အပိုင်း ၃၅၅
Viewers 53k

အခန်း ၃၅၅

မဟူရာလိပ်ခုံးဒယ်အိုး ဖြင့် ပထဆုံးချက်သော ဟင်းပွဲ....


"ကောင်းကင်ကမ္ဘာမြေမီးတောက်အမျိုးအစား ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို ရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ပိုင်ရှင်.....အဲ့ဒီမီးတောက်ကို ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး ကြားထဲမှာ ရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ဖန်တီးထားတယ်......သူ့ရဲ့စွမ်းအင်ကလည်း အကန့်သတ်မရှိ များပြားလှတယ် ....အခု ပိုင်ရှင်က မီးတောက်ရဲ့ စွမ်းအင်တွေကို စုပ်ယူပြီးပါပြီ....ဒါကြောင့် မီးတောက်ကို သေချာစွာ ထိန်းချုပ်နိုင်ဖို့အတွက် သင့်တော်တဲ့ အလေ့အကျင့်တွေကို ပြုလုပ်သင့်ပါတယ်....."


စနစ်၏ အသံက ထုံးစံအတိုင်း တည်ကြည်လေးနက်ပြီး စိတ်အားတက်ကြွသည့် အသံဖြစ်သော်လည်း ပုဖန်က စိတ်လှုပ်ရှားစွာဖြင့် မျက်ခုံးများပင် ပင့်လိုက်သည်။


"ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို အောင်မြင်သွားပြီလား....ဒီတာဝန်က တကယ့်ကို လွယ်တာပဲ......ဒီကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို ကြည့်ရတာတော့ တကယ်ကို အထင်ကြီးလောက်ဖွယ် ကောင်းတယ်လို့ ထင်ရပေမယ့် ......တကယ်တမ်းပြောလောက်စရာ ကိစ္စတော့လည်း မဟုတ်ဘူး...."


အကယ်၍ ပုဖန်၏ အတွေးများကိုသာ တန်ခိုးရှင်အဆင့်များ ကြားခဲ့လျှင် သူကို လျှော်အိတ်ထဲထည့်၍ သေသည်အထိ ရိုက်နှက်ပေလိမ့်မည်။


"သူ ဘယ်လိုများ ကောက်ချက်ချလိုက်ပါလိမ့်....."


ထိုကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်က ယခုမှ မွေးဖွားလာခြင်း ဖြစ်ပြီး မီးမျိုးစုလေး အဖြစ်မျှသာ ရှိသေးသည်။သို့သော်လည်းဟမည်မျှပင်အားနည်းစေကာမူ ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ပင်ဖြစ်ပြီး တိုင်းတာ၍ မရနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားလေသည်။


တန်ခိုးရှင်အဆင့်များပင်လျှင် ထိုအနားသို့ မကပ်ရဲလေရာ မည်ကဲ့သို့ လွယ်ကူစွာ အောင်နိုင်မည် ဖြစ်ပါမည်နည်း ပုဖန်တစ်ယောက်တည်းသာလျှင် စနစ်ပေးသော ထူးခြားသည့် နည်းလမ်းများကြောင့် ထိုမီးတောက်ကို စားနိုင်ခဲ့ခြင်း ဖြစ်သည်။


ပုဖန်က ထိုအကြောင်းအရာကို များစွာ ဂရုမစိုက်သော်လည်း သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများကတော့ စိတ်လှုပ်ရှားမှုဖြင့် တွန့်ကွေးနေတုန်းပင် ဖြစ်သည်။မီးတောက်ရှိလာပြီ ဖြစ်သောကြောင့် နောက်ဆုံး၌ ထိုမဟူရာလိပ်ခုံးဒယ်အိုးကို အသုံးပြုနိုင်ပေတော့မည်။


ထိုအချိန်သို့ ရောက်လာရန်အတွက် သူအချိန်အကြာကြီး စောင့်စားခဲ့ရပေသည်။နောက်ဆုံး၌ အုတ်ခဲတစ်လုံးဘဝမှ ဒယ်အိုးတစ်လုံးဘဝသို့ အသုံးပြုနိုင်ပေတော့မည်။


