အပိုင်း ၃၁၇
Viewers 53k

အခန်း.၃၁၇ “တန်ခိုးရှင်များ၏တိုက်ပွဲ”

နေပြင်းငှက်ဘီလူး၏ ပင်ကိုယ်စွမ်းရည်က မီးစွမ်းရည် ဖြစ်သည်။ထိုသားရဲက တောင်စဉ်တစ်ထောင် တောင်တန်းတွင် နေထိုင်သည့် စွမ်းအားကြီးမားလှသော စိတ်ဝိညာဉ် သားရဲ ဖြစ်ပြီး မျိုးစိတ်က ရှားပါးလှသည်။ ထိုနေပြင်းငှက်ဘီလူးက အဆင့် (၈) စိတ်ဝိညာဉ်သားရဲ တစ်ကောင် ဖြစ်သည်။နေပြင်းငှက်ဘီလူးတိုင်း၏ တိုက်ခိုက်မှု စွမ်းရည်က အလွန်ကြောက်စရာကောင်းလှသည်။

သူတို့မီးတောက်တစ်ချက် မှုတ်ထုတ်လိုက်ရုံနှင့်ပင် အဆင့်(၇ )သူတော်စင်အဆင့်တစ်ယောက်ကိုပင် ပြာကျသွားစေနိုင်သည်။

တောင်စဉ်တစ်ထောင် တောင်တန်းရှိ ကြည်လင်ကောင်းကင် ဘုရားကျောင်း၌ပင် ထိုနေပြင်း ငှက်ဘီလူး နှစ်ကောင်သာရှိပြီး အလွန်အဖိုးထိုက်တန်သည်ဟုလည်း ယူဆထားကြသည်။ ထို့ကြောင့်ပင် ဒီနေရာ၌ နေပြင်းငှက်ဘီလူး ပေါ်လာလေရာ သူတို့အားလုံး အံ့အားသင့်သွားကြသည်။

အနီးအနားတွင် လူစုလာသည့် အချိန်၌ နေပြင်းငှက်ဘီလူးပေါ်တွင် ထိုင်နေသည့် ဝဝဖိုင့်ဖိုင့် အဘိုးအိုက ခြေချိတ်၍ ထိုင်လိုက်သည်။သူ၏ အဝတ်အစားများကလည်း ထူးဆန်းနေကာ ရှုပ်ပွနေသော မီးခိုးရောင်ဆံပင်များကလည်း လေတွင် တဖြတ်ဖြတ်လွင့်ခါနေသည်။

သို့သော်လည်း ထ်ိုအချက်များက လူအများ၏ သိချင်စိတ်ကို ဆွဲဆောင်နေကြခြင်း မဟုတ်ပေ။ လူများစိတ်ဝင်စားနေရသည့် အကြောင်းမှာ ထိုသူ၏ မျက်နှာနား၌ ရေခဲတုံးကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

"နေပြင်းငှက်ဘီလူးကို စီးပြီး ရေခဲစားနေတယ် ဘယ်လိုဟာသ လုပ်နေတာလဲ....."

ဝဝဖိုင့်ဖိုင့် အကြီးအကဲယဲ့ယွင်ချင်း၏ စွမ်းအင်အဆင့်က မယုံနိုင်စရာ အဆင့်တစ်ခုသို့ ရောက်ရှိနေပေပြီ။ သူက တောင်စဉ်တစ်ထောင် တောင်တန်း ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ မဟာအကြီးအကဲ တစ်ယောက်လည်း ဖြစ်သည်။ သူရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလိုပင် လွှမ်းမိုးနိုင်သည့် စွမ်းအင်များက ဖြန့်ကျန့်သွားသဘ်။

တိုက်ခိုက်ရန် ပြင်နေသော သွေးမျိုးနွယ်အစောင့်အရှောက်နှစ်ယောက်က ထိုအင်အား၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

"အရသာ ရှိလိုက်တာ...အဆင့်(၈) ရေလွှမ်းမိုးနဂါး အမြောက်အများကို သတ်ပြီး သူတို့ရဲ့ အသည်းကို ထုတ်ယူပြီးတာတောင်မှ ငါက ရေခဲချောင်း တစ်ချောင်းကိုပဲ ပြုလုပ်နိုင်တာ တော်တော်နှမြောစရာ ကောင်းလိုက်တာ.....ဒီအဖိုးကြီးရဲ့ အချက်အပြုတ်စွမ်းရည်က ပိုင်ရှင်ပု နောက်မှာ ကိုက်တော်တော်များများ ကျန်ခဲ့ပြီ..."

