အပိုင်း ၃၂၇
Viewers 53k

အခန်း ၃၂၇ “တုန်လှုပ်သွားသောတန်ခိုးရှင်များ.”

စနစ်က ကောင်းကင်ကမ္ဘာမြေမီးလျှံလို ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို မိတ်ဆတ် ပေးခဲ့သည်။ ထိုနာမည် တစ်ခုထဲနှင့်ပင် အလွန်အံ့အားသင့်စရာ ကောင်းသည်ဟု ခံစားမိသည်။

ပုဖန်ကကောင်းကင်ကမ္ဘာမြေမီးလျှံက မည်မျှပင် အရေးကြီးကြောင်း ကောင်းစွာ နားလည်ပေသည်။ သူမပါပဲနှင့် ထူထဲလေးလံလှသော မဟူရာလိပ်ခုံး ဒယ်အိုးကို အသုံးပြုနိုင်မည် မဟုတ်ပေ။ နတ်ဘုရား ချက်ပြုတ်ရေး ပစ္စည်း အစိတ်အပိုင်း တစ်ခု ဖြစ်သော မဟူရာလိပ်ခုံး ဒယ်အိုး၏ သက်ရောက်မှုက အလွန် အံ့သြသင့်စရာ ကောင်းလှပေသည်။

ထိုဒယ်အိုးဖြင့် ချက်ပြုတ်လိုက်သော ဟင်းပွဲ၏ အရသာက ပုဖန်ကို စိတ်ပျက်စေလိမ့်မည် မဟုတ်ပေ။ပုဖန်က တံခါးဝနားမှ ကုလားထိုင်တွင် မှီထိုင်ရင်း သေးငိုင်နေမိသည်။ ရုတ်တရက် ကြွေမွသည့် အသံမျိုးကို ကြားလိုက်ရသည်။ထိုအသံက တစ်စုံတစ်ယောက်၏ ခြေထောက်အောက်မှ ကျောက်တုံးများ ကြေမွသွားသည့် အသံဖြစ်ပြီး သူတို့၏ ချဉ်းကပ်လာမှုကို သိသာစေသည်။

လူတစ်ချို့ရောက်လာပြီး သူရှေ့၌ ရပ်လိုက်သောကြောင့် နွေးထွေးစွာ ဖြာကျနေသော နေရောင်ခြည်က ပျောက်ကွယ်သွားလေသည်။ ပုဖန်က ငေးငိုင်နေရာမှ သတိဝင်လာပြီး သူရှေ့မှ လူလေးယောက်ကို ကြည့်လိုက်သည်။ထိုသူများက သူအတွက် သူစိမ်းမဟုတ်ပေ။ တကယ်တမ်းပြောရလျှင် ထိုသူများကို အကြောင်းတစ်ချို့ကြောင့်ပင် ရင်းနှီးနေပေသည်။

အကြီးအကဲဆန်းက ပုဖန်ကို အရှက်ရစွာ ကြည့်လိုက်ပြီး ပြောစရာစကားမဲ့နေမိသည်။ မကြာသေးခင်က သူ၏ မာန်မာနနှင့် စော်ကားမှုများကို ချေမှုန်းနိုင်ရန်အတွက် ရှုရဂိုဏ်း၏ ပစ္စည်းကို ပြန်လည် လွှဲပြောင်းပေးရန် အမိန့်ပေးခဲ့သည်။ ထိုအချိန်တွင် ရှုရဂိုဏ်းက ပုဖန်ကို နှိမ်နင်းနိုင်မည်ဟု သူထင်ခဲ့မိသည်။ ရလဒ်က သူမျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေလိမ့်မည်ဟု မတွေးမိခဲ့ပေ။ပုဖန်က ပျက်စီးသွားရမည့်အစား အသုံးမကျသော ရှုရဂိုဏ်းကသာ ပျက်စီးသွားခဲ့သည်။

