အခန်း ၃၃၅
မင်းတို့က ငါ့ဟင်းချက်စရာတွေကို လာလုတာလား..
တောင်စဉ်တစ်ထောင်တောင်တန်း၏ မှောင်မိုက်လှသော တောအုပ်အတွင်း သစ်ရွက်များ ပွတ်တိုက်သံ ဆူညံစွာ ထွက်ပေါ်လာပြီးနောက် များပြားလှသော နတ်ဆိုးဝံပုလွေများ ပေါ်ထွက်လာသည်။ထိုသားရဲများ၏ မျက်ဝန်းများက အစိမ်းရောင် တောက်ပနေသည်။
သူတို့၏ မျက်ဝန်းထဲ၌ လောဘအငွေ့အသက်များနှင့် သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေကာ ပုဖန်ကို စူးစူးရဲရဲ ကြည့်နေကြသည်။
ခြောက်သွေ့နေသော သစ်ရွက်ကြွေများ၏ အလယ်မြေပြင်ပေါ်၌ ဒယ်အိုးအောက်၌ မီးတောက်များက ယိမ်းနွဲ့လှုပ်ရှားနေသည်။ဒယ်အိုးထဲ၌ ချက်ပြုတ်ထားသော မြွေအသားမှ အပူငွေ့လေးများကလည်း တလှိုင်လှိုင် ထွက်ပေါ်နေသည်။
ထိုအိုးထဲမှာပင် ချက်ပြုတ်ထားသော နဂါးသွေးဆန်မှာလည်း သိပ်သည်းလှသော မွှေးရနံ့များကို ထုတ်လွင့်ပေးနေသည်။
ပုဖန်က အပြာရောင်လိုင်းများပါသည့် ကြွေဇွန်းကို တစ်ဖက်ကကိုင်ထားပြီး မြွေသားလုံး နဂါးသွေးဆန်ပြုတ်ပါသည့် ပန်းကန်လုံးကို နောက်လက်တစ်ဖက်ဖြင့် ကိုင်ထားသည်။
သူကနေရာမှာပင်ရပ်၍ ထိုဝံပုလွေအုပ်ကို စူးစိုက်ကြည့်နေသည်။ထိုနတ်ဆိုးသားရဲ ဝံပုလွေများက အဘက်ဘက်မှနေ၍ သူ့ကိုဝိုင်းရံထားလေ၏။
ထိုနတ်ဆိုးဝံပုလွေစိမ်း များက အဆင့် ၅ မျှသာ ရှိသည်။သို့သော်လည်းဟထိုဝံပုလွေအုပ်က တောင်စဉ်တစ်ထောင်တောင်တန်းသို့ ဝင်လာသူတိုင်းအတွက် အိမ်မက်ဆိုးပင် ဖြစ်သည်။
ဝံပုလွေစိမ်း တစ်ကောင်က ပြောပလောက်စရာမဟုတ်သော်လည်း ဝံပုလွေ တစ်အုပ်ဆိုလျှင်တော့ စွန့်စားသူများအတွက် အိမ်မက်ဆိုး ဖြစ်သွားပေမည်။
ထိုဝံပုလွေများက အကြိမ်များစွာ တိုက်ခိုက်ခဲ့ဖူးသောကြောင့် ကြောက်ရွံ့ခြင်းမရှိကြပေ။သူတို့၏ တိုက်ခိုက်မှုများကလည်း စနစ်တကျရှိလှသည်။သူတို့က စနစ်တကျလေ့ကျင့်သင်ကြားထားသော စစ်သည်တော်များနှင့်ပင် တူညီသည်။
သူတို့က စည်းကမ်းတကျရှိသော စစ်သည်တော်များ၏ ပုံစံအတိုင်း ပြုမူလေ့ရှိသည်။သူတို့က သူတို့လိုချင်ရာအရာကို မည်ကဲ့သို့ ဖိအားပေးရမည်ဆိုသည်ကိုလည်း သိရှိပေသည်။ထို့အပြင် သူတို့က စိတ်ရောကိုယ်ပါ ညှင်းပန်းရမည့် နည်းလမ်းများကိုလည်း သိရှိသည်။
