အခန်း(၇၃)
Viewers 12k


အခန်း(၇၃)《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク


ကျန့်ယွင်နောက်လိုက်လာသည့်လူများသည် ဝံပုလွေများအားလုံး ကျန့်ယွင်၏ဆွဲဆောင်မှုခံလိုက်ကြရသည်ကို တွေ့လိုက်ကြရပြီး သူတို့အား အာရုံစိုက်ရန်အချိန်မရှိကြချေ။ သူတို့သည် ဂရုမစိုက်ကြဘဲ သူတို့ကားများဆီသို့ ချက်ခြင်းထွက်ပြေးသွားကြလေ၏။


ထိုလူများသည် အခြေခံအားဖြင့် စွမ်းအားရှင်တစ်ယောက်နောက်မှ စွမ်းအားကိုတွဲခိုနေကြသည့် သာမန်လူများသာဖြစ်ကြသည်။ သူတို့သည် ဤကဲ့သို့ သန္ဓေပြောင်းဝံပုလွေအုပ်စုကြီးနှင့်တွေ့ကြသောအခါ သူတို့အားလုံး သေကုန်ကြလိမ့်မည်ဖြစ်သည်။ အကယ်၍ သူတို့သာ အခုထွက်မပြေးပါက ထိုလူများနှင့် အတူနေပြီး သေနိုင်ကြပါ့မလား။


သို့သော်လည်း သူတို့သေလိမ့်မည်ဟု ထင်ထားသည့် ကျန့်ယွင်နှင့်တခြားသူများသည် ထိတ်လန့်တကြားထွက်မပြေးကြချေ။ ကျန့်ယွင်သည် ကျန်နေသည့် ဝံပုလွေများကို ရေတွက်လိုက်ပြီး တည်ငြိမ်စွာပြောလာလေ၏။ 


“သုန်သုန်ကလွဲပြီး ငါတို့တစ်ယောက်ကို သုံးကောင်စီယူမယ် ”


“ကိစ္စမရှိပါဘူး”


ချန်းချီသည် ရယ်မောရင်း သူ့လက်ဖဝါးများသည် မိုးကြိုးနှင့်တောက်ပနေပြီး ချန်ကျောင်း၏ ဓားသည်လည်း အဆင်သင့်ဖြစ်နေပြီဖြစ်သည်။


နက်မှောင်သည့် မီးခိုးရောင်အမွှေးများနှင့် ဝံပုလွေကြီးတစ်ကောင်သည် ရုတ်တရက် ကောင်းကင်သို့မူပြီး အူလိုက်လေ၏။ လူအားလုံးသည် သူတို့ခြေထောက်များကို ရွှံ့ထဲတွင် ပိတ်မိနေသည်ဟုခံစားမိလိုက်ကြရ၏။ ဤမြေကို ဖန်တီးခဲ့သူသည် သူတို့ရှေ့ရှိ ကြီးမားသည့်ဝံပုလွေကြီးဖြစ်ပုံရ၏။ 


ကျန့်ယွင်သည် အနည်းငယ် စွေကြည့်လိုက်၏။ ဆွဲငင်အားထွက်လာသည်နှင့် တပြိုင်နက် မြေပြင်ပေါ်ရှိဝံပုလွေကို ဖိချလိုက်လေ၏။ ကြီးမားသော ဖိအားကြောင့် ဝံပုလွေသည် ညည်းညူပြီး တွားသွား‌လေ၏။


ထို့နောက် ကျန်းရှို့လျန်သည် သူတို့အားလုံးလွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်စေရန် လူတိုင်း၏ခြေအောက်ရှိ မြေကိုမာစေရန် စွမ်းအားကို ချက်ချင်းထုတ်လွှတ်လိုက်၏။


စုန့်ချန်ရှုထံမှ ထုတ်လွှတ်လိုက်သော ရေနွေးများသည် သူတို့ဆီသို့ နီးကပ်ရန် ရည်မှန်းထားသည့် ဝံပုလွေများကို ပူလောင်ကျွမ်းစေကာ အနီးသို့ ကပ်မလာရဲကြတော့ချေ။ ကျန့်ကျားဟယ်၏ဂေါက်ကလပ်သည် အလွန် ကြောက်စရာကောင်းပြီး ခုန်ရန်ရဲသည့် မည်သည့်ဝံပုလွေမဆို ၎င်း၏လမ်းကြောင်း ကျိုးပဲ့သွားမည်ဖြစ်သည်။


