အပိုင်း ၃၃၇
Viewers 61k

အခန်း ၃၃၇ “ဘယ်လိုဖြစ်ပြီး သူအသက်ရှင်နေသေးတာလဲ......”


ညအမှောင် ကောင်းကင်ယံထက်၌ ထွန်းလင်းနေသော လခြမ်းကွေးလေး နှစ်ခုနှင့်အတူ မြောက်များလှစွာသော ကြယ်ကလေးများကလည်း လင်းလက်တောက်ပနေကြသည်။ရံဖန်ရံခါ၌ ကြယ်ကြွေသွားသည်ကိုပင် တွေ့ရတက်သည်။ ငြိမ်းအေးတိတ်ဆိတ်လှပြီး အဆုံးအစမဲ့ ကျယ်ပြောလှသော လွင်ပြင်ကျယ်၌ ရှေးကျပြီး ဂုဏ်သိက္ခာကြီးမားလှသည့် အနောက်ပိုင်း ဆန်းကြယ်မြို့တော်က မားမားမတ်မတ် တည်ရှိနေသည်။


အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ်နှစ်ခုက မြို့တော်ဆီသို့ အလျင်စလို ချဉ်းကပ်လာသည်။ ထိုပုံရိပ်နှစ်ခုက ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း၌ အကွာအဝေးတော်တော်များများကို ဖြတ်ကျော်လိုက်နိုင်သောကြောင့် မြို့တော်သို့ ပျံသန်းနေသကဲ့သို့ပင် ထင်ရသည်။


ဝှစ် .....


လေတိုက်ခိုက်မှုကြောင့် သူတို့ထဲမှ တစ်ယောက်၏ ခေါင်းဆောင်း ကျွတ်သွားပြီး ရေခဲတမျှ အေးစက်လှသော မျက်နှာဖုံးတစ်ခု ပေါ်လာသည်။


"ဂိုဏ်းချုပ် ....ဒါက အနောက်ပိုင်းဆန်းကြယ် မြို့တော်ပဲ......ငါတို့ မြို့ထဲ ဝင်သင့်လား....." နတ်ဆရာမက သူ့၏ ဘေးနားတွင်ရပ်နေသော ပုံရိပ်ကို တရိုတသေဖြင့် မေးလိုက်သည်။


"ငါတို့ရဲ့ ရည်ရွယ်ချက်က ဝိညာဉ်နှုတ်မှော်ဖန်လုံးထဲက ထောင်ပေါင်းများစွာသော စိတ်ဝိညာဉ်အနှစ်သာရတွေကို သန့်စင်နိုင်တဲ့ အကူပစ္စည်းရဖို့ပဲ.....အဲ့ဒီတော့ မြို့ထဲ ဝင်ပြီး ဘာလုပ်ရမှာလဲ..... ဝိညာဉ်နှုတ်မှော်ဖန်လုံးထဲမှ စိတ်ဝိညာဉ် အနှစ်သာရ အရေအတွက်က ပြည့်မှီနေပြီဆိုမှတော့ ငါတို့ မြို့ထဲဝင်ပြီး သတ်ဖြတ်ဖို့ မလိုတော့ဘူး....."


ထိုလူက အေးစက်စွာ ပြန်ပြောလိုက်ရာ နတ်ဆရာမက သိရှိကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။ သူတို့နှစ်ယောက်က မြို့ကို သာမန်ကာလျှံကာ တစ်ချက်သာ ကြည့်လိုက်ပြီးနောက် မြို့အပြင်မှ ပတ်၍ နောက်ဘက်ရှိ တောင်တန်းနေရာဆီသို့ ဦးတည် လာခဲ့ကြသည်။သူတို့၏ ဦးတည်ရာခရီးစဉ်က တောင်စဉ်တစ်ထောင်တောင်တန်းသို့ ဖြစ်သည်။


"ဘယ်လိုဖြစ်ပြီး မင်းဖြစ်နေရတာလဲ.....မြန်မြန်ထွက်ပြေးတော့....."


