အခန်း(၇၂)
Viewers 12k


အခန်း(၇၂)《 သန္ဓေပြောင်းဝံပုလွေများ 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク



ဟိုတယ်ပြန်ရောက်ချိန်တွင် ပျင်းရိနေသည့် ကျန့်ယွင်သည် သူ့ကုတ်အင်္ကျီကိုချွတ်လိုက်ပြီး ကြမ်းပြင်ပေါ် တွင် ဒိုက်ထိုးလေ၏။ သူ့၏ သန်မာသောကြွက်သားများသည် ဖောင်းပွလာပြီး စုရွေ့ကျယ်ပင် သူ့မျက်လုံးများကို မလွှဲနိုင်တော့ချေ။ ကျန့်ယွင်သည် တစ်ဆက်တည်းနှင့် ဒိုက်ထိုး အကြိမ်တစ်ရာလုပ်ပြီးနောက် ချွေးများရွှဲလျက် ကြမ်းပြင်ပေါ်မှ ပြန်ထလာသောအခါတွင် သူ့ချစ်သူ ပေါက်စလေး၏ မိုက်မဲသောအကြည့်ကြောင့် မရယ်ဘဲမနေနိုင်တော့ချေ။


【TN : စု‌ရွေ့ကျယ် ဘီလိုက်ခ် : 😃🤤】


“အရူးလေး ဘာတွေကြည့်နေတာလဲ”


ကျန့်ယွင်သည် ရယ်မောရင်း စုရွေ့ကျယ်၏နှာခေါင်းလေးကို ကုတ်လိုက်လေ၏။


ကျန့်ယွင်၏ရုပ်သွင်ပြင်သည် မလှမ်းမကမ်းမှပင် ပို၍ပး ပြီးပြည့်စုံလေ၏။ ဝမ်းဗိုက်ကြွက်သား ရှစ်ခုနှင့် သန်မာသောခါး၊ ခြေတံရှည်တစ်စုံတို့သည် ဟော်မုန်းများပေါက်ကွဲထွက်နေပြီး လေ့ကျင့်ခန်းလုပ်ပြီးနောက် သူ၏ကြွက်သားများပေါ်ရှိ ချွေးများထွက်နေသည့်ပုံသည် ဖော်မပြနိုင်လောက်အောင် အမှန်တကယ်ကို ဆက်ဆီကျလေ၏။ 


【TN : စုရွေ့ကျယ် & စာဖတ်သူများ : 🤤🌚👍🏿】


“မဟုတ်၊ ဘာမှမကြည့်ပါဘူး ကော၊ ခင်ဗျားရေချိုးချင်နေပြီဖြစ်ရမယ်၊ ဟုတ်တယ်မလား။ စုန့်တကောကို ခင်ဗျားအတွက်ရေပေးဖို့ ကျွန်တော်သွားပြောလိုက်မယ်”


စုရွေ့ကျယ်၏မျက်နှာသည် ရုတ်တရက်လုံး၀နီရဲသွားလေ၏။ ထိုစကားများကို အလျင်စလိုပြောခဲ့ကာ အလျင်အမြန်ပင်ပြန်လှည့်ထွက်သွားလေ၏။ 


ကျန့်ယွင်သည် ထိတ်လန့်တကြားထွက်သွားသည့် စုရွေ့ကျယ်၏ကျောကိုကြည့်ကာ ပြုံးလျက် ခေါင်းခါလိုက်လေ၏။ အဆုံးမှာတော့ သူ့ချစ်သူ ပေါက်စလေးသည် ငယ်ရွယ်သေးသောကြောင့် သူသည် အလွန်ရှက်သည်းလွန်းနေခဲ့သည်။


မကြာခင်မှာပင် စုန့်ချန်ရှုသည် ကျန့်ယွင်အား ရေပေးဖို့ရောက်လာခဲ့ပြီး အလွန်စာနာစွာဖြင့် ရေပူကို ချိန်ညှိပေးခဲ့သဖြင့် ကျန့်ယွင်သည် အလွန်သက်တောင့်သက်သာရှိသည့် ရေပူဖြင့် ရေချိုးခဲ့လေသည်။