ထိုအချိန်တွင် စုရွေ့ကျယ်သည် နေရာလွတ်ထဲမှ ဆူးရှားစောင်းပင်တစ်ပင်ကို ဖြည်းညှင်းစွာထုတ်ယူလိုက်ပြီး သူ့ဘယ်ဘက်လက်ဖြင့်ကိုင်လိုက်ကာ အစိမ်းရောင်ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲလိုက်‌လေ၏။ ၎င်းသည် မကြာသေးမီကမှ ကျန့်ကျားဟယ်၏ အတွေးကြောင့် တီထွင်ခဲ့သော အပင်အခြေခံလက်နက်အသစ်တစ်ခုဖြစ်သည်။ လက်နက်အဖြစ်ပြောင်းလဲပြီးနောက် ၎င်းသည် အလွန်ထက်ရှလာပြီး သံမဏိကို ရွှံ့ကဲ့သို့ ဖြစ်တောက်နိုင်သည့် အကျိုးသက်ရောက်မှုရှိ၏။ 


စုရွေ့ကျယ်သည် ဓားရှည်ကို ကိုင်ထားပြီး သူ့ကို တိုက်ခိုက်လာသော ဝံပုလွေနှစ်ကောင်ကို လွှဲယမ်းခုတ်ပိုင်းလိုက်၏။ နောက်အခိုက်အတန့်တွင် ဝံပုလွေနှစ်ကောင်ကို နှစ်ပိုင်းခွဲပြီးသားဖြစ်သွားပြီး သွေးပူနွေးနွေးများက သူ့အပေါ်သို့ ရုတ်တရက် စင်ကုန်လေတော့၏။ 


စုရွေ့ကျယ် :.....


အနာဂတ်မှာ ဒီလက်နက်ကို လျှော့သုံးတာက ပိုကောင်းမယ်ထင်တယ်။


ယွီသုန်သုန်သည် ကြောင်ကလေးကို ကိုင်ထားပြီး အခြားသူများက အကာအကွယ်‌ပေးထားလေသည်။ သို့သော်လည်း ဝံပုလွေ‌ပေါက်ကလေးတစ်ကောင်သည် သူ့အားစိုက်ကြည့်နေလေ၏။ အဖွဲ့သည် အခြားဝံပုလွေများနှင့် ဖြေရှင်းနေချိန်တွင် ၎င်းသည် ယွီသုန်သုန်ဆီသို့ အလွန်လျင်မြန်စွာ ပြေးသွားလေ၏။ ယွီသုန်သုန်သည် သူ့ရှေ့ရှိ မျက်လုံးစိမ်းတစ်စုံနှင့် ပန်းပွင့်လေးတစ်ပွင့်ကို ခံစားလိုက်ရ၏။ ကလေးသည် ကြောက်ရွံ့စွာ နောက်ပြန်ဆုတ်သွားပြီး ဘာလုပ်ရမှန်းမသိတော့ချေ။


စုရွေ့ကျယ်သည် ချွေး‌အေးများဖြင့် ထိတ်လန့်သွားပြီး ချက်ချင်းပင် ဓားနှင့် ၎င်းကိုထိုးလိုက်လေ၏။ သူသည် ဝံပုလွေပေါက်လေးအပေါ် နက်ပြီး ရှည်လျားသော ဒဏ်ရာကို ဖြတ်လိုက်လေ၏။ ၎င်းသည် ဝံပုလွေပေါက်လေးအား အလွန်စိတ်ဆိုးသွားစေလေသည်။ သူသည် ထိုသို့ နာကျင်သွားသောအခါတွင် ယွီသုန်သုန်အားကိုက်ရန် ပါးစပ်ဖွင့်လိုက်လေ၏။


“မြောင် ”


