အပိုင်း ၃၄၇
Viewers 53k

အခန်း ၃၄၇ “ဝိညာဉ်နှုတ်မှော်ဖန်လုံး...လောင်စာမီးတောက်ကျောက်”


ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်က ကောင်းကင်ယံထက်၌ ငြိမ်သက်စွာ လွင့်မျောနေသည် ။ ထိုမီးတောက်၏ အရွယ်အစားက သေးကွေးနူးညံ့ပုံပေါ်ပြီး အန္တရာယ်ကင်းမဲ့လှသော ပန်းတစ်ပွင့်ကဲ့သို့ လှပနေသည်။ ထိုမီးတောက်ကလေးက တောက်ပလှစွာဖြင့် လွင့်မျောနေ၏။


တိုက်ခိုက်နေကြသော ကျွမ်းကျင်ပညာရှင်များအားလုံးက မီးတောက်လေးကို လှမ်းကြည့်နေကြသညါ။ ရုတ်တရက် သူတို့၏ စိတ်နှလုံးထဲ၌ တုန်လှုပ်သွားပြီး စိတ်လှုပ်ရှားလာကြသည်။ထိုမီးတောက်လေးက သူတို့အပူတပြင်းဖြင့် ဒီခရီးကို ထွက်လာရခြင်း၏ အကြောင်းအရင်း တစ်ရပ်ပင် ဖြစ်သည်။ ထိုကောင်းကင်ကမ္ဘာမြေ မီးတောက်ကိုသာ ရရှိလိုက်ပါက သူတို့၏ ကျင့်ကြံမှု အဆင့်ကလညါး တိုးတက်သွားနိုင်ပေလိမ့်မည်။


တောင်ပိုင်းဒေသ အပြင်ဘက် ဂိုဏ်းမှ တပည့်ဖြစ်သော ပေကုန်းမင် အတွက်လည်း ထိုကောင်းကင်ကမ္ဘာမြေ မီးတောက်လေးက အလွန် အရေးကြီးသည်။ထိုရှားပါးလှသော ရတနာက မည်သည့်နေရာတွင် တည်ရှိနေသည် ဖြစ်ပစေ လူတိုင်းကို ဆွဲဆောင် နိုင်ပေလိမ့်မည်။


ရှုရဂိုဏ်း ဂိုဏ်းချုပ်ဆီမှ မိုးကြိုးမုန်တိုင်းကဲ့သို့ စွမ်းအင်များပေါက်ကွဲထွက်ပေါ်လာသည်။အနားနား၌ ရှိနေသော သူများအားလုံးက ဖိအားဒဏ်ကို ခံစားလိုက်ရပြီး သူတို့၏ စိတ်များလေးပင်လာသည်။


ကြည်လင်ကောင်းပင် ဘုရားကျောင်းမှ စစ်သည်တော်များကလည်း သူ့ဘက်သို့ တင်းမာခတ်ထန်စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။တောင်ပိုင်းဒေသကို ဖျက်စီးသည့် တရားခံအဖြစ် လူသိများလာသော ထို ဒဏ္ဍာရီလာ ပုံရိပ်ကို ကြည့်၍ လူတိုင်း၏ စိတ်ထဲ၌ အနည်းငယ် နာကျင်မှုကို ခံစားလိုက်ရသည်။


"ရပ်လိုက်.....ကောင်းကင်ကမ္ဘာမြေ မီးတောက်ကျောက်က ငါ ပေကုန်းမင်ရဲ့ အပိုင်ပဲ...."


ရှုရဂိုဏ်း၏ ဂိုဏ်းချုပ်က ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်အနားသို့ တိုးကပ်လာသည်ကို မြင်လိုက်သောအခါ၌ ပေကုန်းမင်၏ မျက်ဝန်းများက အနီရောင် လဲ့ဖြာသွားသည်။သူက ထိုဂိုဏ်းချုပ်ထံဆီသို့ လက်သီးဖြင့် ထိုးလိုက်သည်။


ဝှစ်......


