အခန်း(၇၇)《 စွမ်းရည်တိုးမြှင့်ဆေး 》
Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク
မျက်စိတစ်မှိတ်အတွင်း ကမ္ဘာပျက်ကပ်ကြီးပေါက်ကွဲခဲ့သည်မှာ သုံးလကျော်ကြာသွားခဲ့ပြီဖြစ်သည်။ တောင်ပိုင်းအခြေစိုက်စခန်း၏ စားနပ်ရိက္ခာအကျပ်အတည်းသည် နောက်ဆုံးတွင် ချောမွေ့စွာ ဖြတ်ကျော်သွားနိုင်ခဲ့၏။ မြေဆီလွှာမဲ့ စိုက်ပျိုးရေးစမ်းသပ်မှုမှာလည်း အလွန်အောင်မြင်ခဲ့ပြီး အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် သီးနှံအများအပြားကို အခြေစိုက်စခန်းတွင်တည်ဆောက်ထားသော ဖန်လုံအိမ်များတွင် စိုက်ပျိုး ကြီးထွားလာခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ စွမ်းအားရှင်အရေအတွက်သည် တဖြည်းဖြည်းတိုးလာခဲ့၏။ စွမ်းအားရှင်များကို အနှောက်အယှက်ဖြစ်စေသည့်အရာမှာ အဆင့်မြှင့်တင်ရန် နည်းလမ်းရှာမတွေ့ နိုင်ကြခြင်းဖြစ်၏။ အပြင်ဘက်တွင် ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်အရေအတွက်လည်း တဖြည်းဖြည်းများပြားလာသည်ကို တွေ့ရသဖြင့် စွမ်းအားရှင်များ ဆင့်ကဲတိုးတက်မှု ဆက်မတိုးတတ်နိုင်ခြင်းသည် လူသားမျိုးနွယ်အတွက် အလွန်အဆင်မပြေလှပေ။
စွမ်းရည်များကို မကြာခဏဆိုသလို ဆက်တိုက်အသုံးပြုခြင်းသည် အဆင့်တိုးလာခြင်းကို ခံစားရသည်ဟု ထင်ရသော်လည်း အဆင့်မြှင့်တင်မှုအတွက် မည်သည့်လက္ခဏာမျှ မတွေ့ရချေ။ ကမ္ဘာပျက်ကပ်ဝတ္ထုများကို ဖတ်ရှုဖူးသူများသည် အဆင့်မြှင့်တင်မှုသည် ဖုတ်ကောင်အမြုတေများနှင့် ဆက်စပ်နိုင်သည်ဟု ထင်ခဲ့ကြသည်။ သူတို့သည် အမြုတေများကို အများအပြားစုဆောင်းခဲ့ကြသော်လည်း ၎င်းတို့အား မည်ကဲ့သို့အသုံးပြုရမည်ကို မသိကြချေ။ သူတို့အားလုံးသည် အလွန်စိုးရိမ်နေခဲ့ကြ၏။
နောက်ဆုံးတွင် တောင်ပိုင်းအခြေစိုက်စခန်းသည် ကျန့်ယွင် နှင့် စုရွေ့ကျယ်တို့နှင့် ဆွေးနွေးခဲ့ပြီး အမြုတေခဲများအသုံးပြုနည်းကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့သည်။ ဖောက်ထွင်းမြင်ရသော အခြေခံအမြုတေသည် မည်သည့်စွမ်းရည်ကိုမဆို ထောက်ပံ့ဖြည့်စွက်ပေးနိုင်သော်လည်း စွမ်းရည်များကို တိုးမြှင့်ပေးနိုင်လိမ့်မည်မဟုတ်ချေ။ အများအပြားစားသုံးခြင်းသည် ဖုတ်ကောင်ဗိုင်းရပ်စ်ကို ပြန်ကန်ခြင်းဆီသို့ ဦးတည်သွားစေနိုင်သည်။
