အခန်း(၇၆)
Viewers 12k


အခန်း(၇၆)《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク


ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့၏အကူအညီဖြင့် သန္ဓေပြောင်းကြွက်များဝင်ရောက်ခြင်းပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့၏။ သန္ဓေပြောင်းကြွက်များအားလုံး သေဆုံးခဲ့၏။ ဗုံးမှန်ခဲ့သော ကြွက်များကို အခြားကြွက်များက စားသောက်ခဲ့သည့်အပြင် ကျန်သည့်ကြွက်သေများမှာ ရာဂဏန်းလောက်ရှိသေးပြီး အနည်းဆုံး ကျင်းတစ်ရာနီးပါးလောက်ရှိ၏။ 


ထိုသတင်းကောင်းကိုကြားပြီး ကျန်းရွှီကျိုးသည် နောက်ဆုံး၌ အချိန်အတော်ကြာအောင်ရှိနေခဲ့သည့် သူ့မျက်နှာပေါ်ရှိမျက်မှောင်ကြုတ်ခြင်းကို ဖျောက်လိုက်နိုင်ပြီး ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့ကို ကျေးဇူးတင်ကြောင်းပြောရန် အလျင်စလိုသွားလေ၏။ သူတို့သည် စစ်သားများကို ကြွက်သေများကိုကောက်ယူပြီး အသားဟင်းလျာများချက်ပြုတ်ဖို့ ကန်တင်းသို့ပို့ပေးဖို့ရန် တောင်းဆိုလိုက်၏။ သူတို့သည် အသားဖြင့် ရက်ပေါင်းများစွာ ကြိုးကြိုးစားစားလုပ်ကိုင်ခဲ့ကြသော စစ်သည်များနှင့် မကြောက်မရွံ့ကူညီခဲ့ကြသူများကို ချီးမြှင့်ခဲ့သည်။


ကြွက်သားဖြစ်သော်ငြားလည်း သန္ဓေပြောင်းတိရစ္ဆာန်များဖြစ်၏။ မည်သည့် သန္ဓေပြောင်းတိရစ္ဆာန်၏အသားမဆို အလွန်အရသာရှိ၏။ သန့်စင်ပြီးပါက အခြားအရာများနည်းတူ ကောင်း၏။ ယခုအချိန်တွင် အခြေစိုက်စခန်းတွင်ရှိသောအစားအစာကို ကြွက်များက လုယူခဲ့ကြသည်ကိုမဆိုထားနှင့် ကမ္ဘာပျက်ကပ်မတိုင်မီတုန်းကနှင့်မတူဘဲ ဇီဇာကြောင် ရွေးချယ်ပြောဆိုပိုင်ခွင့်မရှိချေ။ စားနပ်ရိက္ခာအရှားပါးဆုံးသော အချိန်ကာလတွင် ဆင်းရဲဒုက္ခများစွာရရှိစေခဲ့သော ထိုကြွက်များ၏အသားကို အလဟဿမဖြုန်းတီးနိုင်ချေ။


အလုပ်မှတ်နှစ်ခုနှင့် မွှေးကြိုင်သောအာလူးနှင့် ကြွက်သားပြုတ်ကို ထမင်းဖြူဖြင့်ရရနိုင်ပြီး အခြေစိုက်စခန်းရှိ အသက်ရှင်ကျန်ရစ်သူအားလုံးကို ပြုံးရွှင်သွားစေ၏။ လူတိုင်းသည် အလွန်ပျော်ရွှင်နေကြ၏။ တစ်ဖက်တွင် အနည်းဆုံးတော့ အသားစားရခြင်း၏ ပျော်ရွှင်ခြင်းပင်ဖြစ်၏။ တစ်ဖက်မှာတော့ လူများနှင့် သိုလှောင်ခန်းများကို ထိခိုက်နာကျင်စေမည့် ကြွက်ကြီးတစ်ကောင် ရုတ်တရက်ထွက်လာမည့်အကြောင်းကို စိတ်ပူစရာမလိုတော့သည့်အတွက် ပျော်ရွှင်ခြင်းဖြစ်လေ၏။ 


ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည်သူတို့၏ စွမ်းအားများကို အလွန်အကျွံသုံးစွဲခဲ့ကြ၏။ အပေါ်ယံတွင် အတော်လေးလွယ်ကူပုံပေါ်သော်လည်း တကယ်တမ်း၌ နှစ်ယောက်စလုံး အလွန်ပင်ပန်းနေခဲ့ကြ၏။ သူတို့နှစ်ယောက်လုံးသည် အထပ်မြင့်အဆောက်အဦးဆီကို တန်းတန်းမတ်မတ် ပြန်သွားခဲ့ကြပြီး သက်တောင့်သက်သာပြန်အိပ်ခဲ့ကြ၏။ တခြားသူများသည် ကန်တင်းမှ ထမင်းပြန်ယူလာခဲ့ပေးကြသည်။ စားသောက်ချင်ရှိမှန်းသိကြသဖြင့် သူတို့သည် ဟင်းခြောက်မျိုးကို ရိုးရိုးရှင်းရှင်းဝယ်ပြီး အစားအသောက်ဗူးများဖြင့် ထဲထည့်သယ်ခဲ့ကြသည်။ 


စုရွေ့ကျယ် မြည်းစမ်းကြည့်လိုက်‌၏။ သန္ဓေပြောင်းကြွက်အသားသည် အရသာတကယ်ကောင်းပြီး ကြက်သား နှင့်နည်းနည်းအရသာတူ၏။


“ကျန့်ကော ဒီနေ့ကျွန်တော်တို့ ညစာသွားစားတုန်းက အခြေစိုက်စခန်းက လူတော်တော်များများ ပျောက်နေတာကို တွေ့ခဲ့တယ်”


ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့ ညစာစားနေစဉ် ကျန့်ကျားဟယ်သည် ခွေးခြေခုံကိုယူပြီး သူတို့ဘေး၌ဝင်ထိုင်လိုက်၏။


“အိုး ဘာကိစ္စရှိလို့လဲ”


ကျန့်ယွင် ခေါင်းမထောင်ဘဲ မေးလိုက်၏။


“တချို့လူတွေက အခြေစိုက်စခန်းကျဆုံးမယ်လို့ ထင်ပြီး လွတ်လမ်းရှာဖို့ တခြားနေရာတွေကို သွားကြပုံရတယ်”


ကန်တင်းတွင် လူများစွာရှိပြီး အမျိုးမျိုးသောသတင်းများကို အလွယ်တကူကြားနိုင်လေသည်။


“ကျွန်တော်တို့ ပြန်လာတော့ စီမံခန့်ခွဲရေးစင်တာမှာ လဲလှယ်နေကြတဲ့သူတွေ အများကြီးတွေ့ခဲ့တယ်။ လင်းချန်အခြေစိုက်စခန်းက ကျွန်တော်တို့နဲ့ သိပ်မဝေးဘူးလို့ကြားတယ်။ လူတော်တော်များများက ထွက်သွားပြီး အဲဒီကိုမောင်းထွက်သွားကြတယ်တဲ့။ သူတို့ထဲကတစ်ချို့လူတွေက စွမ်းအားရှင်တွေတဲ့။ သူတို့ထွက်သွားတဲ့အခါတုန်းက သူတို့ ID ကတ်ထဲကအလုပ်မှတ်တွေကို သုံးပြီး ရိက္ခာတွေအများကြီးနဲ့ လဲလှယ်သွားတုန်းပဲတဲ့။ သူတို့ အရှက်မဲ့လွန်းတယ် ”


 “အခြေစိုက်စခန်းကသိလား”


“သိတယ်၊ ဒါပေမယ့် သူတို့ဘာလုပ်နိုင်မှာလဲ။ လူတွေထွက်မသွားအောင် တားလို့မှမရတာ...”


