အခန်း(၇၈)
Viewers 12k


အခန်း(၇၈)《 သေခြင်းတရားကိုရှာခြင်း 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク


ကျန့်ယွင်သည် ဘာမှထုတ်ဖော်မပြဘဲ ပြုံးပြီး ချန်ဖူကွေ့၏မေးခွန်းကို တိုက်ရိုက်မဖြေခဲ့ပေ။ သို့သော် လေ၊ မြင်းနှင့် ကျွဲနွားများနှင့် သက်ဆိုင်မှုမရှိသည့် အကြောင်းအရာကို မြှင့်တင်လိုက်လေ၏။


 “လွန်ခဲ့တဲ့နှစ်ရက်လောက်က လေတိုက်တာကို သတိထားမိလား ”


“ဟုတ်တယ် နောက်ဆုံးတော့ ဆောင်းဦးရောက်တော့မှာမဟုတ်လား။ ဟားဟား”


ချန်ဖူကွေ့သည် ပြောသင့်သည့်အရာနှင့် မပြောသင့်သည့်အရာကို သတိပြုရန် သိ၏။ ထိုအချိန်မှာပဲ သူသည် ကျန့်ယွင်နှင့် တခြားအကြောင်းအရာများကို ဆက်ပြောနေလိုက်၏။


“မဟုတ်ဘူး၊ ဆောင်းရာသီ ရောက်လာနေပြီ”


ကျန့်ယွင်သည် တည်ငြိမ်သည့်မျက်နှာနှင် ပြောလိုက်ပြီး ၎င်းသည် အမှန်တကယ် ဘာကြောင့် သူတို့ အဆင့်လေးဖုတ်ကောင်ကို ရှာတွေ့ဖို့ အလျင်လိုနေခြင်းဖြစ်၏။ 


ကမ္ဘာပျက်ကပ်ဖြစ်ပွားပြီးနောက် လူများသည် အပူချိန် 40 ဒီဂရီထက်ပိုသော နေ့စဥ်အချိန်တိုင်းတို ဖြတ်သန်းနေခဲ့ကြရသည်။ ညဘက်တွင်ပင် မကြာခဏ အပူချိန် 35 ဒီဂရီထက်ပိုလေသည်။ ရေရှည်တွင်အပူဒဏ်ကြောင့် ပြင်းထန်သော မိုးခေါင်မှုနှင့် အပင်အများအပြား သေဆုံးခဲ့ရသည်။


ယခုအချိန် အပြင်ဘက်တွင် အစိမ်းရောင်များကို မြင်ရန်ခက်ခဲလေ၏။ သို့သော် ယခုရက်ပိုင်းများတွင် ရုတ်တရက် လေတိုက်လာပြီး အပူချိန်သည် အနည်းငယ်နိမ့်ကျသွားခဲ့သည်။ ထို့ကြောင့် လူများသည် နောက်ဆုံးတော့ ရာသီကူးပြောင်းလာပြီလားဟု စတင်မှန်းဆလာကြပြီး တချို့လူများသည် ရာသီဥတုသည် နောက်ဆုံး၌ အေးလာ၍ အလွန်ပျော်ရွှင်နေကြလေ၏။


သို့သော်လည်း ကျန့်ယွင် နှင့် စုရွေ့ကျယ်တို့သည် ရောက်လာတော့မည့်ဆောင်းရာသီ၏ နိမိတ်လက္ခဏာဖြစ်သည်ကို အလွန် ရှင်းလင်းနေလေ၏။ နောက်ဆုံးဘဝတွင် ကမ္ဘာပျက်ကပ်အတွင်း ရာသီဥတုမှာ ဆောင်းရာသီနှင့်နွေရာသီ ရာသီနှစ်ခုတည်းသာရှိပြီး အလွန်ဆိုးရွားခဲ့လေသည်။


