အပိုင်း ၃၈၄
Viewers 62k

အခန်း ၃၈၄

အဏ်ဏဝါမျိုးစိတ်များ ကျူးကျော်လာခြင်း..

(ဏ နှစ်လုံးဆင့်ရေးမရလို့ သည်းခံကြပါကုန်)


ပုံရိပ်ယောင်စိတ်ဝိညာဉ်နွံမြေ၏ အနောက်ပိုင်းဒေသ မတ်စောက်လှသော ကမ်းပါး၏ အောက်တွင် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီး တည်ရှိလေသည်။


တိုက်ခတ်လာသော လေထု၌ ပင်လယ်ဆားငံရနံ့ ပါဝင်နေသလို ပင်လယ်လှိုင်းလုံးများကလည်း ကျောက်ဆောင်ဆီသို့ တဝုန်းဝုန်းရုက်ခတ်နေသည်။


နားကွဲလောက်စရာ ကျယ်လောင်လှသော အသံများက ကြားလိုက်ရသူ မည်သူကိုမဆို စိတ်ခြောက်ခြားစေနိုင်သည်။


ထို မတ်စောက်လှသောကမ်းပါးပေါ်၌ ကြီးမားလှသော မျှော်စင် တစ်ခုကို တည်ဆောက်ထားသည်။ထိုမျှော်စင်ကို မဟာမြွေလူသားမြို့တော် တည်ထောင်ကတည်းက တည်ဆောက်ထားခြင်းဖြစ်သည်။နယ်နိမတ်မဲ့ ပင်လယ်ကို ကျူးကျော်ဝင်ရောက်လာသူများကို စောင့်ကြည့်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။


ကမ်းပါ၏ အောက်ခြေ၌ ကြီးမားလှသော ဆိပ်ကမ်းတစ်ခုတည်ရှိနေသည်။မြောက်များလှစွာသော မြွေမျိုးနွယ် ကျွမ်းကျင်ပညာသူများက ပင်လယ်ထွက် အစားအစာများ ရှာဖွေရန်နှင့် ပစ္စည်းများရှာဖွေရန်အတွက် ပင်လယ်ထဲသို့ သွားလေ့ရှိကြသည်။


ဆိပ်ကမ်းပတ်ဝန်းကျင်၌ ရွာငယ်လေးတစ်ရွာ တည်ရှိနေသည်။ထိုရွာကလေးမှာ ငါးဖမ်းသမားများက ပင်လယ်ပြင်သို့ ထွက်ခွာရန် ပြင်ဆင်နေကြသည်။ထိုရွာကလေးကို သူတို့ခဏတဖြုတ်နားရန်အတွက်သာ ယာယီတည်ဆောက်ထားခြင်း ဖြစ်ပြီး သူတို့၏ အိမ်များ နေအိမ်များက မဟာမြွေလူသားမြို့တော်အတွင်း၌ တည်ရှိလေသည်။


ဆိပ်ကမ်း၌ မြောက်များလှစွာသော သစ်ထွင်းလှေကလေးများ ကျောက်ချရပ်နားထားသည်။လေတိုက်ခိုက်လိုက်သည့်အခါတိုင်းတွင် လေတိုက်ခိုက်မှုကြောင့် ထိုရွက်တိုင်များမှ အသံများကလည်း ထွက်ပေါ်နေသည်။


ရန်ဖန်ရံခါ၌ မဟာမြွေလူသားမြို့တော်မှ လက်နက်ကိုင်အစောင့်များက ဆိပ်ကမ်းတစ်ခွင် လှည့်လည် သွားလာနေသည်ကို တွေ့ရလေ့ရှိသည်။သူတို့က ဆိပ်ကမ်းလုံခြုံးရေးအတွက် စောင့်ကြပ်နေခြင်းပင် ဖြစ်သည်။


