အပိုင်း ၃၂၀
Viewers 61k

အခန်း ၃၂၀ “မလွှမ်းမိုးနိုင်သော ရှုရဂိုဏ်းမှ အရှင်သခင်”


လေအလင်းအင်ပါယာ အင်ပါရီယာ မြို့တော်၏ အပြင်ဘက်.......


ကြောက်မက်ဖွယ်ရာ စွမ်းအင်များ ပျောက်ကွယ်သွားသလို တိမ်များသည်လည်း ဖိအားဒဏ်ကြောင့် ရုတ်တရက် ဖိနှိပ် ခံလိုက်ရပြီး ပေါက်ကွဲလုနီးပါးဖြစ်သွားသည်။


ပုံရိပ်တစ်ခုက တိမ်ပေါ်မှ နေ၍ မြို့တံတိုင်း အပြင်ဘက် မြေပြင်ဆီသို့ တဟုန်ထိုး ပြုတ်ကျလာခဲ့သည်။ကြီးမားလှသော တူတစ်လက်ဖြင့် ထုနှက်လိုက်သလိုမျိုး မြေပြင်က သိမ့်သိမ့်တုန်ခါသွားသည်။


အားလုံး၏ အကြည့်များ အောက်မှာပင် မြေပြင်ပေါ်၌ ပိုးမျှင်အိမ်ကဲ့သို့ အက်ကြောင်းများ ထင်လာပြီး ပြိုပျက်လုနီးပါးဖြစ်သွားသည်။


ဂျိချန်းရွဲ့၏ တပ်က ထိုနေရာမှနေ၍ ဘေးကင်းရာဆီသ်ို့ နည်းနည်း ပြန်ဆုတ်လိုက်သည်။လူတိုင်းက ဖုန်မှုန့်များနှင့် မီးခိုးငွေ့များ တလိပ်လိပ် တက်နေသည့် နေရာဆီသို့ အံ့အားတသင့် ငေးကြည့်နေကြသည်။


"ဒါက တောင်စဉ်တစ်ထောင် တောင်တန်း ကြည်လင်ကောင်းကင် ဘုရားကျောင်းရဲ့ အစွမ်းအကုန်ပဲလား......."


အထင်အမြင်သေးသည်ြ အရိပ်အယောင်များ ပါဝင်သော အေးစက်သည့် အသံတစ်သံက ကောင်းကင်ယံတွင် ပဲ့တင်ထပ် မြည်ဟီးသွားသည်။


စိတ်ဝိညာဉ်မြင်းကိုစီးထားသော ဂျိချန်းယု၏ ဘေးမှ ကျောက်မူရှန်က နှုတ်ခမ်းတွန့်ယုံ ပြုံးလိုက်သည်။သူမျှော်လင့်ထားသည့်အတိုင်း အရှင်သခင်နတ်ဆရာက အနိုင်ရသွားပေပြီ။


ဝှီး.......


မြို့တံတိုင်းထက်တွင်ရှိနေကြသော လူအုပ်ကြီး၏ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်လာသည်။တောင်စဉ်တစ်ထောင် တောင်တန်းမှ စစ်သည်တော်၏ နှလုံးသားက နစ်မြှုပ်သွားသလို ခံစားလိုက်မိသည်။


"သူတို့ရဲ့ မဟာအကြီးအကဲက ရှုံးနိမ့်သွားပြီလား"


"ဘာ....မကောင်းဆိုးဝါးကောင် မင်းတို့ အောင်ပွဲခံဖို့ စောလွန်းနေတယ်"


စိတ်ဆိုးဒေါသထွက်နေသော အသံနှင့်အတူ မီးခိုးငွေ့များထဲမှ အနက်ရောင် တိမ်တိုက်တစ်ခုက ရုတ်တရက် ဖောင်းပွလာခဲ့သည်။ဘူးသီးတစ်ခု၏ အရွယ်အစားက မျက်စိဖြင့် မမြင်နိုင်သော နှုန်းထားဖြင့် လျှင်မြန်စွာ ပြန့်ကားးလာပြီး ကောင်းကင်ထက်တွင် မျောလွင့်နေသော အရှင်သခင်ဆီသို့ တိုက်ခိုက်လိုက်သည်။