ရှုရဂိုဏ်း ဂိုဏ်းချုပ်က ပေကုန်းမင်ကို အေးဆေးတည်ငြိမ်စွာ ကြည့်၍ ခြေသို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။သူ့၏ ခန္ဓာကိုယ်ပတ်လည်၌ လေထုကိုပင် ပုံပျက်သွားစေနိုင်သော အနက်ရောင် စွမ်းအင်များ မျောလွင့်နေသည်။


ပေကုန်းမင်၏ လက်သီးချက်က ရှုရဂိုဏ်းမှ ဂိုဏ်းချုပ်ဆီသို့ ရောက်ရှိသွားသော်လည်း မမြင်နိုင်သော စွမ်းအားများ၏ အလွယ်တကူ ပိတ်ဆို့တားဆီးခြင်းကို ခံလိုက်ရသည်။သိပ်သည်းလှသော စွမ်းအင်များ ပါဝင်နေသည့် တန်ခိုးရှင်အဆင့် တစ်ယောက်၏ လက်သီးချက်က ချက်ချင်းပင် ဖျက်စီး ချေမှုန်းခံလိုက်ရသည်။


ပေကုန်းမင်၏ စိတ်ထဲ၌ တုန်ယင်သွားသည်။စွမ်းအင်အမြောက်အများ ပါဝင်နေသည့် သူ့၏ လက်သီးကို ထို အနက်ရောင်ဝတ်စုံဖြင့်လူက အလွယ်တကူပင် ဟန့်တားလိုက်နိုင်သည်။


"ဒီလူက တန်ခိုးရှင်အဆင့်ကော ဟုတ်ရဲ့လား....."


သွမ့်လင်းက ခေါင်းမော့ကြည့်လိုက်သည်။သူ့၏ မျက်ဝန်းထဲ၌ ရေခဲ တမျှ အေးစိမ့်မှုများ လဲ့ဖြာနေပြီး သူ့၏ တစ်ကိုယ်လုံး ကို သွေးဆာ ရက်စက်မှုက ဖုံးလွှမ်းသွားသည်။


"ကြမ်းတမ်ခြင်း တစ်သောင်း မီးတောက်ကို လာလုတဲ့သူတိုင်း သေရမယ်..... ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်က ငါ့ဟာပဲ....ဘန်း.........."


သူက ခြေဆောင့်ချလိုက်သည်။ပြင်းထန်လှသော ခြေကန်ချက်ကြောင့် သူ့ဘေးနားရှိ လေထုက ပြင်းထန်စွာ လှုပ်ခါသွားသည်။ သိပ်သည်းလှသော စွမ်းအင်လှိုင်းများက ဂယက်ထသွားပြီး သွမ့်လင်း၏ ပုံရိပ်က ပျောက်ကွယ်သွားကာ ပေကုန်းမင်၏ ရှေ့၌ ပြန်လည် ပေါ်ထွက်လာသည်။


သူတို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ပေကုန်းမင်၏ မျက်ဝန်းထဲ၌ ယုံကြည်မှု ရှိမှုနှင့် ပျက်ရယ်ပြုမှုတို့သာ ပြည့်နှက်နေသော်လည်း သွမ့်လင်း၏ မျက်ဝန်းထဲ၌ အေးစက်မှုနှင်ပ ရက်စက်မှုတို့သာ တွေ့ရသည်။


"လေ့ကျင့်ရေးကွင်းပြင်ထဲက တန်ခိုးရှင်အဆင့် သာသာလေးက အခွံသက်သက်ပဲ....."


ပေကုန်းမင်က လှောင်ပြောင်သရော်လိုက်သည်။သူ့၏ ကျင့်ကြံမှုစွမ်းအားများကို ဆင့်ခေါ်လိုက်ရာ သူ့ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်များက တဟုန်ထိုး မြင့်တက်လာသည်။


"လေ့ကျင်းရေးကွင်းပြင်...."


