အပိုင်း ၃၆၀
Viewers 53k

အခန်း ၃၆၀

 ဖားပြုပ်သားများပြည့်နှက်နေသည့် ကောင်းကင်.....


"ပြဿနာကောင် တစ်ခြားသူများကို ဥပမာပေးဖို့အတွက် ပြဿနာကောင်တွေကို အဝတ်ချွတ်ပစ်ရမယ်......"


ငရဲမှထွက်လာသော နတ်ဆိုးများ၏ အသံကဲ့သို့ အေးစက်လှသည့် စက်ရုပ်အသံက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ထိုအသံက တကယ့်ကို ရင်ထိတ်စရာကောင်းလှသည်။


စိတ်လှုပ်ရှားနေသော ကွမ်ရှောင်ယီက ဝှိုက်တီ၏ စကားကို ကြားသောအခါ၌ တောင့်တင်းသွားသည်။အသွင်ပြောင်းသွားသော ဝှိုက်တီက ကြောက်စရာကောင်းနေသည်ဟု ခံစားမိလိုက်ပြီး သူမနှလုံးသားလေးက တုန်ယီသွားလေသည်။


အိပ်ပျော်နေသော ဘလက်ကီက ဝှိုက်တီ၏ ရေခဲတမျှ အေးစက်လှသော အသံကြောင့် နိုးလာခဲ့သည်။သူက မျက်ဝန်းများ အသာလေးဖွင့်လိုက်ပြီး ဝှိုက်တီရှိရာဆီသို့ ကြည့်လိုက်သည်။


သူကနေရောင်ခြည်အောက်၌ အလင်းတန်းများ ဖြာထွက်တောက်ပနေသော ဝှိုက်တီ၏ တောင်ပံတစ်စုံကို တွေ့လိုက်ရသောအခါ အနည်းငယ် စိတ်ရှူပ်ထွေးသွားသည်။ဘလက်ကီက ဝှိုက်တီ၏ ငွေရောင်မျက်ဝန်းများကို ကြည့်လိုက်ပြီး အားပါးတရ သမ်းဝေလိုက်သည်။


"ဒီသံမဏိတုံးက အသွင်ပြောင်းသွားနိုင်ပြီထင်တယ်.....ကြည့်ရတာတော့ ကောင်လေးပုဖန်က ဒီခရီးမှာ အကျိုးအမြတ်တွေ ရရှိခဲ့ပုံပဲ....ဒီ အသွင်ပြောင်းသွားတဲ့ သံမဏိတုံးကလည်း အကျိုးအမြတ်ရရှိခဲ့ပုံပေါ်တယ်...."


ဘလက်ကီက ဘေးနား၌ အေးဆေးတည်ငြိမ်စွာ ရပ်နေသော ပုဖန်ကို လှမ်းကြည့်လိုက်ပြီး နှာခေါင်းရှူံ့လိုက်သည်။ပုဖန်က အသွင်ပြောင်းလဲသွားသည့် ဝှိုက်တီ၏ ပုံရိပ်ကို ကြည့်၍ နှုတ်ခမ်းထောင့်စွန်းလေးများ အနည်းငယ် တွန့်ကွေးသွားသည် ။ဝှိုက်တီက တောင်ပံများကို အနည်းငယ် ခတ်လိုက်ရင်း မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်မှ တန်ခိုးရှင်များ အရှေ့သို့ လှမ်းလိုက်သည်။


ဝှိုက်တီ၏ ငွေရောင်မျက်လုံးများက လှုပ်ခတ်သွားပြီး သူ့၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖြာထွက်လာသည်။မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်မှ တန်ခိုးရှင်များက ဝှိုက်တီနှင့် ရင်ဆိုင်ရသည့်အခါ၌ ဂရုမစိုက်မပြုရဲကြပေ။


သူတို့က ဝှိုက်တီ တစ်ယောက်တည်းဖြင့် တန်ခိုးရှင်ငါးဦးကို ရင်ဆိုင်ခဲ့သည့် မြင်ကွင်းအား ယခုထိတိုင်အမှတ်ရနေဆဲပင်ဖြစ်သည်။