နေ့ခင်းဘက်တွင် လူတိုင်း အိပ်ရာဝင်ခဲ့ကြပြီး ညဘက်တွင်မူ သူတို့သည် မူလအစီအစဉ်အတိုင်း ပစ္စည်းအချို့ကိုရှာဖွေရန် အခြေစိုက်စခန်းအပြင်သို့ ထွက်ခဲ့ကြလေသည်။


ကွမ်းဟုန် နှင့် ဒေါက်တာယန်တို့သည် အခြေစိုက်စခန်းတွင် ဆက်လက်နေထိုင်ခဲ့ကြဆဲဖြစ်ပြီး နယ်မြေခံမြို့စောင့်တပ်နှင့် ဆက်လက်ဆက်သွယ်နေခဲ့ကြလေသည်။ ကျည်ဆန်အသစ်များနှင့် ဟင်းရွက်ဖျော်ရည်များအကြောင်း သတင်းအတွက် သူတို့သည် ကျန့်ယွင်ပြန်လာမည့်အချိန်ကို စောင့်မျှော်နေမည်ဖြစ်သည်။


ကွမ်းဟုန် သည် ထိုဆုံးဖြတ်ချက်အတွက် ပြင်ဆင်မှုနှစ်ခုပြုလုပ်ခဲ့လေသည်။ အကယ်၍ ကျန့်ယွင်သည် ပစ္စည်းများကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့ပါက သူတို့သည် ယခင်သဘောတူထားသည့် အစီအစဉ်အတိုင်း မြေဆီလွှာမဲ့စိုက်ပျိုးရေးနည်းစနစ်အတွက် ပစ္စည်းများနှင့် လဲလှယ်နိုင်ပြီး သူတို့တွင်ရှိသော အချက်အလက်များကို နယ်မြေခံမြို့စောင့်တပ်ထံ ပေးနိုင်လေသည်။ တစ်ဖက်တွင်မူ သူသည် ကျန့်ယွင်သည် သူတို့အတွက် လဲလှယ်ရန်တစ်စုံတစ်ရာ မရနိုင်ခဲ့ပါက သူတို့သည် နည်းပညာအတွက် သတင်းအချက်အလက်များကိုသာ အသုံးပြုနိုင်မည့် အခွင့်အရေးအတွက် ပြင်ဆင်ထားရန်လိုအပ်လေသည်။


ကျန့်ယွင်၏အဖွဲ့သည် ၀မ်ချန်းအခြေစိုက်စခန်းနယ် အားလုံးဖြစ်သဖြင့် အနီးတစ်ဝိုက်တွင် ပစ္စည်းအလုံအလောက်ရှာနိုင်ရန် မဖြစ်နိုင်ချေ။ သူတို့သည် အကြိမ်ပေါင်းများစွာ ကောက်ယူစုဆောင်းထားကြပြီးဖြစ်ရမည်။ ကျန့်ယွင် ပစ္စည်းအလုံအလောက်ရှာဖွေနိုင်ရန် အခွင့်အလမ်းနည်းပါးလေသည်။ သူတို့သည် တစ်စုံတစ်ခုရရန် ပိုဝေးလံသောနေရာများသို့ သွားရမည်ဟု ခန့်မှန်းခဲ့သည်။ ထို့အပြင် ပိုဝေးသည့်နေရာများရှိ အလောင်းကောင်များကို မရှင်းလင်းရသေးသည့်အတွက် ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။


သို့သော် ကျန့်ယွင်၏စွမ်းအားသည် သာလွန်ပြီး ကွမ်းဟုန်သည် သူတို့၏စွမ်းရည်ကို အလွန်ယုံကြည်လေသည်။ 


ထို့ကြောင့် ကွမ်းဟုန်သည် ကျန့်ယွင်နှင့် တခြားသူများ ပြန်လာသည်ကို အရင်ဆုံးစောင့်ပြီးမှ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့သည်။


ကွမ်းဟုန်သည် စစ်ထရပ်ကားနှစ်စီး၏သော့များကို ကျန့်ယွင်နှင့်အဖွဲ့အား ပေးခဲ့ပြီး ပစ္စည်းများရှာတွေ့ခဲ့ပါက သူတို့ပြန်သယ်ယူလာနိုင်စေရန်အတွက်ဖြစ်သည်။


