အပိုင်း ၃၈၀
Viewers 53k

အခန်း ၃၈၀

ယုဖူက အချက်အပြုတ်ပညာတွေ ထပ်သင်ယူနိုင်မှာ မဟုတ်တော့ဘူး...


ဆိုင်တံခါး ဖွင့်လိုက်သည်နှင့် နွေးထွေးလှသော နေရောင်ခြည်က ပုဖန်၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာသည်။ဆိုင်အပေါက်ဝတွင် လဲလျောင်းနေသော ဘလက်ကီက မျက်လုံးများကို စုံမှိတ်အနားယူနေဆဲဖြစ်သည်။သူက ဆိုင်ပေါက်ဝတွင်ရပ်နေသော ပုဖန်ကို နည်းနည်းလေးမှ ဂရုမစိုက်ချေ။


ပုဖန်က အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။သူ အကြောအချဉ်ဆန့်လိုက်ပြီးနောက် ဆိုင်ထဲမှ ထွက်လာကာ ဘလက်ကီရှိရာဆီသို့ လှမ်းလိုက်သည်။ပုဖန်၏ လက်က ဘလက်ကီ၏ ခေါင်းကို ပွတ်သပ်လိုက်သည့်အချိန်မှသာလျှင် ဘလက်ကီက မျက်လုံး ဖွင့်ကြည့်လိုက်သည်။ဘလက်ကီက ပုဖန်ကို သတိပေးသယောင် အကြည့်စူးစူးဖြင့် ကြည့်လိုက်သည်။


"မင်းက ဘယ်လိုနံရိုးချိုချဉ်ကြော်မျိုးကိုမှ မယူလာဘူးဆိုရင် ဒီခွေးဘုရင်ကို လာနှောင့်မယှက်နဲ့....."


"ထပြီးတော့ သွားဖို့အတွက် ပြင်ဆင်တော့.....မကြာခင်မှာပဲ ငါတို့ မစ်ရှင်လုပ်ဖို့အတွက် သွားရတော့မယ်....."


ပုဖန်က ဘလက်ကီ၏ မကျေမနပ်အကြည့်ကို လုံးဝ လျစ်လျူရှုထားလိုက်သည်။သူ အမွှေးပွများကို ဆက်လက်၍ ပွတ်သပ်ပေးနေပြီး ခရီးထွက်ဖို့ ပြင်ဆင်ရန် ပြောလိုက်သည်။


ပုဖန်၏ စကားကို ကြားမှ သာလျှင် ဘလက်ကီက သတိရသွားသည်။


"မစ်ရှင်စတော့မှာလား....."


ပုဖန်က ဆိုင်၏ ကိစ္စအဝဝကို ရှောင်ရှောင်လုံထံသို့ အပ်နှင်းထားပြီ ဖြစ်သည်။သူ ခရီးခဏခဏထွက်နေသောကြောင့် ရှောင်ရှောင်လုံက ဆိုင်၏ ကိစ္စများနှင့် ရင်းနှီးကျွမ်းဝင်နေပေပြီ။ထို့ကြောင့် သူ ဆိုင်နှင့်ပတ်သတ်သည်ကို လုံးဝ စိတ်ပူစရာ မလိုအပ်ပေ။


ပုဖန်က မတ်တပ်ထရပ်လိုက်ပြီးနောက် အသာလေး ခေါင်းမော့ကြည့်လိုက်သည်။လေဟာနယ်ထဲ၌ အဖြူရောင်အစက်အပျောက်လေးများစတင်၍ ဖြစ်ပေါ်လာလေသည်။ထိုအစက်အပျောက်လေးများက တဖြေးဖြေးများပြားလာပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်း မှော်အစီအရင် စတင်ဖြစ်ပေါ်လာသည်။


"ပိုင်ရှင် အဆင်သင့် ပြင်ထားပါ....မကြာခင်မှာပင် ပုံရိပ်ယောင် စိတ်ဝိညာဉ်နွံမြေသို့ ျတည်နေရာ ရွှေ့ပြောင်းခြင်း အသက်ဝင်ပါတော့မည်......"