ရီဖန်းက သူ့၏ အစစ်အမှန်စွမ်းအင်များအားလုံးကို အသုံးပြု၍ လေထဲမှ မီးတောက်ငှက်ကို ခုခံတွန်းလှန်ထားရသောကြောင့် ချွေးများ စီးကျနေသည်။သူကလည်း အခြားသူများနည်းတူ စစ်ကူများ ရောက်လာသည်ဟု ယုံကြည်ခဲ့မိသည်။သို့သော်လည်း ရောက်လာသူက အစောပိုင်းက သူတို့တွေ့ခဲ့သော စားဖိုမှူးဖြစ်နေ၏။ ပုဖန်၏ အနီရောင်ဆန်ပြုတ်က ရီဖန်းကို လုံလုံရှားရှား အောင်နိုင်သွားပြီ ဖြစ်သောကြောင့် သူက ပုဖန်၏ ဟင်းချက်စွမ်းရည် အတော်လေး မြင့်မားလာသည်ဟု ယုံကြည်ခဲ့သည်။ထို့ကြောင့်ပင် သူ ပုဖန်ကို အထင်ကြီးလေးစားမိနေသည်။


သူထွက်မလာခင်ကလည်း ပုဖန်ကို တောင်စဉ်တစ်ထောင် တောင်တန်းမှ အမြန်ဆုံး ထွက်ခွာသွားစေရန် ဆွဲဆောင်ခဲ့ဆသးသည်။ထိုသို့ဆိုလျှင် သူ့၏ အသက်ကို အဓိပ္ပါယ်မဲ့ ဆုံးရှူံးတော့မည် မဟုတ်ပေ။ ထို့ကြောင့်ပင် သူသတိပေးပြီးနောက် ပုဖန် လျှင်မြန်စွာပင် ဒီနေရာသို့ ရောက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။


"ဒီနေရာမှာ တိုက်ပွဲ ပြင်းထန်နေတာကို သူမမြင်ဘူးလား.....ဒီနေရာမှာ အရမ်းအန္တရာယ်များနေတာကို သူသတိမပြုမိဘူးလား....."


ရီဖန်း ပုဖန်၏ ခန္ဓာကိုယ်မှ ခံစားရသော စွမ်းအင်လှိုင်းကလည်း သိပ်မြင့်မားမှု မရှိပေ။အများဆုံး အဆင့်မှာ သူက အဆင့် ၄ ဝိညာဉ်တည်အဆင့် (သို့မဟုတ် ) အဆင့် ၅ ဘုရင်အဆင့်မျှသာ ရှိနိုင်သေးသည်။ထိုသို့သော အဆင့်က တောင်စဉ်တစ်ထောင်တောင်တန်းအတွင်း၌ ဘာဆိုဘာမှ မဟုတ်ချေ။ 


ပုဖန်၏ လက်ထဲ၌ ရွှေဝါရောင် ဝံပုလွေသားကင် ရှိနေသည်။ထိုအသားကင်မှာ အပူငွေ့လေးများ တငွေ့ငွေ့ထွက်နေဆဲ ဖြစ်ပြီး ဆီများက တတောက်တောက် စိမ့်ကျနေသည်။ထုတ်လွင့်နေသော မွှေးရနံ့များကလည်း ပတ်ဝန်းကျင်တစ်ခွင်ကို ပြန့်နှံ့နေပြီ ဖြစ်သည်။ ပုဖန်က အသားကို အသံမြည်အောင်ပင် ကိုက်ဝါးရင်း အေးဆေးစွာ လျှောက်လာ၏။


အသား၏ အရသာက လက်ခံနိုင်ဖွယ်ရှိသော်လည်း အသားက အလွန်ကို ကြမ်းတမ်းဆိုးရွားလှသည်။ပုဖန် အထူးတလည် သေချာပြင်ဆင်ပြီးသည့်နောက်တောင်မှ ကြမ်းတမ်းနေတုန်းပင်ဖြစ်သည်။သို့သော်လည်း ပြောရမည်ဆိုလျှင် ထိုအရာက အသား၏ ပင်ကိုယ်အရည်အသွေးပင် ဖြစ်သည်။နူးညံ့အောင် ပြောင်းလဲလိုပါက အလွန်ပင် ခက်ခက်ခဲခဲ ကြိုးစားရပေလိမ့်မည်။ ပုဖန်က အသားကို နောက်ထပ် နှစ်ကိုက်ခန့် ထပ်ကိုက်လိုက်ပြီးနောက် အနည်းငယ် ပေါ့ပျက်ပျက် နိုင်သည်ဟု ခံစားလိုက်ရသည်။


"ဟေး.....ဒီကိုမလာနဲ့..."


