အပိုင်း ၃၈၈
Viewers 53k

အခန်း ၃၈၈

သလင်းကျောက်တွင်းမှာ ပြသနာရှိနေတာလား...


ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေအတွင်း သလင်းကျောက်တွင်း တည်ရှိရာနေရာ ....


တွင်းနက်ထဲမှ ရှားပါးပြီးအရည်အသွေးမြ မြင့်လှသော သလင်းကျောက်များကို တူးဖော်ထုတ်ယူနေသည်။ တွင်းပတ်ဝန်းကျင်၌လည်း မြွေလူသားများဖြင့် လှုပ်ရှား သက်ဝင်နေပေသည်။


သလင်းကျောက်များက နေရောင်ခြည်အောက်တွင် ထွန်းလင်းတောက်ပလင်းလက်နေသည်။ထိုသလင်းကျောက်ထဲ၌ စွမ်းအင်ကြိုးလေးများလှည့်ပတ်နေသည်။


စွမ်းအင်များ တောက်ပနေလေရာ တောက်ပကြည်လင်လှသော စိန်နှင့်ပင်တူညီလှသည်။


လေတိုးသံ တစ်ချက်နှင့်အတူ ဓားအလင်းတစ်ချက် လက်သွားသည်။


ပိုင်ကျန့်က သူ့၏ ဓားပေါ်မှ ရပ်တန့်နေပြီး သလင်းကျောက်တွင်းကို ဆက်လက် ကြည့်ရှုစစ်ဆေးနေသည်။


ထိုသလင်းကျောက်တွင်း ပေါ်ပေါက်လာခြင်းက မဟာမြွေလူသား မြို့တော်နှင့် တိမ်ဖြူစံအိမ်အတွက် များစွာ အကျိုးသက်ရောက်မှု ရှိသည်။ထိုသလင်းကျောက်တုံးကြောင့် သူတို့ နယ်ပယ် နောက်တစ်ဆင့် သို့ တက်ရောက်နိုင်မည့် အခွင့်အရေးများ များစွာရရှိခဲ့သည်။


ထိပ်တန်း အဆင့် အရည်သွေးမြင့်လှသော သလင်းကျောက်များက အကောင်းဆုံး ရတနာများပင် ဖြစ်သည်။ပြောရမည်ဆိုလျှင် ထိုသလင်းကျောက်များက ကျင့်ကြံမှု ပြုလုပ်ရာ၌ အကောင်းဆုံး ပစ္စည်းပင် ဖြစ်သည်။


ပိုင်ကျန့်က ဓားပေါ်မှ ဆင်းသက်လိုက်ပြီး ရွှံ့မြေပေါ်၌ လှည့်လည် သွားလိုက်သည်။တိမ်ဖြူစံအိမ်မှ လူသားများကလည်း မြွေလူသားများကဲ့သို့ပင် ကြိုးကြိုးစားစား လုပ်ဆောင်နေကြသည်။


သူတို့က ထိုမိုင်းတွင်းမှ သလင်းကျောက်အများအပြား တူးဖော်ရရှိပြီးပြီ ဖြစ်သည်။ထိုသလင်းကျောက်တွင်းထဲ၌ သလင်းကျောက်များ မကုန်မခမ်းနိုင်အောင် တည်ရှိနေသည်ဟု ထင်ရသည်။


ရုတ်တရက် မြေပြင်က အနည်းငယ် တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ပိုင်ကျန့်၏ စိတ်ထဲ၌ ထိတ်ခနဲ ဖြစ်သွားပြီး သူ တွင်းအောက်ခြေသို့ စိတ်ရှုပ်ထွေးစွာဖြင့် လှမ်းကြည့်လိုက်သည်။


ရွှံ့နွံများ ပေကျံနေသည့် မြွေလူသား တစ်ယောက် တွင်းထဲမှ ထွက်လာသည်ကို သူတွေ့လိုက်ရသည်။ထိုသူ၏ မျက်နာက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေပြီး အလျှင်အမြန် လျှောထွက်လာသည်။


"ခေါင်းဆောင် တွင်းထဲမှာ ထူးခြားတဲ့ တစ်စုံတစ်ခု ရှိနေတယ်....."