ကျန့်ခုံးက ပုဖန်ကို ထပ်မံ တွေ့ဆုံရသည့်အခါ၌ သူ၏ စိတ်ထဲ၌ ရှူပ်ထွေးမှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။သူက ဒီဆိုင်ငယ်လေးကို အမြဲတစေပင် ကြောက်ရွံ့ခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်သည့် မြင်ကွင်းကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီးနောက် ဒီဆိုင်ငယ်လေးက မည်မျှပင် ကြောက်စရာကောင်းသည်ကို သူနားလည်ခဲ့သည်။ ဒီဆိုင်ငယ်လေးတွင် အဆင့် ၉ ရုပ်သေးရုပ်ရှိပြီး အန္တရာယ်ပေးနိုင်ပုံမရသော ခွေးဝတုတ်တစ်ကောင်လည်း ရှိသည်။

သို့သော်လည်း တကယ်တမ်းတွင် ထိုခွေးက အဆင့်မြင်းသားရဲကြီး ဖြစ်သည်။သူတို့ထဲက မည်သူကိုမှ အမှားလုပ်၍ မရပေ။ ထိုခွေးဝတုတ်က ရန်သူဘက်က ကျွမ်းကျင် ပညာရှင်များနှင့် ရင်ဆိုင်ရသည့်အခါ၌ အားနည်းပုံရလေသည်။ထိုခွေးဝတုတ်ကို မည်သူမှ အရေးတယူ စောင့်ကြည့်ခြင်း မရှိပေ။ တကယ်တမ်းတွင်မူ ထိုခွေးဝတုတ်က နာမည် ကြားရုံနဲ့ပင် ကြောင်လန့်တုန်လှုပ်ရမည့် အဆင့်မြင့်သားရဲကြီး တစ်ကောင် ဖြစ်နေပေသည်။

ထို့အပြင် ထိုခွေးဝတုတ်က ရှုရဂိုဏ်း၏ တန်ခိုးရှင်အဆင့်ကိုပင် သတ်ဖြတ်နိုင်ခဲ့သည့် အဆင့်မြင့် သားရဲကြီး ဖြစ်နေပြန်သေးသည်။

ပုဖန်၏ ရှေ့၌ ရပ်နေသော ကျင်းခွင်း၏ ခေါင်းပြောင်ပြောင်ကို နေရောင်က ရောင်ပြန်ဟပ်နေသောကြောင့် ပို၍ တောက်ပြောင်နေလေသည်။

ပိုင်ကျန့်က အသက်ပြင်းပြင်းရှူရင်း ပုဖန်ကို ကြည့်လိုက်သည်။ ထိုလူငယ်လေး၏ အသားအရေက အလွန်လှပနေပြီး သန်မာပုံလည်း မရကာ အလွန် ပိန်နေသည်။ သူ၏ ကျင့်ကြံစဉ်ကလည်း အဆင့်၆ အင်ပါယာ အဆင့်မျှသာ ရှိသေးသည်။ သူအသက်အရွယ်နှင့် ထိုအဆင့်သို့ ရောက်နေခြင်းမှာ တော်တော်လေး အောင်မြင်မှု ရရှိသည်ဟု ဆိုနိုင်သော်လည်း တိမ်ဖြူစံအိမ်က တပည့်အများစုပင် ထိုအဆင့်ကို ဖြတ်ကျော်နိုင်သောကြောင့် တကယ်တမ်း အံ့အားသင့်စရာ မဟုတ်ပေ။

ဒီဆိုင်ပိုင်ရှင်က ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိတဲ့ လူတော်လေး ဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ မကြာခင် အချိန်အတောအတွင်း တောင်ပိုင်းဒေသ တစ်ခွင်၌ မသိသူမရှိ ကျော်ကြားလှပေတော့မည်။

သူတို့က ရှုရဂိုဏ်း၏ နတ်ဆရာအရှင်သခင်ကို သတ်ဖြတ်ခဲ့သူ ဖြစ်လျှင်လည်း သူတို့၏ နာမည်က တောင်ပိုင်းဒေသ တစ်ခွင်လုံးကို ပြန့်နှံ့သွားပေလိမ့်မည်။

ပြောရမည်ဆိုလျှင် ရှုရဂိုဏ်းမှ နတ်ဆရာ အရှင်သခင်က ဒေသကြီးတစ်ခုလုံးတွင် ရှိသော အထွဋ်အထိပ် ကျွမ်းကျင် ပညာရှင် ဖြစ်သည်။ ထိုကဲ့သို့သော ပညာရှင် တစ်ယောက် သေဆုံးမှု သတင်းက သူတို့ကို ကျိန်းသေပေါက် အံ့အားသင့်သွားစေပေလိမ့်မည်။