ဒုတိယအဆင့် အမြုတေသည် စွမ်းရည်ကို အဆင့်မြှင့်တင်နိုင်ရန် ကူညီပေးနိုင်လိမ့်မည်ဖြစ်သည်။ သို့သော်လည်း အချို့သောဆက်စပ်အန္တရာယ်များရှိနေသေးသည်။ အဆုံးမှာတော့ ဒုတိယအဆင့် အမြုတေတွင် အဆင့်မြှင့်တင်ရန် စွမ်းအားရှင်များလ်ုအပ်သော စွမ်းအင်သာမက ဖုတ်ကောင်ဗိုင်းရပ်စ်၏ ပြန်လည်ဆင့်ကဲခြင်းလည်း ပါ၀င်နေခဲ့သည်။ အဆင့်မြှင့်တင်မှုမအောင်မြင်ခဲ့ပါက သူတို့သည် ဖုတ်ကောင်များဖြစ်လာလိမ့်မည်ဖြစ်သည်။
ဤကာလအတွင်း တောင်ပိုင်းအခြေစိုက်စခန်းသည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများတွင် ဖုတ်ကောင်ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်သည့် သဘောတရားကို နက်နက်ရှိုင်းရှိုင်း သုတေသနပြုခဲ့ပြီး နောက်ဆုံး၌ အပင်များတွင်ပါရှိသော ကလိုရိုဖီးလ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် B12 နှင့် အခြားဒြပ်စင်များသည် ဖုတ်ကောင်ဗိုင်းရပ်စ်၏ ဗိုင်းရပ်စ်ဖွဲ့စည်းတည်ဆောက်ပုံအား ထိခိုက်ပျက်စီးစေနိုင်ပြီး ၎င်းတို့သည် လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုသော လျှို့ဝှက်ဆန်းကြယ်သည့်အရာများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြလေသည်။
သုတေသနနှင့် လက်တွေ့စမ်းသပ်မှုများသည် နှစ်လခွဲကြာပြီးနောက် သုတေသနစင်တာမှ ထိုဒြပ်စင်များပါသည့် ဆေးတစ်မျိုးကို နောက်ဆုံး၌ ထုတ်လုပ်ခဲ့သည်။ အဆိုပါဆေးသည် ဖုတ်ကောင်ဗိုင်းရပ်စ်ကို ပြင်းထန်စွာဖျက်ဆီးနိုင်သည့် အကျိုးသက်ရောက်မှုရှိသော အဆင့်မြင့်အပင်ဒြပ်စင်များရောနှောဖျော်စပ်ထားသည်။
ထိုကဲ့သို့သောဆေးမျိုးအား ဖြေဆေးဟု အမည်ပေးထားသည်။ လူများသည် သာမန်ဖုတ်ကောင်များထံမှ ကုတ်ခြစ်မိသ၍ ဤဆေးကို ကုတ်ခြစ်ခံရပြီး သုံးနာရီအတွင်း သောက်သုံးနေသမျှကာလပတ်လုံး သူတို့ခန္ဓာကိုယ်တွင်းရှိ ဖုတ်ကောင်ဗိုင်းရပ်စ်ပိုးကို သတ်ပစ်နိုင်သည်။ သူတို့သည် စွမ်းအားရှင်တစ်ယောက် ဖြစ်မလာနိုင်သော်လည်း သူတို့၏ ရုပ်ပိုင်းဆိုင်ရာအရည်အသွေးမှာ အလွန်ကောင်းမွန်စွာ တိုးတက်လာပေလိမ့်မည်။
