အပိုင်း ၃၃၆
Viewers 53k

အခန်း ၃၃၆ “ငါက ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်အတွက်လာခဲ့တာ...”


ထိုအမျိုးသမီး တွေးထင်ခဲ့သည့်အတိုင်းပင် ဝံပုလွေ အသားက တကယ့်ကို ဆိုးရွားလှပြီး အရသာက အလွန် မနှစ်မြှို့စရာကောင်းလှသည်။ပုဖန်က ဝံပုလွေအရေခွံကို ဆုတ်ခွာပြီးသည့်နောက် အသားများကို စုစည်းလိုက်သည်။


သူက ကြမ်းတမ်းလှသော အသားကို ကြည့်မိရုံဖြင့်ပင် အရသာကို ခန့်မှန်းနိုင်သည်။ဝံပုလွေတစ်ကောင်လုံးတွင် ကြွက်သားများသာ အလွန်ပေါများနေသည်။ထိုကြွက်သားများရှိ အမျှင်များက ဝါးရန် အလွန်ခက်ခဲပေသည်။သူ့၏အရသာကလည်း တကယ့်ကို ဆိုးရွားနေပေလိမ့်မည်။


ဝံပုလွေ အသားထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များ အမြောက်အများ ပါဝင်နေသော်လည်း သူ့၏ အသား၏ အရသာကိုတော့ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။ပုဖန်က ထိုဝံပုလွေသားများကို စိုက်ကြည့်ပြီး နဖူးကြောများ တွန့်ရှူံ့လိုက်မိသည်။ ထိုအသားက အဆင့်၅ နတ်ဆိုးသားရဲ၏ အသားဖြစ်သည်။ထိုကဲ့သို့သော အသားများကို အလဟဿဖြစ်စေခြင်းမှာ စားဖိုမှူး တစ်ယောက်၏ အကျင့်နှင့် မကိုက်ညီပေ။


ပုဖန်က သူ့လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်ပြီး ဝံပုလွေအသားကို အတုံးလေးများအဖြစ် ပိုင်းဖြတ်လိုက်သည်။ထို့နောက် အသားကို သစ်ကိုင်းခြောက်ဖြင့် ထိုးသည်က မီးပုံပေါ်၌ တင်၍ ကင်လိုက်သည်။ အိုးထဲမှ ဆူပွက်နေသော မြွေအသားလုံး နဂါးသွေးဆန်ပြုတ်များကလည်း ကုန်လုနီးပါးပင်ဖြစ်နေပြီ။ပုဖန်က သူသေချာပင် စားသောက်ပြီးပြီ ဖြစ်သောကြောင့် ထိုဆန်ပြုတ်များကို လက်ကျန်မဖြတ်ချင်ပေ။သူ အိုးကို သေချာစွာ ဆေးကြောလိုက်သည်။


ထို့နောက် အိုးကို သိုလှောင်နယ်မြေထဲ ပြန်လည်သိမ်းဆည်းလိုက်ခါ မီးဖိုပေါ်တင်ထားသော အသားကင်ကိုသာ အပြည့်အဝ အာရုံစိုက်လိုက်သည်။အသားကင်မှ ထွက်ပေါ်လာသော မွှေးရနံ့နှင့် သွေးနံ့များ လေထဲတွင် ရစ်ဝဲနေသကဲ့သို့ သားရဲများ၏ ဟိန်းဟောက်သံကလည်း ပိတ်ဝန်းကျင် တစ်ခွင်၌ ပဲ့တင်ထပ်နေသည်။ ထိုကြောက်မက်ဖွယ်ကောင်းလှသော အသံများကို ကြားလိုက်ရသော မည်သူမဆို တုန်လှုပ်ကြောက်ရွံ့သွားပေလိမ့်မည်။


ယိမ်းနွဲ့နေသော မီးတောက်ပေါ်၌ ကင်ထားသော အသားက လျှင်မြန်စွာပင် ကျက်လာသည်။အနီရောင်အသားက အဝါရောင် အဝါရောင်မှ ရွှေညိုရောင်သို့ ပြောင်းလဲသွား၏။အသားမှ စိမ့်ထွက်လာသော ဆီစက်များ မီးပုံအတွင်း ကျသွားသည်နှင့် တစ်ပြိုင်နက် မီးတောက်က ပို၍ အားကောင်းလာသည်။


ရွဲ.......