ကျန့်ယွင်သည် ကွမ်းဟုန်ကို ငြင်းဆန်ရန် ရည်ရွယ်ချက်လည်းမရှိချေ။ သူသည်သော့များကိုယူကာထွက်သွားခဲ့သည်။ သို့သော်လည်း သူတို့ပြန်လာသည့်အချိန်တွင် သူတို့သည်သေချာပေါက် ပစ္စည်းအလုံအလောက် ပြန်ယူလာလိမ့်မည်ဟုယုံကြည်ချက်ရှိသည်။ အနီးနားတွင် ပစ္စည်းများအလုံအလောက်မရှာဖွေနိုင်လျှင်တောင် သူတို့မှာ စုရွေ့ကျယ်ရဲ့နေရာလွတ်မရှိဘူးလား။


နေရာလွတ်ထဲတွင် ယခင်ကစုဆောင်းထားသည့်ဆေးလိပ်၊ ဝိုင်နှင့် တခြားအရာများ အများကြီးရှိနေသေးသည်။ ၎င်းသည် ၀မ်ချန်းအခြေစိုက်စခန်းတွင် အတော်လေးအဖိုးတန်ပုံရ၏။ မည်သို့ပင်ဖြစ်စေ သူတို့အတွက် သိပ်အသုံးဝင်မည်တော့မဟုတ်ချေ။ သူတို့ ဘာတစ်ခုမှ မရှာတွေ့နိုင်ခဲ့ပါက အရင်ဆုံး ၎င်းတို့အားထုတ်ယူနိုင်လေသည်။


အခြေစိုက်စခန်း၏ ဂိတ်ပေါက်တွင် သူတို့ကဲ့သို့ ပစ္စည်းများရှာဖွေရန် မြို့ပြင်သို့ထွက်သွားကြသည့် အဖွဲ့များ များစွာရှိကြ၏။ သူတို့အားလုံးသည် မတူညီသည့် စွမ်းအားများနှင့်တွဲဖက်ထားကြ၏။ သူတို့သည် အလွန်ကြီးမားပြီး လူအများကြီးရှိပုံရကြ၏။ ၀မ်ချန်းအခြေစိုက်စခန်းကဲ့သို့ ကြမ်းတမ်းသောပတ်ဝန်းကျင်တွင် တိုက်ခိုက်ရေးစွမ်းအားအနည်းငယ်ရှိသည့်မည်သူမဆို သူတို့ကိုယ်သူတို့ ကျွေးမွေးနိုင်ရန် စွမ်းအားရှင်အဖွဲ့များကို အားကိုးကာ နေ့စဉ်နေ့တိုင်း ပစ္စည်းများစုဆောင်းရန် အပြင်သို့ထွက်သွားနေကြလေ၏။ 


သူတို့၏ သနားစရာကောင်းသည့်အဖွဲ့ကို တွေ့လိုက်ကြသောအခါ ထိုလူများသည် ကျန့်ယွင်ကို အာရုံစိုက်လာကြလေ၏။ ဤအဖွဲ့သည် လူနည်းသည်ဟုထင်ရသော်လည်း သူတို့တစ်ယောက်ချင်းစီသည် စွမ်းအားရှင်များဖြစ်ကြလေ၏။ အဖွဲ့ထဲရှိ ကလေးတောင်မှ သူ့ရင်ဘတ်တွင် အနီရောင် တံဆိပ်ရှိလေ၏။


ကျန့်ယွင်သည် ပတ်ဝန်းကျင်ကိုမကြည့်ဘဲ စစ်တပ်ကားရှိရာသို့ တည့်တည့်သွားကာ ကားတံခါးကို သော့ဖြင့်ဖွင့်လိုက်၏။ သူနှင့်ချန်းချီ တို့သည် စစ်ကားတစ်စီးစီ၏ ယာဉ်မောင်းထိုင်ခုံများပေါ် အသီးသီးတက်လိုက်ကြပြီး တစ်စီးပြီးတစ်စီး စစ်ကားများကိုမောင်းကာ ထွက်ခွာသွားကြလေသည်။


သူတို့သည် မည်သည့်လမ်းကိုမဆို ရွေးချယ်လိုက်ကြကာ ထိုတလျှောက်မောင်းသွားကြလေသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ၀မ်ချန်းနှင့် မရင်းနှီးကြသောကြောင့် ဆန္ဒရှိသည့်နေရာသို့ မောင်းနှင်နိုင်ကြသည်။


