အပိုင်း ၃၄၆
Viewers 52k

အခန်း ၃၄၆ “မီးတောက်မွေးဖွားလာခြင်း”


အုံး.....ဂွမ်


ခြေထောက်ကြီး ဖားပြုပ်၏ အော်မြည်သံက အနားနားရှိနေသော သူများအားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။အဆင့်မြင့် သားရဲကြီး၏ လွှမ်းမိုးနိုင်စွမ်းသော ဖိအားက အားလုံး၏ စိတ်နှလုံးကို သက်ရောက်မှုရှိစေသည်။ မြောက်များလှစွာသော သားရဲများက သားရဲတွင်းထဲမှ တစ်သုတ်ပြီးတစ်သုတ် ထွက်ပေါ်လာကြသည်။ သားရဲအုပ်ကြီးကြောင့် တောအုပ်ကြီးပင် တုန်ဟီးသွားစေသည်။


ထိုခဏ၌ ပတ်ဝန်းကျင်က သားရဲ နိုင်ငံတော်တစ်ခုအဖြစ် ပြောင်းလဲသွားသလို ထင်ရသည်။ ထိုဆူပူအုံကြွနေသော သားရဲများကြောင့် လူအုပ်ကြီးက လုံးဝ လွှမ်းမိုးခံလိုက်ရလေသည်။ 


ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ စစ်သည်တော်များက ထိုသားရဲဆူပူအုံကြွမှုအတွက် တုန်လှုပ်ခြင်း မရှိကြပေ။ တောင်စဉ်တစ်ထောင်တောင်တန်းတွင် ကြီးပြင်းလာသည့် သူများဖြစ်သည့် အလျှောက် သားရဲဆူပူအုံကြွမှုများကို မရေမတွက်နိုင်အောင် ကြုံခဲ့ရဖူးလေပြီ။ထို့ကြောင့် သူတို့အတွက် ဒီကိစ္စက ဆွေးနွေးပြောစရာပင် မလိုအပ်ပေ။


ထိုသားရဲဆူပူအုံကြွမှုများက တိုက်တိုက်ဆိုင်ဆိုင်ပင် တောင်စဉ်တစ်ထောင်တောင်တန်း၏ နဂါးစွမ်းအင်များကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေသည်။ နဂါးစွမ်းအင်များက တောင်တန်များအတွက် စိတ်ဝိညာဉ်စွမ်းအင် အရင်းအမြတ်များပင် ဖြစ်သည်။စိတ်ဝိညာဉ်သားရဲများက သူတို့၏ ကျင့်ကြံမှု အတွက် နဂါးစွမ်းအင်များပေါ်တွင် မှီခိုနေရသည်။


သားရဲ ဆူပူအုံကြွမှု ဖြစ်ပေါ်လာသည့်အခါတိုင်းတွင် တောင်စဉ်တစ်ထောင်တောင်တန်းမှ စွမ်းအင်အရင်းအမြစ်များကို ဖြတ်တောက်ပစ်လိုက်သည်။ထိုအချင်းအရာက အနီးအနား၌ ရှိနေသော သားရဲများအားလုံးကို မီးတွင်းထဲသို့ ပြေးဝင်သွားစေပြီး သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များနှင့် သူတို့၏ အသက်စွမ်းအင်ကို လဲလှယ်စေသည်။


သားရဲများ၏ စွမ်းအင်က မီးတွင်းထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ကြမ်းတမ်းခြင်း တစ်သောင်းမီးတောက်၏ သန့်စင်မှုကို ခံလိုက်ရကာ စိတ်ဝိညာဉ် စွမ်းအားများအဖြစ် ပြန်လည်ထွက်ပေါ်လာပေလိမ့်မည်။ ထိုစွမ်းအားများက အလွန်ကြွယ်ဝသိပ်သည်းလှပြီး အလွန်သန့်စင်လှသည်။ ထိုစွမ်းအားများက အဆင့်နိမ့် စိတ်ဝိညာဉ်သားရဲများအတွက် ပဓာနကျသည့် လိုအပ်ချက်ဖြစ်သောကြောင့် သူတို့ မရပ်မနားပင် ရှူရှိုက်လိုက်ပေလိမ့်မည်။