နွေဦးနှင့် ဆောင်းဦးတို့သည် ကမ္ဘာကြီးမှ ပျောက်ကွယ်သွားသကဲ့သို့ပင်။ သူတို့သည် သာမန်လူများလောက် အကောင်းမြင်စိတ်မရှိကြချေ။ ရောက်လာတော့မည့်ဆောင်းရာသီသည် လူသားများအတွက် ကောင်းမွန်သည့်အရာတစ်ခု မဟုတ်ကြောင်း သူတို့ သိထားခဲ့ကြသည်။ တကယ်တမ်းတွင် ဆောင်းရာသီသည် ပူပြင်းသည့်နွေရာသီထက် လူသားများ၏ ရှင်သန်မှုအတွက် ပို၍အဆင်မပြေပါချေ။


စုရွေ့ကျယ်၏မှတ်ဉာဏ်ထဲတွင် ပြီးခဲ့သည့်ဆောင်းရာသီသည် အပူချိန် အနုတ် 30 ဒီဂရီလောက်နှင့် အမှန်တကယ်ကို အလွန်တရာ အေးခဲလွန်းခဲ့သည်။ သူတို့အနေဖြင့် အကာအကွယ်အစီအမံများ မလုပ်ဆောင်ထားပါက ဆယ်မိနစ်အတွင်း ရေခဲအဖြစ် အေးခဲသွားမည်ဖြစ်သည်။


သို့သော် ကမ္ဘာပျက်ကပ်ကာလသည် နွေရာသီဖြစ်သောကြောင့် ထိုအချိန်ကတည်းက အပူချိန်သည် တစ်ချိန်လုံး ပူပြင်းနေခဲ့ပြီး လူသားများသည် ဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်ရန် အသိဉာဏ်မရှိခဲ့ကြသောကြောင့် လူပေါင်းများစွာသည် ကမ္ဘာပျက်ကပ်စတင်ဖြစ်ပွားပြီးနောက် ပထမဆုံးဆောင်းရာသီတွင် သေဆုံးကြပေလိမ့်မည်။ 


ဖုတ်ကောင်များသည် သေပြီးဖြစ်နေပြီမို့ ၎င်းတို့သည် အအေးဒဏ်ကို လုံးဝမကြောက်ကြချေ။ ၎င်းတို့သည် အစာရှာဖို့ ၎င်းတို့၏ဗီဇအတိုင်း လိုက်ရှာနေကြဆဲဖြစ်၏။ အဆင့်မြင့်ဖုတ်ကောင်များသည် ၎င်းတို့၏အဆင့်ထက် အဆင့်နိမ့်သည့် ဖုတ်ကောင်များကို ထိန်းချုပ်နိုင်ကြလေသည်။ ထို့ကြောင့် ချမ်းအေးသည့်ဆောင်းရာသီတွင် ဖုတ်ကောင်များ၏ဝိုင်းရံခံရမှု အခြေအနေသည် ပိုဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်။


စုရွေ့ကျယ်၏ မှတ်ဥာဏ်ထဲတွင် ဤဆောင်းရာသီတွင် အခြေစိုက်စခန်းတစ်ခု ပျက်စီးသွားခဲ့သည်။ စုရွေ့ကျယ်သည် ဤအကြောင်းကို ကမ္ဘာပျက်ကပ်စတင်ပြီးနှစ်အနည်းငယ်ကြာမှ ကြားသိခဲရသည်။အခြေစိုက်စခန်းသည် နှစ်အတော်ကြာအောင် ဖျက်ဆီးခံခဲ့ရပြီးဖြစ်လေသည်။ အခြေစိုက်စခန်း၏အမည်ကို မည်သူမျှ မမှတ်မိကြတော့သော်လည်း အဆင့်လေးဖုတ်ကောင်တစ်ကောင်ကြောင့် ထိုအချိန်တွင် လူပေါင်း 100,000 ကျော် သေဆုံးခဲ့ရသည်ကိုသာ သိခဲ့ကြသည်။