ဝဝဖိုင့်ဖိုင့် အဘိုးအိုက သူ၏ လက်ထဲမှ ရေခဲတုံးလေးကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ထို့နောက် သူခေါင်းခါယမ်းလိုက်ရင်း လက်ထဲမှ ရေခဲတုံးကို ပါးစပ်တွင်းသို့ အကုန်လုံး ထိုးထည့်လိုက်လေသည်။ လူအားလုံး၏ အကြည့်များအောက်မှာပင် ဝဝဖိုင့်ဖိုင့် အဘိုးအို၏ မျက်နှာ အမူအရာက အံ့သြဖွယ်ရာ အမျိုးမျိုး ပြောင်းလဲနေလေသည်။ကြည်လင် ကောင်းကင် ဘုရားကျောင်းမှ သူများပင်လျှင် အံ့အားသင့် ကြောင်အသွားကြသည်။

သူတို့က မဟာအကြီးအကဲ၏ မျက်နှာတွင် အမူအရာအမျိုးမျိုးကို တွေ့ရှိခဲ့ဖူးခြင်းမရှိသောကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေသည်။

ရွှတ်......

ထိုဝဝဖိုင့်ဖိုင့် အကြီးအကဲက ရေခဲတုံးကို ကိုက်ခွဲလိုက်သည်နှင့် အနက်ရောင် အရည်အချို့က ပေါက်ကွဲထွက်လာပြီး ပါးစပ်မှ စီးကျလာလေသည်။ အကြီးအကဲ၏ မျက်ဝန်းများက ပြူးကျယ် ဝိုင်းစက်သွားပြီး လက်ကို လျှင်မြန်စွာ ဆန့်၍ ထိုအရည်စက်လေးများကို ဖမ်းယူလိုက်သည်။

ထိုအရာက သူ၏ စိတ်ဝိညာဉ်( ၈)မျိုး သစ်သီးရှာလကာရည် ဖြစထသည်။သူ၏ အဖိုးထိုက်တန်လှသော စိတ်ဝိညာဉ် (၈) မျိုး ရှာလကာရည်ကို ဘယ်လိုနည်းနှင့်မှ မတော်တဆပင် ဆုံးရှုံးမခံနိုင်ပေ။ သူက ဆက်လက်၍ ဝါးစားနေသည်။ရုတ်တရက် ချဉ်သည့်အရသာက သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြန့်နှံ့သွားသောကြောင့် အဘိုးအို၏ မျက်နှာက ရှူံ့မဲ့ လိမ်တွန့်သွားလေသည်။

ပါးစပ်ထဲမှ ရေခဲတုံးက သူ၏ လည်ချောင်းထဲသို့ စီးဝင်သွားလေရာ အဘိုးအိုက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"အား....ငါ ရှာလကာရည်တွေ အများကြီး ထည့်လိုက်မိတယ်"

အဘိုအိုးက သူ၏ မုတ်ဆိတ်မွှေးကို ပွတ်သပ်၍ စိတ်ပျက်လက်ပျက် မြည်တမ်းလိုက်သည်။

"ငါရဲ့ သစ်သီး ရှာလကာရည်က ဒီလောက်ရှားပါးပြီး တန်ဖိုးရှိတာကို ဘယ်လိုဖြစ်လို့များ လိုအပ်တာထက် ပိုထည့်လိုက်မိပါလိမ့်...."

ဘေးနားတွင် ရပ်ကြည့်နေကြသောသူအားလုံးက ကြောင်အပြီး ပြောစရာစကား မဲ့နေကြသည်။

"ဒီလူအိုကြီးက အားလုံးကို ဟာသ လုပ်နေတာလား....."