ပုဖန်က မတ်တပ်ထရပ်လိုက်သည်။သူက ယနေ့ စားသုံးသူ လာလိမ့်မည်ဟုပင် မမျှော်မှန်းထားမိပေ။ပြောရမည်ဆိုလျှက် မနေ့ကတင် တိုက်ပွဲ ဖြစ်ပွားခဲ့သောကြောင့် ပတ်ဝန်းကျင်မှ အဆောက်အဉီးများက ပြိုကျပျက်စီးနေပြီး ဆိုင်၏ လက်ရှိ အခြေအနေက တော်တော်လေး စိတ်မသက်သာစရာ ကောင်းနေသည်။

လက်ရှိအခြေအနေ၌ အင်ပါရီယာ မြို့တော်အတွင်းရှိလူများက ဆိုင်ငယ်လေးဆီသို့ လာရောက်ရန် ကြောက်ရွံ့နေကြသည်။ သို့သော်လည်း ကလေးမလေး ကွမ်ရှောင်ယီကတော့ ရွှင်လန်းတက်ကြွစွာဖြင့်ပင် ရောက်လာခဲ့သည်။ ရှောင်ယီက ဆိုင်၏ ဝန်ထမ်းတစ်ယောက် ဖြစ်သောကြောင့် ဆိုင်ငယ်လေး၏ အစွမ်းထက်မှုအခြေအနေကို ကောင်းစွာ သိရှိနေပေသည်။ထို့ကြောင့် သူမက ပုံမှန်အတိုင်းတည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။

"မင်းတို့ စားဖို့ လာကျတာဆိုရင်တော့ အထဲကို ကြွပါ....."

ပုဖန်က တည်ငြိမ်စွာဖြင့် ပြောလိုက်ပြီး ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ကျင်းခွင်းနှင့် ပိုင်ကျန့်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ပုဖန်၏ နောက်မှ လိုက်သွားလေ၏။

သူတို့ဆိုင်ထဲ ဝင်လိုက်သည်နှင့် အပြင်ပိုင်းနှင့် ကွဲပြားခြားနားနေသည့် မြင်ကွင်းမျိူးကို ကြုံတွေ့လိုက်ရသည်။ပတ်ဝန်းကျင် အခြေအနေများက သူတို့၏ နှလုံးသားကို နွေးထွေးစေပြီး သက်တောင့်သက်သာ ခံစားရစေသည်။

ဆိုင်အတွင်း၌ အမျိုးမျိုးသော ဟင်းပွဲများ၏ မွှေးကြိုင်သင်းပျံ့လှသော ရနံ့များဖြင် ပြည့်နှက်နေသောကြောင့် ပိုင်ကျန့်နှင့် ကျင်းခွင်းတို့ နှစ်ယောက်က မျက်ခုံးပင့်လိုက်မိသည်။

"ဒါက ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင် မဟုတ်လား......"

ပိုင်ကျန့်က ဆိုင်၏ ထောင့်တစ်နေရာတွင် ရှိနေသော ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်ကို အလျှင်အမြန်ပင် ရှာတွေ့လိုက်သည်။ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်က ပထမဉီးဆုံးအကြိမ် ပွင့်လန်းလာပြီးနောက် ပြန်လည်၍ ငြိမ်သက်သွားခဲ့သည်။အချိန်ကြာသည်အထိ မည်သည့်ပြောင်းလဲမှုမှ ထပ်မရှိတော့ပေ။

သိမြင်မှု မှတ်စုများကိုလည်း ထုတ်လွတ်ခြင်းမရှိတော့သည့်အတွက် ပုဖန်က သူ နဂါးသွေးဆန်ဆေးရေလောင်းခဲ့ခြင်းကအပင်ကို သတ်ပစ်ခဲ့မိသည်ဟုပင် ယူဆခဲ့မိသည်။

