အခန်း(၇၅)
Viewers 12k


အခန်း(၇၅)《 ကြောင်နှင့်ကြွက် 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク


ကျန့်ယွင် နှင့် စုရွေ့ကျယ်တို့သည် ရှောင်ဟေးကိုခေါ်သွားကာ စစ်သားငယ်တစ်ဦးမှ သူတို့အားအခြေစိုက်စခန်း၏ စပါးကျီအခွဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။ ၎င်းသည် အလွန်ကြီးမားသော ဂိုဒေါင်တစ်ခုဖြစ်၏။ မြေပြင်ပေါ်တွင် အိတ်ငယ်များအပုံတစ်ပုံနှင့် စက္ကူပုံးအနည်းငယ်ရှိလေ၏။ ထိုအိတ်များနှင့် သေတ္တာများသည် သန္ဓေပြောင်းကြွက်များ အကိုက်ခံထားခဲ့ရကာ အစာအကြွင်းအကျန် အနည်းငယ်သာကျန်တော့လေ၏။ 


“ ဒီကြွက်တွေကို ကျွန်တော်တို့မထိန်းနိုင်တော့ကတည်းက အကြီးအကဲက ကျန်တဲ့ရိက္ခာတွေကို ဂိုဒေါင်ရဲ့နောက်ဘက်ကို ရွှေ့ခိုင်းခဲ့ပေမယ့် တားလို့မရသေးဘူး” 


စစ်သားငယ်လေးသည် နံရံထောင့်ရှိ ထင်ရှားသောကြွက်တွင်းအချို့ကို လက်ညှိုးထိုးပြကာ စိတ်ပျက်ညည်းညူစွာပြောပြခဲ့လေ၏။ 


ဤဒေသရှိ အစားအစာသည် အခြေစိုက်စခန်းတစ်ခုလုံးအတွက် နှစ်လမှသုံးလစာရိက္ခာဖြစ်ပြီး ထိုကြွက်များကြောင့် အားလုံးပျက်စီးသွားခဲ့ရသည်။


သူတို့သည် ဂိုဒေါင်အသစ်ဆီသို့ စစ်သား၏နောက်မှလိုက်သွားခဲ့ကြသည်။ ဂိုဒေါင်တစ်ခုလုံးကို သံပြားများ၊ စတီးပြားများဖြင့် ထပ်မံအားဖြည့်ကာကွယ်ထားခဲ့သည်။ ကြမ်းပြင်များနှင့်နံရံများသာမက မျက်နှာကျက်များလည်း ပါသည်။ သို့သော်လည်း သန္ဓေပြောင်းကြွက်များသည် မြေပေါ်တွင် တွင်းတူးနိုင်ကြဆဲဖြစ်၏။ ထိုသန္ဓေပြောင်းကြွက်များတွင် သံပြားများနှင့် စတီးပြားများကိုတောင် ကိုက်ဖြတ်သွားနိုင်လောက်သည့် အလွန်ချွက်ထက်သည့် သွားများနှင့် ခြေသည်းများရှိကြ၏။ အကယ်၍ ၎င်းသည် ဆက်ဖြစ်နေလျှင် အခြေစိုက်စခန်းသည် ထိုကြွက်များကြောင့် ပျက်စီးရပေလိမ့်မည်။


သူတို့အနေဖြင့် ဂိုဒေါင်၏ထောင့်တိုင်းတွင် 24/7 စိုက်ကြည့်ရန် လူများကိုသာ စေလွှတ်ထားနိုင်ရုံသာရှိကြသည်။ ကြွက်တွင်းတစ်ခုကို တွေ့ရှိသည်နှင့် သူတို့သည် ၎င်းကို ဆာလဖူရစ်အက်ဆစ်ဖြင့် ချက်ချင်းရေမြုပ်စေကာ ထို့နောက် အမျိုးမျိုးသော ဖြည့်စွက်ပစ္စည်းများဖြင့် ဖြည့်သွင်းခဲ့ကြသည်။


