အပိုင်း ၃၁၈
Viewers 53k

အခန်း ၃၁၈


ဝှိုက်တီနှင့်သွေးမျိုးနွယ်အစောင့်အရှောက်တို့၏တိုက်ပွဲ...


လေအလင်းအင်ပါယာ၏ မြို့တံခါး၌.......


ကောင်းကင်ယံထက်၌ မိုးကြိုးမုန်တိုင်း တိုက်ခိုက်သကဲ့သို့ ကြောက်စရာကောင်းလှသော အစစ်အမှန် စွမ်းအင်လှိုင်းများက ဆက်လက် ပြန့်နှံ့နေသည်။


ထိုအစစ်အမှန် စွမ်းအင်လှိုင်းများ၏ သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော မိုးခြိမ်းသံကဲ့သို့ အသံများက တိမ်တိုက်များကိုပင် ပြိုပျက်သွားစေသည်။


တိမ်တိုက်များပေါ်၌ လျှောက်လမ်းနေသော ပုံရိပ်နှစ်ရိပ်က တဖြေးဖြေး နီးကပ်လာသည်။သူတို့က တစ်ယောက်နှင့်တစ်ယောက် လှမ်းလာသည်ကို တွေ့လိုက်ရပြီးနောက် ကိုယ်စီ ရိုက်ချက်များ ဖလှယ်လိုက်ကြသည်။


အောက်မှာရှိနေသော လူအုပ်ကြီးက တိုက်ခိုက်မှုကို ခေါင်းများငဲ့စောင်း၍ ကြည့်နေကြသည်။သူတို့၏ မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့မှုက အထင်းသား ပေါ်လွင်နေသည်။ သူတို့က တန်ခိုးရှင်အဆင့်များ၏ တိုက်ခိုက်မှုကို မျက်မြင်ကိုယ်တွေ တွေ့နေရပေသည်။


"ဘုရင်ခံယု ဒီအချိန်က အင်ပါရီယာ မြို့တော်ကို သိမ်းယူဖို့ အခွင့်ကောင်းပဲ....."


သူတို့၏ ခေါင်းအထက်၌ ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲက ကျောက်မူရှန်၏ အာရုံကို မဆွဲဆောင်နိုင်ပေ။သူက ဘုရင်ခံယု အနားသို့ ကပ်၍ ခပ်တိုးတိုး ပြောလိုက်သည်။


ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ တန်ခိုးရှင်အဆင့် တစ်ယောက် ရောက်ရှိလာချိန်က ကျောက်မူရှန်ကို ထိတ်လန့် တုန်လှုပ်သွားစေသည်။ အခြားနေရာများကို လွှမ်းမိုးနိုင်စွမ်းရှိသော တန်ခိုးရှင်အဆင့်များ ရောက်ရှိလာသည်နှင့် မြို့ကို သိမ်းပိုက်နိုင်မည့် အခွင့်အရေးက လျော့နည်းသွားပေလိမ့်မည်။ သူတို့ဘက်၌ တန်ခိုးရှင်အဆင့်ရှိသော်လည်း တစ်ယောက်တည်းသာ ဖြစ်သည်။သူတို့၏ တန်ခိုးရှင်အဆင့် ပညာရှင်က သူ့၏ ကိုယ်ပွားများကို ဆင့်ခေါ်နိုင်စွမ်းရှိသော်လည်း တခြားတန်ခိုးရှင်အဆင့်များ ထက်ရောက်လာခဲ့လျှင် ရင်ဆိုင်ရန် ခက်ခဲသွားပေလိမ့်မည်။


ထိုကဲ့သို့ တန်ခိုးရှင် အဆင့်များစွာ၏ စောင့်ရှောက်မှု အောက်တွင် အင်ပါရီယာ မြို့တော်ကို တိုက်ခိုက်ရန်က အနှိုင်းအဆမဲ့ ခက်ခဲသွားပေလိမ့်မည်။