ဝဝဖိုင့်ဖိုင့် အကြီးအကဲက သူ့၏ မုတ်ဆိတ်မွှေးရှည်များကို ဆွဲလိုက်သည်။စူးရှလှသော အချဉ်ရနံ့များကြောင့် ဘေး၌ ကြည့်နေသူတို့၏ မျက်နှာပေါ်တွင် ကိုးယို့ကားယား အမူအရာများ ဖြစ်ပေါ်နေသည်။ အထူးသဖြင့် ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ ကျွမ်းကျင် ပညာရှင်များ၏ မျက်နှာက ပိုဆိုးလေသည်။သူတို့၏ မဟာအကြီးအကဲ အစားကျူးသည့် ဂုဏ်ပုဒ်မှလွဲ၍ တခြားဂုဏ်ရည်များ မရှိပေ။

"ဟေး.... မင်းတို့ ရှုရဂိုဏ်းက သွေးမျိုးနွယ် အစောင့်အရှောက် နှစ်ယောက် ဒီနေရာမှာ ဘာလာလုပ်တာလဲ..."

နေပြင်း ငှက်ဘီလူး၏ ကျောပေါ်တွင် အနားယူနေသော အကြီးအကဲက အစောင့်အရှောက် နှစ်ယောက်ကို လှမ်းကြည့်၍ မေးလိုက်သည်။ အကြီးအကဲ၏ အကြည့်က သူတို့၏ အပေါ်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ကြီးမားသော ဖိအားတစ်ခု ဖိနှိပ်လိုက်သလိုမျိူး သွေးမျိူးနွယ် အစောင့်အရှောက် နှစ်ယောက်၏ ခန္ဓာကိုယ်များ တောင့်တင်းသွားသည်ကို ခံစားလိုက်မိသည်။

သွေးမျိုးနွယ် အစောင့်အရှောက် နှစ်ယောက်၏ စွမ်းရည်က တန်ခိုးရှင် တစ်ဝက်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အထွဋ်အထိပ် အဆင့်သို့ ရောက်ရန် အလွန် နီးကပ်နေပေပြီ။ သူတို့က စွမ်းအားကြီးမားလှသော အဘိုးအို၏ အင်အားများနှင့် ရင်ဆိုင်လိုက်သည့် အချိန်တွင်လည်း နောက်ဆုတ်ရန် ရည်ရွယ်ချက် မရှိပေ။

ရှုရဂိုဏ်း၏ သွေးမျိူးနွယ် အစောင့်အရှောက် ဖြစ်သော သူတို့က မည်သည့်အချိန်တွင်မဆို သူတို့၏ အသက်ကို စွန့်လွတ်ရန် အသင့်ဖြစ်နေကြပြီ။

"မင်းတို့ နှစ်ယောက်က ပိုင်ရှင်ပုကို လွှဲပြောင်းပေးစေချင်တယ်ဆိုတာကို ငါကြားခဲ့ပြီးပြီ ပိုင်ရှင်ပုက ဘယ်လောက်တောင် အရေးပါတယ်ဆိုတာကို မင်းတို့သိလား.... သူက အရမ်းကို တော်လွန်းတဲ့ စားဖိုမှူးတစ်ယောက်ပဲ သူရဲ့ ဟင်းလျာတွေက အရမ်းယစ်မူးစေပြီးတော့ လူအားလုံးကိုပဲ အောင်မြင် နှိမ်နင်းနိုင်ခဲ့တယ်... အဲ့ဒီလို လူမျိုးကို ငါတို့က မင်းတို့လို မကောင်းဆိုးဝါးတွေ လက်ထဲ လွှဲပေးရမှာလဲ...."

ရုတ်တရက် အဘိုးအိုက အကြောင်းတစ်ချို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာပုံရသည်။သူက နေပြင်းငှက်ဘီလူး၏ ကျောပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး လက်ကိုလှုပ်ခါ လိုက်ခါ ခြေထောက် တစ်ချက် စောင့်နင်းလိုက်သည်။

သူ၏ လှုပ်ရှားမှုကြောင့် ဒေါသထွက်သွားသော နေပြင်း ငှက်ဘီလူးက သူ၏ ရှည်လျားလှသော လည်ပင်းကို လှည့်လိုက်သည်။

