အပိုင်း၈၇
Viewers 14k

Chapter 87

Chapter 87


ကျန့်ချွယ်က မထိန်းနိုင်ဘဲ ဟယ့်ကျိုး၏ နောက်ကိုပုတ်ကာ ညည်းညူလိုက်သည်။


" ဘာလို့သူ့ကို အဲ့လိုပြောဖို့ အခွင့်အရေး ပေးလိုက်တာလဲ"


ဟယ့်ကျိုးက သူ့ဖုန်းကို ခုံထဲသို့ အသံမြည်အောင် ပစ်ထည့်လိုက်ပြီး နောင်တရစွာ ပြောလိုက်သည်ဟ


" အဲ့အကြောင်း မပြောနဲ့တော့ ​Fight The Landlord ပဲကစားကြမယ်"


ယင်းကျောင်းက ခွေးစာကျွေးပြီးနောက် စိတ်ကောင်းဝင်နေသဖြင့် စာအုပ်ကိုယူပြီး အဖြေတွေကို စဖြေနေလိုက်သည်။


ညနေပိုင်း ဒုတိယအကြိမ် ကိုယ်ပိုင် စာကြည့်ချိန် ကျောင်းခေါင်းလောင်းထိုးချိန်တွင် တန်းခွဲ 7 မှကျောင်းသားများမှာပျော်ပါး နေတုန်းပင် ဖြစ်ကာ ဆရာလျိုက အတန်းထဲသို့ တံခါးဖွင့်ဝင်လာလေသည်။ 


တချို့ ရန်ဖြစ်နေသော ကျောင်းသားကောင်လေးများကို ဆူဆုံးမပြီးနောက် ကျင်းစစ်ခုံကို ခေါက်လိုက်သည်


" ကျင်းစစ် အပြင်ထွက်ခဲ့"


ကျင်းစစ်က လက်ထဲမှ ဘောပင်ကို ချလိုက်ပြီး ဆရာလျိုနောက်သို့ လိုက်ကာ အတန်းပြင် ထွက်လိုက်၏။


အတန်း၏ တံခါးပိတ်သွားလျှင် ဆရာလျိုက သူပြောချင်သော အဓိက အကြောင်းအရာကို တိုက်ရိုက်ပြောလိုက်သည်။


" ဆရာမင်းကို သတင်းကောင်းပြောမလို့ မင်းအတွက် ဆုချမယ့် အစီအစဥ်ကို ဒီနေ့ပဲ ဆုံးဖြတ်လိုက်ပြီ"


သူက ကျင်းစစ်ရဲ့ ပျော်ရွှင်မှုကို မတုံ့ဆိုင်းစေချင်သည့် အတွက် ဆက်ပြောလိုက်၏။


" အစိုးရက မင်းကို ယွမ် သုံးသောင်း နဲ့ ကျောင်းက ယွမ် ရှစ်သောင်း ဆုချမယ် "


ကျင်းစစ် မျက်လုံးများက တောက်ပသွားသည် ။ သူ့အတွက် အပြတ်လတ်ဆုံးက ပိုက်ဆံပင်။


သူက ယင်းကျောင်းအပေါ် မရိုးသားချင်တာလည်းမဟုတ် ကြောင်သူတော်ယောင်ဆောင်တာလည်း မဟုတ်ပေ။ သူ့တွင် ဝင်ငွေမရှိသောကြောင့် အင်အားမဲ့တယ်လို့ ခံစားရရုံတင်ဖြစ်၏။ သူလည်း ယောင်္ကျား တစ်ယောက်ဖြစ်သောကြောင့် သူ့ချစ်သူအတွက် အကောင်းဆုံးများသာ ပေးချင်သည်။


အရင် တစ်ခေါက်က ယင်းကျောင်းခရီးသွားဖို့ ပြောခဲ့ချိန်တွင် သူတွင်သာ ပိုက်ဆံရှိပါက သူလုံးဝ တုံ့ဆိုင်းမနေဘဲ ချက်ချင်း သဘောတူမည် ဖြစ်သည်။


"ကျေးဇူးပါ ဆရာ"


