင်တော့ သူတို့သည် အလွန်ချမ်းသာလာခဲ့ကြသည်။ ထို့အပြင် ၀မ်မိသားစု၏ တစ်ဦးတည်းသောသားသည် မိုးကြိုးစွမ်းအား နိုးထလာခဲ့သဖြင့် သူတို့သည် မိုးကြိုးစွမ်းအားရှင်အဖွဲ့ကို တည်ထောင်ခဲ့ပြီး အခြေခံအားဖြင့် အခြေစိုက်စခန်းတွင် အလျားလိုက် သွားလာနိုင်ကြလေသည်။


ဒုတိယနေရာမှာတော့ ဟုန်မိသားစုဖြစ်လေ၏။ ကမ္ဘာအဆုံးသတ်မတိုင်ခင်က ဟုန်မိသားစုသည် လူဆိုးဂိုဏ်းမိသားစုတစ်ခုဖြစ်ပြီး မြေအောက်အင်အားစု အများအပြားရှိခဲ့လေသည်။ အခုအချိန်မှာတော့ ကမ္ဘာကြီး၏အဆုံးသတ်ရောက်ရှိလာခဲ့ပြီး ဆန့်ကျင်ဘက်တွင် သူတို့သည် ပေါ်ပေါ်ထင်ထင်ဖြစ်လာခဲ့ကြကာ ဟုန်မိသားစုထဲတွင် စွမ်းအားရှင်အများအပြားရှိလာခဲ့လေသည်။ 


တတိယနေရာသည် လုမိသားစုဖြစ်၏။ လု မိသားစု၏ မျိုးဆက်ဟောင်းမှာ စစ်တပ်မှဖြစ်ပြီး နောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် အလွန်ရိုးဖြောင့်ကြပြီး လုမိသားစု၏တစ်ဖက်တွင် စစ်မှုထမ်းဟောင်းများစွာလည်း ရှိခဲ့လေသည်။


သို့သော်လည်း စတုထ္ထမြောက်အင်အား နယ်မြေခံ မြို့စောင့်တပ်သည် ကမ္ဘာပျက်ကပ်အစောပိုင်းတွင် များစွာဆုံးရှုံးခဲ့ကြသောကြောင့် အသေးငယ်ဆုံးအုပ်စုဖြစ်လာခဲ့လေသည်။ မည်သို့သော အန္တရာယ်များသည့် အခြေအနေမျိုးတွင်မဆို ၀မ်မိသားစုနှင့် ဟုန်မိသားစုတို့သည် မြို့စောင့်တပ်ကို အမြဲအလျင်စလို ရှေ့မှလွှတ်ထားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် လုမိသားစုသည် သူတို့အား အမြဲကူညီခဲ့လေ၏။ မဟုတ်ပါက ယခုအချိန် ၀မ်ချန်းအခြေစိုက်စခန်းတွင် မြို့စောင့်တပ် ရှိမရှိဆိုသည်ကို ပြောဖို့ရန်ခက်ပေလိမ့်မည်။


တပ်ဖွဲ့လေးခုသည် ၀မ်ချန်းအခြေစိုက်စခန်းကို ပူးပေါင်းစီမံခန့်ခွဲကြသည့်အတွက် အခြေစိုက်စခန်း၏စနစ်သည် ပို၍ရှုပ်ထွေးနေခဲ့လေ၏။ သို့သော်လည်း ၀မ်မိသားစုနှင့် ဟုန်မိသားစုတို့သည် ထိုအကြောင်းကြောင့် ပေါ်လွင်ထင်ရှားလာခဲ့ကြခြင်းမဟုတ်ဘဲ သူတို့သည်အရူးများမဟုတ်ကြချေ။ သူတို့တွင် တောင်ပေါ်တွင်ထိုင်နေကြသော အမှန်တရားကိုသိကြပြီး ထိုအကြောင်းနှင့်ပတ်သတ်၍ ဘာမှလုပ်နိုင်သည့်အရာမရှိချေ။ ထို့ကြောင့်ပင် သူတို့သည် သိပ္ပံနည်းကျ သုတေသနလုပ်ငန်းများကို အလွန်ပံ့ပိုးပေးခဲ့ကြလေသည်။ ၀မ်ချန်းသည် စိုက်ပျိုးရေးမြို့တစ်မြို့လည်းဖြစ်လေသည်။


