အပိုင်း ၃၂၆
Viewers 53k

အခန်း ၃၂၆ “ငါက ရူးနေတာမှမဟုတ်တာ.... ဘာလို့ကိုယ့်သေတွင်းကိုယ်တူးရမှာလဲ..”

တိမ်ဖြူစံအိမ်မှ တန်ခိုးရှင်အဆင့် အကြီးအကဲက ဆံပင်အတိုနှင့် လူ ဖြစ်သည်။ သူ၏ မျက်နှာထားက တင်းမာခတ်ထန်လှပြီး မျက်ဝန်းများက လျှပ်စီးတန်းကဲ့သို့ စူးရှတောက်ပနေသည်။ သူကတိမ်ဖြူစံအိမ် အတွင်း၌ အုပ်ချုပ်ရေး ခေါင်းဆောင်တစ်ယောက် ဖြစ်သူ ပိုင်ကျန့် ဖြစ်သည်။ တိမ်ဖြူစံအိမ်၌ အဆင့်တူများ ကြားထဲတွင် သန်မာဆုံးသူဖြစ်ပြီး နာမည်ကြီးကျော်ကြားလှသည်။ သူ၏အထက်၌လည်း စံအိမ်သခင် တစ်ယောက်သာ ရှိတော့လေသည်။

နောက်ထပ်စစ်သည်တော်တစ်ယောက်က မြေရိုင်းလွင်ပြင် ဒေသ နတ်ဘုရားကျောင်းမှ စေလွှတ်လိုက်သော ကတုံးနှင့်လူ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အရေပြားကို ကြေးပြားဖြင့် ဖုံးအုပ်ထားသကဲ့သို့ သူ၏ အသားအရောင်က ကြေးနီရောင် တောက်ပနေသည်။ သူ၏ သွင်ပြင်လက္ခဏာကလည်း ခံ့ညားလှပေ၏။

သူ၏ ဘေးနားတွင် ကြီးမားလှသော သားရဲငှက်တစ်ကောင် ရပ်နေသည်။ထိုငှက်၌ ထက်မြေ့လှသော ဓားသွားကဲ့သို့ အတောင်ပံများ ရှိပြီး အေးစက်သော အငွေ့အသက်များကို ထုတ်လွင့်နေလေသည်။

ထိုငှက်က သူ၏ စွမ်းအားများထဲမှ တစ်ခုဖြစ်ပြီး အဆင့်၈ စိတ်ဝိညာဉ်သားရဲ ဓားသွားငှက် ဖြစ်သည်။

မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းမှ စေလွှတ်လိုက်သော ကတုံးနှင့် လူ၏ နာမည်က ကျင်းခွင်း ဖြစ်သည်။သူ၏ ရုပ်ပိုင်းဆိုင်ရာက ကြွက်သားအပြည့်ဖြင့် သန်မာလှပြီး စွမ်းအင်အဆင့်ကလည်း အဆင့်မြင့်လှသည်။

တန်ခိုးရှင်အဆင့် စစ်သည်တော်နှစ်ယောက်က လေအလင်းအင်ပါယာ အင်ပါရီယာ မြို့တော်သို့ ရောက်ရှိလာခဲ့ပေပြီ။ သို့သော်လည်း သူတို့နှစ်ယောက်လုံးက စိတ်ရှူပ်ထွေးနေမိသည်။ သူတို့ထောက်လှမ်းရရှိခဲ့သော သတင်းအချက်အလက်များအရ ရှုရဂိုဏ်းမှ မကောင်းဆိုးဝါးများက ဂျိချန်းယု၏ တပ်နှင့်ပေါင်းပြီး အင်ပါရီယာ မြို့တော်ကို တိုက်ခိုက်ရန် လုပ်ဆောင်နေသည်ဟု သိခဲ့ရသည်။

သို့သော်လည်း ဒီနေရာ၌ တပ်နှင့်တူသည့် အရိပ်ယောင်မျှပင် မတွေ့ပေ။

ထို့အပြင် အင်ပါရီယာမြို့ကလည်း နဂိုအတိုင်းပင်ရှိနေပြီး ပျက်စီးမှု လက္ခဏာများ မတွေ့ရပေ။

"သူတို့ရဲ့ ထောက်လှမ်းမှုတွေက မှားယွင်းနေတာ ဖြစ်နိုင်လား....."

