အပိုင်း ၃၆၈
Viewers 53k

အခန်း ၃၆၈

နတ်ဘုရားနယ်ပယ်သို့တက်လှမ်းခါနီး စစ်သည်တော်...ရိုက်ထုတ်ခံရခြင်း....


"ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို ပေးမလား ဒါမှမဟုတ် အသေခံမလား......"


ထိုစကားကို ရေရွတ်ပြီးနောက် သွမ့်လင်း၏ ခန္ဓာကိုယ်မှ သွေးဆာရက်စက်မှုများ ဖြာထွက်လာပြီး သူ့၏ ပုံပန်း သဏ္ဍာန်က နတ်ဆိုး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသလို ရှိသည်။


လူတိုင်း၏ စိတ်ထဲ၌ ခြောက်ခြား တုန်ယင်သွားကြသည်။သူတို့က မျက်နာများ ဖြူဖျော့သွားကြပြီး အနောက်သို့ ခြေလှမ်းဆုတ်မိလိုက်ကြသည်။သူတို့၏ ပတ်ဝန်းကျင်မှ စွမ်းအင်လှိုင်းများ တလိပ်လိပ်တက်လာသည်ကို ခံစားလိုက်ရသည်။သူတို့၏ နှလုံးသားကို ကျောက်တုံးတစ်တုံးဖြင့် ဖိထားသကဲ့သို့ နစ်မြှုပ်မှုကို ခံစားနေရသည်။


ပုဖန်က အေးဆေးတည်ငြိမ်နေတုန်းပင် ဖြစ်သည်။တစ်နည်းအားဖြင့် ပြောရလျှင် ထိုစကားလုံးများကြောင့် သူ့၏ အမူအရာက အနည်းငယ်မျှပင် ပြောင်းလဲမှုမရှိချေ။


"ခင်ဗျားက ဒီကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို လိုချင်နေတာပေါ့ ပုဖန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။သူ့၏ အသံကလည်းတည်ငြိမ်ပြီး အေးဆေးလှသည်။သို့သော်လည်း ပတ်ဝန်းကျင်ရှိ လူများအားလုံးက သွမ့်လင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖိအားများကြောင့် တိတ်ဆိတ်ငြိမ်သက်နေလေရာ ပုဖန်၏ အသံက လေထုကို တုန်ခါသွားစေသည်။


သွမ့်လင်းက မျက်မှောင်ကြုတ်လိုက်သည်။သူ့၏ ခြေထောက်အောက်မှ ကျောက်တုံးက ကျယ်လောင်လှသောအသံနှင့်အတူ ကွဲကြွေသွားလေရာ လူတိုင်းက ကြက်သီးမွှေးညှင်းထသွားကြသည်။


"ဒီ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မင်းမထိန်းသိမ်းထားနိုင်ဘူး....အဲ့ဒီရှားပါးလှတဲ့ ရတနာပစ္စည်းက မင်းလိုလူရဲ့ လက်ထဲမှာ မရှိနေသင့်ဘူး ....အခု အဲ့ဒီပစ္စည်းကို လက်လွှဲပေးလိုက်ပြီး မင်ူအသက်လေးကို ထိန်းသိမ်းထားမလား ....ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ သေခြင်းတရားက မင်းရဲ့အဆုံးသတ်ပဲ ဖြစ်သွားလိမ့်မယ်....."


သွမ့်လင်း၏ အသံက ကြောက်စရာကောင်းလှသည်။အကယ်၍ ပုဖန်သာ ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို လုယူမသွားခဲ့လျှင် သူက တန်ခိုးရှင်အဆင့် အတားအဆီးများကို ချိုးဖောက်နိုင်ပြီး နတ်ဘုရားနယ်ပယ်ထဲသို့ပင် တက်လှမ်းနိုင်ပေပြီ။


"ခင်ဗျားလိုချင်နေတာက ဒီမီးတောက်လား......"


ပုဖန်က အေးစက်စွာ မေးလိုက်သည်။ထို့နောက် သူ့၏ နှုတ်ခမ်းပါးလေးကို ဖွင့်ဟလိုက်ပြီး ရွှေဝါရောင် မီးတောက်ကို မှုတ်ထုတ်လိုက်သည်။ထိုရွှေဝါရောင်မီးတောက်က သူ့၏ လက်ဖဝါးပေါ်၌ မျောလွင့်နေသည်။


"ဟမ်.....ပိုင်ရှင်ပုက မီးမှုတ်နိုင်တယ်...."