သွေးမျိုးနွယ်အစောင့်အရှောက် နှစ်ယောက်၏ မျက်နှာက အေးခဲလာလေသည်။သူတို့နှစ်ယောက်က ထိုလူအုပ်ကြီးနှင့် အချိန် ထပ်မဖြုန်းသင့်တော့ဟု ခံစားမိလေသည်။ သူတို့နှစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သွေးမြူ စွမ်းအင်များကို ကောင်းကင်ထက်ဆီသို့ ပစ်လွှတ်လိုက်သည်။

ရှူပ်ပွနေသော သူတို့၏ ဆံပင်များကလည်း လေထဲ မျောလွင့်နေသည်။သူတို့ ခန္ဓာကိုယ် ပတ်ပတ်လည်လည်တွင် လှည့်ပတ်နေသော စွမ်းအင်များက သွေးပင်လယ်၏ မြင့်မားလှသော လှိုင်းလုံးများဖြင့်ပင် ဆင်တူလှသည်။ မြေပြင်က သိမ့်သိမ့်တုန်ခါသွားပြီး သူတို့နှစ်ယောက်စလုံးက အရှေ့သို့ အရှိန်ဖြင့် ရောက်သွားသည်။သူတို့ပတ်လည်တွင် ရစ်ခွေနေသော သွေးနီရောင် အလင်းတန်းများက သွေးနီရောင် နဂါးတစ်ကောင် ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဝဝဖိုင့်ဖိုင့် အဘိုးအိုက ဟန်လုပ်၍ ပြုံးလိုက်သည်။ထို့နောက် သူက နေပြင်း ငှက်ဘီလူး၏ ကျောကို အသာလေး ခြေထောက်ဖြင့် ထိလိုက်ရာ သူ၏ ပုံရိပ်က ဆောင်းဦးသစ်ရွက်လေးကဲ့သို့ ပေါ့ပေါ့ပါးပါးပင် လေထဲသို့ မြောက်တက်သွားသည်။

အစစ်အမှန် စွမ်းအင်လှိုင်းများက တောင်ပံဖြန့်၍ ပျံသန်းနေသော မီးတောက်ငှက် တစ်ကောင်ပမာ ကောင်းကင်ပေါ်သို့ ပျံဝဲတက်သွားသည်။ထိုမီးတောက်ငှက်၏ လက်သည်းချက်များက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေသည်။ သွေးနီရောင် နဂါးနှစ်ကောင်၏ ဟိန်းဟောက်သံကလည်း နားကွဲလောက်စရာ ကျယ်လောင်လှသည်။

ဘုန်း.......

သူတို့ သုံးယောက်က လေထဲတွင် တိုက်ခိုက်နေကြ၏ ။အဆင့်( ၉) အဆင့်၏ အစစ်အမှန် စွမ်းအင်လှိုင်းများ ပြန့်နှံ့မှုက လေထုကို ဂယက်ထသွားစေသည်။

ပြင်းထန်လှသည့် စွမ်းအားများ၏ ဖိနှပ်မှုကြောင့် အောက်တွင် ရှိနေကြသော လူအားလုံး၏ စိတ်နှလုံးသား နစ်မြှုပ်သွားကြသည်။နောက်ဆုံးပြောရလျှင် ဝဝဖိုင့်ဖိုင့် အဘိုးအိုက တန်ခိုးရှင် အဆင့်တစ်ယောက်ပင် ဖြစ်သည်။

သွေးမျိုးနွယ် အစောင့်အရှောက် နှစ်ယောက်က တန်ခိုးရှင် အစောင့် တစ်ယောက်နှင့် ယှဉ်နိုင်သည်ဟု ဆိုကြသော်လည်း တကယ်တမ်း သူတို့က တန်ခိုးရှင် အစစ်အမှန် မဟုတ်ကြသေးပေ။

တိုက်ပွဲ တစ်ပွဲက သူတို့ကြားမှ ကွာခြားချက်ကို ရှင်းရှင်းလင်းလင်းပင် လစ်ဟပြလိုက်သည်။သွေးနီရောင် ပုံရိပ်နှစ်ခုက မြေပြင်ပေါ်သို့ ဆင်းသက်လာကြသည်။သူတို့က တည်ကြည် လေးနက်စွာဖြင့်ပင် ဝဝဖိုင့်ဖိုင့် အဘိုးအိုကို ကြည့်လိုက်သည်။