သူတို့၏ သားကောင်က နောက်ဆုံး သူတို့ပါးစပ်ထဲမှ အစာဖြစ်လာရမည့် နည်းလမ်းတစ်ခုသာရှိလေသည်။ဝံပုလွေစိမ်း အုပ်စုက အကယ်၍ သူတို့ဆာလောင်နေမည်ဆိုလျှင် အဆင့် ၇ သားရဲကိုပင် အမဲလိုက်၍ စားသုံးပေလိမ့်မည်။
တောင်စဉ်တစ်ထောင်တောင်တန်းသို့ ဝင်ရောက်လာကြသော စွန့်စားသူမည်သူမှ ဝံပုလွေစိမ်းအုပ်စုကို မတွေ့ချင်ကြပေ။ပုဖန်သည်လည်းပဲ သူ့ကိုပတ်လည် ဝိုင်းရံထားသော ဝံပုလွေစိမ်းများကြောင့် အံ့အားသင့်သွားသည်။သူပန်းကန်လုံးကို ပင့်ယူလိုက်ပြီး အသားနှင့် ဆန်ပြုတ်တစ်ဇွန်းခပ်ယူလိုက်သည်။
သေချာစွာ ချက်ပြုတ်ထားသော ဆန်ပြုတ်နှင့် ပျော့အိနူးညံ့လှသော မြွေသားက အလွန်ပင် အရသာရှိသည်။မြွေသားဖတ်လေးများက သူ့၏ ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် ခုန်ပေါက်နေသလိုပင် ခံစားလိုက်မိသည်။
ပန်းကန်မှ သင်းပျံ့သော ရနံ့လေးများက အဆက်မပြတ်ကို ထွက်ပေါ်နေသည်။ဆန်ပြုတ်ထဲတွင် မြွေသားအများကြီး မပါသော်လည်း မြွေသားအနှစ်သာရများက ပန်းကန်လုံး တစ်ခုလုံး ပြည့်နှက်နေသည်။
မြွေသား အနှစ်သာရက အလွန် အစွမ်းထက်လှသောကြောင့် ရနံ့ကလည်း ပို၍ ပြင်းထန်သည်။ထိုရနံ့သင်းသင်းက ပုဖန်၏ အစာစားချင်စိတ်ကို အလွန်အမင်း ဆွဲဆောင်နေပေသည်။
သူ့၏ ပတ်လည်၌ ဝံပုလွေစိမ်းများ ဝန်းရံနေသော်လည်း ပုဖန်က မြွေအသားလုံး နဂါးသွေးဆန်ပြုတ်ကို ဆက်၍ စားနေသည်။
ပုဖန်ကို စူးစိုက်ကြည့်နေကြသော ဝံပုလွေအုပ်ကြီးက လေထဲမှ မွှေးရနံ့များကိုလည်း တရှူံ့ရှူံ့အနံ့ခံလိုက်သည်။မွှေးပျံ့လှသော ရနံ့များကြောင့် သရေများကျဆင်းလာပြီး မြေပေါ်တတောက်တောက် ကျနေ၏။ပါးစပ်အဟောင်းသား ပွင့်နေသောကြောင့် သွားအတန်းလိုက်ကိုပင် မြင်နေရသည်။
သူတို့က ပုဖန်ကို အစာအဖြစ်သတ်မှတ်ထားသလို သူ့လက်ထဲမှ ဆန်ပြုတ်ပန်းကန်ကိုလည်း အစာအဖြစ် သတ်မှတ်ထားသည်။
"ဘယ်လိုဖြစ်လို့ တောထဲကနေပြီး ပါဝင်ပစ္စည်းတွေ အများကြီး ထွက်လာတာလဲ.....ဝံပုလေသားရဲ့အရသာက ဘယ်လိုနေမလဲလို့ ငါသိချင်လာပြီ......"