ဆိုင်အတွင်း၌ရှိနေကြသော သူများအားလုံးက အံ့အားသင့်သင့်ဖြင့် ပုဖန်ကို ကြည့်လိုက်ကြသည် ။


"ပိုင်ရှင်ပုက ဒီလို ထူးခြားတဲ့ နည်းစနစ်မျိုးကို ဘယ်မှာသွားပြီး သင်ကြားခဲ့တာလဲ....."


သူ့လက်ထဲမှ မီးတောက်လေးက ရွှေဝါရောင်တောက်ပလေလေ အားလုံး၏ မျက်လုံးများက ပို၍ ပြူးကျယ်လာလေလေပင် ဖြစ်သည်။


"ဒီမီးတောက်ကို ကြည့်ရတာက တကယ်ပဲတမူထူးခြားနေတယ်......"


ထိုမြင်းကွင်းကို မြင်လိုက်ရသော သွမ့်လင်း၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များက ဆူပွက်လာသည်။ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ကြည့်နေသော သူ့၏ မျက်ဝန်းများကလည်း စူးရှထက်မြက်လာသည် 


"ဟုတ်တယ် ....အဲ့ဒီမီးတောက်ပဲ......အဲ့ဒီကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်က ငါရဲ့ အိမ်မက်ပဲ......နေဦး..... ဒီကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ရဲ့ စွမ်းအင်တွေက ထူးဆန်းနေတယ်......အဲ့ဒီမီးတောက်က သန့်စင်ပြီးသားလား.....ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..... အဆင့် ၇ သူတော်စင်အဆင့်တစ်ယောက်လို အရှူံးသမားက ဒီကြမ်းတမ်းခြင်း တစ်သောင်းမီးတောက်ကို ဘယ်လိုလုပ်ပြီး သန့်စင်နိုင်မှာလဲ....."


သွမ့်လင်း၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များက မငြိမ်မသက်ဖြစ်နေပြီး သူ့၏ မျက်ဝန်းအကြည့်များက ပို၍ပင် စူးရှ တောက်ပလာသည်။သူ့၏ အမူအရာက အံ့သြနေရာမှ စိတ်အနှောင့်အယှက်ဖြစ်သည့် အမူအရာအဖြစ်သို့ ပြောင်းလဲသွားသည်။ထို့နောက် တဖြေးဖြေးဒေါသထွက်လာလေ၏။


ပုဖန်က သူ့လက်ဖဝါးပေါ်၌ ယိမ်းနွဲ့နေသော မီးတောက်လေးကို အသာအယာ လက်သီးဆုပ်၍ ငြင်သာစွာ ငြှိမ်းသက်လိုက်သည်။


"ဒီမီးတောက်လေးက ငါ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ပြီးသွားပြီ.....ကျုပ် ခင်ဗျား ကို မပေးနိုင်တော့ဘူး အခုထွက်သွားတော့...."


ပုဖန်က ထိုစကားကို ပြောပြီးသည်နှင့် သွမ့်လင်းကို ဂရုမစိုက်တော့ပေ။ သူက ချက်ချင်းပင် ချာခနဲ လှည့်ထွက်သွားလိုက်ပြီး နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲဆီသို့ လျှောက်သွားလိုက်သည်။ဟင်းပွဲက သိပ်သည်းလှသော အမွှေးရနံ့များနှင့် အပူငွေ့လေးများ ထုတ်လွင့်နေဆဲပင် ဖြစ်သည်။ဆွဲဆောင်မှုရှိလှသော မွှေးရနံ့က လူတိုင်း၏ နှလုံးသားကိုပင် စွဲဆုပ်ကိုင်ထားနိုင်ပေသည်။