ရီဖန်းက စိုးရိမ်ပူပန်စွာဖြင့် အော်လိုက်သည်။ပုဖန်က ရီဖန်း၏ အော်သံကို ကြားလိုက်သောအခါတွင် ချာခနဲလှည့်ကြည့်လိုက်၏။ နောက်ဆုံးတော့ မီးတောက်ငှက်ကို အားစိုက်ထုတ်၍ အပြင်းအထန် ခုခံတွန်းလှန်နေသော ရီဖန်းကို သတိပြုမိသွားလေသည်။သူ့၏ မျက်နှာပေါ်၌ အံ့အားသင့်သည့် အမူအရာ တစ်ခုပေါ်လာ၏။


"ဟေး......မင်းတို့လည်း ဒီမှာရောက်နေတာလား .....တော်တော်တိုက်ဆိုင်တာပဲ...." ပုဖန်က ပြောလိုက်သည်။


"တိုက်ဆိုင်တယ် ....ဒါကို ဘယ်လိုများ တိုက်ဆိုင်တယ်လို့ ပြောတာလဲ.....သူတို့ အန္တရာယ်တွေ့နေတာကို သူသဘောမပေါက်ဘူးလား....."


တကယ်တမ်းတွင်လည်း ပုဖန်က အနည်းငယ်မျှပင် မတွေးတောမိပေ။သူက မိစ္ဆာခြင်္သေ့ခေါင်း အာလူးကို မြင်သည်နှင့် ဘာကိုမှ သတိမပြုတော့ပဲ လျှောက်လာခဲ့ခြင်း ဖြစ်သည်။ ပုဖန်က တောက်လျှောက်လိုက်ကြည့်နေသော မီးခိုးရောင်ဆံပင်နှင့် လူငယ်က သူ မည်သူမည်ဝါ ဖြစ်ကြောင်းကို သိချင်လှသည်။ 


သူပုဖန်နောက်မှ ဝဝတုတ်တုတ်ဝှိုက်တီကို မြင်လိုက်သောအခါတွင် သူ့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး မေးလိုက်သည်။


"မင်းက ရုပ်သေးဂိုဏ်းကလား ...."


ပုဖန်က ရုပ်သေးဂိုဏ်း ဆိုသည်ကို မသိသောကြောင့် သူ့ကိုပြန်မပြောပေ။ ပုဖန်က ခြင်္သေ့မိစ္ဆာခေါင်း အာလူးကိုသာ မမှိတ်မသုန် စူးစိုက်ပြီး ကြည့်နေသည်။


"မဟုတ်ဘူး .....မင်းက ရုပ်သေးဂိုဏ်းက မဟုတ်ဘူး......ဒီဝတုတ်က ရုပ်သေးဂိုဏ်းက ကြေးနီရုပ်လောင်း ရုပ်သေးမဟုတ်ဘူး.....ဒါ ဘာကြီးတုန်း...."


မီးခိုးရောင်ဆံပင်နှင့် လူငယ်က မေးလိုက်သည်။သူကပုဖန်၏ နောက်မှပါလာသော ဝှိုက်တီကိုသာ အပြည့်အဝအာရုံ စိုက်ထားလေသည်။ ဝှိုက်တီ၏ စက်ရုပ်မျက်ဝန်းများက အနည်းငယ် လှုပ်ခတ်သွားပြီး သူက မီးခိုးရောင်ဆံပင်နှင့် လူဆီသို့ ကြည့်လိုက်သည်။မီးခိုးရောင်ဆံပင်နှင့် လူငယ်၏ စိတ်ထဲ၌ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ ပုဖန်က သူ့ရှိရာဆီသို့ ဆက်၍ လျှောက်လှမ်းလာလေသည်။မီးခိုးရောင်ဆံပင်နှင့် လူငယ်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် အေးစက်စွာ အော်လိုက်သည်။


"ရပ်စမ်း......."