စနစ်၏ စိတ်အားထက်သန်မှုရှိလှသော အသံက သူ့၏ စ်ိတ်ထဲတွင် ရုတ်တရက်ထွက်ပေါ်လာသောကြောင့် သူနှလုံးတုန်သွားမိသည်။ဘလက်ကီက ခေါင်းမော့၍ ပုဖန်၏ ခေါင်းထက်၌ ဖြစ်ပေါ်နေသော မှော်အစီအရင်ကို ကြည့်လိုက်သည်။


သူ့၏ မျက်ဝန်းထဲ၌လည်း အံ့အားသင့်သည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။


"ဒါက ဝေးကွာတဲ့ နေရာတွေကိုတောင် ပို့ဆောင်ပေးနိုင်တဲ့ တည်နေရာ ရွှေ့ပြောင်း မှော်အစီအရင်လား......ဒီလိုခရီးအတိုလေးအတွက်ကို အစီအရင်သုံးတာက အရမ်း ဖြုန်းတီးလွန်းတယ်...."


ဘလက်ကီက တီးတိုးရေရွတ်လိုက်သည်။မကြာခင်မှာပင် မှော်အစီအရင်ဆီမှ ပြင်းထန်လှသော လေလှိုင်းများ စတင်တိုက်ခိုက်လာလေသည်။ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ သန်မာလှသော ပြင်းထန်လှသော လေပြင်းများက ပုဖန် တစ်ကိုယ်လုံးကို ရစ်ပတ်သွားလေသည်။


ရွှတ်....ရွှတ်......ရွှတ်.....


"တည်နေရာ ရွှေ့ပြောင်းမှော်အစီအရင်က စတင်ပြီလား......"


ပုဖန်က ဘလက်ကီကို ခေါ်လိုက်ပြီး မုန်တိုင်းအလယ်၌ တည်ငြိမ်စွာ ရပ်နေလိုက်သည်။ဘလက်ကီက မတ်တပ်ထလိုက်ပြီးနောက် ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းမျိုးဖြင့် မနှေးလွန်းမမြန်လွန်းစွာ မုန်တိုင်းအလယ်သို့ လျှောက်သွားလိုက်သည်။


ဝီ......


စွမ်းအင်အတက်အကျ လှိုင်းများက ဆိုင်ငယ်လေး၏ ပတ်ဝန်းကျင်တစ်ခွင် ရိုက်ခတ်သွားပြီး ဘလက်ကီနှင့် ပုဖန်တို့ နှစ်ယောက်စလုံး ပျောက်ကွယ်သွားလေသည်။ဆိုင်ငယ်လေး၏ အရှေ့၌ တစ်ဖန်ပြန်လည်၍ အေးချမ်းတိတ်ဆိတ်သွားလေ၏။


ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေ.....


နွံမြေ၏ အထက် လေဟာနယ်ထဲ၌ မည်သည့်နေရာမှ ပေါ်ထွက်လာမှန်းမသိသော အဖြူရောင် အစက်ပျောက်ငယ်လေးများသည် လေဟာနယ်ထဲ တစ်စတစ်စ များပြားလာသည်။ထိုအဖြူရောက်အစက်ငယ်လေးများက တဖြေးဖြေးစုစည်းလာပြီးနောက် မှော်အစီအရင် ပုံသဏ္ဍာန်တစ်ခု ဖြစ်ပေါ်လာလေ၏။


ထိုရွှံ့နွံမြေတစ်ခွင်ကို လေပြင်းများ တိုက်ခိုက်သွားသည်။လေပြင်းများရိုက်ခတ်မှုကြောင့် ရွှံ့နွံမြေပေါ်မှ ရွှံ့ရည်များပင် နေရာအနှံ့သ်ို့ လွင့်စင်သွားလေသည်။


ရုတ်တရက် လေပြင်းတိုက်ခတ်မှုဒဏ်ကို ခံလိုက်ရသောကြောင့် ရွှံ့နွံအိုင်အတွင်း၌ နေထိုင်သော သတ္တဝါငယ်၏ မျက်နာပေါ်တွင်လည်း ဇဝေဇဝါ ဖြစ်မှုများ အထင်းသား ပေါ်လွင်နေသည်။ရုတ်တရက် လေပြင်းတိုက်ခိုက်မှုများ ရပ်တန့်သွားပြီးနောက် နွံအိုင်၏ အပေါ်လေးထဲ၌ လူတစ်ယောက်၏ ပုံရိပ်ပေါ်လာသည်။


လေတိုက်ခိုက်မှု ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် ရွှံ့ရည်များ လွင့်စင်သည့် အသံကိုပါ ကြားလိုက်ကြရသည်။ပုဖန်၏ ဘေးတွင် ရပ်နေသော ဘလက်ကီက ရွံ့ရှာသည့် မျက်နာထားဖြင့် ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်ရှုလိုက်သည်။


နေရာတစ်ခွင်လုံးက စေးကပ်လှသော ရွှံ့နွံများသာ ဖုံးလွှမ်းနေပြီး ရွှံ့အနံ့ဆိုးများကလည်း ထွက်ပေါ်နေသည်။ဘလက်ကီက ကူကယ်ရာမဲ့စွာဖြင့် သူနှာခေါင်းပိတ်လိုက်မိသည်။


"ဒါဘာလဲ....ဘယ်လိုနေရာကြီးလဲ....."