သွမ့်လင်း၏ ရက်စက်လှသော မျက်ဝန်းများက ရုတ်တရက် မှိုင်းညို့သွားသည်။ထို့နောက် သူ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး မေးလိုက်၏။


"မင်းက မဟာဂိုဏ်းက မဟုတ်လား....."


ပေကုန်းမင်၏ စိတ်အခြေအနေက မငြိမ်မသက်ဖြစ်သွားပြီး သူ နှလုံးခုန်မြန်သွားသည်။


"ဒီလူက ငါမဟာဂိုဏ်းကမှန်း ဘယ်လိုလုပ် သိနေတာလဲ.....မင်းဘယ်သူလဲ......"


ပေကုန်းမင်က သူ့၏ ပြိုင်ဘက်အား လက်ထဲမှ တောက်ပနေသော စွမ်းအင်လုံးဖြင့် ပစ်ပေါက်ရင်း အော်မေးလိုက်သည်။


သွမ့်လင်းက မထီမဲ့မြင် မဲ့လိုက်သည်။ထို့နောက် သူ့ပတ်ဝန်းကျင်မှ အစစ်အမှန်စွမ်းအင်လှိုင်းများကို လက်သည်းချက် တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး တောက်ပနေသော စွမ်းအင်လုံးကို လျှင်မြန်စွာ ရိုက်ချလိုက်သည်။


ပြင်းထန်လှသော စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားပြီး ကြီးမားလှသော ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။ပုံရိပ်တစ်ခုက အနောက်သို့ လွင့်ပျယ်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။မြေပြင်က ပြင်းထန်စွာ တုန်ခါသွားလေ၏။


"မဟာဂိုဏ်းက တပည့်တွေက အမြဲပဲ ကြွားဝါတက်ကြတယ်....ဘယ်လောက်တောင် ဆိုးရွားလိုက်သလဲ ....."


သွမ့်လင်းက သူ့၏လည်ပင်းကို ဆန့်လိုက်သည်။သူ့၏ အနက်ရောင်ဝတ်စုံက ပေါက်ကွဲမှု အတွင်း၌ အပိုင်းပိုင်း ဖြစ်သွားသောကြောင့် အောက်မှုရှိနေသော ငွေရောင်သံချပ်ကာ ဝတ်ရုံပေါ်လာသည်။


ထိုဝတ်ရုံက ငွေရောင်တောက်ပနေပြီး ထူးခြားလှသည့် စွမ်းအင်လှိုင်းများ ဖြာထွက်နေသည်။ အနားတွင်ရှိနေကြသော သူများအားလုံးက ထိုဝတ်ရုံ၏ ဖိအားကြောင့် မသက်မသာဖြစ်မှုကို ခံစားလိုက်ရသည်။


သွမ့်လင်းက သူ့၏ လက်ချောင်းကလေးကို လှုပ်ခါလိုက်ပြီး ပေကုန်းမင် ပြုတ်ကျသွားရာနေရာဆီသို့ စွမ်းအင်စီးကြောင်း တစ်ချောင်း ပစ်လွှတ်လိုက်သည်။ထို့နောက်သူက ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို ပြန်လည်၍ အာရုံစိုက်လိုက်သည်။


ကောင်းကင်ကမ္ဘာမြေ မီးတောက်ကျောက် အမျိုးအစားဖြစ်သော ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်က သူ့အတွက် အလွန်အရေးကြီးသည်။ရှုရဂိုဏ်း၏ ထူးခြားသည့် ပစ္စည်းတစ်ခုဖြစ်သော နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက် ဝိညာဉ်နှုတ်မှော်ဖန်လုံးက တစ်ခြား နတ်ဘုရားတစ်ပိုင်း အဆင့်လက်နက်များတွင် တွေရလေ့ရှိသော တိုက်ခိုက်မှု စွမ်းရည်များ လျော့နည်းနေသည်။ သို့သော်လည်း ထိုဝိညာဉ်နှုတ်မှော်ဖန်လုံးက ရှုရဂိုဏ်းမှ အဖွဲ့ဝင်များအတွက် စွမ်းအင်လေ့ကျင့်ရာတွင် အထောက်အကူပေးနိုင်သည့် ထူးခြားသည့် ပစ္စည်းဖြစ်သည်။