“အားကျန့်၊ ငါတို့နောက်မှာ ကားတွေအများကြီးလိုက်လာနေတယ် ”


ချန်းချီသည် နောက်ကြည့်မှန်ကိုကြည့်ပြီး သူ့ဝေါ်ကီတော်ကီနှင့် ကျန့်ယွင်ကိုပြောလိုက်၏။


“ကောင်းပြီလေ၊ သူတို့နောက်ကလိုက်ချင်ရင် လိုက်ကြပါစေ”

 

ကျန့်ယွင် လှောင်ရယ်ပြီး ရှေ့သို့ဆက်မောင်းသွားလေသည်။ 


အခြေစိုက်စခန်းအတွက် အချိန်အတော်ကြာအောင် ရှာဖွေရမည်ကို သူသိထား၏။ တစ်ခုခုကိုလိုချင်လျှင် ပိုဝေးသည့်နေရာတစ်ခုသို့ သွားရမည်ဖြစ်ကာ ဖုတ်ကောင်များသည့်နေရာတစ်ခုဖြစ်နိုင်ကာ သုတ်သင်ရှင်းလင်းခြင်း မလုပ်ရသေးသည့် နေရာဖြစ်နိုင်သည်။ 


သို့သော် ကီလိုမီတာ 30 ထက် ပိုမောင်းသွားပြီးနောက် သူ့နောက်တွင်လိုက်လာနေသည့်ကားများ အများကြီး ကျန်နေသေးသည်ကို သူမမျှော်လင့်ထားခဲ့ချေ။ သူတို့သည် ဤအခွင့်အရေးကို အသုံးချချင်ကြပုံရသည်။


ဝမ်ချန်းမြို့သည် စိုက်ပျိုးရေးမြို့ဖြစ်သောကြောင့် ပတ်ပတ်လည်တွင် လယ်ယာစိုက်ပျိုးရေးအတွက် ရွာများစွာရှိကြသည်။ သို့သော်လည်း ထိုရွာများသည် ယခုအခါတွင် အများစုသေဆုံးနေကြပြီဖြစ်သည်။ အတိတ်က အဆိုပါစိမ်းလန်းသောလယ်ကွင်းများသည် နေရောင်အောက်တွင် ညှိုးနွမ်းကာ လွင်ပြင်ကျယ်ကြီးဖြစ်လာခဲ့လေသည်။ ၎င်းတို့အပေါ် မီးရောင်မှိန်မှိန်လင်းသွားသောအခါ မြက်သေအပိုင်းအစများကိုသာ မြင်နိုင်တော့သည်။ 


“ကောကော ဟိုမှာ တစ်ခုခုရှိတယ်…” 


ယွီသုန်သုန် ရုတ်တရက် မတ်တတ်ထထိုင်ပြီး သူ့ရှေ့ရှိ မှောင်မိုက်နေသည့်ကွင်းပြင်ကို ညွှန်ပြလိုက်လေ၏။


စုရွေ့ကျယ်သည် ၎င်းကိုကြားသောအခါ ချက်ခြင်းကြည့်လိုက်သော်လည်း မြင်နိုင်ရန် မှောင်မဲလွန်းနေသည်။ သူသည် အစိမ်းရောင်အလင်းတန်းအောက်တွင် ဖုံးကွယ်နေသော ညှိုးနွမ်းနေသည့်မြက်ခင်းပြင်ထဲကိုသာ မှုန်ဝါးဝါးမြင်ရသည် ။


“အဲ့ဒါကဘာလဲ ”


ကျန့်ကျားဟယ်လည်း ပြတင်းပေါက်ကို လှမ်းကြည့်လိုက်၏။


“မသိဘူး…” 


စုရွေ့ကျယ် စကားမဆုံးခင် ယွီသုန်သုန်သည် ရုတ်တရက်သူ့ကိုဆွဲကိုင်ပြီး နောက်သို့ကြည့်လိုက်၏။ 


“ကောကော ၊ ကောကော၊ အဲ့ဒါ သူတို့ ”


