အခန်း ၃၅၄
လေအလင်းအင်ပါယာ အင်ပါရီယာမြို့တော်၏ နောက်ထပ် စိုးရိမ်စရာ အခြေနေ.....
ပုဖန်က ယိမ်းထိုးလျှောက်ရင်း ဆိုင်ထဲသို့ ပြန်လာခဲ့သည်။ဝှိုက်တီကလည်း သူ့နည်းတူစွာပင် လျှောက်ရင်း နောက်မှ ထပ်ကျပ်မခွာ လိုက်ပါလာသည်။
ယခုအချိန်၌ ပုဖန်၏ ခေါင်းထဲ၌ ရေဝဲတစ်ခု အဆက်မပြတ် ဝဲလှည့်နေသလို ခံစားနေရပြီး ခေါင်းမူးနောက်၍ လမ်းပင် ကောင်းကောင်း မလျှောက်နိုင်ပေ။
ထိုကဲ့သို့ ခံစားချက်မျိုး မခံစားရသည်မှာ အချိန်ကြာမြင့်လှပေပြီ။သူ နောက်ဆုံးခံစားခဲ့ရသည်က ကမ္ဘာပေါ်မှာရှိသည့် အချိန်က ဖျားနာတုန်းကပင် ဖြစ်သည်။ပုဖန်က ဆိုင်သို့ ပြန်လာပြီးနောင် သူအခန်းဆီသို့ တန်းတက်သွားလိုက်သည်။
သူ အခန်းထဲဝင်လိုက်သည်နှင့် ဒယိမ်းဒယိုင် ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်နိုင်ပြီး အိပ်ယာပေါ်လဲကျသွားလေသည်။
ဝှိုက်တီ၏ မျက်ဝန်းများထဲ၌ အရောင်သုံးမျိုး တဖြတ်ဖြတ် လက်သွားပြီး သူ မီးဖိုချောင်ထောင့်ဆီသို့ သွားကာ တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။သူ့၏ ခန္ဓာကိုယ်က မသိမသာ ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။
ဘလက်ကီရဲ့ ခန္ဓာကိုယ်က အနည်းငယ် လှုပ်ခါသွားပြီးနောက် မြေပြင်ပေါ် လဲကျသွားသည်။သူ့၏ ဝဝဖိုင့်ဖိုင့် ဗိုက်အောက်မှ ကျောက်တုံး များက ကွဲကြေသွားလေ၏။ဘလက်ကီက လျှင်မြန်စွာပင် ထရပ်လိုက်ပြီးနောက် ဝဝဖြိုးဖြိုးဗိုက်သားကို လှုပ်ခါလိုက်၏။ထို့နောက် သူ သမ်းဝေလိုက်ကာ ပြန်လည် လဲလျောင်းရင်း အိပ်ပျော်သွားသည်။
တောင်စဉ်တစ်ထောင်တောင်တန်းအတွင်း၌ ကျယ်လောင်လှသော အသံများ ထွက်ပေါ်နေသည်။ပြင်းထန်လှသော တုန်ခါမှုများ၌ ခြေထောက်ကြီး ဖားပြုပ်၏ ကျယ်လောင်စွာ အော်မြည်သံများကလည်း လိုက်ပါလာသည်။
ထိုခြေထောက်ကြီး ဖားပြုပ်က တောင်စဉ်တစ်ထောင်တောင်တန်းပေါ်မှနေ၍ လွင်ပြင်ကျယ်ဆီသို့ ခုန်ဆင်းလိုက်ရာ မြေပြင်က ပြင်းထန်စွာ လှုပ်ခါသွား၏။
ထိုဖားပြုပ်ကြီး၏ ခေါင်းပေါ်၌ မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်မှ ကျွမ်းကျင်သူများ ရပ်နေကြသည်ကို တွေ့လိုက်ရသည်။ထိုသူများ အားလုံးက လေအလင်းအင်ပါယာ၏ မြို့တော်ရှိရာဆီသို့ စူးစိုက်ကြည့်နေကြသည်။
သူတို့က ပုဖန်ကို မသိကြသော်လည်း သူနှင့် ပတ်သတ်သည့် ကောလဟလများကို ကြားခဲ့ဖူးသည်။
ထူးခြားဆန်းကြယ်လှပြီး စွမ်းအားကြီးလှသည့် ရုပ်သေးရုပ်ကို ပိုင်ဆိုင်ထားသော စားဖိုမှူးတစ်ယောက် ......