“မြောင်”


သူတို့ပြောနေကြစဉ်မှာပဲ ရှောင်ဟေး၏နားများ လှုပ်သွားပြီး သူသည် ညာဘက်ထောင့်ကိုကြည့်ဖို့ သူ့ခေါင်းကို ရုတ်တရက်လှည့်ကြည့်လိုင်လေ၏။


ထိုနောက် ထိုနေရာတွင် တတွတ်တွတ်ကြိတ်နေသည့်အသံထွက်နေလေ၏။ သံပြားများကို ထပ်ခါထပ်ခါ အားဖြည့်ထားသည့် ဂိုဒေါင်၏ညာဘက်ထောင့်နားတွင် အပေါက်ကြီးတစ်ပေါက်ကို တဖြည်းဖြည်း တူးနေကြလေ၏။ သန္ဓေပြောင်းကြွက်များ၏ ခြေသည်းများနှင့် သွားများသည် သိသိသာသာ အားကောင်းလာခဲ့ကြ၏။ 


“ရှောင်ဟေး၊ မင်း ကြွက်ကို ဖမ်းဖို့ ကူညီနိုင်မလား”


စုရွေ့ကျယ်သည် ပျော့ပျောင်းသည့် အနက်ရောင်ခြေသည်းလေးကို ဖျစ်ညှစ်ပြီး တိုင်ပင်သည့်လေသံနှင့်မေးလိုက်၏။


ရှောင်ဟေးသည် ပျင်းရိစွာသမ်းဝေပြီး စုရွေ့ကျယ်၏လက်နှစ်ပေါ်မှ အမြီးကိုပုတ်ယမ်းလိုက်၏။ ရှောင်ဟေးသည် ကြွက်များကိုဖမ်းရန် သူ့ချေးကျုံးသူ၏ အဆိုပြုချက်ကို စိတ်မဝင်စားသည်မှာ ထင်ရှား၏။


“တူနာနှစ်ဗူးကွာ ”


ရှောင်ဟေးသည် ခေါင်းကိုမြှောက်လိုက်ပြီး အဝါရောင်မျက်လုံးကြီးများသည် မှိတ်တုတ်မှိတ်တုတ်နှင့် သူ့လျှာကိုဆန့်ထုတ်လိုက်ကာ နှာသီးဖျားကို လျက်လိုက်လေသည်။ သို့သော် သူစိတ်ဝင်စားမှုအချို့ရှိသော်လည်း မကျေနပ်သေးသကဲ့သို့ ပြန်မဖြေခဲ့ချေ။


စုရွေ့ကျယ်သည် တုံ့ပြန်မှုတစ်ခုရှိကြောင်းသိလိုက်ရသဖြင့် သူသည် အလျင်မြန်ဆက်လက်ကြိုးစားပြီး သူ့အားသွေးဆောင်ဖို့ရန် သူ့အသံကိုတိုးလိုက်၏။  


“ညနေကျရင် မင်းအတွက် ငါးဟင်းချိုချက်ပေးရင် ဘယ်လိုလဲ ”


“မြောင်”


ရှောင်ဟေးသည် အကြာကြီးအော်ဟစ်လိုက်ပြီး စုရွေ့ကျယ်၏ လက်ဖဝါးကို ပွတ်သပ်လိုက်၏။ သူပြောချင်နေသကဲ့သို့ပင် - ဒါဆို အတည်ဖြစ်ပြီနော်။


စုရွေ့ကျယ်သည် မျက်လုံးများကို မှိတ်သွားသည်အထိ ခပ်ကျယ်ကျယ် မပြုံးဘဲမနေနိုင်တော့ချေ။ သူသည် လက်ဆန့်ကာ နှာသီးဖျားလေးကို တို့လိုက်၏။


 “မင်း ကောင်ပေါက်လေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ပြီးရင် မင်းသန့်စင်ခံရမှာ မဟုတ်ဘူး ”