ဝံပုလွေများ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာပင် ပုဖန်၏ မျက်နှာပေါ်၌ ကြောက်ရွံ့မှု အရိပ်အယောင်ပင် မရှိပေ။ထို့အစား သူတို့ကိုကြည့်နေသော ထိုလူသား၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့်သာ ပြည့်နှက်နေသည်။ထိုအကြည့်က သားကောင်ကို ကြည့်သော မုဆိုး၏ အကြည့်နှင့် တူသည်။
ပုဖန်၏ အကြည့်ကြောင့် သူတို့ မျှော်လင့်ထားသမျှ လုံးဝ ပျက်သုဉ်းသွားသည်။ရုတ်တရက် ဝံပုလွေအူသံတစ်ခု ထွက်ပေါ်လာသည်။တစ်ခြား ဝံပုလွေများအားလုံးကလည်း ခေါင်းကိုမော့၍ ကျယ်လောင်စွာ အူလိုက်ကြသည်။
သံပြိုင်အူလိုက်သော ဝံပုလွေများ၏ အသံက သာယာသည့် တေးဂီတသံတစ်ခုကဲ့သို့ပင် ပုဖန်၏ နားထဲသို့ စီးဝင်သွားသည်။
စည်းချက်ညီလှသော အသံဖြစ်သော်လည်း ထိုအသံက တိုက်ခိုက်ရန် အချက်ပြခြင်း ဖြစ်ကြောင်းကိုလည်း ပုဖန်သိပေသည်။ထိုအော်မြည်သံက သူတို့၏။ ရန်သူကို မည်သို့ ခုခံမည်ဟူ၍ အစီအစဉ်ချခြင်းလည်းဖြစ်သည်။
ပုဖန်က သူတို့၏ အူသံကို နားထောင်ရင်း နောက်ထပ် ဆန်ပြုတ်တစ်ဇွန်း ခပ်စားလိုက်သည်။သူစားပြီးသည်နှင့် နှုတ်ခမ်းသားများကိုပါ လျှာဖြင့်သပ်လိုက်၏။
ဂရား......
ပုဖန်၏ အကြောက်အရွံ့မဲ့မှုက ထိုဝံပုလွေများကို ပို၍ စိတ်ဆိုးသွားစေသည်။အလွန်အမင်း ဒေသထွက်နေပြီဖြစ်သော ဝံပုလွေတစ်ကောင်က သူ့၏ လက်သည်းများဖြင့် မြေပြင်ကို ကုတ်ခြစ်လိုက်ပြီး ပုဖန်ဆီသို့ ကြောက်စရာအရှိန်ဖြင့် တိုးဝင်သွားလေသည်။
ကျန်ဝံပုလွေများအားလုံးကလည်း ပုဖန်ကို ချေမှုန်းရန်အတွက် စနစ်တကျ စီစဉ်ထားသည့်အတိုင်း ပြေးဝင်သလိုပင် ထင်ရသည်။ထိုမြင်ကွင်းကို မြင်လိုက်ရသော မည်သူမဆို အံ့သြထိတ်လန့်သွားပြီး မြေပေါ်တွင် လဲပြိုကျသွားပေလိမ့်မည်။
ဝံပုလွေများက ပုဖန်ဆီသို့ တဟုန်ထိုး ပြေးဝင်လာသော်လည်း သူ့ကို ချက်ချင်း တွန်းတိုက်လိုက်ခြင်း မပြုကြပေ။သူတို့က ပုဖန်က အလယ်မှ ထား၍ စက်ဝိုင်းပုံသဏ္ဍာန်လှည့်လည်၍ ချောင်းမြောင်းနေသည်။သူတို့က သူတို့၏ အစားအစာကို အရင်ဆုံး စိတ်ဓာတ်ပျက်ပြားအောင် လုပ်ဆောင်နေပေ၏။
ပုဖန်က နောက်ဆုံးကျန်နေသည့် ဆန်ပြုတ်တစ်လုတ်စာကို သောက်လိုက်ပြီးနောက် ပန်းကန်ကို ပြန်ချထားလိုက်သည်။ထို့နောက် သူ့ပတ်လည်တွင် ဝိုင်းရံထားသော ဝံပုလွေအုပ်ကြီးကို တုန့်ပြန်ကြည့်လိုက်၏ သူ့၏ အမူအရာက တဖြေးဖြေးချင်း လေးနက် တည်ကြည်လာ၏။