ပင်လယ်ပြင်၌ မြောက်များလှစွာသော သတ္တဝါများနှင့် ပြည့်နှက်နေသည်။တစ်ခါတစ်ရံ၌ အမည်မသိသော သတ္တဝါဆန်းများ ပင်လယ်ထဲမှ တွားသွားထွက်လာပြီး ရွာကလေးကို ဖျက်စီးတက်ကြသည်။ထို့ကြောင့်ပင် ထိုသတ္တဝါများ၏ ရန်မှ စောင့်ကြပ်ကာကွယ်ရန်အတွက် အစောင့်တပ်ကို ဖွဲ့စည်းထားခြင်းဖြစ်သည်။


နွေးထွေးလှသော နေရောင်ခြည်က ပင်လယ်ရေမျက်နာပြင်ပေါ်သို့ ဖြာကျလာသောအခါ ပင်လယ်ပြင်က ရွှေအပိုင်းအစများဖြင့် ပြည့်နေသယောင်ပင် ထင်ရလေသည်။ပင်လယ်လှိုင်းများ မြင့်တက်လောသာအခါ၌ နေရောင်ခြည် ထိတွေ့ရသော အပိုင်းက ပို၍ပင် တောက်ပလာလေသည်။


ရုတ်တရက် ပင်လယ်ပြင်ဆီသို့ ထွက်ခွာတော့မည့် မြွေလူသားတစ်ယောက်က စူးစူးရှရှအော်ဟစ်လိုက်သည်။သစ်သားလှေအတွင်းမှ မြွေလူသားအားလုံးကလည်း မိုးကုတ်စက်ဝိုင်းဆီမှ အနက်ရောင် လိုင်းတစ်ခုကို သတိထားမိသွားပြီး ကြောက်လန့်သွားကြသည်။


ထို မျဉ်းကြောင်းက တဖြေးဖြေး ကြီးမား ကျယ်ပြန့်လာသည်နှင့်အမျှ ဆူညံလှသော တုန်ခါသံများကိုပင် ကြားလာရသည်။ထိုအနက်ရောင်မျဉ်းကြောင်းက တဖြေးဖြေး နီးကပ်လာပြီး ကောင်းကင်တစ်ခုလုံးကို အနက်ရောင်တိမ်များဖြင့် ဖုံးလွှမ်းသွားလေသည်။


လှေများအတွင်းမှ ကြောက်လန့်နေကြသော မြွေလူသားများကလည်း လှေထဲမှ အလျှင်အမြန် ခုန်ထွက်ကာ ကြောက်လန့်တကြား အော်ဟစ်၍ ကမ်းခြေရှိရာဆီသို့ ပြေးသွားကြလေသည်။


ပေရာပေါင်းများစွာ မြင့်မားလှသော ကြောက်မက်ဖွယ် ကောင်းသည့် လှိုင်းလုံးကြီးက ကမ်းခြေရှိရာဆီသို့ ချဉ်းကပ်လာသည်။ပင်လယ်ထဲသို့ ပုံမှန်ထွက်လေ့ရှိကြသော မြွေလူသားများပင် ထိုမျှကြီးမားလှသော လှိုင်းလုံးမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။


ထိုလှိုင်းလုံးထဲ၌ တောက်ပလှသော မြောက်များလှစွာသည့် အနီရောင်အလင်းများကို တွေ့မြင်နေရသည်။ထိုအလင်းများက စိတ်ဝိညာဉ်သားရဲတို့၏ မျက်ဝန်းများပင် ဖြစ်သည်။ကြောက်မက်ဖွယ်ကြီးမားလှသော လှိုင်းလုံးထဲ၌ အစွမ်းထက်လှသော စိတ်ဝိညာဉ်သားရဲများ ကူးခတ် ပါဝင်လာသည်။


ကြောက်စရာကောင်းလှသော စိတ်ဝိညာဉ်သားရဲများကို သယ်ဆောင်လှသည့် လှ်ိုင်းလုံးကြီးက ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေရှိရာဆီသို့ အလျှင်စလို ရောက်ရှိလာလေသည်။