ပုဖန်က ဖြူပြာရောင်ကြွေပန်ူကန်လုံး တစ်လုံးကို ယူလိုက်သည်။ထို့နောက် ကြွေအိုးထဲမှ ရွှေဝါရောင် ဖြော့ဖြော့သန်းနေသော စွပ်ပြုတ်ရည်ကို ဂရုတစိုက် ခပ်ယူလိုက်သည်။ထိုစွပ်ပြုတ်ရည်က မပျစ်မကျဲ အနေတော်ပင် ဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအင် ပမာဏ မြောက်များစွာ ပါဝင်နေသည်။


"ဒီစွပ်ပြုတ်ကို စစ်သူကြီးရှောင်မန်ကို ခွံ့လိုက် ....ဒီသက်စောင့်ဟင်းပွဲက နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲနဲ့ ပုံစံတူပဲ.....ဒီဟင်းပွဲက သူ့ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ကုန်စင်သွားဖို့ ကူညီပေးလိမ့်မယ်....."


ပုဖန်က စွပ်ပြုတ်အပြည့် ပန်းကန်လုံးကို ရှောင်ယန်ယု၏ လက်ထဲသို့ လွှဲပြောင်းပေးရင်း ပြောလိုက်သည်။


မှင်သက်နေဆဲ ပင်ဖြစ်သည့် ရှောင်ယန်ယု၏ တုံ့ပြန်မှုက နှေးကွေးနေခဲ့သည်။နောက်ဆုံးမှသာ သူမ ပြန်လည် သတိဝင်လာပြီး ပုဖန်၏ လက်ထဲမှ စွပ်ပြုတ်ပန်းကန်ကို လျှင်မြန်စွာ ယူလိုက်သည်။


သွမ့်လင်းက အခါများစွာခန့်ကဲ့သို့ပင် အေးဆေးတည်ငြိမ်နေသော ပုဖန်ကို ကြည့်လိုက်သည်။ထိုလူငယ်က ပေါက်ကွဲမှုများက သူနှင့် မသက်ဆိုင်သကဲ့သို့ပင် အေးဆေးတည်ငြိမ်စွာဖြင့် စွပ်ပြုတ်ကို ခပ်ယူနေခဲ့သည်။


သွမ့်လင်းက သူ့၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို စုစည်းလိုက်သည်။ထို့နောက် ရှုရဓားကို ဆွဲကိုင်မြှောက်လိုက်ပြီး ထက်မြေ့လှသော ဓားသွားဖြင့် ပုဖန်ရှိရာဆီသို့ ချိန်ရွယ်လိုက်သည်။


ထို့နောက် ခြေဖျားများဖြင့် မြေပြင်ကို ထောက်ကန်ကန်လိုက်ပြီး လေဟာနယ်ထဲ ခုတ်တက်လိုက်သည်။ထို့နောက် သူက ကျည်ဆံတစ်ခုကဲ့သို့ပင် ဆိုင်ထဲသို့ တိုက်ရိုက်တိုးဝင်သွားလေ၏။


ဝှစ်......


မီးဖိုချောင်ခန်းဘက်ဆီမှ ပုံရိပ်တစ်ရိပ် တဟုန်ထိုး ပြေးထွက်လာသည်။ထိုပုံရိပ်က ဆိုင်၏ အပေါက်ဝကို ပိတ်ကာရပ်လိုက်ပြီး သွမ့်လင်း၏ ပုံရိပ်ကိုတားဆီး တွန်းထုတ်လိုက်သည်။


သွမ့်လင်း၏ ခန္ဓာကိုယ်က လေထဲတွင် ပတ်ချာလည်သွားသည်။သူက ခန္ဓာကိုယ် ဟန်ချက်ညီအောင် ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် ထိုပုံရိပ်ကို ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားလေသည်။


ဝှိုက်တီ၏ စက်ရုပ်မျက်ဝန်းများက မီးခိုးဖြူရောင်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ရုတ်တရက် သူ့၏နောက်ကျောဘက်ဆီမှ တောင်ပံတစ်စုံ ဖြန့်ကားထွက်လာသည်။ဝှိုက်တီက လေထဲသို့ ပျံတက်လိုက်ပြီး သွမ့်လင်းနှင့် မျက်နှာချင်းဆိုင်လိုက်သည်။


ထိုဝဝဖိုင့်ဖိုင့် ရုပ်သေးရုပ်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သွမ့်လင်းက ဆိုးရွားလှသည့် အချိန်ကို ပြန်လည် အမှတ်ရသွားသည်။သူ့၏ ဒေါသများက ပို၍ပင် ပြင်းထန်လှပေသည်။


"မင်းက ဝိညာဉ်နှုတ် မှော်ဖန်လုံးကို စားသောက်လိုက်တဲ့သူ မှတ်လား.....အခုချက်ချင်း ပြန်ထွေးထုတ်စမ်း...."