ဆရာလျိုက သွားပေါ်အောင်ပြုံးလိုက်ပြီး သူ့လက်ကိုဝှေ့ရမ်းပြလိုက်သည်။


"ဒီနှစ်မတိုင်ခင် ငွေတွေကို ထုတ်ပေးလိမ့်မယ် ပြီးရင် ဘဏ်ကတ် နံပါတ်ကို ဆရာ့ဆီပို့လိုက် " ဆရာလျိုက ရပ်တန့်လိုက်ပြီးနောက် အလေးအနက်ထား ပြောလာသည်။


" မင်းမိဘရဲ့ ကတ်ကို ယူလာခိုင်းတယ် ဆိုတာ မင်းကို မယုံလို့ မဟုတ်ဘူး အဲ့ဒါက မင်းအသက်အရွယ်နဲ့မလိုက်အောင် များလွန်းနေလို့"


ကျင်းစစ်၏ ကိုယ်ခန္တာက ရုတ်တရက် အေးခဲသွားပြီး ခေါင်းငုံ့ကာ ဘာမျှမပြောချေ။


ဆရာလျိုသည် သူမလုပ်ချင်ဘူးလို့ တွေးလိုက်သောကြောင့် ပြုံးကာ ပြောလိုက်သည်။


" မင်းမိဘတွေ မင်းအတွက် သိမ်းပေးထားတယ်လို့ တွေးလိုက်လေ နောက်ကျရင် မင်းပြန်တောင်းပေါ့"


သူသည် တည်ငြိမ်ကာ ရင့်ကျက်ပုံပေါက်သော်လည်း ကလေးတစ်ယောက်သာ ဖြစ်နေသေးသောကြောင့် ဝေဖန် ပိုင်းခြား စဥ်းစားတတ်မည် မဟုတ်သေးပေ။


ကျင်းစစ်က နူးနူးညံ့ညံ့လေး မေးလိုက်သည်။


" ကျွန်တော့်ရဲ့ ကတ်ကိုပဲ ပို့လို့ရမလား"


ဆရာလျိုက တင်းကျပ်စွာ ပြောလိုက်သည်။


" မရဘူး"


ကျင်းစစ် တိတ်ဆိတ်နေတာကို မြင်သောအခါ ဆရာလျို ရယ်လိုက်ပြီး အပေးအယူလုပ်လိုက်သည်


" မင်းရဲ့ ကိုယ်ပိုင် ကတ်ထဲကို ပို့စေချင်ရင် မင်းအဖေ ဒါမှမဟုတ် အမေကို ဆရာ့ဆီဖုန်းခေါ်ဖို့ ပြောလိုက် ပြီးရင် ဆရာသဘောတူပေးမယ် "


ကျင်းစစ် နိုင်ငံ့လေ့ကျင့်ရေးအသင်းထဲဝင်ပြီးနောက်  သူစာမေးပွဲနှင့် ရွေးချယ်ရသောကြောင့် အချိန်များက အရမ်းတင်းကျပ်နေလေသည်။ ဆရာလျိုက သူ့အချိန်တွေကို မကုန်စေချင်တာကြောင့် သူ့ပခုံးကို ပုတ်လိုက်ကာ သူ့အတန်းသို့ပြန်ကာ စာဆက်လုပ်ရန် ရန် ပြောလိုက်သည် ။


ကျင်းစစ် မရွေ့ပေ။


ဆရာလျိုက အနည်းငယ် မျက်မှောင်ကြုံ့လိုက်ပြီး တစ်ခုခု ပြောတော့မည့် အချိန်တွင် ကျင်းစစ်ပြောသံ ကြားလိုက်ရလေသည်။


" ကျွန်တော့် ... ကျွန်တော့် အဖေက"


သူမျက်လုံးမှိတ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။


" ကျွန်တော့် အဖေက ကျွန်တော့်အတွက် အသုံးစရိတ်တွေကို ဖြတ်လိုက်တယ် "


ဆရာလျိုက သူ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး မေးလိုက်သည်။


"မင်း ဘာပြောလိုက်တယ်"


ကျင်းစစ်က သူ၏ ရှက်ရွံ့မှုများကို အောင့်အီးသည်းခံလိုက်ကာ ဆရာလျိုကို ကိစ္စ အစအဆုံးကို မပြောင်းလဲသော အမူအရာဖြင့် ရှင်းပြလိုက်လေသည်။