ပုဖန်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုပြီးသည့်နောက် ထိုနေရာက သူ့နှင့် ရင်းနှီးကျွမ်းဝင်နေသည်ကို တွေ့လိုက်ရသည်။တကယ်တမ်းပြောရမည်ဆိုလျှင်တော့ ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံ့မြေအတွင်း၌ နေရာတိုင်းက ပုံစံတူနေခြင်းပင် ဖြစ်သည်။


"ငါတို့ နွံမြေထဲကို ရှေ့လျှောက်သွားမယ်ဆိုရင်တော့ မြွေလူသားမျိုးနွယ်ရဲ့ ဆေးစိုက်ခင်းကို ရောက်ကောင်းရောက်နိုင်တယ်.....ယုဖူတို့ မြွေမျိုးနွယ်စုရဲ့ နေရာက ဒီနေရာပတ်ဝန်းကျင်ပဲ ဖြစ်နိုင်တယ်....."


ပုဖန်က မျက်မှောင်ကြုတ်၍ တွေးတွေးဆဆဖြင့် ပြောလိုက်သည်။


"တကယ်လို့ ငါမှတ်တာ မမှားဘူးဆိုရင်တော့....အဲ့ဒီမိန်းကလေး ယုဖူ သူ့မျိုးနွယ်စုရှိရာကို ပြန်သွားတာ သိပ်မကြာသေးဘူး.....ဒါပေမယ့် ပြန်သွားထဲက သူမနဲ့ ပတ်သတ်တဲ့ ဘာသတင်းကိုမှ ငါမကြားရသေးဘူး..... ဖြစ်နိုင်တာက သူ အိမ်ပြန်ရောက်ပြီး အိမ်ကိုအရမ်းတွယ်တာပြီး ဆိုင်ကို ပြန်မလာချင်တော့တာများလား....."


ပုဖန်က ပုံရိပ်ယောင် စိတ်ဝိညာဉ်နွံမြေသို့ ရောက်လက်စနှင့် ယုဖူတို့၏ မြွေမျိုးနွယ်စုရှိရာသို့ သွားလည်ရန် ဆုံးဖြတ်ထားသည်။သူက ထိုမြွေမိန်းကလေး ယုဖူ မည်သည့်အကြောင်းအရာများဖြစ်နေသည်ကိုလည်း သိရှိလွန်းလှသည်။


အကယ်၍ ကိစ္စကြီးကြီးမားမား ဖြစ်ပွားမှု မရှိလျှင် ယုဖူက ဆိုင်သို့ ပြန်ရောက်သင့်နေပေပြီ။ပုဖန်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရှူံ့မဲ့ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေသော ဘလက်ကီရှေ့မှ ဦးဆောင်၍ မြွေမျိုးနွယ်စုရှိရာသိုဉီးတည်လိုက်သည်။


သူတွေးထင်ထားသည့်အတိုင်းပင် အချိန်ခဏမျှအကြာ၌ ရိုးရှင်းပြီး အကြမ်းတည်စက်လှသော ဆေးစိုက်ခင်းကို တွေ့လိုက်ရသည်။ဆေးစိုက်ခင်းကို မြင်လိုက်ရသောကြောင့် မြွေမျိုးနွယ်စု၏ နေရာနှင့်လည်း နီးနေပေဟု ဆိုနိုင်ပေသည်။


ပုဖန်က ခြံစည်းရိုးကို ကျော်တက်သွားပြီးနောက် ဘလက်ကီက သူ့၏ လက်ကိုဝှေ့ယမ်းရင်း ခြံစည်းရိုးကို ဖျက်စီးလိုက်လေသည်။ထို့နောက် ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းမျိုးဖြင့် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခြံစည်းရိုးပေါ်မှ ဖြတ်လျှောက်သွားလေသည်။


ဘလက်ကီ ခြံစည်းရိုးကို ဖျက်စီးလိုက်သည်ကို ပုဖန်မြင်လိုက်သောအခါ မျက်လုံးလှန်ကြည့်လိုက်ရုံသာ တက်နိုင်ပေသည်။


"တော်တော့်ကို ထောင်လွှားနေတဲ့ ခွေးပဲ...."