နတ်ဆရာအရှင်သခင်၏ မျက်ဝန်းထဲ၌ အထင်အမြင်သေးသည့် အရိပ်အယောင်များ ထပ်မံ၍ ဖြတ်သန်းသွားသည်။သူခြေထောက်မြှောက်လိုက်သော အခါတွင် သူ့၏ မီးခိုးရောင် ဆံပင်များက လေကိုဆန်၍ တဖြတ်ဖြတ်လွင့်မျောနေသည်။


ကြီးမားလှသော အစစ်အမှန် စွမ်းအင်လှိုင်းများက စတင်၍ စုစည်းလာပြီး ကြီးမားသည့် ခြေဖဝါးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ထို့နောက် နင်းချေချလိုက်၏။ဘူးသီးနှင့် ခြေဖဝါးတို့ တိုက်မိသွားပြီး ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။


ဖောင်းကားနေသော ဘူးသီးက ဆတ်ခနဲ လှုပ်သွားပြီး ခဏအတွင်းမှာပင် လေလျှော့လိုက်သော ဘောလုံးတစ်လုံးကဲ့သို့ ကျုံ့သွားသည်။


ဝဝဖိုင့်ဖိုင့် အဘိုးအိုက အောက်မှနေ၍ စူးစူးရဲရဲ ကြည့်လိုက်သည်။စိတ်ပျက်စရာကောင်းမှုကြောင့် သူ သွေးတက်မတက် ဖြစ်သွားသည်။ သူ့၏ဘူးသီးကလည်း ဘေးနားသို့ ပြန်လည် ရောက်ရှိလာသည်။သို့သော်လည်း ခြေဖဝါးက ဆက်လက်၍ နင်းချေနေတုန်းပင် ဖြစ်သည်။


ဘန်း.......


အက်ကြောင်းများထင်နေသော မြေပြင်က တုန်ခါသွားသည်။မြို့တံခါးဝ အပြင်ဘက် မြေပြင်၌ ခြေရာများ ပြည့်နှက်သွား၏။မြို့တံတိုင်းပေါ်တွင် ရှိနေသော လူအားလုံးက သူတို့ ခြေဆောင့်ချက်များက သူတို့နှလုံးသားကို နင်းချေနေသလို ခံစားလိုက်ရ၏။


"မဟာအကြီးအကဲ"


တောင်စဉ်တစ်ထောင် တောင်တန်းမှ စစ်သည်တော်များ၏ နောက်ဆုံး မျှော်လင့်ချက်များ မွစာကြဲသွားသည်။


"လျှောက်အော်မနေနဲ့ ငါမသေသေးဘူး....အဟွတ်...."


ပုံရိပ်တစ်ရိပ်က မြို့တံတိုင်းထက်တွင် ပေါ်လာသည်။ထိုပုံရိပ် ခန္ဓာကိုယ်တစ်ခုလုံး ဖုန်မှုန့်များ ပေပွညစ်ပတ်နေပြီး အဆက်မပြတ် ချောင်းဆိုးနေလေ၏။ ဝဝဖိုင့်ဖိုင့် အဘိုးအိုက လေထဲတွင် ရစ်ဝဲနေသော ရှုရဂိုဏ်းမှ အရှင်သခင်ကို တင်းမာခတ်ထန်စွာ ကြည့်လိုက်သော်လည်း စိတ်ထဲ၌ လျှို့ဝှက်စွာ သက်ပြင်းချလိုက်မိသည်။