ဂျိချန်းရွဲ့က သူတို့နှစ်ဦးကို အမြန်အဆန် ကြိုဆိုလိုက်ပြီး အဓိကခန်းမထဲသို့ ခေါ်ဆောင်လာခဲ့သည်။သူတို့နှစ်ယောက်လုံးက တန်ခိုးရှင် အဆင့်များ ဖြစ်ကြသောကြောင့် တောင်ပိုင်းဒေသတခွင်၌ ထိပ်တန်း ပုဂ္ဂိုလ်များဟုပင် သတ်မှတ်နိုင်သည်။

…..

ဖန်ဖန်ဆိုင်ငယ်လေး နေရာမှ အပျက်အစီးများကိူ ကြည့်ပြီးနောက် ဂျိချန်းရွဲ့က တနခိုးရှင်အဆင့်များ၏ အကြောင်းကို ပိုမိုနားလည်းလာခဲ့သည်။အကယ်၍ တစ်စုံတစ်ခုဖြစ်ခဲ့လျှင် တန်ခိုးရှင်အဆင့်များက အင်ပါရီယာ မြို့တော်တစ်ခုလုံးကို တစ်နေ့ထဲနှင့်ပင် အပျောက်ရှင်းနိုင်ကြောင်း သူသိလာခဲ့ရသည်။ ထို့ကြောင့်ပင် သူက ထိုသူတို့ကို လျစ်လျူရှူပြီး အေးစက်စက် မဆက်ဆံရဲချေ။အင်ပါရီယာ မြို့တော်က အကျပ်အတည်း အခြေအနေမှ လွတ်မြောက်လာခဲ့ပြီ ဆိုသော်လည်း တန်ခိုးရှင် အဆင့်နှစ်ယောက်ဆီမှ အကူအညီကို ရနိုင်သေးသောကြောင့် သူ အလွန်ပျော်ရွှင်နေမိသည်။

ထိုသူနှစ်ယောက် စိတ်ရှူပ်ထွေးနေမှုများ ရှင်းလင်းသွားစေရန်အတွက် ဂျိချန်းရွဲ့က အစောပိုင်းတွင် ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းကို ရှင်းပြခဲ့သည်။ သူတို့ကို စစ်ကူပေးရန်အတွက် ရောက်လာခဲ့သော တန်ခိုးရှင် အဆင့်နှစ်ယောက်ကို ရှုရဂိုဏ်းမှ သွေးမျိုးနွယ် အစောင့်အရှောက် နှစ်ယောက်နှင့် နတ်ဆရာအရှင်သခင် အကြောင်းကို ပြောပြလိုက်သည်။

ပိုင်ကျန့်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ဂျိချန်းရွဲ့ကို မျက်မှောင်ကြုတ်၍ စူးစိုက်ကြည့်လိုက်သည်။

မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရားကျောင်းမှ အကြီးအကဲဖြစ်သော ကျင်းခွင်းက အင်ပါရီဟာ မြို့တော်ကို ကူညီရန်အတွက်သာမက ရှားတနှင့် ရှားယုတို့ သေဆုံးသွားမှုအတွက် လက်စားချေရန်အတွက်ပါ အင်ပါရီယာ မြို့တော်ကို ရောက်လာခြင်းဖြစ်သည်။ သို့သော်လည်း ဂျိချန်းရွဲ့ ပြောကြားသည့် အကြောင်းကို ကြားသိပြီးသည့်နောက် သူ ကူကယ်ရာမဲ့စွာဖြင့် ပင့်သက်ရှူက်လိုက်မိသည်။

"မင်း ပြောတာက ရှုရဂိုဏ်းရဲ့ တန်ခိုးရှင်အဆင့်က ဒီနေရာမှာ သေသွားတယ်ပေါ့ ဟုတ်လား....."

ခေါင်းပြောင်ပြောင်နှင့် ကျင်းခွင်း၏ မျက်နှာက အံ့အားသင့်မှုကြောင့် မျက်ဝန်းများ ပြူးကျယ်နေသည်။

ရှုရဂိုဏ်းက တန်ခိုးရှင်အဆင့် .....

မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်း၏ အရှင်သခင် တစ်ယောက်ဖြစ်သော ကျင်းခွင်းက ရှုရဂိုဏ်းမှ တန်ခိုးရှင်အဆင့်ကို လျစ်လျူရှူမထားနိုင်ပေ။ ထိုသူက ပါရမီရှင် တစ်ယောက်ဖြစ်ပြီး တန်ခိုးရှင်အဆင့် အလယ်အလတ် အဆင့်သို့ပင် ရောက်ရှိနေသူ ဖြစ်သည်။အကယ်၍ သူနှင့် ရင်ဆိုင်ရမည် ဆိုပါက ကျိန်းသေပေါက် အနိုင်ရမည်ဟု မပြောနိုင်ပေ။

သို့သော်လည်း လေအလင်းအင်ပါယာ အင်ပါရီယာ မြို့ထဲမှ သာမန်ဆိုင်ဟု ထင်ရသော ဆိုင်ငယ်လေးက တန်ခိုးရှင် အဆင့်တစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့ပေသည်။ထိုဆိုင်ငယ်လေးက တကယ့်ကို ထူးခြားဆန်းကြယ်လွန်းလှသည်။

"ကြည့်ရတာတော့...... အကြီးအကဲ ရှားယုနှင့် ရှားတတို့လည်း ဒီဆိုင်မှာပဲ သတ်ဖြတ်ခံခဲ့ရတာထင်တယ်...."

ဂျိချန်းရွဲ့က ထပ်၍ စကားမဆိုတော့ပဲ အံ့အားသင့်နေကြသည့် ပိုင်ကျန့်နှင့် ကျင်းခွင်းတို့ နှစ်ယောက်ကို ပြုံး၍ ကြည့်နေလိုက်သည်။ထိုသတင်းကို ကြားလိုက်ရသည့် သူတိုင်း ယုံကြည်လက်ခံနိုင်ရန် အချိန်ယူရမည် ဖြစ်ကြောင်း သူနားလည်ပေသည်။

ထို့ကြောင့်ပင် ထိုအကြောင်းအရာကို ဆက်လက်ပြောဆိုခြင်း မပြုတော့ပဲ သူတို့နေထိုင်ရန် စီစဉ်ပေးလိုက်ပြီး ထွက်လာခဲ့လိုက်သည်။

……

မီးခိုးရောင်တိမ်တိုက်များက လေနှင်ရာ လွင့်ပါးသွားပြီးသည့်နောက် အင်ပါရီယာ မြို့တော်တစ်ခုလုံးကို အမှောင်ထုက ဖုံးလွှမ်းထားချေပြီ။တိမ်မဲများကြား၌ ရှက်သွေးဖြာနေသော မိန်းမပျိုလေးကဲ့သို့ လခြမ်းကွေးလေး နှစ်ခုကို တွေ့နေရပေသည်။

တိမ်ဖြူစံအိမ်မှ စစ်သည်တော်များ နေထိုင်ရာ ခြံဝန်းတစ်ခုအတွင်း ပိုင်ကျန့်က သူ၏ရှေ့၌ ဖြူဖတ်ဖြူရော် မျက်နှာထားနှင့် မတ်တပ်ရပ်နေသော ကျန့်ခုံးကို တိတ်ဆိတ်စွာ စူးစိုက်ကြည့်နေသည်။ကျန့်ခုံး တင်ပြသည်များကို နားထောင်ပြီးသည့်နောက် သူ၏ အေးချမ်းနေသော စိတ်အခြေအနေက ရေကန်ထဲ ကျောက်ခဲ ပစ်ထည့်လိုက်သလို လှုပ်ခတ်သွားသည်။

"မင်းပြောတဲ့အတိုင်းဆိုရင် ဧကရာဇ် ငါတို့ကို ပြောလိုက်တာ အားလုံးက အမှန်တွေပေါ့ ဟုတ်လား.....အဲ့ဒီဆိုင်သေးသေးလေးက သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်ကို ဒဏ်ရာရစေခဲ့ပြီး နတ်ဆရာ အရှင်သခင်ကို သတ်ပစ်လိုက်တာပေါ့ ဟုတ်လား......."