ကျန့်ကျားဟယ်က ဆက်ပြောလေ၏။


“အခု အခြေစိုက်စခန်းက စားနပ်ရိက္ခာရှားပါးနေပြီလို့ထင်နေကြတယ်။ နျိုသလီဆီကကြားခဲ့တာက သူ့ကိုတာဝန်တစ်ခုပေးထားပြီး သူ့တပ်ဖွဲ့တစ်ဝက်လောက်ကို ရိက္ခာပစ္စည်းတွေရှာဖို့ လွှတ်လိုက်တယ်တဲ့ ”


 “ပြီးတော့…” 


ကျန့်ကျားဟယ်သည် တစ်ခုခုပြောချင်သော်လည်း ရပ်သွား၏။


“ဘာလဲ ”


“သူတို့ လင်းချန်အခြေစိုက်စခန်းကိုထွက်သွားဖို့မစီစဉ်ကြခင်တုန်းက ဗုံးခွဲထားတဲ့စပါးကျီကို သူတို့တွေ့တော့ အဲ့မှာ အစားအစာတွေသိပ်မကျန်တော့ဘူးလို့ စီမံခန့်ခွဲရေးစင်တာကနေ ကြားခဲ့ရတယ်။”


စုရွေ့ကျယ်သည် ထိုအကြောင်းကြားပြီး တူများကိုင်ထားသည့် သူ့လက်များ တင်းကြပ်သွားလေ၏။ ထိုကြွက်များသည် အခြေစိုက်စခန်းတွင်ရှိသော ပစ္စည်းအများစုကို ထိခိုက်ပျက်စီးစေခဲ့ကြ၏။ ရှိနေသေးသည့်ပစ္စည်းများမှာလည်း နှစ်လစာလောက်ပင် မကြာတော့မည်ကို သူစိုးရိမ်ခဲ့သည်။


အခြေစိုက်စခန်း၏ အစားအစာသိုလှောင်မှုသည် ကြွက်များကြောင့် ပျက်စီးသွားခဲ့၏။ ပစ္စည်းများနှင့်အတူထွက်ခွာသွားကြဖို့ ရွေးချယ်သူများသည် အမှတ်တကယ်ကို လုယက်နေကြခြင်းပင်။ အခြေစိုက်စခန်းသည် သိမ်းထားသည့်စားစရာများ သိပ်မရှိတော့မှန်းသိသော်လည်း အံတင်းတင်းကြိတ်ကာ တစ်ဖက်ကို ရိက္ခာများပေးလိုက်ဆဲပင်ဖြစ်၏။


၎င်းသည် ဘဏ်တစ်ခုသာဖြစ်ပါက အနုတ်လက္ခဏာဆောင်သော သတင်းအချို့ကို ရုတ်တရက်လက်ခံရရှိသကဲ့သို့ပင်။ ငွေအပ်သူအများအပြားသည် ငွေထုတ်ယူရန် ရောက်လာကြလိမ့်မည်။ ဘဏ်မှအရန်ရန်ပုံငွေသည် အလွန်ကြပ်တည်းသည်ကိုသိရှိသောအခါ ဘဏ်မှငွေသွင်းသူများအား ပေးချေရန် အကောင်းဆုံးကြိုးစားနိုင်ရုံသာရှိ၏။


သို့မဟုတ်ပါက ၎င်း၏အပ်နှံသူများအတွက် ငွေထုတ်ရန်ငြင်းဆိုလိုက်သည်နှင့် ဘဏ်တွင် ရန်ပုံငွေမရှိဟု သက်သေပြနေလိမ့်မည်ဖြစ်သည်။ ပြည်သူများ၏ စိတ်နှလုံးလုံခြုံမှုမရှိဖြစ်ပြီး လုများပိုပိုပြီး ငွေထုတ်ရန်မေးလာလိမ့်မည်ဖြစ်ကာ ဘဏ်အတွက် ပိတ်မချမီအထိစောင့်နေခြင်းသည်သာ တစ်ခုတည်းသောရလဒ်ဖြစ်ပေသည်။ 


အခြေစိုက်စခန်းအတွက်လည်း အလားတူပင်ဖြစ်၏။ ထိုလူများအတွက် စားစရာများလဲလှယ်ဖို့ ငြင်းလျှင် အခြေစိုက်စခန်းမှ ငြင်းဆိုပါက လူများအကြားတွင် အကြီးအကျယ်အထိတ်တလန့် ဖြစ်သွားစေလိမ့်မည်ဖြစ်ပြီး ထို့နောက် အခြေစိုက်စခန်းသည် ဖရိုဖရဲ ဖြစ်သွားပေလိမ့်မည်။


မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို သင်ယူခဲ့ကြသော်လည်း ဖန်လုံအိမ်တွင် သီးနှံများ အမှန်တကယ်စိုက်ပျိုးကြီးထွားရန် အချိန်အတော်ကြာ လိမ့်မည်ဖြစ်သည်။ ၎င်းသည် ဟင်းသီးဟင်းရွက်အချို့ကို ထုတ်ပေးရန်အတွက် အပင်စွမ်းအားမျအတွက် အဆင်ပြေ၏။ သူတို့အတွက် အခြေစိုက်စခန်းတစ်ခုလုံး၏အသက်ရှင်ကျန်ရစ်သူများအတွက် လုံလောက်သော စားနပ်ရိက္ခာများ ထုတ်လုပ်ရန် မဖြစ်နိုင်ချေ။


တပ်ဖွဲ့များ စေလွှတ်လိုက်ရုံနှင့် အရင်းအမြစ်များ ဘယ်လောက်ပြန်ရနိုင်မလဲ။ ရေပုံးထဲမှ ရေတစ်စက်လောက်သာ…


စုရွေ့ကျယ် မသိစိတ်ကခေါင်းလှည့်ပြီး ကျန့်ယွင်ကို ကြည့်လိုက်၏။ စပါးကျီထဲရှိ ဆန်စပါးများကိုသူ ပေါက်ကွဲစေခဲ့ခြင်းဖြစ်၏။ ကြွက်များကို သတ်ပစ်ဖို့အတွက်ဟုပြောနိုင်သော်လည်း အခြေစိုက်စခန်းထဲတွင် အစာပြတ်လပ်နေမှုကို လူအများအ ထုတ်ပြခဲ့မိလေ၏။ စားစရာပြဿနာကို တတ်နိုင်သမျှ အမြန်ဆုံး မဖြေရှင်းနိုင်လျှင် အခြေစိုက်စခန်းသည် အမှန်တကယ်ကို ပြိုကွဲသွားနိုင်လေသည်။


အခု သူ အကြံတစ်ခုရပြီ...


ကျန့်ယွင်သည် စုရွေ့ကျယ်၏ မျက်လုံးများကို ကြည့်လိုက်သည့်အချိန်တွင် သူ့အတွေးများကို မကြာခင်မှာပဲ သဘောပေါက်သွားလေ၏။


စုရွေ့ကျယ်၏လျှို့ဝှက်ချက်မှာ ကျန့်ယွင်တစ်ဦးတည်းသာ အသိဆုံးဖြစ်၏။ စုရွေ့ကျယ်စိုက်ပျိုးရန် အသုံးပြုသောနေရာလွတ်သည် သူ့၏ အကြီးဆုံးရွှေလက်ချောင်းပင်ဖြစ်၏။ ကျန့်ယွင်ကို တစ်ချိန်က နိဗ္ဗာန်ဘုံတစ်ခုကဲ့သို့ လှပသောတောင်ကြားထဲသို့ စုရွေ့ကျယ်ခေါ်သွားခဲ့ဖူးသည်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအပြင် ဆန်နှင့် ဂျုံကဲ့သို့သော ကောက်ပဲသီးနှံများလည်းရှိ၏။ ထိုကောက်ပဲသီးနှံများကို ထုတ်လိုက်ပါက အခြေစိုက်စခန်း၏စားနပ်ရိက္ခာပြဿနာကို လျင်မြန်စွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။


အဲ့ဒါက..... မှန်ကန်သည့်အချိန်နှင့်အကြောင်းပြချက်ကို ရှာဖွေရန်သာဖြစ်သည်...


ညစာစားပြီးနောက် ကျန့်ယွင်သည်တခြားသူများအားလုံးကို သူတို့အခန်းထဲပြန်ခိုင်းလိုက်၏။ သူနှင့် စုရွေ့ကျယ်တို့သည် တံခါးကိုပိတ်လိုက်ပြီး နေရာလွတ်ထဲသို့ ဝင်လိုက်ကြ၏။


နေရာလွတ်ထဲတွင် ပန်းများနှင့် အသီးအနှံများ အများအပြားရှိနေသည်။ အပြင်ဘက်တွင် ကြာရှည်စွာ အပူချိန်မြင့်မားမှုကြောင့် အပင်အရေအတွက်အများအပြား ညှိုးနွမ်းသွားသည့် အဖြစ်မှန်နှင့် သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်သော ပစ္စည်းအားလုံး၏ ကြွယ်ဝနေမှုကို ခံစားချက်တစ်ခုရစေသည်။