ဝဝဖိုင့်ဖိုင့် အဘိုးအိုက လက်တစ်ဖက်ဖြင့် ခါးထောက်ရင်း လက်တစ်ဖက်က မုတ်ဆိတ်မွှေးကို ပွတ်သပ်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ လှောင်ပြောင်လိုဟန် အပြုအမူက သွေးမျိုးနွယ်အစောင့်အရှောက် နှစ်ယောက်ကို သွေးစောင့်တက်သွားစေသည်။သူတို့နှစ်ယောက်က ထိုလူအိုကြီးကို တစ်စစီ ဆုတ်ဖြဲပစ်ရန် ဆုံးဖြတ်ပြီး နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုက်ကြသည်။

ဝှစ်.......

သို့သော် သူတို့နှစ်ယောက် အနည်းငယ်မျှပင် မလှုပ်ရှားရသေးခင်မှာပင် နောက်ဖက်ဆီမှ ဖြော့တော့သည့် စွမ်းအင်လှိုင်းများ လှုံ့ဆော်မှုကို ခံစားလိုက်ရသည်။ ထိုသွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်က ရုတ်တရက် ရပ်တန့်သွားပြီး အံ့အားသင့်သင့် ဖြင့် နောက်ကို လှည့်ကြည့်လိုက်ကြသည်။

ဂျိချန်းယု၏ တပ်ထဲမှ အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသော သူတစ်ယောက် တဖြေးဖြေးချင်း ထွက်ပေါ်လာသည်။သူ၏ ခြေလှမ်းများက အလွန်နှေးကွေးလှသော်လည်း ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းတွင် လေပြင်းများ တိုက်ခတ်သွားသည်။သူက တဖြေးဖြေးချင်း လမ်းလျှောက်နေရင်းမှ လေထဲသို့ ခုန်တက်လိုက်သည်။သူက ဝဝဖိုင့်ဖိုင့် အကြီးအကဲနှင့် မျက်နှာချင်းဆိုင်လိုက်သည်။သူ၏ ဝတ်ရုံစကလည်း လေတွင် တဖြတ်ဖြတ် လွှင့်ခါနေ၏ ။

"ဒီတော့ မင်းက ငါတို့ရှုရ ဂိုဏ်းမှာ မင်းနဲ့ ရင်ဆိုင်နိုင်တဲ့သူ ဘယ်သူမှ မရှိဘူးလို့ ထင်နေတာလား ...."

အနက်ရောင် ဝတ်စုံဖြင့် အဘိုးအို၏ တည်ငြိမ်အေးစိမ့်လှသော မြို့တံတိုင်းဆီသို့ ပဲ့တင် ရိုက်ခတ်သွားသည်။

အနက်ရောင်ဝတ်စုံဖြင့် အဘိုးအို သူနှင့် မျက်နှာချင်းဆိုင်လိုက်ချိန်တွင် ဝဝဖိုင့်ဖိုင့်အဘိုးအိုက ခပ်ဖြော့ဖြော့ ပြုံးလိုက်လေသည်။

"အရှင်သခင် ....ငါတို့ရဲ့ နတ်ဆရာ အရှင်သခင် ထွက်လာပြီ ဟိုအကျင့်မကောင်းတဲ့ အဘိုးကြီး သေဖို့သာ ပြင်ပေတော့ ....."

သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်၏ မျက်ဝန်းများက စိတ်လှုပ်ရှားမှု ဖြင့် တောက်ပသွားကြသည်။ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် နတ်ဆရာ အရှင်သခင်က သူတို့ ရှုရဂိုဏ်း၏ အဆင့်(၉ )တန်ခိုးရှင် အဆင့်တစ်ယောက်ဖြစ်သည်။ သူ့တွင် ထူးခြားသည့် စွမ်းအင် ကျင့်ကြံမှုအဆင့် ရှိနေပြီး ထိုဝဝဖိုင့်ဖိုင့် အဘိုးအိုကို ကျိန်းသေပေါက် ကိုင်တွယ်နိုင်ပေလိမ့်မည်။ဝဝဖိုင့်ဖိုင့် အဘိုးအိုက သူ့၏ရှေ့မှ လူကို တင်းမာခတ်ထန်စွာ စိုက်ကြည့်နေသည်။