ကျောက်မူရှန်၏ ပြောစကားကြောင့် ဂျိချန်းယု စိတ်ထဲတွင် လက်ခနဲ ဖြစ်သွားသည်။ထိုကိစ္စက စိုးရိမ်ပူပန်စရာ ဖြစ်သော်လည်း ဂျိချန်းယုတွင် နောက်ထပ် စိုးရိမ်သည့် ကိစ္စတစ်ခု ရှိနေပေသေးသည်။ ထိုအကြောင်းအရာက ပုဖန်ကို ဒုက္ခပေးရန်သွားကြသော သွေးမျိုးနွယ် အစောင့်အရှောက် နှစ်ယောက်ပင် ဖြစ်သည်။


သူတို့ မြို့တော်ကို မတိုက်ခိုက်ခင် သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်က ပုဖန်ကို ဖမ်းမိစေဖို့ ကျောက်မူရှန် မျှော်လင့်ထားသည်။


သို့သော် ပုဖန်ကို အလွယ်တကူ ဖမ်းဆီးနိုင်ပါမည်လော......


မည်သို့ပင်ဆိုစေ သူ့၏ ဆိုင်ငယ်လေးကို အဆင့်မြင့်သားရဲကြီး တစ်ကောင်က ကာကွယ်ထားပေသည်။


အကယ်၍ သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်က သူတို့၏ မစ်ရှင်ကို ကျဆုံးပြီး ယခုကိစ္စထဲသို့ အဆင့်မြင့် သားရဲကြီး ပါဝင်လာပါက ကိစ္စရပ်များက ပို၍ ရှုပ်ထွေးခက်ခဲသွားပေလိမ့်မည်။


"ကိစ္စမရှိဘူး ငါတို့ နည်းနည်းထပ်စောင့်လိုက်မယ် သွေးမျိုးနွယ် အစောင့်အရှောက် နှသ်ယောက်က ပုဖန်ကို အောင်အောင်မြင်မြင် ဖမ်းဆီးလာနိုင်ပြီ ဆိုတော့မှ ငါတို့မြို့ကို ချက်ချင်း ဝိုင်းရံလိုက်မယ်...."


ဂျိချန်းယုက သူ၏ သဘောထားက်ို ပြောလိုက်သည်။ကျောက်မူရှန်ကလည်း စောဒကမတက်ပဲ တိတ်တဆိတ်သာ နေလိုက်၏။


ဂျိချန်းယုက လုံခြုံ စိတ်ချရသည့် အခြေအနေမှပင် လုပ်ဆောင်ချင်သည်။သို့သော်လည်း ထိုအချက်ကပင် အရေးကြီးလေ၏ ကျောက်မူရှန်က သူတို့ကောင်းသည့် အခြေအနေရှိမရှိကို စတင်၍ စဉ်းစားလိုက်သည်။ သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်က အဆင့်မြင့်သားရဲကြီး၏ တိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည် ရှိသင့်ပေသည်။


…..


ထိုအချိန်တွင် အင်ပါရီယာ မြို့တော်၏ လမ်းမထက်တွင် သွေးနီရောင် အရိပ်နှစ်ခုက မယုံကြည်နိုင်စရာ အမြန်နှုန်းဖြင့် ဖြတ်ကျော်သွားသည်။ ထိုအရိပ်က လေဆင်နှာမောင်းကဲ့သို့ပင် စက္ကန့်ပိုင်းအတွင်းပင် ပျောက်ကွယ်သွားသည်။ထိုသွေးနီရောင် အရိပ်နှစ်ခုက ဖန်ဖန်ဆိုင်ငယ်လေးရှိရာသို့ ချဉ်းကပ်လာပြီး လမ်းကြားလေးထဲ၌ ရပ်တန့်လိုက်သည်။


ဖန်ဖန်ဆိုင်ငယ်လေး ရှိရာဆီသို့ ချဉ်းကပ်လာသော သွေးနီရောင် အရိပ်နှစ်ခုက လမ်းကြားလေးထဲ အရောက်၌ ရပ်တန့်လိုက်သည်။ ထိုသူများက သွေးမျိုးနွယ် အစောင့်အရှောက် နှစ်ယောက်ပင် ဖြစ်သည်။သွေးမျိုးနွယ် အစောင့်အရှောက်တစ်ယောက်၏ လက်ထဲ၌ အလင်းစက်လေးများ တောက်ပနေသည့် ကျောက်စိမ်းပြားတစ်ခုကို ဆုပ်ကိုင်ထားသည်။