ပုဖန်က စိတ်တည်ငြိမ်သွားသည်နှင့် သူ့၏ ခန္ဓာကိုယ်ကို စတင်စစ်ဆေးလိုက်သည်။ယခု လက်ရှိ သူ့၏ အဆင့်က သူတော်စင်အဆင့် ဖြစ်သောကြောင့် ထိုကိစ္စကို လုပ်ရသည်မှာ အလွန်လွယ်ကူလှသည်။


သူ့၏ ခန္ဓာကိုယ်အပူချိန်က အလွန်မြင့်မားနေပြီး သူ့၏ ခန္ဓာကိုယ်ထဲမှ အစစ်အမှန်စွမ်းအင်များက တောက်လောင်နေသော မီးတောက်တစ်ခုသကဲ့သို့ ရစ်ဝဲနေကြသည်။


အရင်က အဖြူရောင်ဖြစ်သော သူ့၏ အစစ်အမှန် စွမ်းအင်များက ယခုကြည်လင်လှသော ရွှေရောင်ဖြစ်နေပေပြီ။ထိုစွမ်းအင်များက ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်၏ လွှမ်းမိုးမှုကို ခံလိုက်ရပုံ ပေါ်သည်။ပုဖန်၏ နှလုံးသားက အနည်းငယ် တုန်ယင်သွား၏။


သူ့စွမ်းအင်ဗဟို၌ လှည့်ပတ်နေသော စွမ်းအင် ရေဝဲပေါ်တွင် အသက်ဝင်နေသည့် ရွှေရောင်မီးလျှံလေးတစ်ခု ရှိနေသည်။ထိုစွမ်းအင် ရေဝဲ၏ ဘေး၌လည်း ရွှေရောင်မီးလျှံများ တောက်ပနေပြီး တစ်ခါတစ်ရံ၌ ရွှေရောင်အလင်းတန်းလေးများ ထွက်လာကာ သူ့၏ အစစ်အမှန် စွမ်းအင်များနှင့် ပေါင်းစပ်သွားသည်။


ထိုရွှေရောင်မီးတောက်ကလေးက ကောင်းကင်ကမ္ဘာမြေ မီးတောက်အမျိုးအစား ဖြစ်သည့် ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ပင် ဖြစ်သည်။ထိုမြင်ကွင်းကို မြင်လိုက်ရသော ပုဖန်က အံ့အားသင့်သင့်ဖြင့် လျှာပင်ကိုက်လိုက်မိသည်။


လှပလှသော မီးတောက်လေးက အံ့အားသင့်စရာကောင်းလောက်အောင်ပင် ဆက်လက်တောက်ပနေသည်။ပုဖန်က စစ်ဆေးပြီးသွားသည်နှင့် သူ့၏ မျက်ဝန်းများ ဖွင့်လိုက်ပြီး မေးစေ့ကို ပွတ်လိုက်သည်။


ပုဖန်က သူ့၏ စွမ်းအင် ရေဝဲထဲတွင်ရှိနေသော ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို ထိန်းချုပ်ရန် ကြိုးစားကြည့်လိုက်သည်။သို့သော်လည်း သူ ထိန်းချုပ်ရန်ဖြစ်စေ ရွှေ့ပြောင်းရန် ဖြစ်စေ ကြိုးစားသော်လည်း ထိုမီးတောက်က လုံးဝရွေလျားသွားခြင်းမရှိပေ။ပုဖန်၏ အမူအရာက တောင့်တင်းသွားသည်။မမျှော်လင့်ထားစွာပင် ထိုမီးတောက်ကို သူထိန်းချုပ်၍ မရပေ။


သူက မယုံသင်္ကာဖြင့် နည်းအမျိုးမျိုးဖြင့် ကြိုးစားလိုက်သော်လည်း သူ့၏ စွမ်းအင် ဗဟိုတွင် ဂုဏ်ယူဝင့်ကြွားစွာ ရှိနေသော မီးတောက်ကလေးကို အနည်းငယ်မျှပင် ရွေ့လျားအောင် မပြုလုပ်နိုင်ပေ။


"ကြည့်ရတာတော့ ငါက အများကြီး ပိုတွေးမိသွားပုံပဲ .....ဒီမီးတောက်လေးကိုတောင် မထိန်းချုပ်နိုင်ဘူးဆိုမှတော့ မဟူရာ လိပ်ခုံးဒယ်အိုးကို ဘယ်လိုလုပ် အသုံးပြုလို့ရမှာလဲ.....ငါက မဟူရာလိပ်ခုံး ဒယ်အိုးကို အုတ်ခဲ အဖြစ်ပဲ သုံးရတော့မယ်ထင်တယ်......"