မြွေလူသားက စိုးရိမ်ပူပန်စွာဖြင့် သတင်းပို့လိုက်သည်။သိုသော်လည်း သူ့၏ မျက်လုံးအတွင်းထဲ၌ စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။သလင်းကျောက်တွင်းထဲ၌ မွေးဖွားလာသော တစ်စုံတစ်ရာက အဖိုးအနဂ္ဂ ထိုက်တန်သော ရတနာပင် ဖြစ်ပေလိမ့်မည်။


ပိုင်ကျန့်က အနည်းငယ် အံ့အားသင့်သွားသည်။သူမြွေလူသား၏ တင်ပြချက်ကို ကြားသော်လည်း တွင်းထဲ၌ ဖုံးကွယ်နေသော အရာဝတ္တုက မည်သည့်အရာဖြစ်မှန်း သူ မဆုံးဖြတ်နိုင်ပေ။


သူက သေချာစွာမဆုံးဖြတ်နိုင်သောကြောင့် သူကိုယ်တိုင် ကြည့်ရှု စစ်ဆေးရန် သလင်းကျောက်တွင်းထဲသို့ မြွေလူသားနောက်မှ လိုက်ဝင်သွားလိုက်သည်။


သူတို့တူးဖော်ခဲ့သော သလင်းကျောက်တွင်းက ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေအတွင်း၌ တည်ရှိပြီး မြေပြင်၏အောက် နိမ့်ကျနေသော်လည်း ထူးခြားသည့် ခံစားချက်မျိုး ခံစားရသည်။ထိုနေရာ၌ လေထုက ခြောက်သွေ့နေပြီး သူတို့ခြေဖဝါးအောက်ရှိ မြေပြင်က မာကျောကာတည်ငြိမ်လှသည်။


မိုင်းအတွင်းလမ်းနံရံတစ်ဖက်တစ်ချက်စီ၌ အက်ကွဲနေသော သလင်းကျောက်တုံးလေးများ တစ်စွန်းတစ်စ ထွက်ပေါ်နေသည်။နေရောင်ခြည်ကဲ့သို့ လင်းလက်လှသော သလင်းကျောက်တွင်းလေးများက မိုင်းအတွင်းလမ်းကို အလင်းရောင်များ ထွန်းလင်းပေးထားသည်။


ပိုင်ကျန့်က အရှေ့ကို ဆက်လက်လျှောက်သွားလိုက်သည်။ခဏမျှ ကြာပြီးနောက် သူ့၏ ခြေလှမ်းများက နှေးကွေးလာပြီး နေရာ၌ ရပ်တန့်သွားလေသည်။


အဘယ့်ကြောင့်ဆိုသော် တွင်း၏ အနက်ရှိုင်းဆုံးနေရာမှ အလင်းတန်းများ ထွက်ပေါ်နေခြင်းကြောင့် ဖြစ်သည်။ထိုနေရာ၌ ရှိနေသော မြွေလူသားများကလည်း တစ်ဦးနှင့်တစ်ဦး တီးတိုးပြောဆိုနေကြသည်။သူတို့၏ လုပ်လက်စအလုပ်များကို ခဏမျှ ရပ်ထားပြီး တစ်စုံတစ်ရာကို စူးစမ်းချင်စိတ်အပြည့်ဖြင့် စိုက်ကြည့်နေကြသည်။


ပိုင်ကျန့်ရောက်လာသည်နှင့် ထိုမြွေလူသားများက အလျှင်အမြန်ပင် လမ်းဖယ်ပေးလိုက်ကြသည်။လမ်းရှင်းသွားသည်နှင့်တစ်ပြိုင်နက် ပိုင်ကျန့်၏ မျက်လုံးရှေ့၌ တောက်ပလင်းလက်လှသော အရာတစ်ခုကို တွေ့လိုက်ရသည်။


ထိုနေရာ၌ ကြီးမားလှသော သလင်းကျောက်လုံး သုံးလုံးရှိနေသည်။သူတို့ထိုအရာကို သလင်းကျောက်ဖြင့် ပြုလုပ်ထားပုံပေါ်သော်လည်း မျက်နာပြင်က လုံးဝချောမွေ့နေသည်မဟုတ်ပဲ အဖုအချိုင့်များဖြင့် ပြည့်နှက်နေသည်။


ထိုအလုံးသုံးလုံး၏ တောက်ပလင်းလက်လှသော အလင်းရောင်က မျက်စိကိုပင် ကျိန်းစပ်စေသည်။ပိုင်ကျန့်က မျက်ခုံးပင့်လိုက်မိပြီး ထိုသလင်းကျောက် လုံးကို လက်ဖြင့် ပုပ်ခတ်လိုက်သည်။ထိုသလင်းကျောက်က အလွန်ခိုင်ခံ့မာကြောလှပြီး ကြီးမားလှသော ကြည်လင်သည့် ဘောလုံးတစ်လုံးနှင့် တူညီနေသည်။


"ဒါပေမယ့် ဒီမိုင်းတွင်းထဲမှာ .ကြည်လင်တဲ့ ဘောလုံးတွေ ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ....."