အလွန်ကြောက်စရာကောင်းလှသော စွမ်းအင်များက ခွေးလက်ဖဝါးပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။တန်ခိုးရှင် မြွေလူသား၏ မျက်နာအမူအရာက အနည်းငယ် ပြောင်းလဲသွား၏။သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် အမြီးကို လှုပ်ခါလိုက်ကာ ထိုကြောက်စရာစွမ်းအင်များ၏ ဖိနှိပ်မှုဒဏ်မှ လွတ်မြောက်ရန် ရုန်းကန်လိုက်သည်။


သူ့၏ လှံရှည်ကလည်း ကြောက်စရာကောင်းလှသော ဖိအားများကြောင့် ကွေးညွှတ်သွားခဲ့ပြီး အချိန်မရွေး ကျိုးပျက်သွားမည့်ပုံ ပေါ်လေသည်။


"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ......ဒီလိုကြောက်စရာကောင်းတဲ့ စွမ်းအင်တွေ ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ ရှိနေရတာလဲ......အဲ့ဒါက တကယ်ပဲ ခွေးလက်ဖဝါးလား......"


တန်ခိုးရှင် မြွေလူသား၏ မျက်ဝန်းထဲ၌ ကြောက်ရွံ့ထိတ်လန့်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ထို့နောက်သူအော်ဟစ်မာန်သွင်းလိုက်ပြီး သူ့ပေါ်ကျရောက်နေသော ဖိအားကို ချိုးဖောက်နိုင်ရန် ကြိုးစားလိုက်သည်။


သို့သော် ဘလက်ကီက အေးစက်စွာဖြင့် လှောင်ပြုံးပြုံးလိုက်သည်။ထို့နောက် နှာခေါင်းရှုံ့လိုက်ပြီး လက်ဖဝါးကို အောက်သို့ လွှဲချလိုက်သည်။


ဘန်း.......


မြွေလူသားမျိုးနွယ်စုများ နေထိုင်ရာ မြေပြင်က ကြံ့ခိုင်မှုမရှိသော ရွှံ့နွံမြေဖြစ်သည်။ထို့ကြောင့် ထိုပေါက်ကွဲမှုအားကြောင့် ရွှံ့နွံများကက လေထဲသို့ ဆန်တက်လာလသေည်။


တန်ခိုးရှင်မြွေလူသား၏ ခန္ဓာကိုယ်ကလည်း မြေပြင်ပေါ်သို့ ဖိနှိပ့်ခြင်းခံလိုက်ရပြီးနောက် ရွှံ့နွံထဲသို့ ဝင်သွားလေသည်။တန်ခိုးရှင်မြွေလူသားက နောက်တစ်ဖန် အော်ဟစ်လိုက်ပြန်သည်။


ချစ်စဖွယ်သေးငယ်လှသော ဘလက်ကီ၏ ခွေးလက်ဖဝါးလေးက အားအနည်းငယ်စိုက်ထုတ်လိုက်ရုံဖြင့် မြေကြီးများကို ကွဲအက်သွားစေသည်။တန်ခိုးရှင်မြွေလူသားဆီမှ ကြောက်မက်ဖွယ်ရာ အော်သံကြီးထွက်ပေါ်လာပြီးနောက် သူသွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ထို့နောက် ထိုနေရာ၌ အားနည်းဖျော့တော့စွာ လဲကျနေပေသည်။


ဝေရာ.....


ပြင်းထန်လှသော ဖိအားကြောင့် မြေပြင်က သိမ့်သိမ့်တုန်ခါသွားပြီး မြေပြင်ပေါ်၌ ကြီးမားလှသော ခွေးလက်ဖဝါးရာကြီး ထင်ကျန်ခဲ့လေသည်။တုန်ခါမှုကြောင့် ကျောက်ဆောင်များက တစ်စစီဖြစ်၍ လေထဲသို့ လွင့်စင်သွားကာ ပတ်ဝန်းကျင်အနှံ့သို့ ရွှံ့နွံများလည်း စင်သွားပေသည်။


ဘလက်ကီက ပျင်းရိငြီးငွေ့စွာဖြင့် မျက်လုံးစောင်းကြည့်လိုက်ပြီး သူ့၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ကာ မြေပြင်ကို ဆက်ခနဲ ရိုက်လိုက်သည်။