ရှောင်ဟေးသည်သည် အလွန်သိက္ခာရှိသော ကြောင်ကလေးတစ်ကောင်၏ အသံဖြင့် အော်လိုက်သော်လည်း ဝံပုလွေကလေး၏ မျက်နှာကို ခြေသည်းတစ်ချောင်းနှင့် ရိုက်ပြီးနောက် ဝံပုလွေကလေးအား ပျံထွက်သွားစေကာ မြေပြင်သို့ ပြင်းပြင်းထန်ထန်ရိုက်မိသွားလေ၏။ 


ဝံပုလွေပေါက်သည် စုရွေ့ကျယ်ကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးဖြစ်၏။ ထိုကဲ့သို့ ရိုက်ခတ်မိပြီးနောက် နှစ်ချက်တွန့်ပြီးနောက် အသက်မရှုတော့ပေ။


“အာဝူး…” 


ဝံပုလွေများသည် တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကာ နောက်ဆုံးငါးကောင်သည် အော်ဟစ်ကာ လွတ်မြောက်သွားကြလေ၏။


သူတို့အားလုံးသည် ယွီသုန်သုန်၏လက်မောင်းထဲတွင်ကိုင်ဆောင်ထားဆဲဖြစ်သည့် ကြောင်နက်လေးကို ကြည့်လိုက်မိကြ၏။ ရှောင်ဟေးသည် မျက်လုံးများကို မှေးကျဉ်းထားပြီး သူ့ခြေသည်းလေးများကို လျက်နေချိန်တွင် သူ့ အားမာန်နှင့် ကျွမ်းကျင်မှုကို ဖုံးကွယ်ထားခဲ့လေ၏။


ထိုအရွယ်အစား ကြောင်လေးတစ်ကောင်သည် ဝံပုလွေတစ်ကောင်ကို အကြိမ်ပေါင်းများစွာ ရိုက်နှက်လိုက်၏။ ဝံပုလွေသည် ဒဏ်ရာရသွားခဲ့လျှင်တောင် ၎င်းသည် လက်တွေ့မကျဘူးဟုထင်ရသည်...


ရှောင်ဟေးသည် နောက်ဆုံးတစ်ကြိမ် ကျန့်ကျားဟယ်ကို ကိုက်လိုက်ပြီး ခန္ဓာကိုယ်ကို လဲလှယ်ပြီးနောက် သူ့စွမ်းရည်တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့တာ ဖြစ်နိုင်မလား။


သို့သော် ရှောင်ဟေးသည် ကြောင်တစ်ကောင်သာဖြစ်ပြီး သူတို့တွင်ကြောင်တစ်ကောင်ကို အများကြီးမျှော်လင့်ထားခြင်းမျိုးမရှိချေ။ ရှောင်ဟေးသည် အမှန်တကယ် စွမ်းအားကြီးသည်ဆိုရင်တော့ ၎င်းသည် ကောင်းသည့်အရာပင်။ ထိုသို့ မဟုတ်လျှင်လည်း ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါချေ။


စုရွေ့ကျယ်သည် လျှောက်သွားလိုက်ပြီး ပြုံးလျက် ရှောင်ဟေး၏ခေါင်းလေးကို လှမ်းကိုင်လိုက်ပြီး


“ ကောင်းပြီ၊ ငါတို့ပြန်ရောက်ရင် ငါးခြောက်ကျွေးမယ်”


“မြောင်”


ရှောင်ဟေးသည် သူနားလည်သကဲ့သို့ နူးနူးညံ့ညံ့လေးအော်လိုက်၏။


စုရွေ့ကျယ်သည် ဝံပုလွေအလောင်းကိုကြည့်ကာ ကျန့်ယွင်ဘက်သို့ ခေါင်းလှည့်ပြီး မေးလိုက်သည်။


“ကော၊ ဒီဝံပုလွေတွေရဲ့အသားက အဲဒီနည်းပညာနဲ့ လဲလှယ်ဖို့ လုံလောက်တယ်လို့ ခင်ဗျားထင်လား”