စိုက်ခင်းထဲမှ စိတ်ဝိညာဉ်ဆေးပင်များကလည်း လတ်ဆတ်စိမ်းစိုနေသည်။သို့သော်လည်း ပုဖန်က ထိုအဆင့်နိမ့်ထားသော ဆေးပင်များကို စိတ်ဝင်စားမှုမရှိပေ။ဘလက်ကီအတွက်မူ ထိုဆေးပင်များက သူတစ်ချက်ကြည့်ဖို့တောင် မထိုက်တန်ပေ။


လူတစ်ယောက်နှင့် ခွေးတစ်ကောင်က ဆေးစိုက်ခင်းကို လျှင်မြန်စွာပင် ဖြတ်ကျော်လိုက်သည်။သူတို့သွားနေသည့် အခ်ျိန်မှာပင် စိုက်ခင်းထဲက မြွေလူသားအစောင့်အရှောက်များက သူတို့ကို သတိပြုမိသွားကြသည်။


"ဘယ်သူလဲ....."


ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ မြောက်များလှစွာသော မြွေလူသား အစောင့်အရှောက်များက ပုဖန်နှင့် ဘလက်ကီကို ဝိုင်းရံထားလိုက်ကြသည်။သူတို့လက်ထဲ၌လည်း လှံရှည်များကို ကိုင်ဆောင်ထားကြ၏။


ပုဖန်က သူ့ကို ဝိုင်းထားသော အစောင့်များကို တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။


"ဒီမှာ အချိန်လာဖြုန်းမနေနဲ့....မင်းတို့ရဲ့ မျိုးနွယ်စုခေါင်းဆောင် ယုဖူကို ဒီကို မြန်မြန်ခေါ်လိုက်......"


ပုဖန်၏ စကားကြောင့် အစောင့်များအားလုံး အံ့အားသင့်သွားကြသည်။


"ဒီလူတစ်ယောက်နှင့် ခွေးတစ်ကောင်က ရူးများနေတာလား.....ဒီသာမန်လူတစ်ယောက်ခေါ်လိုက်တာနဲ့ ငါတို့ မျိုးနွယ်စု ခေါင်းဆောင်က ဘာလို့လာရမှာလဲ .....သူက ဒီမှာလာပြီး ဟာသလာလုပ်နေတာလား....."


အစောင့်များက အထင်မြင်သေးစွာဖြင့် ကြည့်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။


"ဒီလူသားက မာန ထောင်လွှားလွန်းတယ်.....ခေါင်းဆောင်က သူတွေ့ချင်တိုင်း တွေ့လို့ရတဲ့သူများ မှတ်နေလား .....နာနာခံခံနဲ့ ငါတို့နဲ့ လိုက်ခဲ့....ငါတို့ မျိုးနွယ်စုခေါင်းဆောင်က ငါတို့ပိုင်နက်ထဲ ရောက်လာတဲ့ မည်သူမဆို တွေ့လို့ရတဲ့သူ မဟုတ်ဘူး...."


အစောင့်တစ်ယောက်က အေးစက်စွာ ပြောလိုက်ပြီးနောက် ပုဖန်ဘေး၌ ရပ်နေသော ဘလက်ကီကို ကြည့်၍ နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ထို့နောက် သူ့၏ လက်ထဲမှ လှံရှည်ကို ဝှေ့ယမ်းလိုက်ရာ အေးစက်လှသော အငွေ့အသက်များ ထွက်ပေါ်လာလေသည်။ထိုအစောင့်က လှံရှည်ဖြင့် ပုဖန်ကို ချိန်ရွယ်လိုက်သည်။


ဘလက်ကီ ကြည့်နေတုန်းမှာပင် ထိုမြွေမျိုးနွယ် အစောင့်အရှောက်များက သူတို့၏ လှံရှည်ကို ဝှေ့ယမ်းလိုက်သောကြောင့် သူ့၏ မျက်ဝန်းထဲ၌ အလင်းရောင်တစ်ချက် လက်သွားသည်။ဘလက်ကီ၏ စိတ်ထဲ၌ သူ့လက်ဖဝါးကို မြှောက်လိုက်ရန်သာ အကြံရလေသည်။


"ဒီပုရွတ်ဆိတ်လိုမျိုး မြွေလူသားအစောင့်တွေအတွက်ကတော့ ငါလက်လေး တစ်ချက်ဝှေ့ယမ်းလိုက်ဖို့ပဲ လိုအပ်တယ် အဲ့ဒါကို ဘာကြောင့်များ ဒီကောင်စုတ်လေးပုဖန်က သူတို့နဲငြင်းခုန်နေရတာလဲ......အခုက မစ်ရှင်ကို မြန်မြန်ပြီးမြောက်အောင် လုပ်သင့်တယ်လေ....အဲ့ဒါမှသာ ဆိုင်ကို ပြန်သွားပြီး အိပ်လို့ရမှာပေါ့...."