ရှောင်ဟေးသည် စုရွေ့ကျယ်၏ စကားများကို နားမလည်နိုင်ခဲ့ချေ။ သူ့နားရွက်များ ယမ်းခါကာ စုရွေ့ကျယ်၏ လက်နှစ်ဖက်ထဲမှ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်၏။ အသံတိတ်ကြောင်ခြေလှမ်းများဖြင့် တူးထားသည့် ကြွက်တွင်းနားသို့ ရောက်လာခဲ့လေ၏။ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံးသည် မြေပြင်ပေါ်တွင်ဝပ်နေကာ တင်ပါးကိုအနည်းငယ် မြှင့်ထား၏။ သူ့အမြီးသည် ဘယ်မှညာသို့လှုပ်ယမ်းနေပြီး တိုက်ခိုက်သည့် အနေအထားသို့ လုပ်ထားလေ၏။ 


စစ်သားငယ်လေးသည် စောင့်ကြည့်နေခဲ့ပြီး တစ်ခုခုပြောချင်နေခဲ့၏။ ကြောင်များသည် ကြွက်များ၏ သဘာဝရန်သူများ ဆိုသည်မှာ အမှန်ဖြစ်သော်လည်း ထိုသန္ဓေပြောင်းကြွက်များသည် လူများကိုတောင် အသားတစ်စပဲ့အောင် ကိုက်နိုင်ကြသည်။ ဒီကြောင်လေးသည် အသက် နှစ်လမှ သုံးလလောက်သာရှိ၏။ ဒီကြွက်တွေကို သူ ဘယ်လိုဖမ်းနိုင်မလဲ။ သူသည် ကြောင်လေးကိုပြန်ခေါ်ဖို့ ဆွဲဆောင်ရန် ကြိုးစားချင်ခဲ့သော်လည်း လူနှစ်ယောက်၏ယုံကြည်မှုကို မြင်လိုက်ရသောအခါ သူသည်တုံ့ဆိုင်းသွားကာ သူ့ပါးစပ်ကိုပိတ်ထားလိုက်လေ၏။


နောက်တစ်ခဏတွင် မီးခိုးရောင်ကြွက်တစ်ကောင်သည် အပေါက်မှလျင်မြန်စွာ ထွက်လာလေ၏။ ထိုကြွက်၏ အရွယ်အစားမှာ အရွယ်ရောက်ပြီးသော ယုန်တစ်ကောင်၏ အရွယ်အစား နီးပါးဖြစ်၏။၎င်းသည် အလွန်၀လေ၏။ မကြာသေးမီက အလွန်ပင် ကောင်းကောင်းစားခဲ့ပုံရလေ၏။


၎င်းသည် ပတ်ဝန်းကျင်တွင်လူသားများ အကြိမ်များစွာရှိခဲ့ပြီး အမြဲတမ်းစွန့်စားနေရသောကြောင့် ကြွက်၏သတ္တိသည် ပိုကြီးမားလာခဲ့ခြင်း ဖြစ်နိုင်သည်။ တွင်းထဲကထွက်လာပြီးသည်နှင့် ၎င်းသည် ချက်ချင်း အစာဘက်သို့ပြေးသွားပြီး တုံ့ဆိုင်းမနေ‌ခဲ့ချေ။ ထိုနေရာတွင် ဝိုင်းစက်နေသော ရွှေရောင်မျက်လုံးတစ်စုံနှင့် ခေါင်းကိုငုံ့ကာ ခါးကိုကိုင်းထားပြီး ဖမ်းဖို့အဆင်သင့်ဖြစ်နေသည့် ကြောင်နက်တစ်ကောင်သည် စိုက်ကြည့်နေခဲ့လေ၏။ 