ပိုင်ကျန့်က ခေါင်းကုတ်ရင်း စဉ်းစားလိုက်သည်။အနီးအနားရှိ နံရံများပေါ်တွင်လည်း သလင်းကျောက်များ နစ်မြှုပ်နေသောကြောင့် ကြွယ်ဝစွာ အလှဆင်ထားသည်နှင့် တူနေသည်။ရုတ်တရက် သလင်းကျောက်လုံးကို စူးစိုက်ကြည့်နေသော ပိုင်ကျန့်၏ မျက်ဝန်းများကလည်း လှုပ်ရှားသွားသည်။သူ၏ စိတ်ထဲသို့ကြောက်ရွံ့သော ခံစားချက်တစ်ရပ် တိုးဝင်လာပြီး သူခေါင်းမော့ကြည့်လိုက်သည်။


သလင်းကျောက် နံရံပေါ်၌ မှုန်ဝါးဝါးပုံရိပ်တစ်ခု ပေါ်လာသည်။ရေစက်လေးများ တစ်စက်ချင်း စုဆောင်းလိုက်သလိုမျိုး ထိုပုံရိပ်က တဖြေးဖြေး ကြည်လင် ထင်ရှားလာသည်။


ထိုပုံရိပ်က ထူးခြားဆန်းပြားသည့် သားရဲတစ်ကောင်ပုံရိပ်ဖြစ်သည်။ထိုသားရဲကောင်၏ အနီရောင်တောက်ပနေသော မျက်ဝန်းများက ပိုင်ကျန့်ကို မလွှဲတမ်းစိုက်ကြည့်နေသည်။ပိုင်ကျန့်၏ စိတ်ထဲ၌ အချက်ပေးသံများ ဆူညံသွားသည်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သလင်းကျောက်တွင်းထဲမှာ ဘယ်လိုဖြစ်ပြီး စိတ်ဝိညာဉ် သားရဲတစ်ကောင် ရှိနေတာလဲ ....."


............


ကြီးမားလှသော လှိုင်းလုံးများက မယုံနိုင်စရာ အမြန်နှုန်းဖြင့် နီးကပ်လာပြီး နောက်ဆုံး မတ်စောက်လှသော ကမ်းပားထိပ်သို့ ရောက်သွားလေသည်။


ရက်စက်ကြမ်းကြုတ်လှသော လှိုင်းလုံးများ၏ အောက်၌ ရွာတစ်ရွာလုံးနစ်မြှုပ်ပျောက်ကွယ်သွားသည်။လှိုင်းများ၏ ရိုက်ခတ်မှုဒဏ်ကြောင့် မြောက်များလှစွာသော အိမ်များ ဖြိုပျက်စီးသွား၏။ ရေပေါ်၌ မျောလောပါနေသော လှေငယ်လေးများကလည်း လှိုင်းရိုက်ချက်ကြောင့် တစ်စစီပြိုကွဲသွားပြီး သစ်သားစများက နေရာအနှံ့ပြန့်ကျဲနေလေသည်။


ဘုန်း....ဘုန်း....


ရေလှိုင်းများကြားထဲမှ ကြီးမားလှသော ရေသတ္တဝါများ မရေမတွက်နိုင်လောက်အောင် ပေါ်ထွက်လာသည်။ထိုအဏ္ဏဝါမျိုးစိတ်များ၏ နောက်၌ ပျော်ရွှင်နေသော အမူအရာဖြင့် ရေသတ္တဝါ တစ်ကောင်က ရှေ့သို့ သွားရန် အော်ဟစ်တိုက်တွန်းနေသည်။


အဏ္ဏဝါမျိုးစိတ် စစ်သည်တော်များနှင့် စိတ်ဝိညာဉ် ရေသတ္တဝါများက ရေလှိုင်းများထဲ၌ ဆင်းသက်လာပြီးနောက် ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေအတွင်းသို့ မုန်တိုင်းတစ်ခုသဖွယ် တိုးဝင်သွားကြသည်။


အပြာရောင် အကြေးခွံများရှိ၍ သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသော အဏ္ဏဝါ စစ်သည်တော်က ရက်စက်ကြမ်းကြုတ်သော အမူအရာရှိသည်။


သူက ပင်လယ်နက်ကျိုင်းပုစွန်ကို စီးနှင်းထားသည်။ထိုပုစွန်၏ ရှည်လျားလှသော လက်တံများက မြေပြင်ပေါ်၌ ယက်ကာ မယုံနိုင်စရာ အမြန်နှုန်းဖြင့် ရှေ့သို့ ချီတက်နေသည်။