ထိုမြင်ကွင်းက သူတို့အားလုံးကို လုံးဝထိတ်လန့်သွားစေခဲ့သည်။တန်ခိုးရှင်ငါးဦးကိုပင် တိုက်ထုတ်နိုင်ခဲ့သောကြောင့် သူတို့ရှေ့မှ သံမဏိတုံးက တန်ခိုးရှင်အဆင့် အထွဋ်အထိပ်ဖြစ်ကြောင်း ထင်ရှားလှပေသည်။


တန်ခိုးရှင် အဆင့်နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ဖြတ်ခနဲ ကြည့်လိုက်ကြသည်။သူတို့အချင်းချင်း သဘောတူညီမှု တစ်ချို့ ရသွားဟန်တူသည်။သူတို့၏ ခန္ဓာကိုယ်က တုန်ခါသွားကြပြီး အစစ်အမှန် စွမ်းအင်လှိုင်များထွက်ပေါ်လာသည်။ သူတို့၏ အစစ်အမှန် စွမ်းအင်လှိူင်းများက မြွေများကဲ့သို့ပင် သူတို့ ခန္ဓာကိုယ်တစ်ဝိုက်၌ ရစ်ခွေနေကြသည်။


တန်ခိုးရှင် အဆင့်တစ်ယောက်၏ အကြည့်များက ရုတ်တရက် တင်းမာခတ်ထန်သွားသည်။သူက ဖိအားများကို တွန်းလှန်လိုက်ပြီး လေထဲသို့ တက်လိုက်သည်။ထို့နောက် သူက ဝှိုက်တီဆီသို့ တဟုန်ထိုးတိုးဝင်လိုက်သည်။တစ်ခြားတန်ခိုးရှင်အဆင့်တစ်ယောက်ကလည်း သူ့၏ တိုက်ခိုက်မှုကို စတင်လိုက်သည်။


သူက ကြီးမားလေးလံလှသောပုဆိန်ကို ဆင့်ခေါ်လိုက်ပြီး ဝှိုက်တီကို ရင်ဆိုင်လိုက်သည်။အရင်အချိန်က သူထိုပုဆိန်ဖြင့် ဝှိုက်တီကို လွှဲခုတ်လိုက်သည့် အချိန်၌ ဝှိုက်တီ ပစ်လွှတ်လိုက်သော ဓားပျံများ၏ နှောင့်ယှက်ဖျက်စီးမှုကို ကြုံခဲ့ရသည်။ယခုအချိန်၌ ထိုကဲ့သို့ အဖြစ်ခံလိမ့်မည် မဟုတ်ပေ။


သူတို့၏ စွမ်းအားများကို အပြည့်အဝထုတ်ဖော်၍ ဝှိုက်တီဆီသို့ တဟုန်ထိုး တိုးဝင်သွားကြလေရာ ဘေးပတ်လည်တွင်ရှိနေသော လေထုကပင် ထိုစွမ်းအားဒဏ်ကို တောင့်မခံနိုင်တော့ပုံ ပေါ်သည်။


ခြေထောက်ကြီးဖားပြုပ်ကလည်း သူ့၏ ပါးစပ်ကို ဟလိုက်သည်။ပါးစပ်အတွင်းမှ အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ထိုအရိပ်က သူ့၏ ထက်မြေ့လှသော လျှာဖြစ်သည်။ထိုလျှာက တန်ခိုးရှင်အဆင့်တစ်ယောက်၏ ခန္ဓာကိုယ်ပင် ထိုးဖောက်နိုင်လောက်အောင် စွမ်းအားကြီးလှသည်။အလွန်ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ခိုက်မှုသုံးခုက ဝှိုက်တီဆီသို့ တပြိုင်တည်း ရောက်ရှိလာသည်။


တန်ခိုးရှင်အဆင့်သုံးယောက်၏ တိုက်ခိုက်မှုနှင့် ကြုံတွေ့လိုက်ရသောအခါ၌ ဝှိုက်တီ၏ ငွေရောင်မျက်ဝန်းများက အနည်းငယ် လှုပ်ခတ်သွားသည်။သူက တောင်ပံတစ်စုံကို အသာအယာ ခတ်လိုက်ပြီး ထိုတိုက်ခိုက်မှုကို ဦးတည်လိုက်သည်။