ကမ္ဘာပျက်ကပ်အစောပိုင်းတွင် အဆင့်လေးသို့ ရောက်ရှိနိုင်သော ဖုတ်ကောင်များသည် ဖုတ်ကောင်ဘုရင်နှင့် လုံးဝနှိုင်းယှဉ်နိုင်လေ၏။ အခြေစိုက်စခန်းသို့ တိုက်ခိုက်ပြီးနောက် ထိုဖုတ်ကောင်သည်အဆင့်ငါးသို့ တိုက်ရိုက်ဆင့်ကဲပြောင်းလဲသွားခဲ့လေပြီး နောက်အခြေစိုက်စခန်းကို တိုက်ခိုက်ရန် ကြီးမားသော ဖုတ်ကောင်လှိုင်းကြီးကို စတင်ခဲ့လေသည်။


အခြေစိုက်စခန်းတစ်ခုစီတွင် ကြီးမားသောအကျပ်အတည်းတစ်ခုရှိနေခဲ့သည်။ စွမ်းအားကြီးသောစွမ်းအားရှင်အများအပြားသည် သူတို့အား ကယ်ဆယ်ရန် အရေးတကြီး ပြေးလွှားလုပ်ဆောင်ခဲ့ကြသော်လည်း သူတို့အားလုံးသည် အချည်းနှီး သေဆုံးသွားခဲ့ကြလေသည်။ နောက်ဆုံးတွင် မြို့တော်အခြေစိုက်စခန်းသည် ဖုတ်ကောင်များနှင့်မြို့ကို ချေမှုန်းရန် လက်နက်များကို အသုံးပြုခဲ့ကာ အစုလိုက်အပြုံလိုက်ဖျက်စီးခဲ့လေသည်။ ထိုစစ်ပွဲတွင် လူအရေအတွက် မည်မျှသေဆုံးခဲ့ရကြောင်း မသိခဲ့ရချေ။


စုရွေ့ကျယ်၏စိတ်နှလုံးသည် သူပြန်မွေးဖွားလာကတည်းက ထိုအကြောင်းကိုတွေးတောနေခဲ့ခြင်းဖြစ်သည်။ သူ၏နောက်ဆုံးဘဝမှ ပြန်လာသည့်အချိန်က သူ့စွမ်းရည်များသည် အဆင့်သုံး၏ အစောပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီးဖြစ်သည်။ထိုစုဆောင်းမှု ကာလပြီးနောက် အဆင့်လေး ၏တံခါး၀သို့ တွေ့ကြုံခဲ့ရသည်။ သူနှင့် ကျန့်ယွင်တို့သည် အဆင့်လေးဖုတ်ကောင်နှင့် အတူတကွ တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု သူထင်ခဲ့သည်။


ထို့ကြောင့် သူတို့သည် ချန်ဖူကွေ့ကို သူတို့အား အဆင့်လေး ဖုတ်ကောင်များ၏ သတင်းအချက်အလက်အကြောင်း ရှာဖွေပေးရန် တောင်းဆိုခဲ့ကြသည်။ သူတို့သည် အဖြစ်ဆိုးများစွာကိုရှောင်ရှားရန် အဆင့်လေး ဖုတ်ကောင်များကို တတ်နိုင်သမျှအမြန်ဆုံး သတ်ပစ်ရမည်။ အဆင့်လေးဖုတ်ကောင်၏ ကြည်လင်ပြတ်သားသော အမြုတေ ကို စုရွေ့ကျယ်အဆင့်မြှင့်တင်ရန်အတွက်လည်း အသုံးပြုနိုင်သည်။


“ ဆောင်းရာသီ၊ ငါ ဆောင်းရာသီအတွက် တစ်ခုခုတော့ စုဆောင်းထားသင့်တယ်ထင်တယ်”


ချန်ဖူကွေ့သည် သူ့မေးစေ့ဝိုင်းဝိုင်းကို ပွတ်ပြီး ကျန့်ယွင်၏ သုံးသပ်ချက်နှင့် ပတ်သက်ပြီး သံသယမရှိသကဲ့သို့ ပြောလိုက်၏။