ယွီသုန်သုန်၏အသံထွက်သွားသည်နှင့် အနက်ရောင်အရိပ်တစ်ခုသည် မြက်ခင်းပြင်မှ အမြန်ခုန်တက်လာပြီး ခုန်ရင်း ခုန်ရင်း အနောက်ဘက် ချန်းချီကားပေါ်သို့ ခုန်ဆင်းသွားသည်ကို တွေ့လိုက်ရလေသည်။


ချန်းချီ၏ကားသည် ဆင်တစ်ကောင်ကိုဝင်တိုက်မိလိုက်သကဲ့သို့ပင်။ သူသည် ဟန်ချက်ပျက်ပြီး လျှောထွက်သွားလေ၏။ ကံကောင်းထောက်မစွာဖြင့် လယ်ကွင်းများ ဝိုင်းရံထားသဖြင့်သာ မဟုတ်လျှင် ယာဉ်မတော်တဆမှု ဖြစ်နိုင်လေသည်။


ကျန့်ယွင်သည် အခြေအနေကိုမြင်ပြီး အရေးပေါ်အခြေအနေတွင် ဘရိတ်ကိုနင်းလိုက်ကာ ကားကိုလှည့်ပြီး ၎င်းနောက်မှလိုက်သွားခဲ့လေ၏။ 


အားကောင်းသော မီးရောင်အောက်တွင် သူတို့အားလုံးသည် ကားပေါ်မှပြုတ်ကျလာသည့်အရာကို တွေ့လိုက်ကြရသည်။


ဝံပုလွေတစ်ကောင်ဖြစ်ပုံရ၏။ ၎င်း၏အရိုးစုသည် ကျယ်ဝန်းပြီး ခိုင်ခံ့၏။ ၎င်း၏အမွေးများသည် ထူထဲညစ်ပတ်နေပြီး ခန္ဓာကိုယ်သည် ပိန်သည့်ပုံပေါ်၏။ အရိုးဖွဲ့စည်းပုံအရ ၎င်းသည် မူလက အလွန်သန်မာပုံရကြောင်း မြင်နိုင်သည်။ ထိုအစိမ်းရောင်မျက်လုံးများသည် သွေးဆာနေသည့် အလင်းရောင်များနှင့် ကားပေါ်ရှိလူများကို စိုက်ကြည့်နေလေ၏။


“အာဝူး ”


ဝံပုလွေသည် ခေါင်းကိုမြှောက်လိုက်ပြီး အူလိုက်လေ၏။


ထို့နောက် ပတ်ပတ်လည်ရှိ လယ်ကွင်းများထဲမှ ဝံပုလွေတစ်ကောင်ပြီးတစ်ကောင် ထွက်လာလေသည်။


၎င်းတို့သည် ကြီးကြီးငယ်ငယ်နှင့် ဝံပုလွေ အကောင် 20 ကျော်ရှိပုံရသည်။


ချန်းချီ၏ကားနောက်တွင် လယ်ကွင်းထဲတွင် ဝင်တိုက်မိသည့် အခြားယာဉ်များစွာလည်း ရှိသေးသည်။


“သန္ဓေပြောင်း ဝံပုလွေတွေ” 


ဤမျှကြီးမားသော ခွန်အားနှင့် ဉာဏ်ရည်ဉာဏ်သွေးရှိခြင်းသည် သန္ဓေပြောင်းဝံပုလွေများ ဖြစ်ရမည်ဖြစ်သည်။


“ဟာဟားဟား၊ ငါတို့ ချမ်းသာပြီ” 


သူတို့နောက်မှ အမြတ်ထုတ်ချင်သူများသည် ရယ်မောပြီး ကားတံခါးကိုဖွင့်ကာ သေနတ်များနှင့် ထွက်လာကြလေ၏။ 


သန္ဓေပြောင်းတိရစ္ဆာန်များ၏ အသားကိုစားနိုင်ပြီး ၎င်းသည် အလွန်အရသာရှိ၏။ ယခုကဲ့သို့ ကမ္ဘာပျက်ကြီးထဲတွင် အသားမစားရသည်မှာ အချိန် ဘယ်လောက်ကြာပြီမှန်း မသိတော့သည့်လူများရှိ၏။ ယခု သူတို့ရှေ့တွင် သန္ဓေပြောင်းဝံပုလွေအသားများ များစွာရှိနေ၏။ ၎င်းတို့ အားလုံးကို သတ်ပြီး ပြန်ယူသွားလိုက်ပါက သူတို့အတွက် ပစ္စည်းများဘယ်လောက်များများ လဲလှယ်ရနိုင်မလဲမသိနိုင်ချေ။ ဒါကချမ်းသာတာနဲ့ အတူတူပဲ မဟုတ်လား။