ရှုရဂိုဏ်းများမှ နည်းစနစ်များက အလွန် ခြယ်ခှယ်နိုင်စွမ်းရှိသည်။ထိုနတ်ဆရာအရှင်သခင်က တန်ခိုးရှင်အဆင့် အလယ်အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ သူကိုယ်တိုင်က ထိုကဲ့သို့သော ကြောက်စရာနည်းလမ်းများဖြင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။


နတ်ဆရာအရှင်သခင်က ဝဝဖိုင့်ဖိုင့် အကြီးအကဲကို အေးစက်စွာ ကြည့်လိုက်ပြီး လက်ကို မြှောက်တင်လိုက်သည်။အစစ်အမှန် စွမ်းအင်မှ ဖြစ်တည်လာသော အနက်ရောင် အငွေ့အသက်များက နောက်တစ်ဖန် စတင်၍ လည်ပတ်လာသည်။


ရုတ်တရက် အရှင်သသခင်၏ စိတ်ထဲ၌ တုန်ခါသွားပြီး မြို့တံတိုင်းနံရံဆီမှ အရှေ့ဆီသို့ ကြည့်ရန် နှိုးဆော်ခံလိုက်ရသည်။


ထိုနေရာ၌ သွေးနီရောင် အလင်းတန်းနှစ်ခု လင်းလက်နေသည်။သူတို့ထဲက မြို့ထဲမှ ပြေးထွက်လာပြီး လူအုပ်ကြီးကို အလျှင်အမြန် ဖြတ်ကျော်၍ လေထဲ၌ ရပ်တန့်လိုက်သည်။ သွေးမြူခိုးများ ပြိုကွဲသွားပြီးနောက် သွေးမျိုးနွယ် အစောင့်အရှောက်၏ ပုံရိပ်ပေါ်လာသည်။


“ဟမ်......သွေးမျိုးနွယ် အစောင့်အရှောက် နှစ်ယောက် ပြန်လာပြီလား....သူတို့ ဝိညာဉ်စုပ် အစီအရင်ကို ရခဲ့ပြီထင်တယ်.......”


နတ်ဆရာအရှင်သခင်က စိတ်ထဲမှနေ၍ တွေးတောလိုက်သည်။သို့သော်လည်း သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်၏ ပုံသွင်ပြင်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည့်အခါ သူ၏ မျက်ဝန်းများက စူးရှသွားသည်။ သူတို့၏ အခြေအနေက စိတ်မကောင်းစရာ ကောင်းလှသည်။တစ်ယောက်၏ လက်က ပျောက်ဆုံးနေပြီး သူ၏ မျက်နှာကလည်း တစ္ဆတေစ်ကောင်ကဲ့သို့ ဖြူဖျော့နေသည်။


"ဘာတွေ ဖြစ်လာတာလဲ.... ဘယ်လိုဖြစ်ပြီး ဒဏ်ရာရလာတာလဲ .....မင်းတို့ ပြန်ယူလာရမဲ့ ဝိညာဉ်ဆုပ် မှော်အစီအရင်ကကော ဘယ်မှာလဲ.....မင်းတို့ နှစ်ယောက်"


"နတ်ဆရာအရှင်သခင် ငါတို့ ကျရှုံးခဲ့တယ်" ဒဏ်ရာမရထားသော တစ်ယောက်က ခါးသီးသော ခံစားချက်ဖြင့် ပြောလိုက်သည်။


ဆိုင်ငယ်လေးကို စောင့်ရှောက်နေသော ကြောက်စရာကောင်းလှသည့် အဆင့် ၉ ရုပ်သေးရုပ်တွင် ပြီးပြည့်စုံသည့် ခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှု စွမ်းရည်များ ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။ ပိုပြီး အရေးကြီးသည်မှာ ထိုလူငယ်လေး၌လည်း စတိုင်းဆိုင်မှနေ၍ မည်သူကိုမဆို ပစ်ပေါက်နိုင်သော ဒယ်အိုးတစ်လုံးလည်း ရှိနေပေသည်။