မျက်မှောင်ကြုတ်ထားသော ပိုင်ကျန့်က အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး မေးလိုက်သည်။

ကျန့်ခုံးက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။သူတို့၏ အကြီးအကဲချုပ်က ထိုအကြောင်းအရာနှင့် ပတ်သတ်၍ တတိယအကြိမ် မေးမြန်းခြင်း ဖြစ်သည်။ ထိုအချင်းအရာက တွေးကြည့်၍ပင် မရနိုင်လောက်အောင် ထူးဆန်းသော်လည်း အမှန်တရားသာ ဖြစ်သည်။

"ဒီဆိုင်လေးက တကယ်ကို ထူးဆန်းတာပဲ ......မိန်းကလေးဝူက ငါအင်ပါရီယာ မြို့တော်ကို ရောက်တဲ့အခါကျရင် ဆိုင်ငယ်လေးကို ကြည့်ရှူစောင့်ရှောက်ပေးဖို့ အထူးမှာကြားလိုက်တယ်.....အခုကြည့်ရတာတော့ အဲ့ဒါက မလိုအပ်တော့ဘူးပဲ...." ပိုင်ကျန့်က မှတ်ချက် ချလိုက်သည်။

ပိုင်ကျန့် ဝူယွမ်ပိုင် အကြောင်းပြောလိုက်သည်ကို ကြားလိုက်သောအခါ ကျန်းခုံးက မျက်မှောင်ကြုတ်၍ မေးခွန်းထုတ်လိုက်သည်။

"အကြီးအကဲချုပ် မိန်းကလေးဝူက အခု ရှေးဟောင်းမြွေလူသား မြို့တော်ကို သွားနေပြီ မဟုတ်လား....သူ မြွေလူသား အာဏာပိုင်နဲ့သွားတွေ့တာက တကယ်ပဲ လုံခြုံမှုရှိရဲ့လား......"

"မစိုးရိမ်ပါနဲ့ မြွေလူသား အာဏာပိုင်တွေက မြင့်မားတဲ့ စွမ်းအင်အဆင့် ရှိတယ်ဆိုပေမယ့် မြွေလူသားမျိုးနွယ်တွေမှာ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်......မိန်းကလေးဝူ အန္တရာယ်ရှိမှာ မဟုတ်ပါဘူး.....ငါတို့အခု ပိုပြီး ဂရုစိုက်ရမှာက ဒီဆိုင်ငယ်လေးကိုပဲ....ဒီဆိုင်ငယ်လေးက တန်ခိုးရှင်အဆင့်တစ်ယောက်ကိုတောင် သတ်ဖြတ်ပစ်လိုက်နိုင်တယ်ဆိုတော့... .တောင်ပိုင်း ဒေသတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိမှာပဲ.....ငါတို့ မနက်ဖြန်ကျရင် အဲ့ဒီဆိုင်ကို သွားရအောင် ...."

"ကောင်းပါပြီ...."

"ရှုရဂိုဏ်းရဲ့ နတ်ဆရာတစ်ယောက်ကိုတောင် သတ်ဖြတ်ပစ်နိုင်လောက်အောင် ဒီဆိုင်ငယ်လေးက ဘယ်လိုစွမ်းအားမျိုးတွေ ပိုင်ဆိုင်ထားတာလဲဆိုတာကို ငါကိုယ်တိုင်ပဲ မြင်တွေ့ချင်တယ်......"

……

မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်မှလာသော စစ်သည်တော်များ နေထိုင်သည့် ခြံဝန်းထဲ၌ မကျေမနပ် ဖြစ်နေသော အမူအရာဖြင့် အကြီးအကဲဆန်းက ကျင်းခွင်းဆီသို့ ရောက်လာခဲ့သည်။

သူမျက်နှာပေါ်ရှိ ကြွက်သားများက ရှူံ့မဲ့နေပြီး ကြည့်ရသည်မှာ အလွန် ရုပ်ဆိုးလှသည်။ ကျင်းခွင်းက သူ၏ ဆန်းကျယ်လှသော ခုံပေါ်တွင် ထိုင်၍ အနားယူနေသည်။အကြီးအကဲဆန်း၏ စကားများကို နားထောင်ပြီးသည့်နောက် သူ၏ မျက်နှာအမူအရာက မှောင်မဲလာလေသည်။