ရွှံ့နွံထဲနစ်မြှုပ်နေသော မြွေလူသားက အဝေးသို့ ထပ်မံလွင့်ထွက်သွားကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေသည်။ထိုသို့ပြုလုပ်ပြီးသည်နှင့် ဘလက်ကီက ပျင်းရိစွာ သန်းဝေလိုက်ပြီး ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းမျိုးဖြင့် ပုဖန်၏ဘေးသို့ ပြန်လျှောက်လာလေသည်။


ဘေး၌ရှိနေကြသော မြွေလူသားကျွမ်းကျင်ပညာရှင်မျအားလုံးက ကြောင်အမှင်သက်နေကြသည်။ပုဖန်၏ ကြေကွဲဖွယ်ရာ အဆုံးသတ်ကို စောင့်မျှော်နေကြသော မြွေမျိုးနွယ်အကြီးအကဲများက ကြောက်ရွံ့ထိတ်လန့်မှုကြောင့် အားနည်းဖျော့တော့စွာ မြေပြင်ပေါ်သို့ လဲပြိုကျသွားကြသည်။သူတို့က ကြောက်စရာကောင်းလှသည့် ခွေးဝတုတ်ကို ခဏမျှ ကြည့်လိုက်ပြီးနောက် မှင်သေသေအမူအရာဖြင့်သာရှိနေသောပုဖန်ဆီသို့ အကြည့်ပြောင်းလိုက်ကြသည်။


သူတို့အားလုံး လေအေးများ ရှူရှိုက်လိုက်မိကြသည်။သူတို့၏ နှလုံးသားက အကြမ်းပတမ်းလှုပ်ခါ ရလွန်းသောကြောင့် ရင်ဘတ်ထဲမှ လွင့်စင် လာတော့မယောင်ပင် ခံစားလိုက်ရသည်။


"ဘုရားရေ .....ဘာတြွေဖစ်သွားရတာလဲ.......အခုလေးတင် ဘာတြွေဖစ်ပျက်သွားရတာလဲ......မဟာမြွေလူသား မြို့တော်က တန်ခိုးရှင်အဆင့် ကျွမ်းကျင်ပညာရှင်က ခွေးလက်ဖဝါးရိုက်ချက်တစ်ချက်ကြောင့် သွေးအန်လိုက်ရမယ်လို့ မထင်ထားမိဘူး .....ငါတို့ရဲ့ အမြင်အာရုံတွေက မှားယွင်းသွားတာလား ဒါမှမဟုတ် အဲ့ဒီတန်ခိုးရှင်က အတုကြီးလား....."


မျက်မြင်တွေ့ကြုံလိုက်ရသော မြင်ကွင်းကြောင့် ယုဖန်၏ မျက်ဝန်းများက ပြူးကျယ်နေပြီး သူ့၏ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်နေသည်။


"ဒီကြောက်ရွံ့နေတဲ့ ခံစားမှုက ရင်းနှီးကျွမ်းဝင်နေတယ်.....ငါမမှားဘူးဆိုရင် ဒီခွေးနက်ကြီးရဲ့ ကြောက်စရာကောင်းလှတဲ့ စွမ်းအင်က ငါမျှော်လင့်ထားတာထက် ပိုနေပြီ....."


သူ့၏ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့်ပင် တန်ခိုးရှင် အဆင့် ကျွမ်းကျင်ပညာရှင်ကို သေသည်အထိ ရိုက်နှက်နိုင်ခဲ့သည်။ရုတ်တရက် ယုဖန်၏ စိတ်ထဲ၌ ဝမ်းနည်း ကြေကွဲမှုများ တလိမ့်လိမ့်တက်လာသည်ကို ခံစားလိုက်ရသည်။သူ အလွန်ရူးမိုက်သော ဆုံးဖြတ်ချက်တစ်ခု ချခဲ့မိကြောင်း သတိပြုမိသွားလေသည်။