ကြမ်းတမ်းလှသော ပင်လယ်ရေလှိုင်းများက ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေ၌ တစ်လက်မချင်း တိုးရွားလာနေသည်။သို့သော်လည်း ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေက အလွန်တရာ ကျယ်ပြောလှသည်။ထို့ကြောင့် ရေလှိုင်းများက ဒေါသကြီးဟန်ဖြင့် လှုပ်ခတ်နေပြီးနောက် ပြန်လည် လျော့ကျသွားသည်။


ဒီရေ ပြန်ကျသွားသည်နှင့် မြောက်များလှစွာသော အဏ္ဏဝါမျိုးစိတ်များ ပေါ်ထွက်လာသည်။သူတို့က မဟာမြွေလူသားမြို့တော်ရှိရာဆီသို့ ဦးတည်ချီတက် လာကြသည်။


သူတို့၏ ပစ်မှတ်နှင့် တဖြေးဖြေးချင်း နီးကပ်သထက်နီးကပ်လာလေပြီ။


..........


ပုဖန်က သူ့၏ ရှေ့သို့ ဆင်းသက်လာသော ဝူမူကို ကြည့်လိုက်သည်။သူ့၏ မျက်နာပေါ်၌လည်း ထူးဆန်းသည့်အမူအရာက အထင်းသားပေါ်လွင်နေ၏။


ဝူမူက ဒီနေရာ၌ ပုဖန်ကို အမှန်တကယ်ကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။အထူးသဖြင့် ထိုခွေးနက်ကြီးနှင့် အတူတကွရှိနေခြင်းကို ဖြစ်သည်။


"သူက တကယ်ပဲ မဟာမြွေလူသားမြို့တော်ကို တိုက်ခိုက်တော့မလို့လား... ဒီနေရာမှာဘာတြွေဖစ်နေတာလဲ.....မင်းက လေအလင်းအင်ပါရီယာ မြို့တော်မှာပဲ ရှိနေသင့်တယ်မဟုတ်ဘူးလား.....ဘယ်လိုဖြစ်ပြီး ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေမှာ ပြဿနာလာရှာနေရတာတုန်း....."


သူ့စိတ်ထဲမှာ မချိတင်ကဲ တွေးလိုက်မိသည်။


"ပိုင်ရှင်ပု ဒီမှာ နားလည်မှုလွဲနေတာ တစ်ခုခု ရှိတာဖြစ်ပါလိမ့်မယ်....ငါတို့အရင်ဆုံး အေးအေးဆေးဆေး စကားပြောကြည့်ကြရအောင်......အင်အားသုံးပြီးဖြေရှင်းတာက ကောင်းတဲ့အရာမဟုတ်ဘူး......"


ဝူမူက ပုဖန်ကို ပြုံးပြ၍ ပြောလိုက်သည်။


ပုဖန်က နှုတ်ခမ်းတစ်ဖက်ရွဲ့လိုက်ပြီး ဝူမူကို ကြည့်လိုက်သည်။သို့သော်သူက မည်သည့်စကားမှ ပြန်မပြောလိုက်ချေ။


မြို့တံတိုင်းဆီသို့ ပြုတ်ကျသွားသော တုခိုင်က ပြန်လည်၍ ရပ်တည်လိုက်သည်။ထို့နောက် သူ့၏ အားများကို စုစည်းလိုက်ပြီး ပုဖန်ဆီသို့ နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်သောအချိန်၌ ဝူမူက ထွက်ပေါ်လာခဲ့သည်။


တိမ်ဖြူစံအိမ်၏ အရှင်သခင် ဝူမူက တန်ခိုးရှင် အဆင့် အထွဋ်အထိပ် ဓားသမားတစ်ယောက်ဖြစ်သည်။သူ့၏ ခွန်အားက မယုံနိုင်စရာကောင်းလောက်အောင် သန်မာလှသည်။မြွေမျိုးနွယ်အာဏာပိုင်သာလျှသူ့၏ ပြိုင်ဘက် ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။


"အဲ့ဒီလိုလူမျိုးက ဘယ်လိုဖြစ်ပြီး ဒီလိုနေရာမှာ ပေါ်လာရတာလဲ......"