"ဟမ်း.....အဲ့ဒီဆိုင်လေးက ရှုရဂိုဏ်းက နတ်ဆရာ အရှင်သခင်ကို သတ်လိုက်နိုင်တာနဲ့ပဲ သူကို အဆင်ခြင်မဲ့ လုပ်လို့မရဘူးလို့ ထင်နေတာလား.....အဲ့ဒီဆိုင်ငယ်လေးက ငါရဲ့ မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်ကို ယှဉ်နိုင်စရာ အကြောင်းမရှိဘူး......သူက ငါတို့ရဲ့ အကြီးအကဲ နှစ်ယောက်ကို သတ်ထားပြီးပြီ ....အဲ့ဒီဆိုင်ပိုင်ရှင်က ငါတို့ကို မထီမဲ့မြင် ပြုထားတဲ့ အကျိုးဆက်ကိုတော့ ပြန်ခံစားရမယ်...."

ကျင်းခွင်းက အေးစက်စွာ ပြောလိုက်သည်။သူ၏ ခန္ဓာကိုယ်မှ အစစ်အမှန် စွမ်းအင်လှိုင်းများ ပေါ်ထွက်လာပြီး သူ၏ ဘေးနားတွင်ရှိနေသော စားပွဲကို ရိုက်ချလိုက်၏။ထိုအားကြောင့် စားပွဲက ကျိုးပဲ့သွားပြီး အမှုန့်ဖြစ်သွားလေသည်။

အကြီးအကဲဆန်းက အကြီးအကျယ်ဒေါသထွက်နေသော ကျင်းခွင်းကို ကြည့်၍ သူ၏ အမူအရာက စိတ်ဆိုးမာန်ဆိုး ဖြစ်သည့် ပုံစံသို့ ပြောင်းလဲသွားသည်။

"ဟုတ်တာပေါ့....ဘုရားကျောင်းသခင်....ငါတို့ဒါကို ဒီတိုင်းထားလိုက်လို့မရဘူး.....အဲ့ဒီကောင်စုတ်လေး ငါတို့ရဲ့ မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်ကို ပြန်ပြီး တောင်းပန်လာအောင် လုပ်ရမယ်....."

"မနက်ဖြန် ကျရင် အဲ့ဒီဆိုင်ကို သွားကြတာပေါ့ ....အဲ့ဒီဆိုင်မှာ ဘာထူးခြားလဲဆိုတာ ငါကိုယ်တိုင် ကြည့်ရမယ်......."

"ဘုရားကျောင်း အရှင်သခင် ကိုယ်တိုင် သွားမှာလား....ကောင်းတယ် အဲ့ဒီကောင်းစုတ်လေးက ကောင်းကာင်းအရိုက်ခံဖို့ လိုအပ်နေတာ.....မင်းက အဲ့ဒီကောင်လေး ဒူးထောက်ပြီး အသနားခံအောင် လုပ်နိုင်တယ်....."

အကြီးအကဲဆန်းက စိတ်လှုပ်ရှား တက်ကြွစွာဖြင့် ပြောလိုက်သည်။ကျင်းခွင်းက အကြီးအကဲဆန်းကို သင်္ကာမကင်းဟန် တစ်ချက်ကြည့်လိုက်သည်။

"မင်းက ငါ့ကို ငတုံးလို့များ ထင်နေတာလား......ရှုရဂိုဏ်းရဲ့ နတ်ဆရာတောင်မှပဲ အဲ့ဒီမှာ ပြဿနာသွားရှာတဲ့အတွက် အသက်ခံလိုက်ရတယ်.... ငါက ရူးနေတာမှမဟုတ်တာ.... ဘာလို့ကိုယ့်သေတွင်းကိုယ်တူးရမှာလဲ....."

အကြီးအကဲဆန်း၏ ပျော်ရွှင်နေသော မျက်နှာက အေးခဲသွားသည်။

"ဘာကိုဆိုလိုတာလဲ.....မင်းခုဏက ပြောလိုက်တာတော့ အဲ့ဒီလိုမဟုတ်ပါဘူး.....ငါတို့အခုပြောနေတဲ့ မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းရဲ့ ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်မယ်ဆိုတာတွေက ဘယ်ရောက်သွားတာလဲ....."