ဘလက်ကီက ထိုအစောင့်များကို တိုက်ခိုက်ရန် ပြင်လိုက်သည်ကို ပုဖန် မြင်လိုက်သောအခါ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဘလက်ကီကို တားဆီးလိုက်သည်။


ထို့နောက် အစောင့်များကို သေချာစွာ စူးစိုက်ကြည့်လိုက်ပြီးနောက် သူတော်စင် အဆင့်တစ်ယောက်၏ အရှိန်အဝါများကို ထုတ်ဖော်လိုက်သည်။


"ဘလက်ကီရ မင်းအမြဲတမ်းပဲ မင်းလက်ဖဝါးကို ဝှေ့ယမ်းဖို့ စဉ်းစားမနေနဲ့လေ....ငါတို့က လူတိုင်းကို စကားနဲ့ ပြောဆို စည်းရုံးသင့်တယ်လေ...."


ပုဖန်၏ စိတ်ထဲ၌ တွေးတောနေမိသည်။ထိုမြွေမျိုးနွယ်အစောင့်အရှောက်များက ငတုံးငအများ မဟုတ်ကြပေ။ပုဖန်၏။ ခန္ဓာကိုယ်မှ သူတော်စင်အဆင့်တစ်ယောက်၏ အငွေ့အသက်များ ဖြာထွက်လာသည်ကို ခံစားလိုက်မိသည်နှင့် သူတို့၏ အမူအရာများ ချက်ချင်းပြောင်းလဲသွားကြသည်။


"ဒီလူသားက အဆင့် ၇

သူတော်စင်အဆင့်လား....."


ထိုအစောင့်များ၏ စိတ်ထဲ၌ ကြောက်ရွံ့မှူများဖြင့် ပြည့်နှက်သွားသည်။သူတို့ထဲမှ အသန်မာဆုံး အစောင့်ပင် အဆင့် ၅ ဘုရင်အဆင့်မျှသာရှိသေးသည်။သူတို့မည်သည့်နည်းနှင့်မှ သူတော်စင်အဆင့်ကို ရင်ဆိုင်နိုင်စွမ်းမရှိပေ။


"မင်းတို့ရဲ့ ခေါင်းဆောင်နဲ့ တွေ့ဖို့အတွက် ငါကို လမ်းပြပါ...."


ပုဖန်က အစောင့်များကို အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။သူတို့က ဘယ်လိုများ ပုဖန်ကို ငြင်းဆိုနိုင်လိမ့်မည်နည်း။ထိုအစောင့်များက နာခံမှုရှိစွာနှင့်ပင် ပုဖန်နှင့် ဘလက်ကီကို မြွေမျိုးနွယ်စုရှိရာဆီသို့ ခေါ်ဆောင်သွားလိုက်သည်။ပုဖန်က ဒီနေရာသို့ လာခဲ့ဖူးသော်လည်း သူတို့က ပုဖန်ကို မှတ်မိခြင်းမရှိပေ။


ခပ်ဝေးဝေးတစ်နေရာ၌ အနားယူနေပုံပေါ်သော မြွေလူသားများက ပုဖန် သူတို့၏ ပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာသည့်အကြောင်းကို ကြားလ်ိုက်ရသည်။


လက်ရွေးစင် မြွေမျိူးနွယ် အစောင့်အရှောက်များက ကျယ်လောင်စွာအော်ဟစ်ကျုံးဝါးလိုက်ပြီး သူ့နောက်သို့ ရောက်ကြသည်။


"ဘယ်သူကများ ငါတို့ မျိုးနွယ်စုကို ကျူးကျော်ဝင်ရောက်ရဲတာလဲ......"


ဒေါသတကြီး ကျယ်လောင်စွာ အော်ဟစ်သံ ထွက်ပေါ်လာပြီး ခပ်လှမ်းလှမ်းဆီမှ အလျှင်စလိုလာနေသော ပုံရိပ်ကို တွေ့လိုက်ရသည်။ထိုမြွေလူသားလာသည့် လာသည့် လမ်းတစ်လျှောက်၌ ရွှံ့နွံများကလည်း နေရာအနှံ့သို့ လွင့်စင်နေလေသည်။မြွေလူသားအားနီက ပြူးကျယ်ဝိုင်းစက်သောမျက်ဝန်းများဖြင့် သူ့၏ ဘေးပတ်ဝနကျင်ကို အကဲခတ်လိုက်သည်။