မည်သည့်နေရာကမှန်းမသိသော နဂါးတစ်ကောင်၏ ဟိန်းဟောက်သံထွက်ပေါ်လာပြီး အစိမ်းရောင် မီးခိုးငွေ့များက သူ့၏ ပတ်လည်တွင် ရစ်ဝဲနေသည်။ပုဖန်၏ လက်ထဲသို့ အနက်ရောင်အရိုးနှင့် မီးဖိုးချောင်သုံး ဓားရောက်လာ၏။
ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ဆွဲကိုင်ထားသမျှ ကာလပတ်လုံး ပုဖန် မည်သည့်အရာကိုမှ ကြောက်ရွံ့ခြင်းမရှိပေ။ရွှေနဂါးအရိုးမီးဖိုချောင်သုံး ဓား ရှိလျှင် အရာရာတိုင်းက နောက်ဆုံး၌ သူ့၏ ပါဝင်ပစ္စည်းများပင် ဖြစ်လာရပေမည်။ထိုဝံပုလွေအုပ်ကြီးကလည်း သူ့အတွက် ဟင်းချက်စရာများ ဖြစ်လာပေလိမ့်မည်။
ပုဖန်က သူ့၏ အစွမ်းကို ပြသပြီး အရှေ့မှာရှိနေသော ပါဝင်ပစ္စည်းများကို ရိတ်သိမ်းရန် ကြံလိုက်စဉ်မှာပင် တောင်အတွင်းပိုင်းဆီမှ လေတိုးသံများ ထွက်ပေါ်လာသည်။
ထိုအသံက မြှားများ လေကိုခွင်းလာသည့် အသံဖြစ်သည်။အစစ်မှန်စွမ်းအင် တောက်ပနေပြီး မြောက်များလှစွာသော မြှားများက ဝံပုလွေအုပ်ရှိရာဆီသို့ ရောက်ရှိလာလေသည်။
ထိုမြှားများက ဝံပုလွေစိမ်းများ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး မြေပြင်ပေါ် စိုက်ဝင်သွားသည်။ဝံပုလွေစိမ်းများက နာနာကျင်ကျင်အော်ဟစ်လိုက်ပြီး မြေပေိါသို့ လဲကျသွားလေ၏။သူတို့၏ ခန္ဓာကိုယ်မှ သွေးများကလည်း အဆက်မပြတ် ယိုစီးကျလာ၏။
ဝံပုလွေစိမ်းများ၏ သွေးနံ့က လေထဲသို့ တမဟုတ်မချင်း ပြန့်နှံ့သွားသည်။သူတို့၏ အစိမ်းရောင် မျက်ဝန်းများကလည်း ရဲရဲနီသွား၏။ထိုဝံပုလွေများက ပုဖန်ကို ရက်စက်ကြမ်းကြုတ်သည့် အကြည့်များဖြင့် ကြည့်ရှူနေကြသည်။
ဂရား......
သူတို့ကို တိုက်ခိုက်သည့်သူကို ရှာမတွေ့နိုင်သောကြောင့် ပုဖန်ကိုသာ သတ်ဖြတ်ရန် ကြံစည်လိုက်ကြသည်။ဒီတစ်ကြိမ်၌ သူတို့က လှည့်လည် ချောင်းမြောင်းမနေတော့ပဲ ပုဖန်ကို တိုက်ရိုက်တိုက်ခိုက်လိုက်ကြသည်။
လေကြိုးဆွဲတင်သံ နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။ထို့နောက် အမှောင်ထဲမှနေ၍ တောက်ပသော အလင်းပြများက ဝံပုလွေများဆီသို့ နောက်တစ်ခေါက်ရောက်ရှိလာပြန်၏
မြှားပစ်သူ၏ အရည်အချင်းက အတော်ကောင်းမွန်လှ၏ မြှားတစ်စင်းဆီတိုင်းမှာ သူတို့၏ ပစ်မှတ်ကို တိတိကျကျထိမှန်သွားပြီးနောက် ဝံပုလွေများ၏ သွေးက မြေပေါ်တွင် ရဲရဲနီသွားသည်။
ပုဖန်က မှောင်မဲနေသော တောအုပ်ဘက်သို့ တစ် ချက် ကြည့်လိုက်သည်။အဘယ်ကြောင့် ဝံပုလွေများကို မြှားဖြင့် ပစ်ခတ်နေသည်ကို သူမသိပေ။
ဝှစ်....