အကယ်၍ ပျံသန်းနေသော ဒယ်အိုးကြောင့်သာ မဟုတ်လျှင် သူတို့၌ ထိုရုပ်သေးရုပ်ကို ရိုက်နှက်နိုင်မည့် အခွင့်အရေးရှိနိုင်ပေသည်။သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ဦး၏ စိတ်ပျက်စရာ ပုံသဏ္ဍာန်က လူတိုင်းကို အံ့အားသင့် ကြောင်အသွားစေသည်။


မြို့တံတိုင်းပေါ်တွင် ရပ်နေသော ဂျိချန်းရွဲ့က ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး မြို့နံရံကိုပင် စိတ်လှုပ်ရှားစွာဖြင့် လက်သီးနှင့် ထိုးလိုက်မိသည်။ အဆင့်မြင့် သားရဲကြီး စောင့်ရှောက်နေသော ပိုင်ရှင်ပု၏ ဆိုင်ထဲ ကျူးကျော်ဝင်ရောက်ရန် မလွယ်ကူပေ။ထိုသူများက ပြဿနာကို မီးခွက်ထိုးရှာနေခြင်း ဖြစ်သည်။


ဂျိချန်းရွဲ့က ယခုချိန်ထိတိုင်အောင် ပိုင်ရှင်ပု ဆိုင်နှင့် ယှဉ်ပြိုင်နိုင်သည့်သူ တစ်ဦးတစ်ယောက်မှ မတွေ့ဖူးသေပေ။


ဂျိချန်းယုနှင့် ကျောက်မူရှန်တို့၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး သူတို့ ပင့်သက်ရှိုက်လိုက်မိကြသည်။သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ဟောက်၏ စွမ်းအင်က တန်ခိုးရှင်အဆင့် တစ်ယောက်နှင့်ပင် ယှဉ်နိုင်လောက်အောင် စွမ်းအားကြီးလှသည် ။သို့သော် တကယ်တမ်းတွင် သူတို့ ရှုံးနိမ့်ခဲ့ရပြီး တစ်ယောက်က လက်မောင်းတစ်ဖက်ပင် ဆုံးရှုံးခဲ့ရသည်။အလွန်စိတ်ပျက်စရာ ကောင်းလှပေသည်။


ဂျိချန်းရွဲ့၏ စိတ်ထဲ၌ ပုဖန်၏ မျက်နှာသေကြီး ဖျက်ခနဲ ပေါ်လာပြီး သူခေါင်းပင် ထိုးကိုက်လာသည်။ကျောက်မူရှန်က ထွက်ပေါ်လာသော ရလဒ်ကို လက်မခံနိုင်ပဲ ငြင်းဆိုချင်နေသည်။


"သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်က ပုဖန်ကို မက်ိုင်တွယ်နိုင်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...."


နတ်ဆရာအရှင်သခင်က အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်မိသည်။ သွေးမျိုးနွယ်အစောင့်အရှောက်တစ်ယောက်က လက်တစ်ဖက်ပင် ဆုံးရှုံးခဲ့ရ၏။


ထို ဝိညာဉ်စုပ် အစီအရင်ကို လုယူသွားသည့် လူက တကယ်ပဲ အစွမ်းအစ ရှိနေတာလား.....


"ဟား ဟား ဟား.....ရှုရဂိုဏ်းက မကောင်းဆိုးဝါးတွေရဲ့ အစွမ်းက ဒါပဲလား ဒီလောက်ပဲ တက်နိုင်တာလား...."