ပုဖန်က သက်ပြင်းအသာ မှုတ်ထုတ်လိုက်သည်။သူ၏ပါးကို တဖြတ်ဖြတ်ပုပ်ရင်းဖြင့် အောက်ကို ဆင်းလာလိုက်သည်။အောက်သို့ရောက်သည်နှင့် ရှောင်ရှောင်လုံက ရောက်ချိန်တန်ပေမယ့် မရောက်သေးသည်ကို သတိပြုမိလိုက်သည်။


သို့သော်လည်း သူက ထိုအကြောင်းကို များများစားစား မတွေးတော့ပေ။သူ ဖြတ်တောက်ခြင်စနည်းပညာနှင့် အသားလွှာထွင်းထုခြင်း နည်းပညာတို့ကို လေ့ကျင့်နေစဉ်အတောအတွင်းမှနေ၍ ဝင့်ကြွားလှသော မီးတောက်လေးကို ထိန်းချုပ်နိုင်ရန် ဆက်လက်ကြိုးစားလိုက် သည်။


သူလေ့ကျင့်ပြီးသွားသည့် အချိန်၌ ပုဖန်က ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ရယူရာ၌ စနစ် ညွှန်ကြားခဲ့သည့် နည်းလမ်းကို ပြန်လည် အမှတ်ရသွားသည်။သူက ထိုနည်းလမ်းအတိုင်း သူ့၏အစစ်အမှန် စွမ်းအင်များကို လှည့်ပတ်လိုက်သည်။


စွမ်းအားများ စတင်လည်ပတ်လာသည်နှင့် သူက ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကိုပင် ထိန်းချုပ်နိုင်ရန် ကြိုးစားလိုက်၏။ တစ်ပတ်အပြည့် လည်ပြီးသည်အြချိန်၌ သူ့ခန္ဓာကိုယ်က လုံးဝ နီရဲလာလေသည်။


သူ့၏ လည်ချောင်းက ယားယံလာပြီး ပါးစပ်ဖွင့်ဟလိုက်လေရာ မမျှော်လင့်ထားပဒ ရွှေရောင်မီးတောက်များ ထွက်ပေါ်လာသည်။ပုဖန်က ရွှေရောင်မီးတောက်များ မှုတ်ထုတ်လိုက်ပြီးနောက် မီးဖိုခန်း၏ အပူချိန်က ကြောက်စရာကောင်းလှအောင် မြင့်တက်လာသည်။


ပုဖန်က ကြောက်လန့်တကြား ခုန်လိုက်မိပြီး သူ့ပါးစပ်ကို လက်ဖြင့် ဖုံးအုပ်ထားလိုက်သည်။သူ့၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်နေပြီး သူ့မျက်နှာအမူအရာကပင် ထူးဆန်းနေ၏။


"ဒါက ဘာလဲ ဘယ်လိုဖြစ်ပြီး မီးတောက်က ငါ့ပါးစပ်ထဲက ထွက်လာတာလဲ....."


ပုဖန်က အနည်းငယ် နှုတ်ခမ်းတွန့်လိုက်ပြီး ဒယ်အိုးကြီး တစ်လုံးကို ထုတ်ယူလိုက်သည်။ထိုအိုးက မဟူရာ လိပ်ခုံး ဒယ်အိုး မဟုတ်သော်လည်း သူက ပထမဦးဆုံး စမ်းသပ်ချက်ကို စမ်းသပ်ရန် ကြံရွယ်လိုက်ခြင်း ဖြစ်သည်။


ထို့နောက် သူ့၏ ခန္ဓာကိုယ်ထဲမှ မီးလျှံကို နောက်တစ်ကြိမ်ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ပုဖန်၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ထပ်မံ နီရဲလာသည့် အချိန်၌ သူ့ပါးစပ်ကို ဖွင့်ဟ၍ ဒယ်အိုး၏ အောက်ခြေသို့ ရွှေရောင်မီးတောက်များ မှုတ်လိုက်သည်။


ဒယ်အိုးက ချက်ချင်းပင် နီရဲသွားပြီး ရှဲခနဲ အသံတစ်ချက်နှင့်အတူ ဒယ်အိုးအောက်ခြေက အရည်ပျော်သွားကာ အပေါက်ကြီး ဖြစ်သွားသည်။ပုဖန်က ထိုမြင်ကွင်းကြောင့် လန့်ဖြန့်၍ ဖုံးလိုက်မိသည်။


"ဒီလောက်မြင့်တဲ့ အပူချိန်က သူ့၏ ပါးစပ်ထဲက ထွက်လာတာလား.....ငါပါးစပ်ကတော့ ဘာလို့ မလောင်တာလဲ......"


