အခန်း ၃၇၄
"နတ်မင်းစွေ့စွေ့ခုန်က သက်စောင့်ဆေးထက် ပိုစွမ်းသလား"
လေအလင်းမြို့တော်၏ အပြင်ဘက်တစ်နေရာတွင်... ပုံရိပ်တစ်ခု ဖြေးညှင်းစွာပေါ်ထွက်လာလေ၏။ထိုပုံရိပ်က တောင့်တင်းထွားကြိုင်းသော ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး သူ့၏ ရှုပ်ပွလှသော ဆံပင်များက တလွင့်လွင့်ဖြစ်နေသည်။
မီးခိုးရောင် ဆံပင်နှင့် ထိုလူကြီးထံတွင် အထင်ကြီးလောက်စရာ စွမ်းအင်ကိုပိုင်ဆိုင်ထားပြီး သူ၏ခြေလှမ်းတိုင်း၏နဘေးရှိ သစ်ပင်များသည် လေးပြင်းတိုက်၍ ယိမ်းယိုင်ကာနေချေသည်။သူက လေပြင်းမုန်တိုင်းတစ်ခုကို ယူဆောင်လာသကဲ့သို့ပင်ဖြစ်နေသည်။
ထိုလူကြီးသည် စစ်သည်တစ်ယောက်ဖြစ်ပြီး လက်ထဲ၌ အသားကင်ခြေထောက်တစ်ချောင်းကိုလည်းကိုင်ထားသေးသည်။
မည်းနက်နေအောင် ကင်ထားသောကြောင့် မည့်သည့်စိတ်၀ညာဉ်သားရဲ၏ ခြေချောင်းဖြစ်မှန်းကို တပ်အပ်မပြောနိုင်ပေ။
စိတ်ဝိညာဉ်သားရဲ့၏ အစိတ်အပိုင်းဟုပင် မသတ်မှတ်နိုင်တော့ဘဲ မီးသွေးတစ်ခုဟုပင် ခေါ်ဆိုနိုင်လေတော့၏။
"ဖွီး.......ဒါကြီးကို ဘယ်လိုဆက် အရသာခံစားရမှာလဲ......"
သွမ့်ယွင်ကကိုင်ထားသော အသားကင်ကို ကိုက်လိုက်ပြီးနောက်.. အရသာဆိုးလှသဖြင့် ရှုံ့မဲ့သွားလေ၏။
အသားကင်အရသာက တူးကာခါးလွန်းသဖြင့် ပြာကိုဝါးရသလိုပင် ဖြစ်နေလေ၏။
အရသာမှာ ခါးလွန်းသဖြင့် မျက်ရည်ကျမတတ်ပင် ဖြစ်မိလေသည်။
သူ ဆက်လက်သည်းမခံနိုင်တော့ဘဲ ချက်ချင်းထွေးထုတ်လိုက်သည်။
"ငါက ငရဲမီးတောက်ကို အသုံးပြုပြီးကင်တာတောင်မှ ဘာလို့ အရသာမရှိဘဲ ဆိုးရွားနေရတာလဲ......"