ဝဝဖိုင့်ဖိုင့် အဘိုးအိုက မြို့ရိုးပေါ်မှနေ၍ သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်၏ စိတ်ပျက်စရာ အခြေအနေကို မြင်လိုက်ရသောကြောင့် အော်ဟစ်ရယ်မောလိုက်သည်။သူ၏ မျက်နှာထက်၌လည်း စိတ်လှုပ်ရှား ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။


ပိုင်ရှင်ပုက အမှန်တကယ် အရည်အချင်းရှိလှသည်။သူက နဂါးအသည်း ရေခဲချောင်းကဲ့သို့ ဟင်းပွဲမျိုးကို ပြုလုပ်နိုင်သည်မှာ အံ့သြစရာ မရှိတော့ပေ။


စူးရှလှသော ရယ်မောသံက သွေးမျိုးနွယ် အစောင့်အရှောက်၏ နားထဲ ဖောက်ထွင်း ဝင်ရောက်လာကာ ပဲ့တင်ထပ်ကြားနေရသောကြောင့် သူတို့၏ မျက်ဝန်းများ နီရဲလာသည်။သူတို့က ရှုရဂိုဏ်းမှ သွေးမျိုးနွယ် အစောင့်အရှောက်များ ဖြစ်သည်။ဒီလိုအရှက်ကွဲရသည်ထက်စာရင် သေလိုလှသည်။


"နောက်ဆုတ်စမ်း...မင်းရဲ့ဒဏ်ရာတွေကို အရင်ဆုံးကုအုန်း အနည်းဆုံးတော့ မင်းရဲ့လက်မောင်းသက်သာသွားတဲ့အထိ ပြန်စောင့်အုန်း...."


နတ်ဆရာအရှင်သခင်က တိုက်ခိုက်ရန် ဖြစ်နေသည့် သွေးမျိုးနွယ် အစောင့်အရှောက်ကို အေးဆေးစွာ ညွှန်ကြားလိုက်သည်။ထို့နောက်သူ ဝဝဖိုင့်ဖိုင့် အကြီးအကဲကို စူးစိုက်ကြည့်ရင်း မျက်မှောင် ကြုတ်လိုက်သည်။


ထိုအကြီးအကဲက ဒဏ်ရာရှိထားသည် ဆိုသော်လည်း သူကိုအဆုံးသတ်ရန် အလွန်ခက်ခဲနေဆဲပင် ဖြစ်သည်။ ပြောရမည်ဆိုလျှင် ထိုသူကလည်း အဆင့် ၉ တန်ခိုးရှင် အဆင့်တစ်ယောက် ဖြစ်သောကြောင့် သူလက်ထဲ၌ ဝှက်ဖဲအချို့ ရှိနေပေမည်။


"ဒါပေမယ့် နတ်ဆရာအရှင်သခင် ဝိတ်ညာဉ်စုပ် မှော်အစီအရင်က....."


"ငါကိုယ်တိုင်သွားယူလိုက်မယ် မင်းတို့နှစ်ယောက်က ဒဏ်ရာတွေကို အရင်ဆုံး ဂရုစိုက်လိုက်အုန်း....ရှုရဂိုဏ်းရဲ့ ပြန်လည်ရှင်သန်လာမှုက ဒီအပေါ်မှာလည်း အများကြီးမူတည်နေတယ်....ငါတို့က သွေးမျိုးနွယ် အစောင့်အရှောက် တစ်ယောက်ကိုမှ အဆုံးရှုံးမခံနိုင်ဘူး....."


အရှင်သခင်က သွေးမျိုးနွယ် အစောင့်အရှောက်တစ်ယောက်၏ ပုခုံးကိုပုတ်၍ ပြောလိုက်သည်။ထို့နောက် သူတို့နှစ်ယောက် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ဂျိချန်းယု၏ တပ်များအတွင်းသို့ ဝင်ရောက်သွားသည်။


ထို့နောက် အရှင်သခင်က မြို့တံတိုင်းဘက်ဆီသို့ မျက်နှာမူလိုက်သည်။သူက လေထဲတွင် လွင့်မျောရင်း မြို့တံတိုင်းဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်၏။ နတ်ဆရာအရှင်သခင်၏ ခြေလှမ်းများနီးကပ်လာသည်နှင့်အမျှ ပြင်းထန်လှသော ဖိအားကြောင့် မြို့တံတိုင်းထက်ဆီမှ လူများက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။