"မနက်ဖြန်ကျရင် အဲ့ဒီဆိုင်ကို အရင်ဆုံး သွားစစ်ဆေးကြမယ် .....အဲ့ဒီဆိုင်က အစားအစာတွေရဲ့ အရသာက အရမ်းကောင်းတယ်လို့ မင်းပဲ မပြောခဲ့ဘူးလား.... အရင်ဆုံးသွားစားကြည့်ကြတာပေါ့…. .ပြီးတော့ အဲ့ဒီဆိုင်မှာ တန်ခိုးရှင်အဆင့်တစ်ယောက်ကိုတောင် သတ်ဖြတ်နိုင်တဲ့ အဆင့်မြင့်သားရဲကြီးကို ပိုင်ဆိုင်ထားတယ်ဆို......ငါတို့ အဲ့ဒီအခြေအနေကို သတိထားသင့်တယ်......"

ကျင်းခွင်း၏ အပြင်ပန်းပုံစံအရ သူက ခွန်အားသာရှိပြီး ဦးနှောက်မရှိ မဆင်မခြင် လုပ်တက်သည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်တော့ သူက အလွန် သတိထားတက်သော လူတစ်ယောက်ဖြစ်သည်။

မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်း၏ အရှင်သခင် နေရာကို ရယူနိုင်ခဲ့သော သူက သာမန် လူတစ်ယောက် မဟုတ်ပေ။မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းက ငြိမ်းအေးပြီး သက်တောင့်သက်သာ ရှိသည့်နေရာလည်း မဟုတ်ပေ။အတွင်း၌ ငှာနခွဲသုံးခုရှိပြီး ထိုငှာနခွဲများက တစ်ခုနှင့်တစ်ခု အပြင်းအထန် ပိုင်ဆိုင်ရန် လိုနေကြခြင်း ဖြစ်သည်။

……

ဂျိချန်းယု၏ တပ်က ပြန်လည် ဆုတ်ခွာသွားရာ အင်ပါရီယာ မြို့တော်၏ တင်းမာနေသော လေထုက အငွေ့ပျံသလို ပျောက်ကွယ်သွားပြီး နဂိုအေးချမ်းသည့် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။

စစ်မြေပြင် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများက ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်သည်။ ဂျိချန်းရွဲ့က ပျက်စီးသွားသော ဧရိယာများကို ပြန်လည် တည်ဆောက်နိုင်ရန်အတွက် များပြားလှစွာသော လုပ်သားများကို ညွှန်ကြားခဲ့သည်။

……

ပုဖန်က မနက်ပိုင်း ဆိုင်ဖွင့်လိုက်သောအခါ၌ ပထမဦးဆုံး နေရောင်ခြည်က ဖြာကျနေပေပြီ။ ထိုတောက်ပလှသော အလင်းရောင်က ပုဖန်ကို ပို၍ လင်းလက်စေသည်။ ယခင်က နေရောင်ခြည်ကို လမ်းကြားထိပ်ရှိ အဆောက်အဦးများက ပိတ်ကာထားသောကြောင့် ထိုကဲ့သို့ များပြားလှသော ပမာဏမျိုး တွေ့ရခဲသည်။

ယခုအခါ၌ သူ တံခါးဖွင့်လိုက်သောအခါ၌ ကျယ်ပြန့်လှသော နေရာလွတ်တစ်ခုသာ မြင်ကွင်းတွင် ဝင်ရောက်လာသည်။ ထိုမြင်ကွင်းက ပုဖန်ကို တော်တော်လေး ထူးခြားသည့် ခံစားချက်မျိုး ပေးစွမ်းလေသည်။

ဆိုင်၏ ပတ်ဝန်းကျင်ရှိ အဆောက်အဦးများက မြေပြင်ပေါ် ပြားကပ်နေပြီး အခြား အဆောက်အဦး တော်တော်များများကလည်း ပြိုကျ ပျက်စီးသွားခဲ့သည်။