မီးသွေးကဲ့သို့ မည်းနက်နေသည် အသားကင်ကို လွှဲပစ်လိုက်ရာ အသားကင်၏ စိတ်ပျက်စရာ အနံ့က သူ့အနားမှ ဖြတ်သွားသေးသည်။
သူ တောင်စဉ်တစ်ထောင် တောင်တန်းမှ လေအလင်းအင်ပါယာဆီသို့ ပြန်လာခြင်းဖြစ်သည်။သူ၏ အဆင့်ရှစ် စစ်နတ်ဘုရား စွမ်းအင်ဖြင့် တခဏတည်း ရောက်နိုင်ပါသောလည်း သူက အလျှင်မလိုပါသောကြောင့် ဖြေးဖြေးနဲ့ မှန်မှန်သာ လာခဲ့ခြင်းဖြစ်သည်။
တောင်စဉ်တစ်ထောင်တောင်တန်းမှပြန်လာရာလမ်းခရီး၌ စိတ်ဝိညာဉ်သားရဲတစ်ကောင်ဖြင့် စုံတွေ့ခဲ့သည်။
သူက ထိုသားရဲကို သတ်ခဲ့လိုက်သည်။ထို့နောက် သူ၏ငရဲမီးတောက်ကို အတင်းလုကာ အသားကင်ခဲ့သည့် ပုဖန်ကို ပြန်သတိရမိသည်။
ရွှေရောင်၀င်းပကာ ကြွပ်ကြွပ်ရွရွနှင့် အဆီးတ၀င်း၀င်းဖြစ်ကာ မွှေးကြိုင်သင်းပျံ့လှသော အသားကင်ကို အမှတ်ရမိသည်။
ပုဖန်ကဲ့သို့ အဆင့်ခုနှစ် သူတော်စင် အဆင့်သာရှိသည့်လူပင်.. ငရဲမီးတောက်ကို အသုံးပြု၍ သူမတူသော အစားအသောက်ကောင်းကို ဖန်တီးနိုင်ခဲ့လျှင်... သူကဲ့သို့ ငရဲမီး၏ပိုင်ရှင်က မလုပ်နိုင်စရာအကြောင်းမရှိပေ။
အလွန်အမင်းဆာလောင်မှုကြောင့် သူစမ်းကြည့်လိုက်သည်။ထို့နောက် စတင်ကာ မပြတ် မီးကင်လိုက်လေသည်။
တစ်ကယ်တမ်း ငရဲမီးက ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်လောက် တန်ခိုးမရှိသောလည်း သူ၏ အစွမ်းကလည်းမလျော့ပေ။
သူက အသားကင်ရာတွင် ငရဲမီးတောက်ကို အများအပြားအသုံးပြုလိုက်သည်။
အတွေ့အကြုံမရှိသေးသောကြောင့် အသား အကုန်ကင်ပြီးချိန်တွင်.... သူ၏အသားကင်က ၀က်စာ သာသာ သာဖြစ်သွားလေတော့၏။
ပုဖန်၏ အသားကင်ကိုမြည်းစမ်းခဲ့ပြီးနောက်... သူ၏အသားကင်ကိုမြည်းစမ်းသည့်အချိန်တွင် မြေကြီးနှင့်ခေါင်းဆောင့်ချင်စိတ်ပင်ဖြစ်ပေါ်မိလေသည်။
သူ၏အသားကင်ကို လွှင့်ပစ်လိုက်ပြီးနောက် သူတွင် ဟင်းချက်နိုင်သည့် ပါရမီမပါ၀င်ကြောင်း ကိုသိရှိနားလည်လိုက်သည်။
သူ နောက်တစ်ကြိမ် ငရဲမီးတောက်ဖြင့် အသားကင်မည်မဟုတ်တော့ပေ။
"အင်း.....ငါတော့မြို့တော်ကိုရောက်ဖို့ နောက်ကျပြီထင်ပါရဲ့...."
သွမ့်ယွင်.. လေအလင်းမြို့တော်၏ အိမ်ခေါင်မိုးအပိုင်းအစများကို လှမ်းမြင်လိုက်ရသည်။ အက်ကြောင်းများနှင့် အဆောက်အဦး အပျက်အဆီးများကိုလည်းမြင်ရလေသည်။
ထို့အပြင် မြို့အလယ်၌ တွင်းပေါက်ကြီးကိုပါမြင်ရသေး၏။
ဤသည်မှာ သွမ့်ယွင်နောက်ကျကြောင်း သက်သေပင်ဖြစ်လေ၏။ တိုက်ပွဲများပြီးဆုံးခဲ့လေပြီ။
"တန်ခိုးရှင်တွေ ဒီလောက်စုဝေးနေတဲ့နေရာမှာ တိုက်ပွဲ ကြီးကြီးမားမားတော့ဖြစ်ခဲ့ပြီထင်တယ်.......မဟာဂိုဏ်းရဲ့ ဂိုဏ်တော်သားတွေတောင် ပါလောက်မယ်....."
