အပိုင်း၈၉
Viewers 12k

Chapter 89

Chapter 89


သူ မြန်မြန် ပြောလိုက်သည်။


"သူတို့ ပါမောက္ခ အပြင်မှာ မနက်စာစားနေတာ ပြီးရင် လာတွေ့လို့ရတယ်နော် မင်းရဲ့ ဆန္ဒကို ကျွန်တော့်ကို အရင်ပြောမလား"


ရှောင်လေ့ယွဲ့က ပြုံးကာ ပြောလိုက်သည်။


" မဟုတ်ဘူး ကျွန်တော်က ကျင်းစစ်နဲ့ အရင်ပြောမှာ"


ပီကင်း တက္ကသိုလ်မှလူက အားကျမခံ ပြန်ပြောလိုက်သည်။


"သူဘယ်တုန်းက သဘောတူလို့လဲ ကျင်းစစ်ကဖြင့် သဘောတောင် မတူရသေးဘူး"


သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အလွတ်မပေးဘဲ တိုက်ခိုက်နေကြသည် ။


ဆရာလျိုက ကျင်းစစ်၏ ဆန္ဒကို မေးပြီးပြီဖြစ်သည့်အတွက် ကျင်းစစ်က ပီကင်းတက္ကသိုလ် သင်္ချာဌာနကို စိတ်ဝင်စားကြောင်း သိပြီးဖြစ်လေသည်။ သူက လျှောက်သွားပြီး ပြောလိုက်သည်။


" ကျင်းစစ်က ဘယ်ကျောင်းနဲ့ ဘယ်မေဂျာ ယူမယ်ဆိုတာ ဆုံးဖြတ်ပြီးပြီ"


ထိုလူနှစ်ယောက်လုံးကသူ့ကို တောက်ပနေသော မျက်လုံးများဖြင့်ကြည့်လာကြသည်။


ဆရာလျိုက ဂရုမစိုက်ဟန်ဖြင့် တိုက်ရိုက် ပြောလိုက်၏။


" ပီကင်းတက္ကသိုလ် သင်္ချာမေဂျာ"


ချက်ချင်းပင် တစ်ယောက်က ပျော်ရွှင်သွားကာ တစ်ယောက်ကမူ ဝမ်းနည်းသွားရသည်။


"အာ ရှောင်ကျင်း " ရှောင်းလေ့ယွဲ့က ကျင်းစစ်ဆီသို့ လျှောက်သွားကာ ​မေးလိုက်သည်။


"ဒါက မင်းရဲ့ရွေးချယ်မှုပေါ့"


ကျင်းစစ်က ခေါင်းငြိမ့်လိုက်သည်။


"ကျွန်တော်တောင်းပန်ပါတယ် အစ်ကိုရှောင်း ကျွန်တော်ဆုံးဖြတ်ပြီးသွားပြီ"


"ဟေး ဘာလို့ ပီကင်း တက္ကသိုလ်ကို သွားမှာလဲ ငါတို့ကျောင်းကိုလာခဲ့ ငါမင်းကို အချိန်မရွေး အာမခံပေးမယ် ငါက စီနီယာကျောင်းသားဆိုပေမဲ့လည်း နောက်နှစ် ဘွဲ့ရလည်း ကျောင်းမှာ ဆက်နေမှာ"


ပီကင်းတက္ကသိုလ်မှ လူက ချက်ချင်း ကျင်းစစ်အရှေ့မှ သတိအနေအထားဖြင့် မတ်တပ်ရပ်ကာ ပြောလိုက်၏။


" သူဆုံးဖြတ်ပြီးပြီလို့ ပြောတယ်လေ ဘာလို့ လူကို လာလုနေတာလဲ "


ရှောင်းလေ့ယွဲ့က ပြုံးလိုက်ပြီး" တစ်ယောက်ယောက်ကို လုနေတယ်ဟုတ်လား ဘယ်သဘောတူ စာချုပ်မှာမှ လက်မှတ်မထိုးရသေးဘူးနော်"


သူက ကျင်းစစ်၏လက်မောင်းကို ဆွဲကာပြောလိုက်သည်။


" အပြင်ထွက်ပြီး စကားပြောရအောင်နော်"


ရှောင်းလေ့ယွဲ့က လူကောင်းဖြစ်ကာ သူ့ကို ယောင်ချန်းတွင် အများကြီးကူညီပေးခဲ့၏။ ကျင်းစစ်က သူ့ကျောင်းကို တက်ဖို့ စိတ်ကူးမရှိသော်လည်း သူ့ကိုတော့ မျက်နှာသာပေးလိုသည်။