ပုဖန်က ခဏမျှ ရပ်သွားပြီးနောက် ထိုလူငယ်ကို မတုန်မလှုပ်ကြည့်လိုက်သည်။ထို့နောက် သူ အရှေ့ကိုသာ လျှောက်လိုက်သည်။


"မင်းက သေချင်နေတာပဲ......"


မီးခိုးရောင်ဆံပင်နှင့် လူငယ်က အေးစက်စွာ ပျက်ရယ်ပြုလိုက်သည်။သူက ရုပ်သေးဂိုဏ်းမှ မဟုတ်သောကြောင့် သတ်ပစ်လိုက်လျှင်လည်း ပြဿနာမရှိပေ။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ကြည်လင်ကောင်းကင်ဘုရားကျောင်းမှ လူများကို ဖိနှိပ်တိုက်ခိုက်နေသော မီးတောက်ငှက်က အတောင်ပံများဖြန့်ကား၍ ပုဖန်ရှိရာဆီသို့ ပျံသန်းလာလေသည်။ သူက ပုဖန်ကို မီးရှိူ့ပြာချဖြစ်ချင်နေသည်။ 


ဝှိုက်တီ၏ စက်ရုပ်မျက်ဝန်းများက ခရမ်းရောင်အဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲသွားသည်။သူလှုပ်ရှားရန် ပြုလုပ်လိုက်စဉ်မှာပင် ပုဖန်၏ တားဆီးခြင်းကို ခံလိုက်ရသည်။ ပုဖန်က သူ့ဆီချဉ်းကပ်လာသော မီးတောက်ငှက်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။သူ့၏ လက်မှ အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြီးနောက် သူ့ရှေ့၌ မဟူရာလိပ်ခုံးဒယ်အိုး ပေါ်လာသည်။


ပုဖန်က လေထဲတွင် ဝဲလည်နေသော လိပ်ခုံးဒယ်အိုးကို ထိန်းချုပ်လိုက်ပြီး သူ့ခေါင်းအထက်ဆီ၌ လွင့်မျောစေလိုက်သည်။ထိုခဏ၌ မီးတောက်ငှက်က သူ့ဆီသို့ ရောက်လာပေပြီ။


ဘန်း.......


ကြောက်စရာကောင်းလှသော မီးတောက်များ တောက်လောင်လာပြီး အပူလှိုင်းများက ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားသည်။ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ သူများ၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်လာပြီး သူတို့၏ နှလုံးသားများက တုန်လှုပ်သွားကြသည်။ ထိုမီးခိုးရောင်ဆံပင်နှင့် လူငယ်၏ မီးတောက်က ကောင်းကင်ကမ္ဘာမြေ မီးတောက်ကျောက် မဟုတ်သော်လည်း သူ့၏ စွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ တောင်ပိုင်းဒေသတစ်ခွင်၌ ထိုလူငယ်နှင့် ဆင်ဆင်တူသည့် မည်သူအကြောင်းကိုမှ သူတို့ မကြားခဲ့ဖူးပေ။


"ဒီလူငယ်က သေပြီပဲ ....."


အစောပိုင်းက ပုဖန်နှင့် ကြုံတွေ့ခဲ့သော အမျိုးသမီးက ပုဖန်၏ ရပ်နေရာ နေရာဆီသို့ စူးစိုက်ကြည့်နေသည်။မကြာခင်မှာပင် မီးတောက်များက သူမအနားသို့ နီးကပ်လာသောကြောင့် သူ့၏ အသားအရည်က နီရဲလာခဲ့သည်။


"ဘယ်လောက်တောင် နှမြောစရာ ကောင်းလိုက်တယ်..."