"ရှုရဂိုဏ်းက နတ်ဆရာအရှင်သခင်ကို သတ်ပစ်နိုင်ခဲ့တဲ့ဆိုင်ငယ်လေးရဲ့ ကြွယ်ဝချမ်းသာမှုက မယုံနိုင်စရာပဲ.......ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်က တောင်ပိုင်းဒေသမှာ ရှားပါးဆုံး ရတနာတစ်ခုပဲ....ဒါကြောင့်မို့ သူက အလွန်အမင်း အဖိုးထိုက်တန်တယ်....." ပိုင်ကျန့်က သူ၏ ထူထဲလှသော မျက်ခုံးကို မျက်မှောင်ကြုတ်လိုက်ရင်း ရေရွတ်လိုက်သည်။

ကျင်းခွင်းကလည်း တစ်ချက်စုပ်သပ်လိုက်ရင်း ထိုစကားများက မှန်ကန်ကြောင်း ဝန်ခံလိုက်သည်။ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်က သူတို့အဆင့်အတွက် တစ်စုံတစ်ရာ အဖိုးမထိုက်တန်တော့သော်လည်း သူတော်စင်အဆင့်များကို စစ်နတ်ဘုရားတစ်ပါးဖြင့် ပြောင်းလဲစေနိုင်ခြင်းကြောင့် အလွန်အမင်း တန်ဖိုးရှိနေဆဲပင် ဖြစ်သည်။

ထိုသစ်ပင်က ဂိုဏ်းများအတွက်ပင် အဖိုးထိုက်တန်ပြီး အရေးကြီးလှသည်။ သာမန်ဂိုဏ်းလေးများအနေဖြင့် ထိုသစ်ပင်ကို ဝယ်ယူနိုင်သည့် နည်းလမ်းပင် မရှိသော်လည်းဒီဆိုင်ငယ်လေးတွင် ထို ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို ဆိုင်၏ အလှဆင်သည့် တစ်စိတ်တစ်ပိုင်း အဖြစ် အသုံးပြုထားပြီး စားသုံးသူများကို ဝန်ဆောင်မှု ပေးထားခဲ့သည်။

"မီနူးက မင်းတို့ရဲ့ နောက်မှာပါ ....အဲ့ဒီမှာ ကြည့်လိုက်ပါ....ဘာစားမယ်ဆိုတာကို ဆုံးဖြတ်ပြီးသွားပြီဆိုရင်တော့ ဒီကလေးမလေးကို ပြောလိုက်ပါ...."

ပုဖန်က ထိုလေးယောက်ကို စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။ထို့နောက် သူတို့လေးယောက်ကို စူးစိုက်ကြည့်နေသည့် ကွမ်ရှောင်ယီကိုလည်း ညွှန်ပြလိုက်သည်။

ထို့နောက် သူပထမထိုင်နေခဲ့သည့် ထိုင်ခံဆီသို့ ပြန်သွားပြီး မှီထိုင်လိုက်သည်။

သူတို့လေးယောက်သားက စားပွဲရှာ၍ ထိုင်လိုက်ပြီးနောက် မီနူးကို လှည့်ကြည့်လိုက်သည်။ သူတို့ မီနူးကို မြင်လိုက်သောအခါတွင် မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါက တကယ်ပဲ စားသောက်ဆိုင်လား....အဲ့ဒီစျေးနှုန်းတွေက နည်းနည်း စျေးတင်ထားတယ် မဟုတ်ဘူးလား......" ပိုင်ကျန့်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။သူက အဆင့် ၉ တန်ခိုးရှင်အဆင့်တစ်ယောက် ဖြစ်သောကြောင့် သလင်းကျောက်များ မရှားပါးသော်လည်း လိမ်လည်လှည့်စားခြင်းကို ခံမည်မဟုတ်ပေ။