ထိုဝိညာဉ်နှုတ်မှော်ဖန်လုံးထဲ၌ ထောင်ပေါင်းများစွာသော စိတ်ဝိညာဉ် စွမ်းအင်များ ပါဝင်နေသည်။ထိုစိတ်ဝိညာဉ်အနှစ်သာရများက တစ်စုံတစ်ယောက်၏ ကျင့်ကြံမှု ချိုးဖောက်တက်ရောက်ရာ၌ အထောက်အကူ ပြုပေနိုင်ပေသည်။


သွမ့်လင်း၏ လက်ရှိကျင့်ကြံမှု အဆင့်က တန်ခိုးရှင်အဆင့် အထွဋ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။သူက နောက်တစ်ဆင့်သို့ အဆင့်ချိုးဖောက် တက်ရောက်လိုလျှင် အန္တရာယ်များသော နည်းလမ်းများကို အသုံးပြုရပေမည်။


အကယ်၍ သူသာ သာမန်နည်းလမ်းများအတိုင်း အဆင့်ချိုးဖောက်တက်ရောက်လိုပါက မည်မျှကြာမည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။ထို့အပြင် သူ့၌လည်း အချိန်ဖြုန်းတီးရန်အတွက် အချိန်များများစားစားမရှိပေ။


ဓားတစ်ချောင်းမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် အလင်းတန်းများနှင့် ဖိအားက တွင်းထဲမှ တွားသွား ထွက်လာသော အနီရောင်မီးနဂါးကို အနောက်သို့ ပြန်ဆုတ်သွားစေသည်။


တိမ်ဖြူစံအိမ်၏ အရှင်သခင် ဝူမူက သူ့လက်ထဲမှ ဓားဖြင့် သွမ့်လင်းကို ချိန်ရွယ်လိုက်သည်။ရှုရဂိုဏ်းမှ မကောင်းဆိုးဝါးက ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မရရှိစေရန်အတွက် သူတားဆီးရပေမည်။


အဝေး၌ရပ်နေသော အာကာသအာနမ်ဂိုဏ်းမှ အဆင့်အမြင့်အကြီးအကဲက နောက်ဆုံး၌ တိုက်ပွဲအတွင်း ဝင်ရောက်လာသည်။သူ့၏ လက်ထဲ၌ ကျောက်စိမ်းပြားနှစ်ပြား ပေါ်ထွက်လာသည်။ ထိုကျောက်စိမ်းပြားမှ အစစ်အမှန်စွမ်းအင်များ ထွက်ပေါ်လာပြီးနောက် ရှုရဂိုဏ်း၏ ဂိုဏ်းချုပ် သွမ့်လင်းထံသို့ ပျံသန်းသွားလေသည်။


"အာကာသအာနမ် မကောင်းဆိုးဝါးနှင် အစီအရင်...."


အဆင့်မြင့်အကြီးအကဲ၏ တည်ကြည်လေးနက်သော အသံက လေထုကို တုန်ခါသွားစေသည်။


ဝူမူကလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။


"ဓားမြစ်ပြင်ကျယ်...."