ကမ္ဘာမပျက်မီ မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာဖြင့် အထူးပြုလေ့လာခဲ့သည့် စိုက်ပျိုးရေးဓာတ်ခွဲခန်းတစ်ခုရှိခဲ့လေပြီး ၎င်းသည် အောင်မြင်မှုရရှိခဲ့ပြီးဖြစ်သည်။ ကမ္ဘာပျက်ကပ်ကြီးပေါက်ကွဲလာခဲ့ပြီးနောက် စမ်းသပ်လေ့လာသူများသေဆုံးခြင်းဖြစ်စေခဲ့ပြီး ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသော်လည်း လက်တွေ့စမ်းသပ်မှုအချက်အလက်များမှာ ရှိနေဆဲဖြစ်လေသည်။


တပ်ဖွဲ့လေးခုသည် ဓာတ်ခွဲခန်းကို ပြန်လည်တည်ဆောက်ကာ ဇီဝဗေဒနှင့်သိပ္ပံသုတေသနဆိုင်ရာ အရည်အချင်းရှိသူများကို စုဆောင်းခဲ့ကြပြီး မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို ပြန်လည်အကောင်ထည်ဖော်ကြလေသည်။ တကယ်တမ်းတွင် ၎င်းသည် အသစ်တီထွင်ထားသော နည်းပညာတစ်ခုမဟုတ်ခဲ့ချေ။ ၀မ်ချန်း အခြေစိုက်စခန်းသည် ကံကောင်းခဲ့ပြီး ကြီးမားသောအကျိုးကျေးဇူးများစွာရရှိခဲ့သည် ဟုသာပြောနိုင်လေသည်။ 


တည်းခိုခန်းပိုင်ရှင်သည် သူတို့နှင့်အတူပါလာသော စစ်သားများအားလုံးသည် စစ်ယူနီဖောင်းများ ၀တ်ထားကြသည်ကို မြင်တွေ့ခဲ့သည်။ သူတို့သည် မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို လေ့လာရန် ၀မ်ချန်းအခြေစိုက်စခန်းသို့ ရောက်လာကြခြင်းဖြစ်သည်ကို သူသိလေသည်။ မကြာသေးမီက လူများစွာသည် အခြားအခြေစိုက်စခန်းများမှ ရောက်လာခဲ့ကြလေ၏။ ဤနည်းပညာကို လေ့လာရန်အတွက် လူအများအပြားသည် ရှုကျိုးနှင့် မြောက်ပိုင်းမှ ရောက်လာခဲ့ကြလေသည်။


“ဒါပေမယ့် မင်းတို့ ဘာမှမရှိဘဲလေ့လာချင်ရင် မင်းတို့လုပ်နိုင်မှာမဟုတ်ဘူး။ ၀မ်မိသားစုနဲ့ ဟုန်မိသားစုက မင်းတို့ရဲ့အရေပြားတွေကို အလွှာလိုက်ခွာပစ်လိမ့်မယ်”


တည်းခိုခန်းပိုင်ရှင်သည် ပြောပြီး ခေါင်းယမ်းပြပြီး ဆေးလိပ်သောက်နေလေသည်။


တည်းခိုခန်းပိုင်ရှင်၏စကားကို နားထောင်ပြီးနောက် ချန်းချီသည် ဝမ်ချန်းအခြေစိုက်စခန်းတွင် အင်အားကြီးလေးခုရှိကြောင်း နားလည်လာခဲ့သည်။ သို့သော်လည်း အမှန်တကယ်တွင် ၎င်းသည် သုံးပွင့်ဆိုင်ထိပ်တိုက်ရင်ဆိုင်မှု၏ အခြေအနေဖြစ်လေသည်။ လုမိသားစု၏အကူအညီကြောင့်သာမဟုတ်ပါက နယ်မြေခံ မြို့စောင့်တပ်သည် ရည်မှန်းချက်ကြီးသော ၀မ် မိသားစုနှင့် ဟုန် မိသားစုတို့၏ ဝါးမျိုမှုကိုခံလိုက်ရပြီးဖြစ်ပေလိမ့်မည်။ မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို ပြန်လည်ရယူပြီးနောက် သူတို့သည် ချက်ချင်းပင် နိုင်ငံတစ်ဝှမ်းရှိ အသက်ရှင်ကျန်ရစ်သူများအခြေစိုက်စခန်းများသို့ ဖိတ်စာတစ်စောင် ပေးပို့ခဲ့လေသည်။ တကယ်တမ်းမှာ သူတို့သည် အကျိုးအမြတ်ရဖို့ အခွင့်အရေးကို လိုချင်ခဲ့ကြသည်!


