အပိုင်း ၃၃၁
Viewers 53k

အခန်း ၃၃၁

အဆင့် ခုနှစ်အဆင့်သို့ ရောက်ရှိသွားသောပိုင်ရှင်ပု..


အဆင့်မြင့် နတ်ဆရာမက သူမ၏ လက်ဖဝါးထက်မှ မျောလွင့်နေပြီး အလင်းရောင် တစ်ချို့ ဖြာထွက်နေသည့် ဝိညာဉ်နှုတ် မှော်ဖန်လုံးကို ကြည့်လိုက်သည်။သူမ၏ မျက်နှာဖုံးအောက်မှ မျက်ဝန်းများက ဝမ်းနည်း ပူဆွေးမှုဖြင့် ပြည့်နှက်နေလေသည်။


သူမ၏ အနည်းငယ်လေးနက်ပြီး နစ်နဲလှသော အသံက ကောင်းကင်တစ်ခွင်ကို ဖြတ်သန်းသွားသည်။ထိုအသံကို ကြားသည့် မည်သူမဆို တုန်လှုပ်သွားပေလိမ့်မည်။


ဝိညာဉ်နှုတ်မှော်ဖန်လုံး၏ တွန်းကန်အားကြောင့် အဝေးသို့ လည်ထွက်သွားသော သွေးမျိုးနွယ်အစောင့်အရှောက်က အဆင့်မြင့် နတ်ဆရာမ၏ အာမခံ ကတိပေးသည့် စကားကို ကြားလိုက်ရသောအခါ သူ၏ မျက်ဝန်းများ စုကျုံ့သွားသည်။


ထို့နောက် သူက လေအေးများ တစ်ချက်ရှူရှိုက်လိုက်မိသည်။ဖြစ်ပွားခဲ့သမျှ ကိစ္စတိုင်းကို မယုံနိုင်စရာပင် ဖြစ်နေသည်။


"ဘာ....အဆင့်မြင့် နတ်ဆရာမက ဘာပြောလိုက်တယ်....နတ်ဆရာအရှင်သခင်က သေသွားပြီ ဟုတ်လား ....ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.....သူ့ရဲ့ ကျင့်ကြံမှုက အရမ်းကို စွမ်းအားမြင့်တယ်လေ....သူသေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ......"


"မြင့်မြတ်မျှော်စင်ကို ကောင်းကောင်းစောင့်ရှောက်ထားပါ...ငါတို့ မကြာခင်မှာ နယ်စပ်မြို့ထဲကနေ ထွက်ခွာသွားပြီး ရှုရဂိုဏ်းရဲ့ ဂုဏ်ကျက်သရေ ပြန်လည် ထိုးတက်လာအောင် လုပ်ရမယ်.....ငါတို့ ရှုရဂိုဏ်း ပြန်လည် ရှင်သန်လာပြီဆိုရင်တော့ နတ်ဆရာအရှင်သခင်အတွက် သေချာပေါက် လက်စားချေပေးရမယ်....."


အဆင့်မြင့်နတ်ဆရာမ၏ ဖျော့တော့သည့် အသံက သွေးမျိုးနွယ် အစောင့်အရှောက်၏ အကြားအာရုံထဲ စီးဝင်သွားသည်။ထို့နောက် အဆင့်မြင့် နတ်ဆရာမက ဝိညာဉ်နှုတ်မှော်ဖန်လုံးကို ဆုပ်ယူလိုက်ပြီး အနက်ရောင် မျှော်စင်ဆီသို့ ပြန်သွားလေသည်။


သွေးမျိုးနွယ် အစောင့်အရှောက်က အနက်ရောင် မျှော်စင်ကို သေချာစွာ ကြည့်နေပြီး အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်သည်။


ပတ်ဝန်းကျင်က ကြောက်စရာကောင်းလှအောင် တိတ်ဆိတ်နေသည်။လက်ရှိအချိန်၌ ပိုင်ကျန့်က ကသီကအောက် ဖြစ်မှုနှင့် အရှက်ရမှုတို့ကို ခံစားနေရသည်။