ရီဖန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။သူက ပုဖန်၏ အချက်အပြုတ် ပညာကို အလွန်ပင် လေးစားခဲ့သည်။ထိုကဲ့သို့ ထူးချွန်သော စားဖိုမှူးတစ်ယောက် မတော်တဆ သေဆုံးသွားခြင်းက နှမြောစရာ ကောင်းလှသည်။


ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ တစ်ခြားသူများက ပုဖန်ကို မသိကြသောကြောင့် ထိုအကြောင်းကို စဉ်းစားမနေကြပေ။ သူတို့အားလုံးက မီးခိုးရောင်ဆံပင်နှင့် လူငယ်၏ လက်ထဲမှ မည်ကဲ့သို့ လွတ်မြောက်ရမည်ကိုသာ စဉ်းစားနေကြသည်။ထိုလူငယ်က အဆင့် ၈ စစ်နတ်ဘုရား အဆင့်မျှသာရှိသေးသော်လည်း သူ့၏ ထူးဆန်းလှသော မီးတောက်က သူ့ကို တန်ခိုးရှင် အဆင့်တစ်ယောက်နှင့်ပင် ယှဉ်ပြိုင်နိုင်အောင် ပံ့ပိုးပေးနေသည်။


"ငါသူ့ကို တားဆီးထားမယ်....မင်းတို့ အားလုံး အမြန်ဆုံး လွတ်မြောက်အောင် ကြိုးစားရမယ်....မင်းတို့ သေချာပေါက် အသက်ရှင်လျက် ပြန်လာရမယ်....."


ကြည်လင်ကောင်းကင်ဘုရားကျောင်းမှ အကြီးအကဲက ပြောလိုက်သည်။သူ့၏ မျက်ဝန်းထဲ၌ ဆုံးဖြတ်ချက် ပြတ်သားသည့် အရိပ်အယောင်များကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရသည်။ သူက အရှေ့သို့ ပြေးထွက်လိုက်ပြီး သူ့၏ တပည့်များ အရှေ့မှနေ၍ မီးခိုးရောင် ဆံပင်နှင့်လူငယ်ကို ပိတ်ကာထားလိုက်သည်။တပည့်များက အလွန်တရာ ဝမ်းနည်းသွားကြသည်။ သို့သော်လည်း သူတို့က အကြီးအကဲ၏ စိတ်ကို ပြန်လည်ပြောင်းလဲအောင် မပြုလုပ်နိုင်ကြမှန်း ကောင်းစွာသိပေသည်။ထို့ကြောင့် သူတို့ လွတ်မြောက်နိုင်ရန်အတွက် ပြင်ဆင်လိုက်ကြသည်။


"မင်းတို့က ထွက်ပြေးချင်တာလား......ငါ သွမ့်ယွင်ရဲ့ ရှေ့မှာ မောက်မာထောင်လွှားပြီးတော့မှ ထွက်ပြေးချင်နေသေးတာလား...."


ထိုလူငယ်က အေးစက်စွာ ရယ်မောလိုက်သည်။သူ့၏ လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ မီးတောက်က ကောင်းကင်ယံဆီိသို့ ပျံတက်သွားပြီး ကြီးမားလှသော မီးတောက်လက်ဖဝါး ပုံစံ အဖြစ် ပြောင်းလဲသွားသည်။ ချက်ချင်းဆိုသလိုပင် ထိုမီးတောက် လက်ဖဝါးကြီးက ရီဖန်းနှင့် အခြားတပည့်များ ရှိရာဆီသို့ ကျဆင်းလာသည်။သို့သော်လည်း ပုဖန်၏ နေရာ၌ လောင်ကျွမ်းနေသော မီးတောက်များက အခြားမီးတောက်များနှင့်အတူ ကောင်းကင်ယံသို့ တက်သွားသည်ကို မြင်လိုက်ရသည့် အချိန်၌ သွမ့်ယွင်က သူ့၏ ထိန်းချုပ်မှုကို ရပ်တန့်လိုက်သည်။


အဘယ်ကြောင့်ဆိုသော် ပိန်ပိန်ပါးပါး ပုံရိပ်က ထိုနေရာ၌ အေးဆေးတည်ငြိမ်စွာဖြင့် ရပ်နေတုန်း ဖြစ်သောကြောင့်ပင်။


"ငါ့ရဲ့ မီးတောက်တွေက ဘာလို့ မင်းကို ပြာကျအောင် မလောင်တာလဲ...."