သွမ့်လင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ဒေါသတရားကြောင့် သူ့၏ ခန္ဓာကိုယ်မှာပင် အရိုး ကျိုးသံကဲ့သို့ပင် အသံများ ထွက်ပေါ်လာသည်။ထို့နောက် သူ့၏ ဓားကို လွှဲခုတ်လိုက်ရာ လေထုကိုပင် ပိုင်းဖြတ်လုနီးပါးဖြစ်သွားသည်။


ဝှိုက်တီ၏ နောက်ကျောမှ ပြန့်ကားထားသော သံမဏိတောင်ပံများက သူ့၏ ရင်ဘတ်ကို အုတ်ကာလိုက်သည်။ထိုတောင်ပံများက ဒိုင်းကာသဖွယ် အသွင်ပြောင်းသွားပြီး ထိုးနှက်ချက်ကို ခုခံလိုက်၏။


ဘန်း.....


ဓားချက်ကျရောက်လာသည်နှင့် ဝှိုက်တီ၏ ခန္ဓာကိုယ်က အနောက်သို့ လွင့်ထွက်သွားသည်။ထို့နောက် သူက မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာပြုတ်ကျသွားလေ၏။မြေငလျင်တစ်ခုကဲ့သို့ပင် တုန်ခါသွားပြီး လမ်းခင်းကျောက်များက ပျက်စီးသွားသည်။ရှုရဓားက အမှန်တကယ်ကို အင်အားကြီးလှပေသည်။


သွမ့်လင်း၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များက အရှိန်အဟုန်ဖြင့် လျှင်မြန်စွာ စီးဆင်းနေပြီးသူ၏မျက်ဝန်းများကလည်း သွေးနီရောင် ရဲရဲနီနေသည်။ထိုဝိညာဉ်နှုတ်မှော်ဖန်လုံးကို ဆုံးရှုံးခံလိုက်ရခြင်းက သူ့၏ စွမ်းအင်တစ်ဝက် ကုန်ဆုံးသွားရခြင်းနှင့်ပင် တူညီသည်။


ထိုဝိညာဉ်နှုတ်မှော်ဖန်လုံးထဲမှ စိတ်ဝိညာဉ်အနှစ်သာရများကို သန့်စင်လှသော စိတ်ဝိညာဉ်စွမ်းအင်များ အဖြစ်သာ ပြောင်းနိုင်ခဲ့လျှင် တန်ခိုးရှင်အဆင့် အတားအဆီးများကို နစ်ဝက်ခန့် သူ ချိုးဖောက်သွားနိုင်ပေလိမ့်မည်။


စွမ်းအင်တစ်ဝက်မျှ ပါဝင်နေသော ဝိညာဉ်နှုတ်မှော်ဖန်လုံးကို သူ့၏ ရှေ့မှ ရုပ်တစ်ရုပ်က မျိုချသွားခဲ့ပေပြီ။ သူရှုံးနိမ့်ခဲ့ရသော ထိုအချင်းအရာကို ရှင်းရှင်းလင်းလင်းပင် မှတ်မိနေတုန်းဖြစ်သည်။


ကြီးမြတ်လှသော နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက် ဝိညာဉ်နှုတ်မှော်ဖန်လုံးကို သေးနုတ်လှသော သူတော်စင်အဆင့် အဆင့်၇ လေးက ယူဆောင်သွားပြီးအဆုံးသတ်၌ ထိုရုပ်သေးရုပ်က စားသုံးခဲ့သည်။ထိုအခိုက်အတန့်ကို သူ့မှတ်ဉာဏ်ထဲမှ ဘယ်တော့မှ ဖျောက်ဖျက်နိုင်တော့မည် မဟုတ်ပေ။


ဘန်း .....