ပုဖန်က ပြောစရာစကားလုံး ပျောက်ဆုံးနေသော ပိုင်ကျန့်ကိုကြည့်၍ ခပ်ဖြောဖြော့လေး ပြုံးလိုက်သည်။


ကွမ်ရှောင်ယီက ခေါင်းကလေးကို ငဲ့စောင်း၍ ဘေးဘက်မှ ပိုင်ကျန့်ကို စူးစိုက်ကြည့်နေသည်။ကျန့်ခုံးက သူတို့၏ အကြည့်များကို ရှောင်လွဲသည့် အနေဖြင့် တခြားနေရာသို့ပင် အကြည့်လွှဲထားသည်။


ဆိုင်ထဲ၌ လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားပြီး သူတို့၏ အသက်ရှူသံ ခပ်ပါးပါးသာ ထွက်ပေါ်နေသည်။စိတ်ပျက်လက်ပျက် ဖြစ်မှုကြောင့် ပိုင်ကျန့်၏ မျက်နှာက တဖြေးဖြေးနီရဲလာသည်။


"နင် ဘလက်ကီကို အနိုင်ယူနိုင်လား .....ဟုတ်လား....."


ထိုစကားလုံးများသာ သူ၏ စိတ်ထဲ၌ ပြည့်နှက်နေသည်။


"နင် ဘလက်ကီကို သတ်နိုင်လား....."


"သေလေ.... ငါက "


ထို အဆင့်မြင့်သားရဲကြီးကဘရှုရဂိုဏ်းမှ အရှင်သခင်ကိုဘသတ်ဖြတ်ပစ်ခဲ့သည်။သူသည်လည်း တန်ခိုးရှင် အဆင့်တစ်ယောက် ဖြစ်သော်လည်း ရှုရဂိုဏ်းက အရှင်သခင်လိုမျိုးဘအဆုံးသတ်ရပေလိမ့်မည်။


သူအနေဖြင့် ရှုရဂိုဏ်းမှ အရှင်သခင်ကို သတ်ဖြတ်နိုင်စွမ်းမရှိပေ။သို့သော် အဆင့်မြင့် သားရဲကြီးက ထိုသူကို သတ်ပစ်ခဲ့လေရာ သူကိုလည်း သေချာပေါက် သတ်ပစ်လိုက်ပေလိမ့်မည်။ဒါက သူအတွက် မဖြစ်နိုင်ပေ။


"အဟွတ်.....အဟွတ်.....ကလေးမလေး ဒါက စိတ်ဝိညာဉ်သားရဲကြီးလေ သူက မင်းကို သင်ကြားလမ်းပြပေးဖို့ မဖြစ်နိုင်ဘူး.....ငါက တိမ်ဖြူစံအိမ်က" 


"အဲ့ဒီတော့ နင်က ဘလက်ကီကို အနိုင်မယူနိုင်ဘူးပေါ့....အဲ့ဒီလိုဆိုမှတော့ ငါ့က ဘာလို့ ဆရာအဖြစ် လက်ခံရတော့မှာလဲ....."


ကွမ်ရှောင်ယီက မျက်လုံး လှန်ကြည့်လိုက်ပြီး ငြီးတွား ပြောဆိုလိုက်သည်။


ပိုင်ကျန့်က သူ မျက်ရည်များ စီးကျလာတော့မလို ခံစားလိုက်ရသည်။သူ မကြာခင်မှာပင် ကျင်းခွင်းကဲ့သို့ ဖြစ်လာတော့မည်ဟု တွေးထင်ခဲ့၏။လူများစွာက သူကို အရှင်သခင်အဖြစ် ကိုးကွယ်ရန် စိတ်အားထက်သန် ခဲ့ကြသည်။


သို့သော်လည်း ထိုကလေးမလေးက လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။သူမကို သူ၏ တပည့်တစိယောက် ဖြစ်လာရန်အတွက်ပင် သူက တောင်းဆိုခဲ့ရသည်။


"ဘယ်လိုဖြစ်လို့များ အဲ့ဒီလောက်တောင် ကွာခြားနေရပါလိမ့်......"