စနစ်၏ သိုလှောင်နယ်မြေထဲမှ ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်ယူလိုက်ပြီး အသားကို ဖြူးလိုက်သည်။ထိုအသားက အကောင်းဆုံး ပါဝင်ပစ္စည်းမဟုတ်သော်လည်း ပုဖန်က အလဟဿဖြုန်းတီးလိုခြင်းမရှိပေ။


ထို့ကြောင့်ပင် ဝံပုလွေစိမ်း၏ အသားကို ကောင်းမွန့်အရသာ ဖြစ်လာအောင်လို့ သူကြိုးစားချက်ပြုတ်လိုက်သည်။အသားမှ ဆီများ စိမ့်ထွက်လာပြီး ထူးခြားသော မွှေးရနံ့များ ပြန့်လွှင့်လာသည်။မနစ်မြှို့ဖွယ်ကောင်းလှသည်ဟု ထင်ရသော အသားမှ ထုတ်လွှင့်သည့် ရနံ့များ တံတွေးပင် မြိုချမိစေသည်။


သစ်တောတစ်ခုလုံးကို ပြန့်နှံ့သွားသော ဝံပုလွေအသား၏ မွှေးရနံ့က စိတ်ဝိညာဉ်သားရဲများ၏ အာရုံကို ဆွဲဆောင်လိုက်သည်။သူတို့ ပုန်းအောင်းနေရာမှ ထွက်ပေါ်လာပြီးနောက် ပုဖန်ကို နောက်တစ်ကြိမ် ဝန်းရံလိုက်ကြပြန်သည်။ သူတို့ပုဖန်ကို ဝင်တိုက်ခိုက်တော့မည့် အချိန်မှာပင် ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရပြီး ရပ်တန့်သွားကြသည်။သူတို့အားလုံး တစ်စုံတစ်ခုကို ခံစားလိုက်မိသကဲ့သို့ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ထို့နောက်ချာခနဲလှည့်ကာ တောအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြပြီး တစ်ကောင်မကျန် ပျောက်ကွယ်သွားလေသည်။


ပုဖန်က ဝံပုလွေသားကို ဆုပ်ကိုင်ထားလိုက်ပြီး ပေါက်ကွဲသံထွက်ပေါ်လာသည့် နေရာကို လှမ်းကြည့်လိုက်သည်။ သိပ်သည်းလှသော မွှေးရနံ့များထုတ်လွင့်နေသေည့် ဝံပုလွေသားက ရွှေညိုရောင်ပြောင်းနေပြီ ဖြစ်ကာ လုံးဝ ကျက်သွားပေပြီ။ ပုဖန်က သူမတ်တပ်ထရပ်လိုက်ပြီးအစစ်အမှန် စွမ်းအင်များဖြင့် မီးပုံကို တစ်ချက်ရိုက်လိုက်သည်။သူ့၏ လက်ဝါးရိုက်ချက်တစ်ချက်ကပင် မီးတောက်များကို ငြိမ်းသက်သွားစေ၏ ပုဖန်က ဝံပုလွေသားကင်ကို လက်ထဲမှ ကိုင်ထားရင်း ပေါက်ကွဲသံကြားရာဆီသို့ လျှောက်လာလိုက်သည်။


သူက တောင်စဉ်တစ်ထောင် တောင်တန်းဆီသို့လာပြီး ကြမ်းတမ်းခြင်းတစ်သောင်း မီးတောင်ဟုခေါ်သည့် မီးမျိုးစိတ်ကိုရှာဖွေရန် လာခဲ့ခြင်း ဖြစ်သည်။ထိုပေါက်ကွဲမှုက မီးတောက်နှင့် ဆက်စပ်မှုရှိမရှိ ဘယ်သူက သိနိုင်မည်နည်း။ ပုဖန်က ထိုအကြောင်းကို စဉ်းစားလိုက်မိသည်နှင့် တစ်ပြိုင်နက် သူ မီးတောက်ရှိ ပေါက်ကွဲသံရှိရာဆီသို့ ခပ်မြန်မြန် လျှောက်လှမ်းလိုက်သည်။ဝှိုက်တီ၏ စက်ရုပ်မျက်ဝန်းများက တဖြတ်ဖြတ်လှုပ်ခါသွားပြီးနောက် ပုဖန်၏ နောက်မှ ထက်ကျပ်မခွာ လိုက်ပါလာလေသည်။


"ဟ.......ဟ.......မင်းတို့က ကြည်လင်ကောင်းကင် ဘုရားကျောင်းကလား ....."