သန္ဓေပြောင်းဝံပုလွေတွေပဲ၊ သူတို့ကို ကိုင်တွယ်ရတာ တကယ်ကို လွယ်တာပဲမဟုတ်လား။


ထို သိသိသာသာပြောင်းလဲသွားသည့် ဝံပုလွေများကိုအသာထား ကမ္ဘာမပျက်မီက သာမန်ဝံပုလွေများသည်ပင်လျှင် ၎င်းတို့နှင့်ဆုံပါက မုဆိုးများသည် ကြောက်ရွံ့ကြပေလိမ့်မည်။


ထိုအချိန်တွင် အမျိုးသားတစ်ယောက်သည် သူ့သေနတ်ကိုကိုင်ကာ ပစ်ရန်အဆင်သင့်နေခဲ့ချိန်တွင် ဝံပုလွေတစ်ကောင်သည် ထိုလူဆီသို့ ပြေးလာကာ လည်ချောင်းကို ကိုက်လိုက်လေသည်။


“အား၊ အား ၊အား –” 


သွေးနံ့သည် ဝံပုလွေများကို နှိုးဆွပေးလိုက်လေ၏။ ဝံပုလွေများအားလုံးသည် တုန်လှုပ်သွားကြပြီး ၎င်းတို့၏မျက်လုံးများသည် ကြောက်မက်ဖွယ်စိမ်းစိုတောက်ပနေကြကာ ၎င်းတို့၏ခန္ဓာကိုယ်ကိုအောက်ကို ၀မ်ချလိုက်ပြီး ၎င်းတို့၏တိုက်ခိုက်ရေးအနေအထားကို ရှေ့သို့တင်လိုက်ကြလေ၏။ 


မရေမတွက်နိုင်သောလူများသည် ၎င်းတို့၏ကားပေါ်မှဆင်းကာ တိုက်ခိုက်ရန် စက်သေနတ်များကို အသုံးပြုပြီးပစ်ခတ်၍ သို့မဟုတ် လက်နက်များကို အသုံးပြုခဲ့ကြသော်လည်း ဤဝံပုလွေများသည် အံ့သြဖွယ်အရှိန်ဖြင့် လူများသည် တစ်ယောက်ပြီးတစ်ယောက် ဝံပုလွေများ၏ ဆက်တိုက် သတ်ဖြတ်ခံနေကြရလေတော့၏။ 


လူသားများ၏ အော်ဟစ်သံများ၊ တောရိုင်းတိရိစ္ဆာန်များ၏ အော်ဟောက်သံများသည် သေနတ်သံများနှင့် ရောယှက်နေကာ ဆက်ပြီး မြည်ဟိန်းနေလေ၏။


ချန်းချီ၏ကားပေါ်ရှိ ဝံပုလွေသည် ကားထဲရှိ လူများကို အော်ဟောက်လိုက်ပြီး သူ့လက်သည်းများသည် ကားပေါ်ရှိသတ္တုကို ကုတ်ခြစ်ပြီး နက်ရှိုင်းသောကုတ်ခြစ်ရာများပေါ်လာလေ၏။ လက်သည်းများသည် သံမဏိဓားများနှင့် တူလေ၏။ 


“ကျစ်”


ငါတို့ ဒီဝံပုလွေ ကားကို တိုက်ခိုက်ခွင့် မပေးသင့်ဘူး။ ဒါက စစ်တပ်ပိုင်။ ဒါသာ ပျက်စီးသွားရင် ငါတို့ ကွမ်းဟုန်ကို ရှင်းပြလို့မရနိုင်တော့ဘူး။ 