မြွေလူသားများက ထိုသူကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ မျက်နာပေါ်၌ ရိုသေလေးစားသော အမူအရာများ ပေါ်သည်။အားနီက မြွေမျိူးနွယ် အစောင့်အရှောက်များ၏ အုပ်ချုပ်သူ ဖြစ်သည်။


အားနီ၏ စွမ်းအင်အဆင့်က အဆင့် ၇ သို့ ရောက်ရှိနေပြီ ဖြစ်ပြီး မြွေလူသားများ၏မျက်ဝန်းထဲ၌ အလွန်ပင် သန်မာလှသည်ဟု ထင်မှတ်ထားကြသည်။သူတို့အဖွဲ့၏ အုပ်ချုပ်သူ အားနီ ဒေါသထွက်နေလျှင် ထိုကျူးကျော်ဝင်ရောက်လာသော လူသားက သေချာပေါက် သေရပေလိမ့်မည်။


အားနီက အားကောင်းပြင်းထန်လှသော အော်ရာများကို ထုတ်လွင့်လိုက်သည်။သူ့၏ ပြူးကျယ်ဝိုင်းစက်နေသော မျက်ဝန်းများက ကြေးခေါင်းလောင်းတစ်စုံနှင့်ပင် တူလှသည်။သူ့၏ ခန္ဓာကိုယ်အပေါ်ပိုင်းကလည်း သန်မာလှသော ကြွက်သားများဖြင့် ပြည့်နှက်နေသည်။


အားနီက သူ့နားတွင်ရှိနေသော အစောင့်တစ်ယောက်ကို စူးစိုက်ကြည့်၍ မေးလိုက်သည်။


"မင်းပြောတာ လူသားတစ်ယောက်က ငါတို့ပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက်လာတယ် ဟုတ်လား.....ပြီးတော့ သူက မောက်မာထောင်လွှားစွာနဲ့ ငါတို့ခေါင်းဆောင်ကို တွေ့ဖို့ပြောတယ် ဟုတ်လား......"


အားနီက မေးခွန်းမေးပြီးသည်နှင့် တစ်ပြိုင်နက် သူ့၏ အကြည့်များက အစောင့်များကို ဖြတ်ကျော်၍ အစောင့်များ အလယ်တွင်ရပ်နေသော ပုဖန်ဆီသို့ ရောက်သွားသည်။


ပုဖန်က အားနီကို ခပ်ရေးရေးပြုံး၍ ကြည့်နေလေသည်။မြွေမျိုးနွယ် အစောင့်များက အားနီကို မြင်လိုက်သောအခါတွင် ပို၍ သတ္တိရှိလာကြသည်။သူတို့က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို အနည်းငယ် ပြောင်းလဲ၍ ပြောပြလိုက်သည်။သူတို့က ခေါင်းဆောင်၏ ဒေါသကို မီးရှိူ့ပေးပြီး ထိုလူသားကို လက်တုံ့ပြန်စေချင်ကြသည်။


"မောက်မာလှတဲ့လူသား ဘာတက်နိုင်သေးလဲ.....မင်းက ငါတို့ရဲ့ ခေါင်းဆောင်ကို တွေ့ချင်တယ်လို့ ပြောရဲမှတော့ အဲ့ဒီအတွက် တန်ရာတန်ကြေးလည်း ပေးရမှာပေါ့....."


သို့သော်လည်း မြင်တွေ့လိုက်ရသော မြင်ကွင်းက သူတိူ့မျှော်လင့်ထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေလေသည်။အစောင့်များ၏ အမူအရာက တောင့်တင်းသွားပြီး သူတို့အသံကလည်း တဖြေးဖြေးတိုးတိတ်သွားသည်။တကယ်တမ်းဖြစ်ပေါ်လာသည့် မြင်ကွင်းကြောင့် သူတို့၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်နေလေသည်။


သူတို့ အလွန်လေးစားရသော အဖွဲ့ခေါင်းဆောင်အားနီက ထိုလူသားဆီသို့ အလျှင်အမြန်သွားလိုက်သည်။အဖွဲ့ခေါင်းဆောင်အားနီ၏ ဒေါသတကြီး အမူအရာများကလည်း ထိုလူသားကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် လုံးဝပျောက်ကွယ်သွားလေသည်။အားနီက ထိုလူသားဆီသို့ အလျှင်အမြန်ပင် သွားပြီးသည့်နောက် အလွန်ပင် ရို့ကျိုးလေးစားလှသော အမူအရာဖြင့် ဆက်ဆံလိုက်သည်။