ဝှိုက်တီက အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ပျံတက်လိုက်လေရာ မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းမှ တန်ခိုးရှင်တစ်ယောက်၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။


ထိုတန်ခိုးရှင်က သူ့၏ ဆံပင်မွှေးများပင် ထောင်တက်သွားလောက်သည်အထိ စိတ်ဆိုးတကြီး ကျုံးဝါးအော်ဟစ်လိုက်သည်။


သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများက တောင့်တင်းသွားပြီး ကြောက်မက်ဖွယ်ကောင်းလှသော အင်အားများ ပြန့်ကားထွက်ပေါ်လာသည်။ထိုသူက လက်သီးဖြင့် ဝှိုက်တီဆီသို့ ထိုးနှက်လိုက်သည်။ထိုလက်သီး၌ ပါဝင်သော အင်အားက ဝှိုက်တီ၏ ခန္ဓာကိုယ်ကို အပြည့်အဝ ဖိနှိပ်ထားလေသည်။


သို့သော် ဝှိုက်တီက အနည်းငယ်မျှပင် တွန့်ဆုတ်မှုမရှိပဲ ထိုလက်သီးချက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။လူတစ်ယောက်နှင့် ရုပ်သေးရုပ်တစ်ရုပ်က လေထဲ၌ ထိပ်တိုက်တွေ့ဆုံသွားပြီး ပေါက်ကွဲသံများ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။


စွမ်းအင်လှိုင်းများက အဘက်ဘက်သို့ ရိုက်နှက်သွားပြီး လမ်းကြမ်းခင်းပင် မှုန့်မှုန်ညှက်ညှက် ကြေမွသွားသည်။


ထိုတန်ခိုးရှင်က ဝှိုက်တီ၏ ထိုးနှက်ချက်ကြောင့် အဝေးသိူ့ လွင့်ထွက်သွားသည်။သူ့၏ လက်မောင်းမှလည်း အရိုးကျိုးသံများ ကြားလိုက်ရပြီး သူ့၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားကြသည်။


ဝှိုက်တီက သူ့၏ တောင်ပံတစ်စုံကို အသုံးပြုလိုက်ပြီး တစ်ခြားတန်ခိုးရှင်၏ တိုက်ခိုက်မှုမှ ဒိုင်းသဖွယ်ကာကွယ်လိုက်သည်။ထိုတန်ခိုးရှင်၏ ပုဆိန်ချက်က လေထုကို ထိုးခွဲ၍ ဝှိုက်တီဆီသို့ ရောက်ရှိလာပေသည်။


ဘုန်း.....


ထိုပုဆိန်ချက်နှင့် ဝှိုက်တီ၏ တောင်ပံတစ်စုံတို့ ထိခိုက်မိသည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲသံများ ထပ်မံထွက်ပေါ်လာပြန်သည်။ရှောင်ယန်ယုတို့ လူစုက တုန်လှုပ်နေကြပြီး သူတို့၏ မျက်နှာများက ဖြူဖျော့နေကြသည်။သူတို့အားလုံးက စွမ်းအားကြီးမားသူတို့၏ တိုက်ပွဲကို ကြည့်ရုံမျှပင် ကြောက်ရွံ့ထိတ်လန့်နေကြသည်။


အလွန်ပင် ကြောက်စရာကောင်းလှသော ပုဆိန်၏ အင်အားကြောင့် ဝှိုက်တီ၏ တောင်ပံမှ ထွက်ပေါ်လာသော ဓားချက်များကပြိုပျက်စီးသွားသည်။သူ့၏ ခန္ဓာကိုယ်ကလည်း အနောက်သို့ လွင့်ပြယ်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ဝှိုက်တီပြုတ်ကျသွားသည့်နေရာမှ ဖုန်မှုန့်များ လုံးခနဲ တက်လာသည်။ထိုတန်ခိုးရှင်၏ နှုတ်ခမ်းပါးလေးများက တွန့်ကွေးသွားပြီး စိတ်ကျေနပ်စွာရယ်မောလိုက်သည်။


ဝှစ်.....