"ဟုတ်ကဲ့"


ပီကင်းတက္ကသိုလ်မှ လူက ပျာယာခတ်သွားကာ ရှောင်းလေ့ယွဲ့နှင့် အကြိမ်များစွာ ငြင်းခုန်ပြန်သည်။ ကျင်းစစ်က ၀င်ပြောပြီးနောက်တွင် အင်တင်တင်ဖြင့် ပြန်ထိုင်လိုက်ပြီး ကျင်းစစ်နှင့် ရှောင်းလေ့ယွဲ့ အပြင်ထွက်သွားတာကိုသာ ကြည့်နေလိုက်ရသည်။


ရှောင်းလေ့ယွဲ့က ကျင်းစစ်နှင့် မဆက်သွယ်ဖြစ်သည်မှာကြာပြီဖြစ်သော်လည်း ကျင်းစစ်ရဲ့ စိတ်ကိုတော့ အနည်းငယ် သိထားလေသည်။ ယနေ့ကိစ္စတွင် 80-90% မဖြစ်နိုင်မှန်းသိသော်လည်း သူကြိုးစားကြည့်ချင်သေးသည်။


"ကိုယ်တို့ကျောင်းရဲ့ သင်္ချာ ဌာနက လည်း အရမ်း ကောင်းတာနော် အဲ့အကြောင်းကို ပိုသိရအောင် ပါမေက္ခကို သွားတွေ့ကြမလား"


ကျင်းစစ်က ခေါင်းခါလိုက်ပြီး "အကိုရှောင်း ကျွန်တော်က တကယ်သေချာနေပြီမို့လို့ပါ"


"ကိုယ်တို့ကျောင်းမှာ လာတက်ဖို့ လုံးဝ စိတ်မဝင်စားဘူးလား"


"ဟင့်အင်း" ကျင်းစစ်က သေချာစွာ ​ပြန်ဖြေလိုက်သည်။


"အိုကေလေ" ရှောင်းလေ့ယွဲ့က သက်ပြင်းချလိုက်ပြီး ပြတင်းပေါက်ဘောင်ကို မှီကာပြုံး၍စကားဆိုလိုက်သည်။


"ကိုယ်တို့ ကျောင်းသားဟောင်း သူငယ်ချင်းတွေ ဖြစ်လာနိုင်မယ်ထင်တာ ဘာပဲဖြစ်ဖြစ် ကျောင်းနှစ်ကျောင်းကနီးတော့ အဆင်ပြေပါတယ် အနာဂါတ်မှာ အင်ပါယာမြို့တော်ကို သွားရင် သူငယ်ချင်းတွေရှာခဲ့ဖို့ မမေ့နဲ့  ကိုယ်လည်း မင်းကို ဆက်သွယ်ပါ့မယ် အားရင် မင်းရဲ့ဒီအစ်ကိုက မင်းကို လျှောက်ကစားဖို့ လာခေါ်မယ်"


"ကျွန်တော် လုံးဝမမေ့ပါဘူး"


ကျင်းစစ်ရဲ့ခိုင်မာသော ဆန္ဒကြောင့် လူကို လုယူခြင်း ပြိုင်ပွဲက မထင်မှတ်ထားရလောက်အောင် လျှင်မြန်စွာ ပြီးဆုံးသွားလေသည်။


ပီကင်းတက္ကသိုလ်က လူမှာ အပျော်လွန်နေကာ ကျင်းစစ် နောင်တရမည်ကို စိုးရိမ်သဖြင့် ကျင်းစစ်နှင့် သဘောတူစာချုပ်ကို အလျင်အမြန် ရေးထိုးလိုက်၏။


ထိုသို့ဖြင့် ကျင်းစစ်၏ တက္ကသိုလ်ကိစ္စမှာ တည်ငြိမ်သွားချေပြီ။


ကောင်းသောအရာများက အစုံလိုက်လာတတ်သည်။ ဝင်ခွင့်ရုံးများမှ လူများကို ပြန်ပို့ပြီးချိန်တွင် ကျောက်ဖုန်ရောက်လာပြီး နိုင်ငံ့လေ့ကျင့်ရေးအသင်းရဲ့ မက်ဆေ့ချ်ရောက်လာပြီဟု ပြောပြလေသည်။


"ဆရာက မင်းကို ပြီးရင် အီးမေးလ် ပို့လိုက်မယ် ပြီးမှ ကြည့်လိုက်" 


အီးမေးလ်ထဲတွင် အချိန်ဇယားအတိအကျ ပါသော်လည်း ကျောက်ဖုန်က ကျင်းစစ်ကို ထပ်ပြောပြလိုက်သည်။