မြွေမျိုးနွယ်အစောင့်အရှောက်များအားလုံးက ထိုမြင်ကွင်းကြောင့် ကြောင်အမှင်သက်နေမိကြသည်။


ထိုသူက သူတို့ရိုးသေးလေးစားရသည့် အဖွဲ့ခေါင်းဆောင် အားနီဟုတ်ရဲ့လား.....ထိုသူက အဆင့် ၆ သားရဲကိုပင် လက်ဗလာဖြင့် ဆုတ်ဖြဲနိုင်သော အဖွဲ့ခေါင်းဆောင် ဟုတ်သေးရဲ့လား.....ထိုသူက အဆင့် ၇ စိတ်ဝိညာဉ်သားရဲကိုပင် သတ်ဖြတ်နိုင်ခဲ့သော အဖွဲ့ခေါင်းဆောင် ဟုတ်သေးရဲ့လား.....


"အို့.....ပိုင်ရှင်ပု ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ.....မင်း ဒီကို လာလည်မယ်ဆိုရင်လည်း ငါ့ကို အကြောင်းကြားလိုက်ရောပေါ့...."


ပုဖန်ကို မြင်လိုက်ရသောကြောင့် အားနီ၏ စိတ်ထဲ၌ တုန်လှုပ်ကြောက်ရွံ့နေမိသည်။သူက ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေတွင်း၌ ပုဖန်ကို ရုတ်တရက် မြင်လိုက်ရသောကြောင့် အံ့အားသင့်နေသော်လည်း လျှင်မြန်စွာပင် နှုတ်ဆတ်စကားပြောလိုက်သည်။


သူရှေ့၌ ရှိနေသော သူ့၏ အကြောင်းကို တွေးလိုက်ရုံမျှပင် ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရပြီး ရိုသေလေးစားစွာသာ ဆက်ဆံလိုက်သည်။ထိုသူက အင်ပါရီဟာမြို့တော်မှာရှိသော ဆိုင်ငယ်လေး၏ ပိုင်ရှင်သာဖြစ်သည်။ထိုဆိုင်ငယ်လေး၏ နောက်ခံက အလွန်ပင် အင်အားကြီးမားလှသည်။များပြားလှစွာသော စစ်နတ်ဘုရားများပင် ထိုဆိုင်ငယ်လေးကြောင့် သေဆုံးခဲ့ရသည်။


သူက ပုဖန်နှင့် ရင်ဆိုင်ရဲခြင်းမရှိပေ။ပြောရမည်ဆိုလျှင် ပုဖန်က သူ့၏ စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။သူက ပုဖန်ဆီမှ ချက်ပြုတ်ခြင်းပညာများ သင်ယူခဲ့ချင်သော်လည်း ပုဖန်၏ ငြင်းပယ်မှုကို ခံလိုက်ရသည်။သို့သော်လည်း ထိုအကြောင်းအရာက သူ့၏ ခံစားချက်မျကို ထိခိုက်ခြင်းမရှိပဲ ပုဖန်အပေါ်တွင် ရိုသေလေးစားနေတုန်းပင် ဖြစ်သည်။


ပုဖန်က ရိုသေလေးစားမှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည့် အားနီ၏ မျက်နာကိုကြည့်လိုက်သည်။လက်ရှိအချိန်၌ သူက သူ့၏ ပရိတ်သတ်တစ်ဦးကို တွေ့နေရသလိုပင် ခံစားမိလေသည်။ပုဖန်က စိတ်ကသိကအောင့်ဖြစ်မှုနှင့် ရယ်ချင်မှုတို့ကို တစ်ပြိုက်နက်တည်း ခံစားမိလေသည်။


"ယုဖူရော ဘာဖြစ်နေလဲ သူမျိုးနွယ်စုဆီကို ပြန်လာပြီးပြီ မဟုတ်ဘူးလား.....ပြဿနာတွေက ဖြေရှင်းလို့မရဘူးလား....."