ထို ရှုရဂိုဏ်း၏ နတ်ဆရာက ရှုရဂိုဏ်းရှိ အရေးပါသူများထဲမှ တစ်ယောက်ဖြစ်သည်။သူ့၏ စွမ်းအင် ကျင့်ကြံမှု အဆင့်က မြင့်မားလာပြီး သေချာပေါက် မသန့်စင်သော နည်းလမ်းများအပေါ်တွင် မှီတည်နေပေသည်။

"မင်းတို့နှစ်ယောက် မြို့ထဲသွားပြီး ပုဖန် ဒါမှမဟုတ် သူတို့ ပြောကြတဲ့ သူကို ဖမ်းခဲ့။ငါတို့ ပစ္စည်းကို ပြန်ယူရမယ်....."

နတ်ဆရာ အရှင်သခင်၏ ဗုံးပေါက်ကွဲသလို အသံက သွေးအစောင့်အရှောက်နှစ်ယောက်၏ နားထဲသို့ ရိုက်ခတ်လာသည်။ သူတို့၏ မျက်ဝန်းများ အေးခဲသွားပြီး အလေးအနက် ခေါင်းငြိမ့်လိုက်သည်။ ဝိညာဉ်နှုတ်ဓာတ်လုံးကို နှိုးရာတွင် ဝိညာဉ်စုပ် မှော်အစီအရင်က အဓိက သော့ချက်ဖြစ်သည်။ ဝိညာဉ်စုပ် မှော်အစီအရင်တစ်ခုစီတွင် မရေမတွက်နိုင်အောင် များပြားလှသော စိတ်ဝိညာဉ် အနှစ်သာရများ ပါဝင်နေသည်။ ထို့ကြောင့် ထိုပစ္စည်းက သူတို့၏ ရှုရဂိုဏ်းအတွက် အရေးကြီးသော ပစ္စည်းဖြစ်သည်။

သူတို့ဂိုဏ်းက မည်သည့်အကြောင်းနှင့်မှ ထိုအစီအရင်ကို အဆုံးရှူံးမခံနိုင်ပေ။သွေးမျိုးနွယ် အစောင့်အရှောက် နှစ်ယောက်က မြို့တံတိုင်းဆီသြို အလျှင်အမြန် ပြေးထွက်သွားကြသည်။

"ရပ်လိုက်စမ်း...."

ဝဝဖိုင့်ဖိုင့် အဘိုးအိုက ထိုသွေးမျိုးနွယ် အစောင့်အရှောက် နှစ်ယောက်ကို တားဆီးရန်အတွက် အလျှင်အမြန် လှည့်လိုက်သည်။ သို့သော်လည်း သူ လှုပ်ရှားမှု မပြုန်ိုင်သေးခင်မှာပင် အနက်ရောင်စွမ်းအင်များက အရှိန်အဟုန်ဖြင့် လွှမ်းမိုးလာပြီး သူရဲ့ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

"မင်းရဲ့ ပြိုင်ဘက်က ငါပဲ..."

လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေသော ရှုရဂိုဏ်းက အရှင်သခင်နတ်ဆရာက အေးဆေးစွာ ပြောလိုက်သည်။

ဝဝဖိုင့်ဖိုင့် အဘိုးအိုက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး သူ့၏ အစစ်အမှန် စွမ်းအင်များကို ဆင့်ခေါ်လိုက်သည်။ဝဝဖိုင်ဖိုင့် အဘိုးအိုနှင့် ရှုရဂိုဏ်းမှ အရှင်သခင် နတ်ဆရာတို့၏ ကောင်းကင်ထက်မှ စစ်ပွဲ စတင်ပေပြီ။

အစစ်အမှန် စွမ်းအင်လှိုင်းများနှင့်အတူ သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်က သွေးနီရောင် လျှပ်စီး အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး မြို့ရိုးကို ဖြတ်ကျော်ရန် ကြိုးစားလိုက်သည်။

စုဝေးနေသော လူအုပ်ကြီး၏ အမူအရာက အံ့အားသင့်သင့် ဖြင့် ပြောင်းလဲသွားသည်။ကျန့်ခုံး၏ အမူအရာက ဖြူဖျော့သွားပြီး သွေးမျိုးနွယ် အစောင့်အရှောက် နှစ်ယောက်ကို တားဆီးရန် ကြိုးစားလိုက်သည်။သူက တိမ်ဖြူစံအိမ်၏ ဓားမန္တန်ကို ရွတ်ဆိုလိုက်သည်။

ရုတ်တရက် သူ၏ နောက်ကျောမှ ထက်မြေ့လှသော ဓားတစ်စင်းပေါ်လာပြီး သွေးမျိုးနွယ် အစောင့်အရှောက်များဆီသို့ တိုးဝင်သွားလေသည်။

"ဖယ်စမ်း.."