ပြင်းအားအဆင့်မြင့်သောဆေးတစ်လုံးကို ထုတ်လုပ်ရန် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ကျင်း 100 ခန့်ကို ရောနှောဖျော်စပ်ပြီး ဖြေဆေးအဖြစ်သို့ ပြောင်းလဲရသည်။ အလုံး 20 လောက်သာ ထုတ်လုပ်နိုင်လေသည်။ ထို့သောကြောင့် လဲလှယ်သည့်ဈေးသည် အလွန်မြင့်မားပြီး အလုပ်မှတ်နှစ်ဆယ်မှတ်လျှင် ဖြေဆေးတစ်လုံးတည်းကိုသာ လဲလှယ်နိုင်သည်။
သို့သော်လည်း ဖြေဆေးကို ပြသပြီးနောက်တောင် သူတို့သည် အသက်ရှင်လွတ်မြောက်လာသူများကြား ကျော်ကြားနေဆဲဖြစ်လေ၏။ အထူးသဖြင့် ၎င်းတို့ကိုဝယ်ယူရန် လူများစေလွှတ်ပြီး ဖြေဆေးများ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးနည်းပညာကို ဝယ်ယူလိုကြသော အခြားအခြေစိုက်စခန်းများထဲတွင်ဖြစ်၏။ သို့သော်လည်း ကျန်းရွှီကျိုးသည် ကိုင်တွယ်ဖြေရှင်းရန်အလွန်သင့်လျော်၏။ အခြေစိုက်စခန်းခေါင်းဆောင်များသည် ရောင်းဝယ်ဖောက်ကားရန် ကြိုးပမ်းနေချိန်၌ပင် ၎င်းတို့ထဲမှ အချို့ကိုသာ ရောင်းရန် သဘောတူခဲ့ပြီး မည်သည့်အရောင်းအ၀ယ်ကိုမျှ သဘောမတူခဲ့ချေ။
အချို့သောလူများက ၎င်းတို့ကို အဆင့်မြှင့်သည့်အချိန်တွင်လည်း သောက်ခဲ့ကြ၏။ ဆင့်ကဲပြောင်းလဲနေသောဖုတ်ကောင်များ၏ အမြုတေများတွင်ပါရှိသော ဗိုင်းရပ်စ်သည် ပိုမိုအားကောင်းလာသော်လည်း ဖြေဆေးသည် အာနိသင်အချို့ကို လျှော့ပေါ့နိုင်ခဲ့ပြီး အောင်မြင်မှုနှုန်းမှာ သိသိသာသာ တိုးတက်လာခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ဖြေဆေးကို တီထွင်ဖန်တီးရာတွင် အခြေစိုက်စခန်းမှ အမြုတေများကိုလည်း လေ့လာခဲ့ကြသည်။ ဖြေဆေး၏ အောင်မြင်မှုသည် အခြားဆေးသစ်တစ်မျိုး၏ မွေးဖွားခြင်းကိုလည်း မြှင့်တင်ပေးခဲ့သည်။
များမကြာမီမှာပင် အခြေစိုက်စခန်းသည် စွမ်းရည်များမြှင့်တင်ရန် ဆေးတစ်မျိုးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီး အမြုတေများကို ဓာတ်ကူပစ္စည်းများဖြင့် ဖျော်စပ်ထားခြင်းမှရရှိခဲ့သည်။ ဤဆေးကို သောက်သုံးခြင်းသည် စွမ်းရည်များကို အဆင့်မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေရုံသာမက စွမ်းရည်၏ သက်ရောက်မှုကိုပါ တိုးမြှင့်ပေးနိုင်လေသည်။