"ငါရဲ့ ကျင့်ကြံမှုက ပိုင်ရှင်ပုရဲ့ ဆိုင်ထဲမှာဆို တော်တော်လေးကို ကောင်းမွန်တယ် .....အဲ့ဒီတော့ ငါက နင့်ရဲ့ လမ်းညွှန်မှုကို မလိုဘူး....."


နောက်ဆုံး၌ ကွမ်ရှောင်ယီက သူမ၏ ဆုံးဖြတ်ချက်ကို ပြောလိုက်သည်။


ပိုင်ကျန့်က ပုဖန်ဘက်ဆီသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ကွမ်ရှောင်ယီကို ပြန်ကြည့်လိုက်သည်။သူ၏ အမူအရာက စိတ်ရှူပ်ထွေးနေပုံ ပေါ်သည်။သူ၏ မျက်ခုံးထူထူများကို တွန့်ကွေးထားသောကြောင့် မျဉ်းဖြောင့် တစ်ကြောင်းကဲ့သို့ပင် ဖြစ်နေသည်။


"တော်ပြီ.... ရှောင်ယီက မင်းရဲ့ တပည့် မဖြစ်ချင်ဘူးဆိုမှတော့ မင်းထွက်သွားသင့်ပြီ......"


ပုဖန်က ထိုင်ခုံမှ ထလိုက်ပြီး ပိုင်ကျန့်ရှိရာဆီသို့ တဖြေးဖြေးချင်း လျှောက်လာသည်။သူက ပိုင်ကျန့်ကို အေးအေးသာသာပင် ဆိုင်ထဲမှ နှင်ထုတ်နေ၏။


ပိုင်ကျန့်က ပုဖန်ကို တစ်စုံ တစ်ရာ ထပ်ပြောချင်သေးသော်လည်း ပုဖန်ကို သူ့စကားကို ဂရုမစိုက်ပေ။သူက ကွမ်ရှောက်ယီ၏ ခေါင်းလေးကို ခပ်ဖွဖွလေး ပုပ်လိုက်ပြီး မီးဖိုချောင်ဘက်ဆီသို့ လှည့်ထွက်သွားသည်။


ပိုင်ကျန့်က ကွမ်ရှောင်ယီ သူကို ငြင်းပယ်လိုက်သည့် အချက်ကို သူ လက်မခံနိုင်ပေ။သူက ဆိုင်ထဲက ထွက်မသွားလိုသေးပေ။သူ အချိန်အကြာကြီး စဉ်းစားပြီးနောက် ကွမ်ရှောင်ယီ သူ့နောက်သို့ လိုက်လာရန် စည်းရုံး၍ရနိုင်မည့် အချက်ကို ရှာမတွေ့ခဲ့ပေ။


သူအလိုရှိရာကိုအတင်းအကျပ် လုပ်ဆောင်၍ မရနိုင်မှန်းလည်း သူကောင်းစွာ သိပေသည်။ထိုသို့ လုပ်ဆောင်လိုက်ပါက အဆင့်မြင့်သားရဲကြီး၏ အနိုင်ယူမှုကို ခံရပေလိမ့်မည်။


နောက်ဆုံး၌ သူ သလင်းကျောက်များကို စားပွဲပေါ်တင်ထားလိုက်ပြီး ကျန့်ခုံးအရှေ့မှ ဦးဆောင်၍ ဆိုင်မှ ထွက်သွားလိုက်သည်။