သူတို့နှစ်ဦးသည် ကိရိယာတန်ဆာပလာများကို ထုတ်ယူကာ လယ်ကွင်းထဲရှိ စပါးနှင့်ဂျုံများကို အတူတကွ ရိတ်သိမ်းကြပြီး လယ်ကွင်း၏ တောင်ကုန်းပေါ်တွင် တောင်ကြီးတစ်ခုအဖြစ်စုပုံထားလိုက်ကြ၏။ ဆယ်ဧကခန့်လယ်မြေသည် အထွက်နှုန်းမှာ ကျင်း သုံးထောင်မှ လေးထောင်ဝန်းကျင် ရှိသင့်သည်ဟုဆိုကြပြီး ဤအခက်ခဲဆုံးသောကာလကို ကျော်လွှားနိုင်ရန် အခြေစိုက်စခန်းအား ကူညီပေးရန် လုံလောက်ပါသည်။


သို့ရာတွင်လည်း သူတို့တွင် ခြွေလှေ့မရှိ၍ စပါးများကို မကြိတ်နိုင်ချေ။ ထို့ကြောင့် ရိတ်သိမ်းပြီးသော သီးနှံများ၏ စုစုပေါင်းအလေးချိန်ကို နှစ်ဆတိုးသင့်သည်။


သူတို့အရမ်းအလုပ်များကြသဖြင့် တည့်တည့်တောင်မရပ်နိုင်သော်လည်း အကူညီမတောင်းခဲ့ကြချေ။ ၎င်းသည် သူတို့အဖွဲ့သားများကို မယုံလို့လည်းမဟုတ်ပါချေ။ စုရွေ့ကျယ်၌ နေရာလွတ်စွမ်းရည်ရှိသည်ကို အားလုံးသိကြသော်လည်း စုရွေ့ကျယ်၏ နေရာလွတ်သည် အလွန်ထူးခြား၏။ ထူးခြားမှုများကို သိသည့် လူနည်း‌လေ ပိုကောင်းလေဖြစ်၏။


ဆောင်းဦးပေါက် ရိတ်သိမ်းမှုနီးပါးပင်။ လယ်သမားများ ဆန်စပါးများကို ရိတ်သိမ်းပြီး ဂိုဒေါင်ထဲသို့ ပြန်ထည့်ရန် ဖြစ်နိုင်ဆဲပင်။ သူတို့သည် အဖွဲ့အား အပြင်ခေါ်သွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။ မနက်ဖြန်ပြန်ရောက်လာသည့်အခါ ရွာတစ်ရွာမှတွေ့သည့် စပါးများဟု အခြေစိုက်စခန်းကိုပြန်ပြောပြလိမ့်မည်ဖြစ်သည်။


ရိတ်သိမ်းပြီးခါစ ဆန်စပါးစေ့များသည် အလွန်လတ်ဆတ်နေသဖြင့် အချိန်အတော်ကြာအောင်ထားရမည်ဟု ဟန်ဆောင်ကာ နေ့ခင်းဘက်တွင် နေပူလှန်းရန်နေရာကို ရှာရပေတော့မည်။


သူတို့သည် နေရာလွတ်ထဲမှ ထွက်လာကြကာ ရေချိုးပြီး အနားယူကြ၏။


နောက်တစ်နေ့ နေဝင်ချိန်ရောက်သောအခါ ကျန့်ယွင်နှင့်သူ့အဖွဲ့သည် တပ်ခွဲမှူးကျန်းကို ရှာရန် သွားခဲ့ကြ၏။ သူတို့သည် ထရပ်ကားကြီးများကို ငှားရန်သွားခဲ့ကြသည်။ အဆုံးမှာတော့ ကျင်းထောင်ချီသည့် စပါးများကို သူတို့၏ SUV ကားအသေးလေးထဲတွင် မတင်နိုင်ချေ။