ဥပမာအားဖြင့် ပင်ပေါင်ဘောလုံးအရွယ်အစား မျှသာရှိသော မီးလုံးငယ်များကို ဖန်တီးနိုင်သည့် စွမ်းအားရှင်တစ်ယောက်သည် ဆေးသောက်ပြီးနောက် ဘတ်စကက်ဘောအရွယ်အစားရှိ မီးလုံးတစ်လုံးကို ဖန်တီးနိုင်ပြီဖြစ်သည်။ တိုးမြှင့်လာသည့်အကျိုးသက်ရောက်မှုကို နာရီဝက်ကြာ ထိန်းသိမ်းထားနိုင်လေသည်။
နာရီဝက်ကြာပြီးနောက် စွမ်းရည်သည် ကုန်လွန်သွားကာ အနည်းငယ်ပြိုကွဲကျလာလိမ့်မည်ဖြစ်၏။ အချိန်တစ်ခဏမျှ အနားယူရမည်ဖြစ်သည်။ စွမ်းရည်တိုးတက်လာမှုသည် မူလက စွမ်းရည်မြှင့်တင်ရန်နှင့် အဆက်မပြတ် အသုံးပြုရန်လိုအပ်ပြီး အလေ့အကျင့်များမှ ပြည့်စုံစေခြင်းဖြစ်သည်။ ယခုအခါ ထိုကဲ့သို့သော စွမ်းရည်မြှင့်ဆေးကိုသောက်သုံးခြင်းသည် ဖုတ်ကောင်များနှင့် ငါးကြိမ်၊ခြောက်ကြိမ်လောက် တိုက်ခိုက်ခြင်းထက် ပိုကောင်းမွန်လေ၏။
ဤကဲ့သို့မှော်ဆေးမျိုးကို မိတ်ဆက်ပြီးနောက်တွင် အဓိက အခြေစိုက်စခန်းကြီးများမှ ချက်ချင်းရှာဖွေခဲ့ကြသည်။ အဖွဲ့များ အများအပြား တောင်အခြေစိုက်စခန်းသို့ ဖြေဆေးနှင့် စွမ်းရည်မြှင့်ဆေးများဝယ်ယူရန် ရောက်လာခဲ့ကြပြီး ၎င်းသည် အခြေစိုက်စခန်းများကြားတွင် ရောင်းဝယ်ဖောက်ကားရန်နှင့် အမြုတေ၏တန်ဖိုး မြင့်တက်လာစေရန်ဦးတည်စေခဲ့သည်။
တောင်ပိုင်းအခြေစိုက်စခန်း၏ ထူးခြားသောဆေးဝါးနှစ်ခုသာမက လူနေမှုအခြေအနေများသည် အခြားအခြေစိုက်စခန်းများထက် ပိုမိုကောင်းမွန်လာပြီး အသက်ရှင်ကျန်ရစ်သူများ ပို၍ပူးပေါင်းပါဝင်ရန် တဖြည်းဖြည်းပိုဆွဲဆောင်လာခဲ့သည်။ အခြေစိုက်စခန်းသည် အနည်းငယ်သေးငယ်သည်ဟု စတင်ခံစားလာရ၏။ အခြေစိုက်စခန်းသည် အသက်ရှင်ကျန်ရစ်သူများအား အခြေစိုက်စခန်းတစ်ဝိုက်တွင် တံတိုင်းအသစ်များစတင် ဆောက်လုပ်ရန် ခေါ်ယူခဲ့ပြီး မြို့ပြင်ဘက်သို့တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာစေခဲ့သည်။
အခြေစိုက်စခန်းကို အတွင်းမြို့နှင့် မြို့ပြင်ဟူ၍ ပိုင်းခြားထားသော်လည်း လူအားလုံးကို တန်တူညီဆက်ဆံခဲ့ပြီး ပေးဆောင်ရမည့် အကျိုးအမြတ်များမှာ မလျော့နည်းပေ။ ထို့အပြင် လိုက်နာရမည့် စည်းကမ်းများမှာလည်း အတူတူပင်ဖြစ်သည်။ အတွင်းမြို့၏ တည်နေရာသည် ပို၍ကောင်းမွန်ခဲ့ပြီး အိမ်ငှားရမ်းခသည် ပိုဈေးကြီးလေ၏။