သူက ငြင်းပယ်ခံလိုက်ရသော အဖြစ်မှန်ကို လက်မခံချင်သော်လည်း သူ့မှာ ရွေးချယ်စရာ မရှိပေ။ပိုင်ကျန့်နှင့် ကျန်းခုံးတို့ ဆိုင်မှ ထွက်သွားပြီးသည့်နောက် ပုဖန်၏ စိတ်ထဲ၌ စနစ်၏ လေးနက်တည်ကြည် စိတ်အားထက်သန်လှသော အသံထွက်ပေါ်လာသည်။


"မစ်ရှင်အတိုလေး ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်..... ပိုင်ရှင်......စနစ်က အဆင့်တက်သွားပြီးတော့ ရရှိမယ့် ဆုများကိုလည်း ဖော်ပြပါမယ်...."


ပုဖန်၏ လှုပ်ရှားမှုများက ရပ်တန့်သွားသည်။သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများက နားရွက်တက်ချိတ်မတက် ကော့တက်သွားလေ၏။ထိုဟင်းပွဲကို ပြောင်းလဲလိုက်ခြင်းက စနစ်အဆင့် တက်သွားစေရန် လုံလောက်သွားပေသည်။


စနစ်အဆင့်တက်သွားခြင်းက အမြဲလိုလို သူ့ကို စိတ်လှုပ်ရှားစေသည်။အဘယ်ကြောင့်ဆိုသော် စနစ်အဆင့် တက်သွားပါက သူ၏ ကျင့်ကြံစဉ်ကလည်း တိုးတက်လာပေလိမ့်မည်။ပုဖန်က သူ၏ စိတ်ထဲမှ စနစ်၏ ဘောင်ကွက်လေးကို ကြည့်ရှူလိုက်သည်။


ပိုင်ရှင်ပုဖန်

အစစ်အမှန်စွမ်းအင် ကျင့်ကြံခြင်း အဆင့် ၇ ( စွမ်းအင်ဖြင့် အရာဝတ္တုများ ဖန်တီးနိုင်သည့် အဆင့်သို့ ရောက်ရှိပြီးပါပြီ ...ဆန်းကြယ်သော ကမ္ဘာထဲ၌ ချက်ပြုတ်ရေး နတ်ဘုရား ဖြစ်လာရန်အတွက် ရှောင်လွှဲရမည့် လမ်းမှာ ခက်ခဲမှုများဖြင့် ပြည့်နှက်နေပေလိမ့်မည်.....အလုပ်ကို ကြိုးစားပါ လူငယ်လေး...)


ချက်ပြုတ်ခြင်း စွမ်းရည် : ကြယ်သုံးပွင့် 


ကျွမ်းကျင်မှုများ : အဆင့် ၂ ကြယ်ပျံ ဖြတ်တောက်ခြင်း နည်းပညာ (၁၀၀/၁၀၀) ၊ အဆင့် ၁ ခုနှစ်စင်ကြယ် အသားလွှာ ထွင်းထုခြင်း နည်းလမ်း (၈၀/ ၁၀၀)


ကိရိယာများ : ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား (နတ်ဘုရားအဆင့် ချက်ပြုတ်ရေး ပစ္စည်း) ၊ မဟူရာလိပ်ခုံး ဒယ်အိုး (နတ်ဘုရားအဆင့် ချက်ပြုတ်ရေး ပစ္စည်း)


ချက်ပြုတ်ရေး နတ်ဘုရားအဆင့် သတ်မှတ်ချက် : အလယ်အလတ် စားဖိုမှူး 


သင့်၏ ချက်ပြုတ်ရေးနည်းပညာမှာ ခြေလှမ်းများများလှမ်းပါမှ နောက်ဆုံး ချက်ပြုတ်ရေး တစ်ပါး ဖြစ်လာပေလိမ့်မည်.။


သင့်ရဲ့ ဖြတ်တောက်ခြင်းနှင့် အသားလွှာထွင်းထုခြင်း နည်းစနစ်တို့၌ အဆင့်မြင့်အဆင့်သို့ ရောက်ရှိနေပေပြီးချက်ပြုတ်ရေး နတ်ဘုရား တစ်ပါးဖြစ်လာရန် လမ်းကြောင်း ပွင့်နေပေပြီ။