အသံတစ်သံနှင့်အတူ တောအတွင်းမှ လူများ ခုန်ထွက်လာသည်။သူနှင့် သိပ်မဝေးသော ကြီးမားသည့် ပင်စည်တစ်ခု၏ ရှေ့၌ ပုံရိပ်သုံးရိပ်ပေိါလာသည်။
မြှားက လေကြိုးကို ဆွဲတင်လိုက်ပြီး ပုဖန်ဆီသို့ ချိန်ရွယ်လိုက်သည်။ထိုသူတို့၌ အလွန်အမင်းအားကောင်းသည့် အော်ရာများရှိပြီး ပုဖန်ကို ထူးခြားသည့် ခံစားချက်မျိုး ပေးစွမ်းလေသည်။
သူတို့သုံးယောက်၏ ဝတ်ရုံရှည်ပေါ်၌ ဘုရားပုံစံ အသေးလေးတစ်ခုပါရှိနေသည်။ထိုအမျိုးသားနှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်က အဖွဲ့အစည်း တစ်ခုထဲမှပင် ဖြစ်ပေလိမ့်မည်။ထိုသူ သုံးယောက်က ဝံပုလွေအလောင်းများ အလယ်၌ ရပ်နေသော ပုဖန်ကို သေချာစွာ ကြည့်နေကြသည်။
ပုဖန်ကို ကြည့်နေသော သူတို့၏ အကြည့်များက ထူးဆန်းနေပေသည်။သူတို့က သေမှာ မကြောက်သည့်သူကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ထိုသူက မည်မျှပင် အကြောက်အလန့်ကင်းသောကြောင့် တောင်စဉ်တစ်ထောင် တောင်တန်းသို့ တစ်ယောက်တည်း ဝင်လာရဲသနည်း......ထိုသူက သေချင်နေတာလား.....
ဂရား.....ဂရား.....
နောက်ထပ်မာန်ဖီသံများ ထွက်ပေါ်လာသည်။ပုဖန် ထိုသုံးယောက်ကို အကဲခတ်ကြည့်ရှူနေတုန်းမှာပင် ဝံပုလွေစိမ်ူတစ်ကောင်က ပုဖန်ဆီသို့ တိုးဝင်လာသည်။သူ့၏ အစွယ်များကို ဖြဲ၍ လက်သည်းချက်များကို ဖြန့်လိုက်သည်။
ထိုဝံပုလွေက ပုဖန်ကို သတ်ဖြတ်ရန် အဆင်သင့် ဖြစ်နေသကဲ့သို့ ပါးစပ်ကို ဖွင့်ဟလိုက်လေ၏။
"ဒီသားရဲကတော့ သေချင်နေတာပဲ....."
သစ်ပစ်ပေါ်တွင် ရပ်နေသော အမျိုးသားက မျက်ခုံးပင့်လိုက်သည်။သူက ပုဖန်၏ မျက်နှာပေါ်မှ မတုန်မလှုပ်အေးစက်သော အမူအရာများကို တွေ့နေရပေ၏။ထို့နောက်သူ လေးကြိုးကိုဆွဲတင်ပြီး ပုဖန်ကို တိုက်ခိုက်ရန် ပြင်နေသည့် ဝံပုလွေဆီသို့ မြှားတစ်စင်းပစ်လွှတ်လိုက်၏။
လေကိုခွင်းလာသော တောက်ပလှသည့် မြှားက ဝံပုလွေကို ထုတ်ချင်းပေါက် စိုက်ဝင်သွားပြီး မြေပေါ် ထိုးစိုက်သွားလေ၏။
ထိုဝံပုလွေက သဲ့သဲ့လေးသာ အော်နိုင်လေ၏။ပုဖန်က မြေပေါ်လဲကျသွားသော ဝံပုလွေကို အေးဆေးစွာ ကြည့်လိုက်ပြီးနောက် သစ်ပင်ပေါ်၌ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသော လူသုံးယောက်ကို ကြည့်လိုက်သည်။ထို့နောက်သူ မျက်မှောင်ကြုတ်လိုက်မိ၏။
"ဒါက ဘာသဘောလဲ .....သူတို့က ငါ့ရဲ့ ဟင်းချက်စရာတွေကို လာလုတာလား......"