ချန်းချီသည် တည်းခိုခန်းပိုင်ရှင်နှင့် နောက်ခဏလောက် စကားစမြည်ပြောပြီးနောက် ကွမ်းဟုန်သည် ညိုးငယ်နေသောမျက်နှာနှင့် ပြန်လာသည်ကို မြင်လိုက်ရလေသည်။ မမေးဘဲနှင့်တောင် ချန်းချီသည် ကိစ္စများအခြေအနေကောင်းမွန်ခြင်းမရှိကြောင်း သိလိုက်လေသည်။  


အသေအချာပင်၊ ကွမ်းဟုန်ပြန်ရောက်လာခဲ့ပြီးနောက် သူသည် အားလုံးကိုစုရုံးပြီး သတင်းကောင်းနှင့် သတင်းဆိုးကို ပြောပြခဲ့လေသည်။ သတင်းကောင်းသည် ဝမ်ချန်းအခြေစိုက်စခန်း၏ မြို့စောင့်တပ်နှင့် အဆက်အသွယ်ရခဲ့ပြီး တစ်ဖက်မှ မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို လေ့လာနိုင်ကြောင်း အတည်ပြုခဲ့သည်။


သို့သော် ထို့နောက်တွင် သတင်းဆိုးရောက်လာခဲ့လေသည်။ မြို့စောင့်တပ်ပြောသည်မှာ ဓာတ်ခွဲခန်းသည် ယခုအချိန်တွင် ၀မ် မိသားစုနဲ့ ဟုန် မိသားစု၏ထိန်းချုပ်မှုအောက်တွင် ရှိနေလေသည်။ စျေးတချို့ပေးဆောင်ခြင်းမရှိဘဲ မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို သင်ယူဖို့ရန် မဖြစ်နိုင်ချေ။


ကုန်ကျစရိတ်ဟုခေါ်သည့် အရာမှာ ကမ္ဘာပျက်ကပ်တွင် အလွန်ရှားပါးသည့် အစားအသောက်၊ လက်နက်များ၊ ဆေးဝါးများ၊ ဓာတ်ဆီ နှင့် တခြားပစ္စည်းများဖြစ်လေသည်။ 


၀မ်ချန်းအခြေစိုက်စခန်း၏ ဖိတ်ခေါ်ချက်တွင် မည်သည့်ပစ္စည်းများကိုမျှ ဖော်ပြထားခြင်းမရှိေချ။ သို့သော်လည်း တောင်ပိုင်းအခြေစိုက်စခန်း၏ အထက်အရာရှိများသည် ဘာမှမရှိဘဲ အခြားသူများထံမှ ဘာမှသင်ယူနိုင်ခြင်းမရှိဟု ယူဆထားခဲ့ပြီး သူတို့တီထွင်ထားခဲ့သော ကျည်ဆန်အသစ်နှင့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည် သတင်းများကို မျှဝေရန် စီစဉ်ထားခဲ့ကာ ဤတခေါက်တွင် ပစ္စည်းများ အများကြီးကို ယူမလာခဲ့ကြချေ။


ဒါပေမယ့် သူတို့တွေ ဒီလိုအကြံအစည်တစ်ခု ဖြစ်ဖို့ မမျှော်လင့်ခဲ့ချေ....


နည်းပညာကို အချည်းနှီးသင်ယူဖို့ မစီစဉ်ထားခဲ့ကြသော်လည်း တက်ကြွသည့်ဖလှယ်မှု၏ ခံစားချက်သည် အတင်းအကြပ် ပေးဆောင်စေခြင်းနှင့် လုံးဝမတူချေ။ ကွမ်းဟုန်သည် ထိုလူများကို ကျည်ဆံအသစ်များနှင့် သစ်သီးဟင်းရွက်ဖျော်ရည်များအကြောင်း ပြောပြဖို့ရန် ချီတုံချတုံ တုန့်ဆိုင်းနေခဲ့သည်။