ပုဖန်က ပျက်စီးသွားသော အိုးကို အဝေးမှာ ထားလိုက်ပြီးနောက် ခဏမျှ တွေးတောနေလိုက်သည်။ထို့နောက် အဆင့် ၈ နဂါးအသားကို ထုတ်ယူလိုက်သည်။ထိုအသားက နဂါးနံရိုးသား ဖြစ်သည်။သူ့၏ လက်ကောက်ဝတ်မှ အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ပေါ်လာသည်။


ထို့နောက်သူက ဓားကို အနည်းငယ် လှည့်လိုက်ပြီး အဆင့် ၈ မြေကမ္ဘာနဂါးအသား နံရိုးကို ခုတ်ပိုင်းလိုက်သည်။ထို့နောက် နံရိုးသားကို အနည်းငယ် ရိုက်လိုက်ပြီး ပျော့ပျောင်းအောင် လုပ်လိုက်၏။ ပြီးသည်နှင့် အသားကို အရသာ အချို့ထည့်၍ ပြုပြင်လိုက်သည်။


ထို့နောက် ပုဖန်၏ လက်မှ အစိမ်းရောင်မီးခိုးငွေ့များ နောက်တစ်ကြိမ်ထပ်မံ ထွက်ပေါ်လာပြီး မဟူရာလိပ်ခုံး ဒယ်အိုး ပေါ်လာသည်။


ပေါ်လာသည်နှင့် တစ်ပြိုင်နကမ ကြီးမားပြန့်ကားလာပြီး ပုံမှန် ဒယ်အိုး အရွယ်အစားသို့ ရောက်မှသာလျှင် ရပ်တန့်သွားလေသည်။သူက မဟူရာ လိပ်ခုံး ဒယ်အိုး၏ အောက်ခြေသို့ မီးတောက်များ မှုတ်ထုတ်လိုက်သည်။ထိုကောင်းကင်ကမ္ဘာမြေ မီးလျှံက မဟူရာလိပ်ခုံး ဒယ်အိုးအတွင် အလုပ်ဖြစ်မဖြစ်ကို သိလိုလှသည်။


မဟူလိပ်ခုံးဒယ်အိုး၏ အောက်ခြေ၌ ကြေးဖြင့် သွနန်းလုပ်ထားပုံ ပေါ်သော ခြေထောက်လေးချောင်း ပါရှိသည်။မီးတောက်များက အိုး၏ အလယ်နေရာသို့ ဝင်သွားသည်နှင့် မီးတောက်အများအပြားအဖြစ်သို့ ပြန့်ကားသွားသည်။ထို့နောက် မမြင်နိုင်သော စွမ်းအင်လှိုင်းများကို ထုတ်လွင့်လာပြီးဟရွှေရောင် မီးတောက်ကို စတင်ထိန်းချုပ်လာလေသည်။


အိုး၏ အောက်ခြေမှ ထိုရွှေရောင်မီးတောက်လေးက တဖြေးဖြေး ငြိမ်သက်သွားပြီး အိုး၏ အောက်ခြေ၌ တိတ်တဆိတ် လောင်ကျွမ်းနေလေသည်။


ပုဖန်က မျက်လုံးများ မှိတ်လိုက်ပြီး ချောင်းခြောက်ဆိုးလိုက်သည်။သူက ပထမဦးဆုံးအကြိမ် မီးလျှံမှုတ်ထုတ်ခြင်းကို သင်ယူခြင်း ဖြစ်သောကြောင့် ရင်နှီးကျွမ်းဝင်မှု မရှိသေးပေ။မဟူရာ လိပ်ခုံးဒယ်အိုး၏ အောက်ခြေ၌ တောက်လောင်နေသော မီးတောက်လေးက အသံ တစိုးတစိမှပင် မထွက်ပေါ်ပေ။