တစ်ခြားကျန်ရှိနေသည့် ဝံပုလွေများက ကြမ်းတမ်းစွာ အူလိုက်ကြပြီး ပြန်လည် ဆုတ်ခွာ သွားကြသည်။
ဖြန့်ကျဲ့နေသော လေထုက ပြန်လည်၍ ပုံမှန်အတိုင်းဖြစ်သွားပြီး အေးစက်တိတ်ဆိတ်နေပေသည်။သစ်ပင်ပေါ်မှ ပုံရိပ်သုံးရိပ်က မြေပေါ်သို့ ခုန်ချလာပြီး ပုဖန်ရှိရာဆီသို့ လျောက်လာ၏။
"မင်းက တောင်တန်းအပြင်ဘက် ရွာတွေကလား......ဘယ်လိုဖြစ်ပြီး တောင်စဉ်တစ်ထောင် တောင်တန်းကို တစ်ယောက်တည်း လာရဲတာလဲ......ဒီနေရာက မင်းတို့လို လူမျိုးတွေ လာရမယ့် နေရာမဟုတ်ဘူး......"
ခတ်ထန်သော လူတစ်ယောက်က ပုဖန်ကို အေးစက်စွာ အော်ဟစ်လိုက်သည်။သူ၏ ရှေ့မှ ထိုကောင်စုတ်လေးက အလွန်အင်အား ကြီးနည်းလှပေ၏။ကျန်သည့် လူနှစ်ယောက် ခပ်ဖြော့ဖြော့ပြုံး၍ ပုဖန်ကို စူးစိုက်ကြည့်နေ၏။
"မင်းတို့က ငါ့ရဲ့ ပါဝင်ပစ္စည်းတွေကို လာလုတာလား....."
ပုဖန်က သူတို့ကို တစ်ဖန် ပြန်လည်၍ မေးခွန်းထုတ်လိုက်သည်။
"ပါဝင်ပစ္စည်း....ဘာပါဝင်ပစ္စည်းလဲ....."
ထိုသုံးယောက်က ဇဝေဇဝါဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ထို့နောက် ဝံပုလွေသေများကို လှမ်းကြည့်မိလိုက်ကြပြီး မျက်ခုံး ပင့်လိုက်မိကြ၏။
"အာ.....နင်က ဒီဝံပုလွေစိမ်းတွေအကြောင်းကို ပြောနေတာလား....ဟမ်း..ငါတို့က နင့်ကိုလာကယ်တာလေ......"
စေတီပုံအသေးလေးပါသော ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသည့် အမျိုးသမီးက ရယ်ချင်စိတ်ကို အောင့်ထားသည့် မျက်နှာဖြင့် ပုဖန်ကို ကြည့်လိုက်သည်။
"ပါဝင်ပစ္စည်း.....ပါဝင်ပစ္စည်းဟုတ်လား....မင်းလို သေမျိုးတစ်ယောက်နဲ့ ဘယ်သူက ဒီပါဝင်ပစ္စည်းတွေအတွက် တိုက်ခိုက်နေမှာလဲ.....ထားပါတော့ သေမျိုးမသေမျိုးဆိုတာကို ထားလိုက်ဦး ....ဒီဝံပုလွေစိမ်းရဲ့ အရသာက ဘယ်လောက်ကောင်းမှာမို့လို့လဲ....ဘယ်သူမှ အဲ့ဒီအတွက် တိုက်ခိုက်မှာမဟုတ်ဘူး......မင်းက ဝံပုလွေတွေကို ကြောက်ကြောက်ရွံ့ရွံ့ကြည့်နေတာ မဟုတ်ဘူးလား.....မင်ူကသာ ပါဝင်ပစ္စည်းဖြစ်နေတာလေ......"
"အာ......ငါကို ကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ....ဒါပေမယ့် ဒီဝံပုလွေတွေကိုတော့ ငါ့အတွက် ထားခဲ့လိုက်....."