လမ်းခင်းကျောက်ပြားများက ကွဲကြေသွားပြီး ကျောက်ခဲကျောက်စများကအဘက်ဘက်သို့ လွင့်စင်သွားသည်။ဝှိုက်တီက တောင်ပံတစ်စုံကို ဖြန့်ကား၍ ကောင်းကင်ယံထက်ဆီသို့ ပြန်လည်၍ တက်လာပြီးနောက် သူ့၏ တောင်ပံက ဓားပျံများအဖြစ် ပြောင်းလဲသွားသည်။ထိုမြောက်များလှစွာသော ဓားပျံများက သွမ့်လင်းဆီသို့ တိုးဝင်လာလေ၏။


သွမ့်လင်းက ကြောက်မက်ဖွယ်ကောင်းလှသောအင်အားများကို အသုံးပြုလိုက်သည်။ရှုရဓားကို လေထဲသို့ ပစ်လွှတ်လိုက်ပြီး ဓားပျံများကို ရိုက်ထုတ်လိုက်၏။ဝှိုက်တီက များပြားလှသောအင်အားများကို လက်သီး၌ စုစည်းလိုက်ပြီး သွမ့်လင်းဆီသို့ တဟုန်ထိုးတိုးဝင်သွားကာ ထိုးနှက်ချလိုက်သည်။သွမ့်လင်းက ထို ထိုးနှက်ချက်ကို ရှုရဓားဖြင့် ပိတ်ဆို့ကာကွယ်လိုက်သည်။


ဘုန်း....ဘုန်း.....


ဝှိုက်တီ၏ လက်သီးချက်များက မယုံနိုင်စရာလျှင်မြန်လှပြီးသွမ့်လင်း၏ ဓားကိုပင် ကျိုးကြေသွားမတက် ဖြစ်စေသည်။လေထဲ၌နှစ်ဖက်တွေ့ဆုံရာမှ ဆူညံလှသော အသံများ ထွက်ပေါ်လာပြီးမီးပွင့်မီးပွားလေးများက အဘက်ဘက်သို့ လွင့်စင်နေသည်။


ဘန်း.....


သွမ့်လင်းက ခြေကန်ချက်တစ်ချက်ဖြင့် ဝှိုက်တီ၏ ခန္ဓာကိုယ်ကို ထိထိမိမိကန်ထုတ်လိုက်ပြီး မြေပေါ်သို့ ပြုတ်ကျသွားစေသည်။ထို့နောက် သူ့လက်ထဲမှ ရှုရဓားကို မိုးပေါ်သို့ ပစ်လွှတ်လိုက်သည်။ထိုဓားက ဖြတ်ခနဲ လှုပ်ရှားသွားပြီး ကြီးမားလှသော ဓားအရိပ်ကြီးသို့ ပြောင်းလဲသွားသည်။ကြီးမားလှသော ရှုရဓားအရိပ်က မြေပြင်ပေါ် ပြုတ်ကျသွားသော ဝှိုက်တီဆီသို့ တဟုန်ထိုးကျဆင်းလာသည်။


ဘုန်း......


မြေပြင်ပေါ်၌ နက်ရှိုင်းလှသော ပျက်ရွေ့ကြောင်းရိပ် တစ်ခုကျန်နေခဲ့သည်။အင်ပါရီယာ မြို့သူမြို့သားများ၏ စိတ်ထဲ၌ တုန်လှုပ်ကြောက်ရွံ့မှုများကိုပင် ခံစားနေရသည်။ထိုကြောက်မက်ဖွယ် ကောင်းလှသော တိုက်ခိုက်မှုကြောင့် သူတို့က မျက်ရည်ကျဖို့ကိုပင် မဝံ့မရဲ ဖြစ်နေကြသည်။


ကျောက်တုံးကျောက်ခဲများ လွင့်စင်သွားပြီး ဝှိုက်တီ၏ ပုံရိပ်က အပျက်အစီးပုံများ ကြားထဲမှ တဖန် ပြန်လည် ထွက်ပေါ်လာသည်။ဝှိုက်တီ၏ ခန္ဓာကိုယ်၌ ဒဏ်ရာအချိုင့်ရာတစ်ခုရှိနေပြီး သူ့၏ ပုံစံက မသေမသပ် ဖြစ်နေသည်။ထို့အပြင် သူ့၏ ခန္ဓာကိုယ်မှလည်းမီးခိုးငွေ့ပါးပါး လိုလို ထွက်ပေါ်နေသည်။