"အုပ်ချုပ်သူ အကြီးအကဲ မင်းက ဒါကို မသိသေးလို့ပါ...ဒီဆိုင်ရဲ့ စျေးနှုန်းတွေက အမြဲတမ်း ဒီတိုင်းပါပဲ...ဘာကြောင့်လဲဆိုတော့ ပိုင်ရှင်ပုရဲ့ ဟင်းပွဲတွေက အဲ့ဒီစျေးနဲ့ ထိုက်တန်တယ်လေ...." ကျန့်ခုံးက ပြောလိုက်သည်။သူက ဆိုင်ကို အကြိမ်အနည်းငယ် ရောက်ခဲ့ဖူးသောကြောင့် ဒီဆိုင်မှာရနိုင်သော ဟင်းပွဲများ၏ အရသာကို ရှင်းရှင်းလင်းလင်း နားလည်နေပေပြီ။

ထို့ကြောင့်ပင် သူက တစ်ခြားသူများကို ဟင်းပွဲများနှင့် မိတ်ဆတ်ပေးလိုက်သည်။သို့သော်လည်း ဆိုင်မှာရှိသော ဟင်းပွဲများအားလုံး မစားဖူးသေးသောကြောင့် တစ်ချို့ ဟင်းပွဲများကို မိတ်ဆတ်ပေးနိုင်ခြင်း မရှိပေ။

"အဟေး....ဟေး.....ငါက တန်ခိုးရှင်အဆင့်ကို ရောက်သွားတာက ဒီကမ္ဘာပေါ်မှာ စားသုံးကျတဲ့ အစားအစာတွေကို မစားခဲ့တာတော်တော်ကြာပြီ ဒီနေ့တော့ ငါ စိတ်လိုလက်ရ စားလိုက်အုန်းမယ်...." ကျင်းခွင်းက စားပွဲကို ရိုက်၍ သဘောတကျ ရယ်မောရင်း ပြောလိုက်သည်။

သို့သော်လည်း သူ၏ ရယ်သံက ချက်ချင်း ရပ်တန့်သွားသည်။သူ၏ ရိုက်ချက်တွင် အားအနည်းငယ် သုံးထားသောကြောင့် စားပွဲပေါ်၌ အရာတစ်ခုခု ထင်ကျန်ခဲ့မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း သူ စားပွဲကို ရိုက်ပြီးသည့်နောက် အရာသေးသေးမျှပင် မကျန်သည်ကို တွေ့လိုက်ရသည်။

"ဘာကြီးလဲဟ...."

ခုံကို မှီထိုင်နေသော ပုဖန်က ခေါင်းပြောင်ပြောင်နှင့် ကျင်းခွင်းကို လှည့်ကြည့်လိုက်သည်။

"မင်းက ပြဿနာရှာချင်နေတာလား...."

သူက အမူအရာမဲ့စွာဖြင့်ပင် မေးလိုက်၏။ ကျင်းခွင်းက သတိပြန်ဝင်သွားပြီး မျက်ဝန်းများ မှေးကျင်းလိုက်သည်။ သို့သော်လည်း သူက အထင်အမြင်သေးစွာ နှာခေါင်းတစ်ချက် ရှူံ့လိုက်ပြီး စကားတစ်ခွန်းမှ မဆိုလိုက်ပေ။

ထိုဆိုင်လေးက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းလှသည်။ သူ၏ ရိုက်ချက်တွင် အစစ်အမှန် စွမ်းအင်များ ထည့်သွင်းထားခြင်း မရှိသော်လည်း သူက တန်ခိုးရှင် အဆင့်တစ်ယောက် ဖြစ်သည်။

ထို့ကြောင့် သူ သာမန်စားပွဲတစ်လုံးကို သူရိုက်လိုက်လျှင် အမှုန့်ဖြစ်သွားပေလိမ့်မည်။ သို့သော်လည်း မမျှော်လင့်ထားစွာပင် ဒီစားပွဲ၌ အမှတ်ရာလေး တစ်ခုမျှပင် ကျန်ရှိနေခြင်း မရှိပေ။

"မင်းက ပြဿနာ လာရှာတာမဟုတ်ဘူးဆိုရင် ဟင်းပွဲ မြန်မြန်မှာပါ......"