၎င်းကိုမြင်သည်နှင့် ချန်းချီသည် ပြတင်းပေါက်ကို အမြန်နှိမ့်ချလိုက်ပြီး သူ့စွမ်းရည်ကိုအသုံးပြုလိုက်လေ၏။ ချန်းချီ၏လက်ချောင်းထိပ်မှ အပြာရောင် လျှပ်စီးကြောင်းထူထူတစ်ခု ပစ်လွှတ်လိုက်ပြီး အပြင်ဘက်ရှိ ဝံပုလွေကို ထိသွားလေ၏။ 


“အာ၀ူး ” 


ဝံပုလွေသည် ညည်းညူသံထွက်လာပြီး ကားရှေ့မှ လှိမ့်ကျသွားလေ၏။


ချန်းချီသည် အလျင်အမြန် ဆုတ်လိုက်ပြီး လမ်း ပေါ်သို့ပြန်မောင်းရန် ကြိုးစားလိုက်သော်လည်း ထိုနေရာရှိမြေပြင်သည် ရွှံ့များအလွန်ထူနေပြီး ဘီးများ နစ်နေသည်ကို တွေ့လိုက်ရလေ၏။ 


ဘာဖြစ်သွားတာလဲ။ မနက်ဆို ပူတဲ့နေ့တစ်လေ။ လယ်ကွင်းတွေ ခန်းခြောက်ပြီး အက်ကွဲသွားသင့်တာလေ။ ဒီလိုရွှံ့ထူတဲ့မြေက ဘယ်လိုဖြစ်နိုင်မှာလဲ။ 


မဟုတ်မှလွဲရော... ဒီဝံပုလွေတွေမှာ စွမ်းရည်တွေ ရှိကြတာလား။ 


ထိုအကြောင်းတွေးနေရုံရှိသေးချိန်တွင် ချန်းချီ၏ လွှမ်းမိုးမှုကို ခံခဲ့ရသည့်ဝံပုလွေသည် နောက်တစ်ကြိမ် ထလာလေ၏။ ချန်းချီဆီသို့စိုက်ကြည့်ကာ အူလိုက်ပြီး ကားဆီသို့ပြေးလွှားသွားလေ၏။ ခိုင်ခံ့အောင် ပြုလုပ်ထားသည့် လေကာမှန်သည် ဝံပုလွေကြီး၏ ခွန်အားကြောင့် အက်ကွဲသွားလေ၏။ 


ချန်ကျောင်းသည် ချက်ခြင်း ကားပေါ်မှဆင်းလာပြီး ဝံပုလွေဆီသို့ ချိန်ရွယ်လိုက်လေ၏။ ထက်ရှသောဓားသွားသည် ဝံပုလွေ၏ အရေခွံကို ဖြတ်သွားသော်လည်း တစ်ဖက်ကောင်ကို မသတ်နိုင်ခဲ့ချေ။ ထိုအစား တစ်ဖက်၏ ရက်စက်ကြမ်းကြုတ်မှုကို နှိုးဆွမိခဲ့လေ၏။ 


“အာဝူး ”


ချန်းချီ၏ မိုးကြိုးနှင့်လျှပ်စီးတို့သည် ဝံပုလွေကို ထပ်ခါထပ်ခါ ထိမှန်လာခဲ့၏။ ချန်းကျောင်း၏ လေဓားအကူအညီဖြင့် ဝံပုလွေသည် သူတို့အနားသို့ မကပ်နိုင်ဘဲ နောက်ဆုံးတွင် လဲကျသွားလေသည်။


သို့သော်လည်း ချန်းချီနှင့်ချန်းကျောင်းတို့သည် အလွန်ပင် ပင်ပန်းသွားခဲ့ကြ၏။ သူတို့နိုးထလာချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် သူတို့၏ စွမ်းအားများကို သေချာစွာ အသုံးပြုခဲ့ကြခြင်းဖြစ်သည် ။


နောက်ကိုကြည့်လိုက်ပြီး ဝူကျင်းနှင့် ကျန်းရှို့လျန် တို့သည်လည်း ဝံပုလွေနှစ်ကောင်နှင့် တိုက်ခိုက်နေကြပြီး ဝူကျင်း၏ခန္ဓာကိုယ်သည် ပုန်းကွယ်နေသောကြောင့် ထိုဝံပုလွေများ၏တိုက်ခိုက်မှုတိုင်းသည် အသုံးမဝင်တော့ချေ။ ကျန်းရှို့လျန်သည် သူ့စွမ်းအားများကို ထုတ်လွှတ်ပြီး ချွန်ထက်သည့် ငုတ်ချွန်းတစ်ချောင်းပြီးတစ်ချောင်း ဝံပုလွေများရဲ့ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်သွားစေလေ၏။ 


မြင်ကွင်းသည် သွေးနံ့များအပြည့်နှင့်ပင်....