သွမ့်ယွင်က သူမေးစေ့ကိုပွတ်လိုက်တာ စဉ်းစားမိသည်။
ပုဖန်အတွက်မူ ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို သိုလှောင်မျိုချနိုင်သည့် အစွမ်းရှိကတည်းက သူ့ကိုဗုံးကြဲပါကလည်း ခံနိုင်ရည်ရှိမည့်သဘောပင်ဖြစ်၍ သိပ်မစိုးရိမ်ပေ။
ဘုရင်ခံယု၏ တပ်သားများက မြို့တော်ကို ပြင်ဆင်မွန်းမံနေသောကြောင့် အလုပ်ရှုပ်လျက်ရှိနေ၏။
သွမ့်ယွင်က ထိုကိစ္စကို တစ်ချက်မျှသာကြည့်ပြီးလေအလင်းမြို့တော်ဆီသို့ ဆက်လက် လျှောက်လှမ်းလေ၏။
...............
သူ၏မျက်လုံးမှ စွမ်းအင်များသည် တစ်ဖျတ်ဖျတ်တောက်ပလျက်ရှိနေသည်။စိတ်ဝိညာဉ်များသည်လည်း ဖြာထွက်ပျံ့နှံ့နေသည်။
ဆိုင်ငယ်လေးအတွင်း၌ စိတ်ဝိညာဉ်မုန်တိုင်းငယ်လေးတခု စတင်နေလေသည်။
နောက်... မုန်တိုင်းတစ်ခုဖြစ်လာသည့်တိုင်အောင် ဆိုင်ငယ်လေးအတွင်းရှိပစ္စည်းများက ပျက်ဆီးခြင်းမရှိပေ။
ရှောင်ယန်ယု၏လှပသော မျက်လုံးအစုံတို့သည် စိတ်လှုပ်ရှားမှု့တို့ဖြင့်တောက်ပနေသည်။
ကံဆိုးမိုးမှောင်မှုတွေကို ချေဖျက်ဖုံးလွှမ်းမယ့် ကံကောင်းခြင်းမျိုးလား...
သူ၏ဖခင် နောက်တစ်ဆင့်ကိုဖောက်ထွက် ကျော်လွန်နိုင်ပေတော့မည်။
လေအလင်းအင်ပါယာမြို့၏ ပထမဆုံးသော အဆင့်ရှစ် စစ်နတ်ဘုရားဖြစ်ပေတော့မည်။
"ဟား..........ဟား..........ဟား..........ငါ့မိတ်ဆွေကြီး မင်းက ဒီအဆင့်ကို မတော်တဆ ကံကောင်းပြီးရခဲ့တာပါ......တစ်ကယ်တော့မင်းက မြို့အုပ်ချုပ်သူအဆင့်ဘဲရှိတယ်......"
"နတ်မင်းစွေ့စွေ့ခုန်ဟင်းမှာပါတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက အဆင့်မြင့်စိတ်ဝိညာဉ်သားရဲအသားနဲ့လုပ်ထားလို့ စိတ်ဝိညာဉ်စွမ်းအင်အဆီအနှစ်တွေပြည့်ဝနေတာ......"
" အဲ့အပြင် ကောင်းမွန်လွန်းတဲ့ဟင်းချက်နည်းပညာကြောင့် စိတ်ဝိညာဉ်အစွမ်းက ပိုပြည့်၀သွားလို့သာ မင်က ဒီလိုအဆင့်တက်ဖို့ အခွင့်အရေးရခဲ့တာ.......ဒါအံ့ေဩာစရာမဟုတ်ပါဘူး........"