ပုဖန်က ဘေးပတ်ဝန်းကျင်မှ အရေးမပါသည့် ကိစ္စရပ်များကို လျစ်လျူရှုလိုက်ပြီး ယုဖူ၏ အကြောင်းကိုသာ တိုက်ရိုက်မေးလိုက်သည်။သူ မြွေမျိူးနွယ်စုသို့ လာရခြင်းရည်ရွယ်ချက်က ယုဖူ၏ အကြောင်းကို ပို၍သိချင်၍သာ ဖြစ်သည်။ယုဖူက သူ့၏ အလုပ်သင်တစ်ယောက်ဖြစ်ပြီး သူမကို ကောင်းစွာ ဂရုစိုက်ရပေမည်။


ပုဖန် ဆီမှ ယုဖူ၏ နာမည်ကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် အနားတွင်ရှိနေကြသော မြွေအမျိုးသားများ၏ မျက်နာအမူအရာ ပျက်ယွင်းသွားကြသည်။


ပုဖန် ယုဖူ၏ အကြောင်းကို မေးလိုက်သည်နှင့် အားနီ၏ အပြုံးကလည်း အေးခဲသွားလေသည်။ပုဖန်ကို တွေ့ရသောကြောင့် စိတ်လှုပ်ရှားနေသည့် ခံစားချက်ပင်လျှင် ယုဖူ၏ နာမည်ကိုကြားရသည်နှင့် တုန်လှုပ်သွားသည်။သူ့၏ မျက်ဝန်းထဲ၌လည်း တွန့်ဆုတ်သည့် အရိပ်အယောင်မျိုး ပေါ်ပေါက်လာသည်။


ပုဖန်က အားနီ၏ ပြောင်းလဲသွားသော အမူအရာကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။သူမျက်မှောင်ကြုတ်၍ မေးလိုက်သည်။


"ဘာတြွေဖစ်နေတာလဲ......"


တဖြေးဖြေးပို၍ အေးစက်လာသော ပုဖန်၏ အမူအရာကို ကြည့်၍ အားနီ အသက်ပြင်းပြင်းတစ်ချက် ရှုရှိုက်လိုက်သည်။ကြောက်ရွံ့ထိတ်လန့်မှုကြောင့် သူ့၏ နှလုံးသားကလည်း တဆတ်ဆတ် တုန်ယင်နေသည်။အားနီ၏ အကြည့်က ပုဖန်၏ ဘေး၌ မျက်ဝန်းများ ကျဉ်းမြောင်း၍ ကြည့်နေသော ဘလက်ကီဆီသို့ ရောက်သွားသည်။သူ့၏ လည်ပင်းကို မမြင်ရသော လက်တစ်ဖက်ဖြင့် ဆုပ်ညှစ်ထားခြင်းခံလိုက်ရသလိုမျိုး အသက်ရှုရပင်ခက်ခဲလာလေသည်။


"ဘယ်လိုဖြစ်ပြီးတော့ ဒီအတုမရှိခွေးက ဒီကိုရောက်နေတာလဲ....ဒီခွေးက တကယ်ကို နတ်ဆိုးတမျှ ကြောက်စရာကောင်းလွန်းတယ်...."


ခွေးနက်ကြီးက မြောက်များလှစွာသော စစ်နတ်ဘုရားများကို ရိုက်သတ်ခဲ့သည့် မြင်ကွင်းအား သူ့၏ မှတ်ဉာဏ်ထဲမှ ဘယ်တော့မှ ဖျောက်ဖျက်နိုင်လိမ့်မည်မဟုတ်ပေ။


ဘလက်ကီ အကြည့်တစ်ချက်ဖြင့်ပင် အားနီက ကြောက်ရွံ့တုန်လှုပ်နေပေပြီ သူ ပုဖန်ဆီသို့ ပြန်၍ ကြည့်လိုက်ပြန်ရာ သူ့၏ နှလုံးသားက နောက်တစ်ကြိမ် တုန်ယင်သွားပြန်သည်။


အဆုံးတွင်တော့ သူ အမှန်တရားတိုင်းသာ ပုဖန်ကို ဖွင့်ဟ ပြောဆိုလိုက်ရသည်။ဖြစ်ပျက်သမျှ အရာရာတိုင်းကို ပြောဆိုနေသည့် အချိန်တွင် ပုဖန်၏ မျက်ဝန်းများကို တိုက်ရိုက် ရင်မဆိုင်နိုင်သောကြောင့် သူ့၏ အကြည့်များက ပတ်ဝန်းကျင် အပေါ်သို့သာ ကျရောက်နေလေသည်။


"ယုဖူ သူ့ရဲ့ လက်ရှိ အခြေအနေက အနည်းငယ် ပြောင်းလဲသွားပြီ သူ အခု မျိုးနွယ်စုထဲမှာ မရှိဘူး..... နောင်အနာဂတ်မှာလည်း သူ ပြန်လာနိုင်မှာမဟုတ်ဘူး.....ပြီးတော့ သူ မင်းဆီကနေပြီးတော့ ချက်ပြုတ်ခြင်း အတတ်ပညာတွေကိုလည်း ထပ်သင်ယူနိုင်တော့မှာ မဟုတ်ဘူး....."