ဂျိချန်းရွဲ့က လွှမ်းမိုးနိုင်စွမ်းရှိသော ဖိအားများကို ခံစားလိုက်ရပြီး သူ၏ ခြေထောက်များက တုန်ယင် ပျော့ခွေလာသည်။အဆင့် ၉ တန်ခိုးရှင် အဆင့်တစ်ယောက်က လုံးဝ အထင်ကြီးစရာ ကောင်းလှသည်။


"ရပ်စမ်း...."


ဝဝဖိုင့်ဖိုင့် အကြီးအကဲက အရှင်သခင် နတ်ဆရာ၏ ဒေါသကိုထိုင်၍ စောင့်ကြည့်နေစရာ အကြောင်းမရှိသောကြောင့် သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။


"မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး မင်းငါ့ကို မတားနိုင်ဘူး...."


နတ်ဆရာအရှင်သခင်က ပြောလိုက်သည်။ဝဝဖိုင့်ဖိုင့် အကြီးအကဲက အရှက်ကွဲရခြင်းကြောင့် သူ၏ မျက်နှာ ချက်ချင်းပင် နီရဲလာသည်။


"အဲ့ဒီလိုဆိုရင်တောင်မှပဲ ဒါက ငါတို့ရဲ့ အင်ပါယာဖြစ်နေတယ် မင်းနဲ့ငါ နှစ်ယောက်လုံးက တန်ခိုးရှင်အဆင့်ပဲ ဖြစ်နေတာကြောင့် ငါတို့ ဒီတိုက်ပွဲထဲမှာ ဝင်မပါသင့်ဘူး တကယ်လို့ မင်းသာ ဒီနေ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်သွားမယ်ဆိုရင် တောင်ပိုင်းဒေသမှာရှိတဲ့ မရေမတွက်နိုင်သော တန်ခိုးရှင်အဆင့်တွေက မင်းကို ဘယ်တော့မှ ခွင့်လွှတ်လိုက်မှာ မဟုတ်ဘူး....."


ဝဝဖိုင့်ဖိုင့် အကြီးအကဲက ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။နတ်ဆရာအရှင်သခင်၏ ခြေလှမ်းများက ရပ်တန့်သွားသည်။လေပြေများက သူ၏ အင်္ကျီလက်စကိုပင် ပွတ်တိုက် ဖြတ်သန်းသွား၏။


"ငါ့ကို ဝင်ခွင့်ပြုပါ ငါက ငါတို့ရှုရဂိုဏ်းရဲ့ ပစ္စည်းတစ်ခုကို ပြန်ယူယုံပါပဲ ပြီးတော့ သွေးမျိုးနွယ် အစောင့်အရှောက်ကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့လူနဲ့လည်း တွေ့ချင်သေးတယ်"


"သတ်ဖြတ်မှုတွေ မရှိဘူးလား...."


နတ်ဆရာအရှင်သခင်ဆီမှ ထိုစကားကို ကြားလိုက်ရသော သူများက စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်ကြသည်။နတ်ဆရာအရှင်သခင်ဆီမှ ပြင်းထန်လှသော ဖိအားများ ထွက်ပေါ်နေသောကြောင့် သူတို့က မြို့တစ်မြို့လုံးကို ရှင်းလင်းပစ်တော့မည်ဟု ထင်နေကြခြင်း ဖြစ်သည်။


"ဒီတော့ သူက ပိုင်ရှင်ပုကိုပဲ ပြဿနာသွားရှာမှာပေါ့...."