ကျန့်ယွင်သည် ဝံပုလွေများကို ကြည့်လိုက်၏။ ပိန်ပုံပေါ်သော်လည်း ၎င်းတို့သည် ကြီးမားကြ၏။ ၎င်းတို့ တစ်ကောင်စီသည် အနည်းဆုံး 70-80 ကျင်းရှိရမည်။ မြေပြင်ပေါ်ရှိ ထိုအရာအားလုံးပေါင်းသည် 1000 ကျင်းအထိရှိရမည်ဖြစ်သည်။ Jin ထောင်ချီသည့် အသားများသည် ဘယ်အရာအတွက်မဆို လုံလောက်ပါချေ၏။ 


“ဒါက လောက် လောက်တယ်။ ခန္ဓာကိုယ်တွေကိုသန့်ရှင်းပြီး ငါတို့နဲ့အတူ ယူသွားကြရအောင်”


ထို့နောက် သူတို့သည် ဝံပုလွေများ၏ကိုယ်များကို စုစည်းကာ ကားပေါ်သို့ သယ်ဆောင်သွားကြလေ၏။


“ခဏနေဦး” 


အမည်မသိလူတစ်ယောက်သည် ရုတ်တရတ် ဆူညံသံတစ်ခုထွက်လာလေ၏။ 


သူတို့ ကြည့်လိုက်သောအခါ လျင်မြန်စွာထွက်ပြေးသွားသောလူများ ပြန်လာကြပြီး သူတို့သည်ရပ်လျက် လောဘကြီးစွာ ဝံပုလွေသေများကို စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ကြရသည်။


“မင်းတို့ဘာလိုချင်လို့လဲ”


“ဒီဝံပုလွေတွေကို ငါတို့လည်း ဝေမျှသင့်တယ်”


“အိုး၊ ဘာလို့လဲ”


ချန်းကျောင်းသည် သူတို့အားအထင်အမြင်သေးစွာဖြင့် တစ်ချက်ကြည့်လိုက်၏။


“ဒီဝံပုလွေတွေကို ဖြေရှင်းဖို့အတွက် ငါတို့ညီအကိုတွေအများကြီးကို ဆုံးရှုံးခဲ့ရတယ်။ ငါတို့ ကြိုးကြိုးစားစား လုပ်ခဲ့ပေမယ့် ဘာမှမရဘူး”


ထိုလူသည် ဝံပုလွေကို သူတို့သတ်လိုက်သည်ဟု ပြောရမှာ ရှက်ရွံ့နေပြီး ထို့ကြောင့် သူတို့၏ ရလဒ်ဆိုးကိုရောင်းချခြင်းဖြင့် တစ်ပိုင်းတစ်စရအောင် ကြိုးစားခဲ့လေ၏။ 


“ဟားဟား၊ လွတ်မြောက်အောင် ဘယ်လို‌ပြေးရမှန်းပဲသိတဲ့ လူတစ်အုပ်က သူတို့ပါးစပ်ကို ဘယ်လိုဖွင့်ရမယ်ဆိုတာလည်းသိကြသားပဲ ” 


ချန်းကျောင်းသည် ရွဲ့စောင်းပြောလိုက်၏။


“ခွေးမ၊ နင် အဓိပ္ပာယ်မရှိတာပြော…အား” 


လူတချို့သည် အမျိုးသမီးတစ်ဦး၏ ကဲ့ရဲ့လှောင်ပြောင်ခြင်းကို မခံမရပ်နိုင်ဖြစ်ကြလေ၏။ သူတို့သည် ဆဲဆိုကြတော့မည်ဖြစ်သော်လည်း သူတို့၏ပါးပြင်တွင် စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ကြရလေ၏။ သူတို့သည် လက်ကိုမြှောက်ကာ မျက်နှာကိုကိုင်ကြည့်လိုက်ကြသောအခါ သွေးများထွက်နေသည်ကို တွေ့လိုက်ကြရသည်။


“နင်ဘာပြောလိုက်တာလဲ။ ဒီအဒေါ်က နင်ပြောတာကို ရှင်းရှင်းလင်းလင်း မကြားရဘူး”


ချန်းကျောင်းသည် ဆံပင်တွေကို လိမ်နေပြီး အရေပြားသည် ရယ်နေပြီး အသွေးအသားကတော့ မပြုံးနေချေ။


“ထပ်ပြောပါအုံး”