ပုဖန်က သူ့၏ လက်ကို ဒယ်အိုးအပေါ်၌ ထားကြည့်လိုက်ရာ အပူငွေ့ငွေ့ကို ခံစားလိုက်ရသည်။မီးတောက်က ဒယ်အိုး အတွက် တကယ်ကို အလုပ်ဖြစ်ပုံ ရသောကြောင့် သူ့၏ မျက်ဝန်းများ စ်ိတ်လှုပ်ရှားမှုဖြင့် တောက်ပြောင်လာသည်။


ထို့နောက် ဒယ်အိုး၏ အပူချိန် တိုးတက်လာသည့်အချိန်၌ ပုဖန်က ဆီအနည်းငယ် လောင်းထည့်လိုက်သည်။ထို့နောက်သူ အရသာနယ်ထားပြီးသော မြေကမ္ဘာနဂါးနံရိုးအသားကို အိုးထဲထည့်လိုက်သည်။


ရွဲ.....


အိုးထဲ ရောက်သွားသည်နှင့်တစ်ပြိုင်နက် အသားများဆီမှ နောက်ကျိလှသော စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ထိုနောက်ကျိလှသော စိတ်ဝိညာဉ်စွမ်းအင်များက အလွန်တရာ များပြားလှသောကြောင့် ဒယ်အိုးက မထိန်းထား နိုင်တော့ပုံ ပေါ်သည်။


ထိုအသားက အဆင့် ၈ ကမ္ဘာမြေနဂါး၏ အသားဖြစ်သောကြောင့် စိတ်ဝိညာဉ် စွမ်းအင်များလည်း အတော်များများ ပါဝင်နေသည်။ထိုခဏ၌ မဟူလိပ်ခုံး ဒယ်အိုးအလယ်၌ တောင်တစ်တောင်ကဲ့သို့ ကြီးမားလှသော လိပ်ပုံစံ ထွက်ပေါ်လာသည်။


နောက်ကျိက ပြန့်ကားထွင်လာသော စိတ်ဝိညာဉ်စွမ်းအင်များကို ဖိနှိပ်လိုက်လေရာအသားထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။


ဒယ်အိုးထဲမှ အသားများကို လျှင်မြန်စွာ ကြော်လိုက်သည်။စက္ကန့်အနည်းငယ်အကြာ၌ မြေကမ္ဘာနဂါး၏ အသားက ရွှေညိုရောင်သန်းလာပြီး မွှေးပျံ့သည့် ရနံ့များ ထွက်ပေါ်လာသည်။


ထိုမွှေးကြိုင်လှသော ရနံ့များက သရေယိုစေလေ၏။ထိုနဂါးနံရိုးအသားက စိတ်ဝိညာဉ် ဝက်နံရိုးအသားထက် ပို၍ မရသာရှိ၏။ခြုံပြောရလျှင် ထိုအသားက အဆင့် ၈ စိတ်ဝိညာဉ်သားရဲ၏ အသားဖြစ်သည်။


မဟူရာလိပ်ခုံး ဒယ်အိုး၏ စွမ်းရည်ကြောင့် အခ်ျိန်တိုအတွင်းမှာပင် အသားများကို ချက်ပြုတ်ပြီးစီးသွားလေပြီ။ပုဖန်က အသားများကို ကျွမ်းကျင်စွာဖြင့် ခပ်ယူလိုက်သည်။နောက်ကျိလှသည့် အခိုးအငွေ့များနှင့် အံ့သြလောက်အောင် မွှေးကြိုင်လှသည့် ရနံ့များက မီးဖိုချောင်ထဲတွင် ရစ်ဝဲနေလေသည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးထဲသို့ ဆီအနည်းငယ် လောင်းထည့်လိုက်ပြီး ဟင်းရည်ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။


ရွဲ......