“ ကောင်းပြီ၊ ကောင်းတာ တစ်ခုခုရရင် ကျွန်တော်တို့အတွက် သိမ်းထားဖို့ မမေ့နဲ့နော်”


“ပြဿနာမရှိပါဘူး၊ ပြဿနာမရှိပါဘူး” 


ချန်ဖူကွေ့သည် သဘောတူလိုက်၏။


ထိုအချိန်မှာပင် ရုတ်တရက်ဆိုသလို သူတို့သည် အခြေစိုက်စခန်းထဲမှ အချက်ပေးသံတစ်ခုကို ကြားလိုက်ကြရသည်။


ကျန့်ယွင်သည် အသံကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး အခြေစိုက်စခန်း၌ ဘာဖြစ်သွားသည်မသိကြရချေ။


သူချက်ချင်းထပြီး ထွက်သွားလေ၏။ စုရွေ့ကျယ်သည် ဖြေဆေးနှစ်လုံးကို ထုတ်ယူလိုက်ပြီး ၎င်းတို့ကိုချန်ဖူကွေ့အားပေးခဲ့လေ၏။ ၎င်းသည် အစကတည်းက သူတို့ညှိနှိုင်းခဲ့သည့် ဆုလာဘ်ပင်ဖြစ်၏။ ဖြေဆေး နှင့် စွမ်းရည်မြှင့်ဆေးများကို အခြေစိုက်စခန်းထဲတွင် အကန့်အသတ်နှင့် ရောင်းချခဲ့သော်လည်း ကျန့်ယွင်၏အဖွဲ့အတွက်မူ သူတို့သည် အလွယ်တကူရနိုင်ကြသည်။


“ကျေးဇူးအများကြီးတင်ပါတယ်”


ချန်ဖူကွေ့သည် ပစ္စည်းများကို ဂရုတစိုက်သိမ်းလိုက်ပြီး ကျန့်ယွင်နှင့်တခြားသူများ ထွက်သွားကြသည်ကို စောင့်ကြည့်နေခဲ့၏။


ကျန့်ကျားဟယ်နှင့်ယွီသုန်သုန်တို့သည် လက်ထဲတွင် ဖရဲသီးတစ်ဝက်ကို စားနေကြပြီး ကျန့်ယွင် ထွက်ခွာသွားသည်ကိုမြင်ပြီး ဖရဲသီးကိုသုံးကိုက်နှင့် အလျင်အမြန်မျိုချပြီးနောက် အပြေးအလွှားထွက်သွားကြလေ၏။ အပြင်ဘက်ရှိ ပစ္စည်းများကိုသယ်နေသော ချန်ကျောင်းနှင့် ဝူကျင်းတို့သည် သူတို့ထွက်သွားကြသည်ကို တွေ့လိုက်ကြပြီး သူတို့ပစ္စည်းများကို ချက်ခြင်းချလိုက်ကြကာ သူတို့နောက်သို့လိုက်သွားကြလေ၏။ 


လူတစ်စုသည် အချက်ပေးသံ၏ ဦးတည်ရာဆီသို့ လျင်မြန်စွာ ပြေးသွားကြကာ လမ်းတွင် ရွှီစစ်ဟန် နှင့် ကျောက်ပင်းတို့နှင့်တွေ့ဆုံကြလေ၏။ ကျောက်ပင်း၏အဖွဲ့သည် တောင်ပိုင်းအခြေစိုက်စခန်းသို့ ရောက်ရှိပြီးနောက် သူတို့သည် ဥပဒေစိုးမိုးရေးတပ်ဖွဲ့တွင် ပေါင်းစည်းခဲ့ကြကာ အခြေစိုက်စခန်းနှင့် နယ်မြေလုံခြုံရေးအတွက် တာဝန်ရှိပြီး ရွှီစစ်ဟန်၏ အုပ်ချုပ်မှုအောက်တွင်ဖြစ်လေ၏။