ထို ဖုတ်ကောင်များကိုအထူးပျက်စီးစေနိုင်သည့် ကျည်ဆန်အသစ်များ နှင့် နိုးထနိုင်ခြေကို မြှင့်တင်ပေးနိုင်သည့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်များကို ရရှိသောအခါတွင် ထိုလူများသည် ပိုပို၍ မရိုးမသား ဖြစ်လာကြလိမ့်မည်ဟု ယူဆနိုင်လေသည်။


“ဒါဆို အဲ့ဒါကို ရိက္ခာတွေနဲ့ အစားထိုးလိုက်”


ကျန့်ယွင်သည် ရုတ်တရက် ပြောလိုက်၏။


 “ကျည်ဆန်အသစ် နဲ့ သစ်သီး ဟင်းရွက်ဖျော်ရည် အကြောင်း သူတို့ကို မပြောနဲ့။ ဒီက နယ်မြေခံမြို့စောင့်တပ်ကိုပဲ ပြောလိုက်ပါ ”


ကျည်ဆန်အသစ်များ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ၏အကူအညီဖြင့် ဒေသခံမြို့စောင့်တပ်များသည် ၎င်း၏ကိုယ်ပိုင်အာဏာကို တဖြည်းဖြည်း စုစည်းလာနိုင်မည်ဖြစ်သည်။


“ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ရိက္ခာ အလုံအလောက်မရှိဘူး..."


“ဒါဆို ကျွန်တော်တို့ အပြင်ထွက်ပြီး စုဆောင်းမယ်။ ပြီးရင် ကျွန်တော်တို့ အဲ့ဒါကို ဂရုစိုက်လိုက်မယ်”


“ကောင်းပြီ၊ ကျေးဇူးတင်ပါတယ်” ကွမ်းဟုန် ပြောလိုက်၏။


မိုးမသောက်ခင် တစ်နာရီကျော်ကျော်သာရှိသေး၏။ ပစ္စည်းများလိုက်စုဆောင်းဖို့ သွားရန် နောက်ကျနေပြီဖြစ်၏။ ထို့ကြောင့် အားလုံးသည် အနားယူဖို့ရန် သူတို့၏အခန်းများဆီသို့ ပြန်သွားကြလေ၏။ 


သို့သော်လည်း ချန်းချီနှင့် ချန်းကျောင်း တို့သည် ၀မ်ချန်းအခြေစိုက်စခန်းတွင် ဈေးဝယ်ထွက်ရန် စီစဉ်ထားလေသည်။ ၀မ်ချန်းအခြေစိုက်စခန်းသည် ဖရိုဖရဲဖြစ်နေပြီး သို့သော်လည်း တောင်ပိုင်းအခြေစိုက်စခန်းထက် ပိုမိုအသက်ဝင်လေသည်။


ကျန့်ယွင်သည် ထိုအကြောင်းကိုစဉ်းစားပြီး စုရွေ့ကျယ်ကိုလည်း အတူတူဆင်းရန် ခေါ်သွားလေသည်။ မည်သို့ပင်ဖြစ်စေ သူလည်း ဘာမှလုပ်စရာမရှိချေ။ လှည့်ပတ်ပြီး ၀မ်ချန်းအခြေစိုက်စခန်း၏ အထူးအခြေအနေများကို ကြည့်သည်က ပိုကောင်းပါသည်။


တည်းခိုခန်းပိုင်ရှင်သည် ချန်းချီ အောက်ထပ်သို့ ဆင်းလာသည်ကိုတွေ့သောအခါ ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်လာလေ၏။ လမ်းလျှောက်ထွက်ကြမည့်အကြောင်းကို သူလိုက်ကြားသောအခါ သူသည် အနီရောင် ပလတ်စတစ်ဒေါ်လာတစ်လိပ်ကို ထုတ်ယူလိုက်လေ၏။ 


“လူငယ်လေး ဒီမှာ ငါတို့ပိုက်ဆံတွေ။ မင်းပစ္စည်းတွေ လဲလှယ်ဖို့ စီမံခန့်ခွဲရေးရုံးကိုသွားနိုင်တယ်။ ဒီယွမ်ရဲ့ ဝယ်ယူမှုစွမ်းအားက ပေါင်မုန့်ပေါင်းတစ်ခုရနိုင်လောက်တယ်။ အခြေစိုက်စခန်းထဲမှာ ဒါကိုသုံးတာက ပိုအဆင်ပြေတယ်။ အရင်ကမင်းပေးခဲ့တဲ့ စီးကရက်တွေလိုမျိုး မင်းမှာ ရှိသေးရင် တစ်ဗူးကို ဆယ်ယွမ်နဲ့ လဲနိုင်တယ်။ ”