ရှောင်ဟေးသည် ကြွက်၏နောက်ကျောကို ပြင်းပြင်းထန်ထန် အုပ်ဖို့ သူ့ခြေသည်းလေးများနှင့် ရှေ့သို့ရုတ်တရက် ဖြတ်ပြေးသွားသည်ကို သူတို့ တွေ့လိုက်ကြရ၏။ ကြောင်နက်ကလေးသည် လက်နှစ်ဖက်လောက်သာ ကြီးသော်လည်း သူ့ကိုယ်ထက် အဆပေါင်းများစွာပိုကြီးသည့် ကြွက်ကို မြေကြီးပေါ်သို့ ရိုက်ချလိုက်လေ၏။


ကြွက်သည် ထိတ်လန့်တုန်လှုပ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားလေ၏။ ပြန်ထရန် ခြေထောက်များကို ရုန်းကန်ထုတ်နေ‌သော်လည်း ရှောင်ဟေးသည် ကြွက်အား ထိုအခွင့်အရေးမပေးချင်ခဲ့ချေ။ သူ့ခြေသည်းလေးကို မြှောက်လိုက်ပြီး ချွန်ထက်သော လက်သည်းများကို ဆန့်ကားထုတ်ကာ ကြွက်လည်ပင်းကိုဖမ်းကိုင်လိုက်ပြီး သန္ဓေပြောင်းကြွက်၏အသက်ကို အလွယ်တကူ ဖြတ်တောက်ပစ်လိုက်လေ၏။


“ကွိစ်”


ကြွက်သည် မသေခင် အော်လိုက်လေ၏။ 


စစ်သားငယ်လေးသည် တုန်လှုပ်သွားခဲ့လေ၏။ မမျှော်လင့်ထားဘဲ ကြောင်ငယ်ကလေးသည် ကြွက်ကို ဖမ်းမိသွားခဲ့သည်။


“မြောင် ”


ရှောင်ဟေးသည် တာ၀န်ကို အောင်အောင်မြင်မြင်ပြီးမြောက်သွားခဲ့ပြီး ကြွက်၏ကိုယ်ပေါ်၌ ငုတ်တုတ်ထိုင်ချကာ ဂုဏ်ယူစွာဖြင့် သူ့ခေါင်းလေးကို မြှောက်လိုက်၏။ 


သူ့ခြေသည်းကို လျက်ချင်သော်လည်း ခြေထောက်သည် ကြွက်သွေးများ စွန်းထင်းနေပြီး သူသည် ၎င်းကို မြေပြင်ပေါ် သို့ပြန်ချလိုက်၏။ 


“ တော်တယ် ” 


ကျန့်ယွင်သည် ပြုံးကာပြောလိုက်ပြီး ကြောင်လေးကိုပြန်သယ်ရန် စုရွေ့ကျယ်နှင့်အတူတူ လမ်းလျှောက်သွားချင်ခဲ့သော်လည်း ပြင်းထန်သည့်တုန်ခါမှုနှင့်အတူ မြေပြင်သည်ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ကြရ၏။


“ဘာဖြစ်တာလဲ”


“ငလျင်လှုပ်တာလား”

 

ဒါပေမယ့် တောင်ပိုင်းမှာ ငလျင်လှုပ်တာ တော်တော်ရှားတယ်မဟုတ်လား”


 “မကောင်းတော့ဘူး၊ အဲ့ဒါ သန္ဓေပြောင်းကြွက်အုပ်စုပဲ ” 


စစ်သားငယ်လေး၏ မျက်နှာသည် ပြောင်းလဲသွားလေ၏။ ဗိုလ်မှူးသည် ကြွက်များကိုသုတ်သင်ရန် အခြေစိုက်စခန်းတစ်ခုလုံးကို ဦးဆောင်ခဲ့သည့်အချိန်က သန္ဓေပြောင်းကြွက်များ၏ ရုန်းရင်းဆန်ခတ်မှုဖြစ်ခဲ့သော်လည်း ဤကဲ့သို့ ပြင်းထန်ခြင်းမျိုး မရှိခဲ့ပေ။