" ဒီတစ်ခါတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ နိုင်ငံ့လေ့ကျင့်ရေးအသင်းက ယောင်ချန်းမှာလေ့ကျင့်နေတာ ငါတို့ဒီနှစ်ကုန်ရင် ဆယ့်သုံးရက် ခရီးထွက်ရမယ် အဆုံးမှာ ပထမရွေးချယ်မှုမှာ လူဆယ့်ကိုးယောက် အရွေးခံရမယ် ဒုတိယ ရွေးချယ်မှုကတော့  မတ်လမှာ လုပ်လိမ့်မယ်"


ကျင်းစစ်က နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။


ကျောက်ဖုန်က ပြုံးပြီး သူ့ပခုံးကို ပုတ်ကာ ပြောလာသည်။


"ဒီတစ်ခါက်က​တော့ အပြင်လောကနဲ့မဆက်ဆံရဘဲ လေ့ကျင့်ရမှာဆိုတော့ ဆရာမင်းကို အဖော်မပြုပေးနိင်တောဘူး ကိုယ့်ကိုယ်ကိုပဲ အားကိုးရတော့မှာ"


ခဏရပ်လိုက်ပြီးနောက် သူက ဆက်ပြောလိုက်သည်။


"ဖိအားတော့မများစေနဲ့ မင်းရဲ့ အဆင့်တွေက ငါတို့ပြည်နယ်စုအတွက် လေးစားအားကျမှုတွေကို သယ်လာခဲ့ပြီးပြီ နိုင်ငံ့လေ့ကျင့်ရေး အခြေစိုက်စခန်းအတွက် ဆရာ တစ်ခုပဲမှာလိုက်မယ် ပျော်ပျော်ရွှင်ရွှင်နဲ့ ဗဟုသုတတွေတိုးအောင်သာ လေ့လာခဲ့"


ကျင်းစစ် နှလုံးသားမှာ နွေးထွေးသွားရသည်။


"နားလည်ပါပြီ ကျေးဇူးပါဆရာ"


ကျင်းစစ်တွင် သတင်းကောင်းများသာ ဆက်တိုက်ဖြစ်လာသော်လည်း အဖေကျင်းဘက်တွင်တော့ ဝမ်းနည်းနေရလေသည်။


သူက ကျင်းစစ်ကို ပြန်ရရန်အတွက် ပြတ်ပြတ်သားသား လုပ်ခဲ့သော်လည်း ရက်အနည်းငယ်ကြာပြီးနောက် သူ့ဆေးရဲ့အရသာကို သူပြန်ခံစားနေရချေပြီ။ ကျင်းစစ်က နေထိုင်စရိတ်ပင် မတောင်းတော့ဘဲ သူ့မိသားစုမှ လုံးဝခွဲထွက်လိုက်ပြီပင်။


အဖေကျင်းက အနည်းငယ် နောင်တရသလို ခံစားလိုက်ရသည်။ ကျင်းစစ်ရဲ့ပင်ကိုစရိုက်က ခေါင်းမာသောကြောင့် အဖေကျင်း အပျော့ဆွဲဖြင့်သာ ချော့ရန်တတ်နိုင်သည်။ 


အဲ့အချိန်တုန်းက သူ ဘယ်လိုလုပ် စိတ်မထိန်းနိုင် ဖြစ်သွားရတာလဲ...


ပြောရမည် ဆိုလျှင် အနည်းငယ်ချော့ခြင်းက တခြားသူများ၏ မနာလိုမှုများနှင့် မယှဥ်နိုင်ပေ။


အဖေကျင်းက ကော်ဖီတစ်ငုံသောက်လိုက်ပြီး တုန်းဟိုင်ပြည်နယ်စီရင်စုကျောင်းတွင်  ဆောင်းတွင်း အားလပ်ရက်ကို ပေးတော့မည့်အကြောင်းကို တွက်ချက်နေလေသည်။ ကျင်းစစ်အပြင်ကို အလုပ်ထွက်လုပ်ပြီး အိမ်ပြန်မလာခြင်းမှ ကာကွယ်ရန် သူကျောင်းသို့ အလည်သွားရမည် ဖြစ်သည်။


မည်သို့ပင်ဖြစ်စေကာမူ ထိုသားသည် ကြီးပွားချမ်းသာလာတော့မည် ဖြစ်သောကြောင့် သူနှင့် ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားရန် လိုအပ်လေ၏။