“ဘာဖြစ်တာလဲ ”


ကျောက်ယွင်သည် ရွှီစစ်ဟန်နှင့်ကျောက်ပင်းကို ခေါင်းညိတ်ပြပြီး မေးလိုက်၏။


“အဲ့ဒါက သုတေသနစင်တာက ဖြစ်နိုင်တယ်”


ရွှီစစ်ဟန်သည် တည်ကြည့်သည့်ပုံဖြင့် ပြောလိုက်သည်။ အခြေစိုက်စခန်းတစ်ခုလုံးအထိ ကျယ်သော အချက်ပေးသံကို ဖြစ်ပေါ်စေနိုင်သည့် တစ်ခုတည်းသောနေရာများမှာ သုတေသနစင်တာနှင့် အခြေစိုက်စခန်း၏ဂိုထောင်သာဖြစ်ပြီး အသံ၏ ဦးတည်ရာသည် သုတေသနစင်တာဘက်မှ ဖြစ်သင့်သည်။


၎င်းကိုကြားပြီး သူတို့အားလုံးသည် သူတို့၏ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြသည်။ သုတေသနစင်တာသည် တောင်ပိုင်းအခြေစိုက်စခန်းတွင် အပြင်းထန်ဆုံး အကာကွယ်ပေးသည့်နေရာဖြစ်သည်။ ဖြေဆေးနှင့် စွမ်းရည်ဆေးများ၏ဖော်မြူလာများနှင့် ထုတ်လုပ်ပြီးပစ္စည်းများအားလုံးသည် သုတေသနစင်တာထဲတွင်ရှိသည်။ ထိုနေရာတွင် ပြဿနာတစ်ခုခုရှိလာသည်နှင့် အခြေစိုက်စခန်းအပေါ်အလွန်ဆိုးရွားသောသက်ရောက်မှုဖြစ်စေလိမ့်မည်။


သူတို့သည် မကြာမီမှာပင် အခြေစိုက်စခန်းဌာနချုပ်သို့ ရောက်ရှိလာကြပြီး သူတို့၏ ID ကတ်များကို ပွတ်ဆွဲကာ ရုံးချုပ်အဆောက်အအုံထဲသို့ ဝင်ရောက်ခဲ့ကြသည်။ ပြီးနောက် အတွင်းပိုင်းဓာတ်လှေကားမှ မြေအောက်ဒုတိယထပ်သို့ ဆင်းခဲ့ကြကာ ဘေးကင်းရေးတံခါးနှစ်ပေါက်ကိုဖြတ်ပြီး ဇီဝတိုင်းတာမှုဖြင့် သုတေသနစင်တာ၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။


သတိပေးစက်ကို နှိုးဆော်လိုက်သည့်အတွက် ယခု သုတေသနစင်တာသည် လုံးဝပိတ်ထားသည့် အခြေအနေတွင် ရှိနေလေသည်။ လမ်းကြောင်းများ နှင့်ဂိတ်တံခါးများအားလုံးကို ပိတ်ထားပြီးဖြစ်၏။ ကျန်းရွှီကျိုးသည် သုတေသနစင်တာကို ဝိုင်းရံဖို့ ရာနှင့်ချီသော လက်နက်ကိုင်တပ်သားများကို ဦးဆောင်လာခဲ့လေ၏။ ကျန့်ယွင်နှင့်ရွှီစစ်ဟန်တို့ အတူတကွ ရောက်လာကြသည်ကို မြင်သောအခါ သူတို့အား ချက်ချင်း လက်ယပ်ခေါ်လိုက်၏။ 


ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့သည် ချက်ချင်းထွက်လာပြီး မေးလိုက်ကြ၏။


“ဗိုလ်ချုပ်ကျန်း အခြေအနေ ဘယ်လိုလဲ ”