ထိုခဏ၌ အနက်ရောင် အရိပ်တစ်ခုက ဝှိုက်တီကို ကျော်ဖြတ်၍ ပုဖန်ဆီသို့ ဦးတည်ဝင်ရောက်သွားသည်။ထိုအရိပ်၏ အရှိန်က အလွန်လျှင်မြန်လှသောကြောင့် သာမန်လူတစ်ယောက်၏ မျက်စိဖြင့် ကြည့်လျှင် မည်သည့်အရာမှန်း ခွဲခြားသိမြင်နိုင်လိမ့်မည် မဟုတ်ပေ။


လေတိုးသံနှင့်အတူ လေပြင်းများကြောင့် ပုဖန်၏ ဆံပင်များ လွင့်ခါသွားသည်။သူ့၏ လက်ကောက်ဝတ်၌ အစိမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ရောက်လာသည်။ပုဖန်က သူ့လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်ပြီး သူ့ဆီသို့ တဟုန်ထိုး တိုးဝင်လာသော အနက်ရောင်အရိပ်ကို ခုတ်ချလိုက်သည်။


ထိုဓားဖြင့် ခုတ်လိုက်သည့်အချိန်၌ သူ့၏ အစစ်အမှန်စွမ်းအင်များက ဓားအတွင်းသို့ စီးဆင်းဝင်ရောက်လာပြီး ကြီးမားလှသော ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားအဖြစ်သို့ ပြောင်းလဲ သွားပြီ ဖြစ်သည်။


ဓားမှ လွှမ်းမိုးနိုင်စွမ်းရှိသောအော်ရာများ ထွက်ပေါ်လာပြီး နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကလည်း ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ထိုဓားမှ ကြည်လင်လှသော ရွှေရောင်အလင်းတန်းများက ထွက်ပေါ်လာပြီးနောက် အနက်ရောင် အရိပ်နှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။


ထိုအနက်ရောင် အရိပ်က တိုက်မိသည့် နေရာမှာပင် ရပ်တန့်သွားသည်။ဓားဖြင့် ဖြတ်တောက်မှုကြောင့် သွေးများ ပန်းထွက်လာပြီး ခြေထောက်ကြီးဖားပြုပ်၏ လျှာက အလွန်လျှင်မြန်စွာပင် ပြန်လည် ဆုတ်ခွာသည်။


အုံး ...ဂွမ်.....


တောင်တစ်တောင်ကဲ့သို့ မြင့်မားလှသော ခြေထောက်ကြီးဖားပြုပ်၏ မျက်ဝန်းများက ပို၍ ပြူးကျယ်သွားပြီး သူ့၏ ပါးစပ်ကို လက်ဖြင့် အုပ်ကာလိုက်သည်။


စိတ်မချမ်းမြေ့ဖွယ် အော်မြည်သံက အင်ပါယာမြို့တော်တစ်ခုလုံးသို့ ပြန့်နှံ့သွားသည်။ဖားပြုပ်၏ လျှာမှ သွေးများကလည်း စမ်းချောင်းငယ်တစ်ခုအလား စီးဆင်းကျလာပြီး မြေပြင်တစ်ခုလုံး ရဲရဲနီသွားစေသည်။


ပုဖန်ကသူ့လက်ထဲမှ ဓားကို မြှောက်ကိုင်လိုက်ပြီးနောက် ထိုခြေထောက်ကြီးဖားပြုပ်ကို အသာအယာပင် စိုက်ကြည့်လိုက်သည်။သူက အချိန်ခဏမျှသာ ကြည့်ပြီးနောက် သူ့၏ အကြည့်များက မြေပြင်ပေါ်တွင် ရှိနေသော အရာဝတ္တုဆီသို့ ရောက်သွားသည်။


ထိုအရာက ပုဖန်ခုတ်ပိုင်းလိုက်သော ခြေထောက်ကြီး ဖားပြုပ်၏ လျှာပင်ဖြစ်သည်။သေးငယ်လှသော အစိတ်အပိုင်းလေးက မြေပြင်ပေါ်တွင် တစ်လှုပ်လှုပ် လှုပ်ခါနေပြီး အနည်းငယ် ခရမ်းရောင် တောက်ပနေပေသည်။


"ဒီကောင်စုတ်လေး....."


မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းမှ ကျွမ်းကျင်ပညာရှင်များက အလွန်ထိတ်လန့်အံ့အားသင့်နေကြသည်။သူတို့က ခြေထောက်ကြီး ဖားပြုပ်၏ တိုက်ခိုက်မှုကို ပုဖန်ကိုယ်တိုင် ကာကွယ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။


ခြေထောက်ကြီးဖားပြုပ်က ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဟုလည်း သူတို့မမျှော်လင့်ပေ။အဆင့် ၇ သူတော်စင် အဆင့်တစ်ယောက်၏ လက်ချက်ဖြင့် ဒဏ်ရာရသွားခဲ့သော ခြေထောက်ကြီး ဖားပြုပ်က အလွန်ပင် ရူးသွပ်နေပေသည်။


သူ့၏ မျက်ဝန်းထဲ၌ ပြင်းထန်လှသော သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေပြီး အဆက်မပြတ် အော်မြည်လိုက်သည်။ထို့နောက် ကောင်းကင်ယံထက်ဆီသို့ အစက်အပြောက်လေး တစ်ခုအဖြစ်မြင်ရသည်အထိ ထိုးတက်သွားလေသည်။


ခဏချင်းမှာပင် ထိုဖားပြုပ်က မြေပြင်ပေါ်သို့ အလွန်လျှင်မြန်လှသော အရှိန်ဖြင့် ပြန်လည် ကျဆင်းလာသည်။သူက ခြေနင်းချက်တစ်ချက်ဖြင့်ပင် ပုဖန်ကို အသားပြားဖြစ်သွားအောင် နင်းချေရန် ရည်ရွယ်လိုက်သည်။


မြေပြင်ပေါ်ရှိ အပျက်အစီးပုံများကြားထဲမှ ကျယ်လောင်လှသော အသံများ ထွက်ပေါ်လာပြီး ဝှိုက်တီ၏ ပုံရိပ် ပေါ်လာသည်။ဝှိုက်တီက တောင်ပံများကို ဖြန့်ကား၍ ကောင်းကင်ယံထက်ဆီသို့ ပျံတက်လိုက်သည်။


ခြေထောက်ကြီးဖားပြုပ်က အင်ပါယာမြို့တော်တစ်ခုလုံးကို ဖျက်စီးရန် ကြံရွယ်ထားသကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် မြေပြင်ကို စောင့်နင်းရန် ကြိုးစားလိုက်သည်။


တောင်တစ်တောင်ကဲ့သို့ ကြီးမားလှသည့် သူ့၏ ခန္ဓာကိုယ်သာ ထိုကဲ့သို့ အလွန်မြင့်လှသော နေရာမျိုးမှ မြေပြင်ပေါ်သို့ ကျဆင်းလာလျှင် အင်ပါရီယာ မြို့တော်တစ်ခုလုံး ပြိုကျပျက်စီးသွားပေလိမ့်မည်။


ရွှတ်.....ရွှတ်.....ရွှတ်....


ဝှိုက်တီ၏ လက်မှ ဂျိတ်ကောင်များ ထွက်ပေါ်လာပြီး ခြေထောက်ကြီး ဖားပြုပ်၏ ခြေထောက်ကို ချိတ်ဆွဲလိုက်သည်။အသားပြဲသွားသည့် အသံများ ထွက်ပေါ်လာပြီးနောက် ထိုဖားပြုပ်၏ ခြေထောက်၌ အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာသည်။သို့သော်လည်း ဖားပြုပ်ကြီး၏ ကျဆင်းနေသည့် နှုန်းက နှေးသွားရမည့်အစား ပို၍ပင် မြန်ဆန်လာသည်။ထိုအချင်းအရာက ကမ္ဘာမြေကြီး၏ စွဲအားကြောင့်ပင်ဖြစ်သည်။