အထင်အမြင်သေးသည့် အသံတစ်သံက ချိုင့်ဝှမ်းတစ်ခုဆီမှ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

သစ်ပင်များနှင့် ပြည့်နေသော မဲမှောင်နေသည့် ချိုင့်ဝှမ်းအတွင်း သစ်ပင်ကြီးတစ်ပင်၏ အထက်၌ မီးခိုးရောင်ဆံပင်နှင့် လူငယ်လတစ်ယောက်က လက်ပိုက်၍ မြေပြင်ပေါ်ရပ်နေသည့် လူတစ်ယောက်ကို စူးစိုက်ကြည့်နေသည်။


မြေပြင်ပေါ်တွင် ရပ်နေသော လူများက စေတီပုံပါသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ထိုသူများက ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။ ပြောရမည်ဆိုလျှင် တောင်စဉ်တစ်ထောင်တောင်တန်းက ကြည်လင်ကောင်းကင် ဘုရားကျောင်း၏ ပိုင်နက်နယ်မြေလိုပင် ဖြစ်နေသည်။


"ငမိုက်သား......မင်းက ကြည်လင်ကောင်းကင် ဘုရားကျောင်းက တပည့်ကို သတ်ရဲတယ်ဟုတ်လား.....မင်းပါမင်း အသိစိတ်ရှိရှိနဲ့ အညံ့ခံသင့်တယ်...."


အေးစက်စက် မျက်နှာထားနှင့် လူကြီးတစ်ယောက်က မီးခိုးရောင်ဆံပင်နှင့် လူငယ်လေးကို စူးစိုက်ကြည့်နေသည်။ထို့နောက် သူ့၏ မျက်ဝန်းများ၌ ဒေါသများဖြင့် ပြည့်နှက်နေပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ထိုလူ၏ ဘေး၌ ရပ်နေကြသော ကြည်လင်ကောင်းကင်ဘုရားကျောင်းမှ တပည့်များကလည်း ဒေါသတကြီး ဖြစ်နေကြ၏။


"မင်းတို့က ကြောက်နေကြတာလား......ကြည်လင်ကောင်းကင်ဘုရားကျောင်းက တကယ့်ကိုပဲ အံ့သြဖို့ကောင်းလွန်းတယ်....အေးပေါ့...မင်းတို့က ကြည်လင်ကောင်းကင် ဘုရားကျောင်းက လာကြတာဆိုတော့လည်း ....မလျော်မကန်တွေ လုပ်ရဲတာပေါ့....." မီးခိုးရောင်ဆံပင်နှင့် လူငယ်က သရော်လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။


"အဆင့် ၈ မိစ္ဆာခြင်္သေ့ခောင်းအာလူးကို အရင်ဆုံး ရှာတွေ့တာက ငါ....မင်းတို့ ကြည်လင်ကောင်းကင်ဘုရားကျောင်းက တပည့်က ငါ့ဆီက လာလုရဲတဲ့အတွက် ငါက သတ်ပစ်လိုက်တာ....သူသေသွားရတာက ငါ့ထက်အားနည်းနေလို့ပဲ....အဲ့ဒီတွက် ငါ့ကို ဘယ်လိုလုပ် အပြစ်တင်လို့ရမှာလဲ......"


ကြည်လင်ကောင်းကင်ဘုရားကျောင်းမှ အကြီးအကဲက အေးစက်စွာ နှာခေါင်းရှူံ့လိုက်ပြီးနောက် သူ့၏ အကြည့် ညိုမှောင်နေသော အစိမ်းရောင်ရှိသည့် အပင်လေးပေါ်သို့ ကျရောက်သွားသည်။ ထိုအပင်ငယ်၏ အရွက်များလေး အပေါ်၌ စိတ်ဝိညာဉ်စွမ်းအင်များ ဝန်းရံနေကြသည်။တစ်ချက် ကြည့်ရုံဖြင့် ထူးခြားမှုကို မတွေ့နိုင်သော်လည်း ထိုအကြီးအကဲက ထူးခြားသည့် အပင်ဖြစ်မည်ကို သိလိုက်သည်။