ထာဝရရှင်သန်သော ဖီးနစ် စားသောက်ဆိုင် ပိုင်ရှင် ချမ့်ပေါင်က အလွန် စိတ်သောက ရောက်နေသည်။ " အင်ပါယာ မြို့တော်၏ နံပါတ်တစ်" စားသောက်ဆိုင်က ဖန်ဖန်ဆိုင်ငယ်လေးနှင့် အလွန်နီးကပ်စွာ တည်ရှိလေရာ တိုက်ပွဲအတွင်း လုံးဝ ပြိုကျပျက်စီးသွားခဲ့သည်။ သူ့ဘဝတစ်လျှောက်လုံး အလုပ်လုပ်ရန် နေရာဖြစ်သော စားသောက်ဆိုင်က မျက်စိတစ်မှိတ်အတွင်းမှာ ပင် ပြားကပ်သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ ထာဝရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်အတွင်း၌ သေဆုံးသည့်သူ မရှိခဲ့ပေ။သူ၏ အလုပ်သမားများရှိနေသ၍ တနေ့နေ့ တချိန်ချိန်၌ သူ ပြန်လာ လာနိုင်လိမ့်ဟု ယုံကြည်ပေသည်။ သူက မြို့တော်အတွင်း၌ နေရာတစ်ခု ရှားထားခဲ့ပြီးပေပြီ။ မကြာခင်မှာပင် ထာဝရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်ကို ဆောက်ပေတော့မည်။

တည်နေရာ ရွေးချယ်မှု....

ဖန်ဖန်၏ ဆိုင်ငယ်လေးနှင့် ပို၍ ဝေးလေ ကောင်းလေ ဖြစ်သည်။သူ ဒီလို ဘေးအန္တရာယ်မျိုးကို ထပ်၍ မလိုချင်တော့ပေ။ အကယ်၍ ဒီလိုမျိုးသာ ထပ်ခါတလဲလဲ ဖြစ်နေလျှင် သူ ပြင်းထန်သော နှလုံးရောဂါဖြင့် သေဆုံးရပေလိမ့်မည်။

…….

မွှေးပျံ့သင်းကြိုင်လှသော ဝက်နံရိုးချိုချဉ်ကြော်ပွဲကို ဘလက်ကီ၏ ရှေ့၌ ချပေးလိုက်သည်။ခွေးဝတုတ်၏ မျက်ဝန်းများက ချက်ချင်းပင် တောက်ပသွားပြီး သူ့အစားကို လောဘတကြီး စားတော့သည်။

ပုဖန်က ခုံတစ်ခုံ ဆွဲယူလိုက်ပြီး ဆိုင်ရှေ့၌ မှီထိုင်လိုက်သည်။သူက ကွက်လပ် ဖြစ်နေသော နေရာကိုကြည့်၍ စိတ်ကျေနပ်သလို ခံစားမိလေသည်။ သူက တည်ငြိမ်လှသော မျက်နှာထားဖြင့် ကြမ်းတမ်းခြင်း တစ်သောင်း မီးလျှံနှင့် ပတ်သတ်သော ယာယီတာဝန်ကို စဉ်းစားနေမိသည်။

တစ်ခြားတစ်ဖက်၌ ရှောင်ရှောင်လုံက ဖန်ဖန်ဆိုင်ငယ်လေးဆီသို့ အစောကြီး ရောက်ရှိလာခဲ့သည်။ သူ၏ ဓားလေ့ကျင့်မှုများကို စတင်၍ လေ့ကျင့်လိုက်သည်။ တောက်ပနွေးထွေးလှသော နေရောင်ခြည်က ပုဖန်၏ ခန္ဓာကိုယ်ပေါ် ဖြာကျနေသည်။အနွေးဓာတ်က သူ့ခန္ဓာကိုယ်ကို တစ်လက်မ မကျန် ရစ်ပတ်ထားလေ၏။သက်တောင့်သက်သာ ရှိလွန်းလှသော အခြေအနေကြောင့် ပုဖန်က ငိုက်မြည်းလာခဲ့သည်။သူက မျက်လုံးများကို မှိတ်လိုက်ပြီး ဇိမ်ရှိရှိ အနားယူလေ၏။

ရုတ်တရက် ခြေသံများ ထွက်ပေါ်လာသည်။ကျိုးကြေနေသော ကျောက်တုံး ကျောက်ခိုင်များက နင်းဖြတ်လာသည့် အသံများကြောင့် ပုဖန် မျက်ဝန်းဖွင့်ကြည့်လိုက်သည်။ သူ၏ ဆိုင်ရှေ့သို့ ပုံရိပ်ဒါဇင်ခန့် ရောက်ရှိလာပြီး နွေးထွေးလှသည့် နေရာဆီကို လုံးဝ ပိတ်ဆို့ ကွယ်လိုက်လေသည်။