ထိုသူက အင်ပါယာမြို့တော်၏ နာမည်ပျက် စားသောက်ဆိုင်ပိုင်ရှင် ပိုင်ရှင်ပုမှလွဲ၍ တစ်ခြားမည်သူမှ မဖြစ်နိုင်ပေ။
သို့သော်လည်း သူတို့က သူ့၏ စားသောက်ဆိုင်ငယ်လေးကို မျက်စိထဲပင် မထည့်ကြပေ။ထိုပုဖန်က တန်ခိုးရှင်အဆင့်ဆီမှပင် ကောင်းကင် ကမ္ဘာမြေ မီးတောက်ကျောက်ကို ခိုးယူရဲသည် ဆိုသည်ကြောင့် အကျိုးဆက်ကိုလည်း ပြင်ဆင်ထားပေးသင့်သည်။
ထို့အပြင် ထိုဆိုင်ငယ်လေးက ရှုရဂိုဏ်း၏ နတ်ဆရာအရှင်သခင်ကိုပင် သတ်ဖြတ်သုတ်သင်ခဲ့သည်ဟု သူတို့ ကြားခဲ့ဖူးသေးသည်။
ထိုအကြောင်းအရာက သူတို့အတွက်တော့ သတင်းကောင်းပင် ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ရှုရဂိုဏ်းချုပ်က လုံးဝဒေါသထွက်နေပြီ ဖြစ်သည်။ထိုကဲ့သို့ နတ်ဘုရားနယ်ပယ် ရောက်ခါနီး ပညာရှင်တစ်ယောက်၏ ဒေါသကို သာမန်လူတစ်ယောက် ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။ထိုကဲ့သို့ ဖြစ်လာလျှင် သူတို့က ရေတက်ချိန်ကို စောင့်၍ ငါးဖမ်းရန် အခွင့်အကောင်း တစ်ရပ်ပင်ဖြစ်သည်။
ဂရား......
တောင်စဉ်တစ်ထောင် တောင်တန်းဆီမှ ကြောက်မက်ဖွယ်ရာနဂါးဟိန်းသံနှင့်အတူ ပြင်းထန်လှသော အပူလှိုင်းများ လိုက်ပါလာသည်။အနီရောင် ရဲရဲတောက်နေသော မီးတောက်နဂါးက သူ့၏ တောင်ပံများကို ဖြန့်ကား၍ တောင်စဉ်တစ်ထောင်တောင်တန်းပေါ်မှ ဝဲပျံလိုက်သည်။
သူအချိန်ကြာမြင့်စွာ စောင့်ရှောက်ခဲ့ရသော ပစ္စည်းက ခိုးယူခြင်းခံလိုက်ရလေပြီ။ထိုအချင်းအရာက လက်မခံနိုင်စရာကောင်းလှသော်လည်း တကယ့်ဖြစ်ပွားခဲ့သော အကြောင်းအရာသာ ဖြစ်သည်။ထို့ကြောင့်ပင် သူက တောင်စဉ်တစ်ထောင်တောင်တန်းမှနေ၍ ပျံသန်းထွက်ခွာလိုက်သည်။
သူပိုင်သည့် ပစ္စည်းကို မတော်တဆ ခိုးယူခြင်းခဲလိုက်ရပေရာ ထိုလူ မသေမချင်းထိ သူရပ်တန့်နိုင်လိုက်မည် မဟုတ်ပေ။
ဂရား.....