ထိုအချိန်က သန္ဓေပြောင်းကြွက်အဓိကရုဏ်းများတွင် သူ့ရဲဘော်အများအပြား ဒဏ်ရာရခဲ့ကြပြီး အခြေစိုက်စခန်း၏ ကုသရေးဌာနတွင် ကုသမှု ခံယူနေကြရဆဲဖြစ်သည်။


“ပြေး ”


စစ်သားငယ်လေးသည် ကျန့်ယွင် နှင့် စုရွေ့ကျယ်ကို ထွက်ပေါက်ဆီသို့ တွန်းထုတ်ခဲ့ပြီး ချက်ချင်းပင် ကြွက်တွင်းဆီသို့ သူ့သေနတ်ကိုမြှောက်လိုက်၏။


သေချာပေါက်ပင် အပေါက်ထဲမှ သိပ်သည်းလှသည့် ကြွက်အုပ်စုတစ်ခုပြီးတစ်ခု ထွက်လာခဲ့ပြီး ၎င်းတို့ တစ်ကောင်ချင်းဆီသည် ဆူဖြိုးပြီးသန်မာ နေကြလေ၏။


စစ်သားငယ်လေးသည် ကြွက်များကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သော်လည်း ထိရောက်မှုသည် အနည်းငယ်သာရှိသည်ကို သူတွေ့လိုက်ရ၏။ သူသည် ခါးတစ်ဖက်ပေါ်သို့ သူ့လက်ကို ချက်ခြင်း ဖိလိုက်လေ၏။ သူသည်တစ်ခုခုကိုတွေးကာ တစ်ချိန်တည်းမှာပင် ကျန့်ယွင် နှင့် စုရွေ့ကျယ် အား အော်လိုက်လေ၏။


 “သွားကြ၊ တံခါးကို သော့ခတ်သွားလိုက်ပါ၊ မြန်မြန်”


သူတို့သာ ထွက်မပြေးနိုင်ခဲ့လျှင် အခြေစိုက်စခန်းကို ကြီးကြီးမားမားထိခိုက်လာစေလိမ့်မည်ဖြစ်သည်။ အလျင်စလိုဖြင့် သူ့လက်များကိုအသုံးပြုလိုက်လေ၏။ တစ်ချက်တည်းနှင့် ဒီသောက်ကြွက်တွေနဲ့ အတူတူ သေလိမ့်မည်။ 


ကြွက်အားလုံးကို မသတ်နိုင်သော်လည်း တချို့ကိုသတ်နိုင်မယ်ဆို တချို့ကိုသတ်ရလိမ့်မည်။ ကျန့်ယွင်နှင့်စုရွေ့ကျယ် ထွက်‌ပြေးလာပြီးနောက် သူတို့သည် ခေါင်းဆောင်များကို စောစောပြင်ဆင်ပြီး အခြေစိုက်စခန်းဆုံးရှုံးမှုနည်းအောင် သတိပေးနိုင်လောက်ပါရဲ့။ 


ဂိုဒေါင်တံခါးကို ကလစ်တစ်ချက်နှိပ်လိုက်ခြင်းဖြင့် ပိတ်လိုက်‌လေ၏။ စစ်သားငယ်လေးသည် လက်ပစ်ဗုံးကို ဖောက်ထုတ်တော့မည့်အချိန်တွင် တစ်ယောက်ယောက်၏အသံကိုရုတ်တရက်ကြားလိုက်ရလေ၏။


 “ခဏနေဦး” 


စစ်သားငယ်လေးသည် နောက်ပြန်လှည့်ကြည့်လိုက်ရာ ကျန့်ယွင် နှင့် စုရွေ့ကျယ် တို့သည် ထွက်မသွားကြသည်ကို တွေ့လိုက်ရလေ၏။


 “ ခင်ဗျားတို့ ဘာလို့ မသွားတာလဲ” 