ဆရာလျိုသည် အစပိုင်းတွင် အံ့အားသင့်နေသေးသော်လည်း နောက်တွင် ဒေါသ ထွက်သွားရ၏။


အကယ်၍ ကျင်းစစ်၏ စကားများကြောင့်သာမဟုတ်လျှင်... အကယ်၍ သူနှင့် ပြောဆို ဆက်ဆံခဲ့ဖူးသောကြောင့်သာ မဟုတ်လျှင်... အဖေတစ်ယောက်က အသက်မပြည့်သေးတဲ့ သားအတွက် အသုံးစရိတ်ဖြတ်လိုက်မည်ဟု သူယုံကြည်လိမ့်မည် မဟုတ်ပေ။


ဆရာလျိုက အသက်ပြင်းပြင်းရှုလိုက်ပြီး သူ့နှလုံးသားထဲမှ ဒေါသများကို သည်းခံလိုက်ကာ ပြောလိုက်သည်။


" ဆရာနားလည်ပြီ ပိုက်ဆံကိစ္စကို စိတ်မပူနဲ့တော့ "


သူခဏရပ်ပြီး ဆက်ပြောလေသည်။


" ဒီကိစ္စကို ဆရာတစ်ယောက်ပဲသိမယ်ဆိုတာ ဆရာအာမခံတယ်"


သူက အတန်းထဲတွင် ရှက်တတ်သော ကျောင်းသားလေးဖြစ်သည့်အတွက် ဆရာလျို အာရုံမစိုက်ဘဲ မနေနိုင်ချေ။ ကျင်းစစ်က အရမ်းကို အရေပါးတဲ့ ကောင်လေးဆိုတာ ဆရာလျို အစောကြီးကတည်းက သိရှိခဲ့လေသည်။


ဆရာလျို မတတ်နိုင်ဘဲ အနည်းငယ် နောင်တရသလို ခံစားလိုက်ရသည်။ သူသာ စောစော သဘောတူခဲ့ပြီး မေးခွန်းတွေ အများကြီးမမေးဘဲ နေတာကမှ ကောင်းဦးမည်။


ဤကလေးက သူခက်ခက်ခဲခဲ ဖုံးကွယ်ထားရသည့်အကြောင်းများကို အခြားသူများကို ပြောမိသည့်အတွက် ခံစားချက်ကောင်းမည် မဟုတ်ပေ။


ကျင်းစစ်၏ မျက်နှာပေါ်တွင် ပုံမမှန်တာ မရှိဘဲ အရင်ကကဲ့သို့ပင် အမူအရာမရှိ ဖြစ်နေကာ ဆရာလျိုကို  ကျိုးနွံစွာ ကျေးဇူးတင်စကားဆိုလိုက်သည်။


" ကျေးဇူးပါ ဆရာ"


"ရပါတယ် " ဆရာလျိုက သက်ပြင်းချပြီးနောက် ခဏရပ်တန့်ကာ ဆက်ပြောလိုက်သည်။


"အနာဂါတ်မှာ မိဘတွေရဲ့ ဆက်သွယ်ရမယ့် လိပ်စာဖြည့်စရာရှိရင် ဆရာ့ဟာကိုသာဖြည့်လိုက်"


ကျင်းစစ် အံ့အားသင့်သွားရသည်။


ဆရာလျိုက ရယ်ပြီးပြောလိုက်သည်။


"အနှောက်အယှက်ဖြစ်စေတယ်လို့ မတွေးနဲ့ ဆရာက အရမ်းပျော်တာ ဒီတစ်ကြိမ် နိုင်ငံ့လေ့ကျင့်ရေး အသင်းရဲ့ သက်ဆိုင်ရာကြော်ငြာလိုပေါ့ ဆရာကျောက်ကို ငါခေါ်ခဲ့တယ်မလား အဲ့ဒါက ရိုးရှင်းတဲ့ ပြောင်းလဲမှုလေးပဲ..."


ကျင်းစစ်၏ နှာခေါင်းများက စပ်လာကာ အားမာန်အပြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


ကျင်းစစ် သူ့ခုံသို့ပြန်ထိုင်တာကို ကြည့်ပြီးနောက် ဆရာလျိုသည် ပြတင်းပေါက်ဘောင်ကို ရိုက်ချလိုက်မိကာ သူ့နှလုံးသားထဲရှိဒေါသများက မထိန်းနိုင်တော့ဘဲ သူ့မျက်နှာတွင် ပေါ်လာသည်။


ကျင်းစစ်ရဲ့ ပြင်းပြသော ဆန္ဒကြောင့်သာ အခုလိုအဆင်ပြေနေခြင်းဖြစ်၏။ ငယ်ရွယ်သေးသောအချိန်တွင် သူက သူ့ကိုယ်သူ ထောက်ပံ့ရန်အတွက် ဘောနပ်စ်များကိုသာ အားကိုးနေရသည်။ 


အကယ်၍ ကျင်းစစ်သာ သာမန်ကျောင်းသားဖြစ်လျှင် မည်သို့ လုပ်မည်နည်း...