ထိုအချင်းအရာက ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်၏ မူလအစလည်းဖြစ်သည်။ တောင်စဉ်တစ်ထောင် တောင်တန်းတွင် လှည့်လည် သွားလာနေကြသော များပြားလှသည့် စိတ်ဝိညာဉ်သားရဲများ၏ စွမ်းအားများကို စုပ်ယူပြီးသည့်နောက် ကောင်းကင်ကမ္ဘာမြေ မီးတောက်ကျောက်က မယုံနိုင်လောက်အောင် အစွမ်းထက်လာပေမည်။


စိတ်ဝိညာဉ်သားရဲများ၏ သိုဝှက်သိမ်းဆည်းထားသော စွမ်းအင်များက ရေပင် မဖျက်စီးနိုင်သကဲ့သို့ပင် လုံခြုံလဗသည်။သို့သော်လည်း အနောက် ရှိနေကြသော လူသားများ၏ စွမ်းအင်အဆင့်က သူတို့ထက် မြင့်မားလာသောကြောင့် လူသားများ၏ စွမ်းအင် လွှမ်းမိုးမှုဒဏ်ကို ခံလိုက်ရကြသည်။ စိတ်ဝိညာဉ်သားရဲများက အသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ သိုလှောင်စွမ်းအင်များ အားလုံးကို မီးတွင်းထဲသို့ ထွေးအန်လိုက်ကြသည်။တစ်ခြားသားရဲများကလည်း ထိုနည်းတူစွာ လိုက်ပါ လုပ်ဆောင်လိုက်ကြသည်။ 


ထိုသိုလှောင်စွမ်းအင်များ၏ ရိုက်ခတ်မှု လှိုင်းကြောင့် မြူခိုးဝေကဲ့သို့ အခိုးအငွေ့များ ထွက်ပေါ်လာလေသည်။ သားရဲတစ်ကောင်ဆီမှ ထုတ်လွင့်လ်ိုက်သော စွမ်းအားနှင့် မြောက်များလှစွာသော သားရဲများ၏ စွမ်းအားများက ကွာခြားလှကြောင်း ထင်ရှားလှပေသည်။ထောင်သောင်းများစွာသော သားရဲများ၏ စွမ်းအားများက အစုအဝေးများကဲ့သို့ပင် ဖြစ်ပေါ်နေသည်။


ထိုသိပ်သည်းကြွယ်ဝလှသော စွမ်းအင် အစုအဝေးက ကောင်းကင်ယံဆီသို့ ထိုးတက်သွားပြီးနောက် ရေစက်ကလေးများအဖြစ်သို့ ပြောင်းလဲလုနီးပါးပင် ဖြစ်ပေါ်နေသည်။ ထိုစွမ်းအင်အစုအဝေးက မီးတွင်းအထက်၌ မျောလွင့်နေပြီးမှ အခိုးအငွေ့အလွှာပါူများအဖြစ်သို့ တဖြေးဖြေးချင်း စီးဆင်းသွားသည်။


ရုတ်တရက် တွင်းထဲမှ စုပ်ယူနိုင်သော စွမ်းအားများ ထွက်ပေါ်လာပြီး ထိုမျောလွင့်နေသည့် စွမ်းအားများကို မျက်စိနှင့်ပင် မြင်နိုင်သော နှုန်းဖြင့် စုပ်ယူလိုက်သည်။အချိန်အတိုအတွင်းမှာပင် စွမ်းအားများအားလုံး အပြည့်အဝ စုပ်ယူပြီးသွားလေပြီ။