“ဝိညာဉ်စုပ်မှော်အစီအရင် နောက်ဆုံးပေါ်လာသည့် နေရာက ဒီလမ်းကြားလေးထဲက ဆိုင်ငယ်လေးပဲ….” သွေးမျိုးနွယ် အစောင့်အရှောက် တစ်ယောက်က ပြောလိုက်သည်။


ထို့နောက် သူတို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီး အသာအယာ ခေါင်းငြိမ့်လိုက်၏ ။နှစ်ယောက်သား လမ်းကြားလေးထဲသို့ အလျင်စလို ဝင်ရောက်လိုက်၏။ သူတို့ လမ်းကြားလေးထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ပုံရိပ်နှစ်ခုလုံးက တောင့်တင်း အေးခဲသွားသည်။


သူတို့၏ စွမ်းအင်အဆင့်က အဆင့်မြင့်အဆင့်သို့ ရောက်ရှိနေပြီး တန်ခိုးရှင်အဆင့်သို့ ရောက်ရှိရန် ခြေလှမ်းတစ်လှမ်းမျှသာ လိုတော့သောကြောင့် ဆိုင်ငယ်လေးဆီမှ ပြန့်လွင့်လာသော ဖိအားကို အလွယ်တကူပင် ခံစားမိလေသည်။


ထိုဆိုင်ငယ်လေး၏ အရွယ်အစားက မကြီးမားလှပေ။ဆိုင်၏ တံခါးဝနား၌လည်း အိပ်ပျော်နေသော ခွေးနက်ကြီးတစ်ကောင်က ဟောက်၍ပင်နေ၏။ ထိုအနီးအနားတွင် တစ်စုံတစ်ယောက်က ထိုင်ခုံပေါ်တွင် မှီ၍ ထိုင်နေသည်။ သူတို့ မည်သို့ပင်ကြည့်ကြည့် အန္တရာယ်ရှိသည်ဟု မထင်ရပေ။သွေးမျိုးနွယ် အစောင့်အရှောက် နှစ်ယောက်က မျက်မှောင်ကျုံ့လိုက်မိသည်။


သူတို့၏ မျက်ဝန်းထဲ၌လည်း စိတ်ရှုပ်ထွေးသည့် အမူအရာများ ဖြတ်သန်းသွားသည်။ထို့နောက် ဆိုင်ရှိရာဆီသို့ လျှောက်လှမ်းလာခဲ့၏။


ကြမ်းပြင်ပေါ်တွင် လှဲအိပ်နေသော ဘလက်ကီက နှာခေါင်းရှူံ့ပွပွ လုပ်လိုက်ပြီး အကျောအချဉ် ဆန့်လိုက်သည်။ထို့နောက် မျက်လုံးဖွင့်၍ သူ၏ မြင်ကွင်းရှေ့၌ ရှိနေသော သွေးအစောင့်အရှောက် နှစ်ယောက်ကို လေ့လာအကဲခတ်လိုက်သည်။


"သေလိုက်စမ်း....ဒါငရဲကလာတဲ့ အကောင်တွေ ကျနေတာပဲ.."


ထို့နောက် ဘလက်ကီက အရေးမစိုက်သလိုမျိုး အကြည့်လွှဲ၍ ပြန်အိပ်လိုက်လေ၏။


ထိုင်ခုံပေါ်တွင် အေးအေးသာသာ ထိုင်နေသော ပုဖန်က သူဆီလှမ်းလာသော သွေးအစောင့်အရှောက် နှစ်ယောက်ကို သတိပြုမိသွားပြီး အံ့အားသင့်သွားသည်။


သူခေါင်းမော့၍ မျက်နှာထား တင်းမာလှသော သွေးအစောင့်အရှောက်နှစ်ယောက်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။


"ကောင်လေး ပိုင်ရှင်ကိုအပြင်ထွက်လာခိုင်းလိုက် "


သွေးမျိုးနွယ် အစောင့်အရှောက်တစ်ယောက်က ပတ်ဝန်းကျင်ကို သတိဖြင့် စစ်ဆေးအကဲခတ်လိုက်သည်။ ထိုဆိုင်ငယ်လေးဆီမှ အန္တရာယ်အငွေ့အသက်များကို ခံစားမိနေသောကြောင့် သူတို့ အလျင်စလို လှုပ်ရှားခြင်းမရှိပေ။


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးသွားသည်။သူ သက်တောင့်သက်သာ ထိုင်နေရာမှ တည့်တည့်မတ်မတ် ပြောင်းထိုင်လိုက်ပြီးနောက် ထိုလူများကို စူးစိုက်ကြည့်ပြီး ပြန်ပြောလိုက်သည်။


"ဆိုင်ရှင်ကငါပဲ...."