ဗိုလ်ချုပ်ကျန်းသည် ဘာမှမပြောဘဲ သူတို့အား အကြီးစားထရပ်ကားတစ်စီး ပေးလိုက်၏။ သူသည် ကားသမားတစ်ယောက်ပေးချင်ခဲ့သော်လည်း ကျန့်ယွင်ထံမှ ယဉ်ကျေးစွာ ငြင်းပယ်ခံလိုက်ရ၏။ ကျန်းရှို့လျန်တွင် ယဉ်မောင်းလိုင်စင်ရှိသဖြင့် ထိုကဲ့သို့ ကြီးမားသောထရပ်ကားကို မောင်းနှင်ရာတွင် ပြဿနာမရှိပေ။


ကျန့်ယွင် နှင့်သူ့အဖွဲ့သည် ထရပ်ကားကိုယူကာ တစ်နေ့လုံး ထွက်သွားခဲ့ကြ၏။ သူတို့ ပြန်လာကြသောအခါ ရိက္ခာအပြည့်တင်ထားသော ထရပ်ကားတစ်စီးကို ပြန်ယူလာခဲ့ကြ၏။ သူတို့သည် အနီးနားရှိကျေးရွာများစွာသို့ သွားရောက်ခဲ့ကြပြီး ခြွေလှေ့စက်နှစ်ခုကို တွေ့ရှိခဲ့ကြကာ သူတို့နှင့်အတူ ပြန်ယူလာခဲ့ကြ၏။


ကျန့်ယွင်သည် ဗိုလ်ချုပ်ကျန်း ဆီသို့တိုက်ရိုက် လွှဲပြောင်းပေးလိုက်၏။ ၎င်းသည် ရွှေရောင်စပါးစေ့များအပြည့်ဖြစ်၏။ တစ်နေ့လုံးပူပြင်းသောနေရောင်တောက်ပနေခဲ့သဖြင့် ၎င်းတို့သည် ဒီအချိန်တွင် အရမ်းလတ်ဆတ်ပြီး စိုစွတ်နေပုံမပေါ်သော်လည်း အဖိုးတန် ဆန်စပါးများပင်ဖြစ်ကြ၏။ 1.8 မီတာအမြင့်ရှိသော စစ်သားတစ်ယောက်ဖြစ်သည့် ဗိုလ်ချုပ်ကျန်းသည် မျက်ရည်များ ဝဲလာခဲ့လေ၏။


အစပိုင်း၌ ကျန့်ယွင်သည် ဤကောက်နှံများကို အခြေစိုက်စခန်းအား တိုက်ရိုက်လှူဒါန်းချင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မူလကတည်းက ဘာအတွက်မှမရည်ရွယ်ဘဲ ယူခဲ့ကြခြင်းဖြစ်သည်။ သို့သော် တပ်ခွဲမှူးကျန်းသည် ၎င်းတို့အား လက်ခံရန် ငြင်းဆန်ခဲ့၏။


စစ်သည်များအနေဖြင့် သာမန်ပြည်သူလူထုထံမှ မည်သည့်နည်းနှင့်မျှ အခွင့်ကောင်းယူလိုစိတ်မရှိကြချေ။ အဆုံးတွင် သူတို့သည် အလုပ်မှတ်များအဖြစ် ပြောင်းလဲခဲ့ကြပြီး အခြေစိုက်စခန်းမှ မြေဆီလွှာမဲ့ စိုက်ပျိုးရေးမှ စပါးအမြောက်အမြားကို အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းရှိလာသောအခါတွင် အခြေစိုက်စခန်းမှ သူတို့ထံ ရိက္ခာဆန်များ ပြန်လည်ပေးအပ်လိမ့်မည်ဖြစ်သည်။


အခြေစိုက်စခန်းသည် စားစရာများ ပြန်ရှိလာ၏။ အစားအစာအများကြီး အပြင်ဘက်ကနေ ရောက်လာတယ်။


၎င်းသည် တကယ့်ကို သတင်းကောင်းဖြစ်၏။ အခြေစိုက်စခန်းမှ အသက်ရှင်ကျန်ရစ်သူများသည် ဆန်စပါးများတင်ဆောင်လာသော ကားတစ်စီးသည် ဂိတ်ပေါက်ဝမှ ဖြတ်ဝင်လာသည်ကို တွေ့လိုက်ကြရသည်။ သူတို့သည် ဆန်စပါးများမည်သည့်နေရာမှရောက်လာသည်ကို မသိကြချေ။ သူတို့သည် အပြင်ဘက်မှ စစ်တပ်၏ဆန်စပါးသိုလှောင်ရုံဟုသာ ထင်နေခဲ့ကြသည်။