စစ်သားငယ်လေး၏ ချွေးများသည် နှာခေါင်းမှ စီးကျလာလေ၏။ ဤအခြေအနေတွင် လူသုံးယောက် သေဖို့နေရန် မလိုအပ်ချေ။


စုရွေ့ကျယ် နှင့် ကျန့်ယွင်တို့သည် ဘာမှထပ်မပြောလာခဲ့ချေ။ ကျန့်ယွင်သည် သူတို့ဆီသို့ ဒီရေကဲ့သို့ ပြေးလာသော သန္ဓေပြောင်းကြွက်များကို ယာယီဖိနှိပ်ရန် သူ့ဆွဲငင်အားကို တိုက်ရိုက်အသက်သွင်းခဲ့၏။


စုရွေ့ကျယ်သည် သူ့အိတ်ကပ်ထဲမှ အခွံမာသီးလက်တစ်ဆုပ်စာကို ထုတ်လိုက်ကာ သူ့ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်ထားလိုက်ပြီး အခွံမာသီးတစ်လုံးအဖြစ် ပေါင်းစည်းလိုက်ပြီးနောက် ၎င်းတို့ကို လူတစ်ဦးထက်မြင့်သော ပေါက်ကွဲဒဏ်ခံနိုင်သည့် ဒိုင်းကာတစ်ခုအဖြစ် ပြောင်းလဲရန် သူ့စွမ်းရည်ကို ထုတ်ပြခဲ့လေသည်။


အဓိကရုဏ်းနှိမ်နင်းရေးဒိုင်းကာများကို ယေဘူယျအားဖြင့် အုတ်ခဲများ၊ ကျောက်တုံးများ၊ တုတ်ချောင်းများ၊ ဖန်ပုလင်းများနှင့် အခြားအရာဝတ္ထုများမှ ထိထိရောက်ရောက် တားဆီးနိုင်သည့် အုပ်စုဖွဲ့အဓိကရုဏ်းများကဲ့သို့သော အဆင့်နိမ့်ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် အသုံးပြုကြသည်။


အထူးရဲများအသုံးပြုသော အဓိကရုဏ်းနှိမ်နင်းရေးဒိုင်းကာများတွင် ယေဘုယျအားဖြင့် ကျည်ကာ၊ လှိုင်းကာ နှင့် ပြင်းထန်သောအလင်းဒဏ်ခံနိုင်သည့် လုပ်ဆောင်ချက်များလည်းပါရှိကြ၏။ ၎င်းသည် အနီးကပ်မှ အပေါ့စားလက်နက်များ ထိမှန်မှုကို ခံနိုင်ရည်ရှိပြီး အနီးကပ်အကွာအဝေးမှ လက်ပစ်ဗုံးများ၏ ပေါက်ကွဲလှိုင်းများ၏သက်ရောက်မှုအချို့ကို ခံနိုင်ရည်ရှိကြသည်။


ယခု စုရွေ့ကျယ်၏လက်ထဲရှိ ပေါက်ကွဲဒဏ်ကာကွယ်ရေးဒိုင်းကာသည် အထူးရဲတပ်ဖွဲ့မှအသုံးပြုသော အဆင့်မြင့်ပေါက်ကွဲဒဏ်ကာကွယ်ရေးဒိုင်းကာကို နှိုင်းယှဉ်နိုင်၏။


ဒိုင်းကာတစ်ခုကို ကိုင်ထားပြီး စုရွေ့ကျယ်သည် ကျန့်ယွင်နှင့် သူ့နောက်မှ စစ်သားငယ်လေးကို ဖုံးအုပ်ထားပေးလိုက်ပြီး သူ့အိတ်ကပ်ထဲမှ ချယ်ရီသီးနှစ်လုံးကို ထုတ်ယူလိုက်ကာ ဗုံးနှစ်လုံးအဖြစ် ပြောင်းလဲလိုက်လေသည်။


“နောက်ဆုတ် ”