ဂျိချန်းရွဲ့က မျက်မှောင်ကြုတ်လိုက်သည်။သူတစ်စုံတစ်ခု ပြောချင်သော်လည်း အကြီးအကဲဆန်းက သူကို ဆွဲထားလိုက်၏။


"အရှင်မင်းကြီး မင်းဘာမှ မပြောသင့်ဘူး...အင်ပါယာရဲ့ ဧကရာဇ်က တန်ခိုးရှင်တစ်ယောက်အတွက်တော့ ဘာမှမဟုတ်ဘူး မင်းရဲ့ အသက်ကိုမစွန့်စားသင့်ဘူး...." အကြီးအကဲဆန်းက သေသေချာချာ ပြောလိုက်သည်။


“ပြီးတော့ ပိုင်ရှင်ပုရဲ့ ဆိုင်ငယ်လေးက သွေးမျိုးနွယ် အစောင့်အရှောက် နှစ်ယောက်ကိုတောင် ရှုံးနိမ့်သွားအောင်လို့ သူ့ပါသာပဲ လုပ်နိုင်စွမ်းရှိတယ် ။ ဒီတော့ မင်းစိုးရိမ် ပူပန်နေစရာ ဘာအကြောင်းမှ မရှိဘူး....အရှင်မင်းကြီး ကိုယ့်အတွက်ကိုပဲ ကြည့်သင့်ပါတယ်"


ထိုခဏ၌ ဂျိချန်းရွဲ့၌လည်း ဘာပြောစရာစကားမှ မရှိတော့ပေ။


ဝဝဖိုင့်ဖိုင့် အကြီးအကဲက ထပ်မံ၍ တားလိုသော်လည်း နတ်ဆရာအရှင်သခင်က စိတ်ရှည်နိုင်မှု ကုန်ဆုံးသွားပြီ ဖြစ်သည်။သူ၏ မျက်ဝန်းထဲ၌ ရန်လိုမှုများ ပေါ်ပေါက်လာသည်။ အနက်ရောင် တိမ်တိုက်များကဲ့သို့ မြင့်မားလှသော အနက်ရောင် စွမ်းအင်လှိုင်းများက အနားပင်ရှိသော လူအားလုံးကို ဖုံးလွှမ်းသွားသည်။


"ငါ့ကို မတားကြနဲ့ ဒီလိုမှ မဟုတ်ဘူးဆိုရင် ငါက စိတ်မရှည်နိုင်တော့ဘူး။အဲ့ဒီအချိန်ကျတော့မှ အင်ပါဟာရဲ့ သွေးကြောင်းစီးမှုအတွက် ငါ့ကို အပြစ်မတင်ကြနဲ့"


ဝဝဖိုင့်ဖိုင့် အကြီးအကဲ၏ နှလုံးသားက အလယ်မှပင် ခုပ်ပေါက်သွားသကဲ့သို့ ခံစားလိုက်ရသည်။မြို့တစ်မြို့ကို ဖျက်စီးခြင်းက ရှုရဂိုဏ်းမှ မကောင်းဆိုးဝါးအတွက် ဘာဆိုဘာမှ မဟုတ်သည်မှာ သေချာလှသည်။


နတ်ဆရာအရှင်သခင်က လူအုပ်ကြီး၏ ခေါင်းထက်မှနေ၍ ဖြတ်ကျော်သွားလေရာ သူတို့က အားနည်းမှုနှင့် အစွမ်းအစမဲ့မှုကို ခံစားလိုက်ရသည်။


ဝဝဖိုင့်ဖိုင့် အကြီးအကဲက ဖန်ဖန်ဆိုင်ငယ်လေးဆီသို့ ဉီးတည်သွားနေသော နတ်ဆရာအရှင်သခင်ကို စူးစိုက်ကြည့်လိုက်သည်။ထို့နောက် သူအံတင်းတင်းကြိတ်လိုက်ပြီး ဆုံးဖြတ်ချက်ချကာ အနောက်မှနေ၍ လိုက်ပါသွားသည်။