ပုဖန်က ရှောင်မန်ကိုကြည့်ကာ စိတ်လျော့လိုက်ပြီး စွမ်းအင်များပိုမိုပြင်းထန်ကောင်းမွန်ရန်သာ လုပ်တော့သည်။
သူ၏အမြင်အရ ရှောင်မန်၏စွမ်းရည်သည် အဆင့်မြင့်မှ သာမန်အခြေအနေရောက်ရင် မလွယ်ကူတော့ပေ။
သူပိုင်ဆိုင်ထားသည် စွမ်းရည်သည် တခြားသောသာမန်အဆင့်ရှစ်စစ်နတ်ဘုရားအဆင့်ထက် သာလွန်နေ၏။
ကြာမြင့်စွာ အော်ဟစ်ပြီးနောက် သူ့ ပါးစပ်မှ စွမ်းအင်လှိုင်းများက ကောင်းကင်ထက်သို့ပျံ့နှံ့သွားလေသည်။စွမ်းအင်လှိုင်းများက ပြင်းထန်သော စလိုက်မီးများထိုးထားသကဲ့သို့ အလင်းတန်းများဖြစ်ပေါ်နေလေသည်။
သူ၏စွမ်းအင်များသည်လည်း စတင်တည်ငြိမ်လာသည်။
ဖြူဖျော့နေသော ရှောင်မန်၏မျက်နှာက သွေးနီရောင်လွှမ်းကာ ကျန်းမာသည့်ပုံပေါ်လာသည်။အဆိပ်သင့်ခဲ့သော သူ၏ခန္ဓာကိုယ်သည်လည်း ယခုအခု စွမ်းအင်များ တဖန်ပြန်လည် ပြည့်ဖိုးလာလေတော့၏။
သူက နလံထခါစသာ ရှိသေးသော်လည်း မကြာခင်တွင် ယခင်ကထက်ပိုမိုအားပြင်းသော စွမ်းအင်ကို ပိုင်ဆိုင်တော့မည်ဖြစ်သည်။
မည်းနက်သော အလုံးကြီးတစ်လုံး ရှောင်မန်၏ပါးစပ်ထဲမှ ထွက်ပော်လာသည်။နောက်ဆုံး...အဆိပ်များအားလုံး ခန္ဓာကိုယ်ထဲမှ ထွက်သွားပြီဖြစ်သည်။
ရှောင်ယန်ယုနှင့် ရှောင်ရှောင်လုံတို့သည် နှစ်ယောက်စလုံး ပျော်မြူးနေကြသည်။
ရှောင်ယန်ယုက ပျော်ရွှင်မှုကို သိက္ခာလေးနဲ့ထိန်းထားပါသော်လည်း ရှောင်ရှောင်လုံကမူ လက်သီးလက်မေါင်းတန်းကါပင် အော်ဟစ်မြူးတူးလိုက်၏။
"ကျေးဇူးပါ ပိုင်ရှင်ပုရယ်..........မင်းက ငါ့အသက်ကိုကယ်လိုက်တာဘဲ......"
ရှောင်မန်က ပျော်ရွှင်လွန်းသဖြင့် ပုဖန်ကို ကျေးဇူးစကားဆိုလိုက်သည်။
ပုဖန်အပေါ်၌ အသက်ကြွေးတင်လိုက်ပြီဖြစ်သည်။ကျေးဇူးအကြွေးသည် တောင်တစ်လုံးစာလောက်ဟုပင် သူက သတ်မှတ်လိုက်သည်။
သူ့၏အသက်အတွက် သလင်းကျောက်တစ်သောင်းသည် ဘာမှမပြောပါ့လောက်သော ပမာဏသာဖြစ်ချေသည်။
ရှောက်ယန်ယုကိုလည်း ပုဖန်က ကယ်ဆယ်ခဲ့သလို ဂျိရုအာကိုလည်း ပုဖန်က ကယ်ဆယ်ခဲ့လေသည်။ထို့အတူနောက်ဆုံးတွင်မူ သူ့အသက်ကိုပင် ကယ်ဆယ်လိုက်လေသည်။
အဆင့်မြင့်အကြီးအကဲက ရှောင်မန်၏ မျက်နှာကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏စွမ်းအင်အဆင့်သည် အရင်ကထက်ထူးခြားပြည့်စုံလာကြောင်း သတိပြုမိလိုက်သည်။
သို့သော် သူစိတ်ထဲတွင် ပဟေဠိဖြစ်မိသည်။သိပ်မကြာခင်ကာလ၌ ရူရဂိုဏ်း၏ အဆိပ်မိပြီး အင်အားနည်းပါးကာ သေမလိုဖြစ်ခဲ့သည်။
အဆိပ်၏ပြင်းထန်မှုကြောင့် အရိုးပေါ်အရေတင်ရုံမျှသာ ဖြစ်နေသည်။
ပုဖန်၏နတ်ဆေးတမျှ အစွမ်းထက်သော နတ်မင်းစွေ့စွေ့ခုန်ဟင်းကို မှီဝဲပြီးနောက် သူ၏ အဆင့် မြင့်သွားလေသည်။သူက သာမာန် အဆင့်ရှစ်စစ်နတ်ဘုရားပင် မဟုတ်ဘဲ အဆင့်မြင့်စစ်နတ်ဘုရားဖြစ်သွားသည်။
"ဒါက သိပ်ကိုမှ ထူးခြားတာဘဲ....."