ပုဖန်က ထိုသူများ ပြဿနာ တစ်စုံတစ်ခု ဖြစ်အောင် ရည်ရွယ်နေသည်ဟု မထင်သောကြောင့် နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးလိုက်မိသည်။ထို့နောက် သူ ပြန်လှည့်၍ ခုံကိုသာ မှီထိုင်နေလိုက်၏။ နွေးထွေးသော နေရောင်ခြည်၏ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်းချမ်း နေပေသည်။

ပိုင်ကျန့်က မျက်ခုံးပင့်လိုက်မိသည်။ထို့နောက် သူတို့၏ အဝေးတွင်ရပ်နေသော ကွမ်ရှောင်ယီကို လှမ်းကြည့်လိုက်ပြီး လက်ဝှေ့ယမ်း၍ ခေါ်လိုက်သည်။

ရှောင်ယီက လျှောက်လိုက်ပြီးနောက် လှပသော မျက်လုံးလေးများကို ပုတ်ခပ်ပုတ်ခပ် လုပ်၍ သူတို့ကို ကြည့်ကာမေးလိုက်သည်။

"ဘာများမှာမလဲ...."

"ဒီမိန်းကလေးကလည်း အဆင့် ၅ ဘုရင်အဆင့် ဖြစ်နေတာလား...."

ပိုင်ကျန့်က မူလက ကွမ်ရှောင်ယီကို ဂရုစိုက်မိခဲ့ခြင်းမရှိပေ။သို့သော်လည်း ထိုကလေးမလေးဆီမှ ထုတ်လွှတ်နေသော အော်ရာများကို သူခံစားလိုက်မိသော အခါတွင် စိတ်ထဲ၌ တုန်လှုပ်သွားသည်။

"ဒီကလေးမလေးက အသက်ဘယ်လောက်ရှိလို့ အဆင့် ၅ ဘုရင်အဆင့်တောင် ဖြစ်နေရတာလဲ.....ဒီပါရမီက တကယ်ကို ကြောက်ဖို့ကောင်းလွန်းတယ်....."

ထိုကဲ့သို့သော ပါရမီရှင်က စားသောက်ဆိုင်တွင် စားပွဲထိုး လုပ်နေခဲ့သည်။တကယ်ကို နှမြောစရာ ကောင်းလှသည်။

"ဦးလေး စားစရာမှာ မှာလား...."

ပိုင်ကျန့်က အချိန်အတော်ကြာ စိုက်ကြည့်နေသောကြောင့် ကွမ်ရှောင်ယီက စိတ်မကျေမနပ်ဖြစ်လာပြီး အေးစက်စွာ နှာခေါင်းရှူံ့၍ မေးလိုက်သည်။

ကျန့်ခုံးက ကလေးမ၏ စိတ်မရှည်သော အကြည့်များကို မခံနိုင်တော့ပဲ တံတောင်ဖြင့် တွတ်၍ သတိပေးလိုက်သည်။ ပိုင်ကျန့်က အနည်းငယ် ရှက်ရွံ့သွားသော်လည်း သူက ကွမ်ရှောင်ယီကို စူးစိုက်၍ ကြည့်နေတုန်းပင် ဖြစ်သည်။ ထိုကဲ့သို့ ပါရမီရှင်မျိုးကိုသာ သူ၏ တပည့်အဖြစ် ရလိုက်လျှင် မကြာခင်မှာပင် တောင်ပိုင်းဒေသတစ်ခု၌ ထူးချွန်လှသော တန်ခိုးရှင် အဆင့်တစ်ယောက်ယောက် ထွက်ပေါ်လာပေလိမ့်မည်။

သို့သော်လည်း သူက ထိုအကြောင်းအရာကို အလောတကြီး မလုပ်ပဲ စားသောက်ပြီးသည့်ထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။

ကျင်းခွင်းကလည်း သူမ၏ အရည်အချင်းကို သတိပြုမိသော်လည်း သူမကို စိတ်ဝင်စားမှု မရှိပေ။ဒေသနတ်ဆိုးခန်းမမှ တပည့်တိုင်းက သူတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို လေ့ကျင့်ရသောကြောင့် ထိုလမ်းကြောင်းက သူမနှင့် ကိုက်ညီမှု မရှိပေ။

"ငါ့ကို ဟင်းပွဲတိုင်း တစ်ပွဲစီချပေး ပြီးတော့ နှင်းခါးမီးတောက် သိမြင်မှု ဝိုင်ဆိုတာက ဘာလဲ....ဘာလို့ အဲ့ဒီလောက်တောင် စျေးကြီးနေရတာလဲ....."