၎င်းသည် ကမ္ဘာပျက်ကပ်မတိုင်ခင်က မြို့လယ်ခေါင်နှင့် ဆင်ခြေဖုံးများကဲ့သို့ပင်။ ဘယ်နေရာမှာ နေခဲ့ပါစေ နေရာတိုင်းသည် အတူတူပင်ဖြစ်သည်။ ပိုပြီး ကောင်းမွန်စွာနေထိုင်ဖို့ ငွေပိုသုံးရန်ဆန္ဒရှိမရှိပေါ်တွင်သာ မူတည်လေသည်။ တစ်နေ့တာလုံး ပျင်းရိပြီး အလုပ်မလုပ်ချင်ကြဘဲ အလုပ်မှတ်များမရချင်ကြသည့်လူများသည် ပြင်ပမြို့သို့ ဖယ်ထုတ်ခံရပြီး ရွက်ဖျင်တဲများတွင် နေထိုင်ကြရန် ဖြည်းဖြည်းချင်း ပြောင်းရွှေ့ခဲ့ကြသည်။
အခြေစိုက်စခန်းအသစ်ရှိ အသက်ရှင်ကျန်ရစ်သူအားလုံးသည် သုံးရက်တာ အခမဲ့တည်းခိုခွင့် ရရှိကြဆဲဖြစ်သော်လည်း မြို့ပြင်တွင်သာဖြစ်၏။ စစ်သားများမှလွဲ၍ အတွင်းမြို့၌ နေကြသူအားလုံးသည် တောင်ပိုင်းအခြေစိုက်စခန်းတွင် အချိန်အတော်ကြာ နေခဲ့ကြသူများဖြစ်သည်။ သူတို့သည်အလုပ်ကြိုးစားကြသည့်သူများဖြစ်ကာ မြို့စောင့်တပ်များနှင့် အချို့သော အစွမ်းထက်သည့် စွမ်းအားရှင်များနှင့် အဖွဲ့များဖြစ်ကြသည်။
ကြွက်များ၀င်ရောက်မှုဖြစ်သည့်အချိန်က ထွက်ခွာသွားကြသူအချို့သည်လည်း အခြေစိုက်စခန်းသို့ ပြန်လာချင်ခဲ့ကြသော်လည်း သူတို့၏ အထောက်အထား အချက်အလက်များကို စနစ်တွင် စာရင်းသွင်းထားခဲ့ပြီး သူတို့သည် သုံးရက်တာအခမဲ့တည်းခိုခွင့် ထပ်မံခံစားခွင့်ရှိ ကြတော့မည်မဟုတ်ကာ အခြေစိုက်စခန်း၏ မှတ်ပုံတင်ကတ်ပြားကို ထပ်မရနိုင်ကြတော့ချေ။ အခြားအခြေစိုက်စခန်းမှ ဧည့်သည်များကို ဆက်ဆံသည့်အတိုင်း ယာယီနေထိုင်ခွင့်ကိုသာ ရရှိနိုင်လေသည်။
ရုတ်ချည်းဆိုသလိုပင် ထိုလူများသည် အူများစိမ်းသွားသည်အထိ စိတ်မချမ်းမသာဖြစ်ခဲ့ကြလေသည်။
ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့အတွက်မူ အခြေစိုက်စခန်းသည် သူတို့အား အမြဲတမ်း အကောင်းဆုံး ဆက်ဆံမှုကို ပေးလိမ့်မည်ဖြစ်သည်။ အကယ်၍ သူတို့၌ ကောင်းသည့်အရာရှိပါက သူတို့ ပထမဆုံး အခွင့်အရေး ရလိမ့်မည်၊ ထို့အပြင် လိုအပ်ချက် တစ်ခုခု ရှိခဲ့ပါက သူတို့ကို ပထမဆုံးတွေ့မည်ဖြစ်ပြီး ကျန့်ယွင်နှင့်သူ့အဖွဲ့ကို အရင်ဖြည့်ဆည်းပေးလိမ့်မည်ဖြစ်သည်။ အကယ်၍ အခြေစိုက်စခန်း၌ အခက်အခဲတစ်စုံတစ်ရာရှိခဲ့ပါက သူတို့သည် စကားတစ်ခွန်းမှမပြောဘဲ ကူညီပေးကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် အခြေစိုက်စခန်းရှိ အတွင်ူအပြင်ရှိ စစ်သားများသည် သူတို့အား အလွန်လေးစားကြလေ၏။
ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် ယနေ့တွင် မြို့တွင်း လွတ်လပ်သည့်ကုန်သွယ်မှုဈေးသို့ ထပ်မံသွားခဲ့ကြသည်။ အစပိုင်းတွင် နေရာအနှံ့ဆိုင်ခန်းအမျအပြားရှိပြီး စီးပွားရေးလမ်းအဖြစ် တည်ဆောက်ထားခဲ့သည်။ ရာသီဥတုကြောင့် လူတိုင်း၏ နေထိုင်မှုအလေ့အထသည် နေ့နှင့်ည ပြောင်းပြန်ဖြစ်သွားခဲ့လေသည်။ ညအချိန် စီးပွားရေးလမ်းဆီသို့ရောက်သွားကြချိန်တွင် နေရာတိုင်း၌ မီးရောင်တွေရှိနေ၏။ ၎င်းသည် ကမ္ဘာပျက်ကပ်မတိုင်ခင် ညဈေးသွားသကဲ့သို့ပင်။
ချန်ဖူကွေ့သည် သူ၏ ခိုင်မာသောစီးပွားရေးစိတ်ဓာတ်ဖြင့် ယခုအချိန်တွင် စီးပွားရေးလမ်း၌ စတိုးဆိုင်နှစ်ဆိုင်ကို ပိုင်ဆိုင်ထားပြီဖြစ်၏။ သူ့စတိုးဆိုင်သည် အခြေခံအားဖြင့် အရာအားလုံးကို ရောင်းချခဲ့ပြီး ကုန်တိုက်ငယ်တစ်ခုကဲ့သို့ပင်။ အစပိုင်း၌ သူသည် အမြုတေများကို စုဆောင်းကာ ဝယ်ယူရန်စွန့်စားခဲ့ပြီး ယခုအခါတွင် ၎င်းနှင့်ငွေအမြောက်အမြား ရရှိခဲ့ပြီးဖြစ်၏။ သူ့တစ်ကိုယ်လုံး၏ စိတ်ဝိညဉ်သည် ယခင်ကနှင့်မတူတော့ချေ။ သူ၏ထွားကျိုင်းသော ခန္ဓာကိုယ်သည် ပို၍ပို၍ ပျော့ပျောင်းလာလေ၏။
“ လောင်ချန်၊ မကြာသေးခင်က ကောင်းတာတစ်ခုရှိခဲ့တာလား ”
ချန်ကျောင်းနှင့်ဝူကျင်းတို့သည် တစ်ဖက်လူနှင့် ရင်းနှီးကြပြီး သူတို့သည် ချန်ဖူကွေ့၏ဆိုင်သို့သွားပြီး လှည့်ပတ်ကြည့်နေကြ၏။ ဆိုင်အတွင်းတွင် လေအေးပေးစက်သည် အပြည့်ပွင့်နေပြီး အပူချိန်မှာ အလွန်သက်တောင့်သက်သာရှိ၏။ ပစ္စည်းအားလုံးကို စင်ပေါ်တွင်တင်ထား၏။ ၎င်းတို့ကြည့်ရခြင်းသည် လှပနေ၏။
ရင်းနှီးသောအသံကိုကြားလိုက်ရသည်နှင့် ချန်ဖူကွေ့သည် ချက်ချင်းဆိုသလိုပင် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ထွက်လာလေသည်။
“အာ၊ ဧည့်သည်တွေကို ဘယ်သူက ဒီနေရာကိုခေါ်လာတာလဲ။ မြန်မြန်လာ အထဲကိုလာကြ”
“ ရှင် အထဲ၀င်၊ ရှောင်ကျန်းနဲ့ကျွန်မတို့ အပြင်ဘက်ကို ကြည့်ရုံပါ”
ချန်းကျောင်းနှင့်ဝူကျင်း တို့၏အမြင်အာရုံသည် စင်ဘေးရှိ လက်ရာမြောက်သော လက်ဝတ်ရတနာများနှင့် အလှကုန်များက ဆွဲဆောင်နေပြီး ချန်ဖူကွေ့အား လက်ယမ်းပြလိုက်၏။