ထိုမြင်ကွင်းကြောင့် လူတိုင်းက အသက်ရှူပင် အောင့်ထားမိပြီး နောက်ထပ်ဖြစ်ပေါ်လာမည့် မြင်ကွင်းကို ကြည့်ဖို့အတွက် စိတ်လှုပ်ရှားနေကြသည်။ တောက်လောင်နေသော တွင်းထဲမှ ပြင်းထန်လှသော ရွှေရောင်မီးတောက်များ မြင့်တက်လာသည်။ထိုမီးတောက်များထဲ၌ မျက်စိဖြင့် မြင်နိုင်စွမ်းမရှိသော သားရဲများ၏ အော်ဟစ်သံများ ပါဝင်နေသည်။


နဂါးဟိန်းသံ ၊ ကျားဟိန်းသံ ၊ သိမ်းငှက်အော်သံများနှင့် တစ်ခြားရာပေါင်းများစွာသော သားရဲများ၏ ဟိန်းဟောက်သံများပါ ပါဝင်နေသည်။ထိုမြင်ကွင်းက တကယ့်ကို ထူးခြားဆန်းကြယ်လှပေသည်။ ပြင်းထန်လှသော ရွှေရောင်မီးတောက်များကလည်း နဂါးအဖြစ်သို့ လည်းကောင်း ၊ ကျားအဖြစ်သို့ လည်းကောင်း ၊ ခြင်္သေ့အဖြစ်သို့ လည်းကောင်း ပုံရိပ်အမျိုးမျိုး ပြောင်းလဲနေသည်။


ထိုမီးတောက်များ၏ မြင်ကွင်းက သားရဲပေါင်းများစွာ၏ စွမအင်ကို စုပ်ယူထားခြင်း၏ အကျိုးသက်ရောက်မှုပင် ဖြစ်ပြီး ထိုမီးတောက်များက အလွန်တရာ ထူးခြားဆန်းကြယ်လှသည်။ ယခုထိုမီးတောက်များက ကောင်းကင်ကမ္ဘာမြေ မီးတောက်ပင် ဖြစ်သည်။


ကောင်းကင်ကမ္ဘာမြေ မီးတောက်နှင့် ငရဲမီးလျှံတို့ကြား ကွာခြားချက်က စိတ်ဝိညာဉ်စွမ်းအင် ပါဝင်မှု အတိုင်းအတာပင် ဖြစ်၏။


ပေကုန်းမင်၏ မျက်ဝန်းထဲ၌ တောက်လောက်နေသော ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်၏ ပုံရိပ်က ရောင်ပြန်ဟပ်နေသည်။ပို၍ တိတိကျကျပြောရလျှင် အသစ်ဖြစ်ပေါ်လာသော ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက် ဖြစ်သည်။ ထိုမီးတောက်က သက်တမ်းရင့်ပြီးသား ကောင်းကင်ကမ္ဘာမြေ မီးတောက်ကဲ့သို့ အရာရာအားလုံးကို ပြာချပစ်နိုင်စွမ်းမရှိပေ။


ထိုမီးလျှံ၏ စွမ်းအားက မကြီးမားလှပေ။သူ့၏ စွမ်းအင်အဆင့်မြင့်မားလာရန် သေချာပြုစုပျိုးထောင်ရန် လိုအပ်နေပေသေးသည်။ပေကုန်းမင်က ထိုကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို ရူးရူးမူးမူးပင် လိုချင်နေမိသည်။ထိုကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို ရရှိပါက သူ့၏ စွမ်းဆောင်ရည်ကို အောင်မြင်စွာ ချိုးဖောက်ပြီးမြောက် သွားနိုင်ပေလိမ့်မည်။ထိုမီးတောက်မှလွဲ၍ တခြားအရာများက သူ့ကိုမဆွဲဆောင်နိုင်ပေ။


သူ့၏ ကျောဘက်မှ တောက်ပလှသော တောင်ပံတစ်စုံကို ခတ်လိုက်ရင်း တစ်ခြားတန်ခိုးရှင် အဆင့်များကို နောက်ချန်ထားခဲ့၍ ထွက်ခွာလိုက်သည်။သူက အလင်းတန်းများ ထုတ်လွင့်နေသော ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ရှိရာသို့ လျှပ်စီးကဲ့သို့ အမြန်နှုန်းပင် တိုးဝင်လိုက်သည်။