မဟာမြွေလူသားမြို့တော်က ပုဖန်ထက် အနည်းငယ်အားကောင်းမည်ဟု ထင်ခဲ့မိသည်။ပုဖန်က မဟာမြွေလူသားမြို့တော်တစ်ခုလုံးထက် အနည်းငယ်မျှပင် အားနည်းမှုမရှိကြောင်းဟု မမျှော်လင့်ထားခဲ့မိပေ။ထို့အပြင် ပုဖန်၌ ကြောက်စရာကောင်းလှသော ခွေးဝတုတ်အပြင် သံထည်ဖြင့်ပြုလုပ်ထားသော ကြီးမားလှသည့် ရုပ်သေးတစ်ခုရှိနေသေးသည်။


"ဒီလိုဆိုမှတော့ ပုဖန်က မြွေလူသားမြို့တော်ကို ဘာကြောင့် ကြောက်နေရတော့မလဲ......"


မဟူရာလိပ်ခုံးဒယ်အိုးက ပုဖန်၏ လက်ဖဝါးပေါ်၌ ဝဲလှည့်နေသကဲ့သို့ သူ့၏ အကြည့်များကလည်း ကြောက်ရွံ့တုန်လှုပ်နေကြသော မြွေလူသား များ၏ အပေါ်သို့ စုန်ချည်ဆန်ချည် ဖြတ်သန်းနေသည်။


ပုဖန်က စကားတစ်ခွန်းမှပင် မဆိုပဲ တန်ခိုးရှင်မြွေလူသားနှင့်အတူ ရောက်ရှိလာကြသော မြွေလူသားကျွမ်းကျင်ပညာရှင်များဆီသို့ မဟူရာလိပ်ခုံးဒယ်အိုးကို ပစ်လွှတ်လိုက်သည်။


ထိုအုပ်စုအတွင်း အများစုက သူတော်စင်အဆင့်များဖြစ်သော်လည်း စစ်နတ်ဘုရားအဆင့် ပါဝင်နေလေသည်။ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးက ထိုစစ်နတ်ဘုရားဆီသို့ ပစ်လွှတ်လိုက်သည်။


ဘလက်ကီ၏ ကြောက်စရာကောင်းလှသော စွမ်းအားများကြောင့် အလွန်အံ့အားသင့်နေဆဲဖြစ်သည့် စစ်နတ်ဘုရားက နောက်သို့ လှည့်ကြည့်လိုက်လေရာ သူ့ဆီသို့ တိုးဝင်လာသောအနက်ရောင် အိုးကို မြင်လိုက်ရသည်။သူ့၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ချွေးစေးများ စီးကျလာလေသည်။


သူက တန်ခိုးရှင်အဆင့်ပင် တွန်းလှန်နိုင်စွမ်းမရှိသောကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မြင်ခဲ့ပြီးပြီဖြစ်သည်။ထိုမြင်ကွင်းတစ်ခုတည်းကပင် ထိုဒယ်အိုး မည်မျှ အစွမ်းထက်ကြောင်း သက်သေပြခဲ့ပြီးပြီ ဖြစ်သည်။ယခု ထိုဒယ်အိုးက သူ့ဆီသို့ တည့်တည့်ကြီး တိုးဝင်လာခဲ့ပြီး ဖြစ်လေရာ မည်ကဲ့သို့ မကြောက်မရွံ့နေနိုင်ပါမည်နည်း။


ဘန်......


ထိုစစ်နတ်ဘုရားက ဂယောင်ခြောက်ခြားဖြင့် ထို ဒယ်အိုး ရပ်တန့်သွားစေရန် မျှော်လင့်လျက် လက်ကိုမြှောက်၍ ရိုက်ချလိုက်သည်။မဟူရာလိပ်ခုံးဒယ်အိုးက သူ့၏စွမ်းအားများကို နောက်တစ်ကြိမ် ထပ်မံ ပြသလိုက်ပြန်သည်။စစ်နတ်ဘုရား၏ လက်က လိမ်ကျိုးသွားပြီးနောက် ဒယ်အိုးက ဆက်လက် ပျံသန်းလာကာသူ့၏ ခေါင်းကို ထုချေလိုက်သည်။


ပုဖန်က ကောင်းကင်ယံထက်ဆီသို့ ခြေတစ်လှမ်း လှမတက်လိုက်သည်။သူ ဒယ်အိုးကို မြဲမြဲဆုပ်ကိုင်လိုက်ပြီးနောက် စစ်နတ်ဘုရား၏ ခေါင်းကို နောက်တစ်ကြိမ် ထုချလိုက်ပြီး မြေပြင်ပေါ် ပြုတ်ကျသွားစေသည်။


ဘန်း.....