ဤယွမ်ဒင်္ဂါးမျိုးသည် အမှန်တကယ်တွင် ကမ္ဘာမပျက်မီက မာဂျောင်းကစားသောအခါတွင် လူများအသုံးပြုခဲ့သော ချစ်ပ်များဖြစ်လေသည်။ ယခုအချိန်တွင် ၎င်းကို အပေါ်တွင် ဟုန်မိသားစု၏ လိုဂိုဖြင့်ရေးထိုးထားပြီး ဟုန်မိသားစုသည်ယာယီငွေကြေးအဖြစ်အသုံးပြုခဲ့လေ၏။ ဟုန်မိသားစုသည် မြေအောက်လောကမှဖြစ်ကာ သူတို့၏လက်အောက်တွင် မာဂျောင်းခန်းမအများအပြားရှိခဲ့သည်။ အခြေစိုက်စခန်းကို တည်ထောင်ပြီးနောက် အသုံးပြုမှု အဆင်ပြေစေရန်အတွက် သူတို့သည် ဤကဲ့သို့သောယွမ်ဒင်္ဂါးကို ထုတ်ယူခဲ့လေသည်။


၀မ် မိသားစု နှင့် လု မိသားစုတို့သည် ထိုကဲ့သို့လုပ်ချင်ခဲ့ကြသည်။ ကံမကောင်းစွာနှင့် သူတို့သည် သင့်တော်သည့် အစားထိုးစရာကို ရှာမတွေ့ခဲ့ကြချေ။ နောက်ပိုင်းမှာတော့ သူတို့သည် ရိုးရိုးရှင်းရှင်းပင် ဟုန်မိသားစုမှယွမ်အဖြစ် ပြောင်းသွားခဲ့လေသည်။


“ကျေးဇူးတင်ပါတယ် သူဌေး”


စီမံခန့်ခွဲရေးရုံး၏တည်နေရာကို မေးမြန်းပြီးနောက် သူတို့သည် ပိုင်ရှင်ကို ကျေးဇူးတင်စကားဆိုကာ ထွက်သွားကြလေသည်။


တောင်ပိုင်းအခြေစိုက်စခန်း နှင့် ယှဉ်လျှင် ၀မ်ချန်း အခြေစိုက်စခန်းသည် ပိုညစ်ပတ်၏။ လူတိုင်းသည် သူတို့၏ကိုယ်ပိုင်တံခါးရှေ့ရှိ နှင်းများကိုလှဲကျင်းကြသည်။ တခြားအများပြည်သူဆိုင်ရာနေရာများကိုမူ မည်သူကမှ ဂရုမစိုက်ကြချေ။


သူတို့သည် မကြာခင်မှာပင် လူများရည်ရွယ်ချက်မရှိဘဲ အလွန်ပေါ့ပေါ့ပါးပါးဖြင့် ထိုင်နေ ရပ်နေကြသည့် ၀မ်ချန်း၏စီမံခန့်ခွဲရေးရုံးသို့ ရောက်လာကြလေသည်။ သို့သော် ကျန့်ယွင်၏ရင်ဘတ်ရှိ စွမ်းအားရှင်အထောက်အထားကို မြင်ပြီးနောက်မှာတော့ သူတို့၏သဘောထားသည် ပိုကောင်းလာပြီး မကြာခင်မှာပင် သူတို့အတွက် ယွမ်ဒင်္ဂါးများလဲလှယ်ပေးခဲ့ကြသည်။ တည်းခိုခန်းပိုင်ရှင် ပြောလိုက်သလိုပင် စီးကရက်တစ်ဗူးကို ဆယ်ယွမ်နှင့် လဲလှယ်နိုင်ပြီး သူတို့သည် စီးကရက်နှစ်ဗူးကို ယွမ်နှစ်ဆယ်နှင့် လဲလှယ်ခဲ့ကြလေသည်။


သူတို့သည် ၀မ်ချန်းအခြေစိုက်စခန်းတွင် လှည့်လည်ကြည့်ရှုခဲ့ကြပြီး ၀မ်ချန်းအခြေစိုက်စခန်း၏ တက်ကြွသောနေရာများသည် အလွန်သက်ဝင်လှုပ်ရှားကြပြီး၊ အေးသောနေရာများသည် အလွန်အေးနေပြီး နှစ်ဖက်အကြား ကွာခြားချက်သည် အလွန်ကြီးမားသည်ကို ရှာတွေ့ခဲ့ကြလေသည်။