တစ်ခြားသူများ မရယူနိုင်သေးခင် ထိုမီးတောက်ကို ရရှိဖို့ အခွင်းအရေးရှိနေပေသည်။သိူ့သော်လည်း သူလှုပ်ရှားလိုက်စဉ်မှာပင် သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေသော ယဲ့ယွင်ချင်းကလည်း လှုပ်ရှားလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများက ပေါက်ကွဲထွက်လာသည်။ယဲ့ယွင်ချင်းက ယဲ့ဇီလင်း ပစ်ပေးလိုက်သော မိုးကြိုးလေးကို ဖမ်းယူလိုက်သည်။ထိုလေးက နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်ဖြစ်ပြီး တန်ခိုးရှင် အဆင့်တစ်ယောက် အသုံးပြုလိုက်လျှင် သူ့၏ စွမ်းအားများက အနှိုင်းအစမဲ့ များပြားလှသည်။(နောက်ပိုင်းတွင် ရီဇီလင်းကို ယဲ့ဇီလင်း .....ရီဖန်းကို ယဲ့ဖန်းဟု ပြောင်းလဲအသုံးပြုသွားပါမည်)


ရုတ်တရက် ဖြတ်သန်းသွားသော အလင်းတန်းများက လူအုပ်ကြီးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ကြီးမားလှသော ခြေထောက်ကြီး ဖားပြုတ်ကလည်း သူ့၏ မျက်ဝန်းအကြည့်များကို ယဲ့ယွင်ချင်းးနှင့် ပေကုန်းမင်ဆီသို့ ကြည့်လိုက်သည်။ ထို့နောက် သူ့၏ ပါးစပ်ကို ဖွင့်ဟလိုက်ပြီး လျှာကို ဆန့်ထုတ်လိုက်သည်။မယုံနိုင်စရာ အသံကျယ်ကျယ်နှင့်အတူ လေထဲ၌ လှိုင်းဂယက်များပင် ထသွားသည်။


ဘုန်း.....ဘုန်း.......


သို့သော်လည်း ပေကုန်းမင်နှင့် ယဲ့ယွင်ချင်းတို့ နှစ်ဉီးစလုံးက အလွန်သတိရှိကြသည်။ သူတို့နှစ်ဉီးစလုံး လေထုကို ညှင်ညှင်သာသာပင် ဖြတ်သန်းလိုက်ပြီး ဖားပြုတ်ကြီး၏ လျှာဖြင့်တိုက်ခိုက်မှုကို ထိထိရောက်ရောက်ပိတ်ဆို့လိုက်သည်။  


ခြေထောက်ကြီး ဖားပြုတ်က နောက်တစ်ကြိမ် အော်မြည်လိုက်ပြီး သူ့၏ လက်ဖြင့် ပုံရိပ်နှစ်ရိပ်ဆီသို့ ပြင်းထန်စွာရိုက်ချလိုက်သည်။ကြီးမားလှသော ဖားပြုတ်ကြီး၏ မျက်လုံးထဲတွင် ထိုလူသားများကို အရေးမပါသည့် ခြင်တစ်ကောင်အလား ထင်မှတ်ထားပေသည်။


ယဲ့ယွင်ချင်းနှင့် ပေကုန်းမင်တို့ နှစ်ဉီးစလုံး အလွန် ဒေါသထွက်သွားကြသည်။


"ဖားပြုတ်တစ်ကောင်က သူတို့ကို ဘယ်လိုလုပ်ပြီးတော့ ခြိမ်းခြောက်ရဲတာလဲ....."


သူတို့နှစ်ယောက်လုံး ကြီးမားလှသော ဖားပြုတ်ကြီးကို ဉီးတည် တိုက်ခိုက်လိုက်ကြသည်။ လူနှစ်ယောက်နှင့် သားရဲတစ်ကောင်၏ တိုက်ပွဲက စတင်ပေပြီ။သူတို့၏ တိုက်ခိုက်မှုတိုင်းဆီမှ အလင်းတန်းများလည်း လဲ့ဖြာနေသည်။


ဘန်း.....ဘန်း.....ဘန်း.......