မီးတောက်နဂါးက နောက်တစ်ကြိမ် ထပ်မံဟိန်းဟောက်လိုက်ပြီး မီးတောက်များ မှုတ်ထုတ်လိုက်သည်။ထို့နောက် တောင်ပံများကို တဖြတ်ဖြတ်ခါရင်း အနောက်ပိုင်းဆန်းကြယ်မြို့တော်ကို ဖြတ်၍ ပျံသန်းသွားလေသည်။
အစွမ်းထက်အော်ရာများကို ထုတ်လွင့်နေသည့် တစ်ခြား ကျွမ်းကျင်သူများကလည်း တောင်စဉ်တစ်ထောင် တောင်တန်းဆီမှ အလုအယက် ပြေးထွက်လာကြသည်။ယဲ့ယွင်ချင်းကလည်း သူ့၏ နေပြင်းငှက်ဘီလူးကို စီးနင်း၍ တောင်စဉ်တစ်ထောင်တောင်တန်းမှ ပျံသန်းထွက်ခွာလာသည်။သဘာဝကျစွာဖြင့် သူကလည်း လေအလင်း အင်ပါယာဆီသို့ သွားမည် ဖြစ်သည်။
မကြာသေးခင်မှပင် ငြိမ်းချမ်းမှုကို ပြန်လည်ရရှိခဲ့သည့် လေအလင်းအင်ပါယာ၏ အင်ပါရီယာ မြို့တော်က ပြဿနာများနှင့် ကြုံတွေ့ရတော့မည်ကို တွေးမိသွားပြီး ယဲ့ယွင်ချင်း၏ နှုတ်ခမ်းများ တုန်ယင်သွားသည်။
သူက အင်ပါရီယာ မြို့တော်၏ ဧကရာဇ်ကို စာနာသနားမိသော်လည်း သူတက်နိုင်တာဘာမှမရှိပေ။ထိုဧကရာဇ် နန်းစံစဉ်ကတည်းကပင် အခက်အခဲများနှင့် ပြည့်နှက်နေခဲ့သည်။
ယဲ့ဇီလင်းက အင်ပါရီယာ မြို့တော်ကို တိုက်ရိုက်မသွားပဲ အနောက်ပိုင်းဆန်းကြယ်မြို့တော်တွင် ခရီးတစ်ထောက် ရပ်နားလိုက်သည်။နီယန်က အနောက်ပိုင်း ဆန်းကြယ်မြို့တော်ကို ကြီးကြပ်ကွပ်ကဲနေသောကြောင့် သူမကြုံတွေ့ခဲ့ရသည့် လျို့ဝှက်ချက်သေးသေးလေးများကို နီယန်ကို ပြောပြချင်နေခဲ့သည်။
ဓားအလင်းရောင်က တိမ်တိုက်များကို ထိုးခွဲ၍ ထွက်ပေါ်လာသည်။ဝူမူက များပြားလှစွာသော သက်စောင့်ဆေးများကို စားသုံးပြီးသည့်နောက် သူ့၏ ဒဏ်ရာများက အနည်းငယ် ပြန်လည် ကောင်းမွန်လာပေပြီ။ထို့ကြောင့်သူ ဓားကို ပြန်လည် စီးနင်းနိုင်ပေပြီ။
သူ့၏ဘေး၌ ခန္ဓာကိုယ်လှပသော မြွေမျိုးနွယ် အာဏာပိုင်ရှိနေသည်။သူမ၏ ခန္ဓာကိုယ်အချိုးအစားက လှပလှပြီး ချောမောလှသော မျက်နှာကို ပိုင်ဆိုင်ထားသော်လည်း သူမ၏ မျက်နှာက ရေခဲတမျှ အေးစက်နေသည်။
"ဝူမူ ......ငါ ဆက်ခံသူကို ရှာတွေ့ပြီးပြီ.....ငါ ပြန်ရောက်သွားပြီဆိုတာနဲ့ မဟာ မြွေလူသားမျိုးနွယ်ကနေ ထွက်သွားတော့မယ် ပြီးတော့ တောင်ပိုင်းဒေသထက် ပိုပြီး ကျယ်ပြောတဲ့ နေရာတွေကို သွားပြီးတော့ အဆင့်ချိုးဖောက် တက်ရောက်နိုင်တဲ့ အခွင့်အရေးတွေကို ရှာဖွေတော့မယ်။
မြွေမျိုးနွယ်အာဏာပိုင်က ဝူမူဘက်ကို တစ်ချက်မျှပင် ငဲ့စောင်းမကြည့်ပဲ သူမ၏ လှပလှသော နှုတ်ခမ်းလေးများကို ဖွင့်ဟလိုက်သည်။ဝူမူက အနည်းငယ် အံ့အားသင့် ကြောင်အသွားသည်။ထို့နောက် သူစကားပြောရန် ကြံလိုက်စဉ်မှာပင် မြွေမျိုးနွယ်အာဏာပိုင်က ထပ်၍ ကြားဖြတ်ပြောလိုက်သည်။
"အနာဂတ်မှာ ငါတို့ တစ်ယောက်နှင့်တစ်ယောက် တွေ့ဖြစ်ကြတော့မှာမဟုတ်ဘူး....အခု နှုတ်ဆက်ခြင်းက နောက်ဆုံးဖြစ်ပြီးတော့ ထာဝရပဲ တည်မြဲနေလိမ့်မယ်....."