စနစ်၏အဆင့် : ကြယ် ခုနစ်ပွင့် (ပြောင်းလဲမှုအချိုး ၁၀၀% )


 သေမျိုးအဆင့် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ချက်ပြုတ်နည်း : နတ်မင်းစွေ့စွေ့ခုန် ချက်ပြုတ်သည့် နည်းလမ်း ၊ နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းအပိုင်းအစ (၁/၃)


မျှော်လင့်ထားသည့်အတိုင်းပင် စနစ်ဘောင်ကွက်ထဲ၌ ပြောင်းလဲမှု ကြီးကြီးမားမားကို တွေ့ကြုံခဲ့ရသည်။သူ၏ ကျင့်ကြံစဉ်က နောက်ဆုံး၌ အဆင့် ၇ သူတော်စင်အဆင့်သို့ ရောက်ရှိခဲ့ပေပြီ။


သူ သူတော်စင် အဆင့်သို့ ရောက်ခါနီး အချိန်၌ ပိတ်ဆို့နေခဲ့သည်မှာ ကြာမြင့်ခဲ့လေပြီ။နောက်ဆုံး၌ အောင်အောင်မြင်မြင်ဖြင့် ချိုးဖောက် တက်ရောက်နိုင်သွားခဲ့ပြီ။


သူ၏ ချက်ပြုတ်ရေးစွမ်းရည်က ကြယ်သုံးပွင့် အဆင့်သို့ရောက်ရှိလာခဲ့ပြီး သူ၏ စိတ်က ပိုကြည်လင် ပိုတောက်ပလာခဲ့သည်။ချက်ပြုတ်ခြင်းနှင့် ပတ်သတ်သည့် မေးခွန်းများစွာကိုလည်း နားလည်သွားပြီး အားလုံး ဖြေရှင်းပြီးသား ဖြစ်သွားသည်။


အလယ်အလတ်အဆင့် စားဖိုမှူး.....


ပုဖန်က ထိုခေါင်းစဉ်ကို စိတ်ဝင်စားသွားသည်။သို့သော်လည်း ပုဖန်ကို ပို၍ စိတ်လှုပ်ရှားမှု အပေးနိုင်ဆုံးမှာ စနစ်၏ အဆင့် မြင့်တက်သွားခြင်းပင် ဖြစ်သည်။


လက်ရှိ စနစ်၏ အဆင့်က ကြယ်ခုနစ်ပွင့် ဖြစ်ပြီး ပြောင်းလဲမှုအချိုးကလည်း (၁၀၀%) ဖြစ်သည်။


(၁၀၀%) ....ပုဖန်က ထိုပြောင်းလဲမှု အချိုးကို မြင်လိုက်သောအခါ၌ သူ့၏ မျက်ဝန်းများ လင်းလက်တောက်ပသွားသည်။


ထိုအဓိပ္ပာယ်က သူ့၏ စီးပွားရေးလုပ်ငန်းမှလ ရရှိသမျှ သလင်းကျောက်များ အားလုံးကို အစစ်အမှန် စွမ်းအင်အဆင့်သို့ ပြောင်းလဲနိုင်ပြီ ဖြစ်သည်။ထိုသတင်းကို ကြားလ်ိုက်ရသော မည်သူမဆို သေချာပေါက် စိတ်လှုပ်ရှားသွား ပေလိမ့်မည်။


"ပိုင်ရှင်ပု...."