ဝှိုက်တီ၏ နောက်ကျောမှ တောင်ပံက ဓားပျံများ အဖြစ်သို့ ပြောင်းလဲသွားသည်။ဝှိုက်တီက လက်ကိုစုစည်းလိုက်ရာ ထိုဓားပျံများက ကြီးမားစွာ ပြန့်ကားသွားသည်။ထို့နောက် ဝှိုက်တီက သူ့လက်သီးကို မြှောက်လိုက်ပြီး ခြေထောက်ကြီး ဖားပြုပ်၏ ခြေထောက်ကို ထိုးနှက်ချလိုက်သည်။


သူတို့နှစ်ဦးက လေထုထဲ၌ တွေ့ဆုံသွားကြသည်။ထိုအချင်းအရာက အဆင့်မြင့်တည်ရှိမှုများကြားထဲ၌ ထိပ်တိုက်တွေ့ဆုံမှုပင်ဖြစ်သည်။သူတို့နှစ်ဦးလုံးက တန်ခိုးရှင်အဆင့်နယ်ပယ် အထွဋ်အထိပ်များပင် ဖြစ်ကြသည်။


ထိုထိတွေ့မှုမှ ထွက်ပေါ်လာသော လေထုက လှိုင်းလုံးများသဖွယ် ပတ်ဝန်းကျင် အနှံ့အပြား ရိုက်ခတ်သွားသည်။လေတိုးသံများနှင့်အတူ ပြင်းထန်လှသော လေမုန်တိုင်းက အင်ပါရီယာ မြို့တော်တစ်ခုလုံးကို လွှမ်းခြုံရိုက်ခတ်သွားလေသည်။


စစ်သည်တော်များက ပြည်သူများကို ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းခဲ့ပြီးပြီဖြစ်သည်။သူတို့က ကြောက်ခမန်းလိလိတိုက်ပွဲကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့်ပင် ကြည့်နေကြသည်။


ဟုတ်ပေသည်။သူတို့ကြား၌တိုင် ကြောက်ရွံ့ထိတ်လန့်သည့်ပြည်သူများ ရှိသကဲ့သို့ စိတ်လှုပ်ရှား တက်ကြွနေသူများလည်းရှိကြသည်။သာမန်အေးချမ်းသာယာသည့် ရက်များ၌ ထိုကဲ့သို့ အဆင့်များနယ်ပယ်များကြားထဲရှိ တိုက်ပွဲကို မြင်တွေခွင့်ရရန်မဖြစ်နိုင်ပေ။


နောက်ဆုံး၌ ဝှိုက်တီနှင့် ဖားပြုပ်ကြီးကြားမှ ရလဒ်တစ်ခု ထွက်ပေါ်လာပေပြီ ဓားပျံများက ဝှိုက်တီ၏ လက်သီးစုပ်ပေါ်၌ ရစ်ဝဲပျံသန်းနေကြသည်။ခြေထောက်ကြီးဖားပြုပ်၏ မျက်ဝန်းထဲ၌ စိုးရိမ်ပူပန် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး စိတ်မချမ်းမြေ့စရာအသံများကို အဆက်မပြတ် ထုတ်လွင့်နေသည်။


ဖားပြုပ်၏ ခြေထောက်က အသားလွှာများအဖြစ်သို့ ပြောင်းလဲ သွားပြီး အင်ပါရီယာမြို့တော်၏ ကောင်းကင်ယံထက်၌ အသားများဖြင့် ပြည့်နှက်နေလေသည်။သွေးမိုးများ ရွာသွန်းဖြိုးလာပြီး ထိုပတ်ဝန်းကျင်နေရာ၌ စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်သွားသည်။ပုဖန်က မဟူလိပ်ခုံးဒယ်အိုးကို ဆင့်ခေါ်လိုက်ပြီး ချက်ချင်းပင် ကြီးမားသွားအောင် လုပ်ဆောင်လိုက်သည်။မဟူရာလိပ်ခုံးဒယ်အိုးက ကောင်းကင်တစ်ခုလုံး ဖုံးကွယ်သွားတော့မလောက် ကြီးမားလှလေသည်။


ထိုဒယ်အိုးမှ ကြောက်စရာကောင်းလှသော စွမ်းအားများကို ထုတ်လွင့်လိုက်ပြီး ဖားပြပြုပ်၏ အသားများကို စုဆောင်းလိုက်လေသည်။