နောက်ထပ် အဆင့်မြင့် သားရဲတစ်ကောင်ဖြစ်သာ အနီရောင် မီးနဂါးက မီးတွင်းထဲမှ တွားထွင်လာသည်။သူဟိန်းဟောက်လိုက်ရာ သူ့၏ ပါးစပ်ထဲမှ လောင်ကျွမ်းနေသော မီးတောက်များ ထွက်ပေါ်လာလေသည်။သူ့၏ စွမ်းအားက ကြောက်စရာကောင်းလှသည်။


ရွှစ်......


ကောင်းကင်ထက်ဆီမှ ကျလာသော ဓားအလင်းတစ်ချက်က ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ဆီသို့ တရွေ့ရွေ့ ဉီးတည်လာလေသည်။ထိုဓားအလင်းသာ ပေါက်ကွဲသွားပါက အနားဝန်းကျင်တွင်ရှိနေသော အရာရာအားလုံးကို ဖုံးလွှမ်းသွားပေလိမ့်မည်။


မီးနဂါးက ဟိန်းဟောက်လိုက်ပြီး နောက်ထပ်မီးလုံးတစ်လုံးကို ထပ်မှုတ်လိုက်သည်။သူ့၏ အတောင်ပံကို ဖြန့်၍ ကောင်းကင်ယံဆီသို့ ထိုးတက်သွားသည်။ထိုနဂါးက ဝူမူကို ပြင်းထန်သည့် သတ်ဖြတ်ချင်စိတ်များဖြင့် စူးစူးဝါးဝါး ကြည့်လိုက်သည်။


မြွေမျိုးနွယ် အာဏာပိုင်က မြွေခန္ဓာကိုယ်သာ ရှိနေသော်လည်း မယုံနိုင်စရာအမြန်နှုန်းဖြင့် လှုပ်ရှားနိုင်နေတုန်းပင် ဖြစ်သည်။ မြွေမျိုးနွယ်၏ မျက်နှာက လူသားအမျိုးသမီးများထက်ပင် ပို၍ လှပသည်။သူမ၏ စိမ်းစိုနေသော ဆံနွယ်များက မြွေသေးသေးလေးများကဲ့သို့ပင် လေ၌ လွင့်မျောနေသည်။


သူမ၏ မြွေမီးကို လျှင်မြန်စွာဖြင့် ယမ်းခါလိုက်သည်။သူမ၏ ပစ်မှတ်ကလည်း မြွေလူသားများအတွက် အလွန်အရေးကြီးသည့် ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ပင် ဖြစ်သည်။ မြွေလူသားများက အဆင့်ချိုးဖောက် တက်ရောက်သည့် အချိန်များ၌ သူတို့၏ မရေခွံကို ချွတ်ချကြသည်။သူတို့၏ စွမ်းအင်အဆင့် မြင့်မားလာသည်နှင့်အမျှ အရေခွံ ချွတ်ရာတွင် လိုအပ်သည့် စွမ်းအင်ပမာဏကလည်း ဆတူ များပြားလာခဲ့သည်။


သူတို့အရေခွံ အသစ်ဖြစ်ပေါ်လာရန်အတွက် လိုအပ်သည့် စွမ်းအင်ပမာဏက လူတစ်ယောက် စိတ်ကူးနိုင်သည်ထက်ပင် ကျော်လွန်များပြားနေသည်။ မြွေလူသားအာဏာပိုင်က တန်ခိုးရှင်အဆင့်သို့ တက်ရောက်ခဲ့ပြီးပြီဖြစ်သည်။သူမက သူ့၏ အရေခွံကို ချွတ်ခွာ၍ စွမ်းအင်များ ဖြည့်တင်းကာ အသစ်သွန်းလောင်းပြီး နောက်ထပ်အဆင့်တစ်ဆင့်သို့ တက်လှမ်းချင်နေခဲ့သည်။သူ့၏ အရေခွံအသစ်သွန်းလောင်းမှု ပြီးသွားသည်နှင့်တစ်ပြိုင်နက် သူမ နောက်တစ်ဆင့်သို့ ရောက်သွားပေလိမ့်မည်။