"မင်း....."


သွေးမျိုးနွယ် အစောင့်အရှောက်တစ်ယောက်က မိုက်ကြည့် ကြည့်လိုက်ပြီး လှောင်ပြောင်ဟန် ပြုံးလိုက်သည်။ထို့နောက် သူချက်ချင်းပဲ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်၏။


မြေပြင်ပေါ်ရှိ လမ်းခင်းအုတ်များက ကျုံ့သွားသကဲ့သို့ ထိုသွေးမျိုးနွယ်အစောင့်အရှောက်က ပုဖန်၏ ရှေ့၌ ရုတ်တရက် ပေါ်လာသည်။


ကြောက်စရာကောင်းလှသော စွမ်းအားတစ်ရပ် ပေါက်ကွဲသွားကာသူ၏ ဆံပင်များပင် လေထဲ လွင့်ပျံသွားသည်။ သူ၏ မျက်နှာက ပုဖန်နှင့် လက်အနည်းငယ်သာ ကွာဝေးတော့သည်။ပုဖန်က တုန်လှုပ်မှုမရှိပဲ ထိုသူကို သေသေချာချာ ပြန်ကြည့်လိုက်ပြီး မျက်မှောင်ကျုံ့လိုက်သည်။


သွေးမျိုးနွယ် အစောင့်အရှောက်ထံမှ နံစော်လှသော သွေးနံ့ကြောင့် ပုဖန် အော့နှလုံး နာသွားသည်။


"ငါ့နား အရမ်းမကပ်နဲ့ ငါမင်းတို့ကို သိတောင် မသိဘူး...." ပုဖန်က လက်ဝှေ့ယမ်းရင်း ပြောလိုက်သည်။


"မင်းက ဒီဆိုင် ပိုင်ရှင်ဆိုတော့ ရှုရဂိုဏ်းရဲ့ ပစ္စည်းဖြစ်တဲ့ ဝိညာဉ်စုပ် မှော်အစီအရင်က မင်းလက်ထဲမှာ ရှိနေတယ် ဟုတ်တယ်မှတ်လား.....ငါ့လက်ကို အပ်ပါ ဒီလိုဆို မင်းရဲ့ အသက်ကို ချမ်းသာပေးလိုက်မယ်..."


သွေးမျိုးနွယ် အစောင့်အရှောက်က အမိန့်ပေး ပြောဆိုလိုက်သည်။ထို့နောက် သူ့လက်ဖဝါးပေါ်၌အစစ်အမှန် စွမ်းအင် သွေးနီရောင်လှိုင်းများ စတင်လည်ပတ်လာသည်။


ဝီ..........


သူ့အသံ ပျောက်ဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ့၏ နှလုံးသားထဲမှ တုန်လှုပ်ခြောက်ချားဖွယ် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။သူခေါင်းမော့ကြည့်လိုက်ရာ အနီရောင်မျက်ဝန်းများဖြင့် သတ္တုတုံးတစ်တုံးကို တွေ့လိုက်ရသည်။


"ဟမ်....ဒီသတ္တုတုံး ဝိညာဉ်စုပ် မှော်အစီအရင် ဟုတ်လား...."


ပုဖန် မျက်ခုံးပင့်လိုက်မိသည်။သူ ကြမ်းပြင်ကို ခြေထောက်ဖြင့် အသာအယာ ထောက်ကန်ရင်း ခုံကို နောက်ကိုဆုတ်လိုက်ရာ သွေးမျိုးနွယ် အစောင့်အရှောက်နှင့် အတော်အတန် ဝေးကွာသွားသည်။


သူထိုင်ခံပေါ်မှ ထရပ်လိုက်ပြီး လက်ကို မြှောက်လိုက်သည်။သူ၏ စိတ်ထဲ၌ တစ်ချက်လှုပ်ရှားသွားပြီး ဟောင်းနွမ်းစုတ်ပြတ်နေသော ကျောက်စိမ်းပြား ငါးခုဖြင့် ဖွဲ့စည်းထားသော အစီအရင်ပုံစံက သူ့လက်ဖဝါးထဲ၌ ပေါ်လာသည်။


"မင်းပြောတာ ဒါလား " ပုဖန်က မျက်နှာသေဖြင့် မေးလိုက်သည်။


“ဝိညာဉ်စုပ် မှော်အစီအရင်.....”