ပိုင်ကျန့်က မီနူးကို အချိန်ကြာမြင့်စွာ ကြည့်၍ တွေးတောနေပြီးနောက် ရနိုင်သည့် ဟင်းပွဲများ အားလုံးကို မှာယူခဲ့သည်။ မျှော်လင့်ထားသလိုပင် တန်ခိုးရှင်အဆင့်များက အလွန် ကြွယ်ဝလှသည်။ ခုံမှာထိုင်၍ စိတ်အေးချမ်းသာမှုကို ခံစားနေသည့် ပုဖန်က သူတို့ ပြောလိုက်သည့် စကားများကို ကြားလိုက်ရသောကြောင့် နားရွက်များ လှုပ်ခါသွားသည်။

"ဒီလူက ဟင်းပွဲ အများကြီး မှာလိုက်တယ် ဒါက ငါ့အတွက် စီးပွားရေး အကြီးကြီးပဲ...."

ပုဖန်က တော်တော်လေး စိတ်ကျေနပ်သွားပြီး ထိုလူကို လှည့်၍ ကြည့်လိုက်သည်။

ကျင်းခွင်းက နှုတ်ခမ်းကိုသပ်ရင်း ရွှင်လန်းစွာ ရယ်မောရင်း ပြောလိုက်သည်။

"ငါက အရသာပေါ့တဲ့ ဟင်းပွဲတွေကို မကြိုက်ဘူး ...တကယ်လို့ မင်းမှာ အရသာပြင်းတဲ့ ဟင်းပွဲတွေ ရှိမယ်ဆိုရင် ငါကို အဲ့ဒါတွေ ချပေးပါ...."

ကွမ်ရှောင်ယီက သူမကြားလိုက်ရသော စကားကြောင့် ခဏမျှ အူကြောင်ကြောင် ဖြစ်သွားသည်။ သူက ပထမဦးဆုံအကြိမ်ဖြင့် စားသုံးသူက အရသာပြင်းသည့် ဟင်းပွဲများ တောင်းဆိုသည်ကို ကြုံဖူးခြင်း ဖြစ်သည်။

"မင်းက ခပ်ပြင်းပြင်းအရသာ မျိုးကို လိုချင်တယ်ဆိုမှတော့ စပ်တာတစ်ခုပဲ ဖြစ်ရမယ်....."

ကွမ်ရှောင်ယီက စိတ်ရှူပ်ထွေးပြီး ယခုထိတိုင်အောင် တိတ်ဆိတ်နေဆဲ ဖြစ်သောကြောင့် ပုဖန်လာပြီး မေးလိုက်သည်။

"တကယ်ပဲ ငါက စပ်တာကို လိုချင်တာ တကယ်လို့ သိပ်မစပ်ဘူးဆိုရင် ငါ့ကို စိတ်ကျေနပ်စေမှာ မဟုတ်ဘူး......ဒီဆိုင်ရဲ့ ဟင်းပွဲတွေက အရသာ အရမ်းကောင်းတယ်လို့ ငါကြားခဲ့တယ်...တကယ်လို့ မင်းရဲ့စားသုံးသူ စိတ်ကျေနပ်စေမယ့် ဟင်းပွဲမျိုး မရှိဘူးဆိုရင်တော့ မင်းဆိုင်ရဲ့ ဂုဏ်သတင်းက ပျက်စီးသွားမှာပဲ...."

ကျင်းခွင်းက ခပ်ဖျော့ဖျော့ပြုံးရင်း ပြောလိုက်သည်။သူက ထိုကဲ့သို့သော နည်းလမ်းဖြင့် ပုဖန်ကို အနှောင့်အယှက်ပေးရန် တွေးလိုက်မိခြင်း ဖြစ်သည်။ မြေရိုင်းလွင်ပြင်ဒေသမှ ကျွမ်းကျင်ပညာရှင်များက စပ်သည့် အစားအစားများကို ကြိုက်နှစ်သက်ကြသည်။အထူးသဖြင့် ဒေါသနတ်ဆိုးခန်းမမှ သူများမှ အရသာပြင်းထန်သည့် အစားအစာများကို ပို၍ ကြိုက်နှစ်သက်ကြသည်။