ထို့အပြင် အခြေစိုက်စခန်းသည် အနာဂါတ်စားနပ်ရိက္ခာ ထောက်ပံ့မှုသေချာရရှိစေရန် မြေဆီလွှာမဲ့ စိုက်ပျိုးခြင်းကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့၏။ အဆိုပါသတင်းနှင့်အတူ အသက်ရှင်ကျန်ရစ်သူအားလုံးသည် ဝမ်းမြောက်ဝမ်းသာ ‌ဟစ်ကြွေးကြကာ အချင်းချင်း အကြောင်းကြားရန် ပြေးသွားခဲ့ကြသည်။


လှုပ်ရှားနေသောစိတ်ဖြင့် သူတို့၏မှတ်ပုံတင်ကတ်ပြားများကို အတည်ပြုကာ အခြေစိုက်စခန်းမှထွက်ခွာရန် လျှောက်ထားခဲ့ကြသူများအတွက်မူ အခြေစိုက်စခန်းသည် သူတို့အားပြန်၀င်ခွင့်ပြုရန် ဆန္ဒမရှိလိမ့်မည်မဟုတ်ချေ။ ထိုတုန်လှုပ်လွယ်သောသူများသည် အခြေစိုက်စခန်း၏စည်းလုံးညီညွတ်မှုကို ပျက်ပြားစေရုံသာရှိခဲ့ကြကာ အခြေစိုက်စခန်းအား ကောင်းမွန်သည့်အရာများမဖြစ်စေခဲ့ပေ။ အခု သူတို့ တခြားအခြေစိုက်စခန်းကိုသွားချင်မှတော့ သွားခွင့်ပြုလိုက်ကြတာပေါ့။ 

 

စုရွေ့ကျယ်နှင့်သူ့အဖွဲ့သားများသည် ပစ္စည်းများနှင့်အတူ အခြေစိုက်စခန်းမှထွက်ခွာသွားသူများအား စောင့်ကြည့်နေခဲ့ကြသည်။ လင်းချန်အခြေစိုက်စခန်းသည် သေးငယ်ပြီးပုဂ္ဂလိကပိုင်အခြေစိုက်စခန်းတစ်ခုဖြစ်ကာ ၀မ်ချန်းအခြေစိုက်စခန်းကဲ့သို့ အင်အားကြီးမားခြင်းမရှိသည်ကို သူတို့သိခဲ့ကြသည်။


စွမ်းအားရှင်များသည် ဦးစားပေးဆက်ဆံမှုကို ခံစားခဲ့ကြသော်လည်း သာမာန်လူများအတွက်မူ သူတို့၏လက်ရှိ အခြေစိုက်စခန်းကဲ့သို့ နေရာကောင်းတစ်ခုမဟုတ်ဘဲ ကောင်းမွန်သည့်အခြေအနေများမရှိပါချေ။ ဤကမ္ဘာထဲတွင် ဖက်တီးလုယန်မရှိဘဲ လင်းချန်အခြေစိုက်စခန်းတွင် နေရောင်ခြည်စွမ်းအင်သုံး ဂျင်နရေတာများမရှိဟု ယူဆနိုင်သည်။ ထိုလူများ သွားကြသောအခါ ဘယ်လိုအခွင့်အရေးမျိုးကို သူတို့စွန့်လွှတ်လိုက်ကြသလဲဆိုသည်ကို သူတို့နားလည်သွားလိမ့်မည်ဖြစ်သည်။


အနာဂတ်တွင် တောင်ပိုင်းအခြေစိုက်စခန်းသည် ပိုကောင်းပြီးရင်း ကောင်းလာလိမ့်မည်။ ထိုလူများ ပြန်လာချင်သည့် ဆန္ဒရှိကြလည်း ရနိုင်လိမ့်မည်မဟုတ်ချေ။


လောကတွင် နောင်တအတွက် ဆေးမရှိချေ။ လူများသည် ကိုယ့်ရွေးချယ်မှုများအတွက် အမြဲတမ်း တာဝန်ရှိသည်။