ပုဖန် မှော်အစီအရင်ကို ထုတ်ယူလိုက်သည့် အချိန်၌ သွေးမျိုးနွယ် အစောင့်အရှောက် နှစ်ယောက်၏ မျက်ဝန်းများက တောက်ပသွားသည်။ သူတို့လက်ထဲမှ ခြေရာခံ ကျောက်စိမ်းပြား(သံလိုက်အိမ်မြှောင် အစား ခြေရာခံကျောက်စိမ်းပြား) ကလည်း အလင်းရောင်များ ရိုက်ခတ်လာသည်။ နောက်ဆုံး၌ သူတို့ လူမှန်ကို ရှာတွေ့သွားပေပြီ။ထိုဝိညာဉ်စုပ် ကျောက်စိမ်းပြားကို ရှုရဂိုဏ်းဆီသို့ ပြန်လည် ယူဆောင် သွားနိုင်လျှင် နတ်ဆရာမ ပေးအပ်လိုက်သည့် တာဝန်ကို ကျေပွန်သွားပြီ ဖြစ်သည်။


"ဟုတ်တယ် အဲ့ဒါပဲ ဝိညာဉ်စုပ် မှော်အစီအရင် ငါ့ကိုပေး...."


ဘန်း......


သွေးမျိုးနွယ် အစောင့်အရှောက်တစ်ယောက်၏ စွမ်းအင်များက ရုတ်တရက် တိုးပွားလာသည်။သူက ပုဖန်ကို မျက်လုံးပြူးဖြင့် ကြည်ကလိုက်ရင်း အော်လိုက်သည်။


ပုဖန်က နှုတ်ခမ်းလေး တွန့်ယုံ တစ်ချက်ပြုံးလိုက်ပြီးနောက် သူ ရုတ်တရက် ဆွဲထုတ်ထားသည့် ဝိညာဉ်စုပ် မှော်အစီအရင်ကို သိုလှောင်နယ်မြေထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။


"မပေးဘူး.."


"မင်းက သေချင်နေတာပဲ...."


သွေးမျိုးနွယ် အစောင့်အရှောက်တစ်ယောက်က ဒေါသပေါက်ကွဲသွားသည်။သူက ပတ်ဝန်းကျင်အနှံ့ သွေးမြူခိုးများကို မှုတ်ထုတ်လိုက်သည်။သွေးနီရောင် အလင်းတန်းများက ပုဖန်ဆီသို့ တွန်းဝင်သွားပြီး သူကို ဖမ်းဆီရန် ကြိုးစားလိုက်၏။


ဘုန်း......


သို့သော်လည်း သွေးမျိုးနွယ် အစောင့်အရှောက်၏ တိုက်ခိုက်မှုကို ဆိုင်အတွင်းမှ တဟုန်ထိုး ပြေးထွက်လာသည့် ဝှိုက်တီက တားဆီးလိုက်သည်။ဝှိုက်တီ၏ အနီရောင်မျက်ဝန်းများက ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။


အလွန်တရာ မှောင်မိုက်လှသော အရိပ်ကို တွေ့လိုက်ရသောကြောင့် သွေးမျိုးနွယ် အစောင့်အရှောက်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားလေသည်။


ဝှိုက်တီက သွေးမျိုးနွယ် အစောင့်အရှောက်များဆီသို့ တိုက်ရိုက် ထိုးနှက် တိုက်ခိုက်လိုက်သည်။သူ၏ တိုက်ခိုက်လိုက်သော ထိုးနှက်ချက်က အလွန်တရာ အင်အားကြီးမားလှသောကြောင့် သူတို့ အံ့အားသင့် ထိတ်လန့်သွားသည်။