အမျိုးသမီးများသည် အလှအပကို ချစ်မြတ်နိုးရန် မွေးဖွားလာကြသည်။ ယခုချိန်တွင် အစားအသောက်နှင့် အဝတ်အစားပြဿနာကို ဖြေရှင်းခဲ့ပြီးဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ လိုက်စားမှုအချို့ ရှိခဲ့၏။ ယခုအချိန် ရာသီဥတုသည် အလွန်ခြောက်သွေ့၏။ အသားအရေကို မထိန်းသိမ်းပါက ဟင်းရွက်အရေခွံဟောင်း တစ်ခုကဲ့သို့ ဖြစ်လာလိမ့်မည်။ ချန်ဖူကွေ့၏ဆိုင်သည် အခြေစိုက်စခန်းရှိ အမျိုးသမီး စွမ်းအားရှင်များအတွက် လူကြိုက်အများဆုံးတစ်ခု ဖြစ်လာခဲ့လေသည်။
“ကောင်းပြီ၊ ရှောင်၀မ်၊ ဧည့်သည်တွေကို ဂရုစိုက်ပါ”
ချန်ဖူကွေ့သည် ဆိုင်ထဲတွင် အရောင်းသမားနှစ်ယောက်ရှိ၏။ သူတို့သည် အသက်မကြီးကြချေ။ သို့သော်လည်း ထက်မြက်ပြီး ဖြတ်ထိုးဉာဏ်ရှိကြ၏။ သူသည် သူတို့အား ကျေနပ်၏။
“ကောင်းပါပြီ သူဌေး”
ရှောင်၀မ်သည် အသက်ဝင်ပြီး ချစ်စရာကောင်းသော မိန်းကလေးဖြစ်သည်။ သူမသည် ဆိုင်သို့ မကြာခဏလာလေ့ရှိသော ချန်ကျောင်း နှင့် ဝူကျင်းတို့နှင့် ရင်းနှီးကျွမ်းဝင်ပြီး သူတို့၏ ယေဘုယျ လိုအပ်ချက်များကို သိပြီး သူတို့နှင့် စကားစမြည်ပြောရန် သွားခဲ့သည်။
ချန်ဖူကွေ့ကိုယ်တိုင်သည် ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့ကို အထူးခွဲခြားထားသည့် ရုံးခန်းငယ်လေးတစ်ခုထဲသို့ ခေါ်သွားပြီး အအေးခံထားသည့် လှီးထားသောဖရဲသီးအေးတစ်ပန်းကန် ယူလာပေးဖို့ တခြားစာရေးတစ်ယောက်ဖြစ်သည့် ရှောင်ကျန်းကို လက်ယပ်ခေါ်လိုက်၏။ ရှောင်ကျန်းသည် ပန်းကန်ပြားကို ချလိုက်ပြီး ရုံးခန်းတံခါးကို စေ့စေ့စပ်စပ်ပိတ်ပြီး ထွက်သွားခဲ့၏။
“ကောင်းပြီ၊ သူဌေးချန်က အခု တကယ်ကို ချမ်းသာနေပြီပဲ။ ဖရဲသီးက တကယ်ကောင်းတဲ့အရာဖြစ်ပြီးတော့ သူ့ဧည့်သည်တွေကို ဧည့်ခံဖို့ ဆန္ဒရှိတယ်”
ကျန့်ယွင်သည် တမင်တကာ အရွှန်းဖောက်ပြောလိုက်သည်။
ယခုအခါ မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းစနစ်ရှိသော်လည်း သူတို့သည် စပါးနှင့် ဂျုံကဲ့သို့သော စသီးနှံများကို အဓိကထားအသုံးပြုကြပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ အထွက်နှုန်းမှာ အလွန်နည်းပါးလေသည်။