ဝံပုလွေများသည် မီးကိုအလွန်ကြောက်သည်ဟု ဆိုကြသည်။ ကံမကောင်းစွာပဲ သူတို့ထဲတွင် မီးစွမ်းအားရှင်မရှိချေ။ တနည်းအားဖြင့် မီးညှိလိုက်လျှင် ဤဝံပုလွေများ ယခုအချိန်တွင် ထွက်ပြေးသွားကြပေလိမ့်မည်။


“အာဝူး၊ အာဝူး -”


ဝံပုလွေများသည် သူတို့၏လက်ထဲတွင် သူတို့မျိုးနွယ်အချို့သေဆုံးသွားကြသည်ကို တွေ့ရှိခဲ့ကြပုံရသဖြင့် တိုက်ခိုက်နိုင်စွမ်းနည်းသော လူသားများကို ချန်ထားခဲ့ကြကာ သူတို့၏ ပတ်လည်တွင်တဖြည်းဖြည်း ဝိုင်းရံလာကြလေသည်။



စာရေးသူတွင်ပြောစရာရှိပါတယ်။ 


【လမ်းမပေါ်က ပြဇာတ်ငယ်လေး】


အမျိုးသမီး : လူချောလေး၊ ၀င်လာပြီး ထိုင်ချင်လားဟင်။


စုရှောင်ကျယ် : တောင်းပန်ပါတယ်၊ ကျွန်တော့်ကိုကြည့်၊ ကျွန်တော်က အရွယ်ရောက်သူတစ်ယောက်လို့ထင်နေလား။


အမျိုးသမီး : ဒီလူချောလေးကကော ဘယ်လိုလဲ။ ရှင်ကော ၀င်လာပြီး ထိုင်ချင်လားဟင်။


ကျန့်ရှောင်ယွင် : တောင်းပန်ပါတယ်၊ ကျွန်တော့်မှာ မိသားစုရှိတယ်။ 


အမျိုးသမီး : အို့ ၊ အကုန်သွားကုန်ကြပြီ၊ အဲ့အကြောင်း ဘယ်သူက ဂရုစိုက်လို့လဲ။


စုရှောင်ကျယ် : ကျွန်တော်က အသက်မပြည့်သေးပေမယ့် ကျွန်တော့်မှာ မိသားစုရှိတယ်။


ကျန့်ရှောင်ယွင် : ကျွန်တော့်မှာ မိသားစုရှိပေမယ့် ကျွန့်တော့်ဇနီးလေးက အသက်မပြည့်သေးပုံရတယ်။ 


စုရှောင်ကျယ် : ပြောရမယ်ဆိုရင် ကျွန်တော့်မိသားစုက တွန့်တိုပြီး ကပ်စေးနဲတယ်။ ကျွန်တော်သာ၀င်သွားမယ်ဆိုရင် ကျွန်တော်စိတ်ဆင်းရဲရလိမ့်မယ်။ 


ကျန့်ရှောင်ယွင် : ကျွန်တော့်မိသားစုရဲ့ နူးညံ့ပြီး ချစ်စရာကောင်းတဲ့လူလေးက တခြားသူတွေရဲ့အိမ်ကို လွယ်လွယ်ကူကူ ဖိတ်ခေါ်ခံနေရပြီး သူကသတိမထားဘူး။ သူ့ကိုတော့ဘယ်လိုလုပ်ရမှန်း မသိတော့ပါဘူး။ 


စုရှောင်ကျယ် & ကျန့်ရှောင်ယွင် : ဒါကြောင့် ခင်ဗျား နားလည်ပြီလား။


အမျိုးသမီး : ငါက ထွက်လာပြီး ထမင်းတစ်နပ်လောက်လိုချင်ရုံလေးတင်ပါ။ ဒါပေမယ့် ခွေးစာတစ်လုပ်အပြည့်ကို မမျှော်လင့်ထားမိခဲ့ဘူး။