မြွေမျိုးနွယ် အာဏာပိုင်၏ မျက်နှာက အေးစက်နေသည်။ထို့နောက် ခဏချင်းမှာပင် သူ ပျံသန်းနေသော ဓားပေါ်မှ ခုန်ချသွားပြီး မြင်ကွင်း၌ ပျောက်ကွယ်သွားလေသည်။
ဝူမူက ပျောက်ကွယ်သွားသော မြွေမျိုးနွယ် အာဏာပိုင်၏ ပုံရိပ်ကို ကြည့်ပြီး ကပ်သိကပ်အောင့် ခံစားနေမိသည်။ထို့နောက် သူ သက်ပြင်းတစ်ချက်ချလိုက်ရင်း သူ့၏ အတွေးများက လွင့်ထွက်သွားလေသည်။
အနောက်မြောက်ပိုင်း လွင်ပြင်၌ အထီးကျန်လှသော လူတစ်ယောက်က အေးအေးဆေးဆေး ခရီးသွားနေသည်။သွမ့်ယင်က ငရဲမီးတောက်ဖြင့် ကင်ထားသော စိတ်ဝိညာဉ်သားရဲ ခြေထောက်တစ်ပိုင်းကို ကိုင်ထားသည်။
သူက အသားကင်၏ အရသာကို တစ်မြုံ့မြုံ့ ခံစားရင်း သွားလေရာ ခရီးကိုအေးအေးဆေးဆေး လျှောက်လှမ်းနေသည်။
"ကောင်းတယ်....ငရဲမီးနဲ့ ကင်ထားတဲ့ အသားကင်ရဲ့အရသာက တော်တော်လေးကို ကောင်းတယ်.....ငါရဲ့ ရည်ရွယ်ချက်တွေကို ပြောင်းပြီးတော့ စားဖိုမှူး တစ်ယောက် လုပ်သင့်လား ....ငါက အဲ့ဒီဘက်မှာ တော်တော်လေး အလားအလာ ရှိပုံရတယ်....ဘာလို့များ ဒီစိတ်ညစ်စရာကောင်းတဲ့ မီးစွမ်းအားရှင် အဖြစ်ကို မစွန့်လွှတ်နိုင်တာလဲ....."
သွမ့်ယင်က တစ်ယောက်တည်း ပြောဆိုရင်းရယ်မောလိုက်သည်။သူက ဆက်လက်၍ လျှောက်လှမ်းနေပေသည်။ရုတ်တရက် ကောင်းကင်ကမ္ဘာမြေ မီးတောကို မြိုချလိုက်သော လူတစ်ယောက်၏ ပုံရိပ်က သူ့၏ စိတ်ထဲ၌ ပေါ်လာပြီး သူ့မျက်လုံးများက အလင်းရောင်တစ်ချက်လက်သွားသည်။သူ့၏ မျက်လုံးထဲ၌ ယခုခေတ် စားဖိုမှူးများက အလွန်ကြောက်စရာ ကောင်းလှပေသည်။
အနောက်ပိုင်း ဆန်းကြယ်မြို့တော်.....
ဆံပင်ဖြူဖွေးနေသော အဘိုးအို တစ်ဦးက မြို့သခင်၏ နန်းတော်ထဲသို့ ဝင်သွားခဲ့သည်။နီယန်က ယဲ့ဇီလင်း ပြောသမျှ အကြောင်းအရာများကို နားထောင်ရင်း သူမ၏ ချစ်စရာကောင်းလှသော မျက်ဝန်းများက တဖြေးဖြေး ဝိုင်းစက်လာသည်။
သူမ၏ နှုတ်ခမ်းပါးလေးများက ခပ်ဟဟပွင့်နေပြီး မျက်နာပေါ်၌ မယုံကြည်နိုင်မှုက အထင်းသား ပေါ်လွင်နေသည်။
"နင်ပြောသလိုဆိုရင် ပိုင်ရှင်ပုက မီးတောက်ကို စားလောက်အောင် ရူးသွပ်သွားပြီလား......မီးတောက်က တကယ်ပဲစားလို့ရလို့လား....."
"အား...ရား......အမနီယန် နင်မသိလို့နော်....နင်အများကြီးကို လွတ်သွားခဲ့တာ....ပိုင်ရှင်ပုက တကယ်ပဲ အဲ့ဒီ မီးတောက်က်ု မြိုချခဲ့တယ် ပြီးတော့လည်း သူက အသားကင်အချို့ကိုလည်း စားခဲ့သေးတယ်.....ပြီးတော့လေ ဝှိုက်တီက သူ့ရဲ့ တောက်ပမှုတွေကို လုံးဝဖော်ထုတ်ပြသခဲ့တာ......ဝှိုက်တီက ငါးယောက်တောင်မှပဲ ရင်ဆိုင်နိုင်တယ် ....တကယ်ကို ကောင်းမွန်တယ်....."