သူက အဆင့် ၈ မိစ္ဆာခြင်္သေ့ခေါင်းအာလူး အပင်ကို တွေ့လိုက်ရသောကြောင့် အလွန်အံ့အားသင့်သွားသည်။အဆင့် ၈ ဆေးပင်များက အလွန်ကို တန်ဖိုးရှိလှသည်။


"ဒါက ငါတို့ ကြည်လင်ကောင်းကင် ဘုရားကျောင်းက တပည့်ကို သတ်ဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက်မဟုတ်သေးဘူး ....."


အကြီးအကဲက အသက်ပြင်းပြင်းတစ်ချက်ရှူရှိုက်လိုက်ရင်း ထိုလူငယ်ကို ဆက်လက်၍ ဖိအားပေးလိုက်သည်။သူ့၏ အကြည့်များက စူးရှထက်မြက်လှသည်။သူ့ဘေးနားတွင်ရှိနေသော တပည့်များကလည်း လေးကြိုးကို ဆွဲတင်လိုက်ပြီး မီးခိုးရောင်ဆံပင်နှင့် လူငယ်ဆီသို့ ချိန်ရွယ်ထားလိုက်သည်။


မီးခိုးရောင်ဆံပင်နှင့် လူငယ်က ဇာတ်ကြောလျှော့လိုက်သည်။ထို့နောက် ကြည်လင်ကောင်းကင်ဘုရားကျောင်းမှ လူများကို ကြည့်နေသည့် သူ့၏ အကြည့်များက ပို၍ အေးစက်လာသည်။


"လေ့ကျင့်ရေးကွင်းပြင်ထဲက အဖွဲ့သေးသေးလေး တစ်ခုက မောက်မာရိုင်းစိုင်းရဲတယ်လား....ငါထင်သလိုပဲ မင်းတို့အားလုံးက လွင်တီးခေါင်နဲ့ မြစ်ရိုင်း တွေကနေ မွေးဖွားလာတာပဲ ဖြစ်ရမယ်.....မင်းတို့က သေခြင်းတရားကို ရှာဖွေနေတယ်ဆိုမှတော့ ငါက မင်းတို့အားလုံးကို ငရဲကို ပို့ပေးမယ်...."


မီးခိုးရောင်ဆံပင်နှင့် လူငယ်က ကျယ်လောင်စွာဟအော်ဟစ်လိုက်ပြီး သူ့၏ မျက်ဝန်းထဲ၌ သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်လာသည်။


ဝီ.....


သူ့ထဲမှ ပြင်းထန်သည့် စွမ်းအင်လှိုင်းများ ပေါက်ကွဲ ထွက်ပေါ်လာသည်။ ကြည်လင်ကောင်းကင်ဘုရားကျောင်းမှ အကြီးအကဲက စိတ်ဆိုးစွာဖြင့် အော်ဟစ်လိုက်သည်။


"ပစ်......"


ဝှစ်.....ဝှစ်.....ဝှစ်......


အစစ်အမှန်စွမ်းအင်များဖြင့် တောက်ပနေသည့် မြောက်များလှစွာသော မြှားများကို လူငယ်ဆီသို့ ပစ်လွှတ်လိုက်သည်။သစ်ပင်ထက်၌ ရပ်နေသော လူငယ်နှင့် မြေပြင်ပေါ်မှ တပည့်များ၏ ကြားထဲတွင် တော်တော်ကွာဝေးလှသော်လည်း မြှားများ၏ အရှိန်က အလွန်လျှင်မြန်လှသည်။


ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ ထိုတပည့်များက မြှားအတက်ကို အထူးပြု လေ့ကျင့်ထားကြသူများ ဖြစ်သည်။သူတို့ အတူတကွ လုပ်ဆောင်လိုက်သောအခါတွင် ကောင်းကင်ယံထက်၌ မြှားများ ဖုံးလွှမ်းသွားပြီး ရန်သူက သူတို့ ပုန်းအောင်းနေသည့် နေရာကို ရှာတွေ့ရန်ပင် ခက်ခဲသွားပေလိမ့်မည်။


ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ တပည့်များထဲ၌ အသန်မာဆုံးသူက အဆင့် ၇ သို့ ရောက်ခါနီးပြီ ဖြစ်သည်။အားအနည်းဆုံးသူကလည်း အနည်းဆုံး အဆင့် ၅ အဆင့်ရှိသည်။ သူတို့ရဲ့ မြှားမိုးက အဆင့်၈ စစ်နတ်ဘုရားများကိုပင် ခြိမ်းခြောက် နိုင်စွမ်းရှိသည်။ သို့သော်လည်း သူတို့လူငယ်ဆီက ပြန်ရသည့် တစ်ခုတည်းသော တုံ့ပြန်မှုမှာ အေးစက်စွာ လှောင်ပြောင်မှုပင် ဖြစ်သည်။သူတို့၏ မြှားမိုးနှင့် ရင်ဆိုင်ရသည့်အချိန်၌ လူငယ်၏ နှုတ်ခမ်းပါးများက အထင်အမြင်သေးဟန်ဖြင့် တွန့်မဲ့နေကြသည်။


ထိုလူငယ်၏ လက်ပေါ်၌ မီးလုံးတစ်လုံး ပေါ်ပေါက်လာသည်။ထိုမီးလုံးက သူ့ဘေးပတ်လည်တွင်ရှိနေသော အရာများကို တိုက်စားဖျက်စီးမယောင် ထင်ရလေသည်။ထို့နောက် လူငယ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူ့၏ ရှေ့၌ မီးတံတိုင်း တစ်ခုပေါ်လာသည်။ မြှားများက မီးလျှံတံတိုင်းကို ထိမှန်သွားသည့် အချိန်၌ မီးပွားများ လွင့်စင်ထွက်ပေါ်လာသည်။ ထိုမြှားတစ်ခုချင်းစီ ပါဝင်သည့် အင်အားက ပြင်းထန်လှသော်လည်း မီးလျှံတံတိုင်းကို ဖြတ်ကျော်နိုင်ခြင်း မရှိပေ။


"ဒါက ကောင်းကင် ကမ္ဘာမြေ မီးလျှံ .."


ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ အကြီးအကဲက လေအေးများ ရှူရှိုက်လိုက်မိသည်။ထို့နောက် သူမျက်မှောင်ကြုတ်၍ သေချာစဉ်းစားနေမိသည်။


"မဖြစ်နိုင်ဘူး.....ဒါ ကောင်းကင် ကမ္ဘာမြေမီးတောက်ကျောက် မဖြစ်နိုင်ဘူး....."


မီးတောက်၏ အစွမ်းက အံ့အားသင့်စရာ ကောင်းသည်မှန်သော်လည်း ကောင်းကင် ကမ္ဘာမြေ မီးတောက်ကျောက်ထက် အားနည်းနေပေသေးသည်။


"မင်းက ငါတို့ရဲ့ တောင်စဉ်တစ်ထောင် တောင်တန်းကို လာခဲ့တာက ကြမ်းတမ်းခြင်း တစ်သောင်း မီးတောက်အတွက်လား....."


ထိုကဲ့သို့ သန်မာသည့် စွမ်းအင်အဆင့် ရှိပြီး ထူးခြားသော မီးတောက်ကို ပိုင်ဆိုင်ထားသည့် သူတစ်ယောက် တောင်စဉ်တစ်ထောင်တောင်တန်းသို့ ရောက်လာရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ သေချာပေါက် ကြမ်းတမ်းခြင်း တစ်သောင်း မီးတောက်ကြောင့် ဖြစ်ပေလိမ့်မည်။


"အို့....အဘိုးအိုကြီး ခင်ဗျားက တော်တော်လေး ဉာဏ်ကောင်းတာပဲ.... ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်က တောင်ပိုင်းဒေသမှာပေါ်လာတယ်ဆိုတာ ဒီနယ်မြေအတွက် ကံကောင်းမှုပဲ ....ငါကလည်း ဒီကိုလာပြီး ငါ့ရဲ့ ကံကောင်းမှုကို လာရှာဖွေတာ....."