အသက် 17 18 အရွယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီးအထင်ကြီးတတ်ကြတဲ့ အရွယ်မလား... ဒီအရာက ကလေးရဲ့ ဘဝကို အနှောက်အယှက် ဖြစ်သွားစေမလား...


ဆရာလျိုက ရုတ်ရင်းကြမ်းတမ်းသော စကားများကို မထိန်းချုပ်နိုင်တော့သဖြင့် ခပ်တိုးတိုးဆဲရေးလိုက်ပြီးနောက် ကျင်းစစ် အဖေကို အနာဂတ်တွင် သတိနှင့်သာ ဆက်ဆံပြီး ကျင်းစစ်ကို လာရောက်နှောက်ယှက်ခွင့် ပြုမည်မဟုတ်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။


ဒုတိယ ကိုယ်ပိုင်စာကြည့်ချိန်အပြီးတွင် ယင်းကျောင်းနှင့် ကျင်းစစ်က အဆောင်သို့ အတူပြန်သွားကြသည်။


"လူအိုကြီးလျိုက မင်းကို ဘာလို့ လာရှာတာလဲ" 


ကျင်းစစ် စာလေ့လာနေတာကို နှောက်ယှက်မိမည် စိုးသဖြင့် ယင်းကျောင်းက အတန်းထဲတွင် မမေးခဲ့ပေ။


သူ့မိသားစု၏ ဆိုးရွားသော ကိစ္စများကို အသိ ပေးလိုက်ရသော်လည်း ဆရာလျို၏ စိုးရိမ်ပူပန်းမှုနှင့် ဘောနပ်စ် ရမှုတို့ကြောင့် သူရဲ့ ရှက်ရွံမှုများကို ပျောက်ကွယ်စေသည်။ ကျင်းစစ်က ယင်းကျောင်းကို မော့ကြည့်လိုက်ချိန်တွင် သူ့နှုတ်ခမ်းထောင့်စွန်းလေးများကမူ ထိန်းချုပ်မရနိုင်စွာ မြင့်တက်သွားလေသည်။


ကျင်းစစ် အရမ်းပျော်နေသည်မှာ ရှားပါး၏။ ကျင်းစစ်၏ အပြုံးများကြောင့် ယင်းကျောင်း၏ နှလုံးသားမှာလည်း ပျော့ပျောင်းနူးညံ့သွားရသည်။


" ကြည့်ရတာ ကောင်းတဲ့ ကိစ္စ ဖြစ်မယ်နဲ့တူတယ်"


"အင်း" 


ကျင်းစစ်က ခေါင်းငြိမ့်လိုက်ပြီး သူ့ကို ဘောနပ်စ် အကြောင်းပြောပြလိုက်၏။ 


"စုစုပေါင်း တစ်သိန်းသုံးသောင်းယွမ် ကောလိပ် ပထမဦးဆုံး နှစ်နှစ်စာအတွက်တော့ လုံလောက်ပြီလေ"


ယင်းကျောင်းက ကြောင်တောင်တောင် ဖြစ်သွားရသည် ။ သူ့မိသားစုဝင် အတန်းဖော်လေးက အမှန်အကန်ပင် ချမ်းသာခြင်းရဲ့ သရုပ်ပြမှုလေး ဖြစ်ရပေမည် ။


" ကျင်းရှန်းက အရမ်း​တော်တာပဲ" 


ယင်းကျောင်းက သူ့ခေါင်းကို ပွတ်ပေးကာ သူအတွက် ပျော်နေမိသည်။


"ကိုယ့်မိသားစုထဲမှာ မင်းကအတော်ဆုံးပဲ"