ပုဖန်က ပြင်ဆင်ထားသည့် ပါဝင်ပစ္စည်းများကို အိုးထဲသို့ ထည့်လိုက်သည်။ဒယ်အိုးဆီမှ မီးတောက်တစ်ခု ရုတ်ခနဲ ထတောက်လာသောကြောင့် သူ့မျက်ဝန်းများ စုကျုံ့လိုက်မိသည်။သို့သော်လည်း ပုဖန်က ပုံမှန်အချိန်ဖြင့်သာ ဆက်လက်၍ ချက်ပြုတ်နေလိုက်၏။


ထို့နောက် ဇွန်းတစ်ဇွန်းကို ယူ၍ ဟင်းရည်၏ အရသာကို မြည်းကြည့်လိုက်သည်။ဟင်းရည်က ချိုချိုချဉ်ချဉ် အရသာလေးရှိသောကြောင့် ချက်ပြုတ်ခြင်းက ပြီးစီးသွားလေပြီ။


သူ ဟင်းရည်ကို နဂါးနံရိုးပေါ်သို့ လောင်းထည့်သည့်အခါ၌လည်း လက်ကို လျှင်မြန်စွာ လှုပ်ရှားလိုက်ပြီး သမမျှတအောင် ရောနှောလိုက်သည်။နံရိုးချိုချဉ်ကြော် ပွဲအသစ်ကို အပြာရောင် လိုင်းကလေးများပါသည့် ကြွေပန်းကန်များထဲသို့ လောင်းထည့်လိုက်သည်။


အရင်နံရိုးချိုချဉ်ကြော်ထက် ပို၍ သိပ်သည်းမွှေးပျံ့လှသော မွှေးရနံ့များက ပုဖန်၏ အရသာခံ အာရုံကြောလေးများကို လှုပ်နှိုးလိုက်လေသည်။ပုဖန်က နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး တူဖြင့် ဝက်နံရိုးချိုချဉ်ကြော် တစ်ခုကို ကောက်ယူလိုက်သည်။


ပုဖန်က အနီရောင်အရည်ထဲမှ နံရိုး အသားပိုင်း တစ်ပိုင်းကို ကောက်ယူလိုက်ရာ ပျစ်နှစ်လှသည့် အရည်များက နောက်၌ အမျှင်တန်း၍ ကျန်နေခဲ့သည်။ထိုဟင်းပွဲမှာ အငွေ့တထောင်းထောင်လည်း ထနေသေးသည်။


ပုဖန်က ဝက်နံရိုးတစ်ပိုင်းကို ပါးစပ်ထဲထည့်လိုက်သည့်အချိန်၌ မထိန်းချုပ်နိုင်စွာပင် မျက်ဝန်းများ မှေးစင်းသွားသည်။သူက အသားကို ကိုက်ဝါး၍ အရသာခံနေရင်းမှ နံရိုးချိုချဉ်ကြော်ပန်းကန်ကို သယ်ဆောင်၍ မီးဖိုချောင်ထဲမှ ထွက်လိုက်သည်။


ဆိုင်တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် နံရိုးချိုချဉ်ကြော်ပန်းကန်မှ ထွက်ပေါ်နေသော အနံ့များနှင့် သိပ်သည်းလှသော မွှေးရနံ့များက ချက်ချင်းပင် ရစ်ဝဲသွားလေသည်။


လမ်းကြားလေးအတွင်း ဆိုင်ငယ်လေး၏ ပတ်ဝန်းကျင်နေရာများက ပြန်လည်၍ တင်ဆောက်ပြီးသွားလေပြီ။ပုဖန်က ပတ်ဝန်းကျင်ကို ခဏမျှ ဝေ့ဝဲကြည့်ရှူလိုက်ပြီးနောက် နံရိုးချိုချဉ်ကြော် ပန်းကန်ကို အိပ်ပျော်နေဆဲဖြစ်သည့် ဘလက်ကီရှေ့၌ ချပေးလိုက်သည်။


"ဘလက်ကီ စားချိန်ရောက်ပြီ......"