သွမ့်လင်းက နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိရန် ခြေလှမ်းတစ်ဝက်မျှသာ လိုတော့သူ ဖြစ်ပြီးမည်သည့် တန်ခိုးရှင်အဆင့် စစ်သည်တော်မှ သူ့ကို အနိုင်မယူနိူင်ပေ။ဝှိုက်တီက ဝိညာဉ်နှုတ်မှော်ဖန်လုံးကို မျိုချခဲ့သော်လည်း သူက သွမ့်လင်း၏ ပြိုင်ဘက် မဟုတ်သေးပေ။


လူတစ်ဦးက နတ်ဘုရားနယ်ပယ်အဆင့်သို့ တက်လှမ်းသွားသည်နှင့် တစ်ပြိုင်နက် သူ့၏ စွမ်အင် အဆင့်များကလည်း မယုံနိုင်စရာ ထိုးတက်သွားပေလိမ့်မည်။


ဆိုင်ထဲ၌ ရှောင်ယန်ယုက နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ရည်ကို ရှောင်မန်ကို ဂရုတစိုက် တိုက်ကျွေးနေသည့် အချိန်၌ ပုဖန်က ဆိုင်တံခါးဝသို့ လျှောက်သွားလိုက်သည်။သူက ဝှိုက်တီ အရိုက်ခံနေရသည်ကို မျက်မှောင်ကြုတ်၍ ကြည့်နေ၏။


ဘုန်း......ဘုန်း......ဘန်း......


သွမ့်လင်း၏ တိုက်ခိုက်မှုကြောင့် ဝှိုက်တီက မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် ပြုတ်ကျသွားပြန်သည်။သွမ့်လင်း၏ တိုက်ခိုက်မှု စွမ်းရည်က သာမန် တန်ခိုးရှင်အဆင့်များထက် ကျော်လွန်နေကြောင်း ထင်ရှားလှပေသည်။


ဝှိုက်တီက သွမ့်လင်းကို တိုက်ခိုက်အနိုင်မယူနိုင်သော်လည်း သူ့၏ ထိုးနှက်ချက် အကြိမ်ရေများကို ခံနိုင်ရည်ရှိနေသောကြောင့် သူအံ့အားသင့်သွားမိသည်။


"ဒီရုပ်သေးရုပ်ကို ဘာနဲ့ လုပ်ထားတာလဲ....."


ထိုအရာက သတ်၍ မသေနိုင်သော ပိုးဟပ်တစ်ကောင်ဖြင့်ပင် တူနေသည်။မြေပေါ်ကို ပြုတ်ကျသွားသည့် အချိန်၌ပင် သူက ပြန်လည်၍ ထလာနိုင်ပေလိမ့်မည်။


အဆုံးသတ်ကြာရှည်လှသော တိုက်ခိုက်မှုက သွမ့်လင်းကို ပို၍ပင် ဒေါသထွက်စေသည်။သူ့၏ မျက်ဝန်းထဲ၌ အေးစိမ့်မှု တစ်ချက် ဖြတ်သွားသည်။

ထို့နောက် သူ့၏ စိတ်ထဲ၌ တစ်ချက်လှုပ်ခတ်သွားပြီးနောက် သွေးနီရောင် စွမ်းအင်များကို ရှုရဓားထဲသို့ ထည့်သွင်းလိုက်သည်။ပြင်းထန်လှသော စွမ်းအင်များက ဓားလှောင်အိမ် တစ်ခုပုံသဏ္ဍာန်ပေါ်လာသည်။


ထို့နောက် ထိုလှောင်ချိုင့်ဖြင့် ဝှိုက်တီကို ဖမ်းချုပ်လိုက်သည်။ဝှိုက်တီ၏ မျက်ဝန်းများက ငွေရောင်အလင်းတန်းများ လက်ဖြာသွားပြီး သူ့၏ တောင်ပံတစ်စုံကို ဖြန့်ကားလိုက်ကာ လှောင့်ချိုင့်ကို ဖျက်စီးရန် ကြိုးစားလိုက်သည်။