လူစည်ကားသောနေရာသည် မီးရောင်များနှင့် ဝိုင်များဖြင့် ပြည့်‌နေလေသည်။ သွားလာလည်ပတ်နေသူများသည် တောက်ပပျော်ရွှင်နေပုံရလေ၏။ အပြုံးများသည် ကမ္ဘာ့အဆုံးသတ်မတိုင်မီကလိုပင် နူးညံ့သိမ်မွေ့နေကြလေသည်။ ချမ်းအေးသော ဧရိယာသည် မဲမှောင်ပြီး၊ ပျက်စီးယိုယွင်းနေသော အုတ်အိမ်များဖြင့် ပရိဘောဂမရှိ၊ ညစ်ပတ်ပေရေနေသောလူများသည် ကြမ်းပြင်ပေါ်တွင် ပွေ့ပိုက်‌နေကြရသည်။


ထိုလူများ၏ သနားစရာကောင်းသော အသွင်အပြင်ကို ကြည့်ရင်း စုရွေ့ကျယ်သည် သူ့ယခင်ဘဝက သူ့ကိုယ်သူ တွေးမိလေသည်။ တစ်ချိန်က သူသည် ဤကဲ့သို့ အေးခဲပြီး မာကျောသော ကြမ်းပြင်ပေါ်တွင် ခွေနေခဲ့ရပြီး ရက်တစ်ရက်ကို တစ်နှစ်ကဲ့သို့ တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းလာခဲ့ရလေသည်။


လမ်းဘေးတလျှောက်တွင် ဈေးဆိုင်များ လာဖွင့်ကြသူများ အများကြီးရှိသော်လည်း သူတို့လိုအပ်သည့်အရာဘာမှမရှိချေ။ 


“အာ၊ မင်းက စွမ်းအားရှင်တစ်ယောက်လား။ ၀င် လာပြီး ထိုင်ပါအုံး” 


ရုတ်တရက် အတော်လေးနည်းနည်းသာ ၀တ်စားထားသော အမျိုးသမီး အချို့သည် ဘယ်ကရောက်လာမှန်းမသိခဲ့ကြချေ။ သူတို့သည် ဘေးဘက်ရှိ အဆောက်အဦး တစ်ခုဆီသို့ လှမ်းဆွဲ‌ခေါ်သွားခြင်းခံလိုက်ကြသည်။


“မဟုတ်ဘူး”


ကျန့်ယွင်သည် အမျိုးသမီး၏လက်ကို ဝှေ့ယမ်းကာ မျက်ခုံးကိုတွန်လိုက်ပြီး အော်လိုက်၏။


အမျိုးသမီးများသည် ချက်ချင်းပင် တစ်ဖက်သို့ ဆုတ်သွားကာ နောက်ထပ်အမှားများ ထပ်မလုပ်ရဲကြတော့ချေ။


ယခုအချိန် ဤဒေသတွင် ထိုသို့သောလူများ အများအပြားရှိနေသည်ကို တွေ့ခဲ့ရသည်။ သူတို့သည် ပါးလွှာပြီး ဖော်ပြသောအဝတ်အစားများကို ၀တ်ဆင်ကာ လမ်းပေါ်တွင် လျှောက်သွားနေသူများကို လက်ဝှေ့ယမ်းကာခေါ်နေကြလေသည်။ သူတို့သည် သိသာစွာပင် ပြောမပြနိုင်သော အလုပ်အကိုင်အချို့တွင် ပါဝင်ပတ်သက်နေကြလေသည်.....


ဤအခြေစိုက်စခန်းထဲတွင် သာမန်လူများ၏ဘဝသည် ခက်ခဲလွန်းပါချေ၏…


ရလဒ်တစ်ခုအနေဖြင့် သူတို့လှည့်ပတ်ကြည့်လိုက်ပြီး ၀ယ်ချင်တာဘာမှ မရှိကြချေ။ ထိုအဖွဲ့သည် သူတို့လက်ထဲရှိ ယွမ် 20 နှင့် ဟိုတယ်သို့ ပြန်သွားခဲ့ကြလေသည်။