ရှောင်ရှောင်လုံက မီးဖိုချောင် တံခါးဝ၌ ငေးကြောင်ကြောင် ဖြစ်နေသော ပုဖန်ကို ကြည့်လိုက်မိသည်။သူ၏ မျက်လုံးများက တွေဝေနေကြသည်။ပုဖန် မည်သည့်အကြောင်းအရာ စဉ်းစားနေမည်မှန်း မည်သူမှ သိနိုင်မည် မဟုတ်ပေ။


ပုဖန်၏ ခံစားချက်မဲ့လှသော မျက်နှာသေပေါ်၌ ထူးဆန်းသည့် အပြုံး တစ်ခု ရှိနေသည်။ထိုအပြုံးက ရှောင်ရှောင်လုံကို တုန်ရီသွားစေသည်။ယခုအချိန်ခဏ၌ ပုဖန်က ကြောက်စရာကောင်းလှသည်ဟု တွေးထင်မိလေ၏။


ထိုအချိန်ခဏ၌ ပုဖန်က ပြန်၍ သတိဝင်လာပြီး သူ့၏ အကြည့်က ရှောင်ရှောင်လုံဆီသို့ ကျရောက်လာသည်။သူက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။


"ဒီနေ့ ဆိုင်ပိတ်ပြီ ....မြန်မြန် အိမ်ကိုပြန်ပြီး အနားယူတော့....."


ထိုစကားကို ကြားလိုက်ရသောအခါ၌ ရှောင်ရှောင်လုံက အံ့အားသင့်သွားသည်။မမျှော်လင့်ထားစွာပင် ယနေ့၌ ပုဖန်က သူ့ကို ချက်ပြုတ်ခြင်းနှင့် အသားလွှာ ထွင်းထုခြင်းကို မလေ့ကျင့်စေချင်ပေ။


မည်သို့ပင် ဆိုဆို ရှောင်ရှောင်လုံက အိမ်ပြန်ပြီး အနားယူရမည့် ကိစ္စနှင့်ပတ်သတ်၍ အထွန့်တက်စရာ အကြောင်းမရှိပေ။သူ့ဖခင်၏ ဒဏ်ရာအတွက် စိုးရိမ်ပူပန်နေလေရာ အိမ်ကို စောစောပြန်ပြီး သူဖခင်ကို ဂရုစိုက်ရခြင်းက ပို၍ ကောင်းသည်ဟုသာ တွေးလိုက်မိသည်။


ထိုကြောင့်သူက ထပ်တွေးတောမနေတော့ပဲ ပုဖန်ကို နှုတ်ဆက်လိုက်ပြီး ကွမ်ရှောင်ယီနှင့်အတူ အိမ်သို့ ပြန်သွားလိုက်သည်။သူတို့ ထွက်ခွာ သွားပြီးနောက် ပုဖန်က ဆိုင်ဖွင့်ချိန် ကုန်သည်အထိခစောင့်နေလိုက်၏။


ဆိုင်ဖွင့်ချိန် ကုန်သွားသည့်အခါမှ ဆိုင်တံခါးပိတ်လိုက်သည်။သူက စနစ်၏ အဆင့်တက်သွားမှုကို အမြန်အဆန်ပဲ စမ်းသပ်ကြည့်ချင်နေပေပြီ။


အဆင့် ၇ သူတော်စင်အဆင့်သို့ ရောက်ရှိပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်၌ ထူးခြားသည့် အော်ရာများကို ခံစားခဲါရသည်။ထိုအရာက ရှောင်မန်နှင့် တစ်ခြားသူတော်စင်အဆင့်များပေါ်၌ ခံစားခဲ့ရသည့် အရာနှင့်တူညီသည်။


ပုဖန်က မည်သည့် သိုင်းပညာ လေ့ကျင့်မှုမှ မရှိသော်လည်း သူ၏ ခန္ဓာကိုယ်က ပို၍ သန်မာလာသည်ဟု ခံစားရသည်။စနစ်၏ အဆင့် မြင့်တက်သွားပြီးနောက် သူ၏ စွမ်းအင်နှင့် ခန္ဓာကိုယ် အင်အားက ပို၍ သန်မာလာခဲ့သည်။