သူ့၏ ပါဝင်ပစ္စည်းကို လာလုသည့်သူ မဟုတ်သရွေ့ အားလုံး အဆင်ပြေပေသည်။ပုဖန်၏ လက်ထဲမှ မီးဖိုချောင်သုံးဓားက အစိမ်းရောင်မီးခိုးငွေ့များအဖြစ် ပြန်လည်ပြောင်းပြီး ပျောက်ကွယ်သွားသည်။ထို့နောက် ပုဖန်က ဝံပုလွေသေတစ်ကောင်ကို ဆွဲယူလိုက်ပြီး မီးဖိုရှိရာဆီသို့ သွားလိုက်သည်။
သူမက ပုဖန်၏ အပြုအမူကြောင့် ဒေါသထွက်သွားသည်။
"ဒီလူက ဘယ်လိုဖြစ်လို့ အဲ့ဒီလောက်တောင် ရိုင်းစိုင်းနေတာလဲ ....ငါတို့က သူကို ကယ်ခဲ့တာလေ ....."
"စီနီယာအမ..... အဲ့ဒီအိုးထဲက အနံ့က တော်တော်လေး မွှေးတယ်လို့ မထင်ဘူးလား....."
ပို၍ ငယ်ရွယ်ပုံရသော လူတစ်ယောက်က သူ့၏ နှာခေါင်းကို ရှူံ့ပွရှူံ့ပွ လုပ်လိုက်သည်။သူ့၏ တောက်ပြောင် လင်းလက်နေသော အကြည့်များက မီးပုံပေ့်ရှိ မြွေအသားလုံး နဂါးသွေးဆန်ပြုတ်အိုးဆီသို့ ကျရောက်သွားသည်။
သူ့၏စကားကို ကြားသောအခါ စီနီယာအမကလည်း နှာခေါင်းရှူံ့လိုက်သည်။သူမ၏ မျက်ဝန်းများကလည်း အနည်းငယ်ဝိုင်းစက်သွား၏။
"ဒါက တကယ်ကို မွှေးတယ်...."
"စီနီယာအမ....ငါတို့အဲ့ဒီမှာ သွားစားရအောင် ...ငါတို့က သူ့ကို ကယ်ခဲ့တာပဲလေ...အဲ့ဒါက်ို ငါတို့ ကယ်ပေးငွေ အဖြစ် သတ်မှတ်လိုက်မယ်....."
ထိုလူငယ်က ပြောလိုက်ပြီးနောက် စပ်ဖြဲဖြဲ အမူအရာဖြင့် ပုဖန်၏ ဘေးသို့ လျှောက်သွားလိုက်သည်။ထိုမြင်ကွင်းကို မြင်လိုက်ရသော စီနီယာအမက ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။သူ့၏ ဂျူနီယာ မောင်ငယ်လေးက အစားသရဲ ဖြစ်ကြောင်း သူမ ကောင်းစွာသိပေသည်။
သူတို့ သုံးယောက်လုံး ပုဖန်ဆီသို့ လျှောက်သွားလိုက်ပြီး မီးပုံကို ဝိုင်းရံထားလိုက်သည်။ပုဖန်က ထူးထူးဆန်းဆန်း အမူအရာဖြင့် သူတို့ကို စူးစိုက်ကြည့်နေ၏။
"ဒါက ဘာအဓိပ္ပါယ်လဲ....မင်းတို့ ငါ့ရဲ့ ပါဝင်ပစ္စည်းတွေကို မလူဘူးလို့ မပြောခဲ့ဘူးလား......"
"ကောင်လေး....ဒီတောင်စဉ်တစ်ထောင်တောင်တန်းက ဘယ်လောက်တောင် အန္တရာယ်များတယ်ဆိုတာဟမသိဘူးလား ....မင်းမနက်မိုးလင်းတာနဲ့ ထွက်သွားသင့်တယ်....ဒါမင်းနေသင့်တဲ့ နေရာမဟုတ်ဘူး....."
ခတ်ထန်ပုံရသော လူကြီးက ပြောလိုက်သည်။
"ဝိုး....စီနီယာအကိုကြီး ဒီဆန်ပြုတ်က တကယ်ကို အရသာရှိတယ်....."
အစားသရဲလူငယ်က ကြားဖြတ်ပြောလိုက်သောကြောင့် အကိုကြီးက သူ့၏ စကားကို စုံအောင် ဆက်မပြောနိုင်တော့ချေ။သူက ဆန်ပြုတ်ကို ပလုတ်ပလောင်းစားနေသော လူငယ်ကို စိုက်ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်လောက်တောင် အရှက်မဲ့လိုက်တာလဲ...."