“တစ်စုံတစ်ယောက်က သုတေသနစင်တာထဲကို ကျူးကျော်ဝင်ရောက်လာခဲ့ပြီးတော့ စောင့်ကြည့်စစ်ဆေးတဲ့နေရာမှာ ထူးဆန်းတာတစ်ခုမှမတွေ့ခဲ့ရပေမယ့် အနီအောက်ရောင်ခြည်က အချက်ပေးသံကို စတင်လိုက်တာ”


ကျန်းရွှီကျိုးသည် ခေတ္တရပ်လိုက်ပြီး ဆက်ပြောလာခဲ့လေ၏။


“ ဒါက မမြင်နိုင်တဲ့စွမ်းရည်တစ်ခုလို့ ငါထင်တယ်”


ကျန့်ယွင် ခေါင်းညိတ်လိုက်၏။


“အခု အဖြေတစ်ခုရှိပြီလား?”


ကျန်းရွှီကျိုးသည် ခေါင်းညိတ်လိုက်၏။


“သတိပေးသံထွက်လာပြီးတာနဲ့ ကာကွယ်ရေးစနစ်က အလိုအလျောက် အသက်သွင်းခဲ့တာ။ သုတေသနစင်တာရဲ့ အခန်းတွေနဲ့ လမ်းကြောင်း တွေအားလုံးကို ပိတ်ထားပြီးပြီ။ အဲ့လူကို သော့ခတ်ခံထားရပြီဖြစ်မယ်။ ငါ တစ်ယောက်ကို အပူပေးပုံဖော်စက် နှင့် မှုတ်ဆေးကိုယူဖို့လွှတ်လိုက်တယ်။ မကြာခင် တွေ့ရနိုင်တယ်”


“အဲဒါဆို ကောင်းတယ် ”


မကြာခင်မှာပင် အပူပေးပုံဖော်စက်နှင့် အက်တမ်မာစက်ကို လွှဲပြောင်းယူလာခဲ့ကြသည်။ အပူပေးပုံဖော်စက်သည် သတ်မှတ်ထားသော အကွာအဝေးတွင် သတ်မှတ်ထားသောနေရာကို စကင်န်ဖတ်နိုင်သည်။ လူကို မမြင်နိုင်သော်လည်း သူသည် သူ့ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို အပူပေးပုံဖော်စက်အောက်တွင် ပြလိမ့်မည်ဖြစ်သည်။ ပစ်မှတ်၏အခန်းကို သော့ခတ်ပြီးနောက် မှုတ်ဖြန်းစက်ထဲသို့ အမှုန့်တချို့ကိုထည့်ကာ အခန်းထဲသို့မှုတ်လိုက်၏။ ထို့ကြောင့် ထိုမမြင်ရသည့်လူသည် မလွတ်မြောက်နိုင်ချေ။


နည်းလမ်းနှစ်ခုစလုံးဖြင့် သူတို့သည် မကြာခင်မှာပင် ထိုလူပုန်းအောင်း နေသည့်နေရာကို ရှာတွေ့ခဲ့ကြသည်။ ထိုလူ၏ကံသည် အလွန်ဆိုးလေ၏။ သူသည် သုတေသီများ သို့မဟုတ် အခြေစိုက်စခန်းဝန်ထမ်းများနောက်သို့လိုက်ပြီး သုတေသနစင်တာထဲသို့ တိတ်တဆိတ်၀င်ရောက်ခဲ့သည်သော်လည်း သုတေသနစင်တာ၏အဝင်ဝတွင် လျှို့ဝှက်အနီအောက်ရောင်ခြည် အချက်ပေးကိရိယာတစ်ခု ရှိနေခဲ့ပြီး လူတစ်ယောက်၏ကတ်သာဖြတ်ခဲ့သော်လည်း လူနှစ်ယောက်၀င်လာခဲ့ခြင်းဟု သူခန့်မှန်းနိုင်သည်။