သောင်းချီသော ဓားအလင်းတန်းများက ကောင်းကင်ထက်ဆီမှနေ၍ ရေတံခွန်တစ်ခုကဲ့သို့ ကျဆင်းလာသည်။ တန်ခိုးရှင်အဆင့်နှစ်ယောက်က ရှုရဂိုဏ်းမှ ဂိုးဏ်းချုပ်ထံသို့ ပြင်းထန်တိုက်ခိုက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက လေထုထဲ ပြန့်နှံ့သွားပြီး လူများကို နောက်သို့ ဆုတ်သွားစေသည်။ထိုတိုက်ပွဲက တောင်ပိုင်းဒေသ အဆင့်မြင့်စစ်သည်တော်များအကြား အဆင့်မြင့် တိုက်ပွဲတစ်ခုဖြစ်သည်။


တိမ်ဖြူစံအိမ်မှ အရှင်သခင်ဖြစ်စေ အာကာသအာနမ်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲဖြစ်စေ ထိုနှစ်ယောက်လုံးက တောင်ပိုင်းဒေသ၌ ထိပ်ဆုံး၌ ရပ်တည်နေကြသော ပြိုင်ဘက်ကင်းစစ်သည်တော်များ ဖြစ်သည်။အပျက်အစီးပုံများကြားထဲမှ တွားသွားထွက်လာသော ပေကုန်းမင်က ကောင်းကင်ထက်မှ တိုက်ပွဲကို မယုံနိုင်စရာငေးမောကြည့်နေသည်။


"ဘယ်လိုဖြစ်ပြီး ဒီလေ့ကျင့်ရေး ကွင်းလေးထဲမှာ တန်ခိုးရှင်အဆင့်အထွဋ်အထိပ်တွေ ပေါ်လာရတာလဲ....." 


ပေကုန်းမင်က ဖင်ထိုင်ရက် လဲကျသွားသည်။


ကောင်းကင်ယံထက်ဆီ၌ ကျောက်စိမ်းပြားများ တစ်ခုပြီးတစ်ခု မြင့်တက်လာပြီး ကြီးမားလှသော မှော်အစီအရင် ဖြစ်ပေါ်လာသည်။ထိုမှော်အစီအရင်က ရှုရဂိုဏ်း ဂိုဏ်းချုပ်ကို ဝိုင်းရံလိုက်ပြီး ညအမှောင်ကဲ့သို့ နက်မှောင်သည့် အမှောင်အယံအဖြစ် ပြောင်းလဲသွားသည်။


ကောင်းကင်ယံ၌ ကြယ်များ လင်းလက်နေသကဲ့သို့ သူတို့၏ နေရာ၌ ရှိနေသော ကျောက်စိမ်းပြားများကလည်း လင်းလက်နေကြသည်။ ကောင်းကင်မှ ဖြာကျလာသော ဓားအလင်းတစ်ခုက မှော်အစီအရင်ကို ပျက်စီးမှု မရှိစေပဲ အထဲ၌ ပိတ်မိနေသော သွမ့်လင်းဆီသို့ တိုးဝင်သွားသည်။မှော်အစီအရင်ထဲရောက်သွားသော ဓားမြစ်ပြင်ကျယ်က နေရာလွတ်များမှ ဆွဲအားများကို စုပ်ယူလိုက်ပြီး ပို၍ အားကောင်းလာသည်။


"အာကာသအာနမ်ဂိုဏ်းက အဘိုးကြီး ဒီတစ်ခါတော့ မင်းငါ့ကို မတားနိုင်တော့ဘူး....."


ဆံပင်ဖြူဖြူ မျက်ခုံးမွှေးဖြူဖြူနှင့် အာကာသအာနမ်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲကို သွမ့်လင်းက အေးစက်စွာ စိုက်ကြည့်လိုက်သည်။


သူအော်ဟစ်ကျုံးဝါးလိုက်သောအခါ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များက ကောင်းကင်ယံထက်ဆီသို့ ပြန့်လွင့်သွားသည်။ထိုအနက်ရောင် အစစ်အမှန်စွမ်းအင်များက လေမုန်တိုင်း တစ်ခုသဖွယ် အသွင် ပြောင်းကာ သူ့ရှိရာဆီသို့ တိုးဝင်လာသော ဓားစွမ်းအင်များကို ဆုပ်ယူလိုက်သည်။