အေးခဲထားသော ဖရဲသီးသည် အလွန်ချိုမြပြီး စွမ်းအားရှင်၏ စွမ်းရည်ဖြင့် ထုတ်လုပ်ထားပုံရ၏။ ဖရဲသီးတစ်လုံးသည် အလုပ်အမှတ် 20 ဝန်းကျင်ဖြင့် ရောင်းချလေ့ရှိသောကြောင့် ဧည့်သည်များကို ဖျော်ဖြေရန် အသုံးပြုခြင်းသည် အတော်လေးဇိမ်ရှိလှချေ၏။
“ဟားဟား အဲ့ဒါခင်ဗျားတို့ကြောင့် မဟုတ်ဘူးလား။တခြားသူတွေစားချင်ရင် ငါပေးနိုင်မှာမဟုတ်ဘူး ”
ချန်ဖူကွေ့ပြောသည်မှာ အတော်လေးမှန်၏။ သူသည် သေချာပေါက်ကို လူအမျိုးအစားကိုကြည့်သည့်သူ အမျိုးအစားဖြစ်၏။ သာမာန်လူများ သူ့ဆီသို့လာပါက ဖရဲသီးများ မပြောနှင့် ဖရဲသီးခွံကိုတောင် စားနိုင်လိမ့်မည်မဟုတ်ချေ။
“ခင်ဗျား ကျွန်တော်တို့ကို ဒီကိုလာခိုင်းခဲ့တာ။ အရင်ရက်တွေတုန်းက ကျွန်တော်တို့မေးခဲ့တဲ့အကြောင်း ခင်ဗျားတစ်ခုခုကြားလို့လား”
ကျန့်ယွင်သည် စိတ်အားထက်သန်စွာ မေးလိုက်သည်။
ချန်ဖူကွေ့သည် ဆက်ဆံရေးကောင်းမွန်ပြီး ခိုင်မာသော စီးပွားရေးအသိဉာဏ်သဘောရှိသူဖြစ်ပြီး လူတိုင်းနှင့်ရင်းနှီးသူဖြစ်၏။ ယခုအချိန်တွင် အခြားနေရာများမှ လူများသည် အခြေစိုက်စခန်းသို့ ပိုပိုရောက်လာခဲ့ကြသည်။ ချန်ဖူကွေ့သည် လူပိုများများနှင့်ဆက်သွယ်ခဲ့ကာ သတင်းများရရန်လမ်းကြောင်းများ များစွာရှိထား၏။ တစ်ခါတစ်ရံတွင် သူ့ သတင်းအချက်အလက်များသည် အခြေစိုက်စခန်း၏ တရား၀င်သတင်းအချက်အလက်ထက် ပိုမိုမြန်ဆန်ပြီး တိကျသည်။
“အမှန်ပဲ၊ ဒီနေ့ အနောက်မြောက်အခြေစိုက်စခန်းက အဖွဲ့တစ်ဖွဲ့ဆီက ဟိုဘက်ကမြို့ငယ်လေးမှာ စတုတ္ထအဆင့် ဖုတ်ကောင်တစ်ကောင်ရှိနိုင်တယ်ဆိုတဲ့အကြောင်းကြားခဲ့တယ်။ သူတို့ပြောသလိုဆို အဆင့် သုံးစွမ်းအားရှင်တွေအပါအ၀င် စွမ်းအားရှင်အဖွဲ့တော်တော်များများလည်း ပျောက်သွားကြတယ်တဲ့”
ချန်ဖူကွေ့သည် ထိုအကြောင်း ပြောသည့်အချိန်တွင် သူ့မျက်နှာ၌ ထိတ်လန့်နေသည့် အမူအရာရှိလေ၏။
“ဒါပေမဲ့ ဒီအကြောင်းကို ဘာလို့သိချင်တာလဲ။ အဲ့ဒါက အဆင့်လေးဖုတ်ကောင်တစ်ကောင်လေ…”
အဆင့်သုံးစွမ်းအားရှင်၏ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခြင်းကြောင့် အနောက်မြောက်အခြေစိုက်စခန်းမှ ထိုမြို့ငယ်လေးတွင် အဆင့် လေးဖုတ်ကောင်များရှိကြောင်း သံသယရှိခဲ့ကြသည်။ သို့သော် ချန်ဖူကွေ့သည် ကျန့်ယွင်နှင့် သူ့သူငယ်ချင်းများ အဘယ်ကြောင့် ထိုအကြောင်းကို မေးမြန်းလိုကြောင်း နားမလည်ခဲ့ချေ။