အဖေကျင်းဘာကို စီစဥ်နေသလဲဆိုတာကို ကျင်းစစ်မသိပေ။ ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန် ပြီးသောအခါ သူ့အဆောင်သို့ပြန်ရောက်သည်နှင့် သူ့ပစ္စည်းများကို စတင် ထုတ်ပိုးလေတော့သည်။


သူက အားလပ်ရက်တွင် ယင်းကျောင်း၏အိမ်တွင် နေမည်ဖြစ်သောကြောင့် သူ့အဝတ်အစားများနှင့် လိုအပ်သည်များကို ထုတ်ပိုးကာ သယ်သွားရမည်ဖြစ်သည်။


ယင်းကျောင်းက သူ့ကို တားချင်ပေမဲ့ ဘာပြောရမှန်းမသိသောကြောင့် ပြန်လည်မြိုသိပ်ကာ ပြောလိုက်ရသည်။


"ကိုယ်မင်းကို ကူလုပ်ပေးမယ်"


လီကျိုးကလည်း အခန်းဖော်ကောင်း ဖြစ်လေသည်။ ယင်းကျောင်းရောက်လာတာကို တွေ့သည်နှင့် သူကအလိုအလျောက် ရှောင်ပေးပြီး သူတို့ကို မနှောက်ယှက်ပေ။


တုန်းဟိုင်စီရင်စုကျောင်းတွင် အဝတ်ဗီဒိုများကို အပေါ်ထပ်နှင့် အောက်ထပ်ခွဲထားလေသည်။ အောက်ထပ်သည် သေးရုံသာမက အဝတ်များထုတ်လျှင်လည်း ထိုင်ထုတ်ရသောကြောင့် ဒုက္ခအတော်များသည်။


ယင်းကျောင်းက ကျင်းစစ်ကို ခက်ခက်ခဲခဲ မလုပ်စေချင်သောကြောင့် တိုက်ရိုက်သာပြောချလိုက်သည်။


"အပေါ်က အထပ်ကိုသာ ရှင်းလိုက် အောက်ထပ်ကို ကိုယ်လုပ်လိုက်မယ်"


ယင်းကျောင်းနှင့် အတူနေရမည် ဖြစ်သောကြောင့် ကျင်းစစ်က အပျော်လွန်ကာ အဝတ်ဘီဒို အောက်ထပ်တွင် ဘာထားထားသလဲဆိုတာကိုပင် မမှတ်မိတော့ဘဲ တုံ့ဆိုင်းခြင်းအလျဥ်းမရှိ ချက်ချင်းခေါင်းငြိမ့်ပြလိုက်သည်။


အဝတ်ဘီဒို အောက်တွင် ပစ္စည်းများများစားစား မရှိပေ။ သူက ဆွယ်တာ နှစ်ထည်ကို ထုတ်လိုက်ပြီးနောက် ကျင်းစစ်ကို ပေးလိုက်လေသည်။ သူထပ်နှိုက်လိုက်သောအခါ လုံး၀ အံ့အားသင့်သွားရ၏။


သူက အေးစက်ကာ တစ်ဖက်ပိန်နေသော သံဘူးကို ထိခိုက်မိသွားခြင်းပင်။ ထိုအရာက ကွတ်ကီးဘူးဖြစ်ကာ ကျင်းစစ် ပထမဆုံးစာမေးပွဲတွင်တုန်းက ကိုင်နေတာကို အရင်တစ်ခေါက်က သူတွေ့ခဲ့ဖူးသည်။


ယင်းကျောင်းရဲ့ နှုတ်ခမ်းထောင့်များက ပင့်တက်သွားပြီး အဝတ်များထုတ်နေသော ကျင်းစစ်ကို တစ်ချက်ကြည့်လိုက်သည်။ 


သူက သံဘူးကို ထုတ်ကာ တမင်တကာ မေးလိုက်၏။ 


"ဒါကဘာလဲ မင်းအဲ့ဒါကိုရော သယ်သွားချင်သေးလား"


ကျင်းစစ်က အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် ထိုအရာကို မြန်မြန် လှမ်းယူပြီး ပြောလိုက်သည်။


" မယူဘူး ဘာမှမဟုတ်ဘူး"


သို့ရာတွင် သူက ထိုအရာကို ဆွဲယူလိုက်ချိန်တွင် စိတ်လှုပ်ရှားနေသောကြောင့် သံဘူးမှာ ကြမ်းပြင်းပေါ်သို့ ကျသွားတော့သည်။ သံဘူး အဖုံးက ချက်ချင်း လွင့်ထွက်သွားပြီး  အထဲရှိ အရာများက ပြန့်ကျဲသွားသည်။