အံ့မခန်း မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။အနက်ရောင် အစစ်အမှန်စွမ်းအင်များနှင့် ဓားအလင်းများ ရောနှောသွားခြင်းက ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်သော ဟာရီကိန်းမုန်တိုင်းနှင့်ပင် ဆင်တူလှသည်။


ထိုမုန်တိုင်းထဲမှ ပုံရိပ်တစ်ခုက မှော်အစီအရင်ကို ချိုးဖောက်ထွက်ပေါ်လာပြီး ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ဆီသို့ ပြေးထွက်သွားသည်။


အဆင့်မြင့်အကြီးအကဲက ဒေါသတကြီးအော်ဟစ်လိုက်သည်။ဝူမူကလည်း ဓားကိုလွှဲယမ်းလိုက်၏ သူတို့နှစ်ယောက်လုံး ထို ပုံရိပ်နောက်သို့ လိုက်ဖမ်းကြလေသည်။


ကောင်းကင်ယံ၌ အလင်းရောင်တစ်ချက်လက်သွားပြီး သွေးနီရောင် ကျောက်စိမ်းပြားတစ်ပြား မြင့်တက်လာသည်။ထိုကျောက်စိမ်းပြားမှ ကောင်းကင်နှင့် နေကိုပင်ဖယ်ရှားပစ်နိုင်လောက်သော ကြီးမားလှသည့် ပိုက်ကွန်တစ်ခု ဖြစ်ပေါ်လာပြီး အကြီးအကဲ နှစ်ယောက်ကို ဖုံးအုပ်လိုက်လေသည်။


ရှုရဂိုဏ်းမှ အဆင့်မြင့် နတ်ဆရာမက လှုပ်ရှားလာလေပြီ။


"သေစမ်း.....စုန်းမ...."


ဝူမူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဓားဖြင့် လွှဲခုတ်လိုက်သည်။သူ့၏ဓားအလင်းက ဆန်းကြယ်လှသော နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားသော်လည်း ကြီးမားလှသော ပိုက်ကွန်၏ ရိုက်ခတ်မှုကြောင့် ချက်ချင်းပင် ပြန့်လွင့်သွားလေသည်။


"ဒီစုန်းမက မှော်အစီအရင် ပညာရှင်ပဲ.....တကယ်တမ်းပြောရမယ်ဆိုရင်တော့ သူက တန်ခိုးရှင်အဆင့် မှော်အစီအရင် ဆရာသခင်......ဒီအဘိုးကြီးကိုပဲ သူမကို ဖြေရှင်းခွင့်ပေးပါ....."


အာကာသအာနမ်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲက တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။


သူက လက်လှုပ်လိုက်ပြီး ကျောက်စိမ်းအဆောင်ပြားကို ထုတ်ယူလိုက်သည်။ထိုအဆောင်ပြားကို ချိုးချေလိုက်ပြီးနောက် သွေးနီရောင် ပိုက်ကွန်ဆီသို့ ပစ်လွှတ်လိုက်သည်။ခဏအတွင်းမှာပင် ကျိုးကြေသွားပြီး ပိုက်ကွန်က အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။


ဝူမူက ခေါင်းငြိမ့်လိုက်ပြီး သူ့၏ ဓားဖြင့် လေထဲပျံတက်လိုက်သည်။သူက အက်ကွဲသွားသော သွေးနီရောင်ပိုက်ကွန်မှ ထိုးထွက်လိုက်ပြီး ရှုရဂိုဏ်းမှ ဂိုဏ်းချုပ်ကို လိုက်ဖမ်းလိုက်သည်။