ထို့ကြောင့်ပင် အထူးအကူ ပစ္စည်းဖြစ်သည့် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို လိုအပ်နေခြင်းပင် ဖြစ်သည်။ တစ်ခြား တန်ခိုးရှင်စစ်သည်တော်များကလည်း လှုပ်ရှားလိုက်ကြသည်။မြွေလူသားအာဏာပိုင်က ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို လုယူရန် ကြိုးစားလိုက်သည့်အချိန်၌ သူတို့အလဟဿ အချိန်ဖြုန်း၍ ရပ်မနေနိုင်ကြတော့ပေ။


တစ်ချိန်တည်းမှာပင် ခြေထောက်ကြီး ဖားပြုတ်ပေါ်တွင် ထိုင်နေသော မြေရိုင်းလွင်ပြင်မှ စစ်သည်တော်များကလည်း ခုန်ထွက်လိုက်သည်။ရုတ်တရက် တန်ခိုးရှင်အဆင့်များဖြင့်သာ ပြည့်နေသော တိုက်ပွဲတစ်ခု ဖြစ်ပွားလာသည်။


ပုဖန်နှင့် သွမ့်ယွင်က ဖြစ်ပျက်နေသမျှ အရာရာတိုင်းကို အဝေးမှနေ၍ ကြည့်ရှူနေကြသည်။ သူတို့သည်လည်း သားရဲအများအပြား၏ ဝိုင်းရံခြင်းကို ခံထားရသောကြောင့် သစ်ကိုင်းများပေါ်တွင် ပုန်းခိုနေရသည်။ သူတို့သည်လည်း မီးတွင်းနှင့် သိပ်မဝေးသောကြောင့် တစ်ခြားသူများကဲ့သို့ပင် မမျှော်လင့်ထားသည့် ကံကြမ္မာဆိုး၏ ရိုက်ခတ်မှုဒဏ်ကို ခံခဲ့ရသည်။စိတ်ဝိညာဉ် သားရဲ နှစ်ကောင်က ကြောက်မက်ဖွယ်ကောင်းအောင် ဟိန်းဟောင်လိုက်ပြီးနောက် သူတို့နှစ်ယောက်ရှိရာဆီသို့ တဟုန်ထိုး ပြေးဝင်လာသည်။


သွမ့်ယွင်က အာရုံစုစည်းလိုက်ပြီး ငရဲမီးတောက်ကို ဆင့်ခေါ်လိုက်သည်။သူ့၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ ပါးလျသော မီးတောက်လေးများ စတင် လောင်ကျွမ်းလာသည်။ထိုမီးတောက်လေးများ၏ စီးဆင်းမှုက သူတို့ဆီသို့ ခုန်ဝင်လာသော စိတ်ဝိညာဉ်သားရဲတိုင်းကို သုတ်သင် ဖယ်ရှားနိုင်သည်။


ထိုငရဲမီးတောက်က သူ့၏ တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သည်။ငရဲမီးတောက်က ကောင်းကင်ကမ္ဘာမြေ မီးတောက်နှင့် မယှဉ်နိုင်သော်လည်း သာမန်မီးတောက်များထက် သာလွန်သည်။


ပုဖန်က ထိုသားရဲများကို ပို၍ လွယ်ကူစွာပင် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသည်။သူ့၏ လက်မှ မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပေါ်လာသည်။


ပုဖန်က ဓားပြားကို လက်ချောင်းကလေးများဖြင့် အသာ တောက်ခတ်လိုက်သည်။ဓားမှထွက်ပေါ်လာသော နဂါးစွမ်းရည်က သူတို့ဆီသို့ ချဉ်းကပ်လာသော စိတ်ဝိညာဉ်သားရဲကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။