စုရွေ့ကျယ် အဆင်သင့်ဖြစ်နေပြီဆိုသည်ကို သိပြီး ကျန့်ယွင်သည် သူ့စွမ်းအားကို ဖယ်ရှားလိုက်ပြီး သူတို့သုံးယောက်သည် ထောင့်တလျှောက် နောက်ပြန်ဆုတ်သွားကြလေ၏။ ထိုကြွက်များ သူတို့ဆီ ချဉ်းကပ်လာသည့်အချိန်တွင် စုရွေ့ကျယ်သည် ဗုံးနှစ်လုံးကို တပြိုင်နက်တည်း ဖောက်ခွဲလိုက် လေ၏။


ပြင်းထန်သောပေါက်ကွဲမှုသည် နံရံတွင် အပေါက်ကြီးတစ်ခု ပေါက်သွားသော်လည်း ပေါက်ကွဲဒဏ်ကာ ဒိုင်းကာများနောက်တွင် ပုန်းနေသော လူသုံးဦးသည် ထိခိုက်မှုမရှိခဲ့ပါချေ။


သူတို့သည် ဂိုဒေါင်၏အလယ်ဗဟိုရှိပစ္စည်းများကို တမင်ရှောင်ပြီး ဖောက်ခွဲခဲ့ပြီး သန္ဓေပြောင်းကြွက်များကို ထောင့်ဆီသို့ဦးဆောင်ခဲ့ကြကာ ဖောက်ခွဲခဲ့လေ၏။ ဗုံးများသည် ပေါက်ကွဲမှု၏အတိုင်းအတာကို ထိထိရောက်ရောက်ထိန်းချုပ်ထားကာ ပစ္စည်းများမထိခိုက်ကြောင်း သေချာစေခဲ့သည်။


စုရွေ့ကျယ်၏ချယ်ရီဗုံးများဖြစ်လေ၏။ ဗုံး၏စွမ်းအားသည် သေးငယ်သည်မဟုတ်ပါချေ။ သူသည် ထိုသန္ဓေပြောင်းကြွက်များကို ဖောက်ခွဲမှုတ်ထုတ်လိုက်ပြီး ဗုံးဒဏ်ကြောင့် မသေသော ကြွက်များသည်လည်း ထိတ်လန့်တကြား ထွက်ပြေးသွားချင်ခဲ့ကြသည်။


သို့သော်လည်း စုရွေ့ကျယ်သည် ကြွက်များကို ပြန်သွားခွင့်ပေးရန် လုံး၀အစီအစဉ်မရှိခဲ့ပါချေ။မြေပြင်ပေါ်တွင် စူးရှသောဆူးပင်များ ဘယ်အချိန်က ပေါက်လာခဲ့သည်ကို မည်သူမှ မသိနိုင်ခဲ့ချေ။ စုရွေ့ကျယ်၏ စွမ်းအားဖြင့် ကျန်ရှိနေသောသန္ဓေပြောင်း ကြွက်များကို ဝိုင်းရံထားလိုက်လေ၏။ ထိုသန္ဓေပြောင်းကြွက်များသည် ဆူးပင်များအတွင်းသို့ ဆက်တိုက် ခုန်၀င် တိုးတိုက်နေကြကာ သွေးထွက်သံယို အပေါက်များစွာ ထိုးဖောက်ခံရကာ နေရာအနှံ့သွေးများ စီးကျလာခဲ့လေ၏။ 


ကြွက်များသည် အော်ဟစ်ပြီး ပြန်လှည့်ကာ ကြွက်တွင်းထဲကို ပြန်ပြေးပြီး လွတ်မြောက်ဖို့ရန်ကြိုးစားနေကြလေ၏။ 


သို့သော် စုရွေ့ကျယ်သည် သူ့အိတ်ကပ်ထဲမှ အစေ့နှစ်ခုကို ထပ်ထုတ်လိုက်ပြီး ထူးဆန်းသည့်ပုံစံနှင့်ခရမ်းရောင်ပန်းနှစ်ပွင့်ကို ထုတ်ဖို့ သူ့အစွမ်းကိုသုံးလိုက်၏။ ထို့နောက် ၎င်းတို့အား ကြွက်တွင်းနားသို့ ပစ်ချလိုက်လေ၏။