ကျယ်လောင်လှသော အသံနှင့်အတူ စစ်နတ်ဘုရား၏ မျက်ဝန်းထဲ၌ မြောက်များလှစွာသော ကြယ်များ ပြိုးပြိုးပျက်ပျက် လက်သလို မြင်လိုက်ရပြီး မေ့လဲကျသွားလေသည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး ပင့်သက်အသာရှိုက်လိုက်သည်။ထို့နောက်သူ အရှေ့သို့ ခြေတစ်လှမ်းထပ်လှမ်းလိုက်လေရာ ရွှံ့နွံများက ဘေးပတ်ဝန်းကျင်သ်ို့ လွင့်စင်သွားလေသည်။ပုဖန်၏ ခန္ဓာကိုယ်က အလင်းတန်းတစ်ခုကဲ့သို့ပင် ပျောက်ကွယ်သွားပြီး ရွှံ့ထဲ ပြုတ်ကျသွားရာမှ ပြန်လည် တွားသွားထွက်လာသော တန်ခိုးရှင်၏ ဘေးနား၌ ထွက်ပေါ်လာလေသည်။


တန်ခိုးရှင်မြွေလူသားက သူ့ဘေးနားသို့ ရောက်လာသောသူကို တွေ့သည်နှင့် တစ်ပြိုင်နက် သူ့၏ မျက်ဝန်းများက စူးရှ ကျဉ်းမြောင်းသွားသည်။


"သေသင့်တဲ့လူသား....."


တန်ခိုးရှင်မြွေလူသားက ကျိန်းဝါးလိုက်ပြီး သူ့၏ အစွယ်ကို လှစ်ဟပြလိုက်လေသည်။


ပုဖန်က ထိုတန်ခိုးရှင်ကို မတုန်မလှုပ်ပင် စိုက်ကြည့်နေလိုက်၏။ထို့နောက် သူ့လက်ထဲမှ ဒယ်အိုးကို ခပ်မြင့်မြင့်မြှောက်လိုက်ပြီး ထိုသူ၏ ခေါင်းကို နောက်တစ်ကြိမ် ထုချလိုက်ပြန်သည်။


မြွေလူသား၏ မျက်ဝန်းများက မှုန်ဝါးသွားပြီး မြေပြင်ပေါ်သ်ို့ နောက်တစ်ကြိမ်ပြန်လဲကျသွားကာ ပြန်လည် ထမလာနိုင်တော့ချေ။


"သူက မြွေလူသား ဖြစ်နေတာ နှမြောစရာပဲ တကယ်လို့သူ့မှာသာ လူသားအစိတ်အပိုင်းတွေ မရှိဘူးဆိုရင်.....တကယ့်ကို အရသာရှိတဲ့ အဆင့်မြင့် ပါဝင်ပစ္စည်း တစ်ခု ဖြစ်လာမှာပဲ.....ဟူး....."