ပုဖန်က အေးဆေးစွာပြောလိုက်ပြီးနောက် ဘလက်ကီ၏ ခေါင်းကို အသာပုပ်လိုက်သည်။မဟူရာလိပ်ခုံး ဒယ်အိုးနှင့် ပထမဦးဆုံးချက်ပြုတ်ထသည့် ဟင်းပွဲဖြစ်သော အဆင့် ၈ မြေကမ္ဘာနဂါး နံရ်ိုးချိုချဉ်ကြော်က ဘလက်ကီ၏ ဝမ်းဗိုက်ပူပူထဲ၌ အဆုံးသတ်သွားလေပြီ။


လေထဲတွင် ရစ်ဝဲနေသော နံရိုးချိုချဉ်ကြော်၏ မွှေးပျံ့လှသည့် ရနံ့များကြောင့် ဘလက်ကီက မျက်လုံးဖွင့်ကြည့်လိုက်ပြီး ချက်ချင်းပင် ပြူးကျယ် ဝိုင်းစက်သွားလေသည်။ဝှစ်ခနဲ မြည်သံတစ်ခုနှင့်အတူ ပန်းကန်ကို သူ့လက်များအတွင်းသို့ ဆွဲယူထားလိုက်ပြီး သူ့၏ မျက်ဝန်းများကလည်း တောက်ပြောင် လင်းလက်လာသည်။


ဘလက်ကီက နှာခေါင်းတစ်ရှူံ့ရှူံ့ဖြင့် အနံ့ခံလိုက်ရင်း လျှာဖြင့် နှုတ်ခမ်းများကို သပ်လိုက်သည်။


"ကြည့်ရတာတော့ ဒီစိတ်ပုပ် ကလေးစုတ်က အသိတရားတစ်ချို့တော့ ရှိနေသေးပုံပဲ...."


ဘလက်ကီက တိတ်ဆိတ်စွာ တွေးတောလိုက်ပြီးနောက် သူ့အစားကို အငမ်းမရ စားသောက်တော့သည်။


နံရိုးချိုချဉ်ကြော် အသားတစ်ဖတ်ကို စားလိုက်သည်နှင့် တစ်ပြိုင်နက် ခွေးဘုရင်၏ မျက်ဝန်းများက ပို၍ ပြူးကျယ်လာပြီး အလင်းရောင်များက ပို၍ တောက်ပလာလေသည်။


"ဒီနဂါးနံရိုးချိုချဉ်ကြော်က ခွေးဘုရင်ရဲ့ အကြိုက်ပဲ......ဝုတ်...."


ထိုဟင်းပွဲ တစ်ပွဲက ပျင်းရိလွန်းသောကြောင့် နေရာကပင် မရွေ့ချင်သည့် ဘလက်ကီကိုစိတ်လှုပ်ရှားတက်ကြွစွာဖြင့် ဟောင်မိစေသည်။သို့သော်လည်း ထိုဟောင်သံကပင် ပျင်းရိခြင်း အငွေ့အသက်များ ပါဝင်နေပြီး တိုတောင်းနေဆုံးပင် ဖြစ်သည်။


မြေကမ္ဘာနဂါးအသားက ဝက်သားထက် ပို၍ ကျစ်လစ်မာကြောသည်။သို့သော်လည်း ပုဖန်၏ သေချာစွာပြင်ဆင်ထားပြီး ကျွမ်းကျင်ပိုင်နိုင်စွာ မီးထိန်းချုပ်နိုင်မှု အောက်၌ ကြာကြာကြော်ထားခြင်း ဖြစ်သောကြောင့် အသားက နူးအိနေပေပြီ။


သူက မဟူရာလိပ်ခုံးဒယ်အိုးကို ပထမဦးဆုံးအကြိမ် စသုံးခြင်းဖြစ်သော်လည်း ပြောင်းလဲမှု အနည်းငယ်ကိုပင် ခံစားမိတုန်းပင်ဖြစ်သည်။ပြောရမည်ဆိုလျှင် ထိုဒယ်အိုးက နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းတစ်ခုဖြစ်သည်။


ထိုဒယ်အိုးက သာမန်အိုးများထက် ပို၍ သုံးရ လွယ်ကူသည်။သာမန်ဒယ်အိုးများကို အသုံးပြုရာ၌ သူ့၏စိတ်ကို တည်ငြိမ်အောင်ထားကာ အစစ်မှန် စွမ်းအင်များကို အသုံးပြု၍ စိတ်နှင့် ချက်ပြုတ်ရန် လိုအပ်သည်။