မီးခိုးရောင် ဆံပင်နှင့် လူငယ်က တုန်လှုပ်မှု မရှိသည့် အမူအရာဖြင့် ပြောလိုက်သည်။


ပြောဆိုနေသော ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ အကြီးအကဲက လျှင်မြန်စွာပင် ပါးစပ်ပိတ်လိုက်သည်။တောက်ပနေသော မီးလျှံတံတိုင်းက တက်ကြွနေသည့် ငှက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။ ထိုငှက်က အတောင်ပံများကို ဖြန့်ကားလိုက်ပြီး ကြောက်စရာကောင်းလှသော စွမ်းအင်များနှင့်အတူ ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ တပည့်များဆီသို့ တဟုန်ထိုး တိုးဝင်လာသည်။


ရှေ့ဆုံး၌ ရပ်နေသောကြည်လင်ကောင်းကင် ဘုရားကျောင်းမှ တပည့်အနည်းငယ်က ပြင်းထန်းသည့် ထိုးနှက်မှု ဒဏ်ကို ခံလိုက်ရပြီး ချက်ချင်းပင် ပြာဘဝသို့ ရောက်ရှိသွားသည်။

ထို မီးခိုးရောင်ဆံပင်နှင့်လူငယ်က အဆင့် ၈ စစ်နတ်ဘုရားတစ်ပါးပင် ဖြစ်သည်။သူ့၏ ထူးခြားလှသော မီးလျှံကဲ့သို့ပင် သူကိုယ်တိုင်က အလွန် ကြောက်စရာကောင်းလှသည်။သူက ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ အကြီးအကဲ၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသော အခါတွင်လည်း သူ့ကိုယ်သူ ကာကွယ်လိုက်နိုင်သည်။


ထို့နောက် ထိုကြည်လင်ကောင်းကင် ဘုရားကျောင်းမှ အကြီးအကဲကို ဒဏ်ရာများ မပေါ်ပဲ သွေးအန်သွားအောင်ပင် လုပ်လိုက်နိုင်သည်။ ထိုတိုက်ခိုက်မှု အတွင်း၌ ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ တပည့်အများစုက လောင်ကျွမ်းခံလိုက်ရပြီး ပြာဘဝ ရောက်သွားကြသည်။နောက်ဆုံး၌ သူတို့အားလုံး တိုက်ခိုက်မှုကို တွန်းလှန်နိုင်ရန်အတွက် အခင်းအကျင်း တစ်ခုပေါ်မှီခိုအားထားလိုက်ရသည်။


ထိုအကွက်က တပည့်များအားလုံး၏ အင်အားကို ချိတ်ဆတ်၍ ပုံဖော်ထားခြင်း ဖြစ်ပြီး တိုက်ခိုက်မှု ဒဏ်ကို အချိန်အတော်ကြာ ခုခံတွန်းလှန်နိုင်စွမ်းရှိသည်။ ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ တပည့်များက မီးခိုးရောင်ဆံပင်နှင့် လူငယ်၏ တိုက်ခိုက်မှုကို အပြင်းအထန် တွန်းလှန်နေရသော်လည်း ထိုသူက စွမ်းအင်အကုန်မသုံးထားကြောင်း ထင်ရှားလှပေသည်။


သူက သူ့၏ မီးတောက်ကိုသာ အသုံးပြုပြီး ကြည်လင်ကောင်းကင်ဘုရားကျောင်းမှ တပည့်များကို အရုပ်လေးများကဲ့သို့ ကစားနေပေသည်။ ရုတ်တရက် မီးခိုးရောင်ဆံပင်နှင့် လူငယ်၏ အကြည့်များက မိစ္ဆာခြင်္သေ့ခေါင်းအာလူး အပင်ပေါ်သို့ ကျရောက်သွားသည်။သူ မြေပြင်ပေါ် ခုန်ဆင်းလိုက်ပြီးနောက် စိတ်ဝိညာဉ်အပင်ရှိရာဆီသို့ လျှောက်သွားလိုက်သည်။


လေယူရာ ယိမ်းနေသော စိတ်ဝိညာဉ်အပင်ငယ်လေးက သိပ်သည်းမွှေးပျံ့လှသော ရနံ့များကို ထုတ်လွင့်နေ၏။မီးခိုးရောင် ဆံပင်နှင့် လူငယ်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ မိစ္တာခြင်္သေ့ခောင်းအာလူးဟု ခေါ်ခြင်းမှာ ထိုအပင်ငယ်အောက်...မြေကြီးထဲ၌ ခြင်္သေ့ခေါင်းကဲ့သို့သော ဥ တမျိုး ပုန်းကွယ် ကြီးထွားနေသောကြောင့် ဖြစ်သည်။