ပုဖန်က မေ့လဲကျနေသော တန်ခိုးရှင်မြွေလူသား၏ အမြီးကို ခပ်မြင့်မြငိ့ မြှောက်ကိုင်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်ကာ ပြန်လည် လွှတ်ချလိုက်သည်။


မည်သို့ပင် ဆိုစေကာမူ ပုဖန်က လူသားတစ်ယောက်သာဖြစ်လေသည်။မြွေလူသားများ၏ မျိုးနွယ်စုစာရင်းတွင် မြွေဟူသည့် စကားလုံးပါရှိနေသော်လည်း လူသားဟူသည့် စကားလုံးကလည်း ပါဝင်နေပြန်သည်။ပုဖန်က လူသားကို စားသောက်သည့် အလုပ်ကိုတော့ မလုပ်နိုင်ချေ။


သို့သော်လည်း ပုဖန်၏ လှုပ်ရှားမှုများက ယုဖန်ကို မည်မျှ ကြောက်ရွံ့အောင်လုပ်လိုက်မိသည်ကို သူမသိလိုက်ချေ။သူ့၏ မြွေလူသား ခန္ဓာကိုယ်က စွမ်းအင်များ ပျောက်ဆုံးသွားပြီး ခွေယိုင်လာလေသည်။


"ပိုင်ရှင်ပုက တန်ခိုးရှင်မြွေလူသားကို စားဖို့ ကြံရွယ်နေမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး.....သူက တန်ခိုးရှင်ကိုတောင် စားရဲတယ်ဆိုမှတော့ သူမစားရဲတာ ဘာများ ရှိဦးမှာလဲ....."


ပုဖန်က တစ်ခြား မြွေလူသား ပညာရှင်များကို လျစ်လျူရှူလိုက်သည်။ထို့နောက် ပထမဆုံး သူကို အကြီးအကျယ် ကန့်ကွက်စကားဆိုခဲ့ကြသည့် မြွေမျိုးနွယ် အကြီးအကဲများကို လှမ်းကြည့်လိုက်လေ၏။ထို သူများ အားလုံးက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ခေါင်းငုံ့ထားကြပြီး အသက်တစ်ချက်ပင် မထွက်ရဲသည်ကို တွေ့လိုက်ရသည်။


ယခုအခ်ျိန်၌ စိတ်လှုပ်ရှားတက်ကြွနေသည့်သူမှာ အားနီတစ်ယောက်တည်းသာ ရှိလေသည်။အားနီက တောက်ပလင်းလက်လှသော အကြည့်များဖြင့် ပုဖန်ကို စိတ်အားထက်သန်စွာ ကြည့်ရှူနေသည်။


ပုဖန်က သတိလစ်နေသည့် တန်ခိုးရှင် မြွေလူသားကို အမြီးမှ ဆုပ်ကိုင်၍ ဆွဲထုတ်လိုက်ပြီး အားနီရှိရာဆီသို့ ဆွဲလာလိုက်သည်။


"မဟာမြွေလူသား မြို့တော်က ဘယ်မှာရှိတယ်ဆိုတာကို မင်းသိလား....တိတိကျကျပြောရမယ်ဆိုရင်တော့ ယုဖူက ဘယ်မှာလဲဆိုတာကို မင်းသိလား...."


ပုဖန်က မေးလိုက်သည်။မျက်ဝန်းထဲမှ အလင်းတန်းများထွက်ကျမတက် ပုဖန်ကို ကြည့်နေသော အားနီက သတိဝင်လာပြီး ပြန်လည် ဖြေကြားလိုက်သည်။


"ငါသိတယ် ပိုင်ရှင်ပု.....ငါက အဲ့ဒီနေရာကို ခေါ်သွားပေးမယ်....."


ထိုအခ်ျိန်၌ မျက်နာပျက်ယွင်းနေသော ယုဖန်က စကားပြောဆိုရန်အတွက် ပါးစပ်ဖွင့်ဟလိုက်သည်။


"ပိုင်ရှင်ပု ငါ...."


"ပါးစပ်ပိတ်ထား.....နောက်ထပ်စကားဆိုလိုရှိရင် ငါ့ဒေါသကို မထိန်းနိုင်ပဲ မင်းကို ထုချေမိလိုက်မယ်....."


ပုဖန်က သူ့၏ လက်ထဲမှ မဟူရာလိပ်ခုံးဒယ်အိုးကို မြှောက်ကိုင်၍ ပြောလိုက်လေရာ ယုဖန်က တုန်ယင် ကြောက်ရွံ့သွားသည်။သူ စကားတစ်ခွန်းမျှ ထပ်မဆိုရဲတော့ပဲ ပြောချင်သည့် စကားလုံးများကို ပြန်လည် မျိုချလိုက်သည်။


"သွားကြမယ်.....ငါ့ကို လမ်းပြ......"