ယဲ့ဇီလင်းက ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများအားလုံးကို စိတ်အားထက်သန်စွာဖြင့် ပြောပြနေလေသည်။
ထိုကလေးမက ပုဖန် မီးတေက်စားသည့် အကြောင်းကို ပြောပြခဲ့သော်လည်း သူမက ဝှိုက်တီ၏ တန်ခိုးရှင်အဆင့် ငါးယောက်ကို တစ်ယောက်တည်း တိုက်ခိုင်သည်ကို ပို၍ စိတ်လှုပ်ရှားနေပုံရသည်။သိရသည်မှာ ထိူသူများက တန်ခိုးရှင်များ ဖြစ်ပြီးလူမသိသူမသိ အမှိုက်သရိူက်များ မဟုတ်ပေ။
ထိုကဲ့သို့ ကြောက်စရာကောင်းလှသည့် တည်ရှိမှုအကြောင်းသာ သတင်းပြန့်သွားလျှင် လေအလင်းအင်ပါယာ တစ်ခုလုံးရှူပ်ထွေးသွားပေလိမ့်မည်။နယန်က သူမ၏ ချောမွေ့လှသော မေးစေ့လေးကို ပွတ်ရင်း နှုတ်ခမ်းပါးလေးများကို လျှာဖြင့် သပ်လိုက်သည်။
ပိုင်ရှင်ပုက တောင်စဉ်တစ်ထောင် တောင်တန်းသို့သွား၍ မီးတောက်အတွက် တိုက်ခိုက်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ထို့အပြင်သူက အဆုံးသတ်၌ ထိုမီးတောက်ကိုပင် စားခဲ့သေးသည်။
"သူက ဘာလုပ်ဖို့ ကြံနေတာလဲ...."
နီယန်က ခဏမျှ တွေးတော စဉ်းစားနေပြီးနောက် သူမ၏ မျက်ဝန်းများက တောက်ပလင်းလက်သွားသည်။
"ဒါက ပိုင်ရှင်ပု မဟုတ်ဘူးလား.......သူက စားဖိုမှူး တစ်ယောက်လေ......စားဖိုမှူးတစ်ယောက်က မီးတောက်ကို ဘာလို့ လိုမှာလဲ......သေချာပေါက် ချက်ပြုတ်ဖို့ အတွက်ပေါ့......ဒီတော့ ပိုင်ရှင်ပုရဲ့ ဟင်းပွဲ အသစ်ကို ချက်ပြုတ်ဖို့အတွက် ကောင်းကင် ကမ္ဘာမြေ မီးတောက်ကျောက်ကို လိုအပ်နေတာလား....."
နီယန်က ပုဖန်၏ ထူးခြားသော စွမ်းရည်နှင့် မွှေးကြိုင်လှသော ဟင်းပွဲများကို တွေးမိသွားပြီးနောက် မထိန်းချုပ်နိုင်စွာဖြင့် သူမ၏ နှုတ်မခမ်းပါးလေးများကို လျက်လိုက်မိသည်။သူမက စိတ်လှုပ်ရှားလာပြီးဟင်းပွဲအသစ်၏ အရသာကို မြည်းကြည့်ချင်လှမိသည်။ယဲ့ဇီလင်းက နီယန်၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်သည့်အခါ၌ တိတ်တဆိတ်ပင် သက်ပြင်းချလိုက်သည်။
သူမ၏ အမူအရာကို ကြည့်ရုံဖြင့် အစားအစာကြောင်း စဉ်းစားနေသည်မှာ ထင်ရှားလှပေသည်။သူမက အာကာသ အာနမ်ဂိုဏ်း၏ ကျော်ကြားလှသောအစားသရဲ တစ်ယောက်ပင် ဖြစ်သည်။
"အင်း....သူကလည်း ငါ့ရဲ့ အားကိုးမရတဲ့ အဖိုးနဲ့ တူတူပဲ....."