သွမ့်လင်းက သူ့၏ ပြိုင်ဘက်ကို လွယ်လွယ်ဖြင့် လွတ်မြောက်ခွင့်မပေးနိုင်ပေ။သူက ရှုရဓားကို ပစ်လွှတ်လိုက်ပြီး လှောင်အိမ်၏ အထက်၌ ရစ်ဝဲစေလိုက်ကာ ဝှိုက်တီကို အပြင်းအထန် ဖိနှိပ်ထားလိုက်သည်။


ဝှိုက်တီ မည်မျှပင်သန်မာေးကာမူ ရှုရဓား၏ ဖိနှိမ့်မှုကို အလွယ်တကူ ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပေ။သွမ့်လင်းက ဝှိုက်တီိကို ဖိနှိမ့်ပြီးသည်နှင့် တစ်ပြိုင်နက် သူ့၏ အကြည့်များကို ပုဖန်ဆီသို့ စေလွှတ်လိုက်သည်။သူ့၏ မျက်ဝန်းထဲ၌ ရူးသွပ်မှုများပြည့်နှက်နေလေသည်။


"မင်းရဲ့ သူတော်စင်အဆင့် ကျင့်စဉ်ကိုပေးစမ်း.....မင်းလို ကျင့်စဉ်အဆင့်လေးနဲ့ ဘယ်လိုလုပ်ပြီးကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို စားနိုင်မှာလဲ ....ဒါပေမယ့် မင်းက လုပ်နိုင်ခဲ့တယ်....အဲ့ဒီလိုဆိုမှတော့ မင်းကို ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်နဲ့ ခွဲထုတ်ပစ်ရမယ်....."


သွမ့်လင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ရုတ်တရက် လေထုထဲ၌ စွမ်းအင်လှိုင်းများ လှုပ်ခတ်သွားသည်။သွမ့်လင်း၏ ပုံရိပ်က ကောင်းကင်ယံထက်ဆီမှ ထိုးကျလာပြီး ဆိုင်ရှေ့၌ ရပ်နေသော ပုဖန်ရှေ့သို့ရောက်လာသည်။


ကောင်းကင်ယံထက်ဆီမှ ဗုံးတစ်လုံး ပြုတ်ကျလာသကဲ့သို့ ကျယ်လောင်စွာ ပေါက်ကွဲသံထွက်ပေါ်သွားသည်။အဝေး၌ ရပ်နေကြသော အဆင့်မြင့်အကြီးအကဲနှင့် ဝူမူတို့၏ စိတ်ထဲ၌ အေးစက်မှုကို ခံစားလိုက်ရပြီး သူတို့၏ မျက်ဝန်းများက စူးရှသွားကြသည်။


ပုဖန်က လက်နှစ်ဖက်ကို နောက်ပစ်၍ တည်ငြိမ်စွာ ရပ်နေသည်။သွမ့်လင်းကြောင့် ဖြစ်ပေါ်လာသော လေပြင်းများကြောင့် သူ့ဆံပင်ကို စည်းနှောင်ထားသော ကတ္တီပါကြိုးစက လွင့်ပါသွားသည်။သူ့၏ ဆံနွယ်များက လေတွင် တဖြတ်ဖြတ် လွင့်ခါနေလေ၏။


သို့သော်လည်း ပုဖန်က တုန်လှုပ်ခြောက်ခြားမှုမရှိပဲ သူ့၏ အမူအရာက အေးဆေးတည်ငြိမ်နေတုန်းပင် ဖြစ်သည်။သူက သွမ့်လင်းကို လေးစားစွာဖြင့် တစ်ချက်ကြည့်လိုက်သည်။


သွမ့်လင်း၏မျက်ဝန်းများထဲသို့ သေချာကြည့်လိုက်ပါက ရက်စက်ကြမ်းကြုတ်မှုနှင့် ရူးသွပ် မှုများ ပြည့်နှက်နေသည်ကို တွေ့ရပေလိမ့်မည်။


ထိုအချင်းအရာအားလုံးက သူ့ကို တန်ခိုးရှင်အဆင့်ကို ချိုးဖောက်တက်ရောက်နိုင်သော ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကျောက်ပင် ဖြစ်သည်။သွမ့်လင်း၏ စိတ်ထဲမှ ထိုမီးတောက်ကို အရူးအမူးပင် လိုချင်စိတ် ပြင်းပြနေသည်။


"သေခြင်းတရားက မင်းအပေါ်ပဲ မူတည်နေတယ်...."