ကျယ်လောင်သောအသံနှင့်အတူ ထိုသားရဲနှစ်ကောင်က မြေပြင်ပေါ် ဝပ်တွားသွားကြသည်။ ထိုအချင်းအရာကြောင့် တစ်ခြားစိတ်ဝိညာဉ်သားရဲများကလည်း သူတို့အနီးသို့ ချဉ်းကပ်ရဲခြင်း မရှိတော့ပေ။


သွမ့်ယွင်က ပါးစပ်အဟောင်းသားဖြင့် သူ့ကို ငေးစိုက်ကြည့်နေသည်။

"ဒါဘယ်လို နည်းစနစ်မျိုးလဲ.....ဓားလေး တစ်ချက်လှုပ်လိုက်တာနဲ့ အကုန်လုံး ဖြေရှင်းပြီးသား ဖြစ်သွားတယ်.....ဘယ်လောက်တောင် ဟန်များလိုက်သလဲ....."


သူတို့အနား ပတ်ဝန်းကျင်၌ရှိနေကြသော စိတ်ဝိညာဉ်သားရဲများက မရပ်မနား ဟိန်းဟောက်နေကြသည်။သူတို့မှုတ်ထုတ်လိုက်သော စွမ်းအင်များကလည်း မိနစ်နှင့်အမျှ ပို၍ သိပ်သည်းလာခဲ့သည်။သူတို့၏ စွမ်းအင်များကို ရွှေရောင်မီးတောက်ထဲ မှုတ်ထုတ်လိုက်ခါ သန့်စင်ပြီးနောက် လေထဲ၌ မျောလွင့်နေသည်။


တစ်ဖန် ထိုစွမ်းအင်များက ပြင်းထန်လာပြီး စိတ်ဝိညာဉ်စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွားကာ သားရဲများက ရှူရှိုက်လိုက်ပြန်သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ရွှေရောင်မီးတောက်က ပို၍ပင် တောက်ပလာသည်။အံ့သြဖွယ် ပန်းတစ်ပွင့် ပွင့်လန်းလာသကဲ့သို့ပင် သေးငယ်သော ရွှေရောင်မီးတောက်လုံးလေးများက အတူတကွ စုစည်းနေရာမှ တဖြေးဖြေးချင်း ပွင့်အာကျလာပြီး နောက်ဆုံး၌ ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက် ပေါ်ထွက်လာသည်။


ရှူရဂိုဏ်းမှ ဂိုဏ်းချုပ်ွ သွမ့်လင်းက ထိုအဖြစ်အပျက်များကို တစ်ချိန်လုံး တိတ်ဆိတ်စွာဖြင့် စောင့်ကြည့်နေခဲ့သည်။သူ့၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော စွမ်းအားများ ပေါက်ကွဲ ထွက်လာသည်ကို ခံစားမိလိုက်သည်။ဟာရီကိန်းမုန်တိုင်း တစ်ခုကဲ့သို့ ပြင်းထန်လှသော စွမ်းအင်များကြောင့် တိုက်ပွဲအတွင်းတွင်ရှိနေကြသော သူများအားလုံး ထိတ်လန့် တုန်လှုပ်သွားကြသည်။


ရှုရဂိုဏ်း ဂိုဏ်းချုပ်က တစ်ခြားမီးတောက်များအပေါ်၌ မျောလွင့်နေသော စိတ်ဝိညာဉ် စွမ်းအင်များဖြင့် ပြည့်နေသည့် မီးတောက်လုံးလေးကို ငေးမောကြည့်ရှူနေသည်။ သူ့၏ မျက်ဝန်းထဲ၌လည်း စိတ်လှုပ်ရှားမှု တောင်းတ မျှော်လင့်မှုတို့ဖြင့် ပြည့်နှက်နေပြီး သူ့၏ ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။သူက လေထုထဲသို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး တောက်ပခှသော မီးလုံးလေးဆီသို့ ဦးတည်လျှောက်လှမ်းလိုက်သည်။