"မင်းရဲ့အပြုအမူကို ပိုပြီးတော့ ဂရုစိုက်သင့်တယ်.... မင်းက ငါတို့ရဲ့ ကြည်လင်ကောင်းကင်ဘုရားကျောင်းကို အရှက်ခွဲနေတာကို ရပ်လိုက်တော့......"
ထိုခတ်ထန်သော အကိုကြီးက မကျေမနပ်ဖြင့် ပြောလိုက်သည်။
ထိုလူငယ်၏ အမူအရာက ချက်ချင်းပင် တောင့်တင်းသွားပြီး သူအရှက်ရစွာဖြင့် ထိုင်ချလိုက်သည်။သူတို့သုံးယောက်သား ပုဖန်ဘေး၌ အချိန်ခဏမျှ ထိုင်နေကြသည်။
ထို့နောက် ရုတ်တရက် ခတ်ထန်သော အကိုကြီး၏ အမူအရာက ပြောင်းလဲသွားပြီး တောက်ပနေသော ကျောက်စိမ်းဆွဲကြိုးကို ထုတ်ယူလိုက်ကု မတ်တကမထရပ်လိုက်သည်။
"အကြီးအကဲက ငါတို့ကို ဆင့်ခေါ်နေပြီ....မြန်မြန်သွားရအောင်....."
ခတ်ထန်သောလူက မျက်မှောင်ကြုတ်၍ ပုဖန်ကို လှည့်ကြည်ပြီး ပြောလိုက်သည်။
"ကောင်လေး... မင်းဒီနေရာက မြန်မြန်ထွက်သွားတော့.....မင်းဘဝကပိုပြီး တန်ဖိုးရှိတယ်...."
ဟမ့်....
အမျိုးသမီးက အေးစက်စွာနှာခေါင်းတစ်ချက်ရှူံ့လိုက်ပြီးနောက် ပုဖန်ကို တစ်ချက်မျှသာကြည့်ကာ လှည့်ထွက်သွားသည်။
"မင်းက စားဖိုမှူးလား ....မင်းရဲ့ဆန်ပြုတ်က တကယ်ကို အရသာရှိတယ်...မင်း ငါရဲ့ စီနီယာအကိုကြီး ပြောတာကို နားထောင်ပြီး မနက်ဖြန်ကျရင် မြန်မြန်ထွက်သွားလိုက်တော့.....ဒီလိုမှမဟုတ်ဘူးဆိုရင် ဒီနေရာမှာပဲ သေရလိမ့်မယ်.....အဲ့ဒီလိုသာဖြစ်ရင်တော့ မင်းရဲ့စွမ်းအင်တွေ အရမ်းနှမြောဖို့ကောင်းတယ်...."
စပ်ဖြဲဖြဲနှင့်လူငယ်က ပုဖန်ကို အကြံတစ်ချို့ပေးလိုက်သည်။ထို့နောက် ပုဖန် တုံ့ပြန်သည်ကိုပင် မစောင့်တော့ပဲ အခြားနှစ်ယောက်နောက်သို့ လျှင်မြန်စွူ လိုက်သွား၏။
ပုဖန်က ပြောစရာစကားမဲ့စွာဖြင့် ထိုသုံးယောက် နောက်ကျောကို ကြည့်နေမိသည်။ထို့နောက်သူ့လက်ထဲ၌ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား နောက်တစ်ကြိမ် ပေါ်လာသည်။သူ အားစိုက်စရာပင်မလိုပဲ ဝံပုလွေစိမ်း၏ အရေခွံကို ဆုတ်ခွာလိုက်သည်။
ထိုမြင်ကွင်းကို ထွက်ခွာသွားသော လူသုံးယောက်မြင်လျှင် လုံးဝ အံ့အားသင့် သွားပေလိမ့်မည်။အဆင့် ၅ ဝံပုလွေစိမ်း၏ အရေခွံကို အလွယ်တကူ ဆုတ်ခွာလိုက်ခြင်းက ကျွမ်းကျင်မှုသာမကပဲ စွမ်းအင်ပါ လိုအပ်နေပေသည်။