ချန်ကျောင်း သူမလက်ရွှေ့လိုက်သည်ကို ဘယ်သူမှ မမြင်ခဲ့ကြသော်လည်း သူမလုပ်လိုက်တာကိုတော့ လူတိုင်းသိလိုက်ကြ၏။


ထိုလူသည် ချွေးအေးများဖြင့် ရွှဲနေပြီး နောက် သူ့ရှေ့ရှိလူများအားလုံးသည် စွမ်းအားရှင်များဖြစ်ကြောင်း ရုတ်တရက်သတိရသွားလေ၏။


“ပါးစပ်ပိတ်ထား။ မင်း စကားမပြောနိုင်ရင် ဒီနေရာက တိတ်တိတ်ဆိတ်ဆိတ် ထွက်သွား” 


ဝံပုလွေကိုယ်ကို အရင်တောင်းသည့်လူသည် သူ့မျက်နှာကို ပါးရိုက်လိုက်ပြီး အဖွဲ့၏အဆုံးထိ တွန်းထုတ်လိုက်လေ၏။ ထို့နောက် ပြုံးနေသည့်မျက်နှာနှင့် ပြန်ကြည့်ကာ ပြောလာလေ၏။

 

“ဒီအရူးက စကားမပြောတတ်ဘူး။ ကျေးဇူးပြုပြီး သူ့ကိုစိတ်ထဲမထားပါနဲ့ ”


“ဟမ့်” 


ချန်းကျောင်းသည် အေးစက်စွာနှာမှုတ်လိုက်၏။ 


“ခင်ဗျားတို့၊ ဒီဝံပုလွေတွေအတွက် ငါတို့ညီအစ်ကိုတွေရဲ့အသက်ကို ဆုံးရှုံးခဲ့ကြရတာ။ နောက်ဆုံးတော့ ငါတို့အလှူတစ်ခုလုပ်ပြီးပြီပဲ။ ကျေးဇူးပြုပြီး ငါတို့ညီအစ်ကို‌တွေနဲ့ငါတို့မိသားစုတွေအတွက် ငါတို့ ဘယ်လောက်အနစ်နာခံခဲ့လဲဆိုတာ ကြည့်ပေးပါအုံး.... တချို့ကို မျှဝေကြရအောင်…” 


ထိုလူ၏ နောက်ဆုံးစကားသည် သူ့မျက်နှာ အနည်းငယ်ပူသွားသော်လည်း ၎င်းကို အခိုင်အမာ ပြောလိုက်၏။  


ကျန့်ယွင်သည် သူတို့ကိုဂရုမစိုက်ချင်သော်လည်း ဤလူများသည် ၀မ်မိသားစု သို့မဟုတ် ဟုန် မိသားစုနှင့် တွဲထားခြင်းဖြစ်နိုင်သည်ဟု သူထင်ခဲ့သည်။ နောက်ဆုံးမှာတော့ သူတို့သည် တာ၀န်များကို အာရုံစိုက်နေကြဆဲဖြစ်ပြီး ဝံပုလွေအသားများကလည်း လုံလောက်‌သည်။ သူတို့အား တချို့လောက်ပေးခြင်းအတွက် ကိစ္စမရှိပါချေ။


“အဲ့ဘက်ကဝံပုလွေကို ယူသွား”


ကျန့်ယွင်သည် မြေပြင်ပေါ်ရှိ ရှောင်ဟေး၏လက်ဖဝါးဖြင့် ကုတ်သတ်ခံခဲ့ရသော ဝံပုလွေပေါက်၏ကိုယ်ကို ညွှန်ပြလိုက်သည်။


ဝံပုလွေပေါက်သည် အရွယ်မရောက်သေးသော်လည်း သန္ဓေပြောင်းဝံပုလွေတစ်ကောင်လည်းဖြစ်သည့်အတွက် အနည်းဆုံး တစ်ကိုယ်လုံးသည် 30 သို့မဟုတ် 40 ကျင်း ရှိသည်။ 