အမျိုးသမီးနှစ်ယောက် စကားကောင်းနေကြစဉ်မှာပင် နီယန်၏ နားရွက်ဖျားလေးများက လှုပ်ခတ်သွားပြီး သူမ ရုတ်တရက် မျက်ခုံးပင့်လိုက်သည်။သူမက အဆင့်မြင့် အကြီးအကဲဆီမှ သတင်းစကားကို လက်ခံရရှိလိုက်သည်။
မမျှော်လင့်ထားစွာပင် အဆင့်မြင့်အကြီးအကဲက အနောက်ပိုင်း ဆန်းကြယ်မြို့တော်သို့ ရောက်ရှိနေပေသည်။နီယန်က သူ့ကို လျစ်လျုမရှူဝံ့ပေ။ထို့ကြောင့်သူ ချက်ချင်းပင် ယဲ့ဇီလင်းကို ခေါ်လိုက်ပြီး သူ့ကို သွားခေါ်လိုက်သည်။
ညသန်းခေါင်ယံအချိန်၌ အနောက်ပိုင်း ဆန်းကြယ်မြို့တော်၏ မြို့တံခါးကပွင့်သွားပြီး ပုံရိပ်သုံးရိပ်က အင်ပါယာ မြို့တော်ဆီသို့ အလျှင်စလို ထွက်သွားကြလေသည်။
လေအလင်းအင်ပါယာ အင်ပါရီယာ မြို့တော်က ယခင်က ရန်သူများ ဝ်ိုင်းရံခြင်း ခံရသလို ယခုအခါတွင်လည်း တောင်ပိုင်းဒေသတစ်ခုလုံး၏ အာရုံစိုက်ရာ နေရာဖြစ်လာပေပြီ။
အကယ်၍ ထိုအကြောင်းကိုသာ ဂျိချန်းရွဲ့ သိသွားလျှင် တိတ်တဆိတ် ငိုကြွေးမည်လား (သို့မဟုတ်)ကျယ်လောင်စွာပင် ပေါက်ကွဲမည်လားမသိနိုင်တော့ပေ။
မနက်ခင်း အလင်း ရောက်ခြည်က ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဖြာကျလာပြီး ည၏ အေးစက် တိတ်ဆိတ်မှုများကို ဖယ်ရှားလိုက်လေသည်။အသေကောင်တစ်ကောင်လို တစ်ညလုံး တစ်လက်မမှ မရွေ့ပဲ အိပ်ပျော်နေသူ တစ်ယောက်က ရုတ်တရက် အသက်ဝင်လာသလိုမ်ျိုး တွန့်လိမ်လှုပ်ရှားလာပြီး မျက်လုံးများ ဖွင့်လိုက်သည်။
သူ့၏ ဆံပင်များက ရှုပ်ထွေးနေပြီး သူမျက်လုံးများကလည်းအနည်းငယ် မှုန်ရီနေသည်။သူက နာကျင်နေသောပုခုံးများကို နိမ့်လိုက်ပြီးအိပ်ယာပေါ်မှာ သေချာစွာ ထထိုင်လိုက်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။သူ့၏ ပါးစပ်နှင့် လျှာက ခြောက်သွေ့နေပြီး လည်ချောင်းများကလည်း နာကျင်နေသည်။သူက ပုခုံးကို နိမ့်ရင်းဖြင့် အိပ်ယာမှ ထသွားလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။ရေနွေးနွေးဖြင့် ရေချိုးလိုက်ပြီးနောက် ဆံပင်စိုဖြင့်ပင် ပြန်ထွင်လာခဲ့လိုက်သည်။
သူ လှုပ်ရှားလိုက်သည်နှင့် သူ့၏ အရိုးများက အနည်းငယ် တကျွတ်ကျွတ် မြည်နေသည်ကို ခံစားလိုက်ရသည်။ပုဖန်၏ မျက်ဝန်းများက ပြူးကျယ်သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။သူ့၏ ခန္ဓာကိုယ်က စွမ်းအားများက ပို၍ သန်မာလာသည်ကို ခံစားရလေသည်။
ကောင်းကင်ကမ္ဘာမြေ မီးတောက်ကျောက်ကို စားသုံးလိုက်ခြင်း၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှု အနေဖြင့် သူ့၏ ခန္ဓာကိုယ်ခွန်အားနှင့် ကျန်းမာရေးက ပို၍ သန်မာအားကောင်းလာသည်ဟု ထင်ရသည်။
သူ၏ ခန္ဓာကိုယ်ကို သေသေချာချာစစ်ဆေးလိုက်သည့်အချိန်မှာပင် စနစ်၏ တည်ငြိမ်လှသော အသံက သူ့စိတ်ထဲ၌ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။