သွမ့်ယွင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။သူက ပုဖန်၏ စွမ်းအင်အဆင့်ကိုလည်း သိနေသောကြောင့် အံ့အားသင့်သွားသည်။ သူ့၏ ငရဲ မီးတောက်များက ကောင်းကင်ကမ္ဘာမြေ မီးလျှံကျောက်ထက် နိမ့်ပါးသော်လည်း အဆင့် ၈ စစ်နတ်ဘုရားတစ်ပါးကိုပင် အသာလေး သတ်ပစ်နိုင်၏။ပုဖန်ကဲ့သို့ အော်ရာမသန်မာသည့် သူတစ်ယောက်အတွက်မူ ထည့်ပြောစရာပင် မဟုတ်ပေ။


ပုဖန်၏ အခြေအနေကို သွမ့်ယွင် တစ်ယောက်တည်းသာ အံ့သြသင့်နေခြင်း မဟုတ်ပဲ ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ သူများအားလုံးကပါ အံ့အားသင့်နေကြသည်။ ပုဖန်ကို ဒီမီးတောက်များ စွဲလောင်စဉ်က ပြာကျသွားလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။သို့သော်လည်း ရလဒ်က သူတို့ထင်ထားသည်နှင့် တစ်ခြားစီပင် ဖြစ်နေ၏။


"သူ အခုထိ အဆင်ပြေနေသေးတယ်လား......" ရီဖန်း၏ မျက်ဝန်းများက ပြူးကျယ်နေပြီး ပါးစပ်အဟောင်းသားပွင့်နေသည်။


ပုဖန်က သူ့၏ နဂိုနေရာမှပင် တည်ငြိမ်စွာ ရပ်နေတုန်း ဖြစ်သော်လည်း သူ့၏ မျက်ဝန်းထဲ၌ စိတ်ပျက်သည့် အရိပ်အယောင်များ အထင်သား ပေါ်လွင်နေသည်။သွမ့်ယွင် ပစ်လွှတ်လိုက်သောမီးတောက်များက သူ့ခေါင်းပေါ်မှ ပျံဝဲ နေသော မဟူရာ လိပ်ခုံးဒယ်အိုးကို ထိမှန်သွားပြီးသည့်နောက် လွင့်စင်ပပျောက်သွားသည်။


သူက ထိုမီးလျှံလေးများဖြင့် မဟူရာလိပ်ခုံးဒယ်အိုးကို အသုံးပြု၍ ရမရ ကြိုးစားကြည့်ချင်ခဲ့သည်။သို့သော်လည်း အချန်ခဏမျှ လောင်ကျွမ်းပြီးသည့်အချိန်ထိ ဒယ်အိုးက အနည်းငယ်မျှပင် အပူချိန် ပြောင်းလဲမှု မရှိပေ။ စနစ်ပြောသည့်အတိုင်း ကောင်းကင်ကမ္ဘာမြေ မီးတောက်ဖြင့်သာ မဟူရာလိပ်ခုံး ဒယ်အိုးကို အသုံးပြုနိုင်ကြောင်း ထင်ရှားလှပေသည်။


"ငါ့ရဲ့ ငရဲမီးလျှံတွေကို ခုခံနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး....ကြည့်ရတာတော့ ငါမင်းကို အကဲဖြတ်တာ မှားယွင်းသွားတယ်....မင်းက မင်းရဲ့စွမ်းအင်တွေကို တကယ်ကို ဖုံးကွယ်ထားတာပဲ......."


သွမ့်ယွင်၏ အမူအရာက အေးစက်သွားသည်။သူ လက်ကိုဝှေ့ယမ်း၍ ကြည်လင်ကောင်းကင်ဘုရားကျောင်းမှ တပည့်များဆီသို့ ကျဆင်းနေသော မီးတောက် လက်ဖဝါးကို လမ်းကြောင်းပြောင်း၍ ပုဖန်ဆီသို့ တိုက်ခိုက်လိုက်သည်။


ပုဖန်၏ အမူအရာကလည်း အတော်လေး ဆိုးရွားသွားသည်။သူက ချုံပုတ်ထဲမှ ထွက်လာပြီးနောက် မိစ္ဆာခြသင်င်္သေ့ခေါင်းအာလူးကို ကြည့်ချင်ရုံသာ ဖြစ်သည်။သို့သော်လည်း သွမ့်ယွင်က သူ့ကို သတ်ချင်နေသောကြောင့် သူတကယ့်ကို ကြောင်အ အံ့သြနေမိသည်။