အဆင့်မြင့်နတ်ဆရာမက သူ့ကို တားဆီးလိုသော်လည်း အဆင့်မြင့်အကြီးအကဲက သူမကို ပ်ိတ်ဆို့ထားခဲ့သည်။မှော်အစီအရင် သခင်နှစ်ယောက်က တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေကြသကဲ့သို့ ကောင်းကင်ယံထက်၌ မှော်အစီအရင်များကလည်း တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြသည်။


မီးတောက်များက ပြင်းထန်စွာ လောင်ကျွမ်းနေသည်။အနားသို့ကပ်လာလေလေ အပူရှိန်က ပို၍ မြင့်လာလေလေပေ ဖြစ်၏။ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို ကြည့်နေသော သွမ့်လင်း၏ မျက်ဝန်းထဲ၌ အလိုလောဘနှင့် စိတ်လှုပ်ရှားမှုများ အထင်သားပေါ်လွင်နေသည်။


ထိုကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်၏ ပုံသဏ္ဍာန်အရ စွမ်းအင်က အကန့်အသတ်ဖြင့် ရှိနေသည်။အကယ်၍ ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်က ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်အဖြစ်သို့ အပြည့်အဝ ပြောင်းလဲသွားပြီ ဆိုပါက ငရဲတမျှ ပူပြင်းလှပြီး သူကိုယ်တိုင်ပင် အနားသို့ ကပ်နိုင်လိုက်မည် မဟုတ်ချေ။


သူက အဖြူရောင်အခိုးအငွေ့များ ရစ်သိုင်းနေသည့် ဝိညာဉ်နှုတ်မှော်ဖန်လုံးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ထိုအခိုးအငွေ့များက စိတ်ဝိညာဉ် အနှစ်သာရများပင် ဖြစ်သည်။ အကယ်၍ နီးနီးကပ်ကပ်ကြည့်ရှူမည်ဆိုပါက ထိုအခိုးအငွေ့များကြားထဲ၌ ပုံပျက်နေသော မျက်နှာများကိုပင် တွေ့မြင်ရပေမည်။


သွမ့်လင်းက သူ့၏စိတ်နှင့် ဝိညာဉ်နှုတ်မှော်ဖန်လုံးထဲ၌ ရစ်ဝဲနေသော ထူထဲလှသည့် အခိုးအငွေ့များနှင့် ဆက်သွယ်လိုက်သည်။ ထို့နောက် သူ့၏ လက်ချောင်းများဖြင့် ဖြစ်ညှစ်လိုက်ပြီး ဝိညာဉ်နှုတ်မှော်ဖန်လုံးကို အလင်းတန်းအဖြစ်ပြောင်းလဲစေလိုက်သည်။ ထိုအလင်းများက ပြင်းထန်လှသည့် စွမ်းအင်လှိုင်းများကဲ့သို့ ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ဆီသို့ တိုးဝင်သွားသည်။


ကောင်းကင်ယံထက်ဆီမှ ဓားအလင်းတစ်ချက် ကျရောက်လာသည်။သွမ့်လင်း၏ မျက်နှာက တင်းမာခတ်ထန်သွား၏။ သူက ထိုဓားအလင်းကို ရှောင်တိမ်းရမည့်အစား ခုခံလိုက်လေသည်။အကယ်၍ သူရှောင်တိမ်းလိုက်လျှင် ထိုဓားအလင်းက ဝိညာဉ်နှုတ်မှော်ဖန်လုံးဆီသို့ ကျရောက်သွားပေလိမ့်မည်။


"မင်းက သေချင်နေတယ်ဆိုမှတော့....ငါက ဖြည့်ဆည်းပေးရမှာပေါ့......"