သွေးမျိုးနွယ် အစောင့်အရှောက်၏ အက်ရှရှအသံ ထွက်ပေါ်လာသည်။သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အစစ်အမှန် စွမ်းအင် သွေးမြူခိုးများက ကျန့်ခုံး၏ ဓားကို အပိုင်းပိုင်းအစစဖြစ်အောင် ကျိုးဖဲ့လိုက်လေသည်။ ကျန့်ခုံး၏ မျက်နှာက နီရဲသွားသည်။သူ အနောက်သို့ လွင့်ပျံသွားပြီး မြို့ရိုးတံခါးနှင့် ရိုက်မိသွားကာ သွေးတစ်လုတ် အန်လိုက်ရလေသည်။

ကျန့်ခုံးက ရန်သူများကဲ့သို့ အဆင့် (၈ )စစ်နတ်ဘုရား တစ်ပါး ဖြစ်သော်လည်း သူတို့၏ စွမ်းအင် ကွာခြားမှုက ကြီးမားလှ၏ ။ကျန့်ခုံး၏ မျက်နှာက တစ္ဆတေစ်ကောင်ကဲ့သို့ ဖြူဖျော့နေပေပြီ။

သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်က မြို့တံတိုင်းပေါ် ခြေစောင့်နင်းလိုက်သည်။သူတို့၏ အားကြောင့် မြို့တံတိုင်းက ပဲ့သွားပြီး မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ထင်သွားလေသည်။

အဆင့် (၈) စစ်နတ်ဘုရားဖြစ်သော ကျန့်ခုံးပင်လျှင် တိုက်ကွက်တစ်ကွက်တည်းဖြင့် ဆိုးရွားစွာ ဒဏ်ရာရသွားလေရာ သူတို့ကို မည်သူမှ မတားဆီးရဲကြတော့ပေ။

မြို့တံတိုင်းပေါ်မှ စစ်သည်တော်များက အသက်ပင် ရဲရဲ မရှူရဲကြချေ။သူတို့က မြို့အတွင်းသို့ ပြေးဝင်သွားသော သွေးမျိုးနွယ် အစောင့်နှစ်ယောက်ကို ကြောက်လန့်တကြား ကြည့်နေကြသည်။

သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်က ဝိညာဉ်စုပ် မှော်အစီအရင် တစ်ကြိမ် ပေါ်လာခဲ့သော နေရာကို ရှာတွေ့သွားပြီး စိတ်ထဲမှ လှုပ်ခတ်သွားသည်။သူတို့က ထိုနေရာသို့ အလျင်စလို ပြေးထွက်သွားကြသည်။

ဂျိချန်းရွဲ့၏ အမူအရာက ကြောက်စရာကောင်းသည့် ကိစ္စရပ်တစ်ရပ်ကို ကြုံတွေ့ရသလို ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။ သူက သွေးမျိုးနွယ် အစောင့်အရှောက်များ ဦးတည်သွားသည့် နေရာကို ကြည့်လိုက်ပြီး အလွန် စိုးရမ်ပူပန်သွားသည်။

ပိုင်ရှင်ပု၌ သူ့ကို ကာကွယ်မည့် အဆင့်မြင့် သားရဲကြီး ရှိသည်ဆိုသော်လည်း ထိုသွေးမျိုးနွယ်အစောင့်အရှောက် နှစ်ယောက်က တန်ခိုးရှင် အဆင့်နှင့်ပင် ယှဉ်နိုင်သည့် သစ္စာရှိ စစ်သည်တော်များဖြစ်သည်။

"ပိုင်ရှင်ပု မင်းကိုယ့်ကိုကိုယ်ပဲ အားကိုးရတော့မယ်....."