ကျင်းစစ်က ရှက်ရွံ့စွာ ပြုံးလိုက်မိသည်။ ယခု သူ့ပိုက်ဆံအိတ်က ဖောင်းနေပြီ ဖြစ်သောကြောင့် သူ့ပိုက်ဆံများကို ယင်းကျောင်း အတွက်သာ အထူးသဖြင့် သုံးချင်သည်။ သူ ယင်းကျောင်းကို တစ်ခုခု လိုချင်တာရှိလားဟု မေးတော့မည့် အချိန်တွင် ယင်းကျောင်း ပြောသံကြားလိုက်ရသည်။


" မင်းက ကိုယ့်ကို အရင် ထောက်ပံ့ပေးနိုင်မယ့် ပုံပဲ"


ကျင်းစစ်မျက်လုံးများက ရုတ်တရက် တောက်ပသွားတော့သည်။


" မင်းဘာလိုချင်လဲ"


သူရဲ့ စိတ်မရှည်သော မျက်နှာလေးကို တွေ့သောအခါ ယင်းကျောင်း ရယ်လိုက်ပြီး မငြင်းဘဲ ပြောလိုက်သည်။


" အင်း..... ကိုယ် ချိုချဥ်စားချင်တယ် အခုနောက်ပိုင်း ကိုယ် ဆေးလိပ်သောက်တာလည်း ဖြတ်လိုက်ပြီဆိုတော့ ကိုယ့်ပါးစပ်က နေသားမကျသေးဘူးရယ်"


ကျင်းစစ် ချက်ချင်းပြောလိုက်သည်။


" အဲ့ဒါဆို ငါမင်းအတွက် ဝယ်ပေးမယ်"


"အိုကေ"


ကျင်းစစ်မှာ အဆောင်သို့ ပြန်ရောက်ရန် မစောင့်နိုင်တော့ချေ။ ထို့မှသာ ဘယ်ချိုချဥ် အကောင်းဆုံးလဲလို့ အင်တာနက်ပေါ်တွင် ရှာနိုင်ရန် ဖုန်းကို ထုတ်နိုင်မည် ဖြစ်သည်။ သူ့ခြေလှမ်းများက အလိုလို မြန်လာသည်။ သူ့မျက်လုံးထောင့်များနှင့် မျက်ခုံးများကမူ ပျော်ရွှင်မှုရဲ့အစစ်အမှန်သရုပ်ကို ပြသနေ၏။


ယင်းကျောင်းက သူရဲ့ မျက်နှာပေါ်ရှိ အပြုံးကို ကြည့်ကာ သူပါ ပျော်ရွှင်လာရသည်။


ညနေခင်းတွင် ကျင်းစစ် ရေချိုးပြီးနောက် ညအိတ် ဝတ်စုံများလဲနေချိန်တွင် ယင်းကျောင်းက ကျင်းစစ်ကို သူ့အဆောင်သို့ ဆွဲခေါ်သွားလိုက်သည်။


လီကျိုးက သူတို့နှစ်ယောက်၏ နောက်ကျောကို ထုံထိုင်းနေသော အမူအရာနှင့်ကြည့်လိုက်ပြီး အခန်းတံခါးကို သော့ခတ်လိုက်တော့သည်။


တချို့အကြောင်းများကြောင့် သူ့စိတ်ထဲတွင် အတွေးတစ်ချို့ပေါ်လာရ၏ : ဂေးဖြစ်ရတာ တကယ်ကောင်းတယ် ဌာနမှူးဆီက အဖမ်းမခံရတဲ့အပြင် ညဘက်မှာလည်း အတူတူအိပ်လို့ရတယ် အဲ့ဒါက ကောင်မလေးရှာတာထက် ပိုပြီးအဆင်ပြေတယ် !


တုန်းဟိုင်ပြည်နယ်စုကျောင်းသည် ည ဆယ်တစ်နာရီတွင် မီးမှိတ်သောကြောင့် ကျင်းစစ်မှာ ဝဘ်ဆိုဒ် စာမျက်နှာ အချို့ကို မိနစ်အနည်းငယ်ကြည့်ကြာအောင် ကြည့်နေချိန်တွင် အခန်းမီး မှိတ်သွားလေသည်။


"အိပ်တော့" 


ယင်းကျောင်းက သူ့လက်ထဲမှ ဖုန်းကို ယူလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။


" အလျှင် မလိုပါနဲ့ ကိုယ်တို့​ ဆောင်တွင်းအားလပ်ရက်မှာ အပြင်ထွက်လည်ပြီး ရွေးလို့ရပါတယ် "