ထိုလူများကြားတွင် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လေသည်။ ခွဲစရာများ အလွန်နည်းသော်လည်း ခေါင်းဆောင်သည် သူတို့ကို ရပ်တန့်စေလိုက်၏။ ဤလူများသည် ဖော်ရွေမှုမရှိသည်ကို သူမြင်နိုင်သည်။ သူတို့အဖွဲ့သည် လူအနည်းငယ်သာရှိသော်လည်း သန္ဓေပြောင်းဝံပုလွေအုပ်စုကို သတ်နိုင်ကြသည်။ သူတို့ ဒေါသထွက်ပါက သူတို့ပင်သတ်ပစ်ခံရနိုင်သည်။ သိကြတဲ့အတိုင်း အဆုံးမှာတော့ လူ့ဘဝဟာ အဖိုးနည်းဆုံးအရာဖြစ်လေ၏။ 


အနည်းငယ်‌သည် ဘာမှမရှိတာထက်တော့ ပိုကောင်းလေ၏။ အသားသုံးဆယ် သို့မဟုတ် လေးဆယ်ဂျင်းလောက်သည် ယွမ်ရာနှင့်ချီသည့် အကြွေစေ့များနှင့် လဲလှယ်ဖို့ လုံလောက်သည်။ ဒါဆိုရင် ညီအစ်ကိုများသည် ရက်အနည်းငယ်ကြာအောင် ထမင်းအပြည့် စားနိုင်တော့မည်ဖြစ်သည်။ မှားနေတာမရှိပါချေ။


“ကျေးဇူးအများကြီးတင်ပါတယ်” 


ထိုလူသည် ဝံပုလွေခန္ဓာကိုယ်ကို ကားပေါ်ရွှေ့ဖို့ တခြားသူများကို ကမန်းကတန်း လက်ယက်ခေါ်လိုက်၏။


ဝံပုလွေခန္ဓာကိုယ်များနှင့် ပြည့်နေသည့် ကားများနှင့်အတူ ကျန့်ယွင်နှင့်အဖွဲ့သည် ၀မ်ချန်း အခြေစိုက်စခန်းကို ပြန်သွားခဲ့ကြလေသည်။


ဂိတ်ပေါက်၌ သူတို့သည် မြို့ထဲကိုဝင်ဖို့တန်းစီကြရသည်။ မြို့ထဲမှထွက်ကာ ပစ္စည်းများစုဆောင်းသည့်အဖွဲ့များသည် မြို့ထဲသို့ ဝင်သောအခါ ပစ္စည်းတစ်ဝက်ပေးကြရ၏။ 


ယနေ့ မြို့တံခါးတွင် တာဝန်ကျသည့် လူတစ်စုသည် တခြားအုပ်စုတစ်စုဖြစ်၏။ သူတို့သည် ဟုန်မိသားစုမှ လာကြဟုပြောကြ၏။ ကျန့်ယွင်ထံမှ ဝံပုလွေတစ်ကောင် တောင်းခဲ့သူများသည် ဟုန် မိသားစုနှင့်တွဲပုံရသင့်သည်။ သူတို့သည် တံခါးစောင့်နှင့် စကားအနည်းငယ်ပြောဖို့ ရောက်လာပြီး သူတို့၏ရိက္ခာများကို မစုဆောင်းဘဲ မြို့ထဲသို့ တိုက်ရိုက်လွှတ်လိုက်ကြလေ၏။


၀မ်ချန်းရှိ ထိုတပ်ဖွဲ့များသည် မြို့တံခါးကို အလှည့်ကျ စောင့်ကြပ်နေကြပုံရ၏။ သူတို့ရရှိသည့်အရာများသည် မိသားစုတစ်ခုစီ၏၀င်ငွေဖြစ်၏။ ဟုန်မိသားစု၏အဖွဲ့များသည် ပစ္စည်းများနှပေးဆောင်ရန် မလိုအပ်သည်မှာ အံဩစရာမဟုတ်ချေ။ ထိုနည်းလမ်းဖြင့် လူများကိုပူးပေါင်းပါဝင်ရန်ဆွဲဆောင်ပြီး သူတို့၏အင်အားချဲ့ထွင်သည့်နည်းလမ်းလေဖြစ်သည်။ 