ထို့အပြင် ဒယ်အိုးနှင့်ကြားထဲမှ ဆက်သွယ်ချက်ကိုလည်း မပြတ်တမ်းထိန်းသိမ်းထားရန် လိုအပ်သည်။ထိုအရာ အားလုံး လုပ်ပြီးသည့် အပြင်ကို သူ့၏ စွမ်းအင်ထိန်းချုပ်မှု အပေါ်တွင်လည်း မူတည်နေသေးသည်။အကယ်၍ စွမ်းအင်ထိန်းချုပ်မှု အနည်းငယ်လေး ကွာခြားသွားလျှင်ပင် ဟင်းပွဲ၏ အရသာအပေါ် အကျိုးသက်ရောက်မှု ရှိသွားပေလိမ့်မည်။


ထိုနဂါးနံရိုးချိုချဉ်ကြော်ကို မဟူရာလိပ်ခုံးဒယ်အိုး ကိုသုံး၍ ပထမဦးဆုံး ပြုလုပ်ထားသည့် ဟင်းပွဲဖြစ်သည်။ကောင်းမွန်လှသော အရသာက သူ့ကို စိတ်ကြည်နူးစေသည်။သူက အစောပိုင်းက စားခဲ့သည့် အသား၏ အရသာကိုပင် ပြန်လည်၍ ခံစားနေမိတုန်းဖြစ်သည်။


နဂါးအသားက ပျော့ပျောင်းနူးညံ့လှပြီး ဟင်းရည်ကလည်း ချိုချိုချဉ်ချဉ်အရသာရှိလှသည်။ထို့အပြင် စိတ်ဝိညာဉ် စွမ်းအင်များလည်း ပမာဏများများ ပါဝင်နေသည်။ထိုကဲ့သို့ အစွမ်းထက်သည့် သုံးမျိုးဖြင့် နဂါးနံရိုးချိုချဉ်ကြော်ကို ဖန်တီးထားခဲ့သည်။


နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းနှင့် ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်တို့၏ ပေါင်းစပ်မှုက အံ့မခန်းပင် ဖြစ်သည်။ပုဖန်က အကြောင်းအရာများကို ပြန်လည် တွေးတောနေမိသည်။သူ့၏ အချက်အပြုတ်ကျွမ်းကျင်မှု၌လည်း အဆင့်တစ်ဆင့် တိုးတက်မှုရရှိခဲ့သည်။


ဘလက်ကီက ထိုနဂါးနံရိုးချိုချဉ်ကြော်၏ အရသာကို ကြိုက်နှစ်သက်လွန်းလှသောကြောင့် မည်သည့်အရာကိုမှ အာရုံမစိုက်နိုက်ဖြစ်နေသည်။ယခုလက်ရှိ အချိန် သူ့၏ မျက်ဝန်းထဲ၌ နဂါးနံရိုးချိုချဉ်ကြော်တစ်ခုတည်းသာ မြင်လေသည်။


ပုဖန်က ခပ်ဖွဖွလေးပြုံးလိုက်ပြီး ဆိုင်ဘက်သို့ လှည့်ဝင်သွားလိုက်သည်။ထို့နောက် ခုံတစ်ခုံကို ဆိုင်ရှေ့သို့ ဆွဲယူလာပြီး ထိုင်လိုက်ကာ အငမ်းမရ လောဘတကြီး စားသောက်နေသော ဘလက်ကီကို ကြည့်နေလိုက်သည်။


သူမှီ၍ ထိုင်နေသော နေရာ၌ မွှေးပျံ့လှသော မွှေးရနံ့လေးများနှင့် နေရောင်ခြည်နုနုလေး ဖြာကျနေမှုက စိတ်ကျေနပ်စရာကောင်းလှသည်။


ဘဝက တကယ်ကိုကောင်းလှသည်။ခပ်လှမ်းလှမ်းမှနေ၍ ရှောင်ရှောင်လုံက ဆိုင်ရှိရာဆီသို့ ဖြေးဖြေးချင်း လျှောက်လာလေသည်။သူ့၏ မျက်ဝန်းထဲ၌ ပူဆွေးမှု အရိပ်အယောင်များ ထင်ဟပ်နေပြီး လန်းဆန်းတက်ကြွမှုမရှိပေ။


သူက အဝေးမှ ပုဖန်ကို လှမ်းမြင်လိုက်ရသည့် အခါ၌ သတိပြန်ကပ်သွားသည်။ချက်ချင်းပင် သူ့၏ မျက်ဝန်းများက စိတ်လှုပ်ရှားမှု မျှော်လင့်ချက်များဖြင့် တက်ကြွ တောက်ပသွားသည်။