ပုဖန်က အားနီကို ညှင်သာစွာကြည့်၍ ပြောလိုက်သည်။အားနီက ခေါင်းညိတ်ပြလိုက်ပြီးနောက် တန်ခိုးရှင် မြွေလူသားကို တစ်ချက်ကြည့်၍ စပ်ဖြဲဖြဲ အမူအရာဖြင့် အသက်တစ်ချက် ရှုလိုက်သည်။ထို့နောက် သူ့၏ အမြီးကို လွှဲယမ်းလိုက်ရင်း ရှေ့မှ ဦးဆောင်၍ လျှောက်လှမ်းလိုက်၏။


ပုဖန်က တန်ခိုးရှင်မြွေလူသား၏ အမြီးကို ဆွဲကိုင်ပြီး အားနီ၏ နောက်မှ အေးအေးဆေးဆေး လိုက်သွားလေသည်။ထို တန်ခိုးရှင်မြွေလူသားက သေလူကဲ့သို့ အနည်းငယ်မျှပင် ရွေ့လျားမှုမရှိတော့ပေ။အကယ်၍ အသက်မျှင်မျှင်လေး ရှူနေခြင်းကြောင့်သာ မဟုတ်လျှင် မဟူရာလိပ်ခုံးဒယ်အိုး၏ လက်ချက်ဖြင့် သေသွားမည်ဟု ယူဆကြပေလိမ့်မည်။


ဝေရာ.....


ကြောက်မက်ဖွယ်ကောင်းလှသော ပင်လယ်လှိုင်းလုံးကြီးများက ကောင်းကင်ယံကို ထိစပ်မတက်ပင် မြင့်တက်နေသည်။ကျယ်လောင်လှသော လေပြင်းသံနှင့် အနက်ရောင်တိမ်တိုက်များက ပုံရိပ်ယောင် စိတ်ဝိညာဉ်နွံမြေတစ်ခွင်ကို ဖုံးလွှမ်းနေ၏။ထိုအရာများက ကမ္ဘာပျက်ကပ် စတင်နေဟုပင် ထင်နေရလေသည်။


ကျယ်လောင်လှသော လေထုကို ဆုတ်ဖြဲသံနှင့်အတူ လှပလှသောအမျိုးသမီးတစ်ဦး ထိုနေသို့ ရောက်ရှိလာလေသည်။သူမ၏ အပြာရောင် မြွေအမြီးက လေထဲသို့ လှုပ်ယမ်းနေပြီး သူမ၏ အစိမ်းရောင် ဆံနွယ်များကလည်း လေ အရှိန်ကြောင့် တဖြတ်ဖြတ်လွင့်ခါနေလေသည်။


မြွေမျိုးနွယ်အာဏာပိုင်၏ လှပလှသော မျက်နာလေးက တင်းမာခတ်ထန်နေလေသည်။သူမက ပေရာချီ မြင့်မားလှသော လှိုင်းထန်နေသည့် ပင်လယ်ပြင်ကို မမှိတ်မသုန် စိုက်ကြည့်လိုက်၏။


သူမ၏ လှပလှသော မျက်ဝန်းလေးများက အဝေးတစ်နေရာဆီသို့ ရောက်ရှိသွားပြီး ပင်လယ်လှိုင်းလုံးများကြားထဲ၌ ပါလာသော ပုံရိပ်များကို တွေ့မြင်လိုက်ရသည်။သူမ၏ခန္ဓာကိုယ်က တောင့်တင်းသွားကာ ရင်အစုံက တုန်ယင်သွားပြီး အသက်ပြင်းပြင်း တစ်ချက် ချလိုက်မိသည်။


" ဒီအဏ္ဏဝါမျိုးစိတ်တွေက ငါတို့ ပုံရိပ်ယောင် နွံမြေကို ကျူးကျော်လိုတာလား......သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ......"