ကျန့်ယွင်သည် သူတို့အလုပ်ကြိုးစားပြီး ပြန်သယ်လာသောအရာများကို တဝက်ခွဲပေးရန် မလိုလားချေ။ သူနှင့်စုရွေ့ကျယ်သည် ကားကိုစောင့်ကြည့်ရန် အပြင်တွင်နေကြလေ၏။ ချန်းချီနှင့် ချန်းကျောင်း တို့သည် အမြန်ဆုံး လွှဲပြောင်းပေးရန် မြို့ထဲသို့သွားကာ ကွမ်းဟုန်ကိုရှာလေ၏။


ချန်းချီနှင့်ချန်းကျောင်းတို့ မြို့ထဲသို့ဝင်ပြီး ဟိုတယ်သို့သွားကာ ကွမ်းဟုန်ကိုရှာတွေ့ခဲ့ကြသည်။ သူတို့သည် သန္ဓေပြောင်းဝံပုလွေများနှင့် ဆုံခဲ့ကြောင်းသူ့အားပြောလိုက်၏။ ယခု ကျင်းထောင်နှင့်ချီသည့်ဝံပုလွေအသားများကို ပြန်ယူလာခဲ့ကြသည်။မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို သင်ယူရန်အတွက် ဝံပုလွေအသားကို 'ကုန်ကျစရိတ်' အဖြစ် အသုံးပြုနိုင်မလားဆိုသည်ကို ၀မ်ချန်းအခြေစိုက်စခန်းအား မေးမြန်းရန် တောင်းဆိုခဲ့ကြ၏။


ကွမ်းဟုန်သည် ဒေသခံမြို့စောင့်တပ်ကို ချက်ချင်းဆက်သွယ်ခဲ့ပြီး နယ်မြေခံတပ်သည် လုမိသားစုကို ဆက်သွယ်ခဲ့ကြသည်။ လုမိသားစုသည် ၀မ် မိသားစုနှင့် ဟုန်မိသားစုကို ထပ်မံအကြောင်းကြားခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့သဘောတူခဲ့ကြ၏။ 


သန္ဓေပြောင်းတိရစ္ဆာန်များ၏အသားသည် စားလို့ကောင်း၏။ ထူထဲသည့်အမွေးများကို မပြောဘဲနှင့်ဆို အရသာရှိ၏။ ၎င်းကို သားမွေးအင်္ကျီထဲ ထည့်လုပ်ထားမည်ဆိုပါက လုံးဝအအေးဒဏ်ခံနိုင်လိမ့်မည်။ ယခုနွေရာသီမှာတော့ အလွန်ပူနေပြီး ဆောင်းရာသီတွင် လွယ်ကူလိမ့်မည်ဟုမထင်ကြချေ။ စောစောပြင်ဆင်ထားခြင်းသည် အမြဲတမ်းမှန်၏။ 


နယ်မြေခံမြို့စောင့်တပ်အပြင် မိသားစုသုံးစုတို့ကလည်း သူတို့နှင့်သက်ဆိုင်သည့် ဝံပုလွေအသား ကီလိုဂရမ်ထောင်ပေါင်းများစွာကို လက်ခံရယူရန်အတွက် သူတို့၏ကိုယ်စားလှယ်များကို မြို့ပြင်သို့ စေလွှတ်ခဲ့ကြသည်။


၀မ်ရွှီရုန်သည် ဝမ်မိသားစုမှစေလွှတ်လိုက်သော ကိုယ်စားလှယ်ဖြစ်၏။ စစ်ထရပ်ကားပေါ်ရှိဝံပုလွေအလောင်းပုံကြီးကို မြင်သောအခါ သူသည်မျက်မှောင်မကြုတ်မိဘဲ မနေနိုင်တော့ချေ။


“ ဒါတွေအားလုံး မင်းတို့သတ်ခဲ့တာလား ”


“ဟုတ်ပါတယ်”


ကျန့်ယွင်သည် ပြုံးလျက် ပြန်ဖြေလိုက်၏။ 


၀မ်ရွှီရုန်သည် ကျန့်ယွင်တို့အဖွဲ့၏ အနီရောင် တံဆိပ်များကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်တောက်ပနေသောမျက်လုံးများဖြင့် ပြောလာခဲ့လေ၏။ 