ထိုအချင်းအရာက သူ့ကို များစွာ အထောက်အကူ ပြုပေ၏။သူ ဖြတ်တောက်ခြင်း နည်ူပညာ အသုံးပြုရာတွင် ပို၍ လွယ်ကူလာပေပြီ။


ထို့အပြင် သူ၏ ဖြတ်တောက်ခြင်း နည်းပညာက မဝေးတော့သော အနာဂတ်တွင် ပြောင်းလဲမှု ကြီးကြီးမားမားနှင့် တွေ့ကြုံရတော့မည်ဟု ခံစားနေမိသည်။


သူ့၏ စွမ်းအင်အဆင့် မြင့်တက်လာမှုနှင့်အတူ သူ့၏ ချက်ပြုတ်ရေးစွမ်းအင်ကလည်း မြင့်တက်လာခဲ့သည်။ပုဖန်က အဆင့် ၂ ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာက သူ၏ လက်ရှိ လိုအပ်ချက်နှင့် မကိုက်ညီတော့သလိုပင် ခံစားခဲ့ရသည်။


"စနစ်က ပေးတဲ့ဆုထဲမှာ နတ်ဘုရားအဆင့် ချက်ပြုတ်ရေး ပစ္စည်း အပိုင်းအစတစ်ခု ပါဝင်နေသေးတယ်.....အဲ့ဒီတော့ ငါသံသယရှိနေသလိုပဲ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ၊ မဟူရာလိပ်ခုံး ဒယ်အိုးတို့လိုမျိုး နောက်ထပ် နတ်ဘုရားတစ်ပိုင်းအဆင့် ပစ္စည်းရှိသေးတာပေါ့....."


ထိုအရာများ အားလုံး စဉ်းစားတွေးတော ပြီးသည့်နောက် ပုဖန်က သူ၏ ဟင်းပွဲအသစ်ကိုသာ အာရုံ စိုက်ထားလိုက်သည်။ထိုဟင်းပွဲက သူနှင့် တော်တော်လေး ရင်းနှီးကျွမ်းဝင်မှု ရှိသည်။


ထိုနတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲက သူ့၏ အရင်ကမ္ဘာ၌ ကျော်ကြားသည့် ဟင်းပွဲ တစ်ပွဲ ဖြစ်သည်။


"စနစ် ...ဘာလို့ ဒီနတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကို သေမျိုးအဆင့် ဆိုပြီး ခွဲထားတာလဲ..."


ပုဖန်က စနစ်ကို မေးလိုက်သည်။


"ဒီနတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကို အပိုင်းနှစ်ပိုင်း ခွဲထားတယ်...သေမျိုးအဆင့်နှင့် ကောင်းကင်ဘုံအဆင့်.....ဒီဟင်းပွဲက ပါဝင်ပစ္စည်းတွေအပေါ်မှာ လိုအပ်ချက်တွေက်ို တင်းကျပ်ထားတယ်....သေမျိူးအဆင့်နှင့် ကောင်းကင်ဘုံ အဆင့်ကြား ခြားနားချက်ကတော့ ပါဝင်ပစ္စည်း အသုံးပြုတဲ့နေရာမှာ ခြားနားတာပဲ .....ပြီးတော့ အဲ့ဒီသေမျိုးအဆင့်နှင့် ကောင်းကင်ဘုံ အဆင့်ကို ချက်ပြုတ်တဲ့နေရာမှာ လိုအပ်ချက်တွေကလည်း အရမ်းကွဲပြားခြားနားတယ်....."