ကြီးမားလှသော မီးတောက်လက်ဖဝါးကြီးက ပုဖန်ဆီသို့ ကျဆင်းလာသည်။ပြင်းထန်သော မီးတောက်များက မြေပြင်ကိုပါ မီးစွဲလောင် သွားစေပြီး မီးခိုးလုံးကြီးများက ကောင်းကင်ယံဆီသို့ ပြန်လည် ဆန်တက်သွားသည်။


"ဒီတစ်ကြိမ်တော့ သူ သေချာပေါက် ပျက်စီးသွားရမယ်....."


သွမ့်ယွင်က သက်ပြင်းတစ်ချက် ချလိုက်သည်။သူ့၏ မီးတောက်လက်ဖဝါးက မီးတောက်ငှက်ထက် ပို၍ ပြင်းထန်သည်။သူ့၏ နောက်ဆုံးတိုက်ခိုက်မှုမှ လွတ်မြောက်လိုက်မည်ဟု သူမယုံကြည်ပေ။ ထိုငရဲ မီးတောက်များ၏ လောင်ကျွမ်းမှုမှ ဖြစ်ပေါ်လာသော အပူချိန်က သာမန်လူတစ်ယောက် တောင့်ခံနိုင်မည့် အရာမဟုတ်ပေ။


ကြည်လင်ကောင်းပင်ဘုရားကျောင်းမှ တပည့်များအားလုံးက ထိုမီးတောက်လက်ဖဝါး၏ စွမ်းအားကို မျက်ဝါးထင်ထင် မြင်လိုက်ရသောအခါတွင် သူတို့၏ နှုတ်ခမ်းများ တုန်ယင်သွားကြသည်။ထိုမီးတောက် လက်ဖဝါးသာ သူတို့ဆီ ကျရောက်လာခဲ့ပါက သူတို့ အားလုံး ပြာအဖြစ် ပြောင်းသွားပေလောက်မည်။


"ဒီတစ်ကြိမ်တော့ သူ တကယ်ပဲ သေပြီလား ....."


 ရီဖန်းက စူးစိုက်ကြည့်နေရင်းမှ မရေမရာဖြင့် မေးလိုက်သည်။ထိုနေရာမှာ တဖြေးဖြေးချင်း ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသောအခါ သူ့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားကြသည်။ထိုမြင်ကွင်းကို မြင်လိုက်ရသော သွမ့်ယွင်လည်း တောင့်တင်းသွားပေသည်။ သူကမီးတောက်များကို စေ့စေ့စိုက်စိုက် ကြည့်လိုက်သည်။တောက်လောင်နေသော မီးတောက်များက ကောင်းကင်ယံဆီသို့ ဆန်တက်သွားပြီးနောက် တဖြေးဖြေးချင်း လွင့်စင်ပပျောက်သွားသည်။


ထို့နောက် မီးတောက်များကြားမှ ကြီးမားလှသော အနက်ရောင်ဒယ်အိုးတစ်ခု ပျံသန်းထွက်လာပြီး သွမ့်ယွင် ရှိရာဆီသို့ တိုးဝင်လာသည်။


"ဒီဒယ်အိုးက ဘာကြီးလဲ....."


သွမ့်ယွင်က အံ့အားသင့်သွားသည် ။ထို့နောက် သူက မျက်စိဆံပင်မွှေးစူးစရာ ထိုအနက်ရောင် ဒယ်အိုးကို ထုချေချရန် ကြိုးစားလိုက်သည်။သို့သော်လည်း သူ့၏ လက်ဖဝါးနှင့် ဒယ်အိုးတို့ ထိမိတော့မည့် အချိန်မှာပင် ထိုဒယ်အိုး၏ နောက်ကွယ်မှ မျက်နှာ တစ်ခု ပေါ်ထွက်လာသည်။ ပုဖန်က ဒယ်အိုးနက်ကို သေချာစွာကိုင်ထားပြီး သွမ့်ယွင်ကို ထုချလိုက်သည်။