အဆင့်မြင့်အကြီးအကဲက မယုံကြည်နိုင်လောက်အောင်ပင်ဖြစ်နေမိသည်။တိမ်ဖြူစံအိမ်၏ အရှင်သခင်ဖြစ်သော ဝူမူက ရှောင်မန်ကို မျက်မှောင်ကြုံက လေ့လာနေသည်။
သူတို့နှစ်ယောက်စလုံးက မြင့်မားသော စွမ်းရည်အဆင့်ရှိသူများဖြစ်ကြသူများဖြစ်၍ ဤဖြစ်စဉ်သည် သာမာန်ကိစ္စရပ်မဟုတ်မှန်း နားလည်ကြသည်။
အဆင့်မြင့်အကြီးအကဲက ပုဖန်ကိုတစ်ချက်ကြည့်လိုက်ရင်း...
"ဟာ......"
ရှောင်မန်က ပုဖန်၏ သူမတူထူးခြားလှသော စွမ်းအင်နှင့် မွေးပျံ့ပြည့်စုံလှသော နတ်သုဒ္ဒါ ကို သုံးဆောင်ပြီးနောက် အင်အားများပြန်လည်ပြည့်ဖြိုးသွားခဲ့သည်။
ဤဟင်းပွဲသည် အစစ်အမှန်စွမ်းအင်တို့၏ အဆီအနှစ်များ ဧကန်မုချပါ၀င်နေပေလိမ့်မည်။
သေချာသည်မှာ ရိုးရိုးသာမန်ဟင်းပွဲမဟုတ်ဘဲ သက်စောင့်ဆေးထက်ပင် ပိုမိုအစွမ်းထက်သော အရာပင်ဖြစ်ရပေမည်။
အဆင့်မြင့်အကြီးအကဲသည် ဟင်းပွဲ၏ ဆွဲဆောင်ဖြားယောင်းခြင်းကို ခံလိုက်ရပေ၏။
"ပိုင်ရှင်ပု .......ရှောင်မန်သောက်ခဲ့တဲ့ဟင်းပွဲကို နောက်တစ်ပွဲ ထပ်လုပ်လို့ရသေးလား........"
အဆင့်မြင့်အကြီးအကဲက ညှင်သာစွာပြုံးရင်း လှမ်းမေးလိုက်သည်။
ပုဖန်က ခေါင်းလေးငြိမ့်ကာ ပြန်ဖြေရင်း"ရှိတာပေါ့ဗျာ.......တစ်ပွဲကို သလင်းကျောက်တုံး တစ်သောင်းပါခင်ဗျ......."
အဆင့်မြင့်အကြီးအကဲက လျှာထွက်မတတ် အလွန်အံ့အားသင့်သွား၏။
ဒီလောက်တောင်ဘဲ ဈေးကြီးလှချည်လားဟု တွေးမိသည့်တိုင်အောင် သောက်ချင်စိတ်ကို မဖျောက်နိုင်ပေ။
သူ၏စွမ်းအင်အဆင့်အရ သလင်းကျောက်တုံးအရေအတွက်ကိုမဖြုံပေ။သို့သော် သူက မှော်အစီအရင် တန်ခိုးရှင်ဖြစ်နေသောကြောင့် သာမန်ထက်ပင် သလင်းကျောက်တုံးများကိုလိုအပ်လေ၏။
"ပိုင်ရှင်ပု.....ငါ ငါလည်းတစ်ပွဲမှာမယ်ကွာ......"
နီယန်က ရုတ်တရက် နောက်သို့ပင်ဆုတ်မိသွားသည်။ သွားရည်များသည်လည်း ချယ်ရီရောင်နှတ်ခမ်းသား နဘေးမှ စိမ့်ထွက်လာလေသည်။
"ကျွန်မကိုလည်း တစ်ခွက်စာလောက်ပေးပါ......အဆင့်မြင့်အကြီးအကဲက ကျွန်မအတွက် ရှင်းပါလိမ့်မယ်........"