ပန်းနှစ်ပွင့်ကို မည်သို့ပြုလုပ်ခဲ့သည်ကို မည်သူမျှမသိကြသော်လည်း ၎င်းတို့သည် ၎င်းတို့၏အမြစ်များကို သံမဏိပြား၏အဟများထဲ တွန်းပို့ပြီးနောက် ကြီးမားသောအသားစားအပင်ကြီးနှစ်ပင်ဖြစ်လာသည်အထိ လျင်မြန်စွာကြီးထွားလာခဲ့ကြလေ၏။


ထိုခရမ်းရောင် အသားစားပန်းနှစ်ပွင့်သည် ၎င်းတို့၏ နူးညံ့သိမ်မွေ့သော အဖူးပွင့်များတွင် ချွန်ထက်သော အစွယ်များပါရှိကြပြီး ၎င်းတို့ကို မြင်လိုက်ရသည်နှင့် လူများကိုတုန်လှုပ်သွားစေနိုင်သည်။


ကြွက်တွင်းသို့ လွတ်မြောက်လိုသည့် မည်သည့်သန္ဓေပြောင်းကြွက်မဆို အသားစားပန်းနှစ်ပွင့်၏ မျိုချခြင်းခံရလိမ်မည်ဖြစ်ပြီး ၎င်းတို့ ဆက်လက်ရှင်သန်ကြီးထွားနိုင်စေရန်အတွက် ၎င်းတို့၏ အစာ အာဟာရများ ဖြစ်လာမည်ဖြစ်သည်။


စစ်သားငယ်လေးသည် ထိတ်လန့်တုန်လှုပ်သွားလေ၏။ စုရွေ့ကျယ်သည် အလွန်အစွမ်းထက်သော သစ်သားစွမ်းအားရှင်တစ်ဦးဖြစ်ကြောင်း သူကြားသိခဲ့ရသော်လည်း ထို“စွမ်းအားကြီးသည်”ဟု ခေါ်သည်မှာ စုရွေ့ကျယ်သည် အပင်များကို လက်နက်အဖြစ်ပြုလုပ်နိုင်မည်ဟု မထင်ထားခဲ့ချေ။ ထို့အပြင် သူသည် တိုက်ခိုက်ရန် သူ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြုသည့်အခါတွင် အလွန်‌ ထိတ်လန့်တုန်လှုပ်စရာကောင်းမည်ဟု သူမထင်ထားခဲ့ချေ။


ပေါက်ကွဲမှုဒဏ် ဒိုင်းကာ၊ ပြင်းထန်သောဖောက်ခွဲမှု၊ ဆူးပင်များ နှင့် နွယ်ပင်များ ကိုတစ်နေရာတည်းတွင်ပေါ်လာပြီး ကြောက်စရာကောင်းသော အသားစားပန်းများ နှင့် အခြေစိုက်စခန်းတစ်ခုလုံးမ‌ဖြေရှင်းနိုင်သော သန္ဓေပြောင်းကြွက်များကို သူ တစ်ယောက်တည်း သတ်ဖြတ်လိုက်လေသည်။ အဲ့ဒါက ကြောက်စရာပဲ....


စုရွေ့ကျယ်သည် ခေါင်းလှည့်ပြီး စစ်သားငယ်လေးကို ပြုံးပြလိုက်ပြီး “ကျွန်တော် ဝမ်ချန်းအခြေစိုက်စခန်းက မျိုးစေ့တွေအများကြီးရခဲ့တာလေ။ အခု ကျွန်တော် ကောင်းကောင်းအသုံးလိုက်တယ် ”


စစ်သားငယ်လေးသည် ခြောက်ကပ်စွာ သဘောတူလိုက်လေ၏။