“ကောင်းလိုက်တဲ့ ကျွမ်းကျင်မှု။ မင်းတို့ ၀မ်ချန်းအခြေစိုက်စခန်းမှာ နေချင်ကြလား။ ငါတို့ မင်းတို့ကို အကောင်းဆုံး ဆက်ဆံပေးနိုင်ပါတယ်။”


ကွမ်းဟုန်သည် ထိုစကားကို ကြားလိုက်သောအခါ သူ့မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားလေ၏။ ၀မ်ရွှီရုန်က သူ့ရှေ့မှာပဲ သူတို့အခြေစိုက်စခန်းကလူတွေကို ခိုးယူချင်နေတာလား။ သူတို့တကယ်ကို တောင်ပိုင်းအခြေစိုက်စခန်းကို မျက်လုံးထဲ မထည့်ထားတာပဲ။ 


သို့သော် ကွမ်းဟုန် စကားမပြောခင်မှာပင် ကျန့်ယွင်သည် ငြင်းပယ်ပြီးသားဖြစ်နေလေ၏။


 “မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မလိုအပ်ပါဘူး” 


၀မ်ရွှီရုန်၏ သံလွင်ခက်ကို တစ်စုံတစ်ယောက်မှ မယဉ်ကျေးစွာ ပြန်လှန်ပစ်ခြင်းခံလိုက်ရပြီး သူ့မျက်နှာသည် ချက်ချင်းကြည့်မကောင်းတော့ချေ။ သို့သော်လည်း လက်ရှိနေရာတွင် ဟုန်မိသားစုနှင့် လုမိသားစုများရှိနေသေးသည်။ သူဘယ်လို သူ့ကိုယ်သူထိန်းကျောင်းရမည်ဆိုသည်ကို သိသောကြောင့် သူစကားထပ်မပြောတော့ချေ။


ဝံပုလွေအလောင်းများကို အောက်ချလိုက်ပြီး ချိန်တွယ်လိုက်ကြပြီးနောက် အလေးချိန် ကျင်း 1400 ကျော်ရှိ‌၏။ ထိုလောက်များသည့် အသားများရှိပါက ပစ္စည်းများအဖြစ်သို့ ပြောင်းလိုက်လျှင် ကြီးမားသည့် ကိစ္စပင်။ မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို လေ့လာဖို့ရန်လုံလောက်သည်မှာ သေချာပေ၏။



စာရေးသူတွင် ပြောစရာရှိပါတယ်:


【လမ်းမပေါ်ကပြဇာတ်ငယ်လေး】


အရူးစုန့် : ဒီအခန်းက စားဖို့အသားရှိတယ်နော်။ 


စုရှောင်ကျယ် : အသား။ ကျွန်တော်လိုချင်တယ်။ 


ကျန့်ရှောင်ယွင် : ရှောင်ကျယ် အသားစားချင်လို့လား။ မတတ်နိုင်ဘူး၊ အချစ်ကလေးစိတ်ကျေနပ်ဖို့ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံရုံပဲရှိတယ်။


ညနေပိုင်းတွင်...


ကျန့်ရှောင်ယွင် : ရှောင်ကျယ်၊ အသားစားချင်‌လား။


စုရှောင်ကျယ် : ဟုတ်။ 


ကျန့်ရှောင်ယွင် : စောင့်၊ ကိုယ်အရင်ဆုံးပူအောင်လုပ်လိုက်မယ်။ မစိုးရိမ်နဲ့။


စုရှောင်ကျယ် : ပူအောင်လုပ်မယ်။ အသားကို အပူပေးရမှာလား။ ကျွန်တော်လုပ်နိုင်တယ်။ စောင့်အုံး။ ခင်ဗျားဘာလို့ အ၀တ်တွေချွတ်နေတာလဲ။ ခင်‌ဗျား ဒိုက်သွားထိုးမလို့လား။


ကျန့်ရှောင်ယွင် : ဟဲဟဲ၊ မင်းအသားမစားချင်ဘူးလား။ ပူပြီ၊ လာခဲ့၊ လာစားတော့။


စုရှောင်ကျယ် : ဒေါက်တာစုန့်၊ ကျန့်ရှောင်ယွင်ရူးနေပြီ။ လာပြီး သူ့ဦးနှောက်ကို ရေအေးအေးနဲ့ချိုးပေးပါအုံး။