အချက်ပေးသံသည် ချက်ချင်း ထွက်ပေါ်လာခဲ့လေ၏။ အခန်းများအားလုံး၏ဂိတ်တံခါးများ နှင့် လူသွားလမ်းများအားလုံးသည် ချက်ခြင်းပိတ်သွားခဲ့လေသည်။ ထို့ကြောင့် ထိုလူသည် ဟော့ပေါ့အိုးတစ်ခုပေါ်မှပုရွက်ဆိတ်ကဲ့သို့ လှည့်ပတ်ပြေးလွှားနေပြီး သုတေသနစင်တာ၏ အပြင်ဘက်အတန်းတွင်သော့ခတ်ခံထားခဲ့ရလေသည်။


လေဝင်လေထွက် ကိရိယာဖြင့် သူတို့သည် မှုတ်စက်ရှိ အမှုန့်များကို အတန်းထဲသို့ မှုတ်ထုတ်လိုက်ကြပြီး မကြာမီတွင် အဖြူရောင်အမှုန့်သည် လေထဲတွင် လူတစ်ဦး၏ပုံသဏ္ဍာန်ကို ဖော်ပြလာခဲ့လေသည်။


ထိုလူသည်လည်း ဖော်ထုတ်ခံထားရသည်ကို တွေ့ရပြီး သူ့မမြင်နိုင်သည့် စွမ်းရည်ကိုဖယ်လိုက်သည်။ သူသည် ထောင့်တွင်လဲကျနေသည့် အလုပ်သမားကို ဆွဲကိုင်လိုက်ပြီး သူ့လက်ထဲတွင် ဘဲဥပုံ လက်ပစ်ဗုံးကိုကိုင်ထားလေ၏။ လက်ပစ်ဗုံး၏ လုံခြုံရေးပင်န်ကို ဆွဲထုတ်ပြီးဖြစ်ကာလက်ကိုင်ကို သူ့လက်မဖြင့် တင်းတင်းကြပ်ကြပ် ဖိထားလေသည်။ တစ်ချက်လွှတ်လိုက်သည်နှင့် လက်ပစ်ဗုံး ပေါက်ကွဲလိမ့်မည်ဖြစ်သည်။


“ ငါ့ကို အပြင်ကိုလွှတ်ပေး၊ ဒါမှမဟုတ်ရင် လက်ပစ်ဗုံးကို ဖောက်ခွဲပစ်လိုက်မယ်၊ မင်းတို့နဲ ဒီသုတေသနစင်တာကို အားလုံး ငါနဲ့အတူမြှုပ်နှံပစ်လိုက်မယ်”


ထိုလူက တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးပြူးကျယ်ကာ အော်လိုက်သည်။


သူ့ရှေ့တွင် ကိုင်ထားသော၀န်ထမ်းသည် တစ်လမ်းလုံး သူလိုက်လာခဲ့သည့်တစ်ယောက်ဖြစ်နိုင်သည်။ အချက်ပေးသံမြည်ပြီးနောက် ထိုလူသည် အံ့အားသင့်သွားပြီး ယခုသူ့ကို ဓားစာခံအဖြစ် ခေါ်ထားခဲ့လေသည်။


မေ့မြောသွားသောကြောင့် ၀န်ထမ်း၏ခေါင်းသည်ငုံ့ထားကာ ရှင်းရှင်းလင်းလင်း မမြင်ရချေ။ အချိန်မှာပင် သူ့ရှေ့သို့ ‌ဆွဲခေါ်ခံလိုက်ရပြီး ထိုသူမှာ ဒေါက်တာယန်ဖြစ်ကြောင်း တွေ့လိုက်ကြသည်။


ဒေါက်တာယန်၏အသက်အတွက်ဖြစ်စေ သုတေသနစင်တာရှိ အရေးကြီးအချက်အလက်များနှင့် လူဒါဇင်များစွာ၏လုံခြုံရေးအတွက်ဖြစ်စေ ထိုလူအား လက်ပစ်ဗုံးကို ဖောက်ခွဲစေရန်မဖြစ်ချေ။


ကျန်းရွှီကျိုးသည် အမိန်ပေးလိုက်၏။


“ လူတိုင်းနောက်ပြန်ဆုတ်၊ ဂိတ်တံခါးပြန်ဖွင့်...”