စနစ်က ပြောလိုက်သည်။


ပုဖန်က ထိုအကြောင်းအရာကို ခဏမျှ တွေးတော စဉ်းစားနေလိုက်သည်။သေမျိုးအဆင့် နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲက ပထမအဆင့် အဆင့်နိမ့် အခြေအနေ ဖြစ်နေသည်။


ထို့ကြောင့် လိုအပ်သည့် ပါဝင်ပစ္စည်းများကလည်း အဆင့်နိမ့်ပါဝင်ပစ္စည်းများသာ ဖြစ်ရပေမည်။သို့သော်လည်း သူ့၏ အရင်က စွမ်းအင်က ထိုနတ်မင်းစွေ့စွေခုန် ဟင်းပွဲကို ပြင်ဆင်ရန် လိုအပ်ချက်နှင့် မကိုက်ညီကြောင်း ထင်ရှားလှသည်။ဒါက တော်တော်ကို စိတ်ဝင်စားစရာ ကောင်းလှ၏။


ထို့အပြင် နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲတစ်မျိုးတည်းမှာပင် အဆင့်နှစ်ဆင့် ကွဲပြားခြားနားနေသေးသည်။ပုဖန်က ထိုအချင်းအရာကို တကယ့်ကို စိတ်ဝင်စားနေမိသည်။


စဉ်းစားပြီးသည့်နောက် ပုဖန်က မီးဖိုချောင်ဘက်ဆီသို့ သွားလိုက်သည်။သူ့၏ အချက်အပြုတ်စွမ်းရည်ကို တိုးမြှင့်ပြီးသည့်နောက် ပုဖန်က တိုးတက်လာသည့် အခြေအနေကို ကြည့် ရှုရန်အတွက် ဟင်းပွဲတစ်ချို့ကို ပြင်ဆင်လိုက်သည်။


ဟင်းပွဲ၏ အနံ့နှင့်အရသာက နောက်ထပ်အဆင့်တစ်ဆင့်ထိ မြင့်တက်သွားပြီး ပုဖန် မျှော်လင့်ချက်ဖြင့်ပင် ကျော်လွန်နေသည်။ထို့အပြင် သူ့၏ ဖြတ်တောက်ခြင်းနည်းစနစ်ကလည်း သဘာဝကျကျပင် အလွယ်တကူ အသုံးပြုနိုင်လာခဲ့သည်။


သဘာဝကျကျဆိုသည်မှာ ထမင်းစား ရေသောက်ကဲ့သို့ အလွယ်တကူ အသုံးပြုနိုင်ခြင်းကို ဆိုသည်။သူ့၏ ချက်ပြုတ်ရေး စွမ်းရည် တိုးမြှင့်လာခြင်းကို သူ အကျေနပ်ဆုံးပင် ဖြစ်သည်။


ပုဖန်က ခဏမျှ လေ့ကျင့်ချက်ပြုတ်ပြီးနောက် သူ့၏ အခန်းဆီသို့ ပြန်သွားလိုက်သည်။သူ ရေနွေးနွေးဖြင့် ရေချိုးပြီးနောက် ဆံပင်ရေစိုအတိုင်း ရေချိုးခန်းထဲမှ ထွက်လာလိုက်သည်။


ရုတ်တရက် စနစ်၏ အသံက သူ၏ စိတ်ထဲ၌ ထွက်ပေါ်လာသည်။


"ကြားဖြတ် မစ်ရှင် .....ကောင်းကင် ကမ္ဘာမြေမီးတောက်ကျောက်ကို ရယူပါ....သုံးရက်ကြာပြီးနောက် စတင်ပါလိမ့်မယ်....ကောင်းကင် ကမ္ဘာမြေ မီးတောက်ကျောက် ရရှိနိုင်မည့် နေရာကို အစားအသောက် လမ်းညွှန်မြေပုံ၌ ဖော်ပြပါလိမ့်မယ်.....သင့်၏ အထွဋ်အထိပ်အခြေအနေ၌ ကောင်းကင် ကမ္ဘာမြေ မီးတောက်ကို ရယူနိုင်ရန်အတွက် ကျေးဇူးပြုပြီး ပြင်ဆင်ထားပေးပါ......ကောင်းကင် ကမ္ဘာမြေ မီးတောက်ကျောက် တောင်စဉ်တစ်ထောင် တောင်တန်း၌ ပေါ်ထွက်လာမည်...."