လေးထောင့်ပုံစံ စာရွက် အပုံလိုက်လေးက ယင်းကျောင်း ခြေထောက်နားသို့ ကျလာသဖြင့် ယင်းကျောင်းက ငုံ့ကောက်လိုက်သည်။


ယင်းကျောင်း သူငယ်အိမ်များက ရုတ်တရက် ကြုံ့သွားရသည်။ ထိုစာရွက်ပေါ်ရှိလက်ရေးက ကျင်းစစ်လက်ရေးမဟုတ်ဘဲ ယင်းကျောင်း လက်ရေးဖြစ်နေ၏။


ယင်းကျောင်းရဲ့ လည်စေ့က ရွေ့လျားသွားပြီး စာရွက်ကို ဖြည်းညှင်းစွာ ဖြန့်လိုက်သည်။ ထို့နောက် သူစာရွက် အပေါ်ဆုံးတွင် သေးငယ်သော စကားလုံးများကို တွေ့လိုက်ရသည်။


[ သူ ဇန်နဝါရီလက နောက်ဆုံးစာမေးပွဲရဲ့သင်္ချာမှာ 102 မှတ်ရတယ် သူအများကြီးတိုးတက်လာတာပဲ (အရမ်းပျော်တယ်!) ]


"မ...မကြည့်နဲ့" 


ကျင်းစစ် မျက်နှာမှာ ချက်ချင်း နီရဲတွတ်သွားသည်။ ယင်းကျောင်းရဲ့စာဖြေထားတဲ့စာရွက်တွေကို သူ တိတ်တိတ်လေး သိမ်းထားတာကို ယင်းကျောင်း သိသွားသည့်အတွက် အလွန်ရှက်နေမိ၏။


သူကလက်ဆန့်ပြီး ယင်းကျောင်းကို လှမ်းဆွဲရန် ပြင်လိုက်ပေမဲ့ ဖြည်းဖြည်းလေး အတွန်းခံလိုက်ရသည်။


ယင်းကျောင်းက အရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး ပြန့်နေသော ဖြေလွှာစာရွက်များကို ဆက်လက် ​ကောက်ယူနေသည်။


သူပြစ်ထားသော ဖြေလွှာစာရွက်များ၏ ပန်းတိုင်က အမှိုက်ပုံး မဟုတ်ဘဲ ကျင်းစစ်ရဲ့သံဘူးလေးထဲတွင် အောင်မြင်မှုဆုတံဆိပ်များအဖြစ်ရောက်ရှိနေသည်။


စာရွက်အတွဲလိုက်လေးများကို ကျင်းစစ်က အောင်မြင်မှုများဟု သတ်မှတ်ထားလေသည်။


ယင်းကျောင်း မျက်လုံးမှိတ်ကာ သူနှလုံးသားထဲမှ ကြွတက်လာသော စိတ်ခံစားချက်များကို အတင်းဖိနှိပ်လိုက်ရသည်။ သူစာရွက်များကို တစ်ရွက်ချင်း ကောက်နေရင်း ပြီးခါနီးတွင် နှင်းဆီပွင့်ခြောက်လေးတစ်ပွင့်ကို သူ့မျက်စိရှေ့တွင် တွေ့လိုက်ရတော့၏။


ထိုထုတ်ပိုးမှုကို သူ့ထက်မည်သူမျှ ပိုပြီးမရင်းနှီးနိုင်တော့ပေ။ သူက ထိုနှင်းဆီပန်းလေးကို ချစ်ကြောင်းဝန်ခံချိန်တွင် ပေးခဲ့ခြင်းဖြစ်လေသည်။ သူရဲ့အချစ်ဦးကို ရည်ညွှန်းသော ပန်းရောင်နှင်းဆီလေး၏ အဓိပ္ပါယ်ကိုတော့ ကျင်းစစ်ကို မပြောပြဖြစ်ခဲ့ပေ။


ထိုအရာက လွင့်ပစ်မခံရဘဲ တန်ဖိုးအရှိဆုံးအဖြစ် သိမ်းထားခံရလေသည်။


စနစ်တကျ နဲ့ ဂရုတစိုက် သိမ်းဆည်းထားတာပင်။


____


စာရေးသူမှာ ပြောစရာရှိတယ် ~


ပြဇာတ်ရုံငယ်ထဲတွင်-


ကျင်းစစ်ရဲ့ သံဘူးလေး : တန်းဖိုးအရှိဆုံး အရာတွေကို ထည့်ထားတာ


__


Translated By IQ-Team.