အနက်ရောင်စွမ်းအင်လှိုင်းများက ပျောက်ကွယ်သွားပြီးနောက် သွမ့်လင်း၏ သွေးဆာရက်စက်သည့် မျက်နှာကို မြင်လိုက်ရသည်။သူက ဝူမူဆီသို့ တဟုန်ထိုး တိုက်ခိုက်လိုက်သည်။


ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်များက တည်ငြိမ်နေတုန်းပင် ဖြစ်သည်။ဝဲလည်နေသော ဝိညာဉ်နှုတ်မှော်ဖန်လုံးမှလည်း ပြင်းထန်လှသော စွမ်းအင်များကို ဆက်လက်ထုတ်နေတုန်းပင် ဖြစ်၏။


ထိုပြင်းထန်လှသည့် စွမ်းအင်များက တည်ငြိမ်သွားသည့် အခါ၌ စိတ်ဝိညာဉ်ခွန်အားများ အဖြစ်သို့ ပြောင်းလဲသွားသည်။ထို့နောက် ထိုစိတ်ဝိညာဉ်ခွန်အားများက ဝိညာဉ်နှုတ်မှော်ဖန်လုံးထဲသို့ ပြန်လည်ဝင်ရောက်သွားလေသည်။


ပုဖန်က နောက်ဆုံးကျန်နေသည့် အသားကို ဆီကွက်နေသည့် သူ့၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။အဆင့် ၈ နဂါးသားက တကယ့်ကို အရသာရှိလွန်းလှသည်။အဆင့် ၈ စိတ်ဝိညာဉ်သားရဲများ၏ အသားက ဘယ်တော့မှ စိတ်မကျေမနပ်မဖြစ်စေပေ။


ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက် အပေါ်တွင် ထားထားသည့် သွမ့်ယင်၏ မျှော်လင့်ချက်များက ပျောက်ဆုံးသွားပေပြီ။သူက အသားကင်ကိုဆုပ်ကိုင်၍ ဘေးတွက်ထိုင်လိုက်သည်။သူ့၏ ပြင်းထန်လှသော ဝမ်းနည်း နာကျင်မှုများကို အစားစား၍ ဖြေဖျောက်လိုက်၏။


ပုဖန်က သွမ့်ယင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် တန်ခိုးရှင်အဆင့်များ၏ တိုက်ပွဲကို ပြန်ကြည့်လိုက်သည်။ ကောင်းကင်တစ်ခုလုံးကိုပင် လင်းလက်တောက်ပနေသော မီးရောင်က သူ့၏ သွယ်လျသော မျက်နှာပေါ် လာ၍ ရောက်ပြန်ဟပ်နေသည်။


ရုတ်တရက် ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ပုဖန်က အသက်တစ်ချက်ရှိူက်သွင်းလိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် သူ ဝှိုက်တီ၏ ဝမ်းဗိုက်ကို ပုတ်လိုက်ပြီး နေရာမှနေ၍ အေးအေးသာသာ ထွက်ခွာလိုက်သည်။


ဝှိုက်တီက သူ့၏ခေါင်းပြောင်ပြောင်ကို ပွတ်သပ်လိုက်သည်။သူ့၏ မျက်ဝန်းများက အနီရောင်လဲ့ဖြာသွားပြီး ပုဖန်၏ နောက်မှ ထပ်ကြပ်မခွာလိုက်သွားလေသည်။လူတစ်ယောက်နှင့် စက်ရုပ်တစ်ရုပ်က တန်ခိုးရှင်အဆင့်များ၏ တိုက်ပွဲဆီသို့ ဦးတည်နေလေသည်။


ထိုမြင်ကွင်းကို မြင်လိုက်ရသော သွမ့်ယင်က အံ့အားသင့်သင့် ဖြစ်သွားပြီး သူ့ပါးစပ်ထဲမှ အသားပိုင်းပင် ပြုတ်ကျသွား၏။


"မင်းက ရူးနေတာလား......အဲ့ဒီတိုက်ပွဲမှာ တန်ခိုးရှင်အဆင့်တွေ အများကြီးပဲ.....မင်းလိုမျိုး အဆင့် ၇ သူတော်စင်အဆင့်လေးက အဲ့ဒီကိုသွားပြီး ဘာသွားလုပ်မှာလဲ......"