သွေးမျိုးနွယ် အစောင့်အရှောက်များ၏ ခန္ဓာကိုယ်က လွင့်ထွက်သွားပြီး ဆိုင်ငယ်လေးအပြင်ဘက် လမ်းပေါ်သို့ ပြုတ်ကျသွားသည်။ထို့နောက် သူတို့ ကြိုးစား၍ ပြန်လည် ထရပ်လိုက်သည်။(သူတို့ နှစ်ယောက် ပေါင်းလိုက်သည့် အင်အားက)


"ဒီရုပ်သေးရဲ့ တိုက်ခိုက်မှု စွမ်းအင်က အဆင့် (၉) လောက်မှာရှိတယ်"


သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်၏ မျက်ဝန်းထဲ၌ အံ့အော တုန်လှုပ်သည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။ထို့နောက်သူတို့၏ အမူအရာက တင်းမာခတ်ထန်သွား၏။


"အဆင့် (၉) အဆင့်ရှိတယ် ဆိုရင်ကော ဘာဖြစ်သေးလဲ ငါတို့နှစ်ယောက်က တန်ခိုးရှင် အဆင့်နဲ့တောင် ရင်ဆိုင်နိုင်စွမ်းရှိတယ်"


ဘန်း........


သူတို့၏ ခန္ဓာကိုယ်မှ သွေးတိမ်တိုက်များကဲ့သို့ အစစ်အမှန် စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။သူတို့က ကောင်းကင်ယံထက်ဆီသို့ အလင်းတန်းနှစ်တန်းကို ပစ်လွှတ်လိုက်သလို ဆင်တူလှသည်။


……


မြို့ရိုးတံတိုင်းထက်တွင် ရှိနေကြသော သူများက ဝိုးတဝါးဖြစ်ပေါ်လာသော အလင်းတန်းများကို မြင်လိုက်ရသည်။သူတို့၏ ခန္ဓာကိုယ်က တုန်လှုပ်သွား၏။


"ရှုရဂိုဏ်းက မကောင်းဆိုးဝါးတွေက ပိုင်ရှင်ပု ရဲ့ဆိုင်က အဆင့်မြင့်သားရဲကြီးနဲ့ စပြီး တိုက်ခိုက်နေကြပြီ"


"ဘယ်သူနိုင်မှာလဲ သူတို့ရဲ့တိုက်ပွဲက ဖြစ်လာတော့မယ် စစ်ပွဲရဲ့ ရလဒ်ကို အဆုံးအဖြတ်ပေးလိုက်မယ်..."


လူများစွာက သူတို့ပါသာ တီတိုးရေရွတ်နေကြသည်။ဂျိချန်းယုကလည်း ထိုသွေးနီရောင် အလင်းတန်းများကို မြင်လိုက်လေ၏။ဂျိချန်းယု စိတ်ထဲ၌ သွေးမျိုးနွယ် အစောင့်အရှောက်များသာ အကျွင်းမဲ့ အောင်နိုင်လိုက်မည်ဟု မျှော်လင့်ထားသည်။သိုသော် သူထိုကိစ္စနှင့် ပတ်သတ်၍ ခံစားချက် သိပ်မကောင်းလှပေ။ ပုဖန် ခံစားချက်မဲ့လှသော မျက်နှာကို မြင်ယောင်မိရင်း သူစိတ်ထဲ၌ တုန်လှုပ်သွားသည်။


……


ပုဖန် သူ၏ ရှေ့မှ သွေးနီရောင်စွမ်းအင်များ ပေါက်ကွဲထွက်လာသော သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်ကို အေးဆေးတည်ငြိမ်စွာ ကြည့်လိုက်သည်။ ထိုနှစ်ယောက်၏ စွမ်းအင်အဆင့်က တကယ်ကို အထင်ကြီးစရာကောင်းလှသည်။သူခံစားခဲ့ဖူးသမျှ ဖိအားထဲတွင် သူတို့၏ အင်အားက အသန်မာဆုံးဖြစ်သည်။


ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက လင်းလင်တောင်ပနေပြီး သူ၏ လက်တစ်ဖက်၌လည်း ထက်မြေ့လှသော ဓားအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ အေးစက်လှသော ဓားအလင်းများက စတင်လည်ပတ်လာပြီး သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်ကို ဦးတည်တိုက်ခိုက်လိုက်သည်။ ထိုအခိုက်၌ ဝှိုက်တီ၏ ပုံရိပ်က ဒုံးကျည် ပစ်လွှတ်လိုက်သကဲ့သို့ပင် သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်ဆီ တိုးဝင်သွားသည်။


ဝီ......