သွမ့်လင်းက အော်ဟစ်ကျိမ်းမောင်းလိုက်သည်။


"ဘယ်သူက ငါခွေးဘုရင်ရဲ့ရှေ့မှာ ဒီလောက်တောင် သတ္တိလာကောင်းနေတာလဲ....."


ရုတ်တရက် နူးညံ့ညင်သာသော အမျိုးသားသံ တစ်သံ ထွက်ပေါ်လာပြီး သွမ့်လင်း၏ မျက်ဝန်းများက ပြူးကျယ် ဝိုင်းစက်သွားသည်။


"ခွေးလက်ဝါး .....ခွေးလက်ဝါး.....ဘာကြီးလဲ...."


သွမ့်လင်း၏ စိတ်ထဲ၌ တုန်လှုပ်သွားပြီး သူ့၏ အမူအရာကလည်း ပြောင်းလဲသွားသည်။သူက ထိုခွေးလက်ဖဝါးကို ရှောင်ရှားရန် ကြိုးစားလိုက်သည်။သို့သော်လည်း ထိုခဏ၌ပင် အံ့အားသင့်စရာ ကြီးကြီးမားမားကို ကြုံလိုက်ရသည်။


ထိုခွေးလက်ဖဝါးကို ရှောင်လို့မရသည်ကို သတိပြုမိလိုက်ပြီး သူ့၏ မျက်နာ အရောင်က ပြောင်းလဲသွားသည်။ထိုခွေးလက်ဖဝါးက သူ့ကို ချုပ်နှောင်ဟန့်တားထားပြီး ချက်ချင်းပင်အနောက်သို့ လွင့်ထွက်သွားအောင် ရိုက်ထုတ်လိုက်သည်။


ထို့နောက် မီးကျည်တစ်ခုကဲ့သို့ပင် နောက်ထပ် လက်ဝါးတစ်ချက် ကျရောက်လာသည်။


ဖြောင်း......


သွမ့်လင်း၏ ခန္ဓာကိုယ်က ဒုံးကျည်တစ်ခုကဲ့သို့ပင် လွင့်စင်သွားပြီး အင်ပါရီယာမြို့တော်၏ မြို့ရိုးတံတိုင်းထဲသို့ နစ်ကျွံ့သွားသည်။ထိုနေရာ၌ ဖုန်လုံးများပင် တလူလူ လွင့်တက်လာလေသည်။


ကျယ်လောင်လှသော အသံနှင့်အတူ မြို့တံတိုင်းက ပြိုလဲသွားသည်။သို့သော်လည်း ကြည့်ရသည်မှာ ထိုအသံက အင်ပါရီယာ မြို့တော်နှင့် မြို့သူမြို့သားများအတွက် လုံခြုံသွားသည့် အသံလိုပင် ဖြစ်နေသည်။


"ဒီအဆင့်မြင့်လှပြီး လွှမ်းမိုးနိုင်တဲ့ နတ်ဘုရားတစ်ပါးလို ပြုမူနေတဲ့လူက ဘယ်လိုဖြစ်ပြီး ရာဘာဘောလုံးတစ်လုံးလို ရိုက်ထုတ်ခံလိုက်ရတာလဲ....ဘာတြွေဖစ်သွားတာလဲ......"


တံခါးဝတွင်ရပ်နေသော ပုဖန်က သက်ပြင်းအသာချလိုက်သည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး ဘလက်ကီကို ချီးချူးလိုက်၏။


"ဘလက်ကီက ကောင်းကောင်းလုပ်ခဲ့တာပဲ...."


ဆိုင်တံခါးဝရှေ့၌ ပြန်လည်လဲလျောင်းရင်း ချစ်စဖွယ်ကောင်းလှသော ခွေးလက်ဖဝါးလေးများကို လျက်နေသည့် ဘလက်ကီက ပုဖန်ကို မျက်လုံး လှန်ကြည့်လိုက်သည်။