ကျင်းစစ်က ခဏလောက် တွေးလိုက်ပြီးနောက် မဆိုးဘူးဟုတွေးကာ ခေါင်းငြိမ့်ပြီး ဖိနပ်ချွတ်ကာ အိပ်ယာပေါ်တက်လိုက်၏။


အဆောင်ထဲရှိ အိပ်ယာက အလွန်သေးငယ်ပြီး သူတို့နှစ်ယောက်ကမူ ခြေတံလက်တံရှည်ကာ တစ်ယောက်ကို တစ်ယောက် ဖက်ထားရန် ပြောစရာမလိုပင် ဖြစ်သွားကြသည်။


ကျင်းစစ်သည် လွန်ခဲ့သောရက်များမှ အကြောင်းအရာများကို တွေးလိုက်မိပြီးနောက် သူ့နှလုံးသားလေးမှာ အနည်းငယ် ပျာယာခတ်သွားလေသည် ။ ယခုကဲ့သို အကွာအဝေးပင် မရှိဘဲ ပူးကပ်နေသော အထိအတွေ့က အကောင်းဆုံးပင် ဖြစ်သည်။


ငါ ယင်းကျောင်းကို လှုပ်စရာမလိုဘဲ ထိနေလို့ရပြီ သူ့အသက်ရှူသံကိုလည်း ကြားနေရတယ်...


ဟူး အသက်ကို မှန်မှန်ရှူ...


ကျင်းစစ်က ဖြေးညှင်းသော အသက်ရှုသံကို နားထောင်နေရင်းမှ သူ့ခြေထောက်ကြားမှအရာကို ခံစားလိုက်ရပြီးနောက် ထိတ်လန့်တုန်လှုပ်သွားသည်။


သူ မထိန်းနိုင်ဘဲကိုယ်ကို ကြုံ့ကာ ရွေ့လိုက်ချိန်တွင် ယင်းကျောင်းက သူ့ကို ပြန်ဆွဲခေါ်လိုက်သည် ။


"ဘာလို့ ပုန်းချင်နေရတာလဲ"


"မင်း..." 


ကျင်းစစ်မျက်နှာမှာ အငွေ့ပျံတော့မတတ် ပူနွေးလာပြီး သူ့ခြေတွေလက်တွေကို ဘယ်နားထားရမည်မှန်း မသိတော့ကာ အထစ်ထစ် အငေါ့ငေါ့ဖြင့် ​မေးလိုက်၏။ 


"မင်းပဲ ခုနက အိပ်တော့လို့ပြောတယ်မလား"


ယင်းကျောင်းက ငြင်သာစွာ တခစ်ခစ် ရယ်ပြီး ပြောလိုက်သည်။


"အင်းလေ"


"အဲ့ဒါဆို ဘာလို့..." 


ယင်းကျောင်းက သူ့အောက်နှုတ်ခမ်းကို လျက်လိုက်ပြီး လူယုတ်မာ တစ်ယောက်လို အရှက်မဲ့စွာ ပြောလိုက်သည်။


"လုပ်စမ်းပါ ကျင်းရှန်းရေ မင်းလူတွေပြောကြတာကို မကြားဖူးဘူးလား"


ကျင်းစစ်က သူပြောသော အဓိပ္ပါယ်ကို မသိသောကြောင့် ခပ်တွေတွေလေးမေးလိုက်မိသည်။


" ဘာများလဲ"


"ရုပ်ပိုင်းဆိုင်ရာ အချစ်တွေက ဖုံးကွယ်လို့ မရဘူးတဲ့"


ယင်းကျောင်းက သူ့ကို လက်မောင်းထဲမှာ ဖိထားလိုက်ပြီး ညင်သာစွာပြောလိုက်သည်။


" အဲ့ဒါကြောင့် လိမ္မာပါကွာ ကိုယ်က အခုဝန်ခံနေတာ"


ကျင်းစစ် : "..."


__


စာရေးသူမှာ ပြောစရာရှိတယ်~


ပြဇာတ်ရုံငယ်ထဲတွင်_


အစ်ကိုကျောင်း : နေ့စဥ် ဝန်ခံချစ်စကားပြောတယ်ဆိုတာ သူတို့ရဲ့ ခံစားချက်တွေကို တည်ငြိမ်ဖို့နဲ့ လိုက်လျောညီထွေဖြစ်ဖို့ အတွက် လိုအပ်တယ်


___


Translated By IQ-Team.