သွေးရောင်နဂါးနှစ်ကောင် ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့က ဦးလှည့်တိုက်ခိုက်လိုက်သည်။ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းနဲ့အတူ နဂါးနှစ်ကောင်က ဝှိုက်တီဆီသို့ တိုးဝင်သွားသည်။


ဘုန်း......ဘုန်း......ဘမ်း......


လမ်းကြားလေးတခုလုံးက အပိုင်းပိုင်းအစစ ပြိုပျက်သွားပြီး နံရံများကလဲ အုတ်ကျိုးအပဲ့များ အဖြစ်ပြိုကျသွားသည်။


ပုံရိပ်သုံးခုက တစ်ဦးနှင့်တစ်ဦး အပြင်းအထန် တိုက်ခိုက်နေကြသည်။တိုက်ခိုက်မှုတိုင်းမှာ ကျယ်လောင်လှသော အသံများ ဖြစ်ပေါ်နေသည်။ဝှိုက်တီ၌ အစစ်အမှန်စွမ်းအင်များ မရှိသော်လည်း သူ၏ သံထည်ခန္ဓာကိုယ်က သန်မာပြီး ပြိုင်ဘက်ကင်းလှသည်။


သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ဦးက သူတို့၏ သွေးနီရောင်နဂါးပုံရိပ်ကို အသုံးပြုပြီး ဝှိုက်တီကို ဆွဲချရန် ကြိုးစားလိုက်သည်။ခြုံငုံပြောရလျှင် သူတို့က တန်ခိုးရှင်အဆင့်နှင့်ပင် တိုက်ခိုက်နိုင်သော သန်မာသည့် စစ်သည်တော်များ ဖြစ်သည်။ သို့သော်လည်း အချိန်အနည်းငယ်မျှ တိုက်ခိုက်ပြီးနောက် ဝှိုက်တီကို အလွယ်တကူ အနိုင်မယူနိုင်ကြောင်း သိရှိသွားသည်။


ဘလက်ကီက မြေပြင်ပေါ်၌ လဲလျောင်းနေတုန်းဖြစ်သည်။သူက သန်းဝေလိုက်ပြီး သူရှေ့က မြင်ကွင်းကို ပျင်းရိစွာဖြင့် ကြည့်နေ၏။


ပုဖန်က တံခါးဝဆီသို့ လျှောက်လာလိုက်ပြီး မျက်ဝန်းများတောက်ပစွာဖြင့် တိုက်ပွဲကို ကြည့်နေသည်။သူ၏ စိတ်ထဲ၌ တစ်ချက်တုန်လှုပ်သွားပြီးနောက် ဘယ်ဘက်လက်ပေါ်၌ အနက်ရောင်မီးခိုးငွေ့များ ရစ်သိုင်းလာသည်။သူ၏ မျက်စိရှေ့မှာပင် ဒယ်အိုးတစ်ခုက တဖြေးဖြေးအရွယ်အစားကြီးမားလာ၏။


မဟူရောင်လိပ်ခုံးဒယ်အိုးက သူ၏ရှေ့၌ ငြိမ်သက်စွာ လွင့်မျောနေသည်။ပုဖန်က လက်ချောင်းများကို ဆန့်ထုတ်၍ အေးစက်လှသော ဒယ်အိုးကို ထိလိုက်သည်။သူ၏ စိတ်ထဲ၌ ပြင်းထန်သည့် ခံစားမှုတစ်ခုကို ခံစားလိုက်ရ၏။ ထို့နောက် ပုဖန်က မျက်ဝန်းများ ကျဉ်းမြောင်းလိုက်ပြီး မဟူရာ လိပ်ခုံးဒယ်အိုးကို လက်ချောင်းလေးဖြင့် ဆွဲယူလိုက်သည်။သူ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီးနောက် စစ်ပွဲအတွင်းမှ သွေူမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်ကို စူးစိုက်ကြည့်လိုက်သည်။သူသေချာစွာ ချိန်ရွယ်လိုက်၏။


"တစ်...နှစ်....သုံး....သွား"