နောက်ဆုံးတော့ သုတေသနစင်တာ၏၀င်ပေါက်တံခါးပွင့်လာခဲ့ပြီး မေ့မြောနေသည့်ဒေါက်တာယန် ကိုဆွဲခေါ်ကာ သူ့မျက်နှာပေါ် အောင်မြင်စွာပြုံးပြပြီး တံခါးအပြင်ဘက်ဆီ တလှမ်းပြီးတလှမ်း လျှောက်ထွက်သွားလေ၏။ 


သုတေသနစင်တာမှ ထွက်လိုက်သည်နှင့် လက်တစ်ဖက်သည် ဘယ်နေရာကမှန်းမသိ ထွက်လာခဲ့ပြီး ရုတ်တရက် လက်ပစ်ဗုံးနှင့်ဘယ်လက်ကို ဆုပ်ကိုင်လိုက်ထားလိုက်သည်။


ထိုလူသည် ထိတ်လန့်သွားပြီး ဖြူဖျော့သွားလေ၏။ ဒေါက်တာယန်ကို လွှတ်ပေးလိုက်သည့်အချိန်တွင် သူ့ညာဖက်လက်ဖြင့် နားမလည်နိုင်သည့်လက်မှ လွတ်မြောက်လိုခဲ့သည်။


“ဘန်း ဘန်း” 


သူ့ညာလက်နှင့် ဘယ်ခြေထောက်ကို တစ်ချက်စီပစ်ခံလိုက်ရ၏။ သူသည် အော်ဟစ်ပြီး လဲကျသွားသော်လည်း သူ့ဘယ်လက်ကို နားမလည်နိုင်သော လက်ဖြင့် အမြဲတမ်း ခိုင်မြဲစွာဆုပ်ကိုင်ထားလေသည်။


စုရွေ့ကျယ်သည် ရှေ့သို့လျှောထွက်လာပြီး သူ့အိတ်ကပ်ထဲမှ အခွံမာသီးလက်တစ်ဆုပ်စာကို ထုတ်ယူလိုက်ကာ ကြီးမားသောအခွံမာသီးများအဖြစ် စုစည်းပြီးနောက် ၎င်းတို့ကို ဗုံးတပ်စုမှ မကြာခဏအသုံးပြုလေ့ရှိသည့် ကိရိယာတစ်ခုဖြစ်သည့် လေးထောင့်ပေါက်ကွဲဒဏ်ခံသေတ္တာ တစ်ခုအဖြစ် ဖြည်းညှင်းစွာပြောင်းလဲလိုက်လေသည်။ ၎င်းသည် သေတ္တာထဲတွင် ပေါက်ကွဲခြင်းနှင့် ပေါက်ကွဲစေတတ်သော အရာဝတ္ထုများကို ထိန်းချုပ်နိုင်သည်။


လက်ပစ်ဗုံးသည် ဆိုးရွားသော အကျိုးဆက်များတစ်ခုမှမရှိဘဲ သေတ္တာထဲတွင် ပေါက်ကွဲသွားခဲ့လေသည်။


ကျန်းရွှီကျိုးသည် လက်ယပ်ခေါ်လိုက်ပြီး စစ်သားငယ်လေးတစ်ယောက်သည် ချက်ချင်းရှေ့ထွက်လာကာ မြေပြင်ပေါ်ရှိလူ၏မျက်နှာမှ ‌အမှုန့်များကို ရေဖြင့်ဆေးကြောကာ ကင်မရာကိုယူပြီး သူ့မျက်နှာကို ဓါတ်ပုံရိုက်လိုက်ပြီး ထိုလူ၏အချက်အလက်ကိုရှာဖွေနိုင်ပါက မြင်နိုင်ရန် စစ်စတမ်ဆီသို့ ရှာရန်သွားလေ၏။