ဝှိုက်တီက ထိုဖားပြုပ်၏ ခြေထောက်ကို အသားလွှာများအဖြစ်သို့ ပြောင်းလဲလိုက်ပြီဖြစ်သော်လည်း ထိုအသားပိုင်းများ၏ အရွယ်အစားက အလွန်ကြီးမားနေတုန်းပင်ဖြစ်သည်။


ဝှိုက်တီက ဖားပြုပ်ကို ဒဏ်ရာအပြင်းထန်ရအောင် လုပ်ပေးပြီးနောက် သူ့၏ အေးစက်လှသော အကြည့်များက ပတ်ဝန်းကျင်တစ်ခွင်ကို ကျရောက်သွားသည်။ပုဖန်က ထိုဖားပြုပ်ကို သတ်ရန် ရည်ရွယ်လိုက်သည်။သူက ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ထုတ်ယူလိုက်ပြီး ဖားပြုပ်ရှိရာဆီသို့ တဟုန်ထိုး တိုးဝင်သွားလိုက်သည်။


မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းမှ ကျွမ်းကျင်ပညာရှင်များ၏ အမူအရာက ပြောင်းလဲသွားသည်။သူတို့က ဒေါသတကြီး ဟစ်အော်လိုက်ပြီးနောက် သူတို့၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော အော်ရာများကို ထုတ်လွင့်လိုက်သည်။သူတို့က ခြေထောက်ကြီး ဖားပြုပ်ကို ကူညီလိုကြသည်။


ထိုအခိုက်၌ သူတို့၏ စိတ်ထဲမှ တုန်ယင်လာပြီး သူတို့နှလုံးသားက တလှပ်လှပ် ခုန်လှုပ်လာလေသည်။သူတို့က တစ်စုံတစ်ခုကို အာရုံခံစားလိုက်ရသကဲ့သို့ ပုဖန်၏ ဆိုင်ဝတွင် လဲလျောင်းနေသော ခွေးနက်ကြီးဆီသို့ လှည့်ကြည့်လိုက်ကြသည်။


ထိုခွေးဝတုတ်၏ နှုတ်ခမ်းများက တွန့်ကွေးနေကြသည်။သူက ချစ်စဖွယ်ကောင်းပြီး လှပလှသော လက်ဖဝါးလေးကို သူတို့ရှိရာဆီသို့ ဦးတည်၍ မြှောက်လိုက်သည်။ထိုသေးငယ်လှသော လက်ဖဝါးလေး၏ လက်ဝှေ့ယမ်းချက်တစ်ချက်ကပင် တန်ခိုးရှင်များ၏ မျက်ဝန်းများကို ကျဉ်းမြောင်းသွားစေသည်။


သူတို့ထုတ်လွင့်လိုက်သော တန်ခိုးရှင်တစ်ယောက်၏ ပြင်းထန်လှသော အော်ရာများက ချက်ချင်းပင် ပြိုကွဲပျက်စီးသွားလေသည်။ဘလက်ကီ၏ လက်ဖဝါးသေးသေးလေး တစ်ချက် အလှုပ်၌ဖြင့် တန်ခိုးရှင်အဆင့် နှစ်ယောက်ကို ရပ်တန့်လိုက်နိုင်ပေသည်။


သူတို့၏ ခန္ဓာကိုယ်ကလည်း ကောင်းကင်ယံထက်ဆီသို့ လွင့်ပျံသွားပြီးနောက် မြေပြက်ပေါ်အရှိန်ဖြင့် ပြုတ်ကျသွားသည်။ယခုလက်ရ်ှအချိန်၌ ထိုတန်ခိုးရှင်အဆင့် နှစ်ယောက်က အကြီးအကျယ်တုန်လှုပ်နေမိသည်။သူတို့က ဆိုင်ငယ်လေးကို ကာကွယ်စောင့်ရှောက်နေသော အဆင့်မြင့်သားရဲတစ်ကောင် ရှိလိမ့်ဦးမည်ဟု မည်သည့်နည်းနှင့်မှ တွေးမထင်ခဲ့မိပေ။