ကျင်းခွင်းက ရန်စလိုက်သော်လည်း ပုဖန်က မတုန်မလှုပ်ပင် ရှိနေတုန်း ဖြစ်သည်။သူက ကျင်းခွင်းကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး လှည့်ထွက်သွား၏ ။

ပုဖန်က ရှောင်ယီရှေ့၌ ခဏမျှ ရပ်၍ သူမ၏ ခေါင်းလေးကို အသာပုပ်လိုက်ခါ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။ရှောင်ယီ၏ မျက်ဝန်းများက လင်းလက် တောက်ပသွားသည်။

"ဒီတစ်ကြိမ်တော့ ပိုင်ရှင်ပု ကိုယ်တိုင် ချက်တော့မှာလား...."

ပိုင်ရှင်ပုကို ရန်စသည့် ထိုခေါင်းပြောင်ကို လှောင်ပြောင် သရော်ဟန် ကြည့်လိုက်သည်။ပိုင်ရှင်ပုက ထိုခေါင်းပြောင်ကို အရှက်ကွဲအောင် လုပ်ပေလိမ့်မည်။

"ခေါင်းပြောင် စောင့်နေလိုက်...."

ပိုင်ရှင်ပု၏ ဟင်းချက်ခြင်း အနုပညာက သာမန်သူများ တွေးထင်နိုင်သည့် အရာမဟုတ်ပေ။သို့သော်လည်း သူမက ပိုင်ရှင်ပု မည်သို့သော စပ်သည့် ဟင်းပွဲမျိုး ချက်ပြုတ်မည်ကို မမှန်းဆနိုင်ပေ။

"မာဖို တို့ဟူး ...."

ထိုဟင်းပွဲက ဖြစ်နိုင်ချေရှိသော်လည်း မာဖိုတို့ဟူးက မစပ်သည့်အပြင် အရသာကလည်း မပြင်းပေ။ပုဖန်က မီးဖိုချောင်ထဲသို့ ဝင်လိုက်သောအခါ လေ့ကျင့်ချက်ပြုတ်နေသော ရှောင်ရှောင်လုံကို နားရန် ပြောလိုက်သည်။

ဒီရက်များ၌ ရှောင်ရှောင်လုံ၏ အမူအရာက မကောင်းလှပေ။ရှောင်မန်က ဆိုးဆိုးရွားရွား ဒဏ်ရာရထားသောကြောင့် သူ၏ စိတ်အခြေအနေ ဆိုးရွားနေမည်ကို နားလည်ပေးနိုင်သည်။ သို့သော်လည်း ရှောင်ရှောင်လုံက ဆိုင်ကို ပုံမှန်အတိုင်းပင်လာ၍ သူ၏ လေ့ကျင့်စရာများကို လေ့ကျင့်ကာ ပုဖန်ကို စိတ်ကျေနပ်စေခဲ့သည်။

ပုဖန်က ရှောင်မန်၏ ဒဏ်ရာများကို မကူညီပေးနိုင်ခြင်းက အတော်လေး နှမြောစရာ ကောင်းလှသည်။

"လာ....လာ....ဒီကိုလာပြီး ငါ့ကို ကူညီပေး ငါက ဟင်းပွဲအားလုံးကို ချက်ပြုတ်မယ် .....မင်းက သေသေချာချာ ဂရုတစိုက်ကြည့်ထား....ဒါက မင်းအတွက် သင်ယူဖို့ အခွင့်အလမ်းပဲ....." ပုဖန်က ရှောင်ရှောင်လုံကို ကြည့်၍ စိတ်ရင်းဖြင့် ပြောလိုက်သည်။

ရှောင်ရှောင်လုံ၏ မျက်ဝန်းများက တောက်ပသွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။သူက ပုဖန် သူကို သေချာစွာ သင်ပေးချင်သည်ကို နားလည်ပေသည်။

ပုဖန်က မီးဖိုဘက်သို့ လှည့်လိုက်၏ သူ၏ လက်ကောက်ဝတ်မှ အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပေါ်လာသည်။