သူ အပင်ရွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး အားအကုန်သုံး၍ ဆွဲနှုတ်လိုက်သည်။သူ ဆွဲလိုက်သည့်အချိန်မှာပင် ခြင်္သေ့အော်သံ တစ်ခုက ထွက်ပေါ်လာပြီးနောက် သစ်ရွက်ဆီမှ စိတ်ဝိညာဉ် စွမ်းအင်များလည်း ထွက်ပေါ်လာသည်။ ထိုသစ်ရွက်၏ အောက်၌ အရောင်တောက်ပလှသော အသက်ရှင်နေသည့် ရွှေရောက်ခြင်္သေ့ ဦးခေါင်း ရှိနေသည်။ထိုခြင်္သေ့ဦးခေါင်းက ပါးစပ်ကိုဟ၍ ကျယ်လောင်လှသေု ဟိန်းဟောက်သံများကို ထုတ်လွင့်နေပေ၏။


"မိစ္ဆာခြင်္သေ့အာလူးက အရမ်းအရသာရှိတဲ့ ဟင်းချက်စရာတစ်မျိုးပဲ ..... ကြည့်ရတာတော့ ငါ့ရဲ့ အချိန်တွေ အလဟဿ မဖြစ်ဘူး ......"


မီးခိုးရောင် ဆံပင်နှင့် လူငယ်က စပ်ဖြဲဖြဲ အမူအရာနှင့် ရေရွတ်လိုက်ပြီး ထိုခြင်္သေ့ဦးခေါင်းနားသို့ နီးအောင် တိုးကပ်သွားလိုက်သည်။ထို့နောက် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ သူ့၏ မျက်နှာပေါ်၌လည်း ပျော်ရွှင်မှုက အထင်သားဟပေါ်လွင်နေ၏။ရုတ်တရက် ထိုလူငယ်က တစ်စုံတစ်ခုကို ခံစားလိုက်ရသကဲ့သို့ ခပ်လှမ်းလှမ်းဆီသို့ စူးစိုက်ကြည့်လိုက်သည်။ထို့နောက် သူ ရုတ်တရက် အော်ဟစ်လိုက်သည်။


"အဲ့ဒီမှာ ဘယ်သူလဲ....ထွက်လာခဲ့စမ်း......"


ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ သူများက ထိုလူငယ်၏ အော်သံကို ကြားလိုက်ရသောအခါ အလွန်ပျော်ရွှင်သွားကြသည်။သူတို့က ထူးခြားဆန်းကြယ်လှသော မီးတောက်ငှက်ကို ခုခံထားရသည်မှာ ကြာမြင့်လှပြီ ဖြစ်သောကြောင့် သူတို့၏ စွမ်းအင်များ ကုန်ဆုံးလုနီးပါး ဖြစ်လာခဲ့ပေပြီ။


"နောက်ဆုံးတော့ ကြည်လင်ကောင်းကင် ဘုရားကျောင်းက စစ်ကူတွေ ရောက်လာပြီပေါ့......"


သူတို့ အားလုံးက ခပ်လှမ်းလှမ်းနေရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။အစောပိုင်းက ခံစားခဲ့ရသော ခံစားမှုများအားလုံးက ပျောက်ကွယ်သွားပြီး ယခုလက်ရှိ၌ ပျော်ရွှင်နေကြလေသည်။

သို့သော်လည်း ရောက်လာသည့် သူက ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ စစ်ကူမဟုတ်သည်ကို သတိပြုမိသွားသောအခါ သူတို့၏ ပျော်ရွှင်မှုများ ပြန်လည် ပျောက်ကွယ်သွားကြသည်။


ထိုသူက ပိန်ပါးသည့် လူစိမ်းတစ်ယောက်ပင် ဖြစ်သည်။ထိုလူငယ်၏ လက်ထဲ၌လည်း အသားကင်များကို ကိုင်ထားသည်။ထိုလူငယ်က တိုက်ခိုက်နေသည့် လူအုပ်ကြီးကို အေးဆေးစွာပင် စူးစိုက်ကြည့်နေ၏။