နီယန်က နှုတ်ခမ်းကိုသပ်လိုက်ရင်း အဆင့်မြင့်အကြီးအကဲဆီမှ ပိုက်ဆံကို အတင်းတောင်းလေတော့သည်။
"အဆင့်မြင့်အကြီးအကဲက သိပ်ကိုပိုက်ဆံရှိတဲ့လူဘဲ.....သူကိုဒီတစ်ခါ၀ယ်ကြွေးခိုင်းတာလောက်တော့ အဆင်ပြေလက်ခံလောက်မှာပါ...."
နီယန်က သူ့ဘာသာတွေးရင်း ပြုံးလိုက်မိသည်။
အဆင့်မြင့်အကြီးအကဲကလဲ ဟန်လုပ်၍ပြုံးလိုက်ရ၏။
ပုဖန်က ချက်ခြင်းပင် မီးဖိုချောင်ဆီသို့သွားကာ အငွေ့တစ်ထောင်းထောင်းထလျက်ရှိသော ဟင်းရည်များကို အဖြူနှင့်အပြာရောင် ရောစပ်ထားသော ကြွေခွက်ထဲသို့ထည့်ကာအဆင့်မြင့်အကြီးအကဲအတွက် ပြင်ပေးလိုက်သည်။
ဟင်းရည်က ရွှေရောင်သမ်း၍ အငွေ့များထွက်နေ၏။အဆီလေးများပင်ဝေ့သမ်းမနေဘဲ ဖြစ်နေသည်။
သူကဲ့သို့ လူ့လောကတွင် ရှည်ကြာစွာနေခဲ့ပြီး အတွေ့အကြုံပေါင်းများစွာ ရရှိခဲ့သည့်သူကိုယ်တိုင်ပင် ဟင်းပွဲ၏ ဆွဲဆောင်ခြင်းကိုမလွန်ဆန်နိုင်ပေ။
အဆင့်မြင့်အကြီးအကဲက ကြွေပန်ကန်းလုံးကို ပါးစပ်နားတိုးကာ အပူလျော့စေရန် တဖူးဖူး မှုတ်လိုက်သည်။ခဏအကြာတွင် တစ်ဇွန်းခပ်ယူကာ မြည်းစမ်းလိုက်သည်။
မွှေးကြိုင်သော သင်းရနံ့နင့်အတူသူမတူသော အရသာရှိသည့် ပူပူနွေးနွေးဟင်းရည်သည် လျှာရင်းမှတစ်ဆင့်လည်ချောင်းတစ်လျောက်စီး၀င်ကာ အစာအိမ်အထိရောက်သွားသည်အထိ ခံစားမိသည်။ထို့နောက် တစ်ကိုယ်လုံးနေရာမလပ်သို့ အရသာများပြန့်နှံ့စီး၀င်သွားသည်။
သူ၏တစ်ကိုယ်လုံး မြောက်တက်လွင့်မျောသွားသလိုခံစားရပြီး တစ်ကိုယ်လုံးလည်း လျှပ်စစ်လိုက်သလို စစ်ခနဲဖြစ်သွား၏။
သူ့မျက်လုံးများ ပြူကျယ်ဝိုင်းစက်လာပြီး အရောင်များတောက်ပလာသည်။
သူ စကားလုံးတစ်လုံးထဲကိုသာ တွေးတောနေမိလေသည်။
"အံ့ေဩာဆန်းကြယ်လိုက်တာ....."
ပုဖန်ကို တဖြည်းဖြည်း ထူးခြားသော ကောင်လေးတစ်ယောက်ဖြစ်မှန်း သတိထားမိလာသည်။
အဘယ်ကြောင့်ဆိုသော သူ၏ဟင်းကိုသုံးဆောင်ပြီးနောက်ပိုင်းတွင် သူ၏ကိုယ်တွင်း၌စိတ်ဝိညာဉ်စွမ်းအင်များ ပိုမိုရရှိ အားကောင်းလာကြောင်းကို ခံစားမိသောကြောင့်ဖြစ်သည်။
သွမ့်လင်းနှင့် တိုက်ခိုက်ပြီးရရှိခဲ့သော အတွင်းဒါဏ်ရာများသည်လည်း တဖြည်းဖြည်း သက်သာလျော့ပါးလာတော့သည်။
ဒီဟင်းပွဲက သက်စောင့်ဆေးထက်ကိုပို စွမ်းနေတာလား....