ထို့အပြင် သူ့၏ အမူအရာကို အကဲခတ်၍ ပြောရလျှင် သူက ထိုလူသားကို ရိုသေကျိုးနွံနေသည့်ပုံ ပေါ်လေသည်။


"ဘာတွေ ဖြစ်ကုန်တာလဲ.....မင်းက တောင်ပိုင်းဒေသရဲ့ ထိပ်သီး စစ်သည်တော် .....တိမ်ဖြူစံအိမ်ရဲ့ ပြိုင်ဘက်မရှိတဲ့ အရှင်သခင်လေ ဘယ်လိုဖြစ်ပြီး အဆင့် ၇ သူတော်စင် အဆင့်တစ်ယောက်ကို ကျိုးနွံနေရတာလဲ......"


"ခင်ဗျားက ဒီနေရာမှာ လာနောက်ပြောင်နေတာလား......"


ထိုသူဆီ၌ သူမသိသည့် အကြောင်းအရာများ ရှိနေပုံပေါ်လေသည်။ထိုလူသား၏ နောက်ခံက မယုံနိုင်လောက်အောင် သန်မာသည့် ဂိုဏ်းဖြစ်နေမည်လား....


ထိုအကြောင်းအရာက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။အစွမ်းရှိလှသော ခွေးနက်ကြီး တစ်ကောင်နှင့် ဒယ်အိုးတစ်လုံးကို ပိုင်ဆိုင်ထားသည့် သူက နောက်ခံကောင်းကောင်းရှ်ိနိုင်ပေလိမ့်မည်။


"ပိုင်ရှင်ပု...ငါတို့... ဘာလို့ မြွေလူသားမြို့တော်ထဲကို ဝင်ပြီး စကားကောင်းကောင်းမပြောရတာလဲ....."


ဝူမူက အတင်းဟန်လုပ်ပြုံး၍ အကြံပြုလိုက်သည်။သူက တုဝေ့နှင့် တုခိုင်တို့ ဘက်သို့ လှည့်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။


"အခုချက်ချင်း မြို့တံခါးကို ဖွင့်... ငါပိုင်ရှင်ပုကို မြွေမျိုးနွယ်အာဏာပိုင်ကို တွေ့ဖို့အတွက် ခေါ်သွားရမယ် ....ဒီနေရာမှာ နားလည်မှု လွဲနေတာ တစ်ခုခုရှိရမယ်....မလိုလားအပ်တဲ့ တိုက်ပွဲတွေ မဖြစ်အောင်လို့ ဒီပြဿနာကို အရင်ဆုံးဖြေရှင်းရမယ်....."


တုဝေ့နှင့် တုခိုင်က တစ်ယောက်ကို တစ်ယောက် ကူရာမဲ့စွာ ကြည့်လိုက်ကြသည်။မြို့ရိုတံတိုင်းပေါ်၌ ရှိနေကြသော မြွေလူသားအားလုံးကလည်း ကြောင်အမ်းအမ်း ဖြစ်နေကြသည်။


မြွေမျိုးနွယ်အာဏာပိုင်က သူ့၏ ကျောက်စိမ်းအဆောင်ပြားကို ချိုးဖျက်ပြီး သူ့ကို ဆင့်ခေါ်လိုက်ပေသည်။ထိုအဓိပ္ပါယ်က တစ်စုံတစ်ခု ပြဿနာဖြစ်နေကြောင်း သံသယရှိစရာမလိုပေ။


"ဒါက ပိုင်ရှင်ပု ကြောင့်လား..... မဖြစ်နိုင်ဘူး...အဲ့ဒီထက်ပိုပြီး အရေးကြီးတဲ့ ကိစ္စပဲ ဖြစ်ရမယ်...."


ယခုလိုအချိန်မျိုးတွင်၌ တိုက်တိုက်ဆိုင်ဆိုင် ပိုင်ရှင်ပုနှင့် ကြောက်စရာကောင်းလောက်သော ခွေးနက်ကြီးတို့က မဟာမြွေလူသား မြို့တော်သို့ ဖျက်စီးရန် ရောက်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။


"ငါ ပိုင်ရှင်ပုနဲ့ ကြောက်စရာကောင်းတဲ့ ခွေးနက်ကြီးကို အပြစ်မဖို့စေဖို့ မြွေမျိုးနွယ် အာဏာပိုင်ကို ဖြောင်းဖျပြောဆိုရမယ်....အဲ့ဒီခွေးနက်ကြီးက နတ်ဘုရားနယ်ပယ် စစ်သည်တော်ကိုတောင် အဆုံးသတ်သွားအောင် လုပ်နိုင်တယ်....."


တုဝေ့က စိတ်ဓာတ်ခိုင်မာပြီး ရဲရင့် ပြတ်သားသူ ဖြစ်သည်။သူမက မြို့တံခါးဖွင့်ရန် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် အစောင့်များဘက်သို့ လှည့်၍ အမိန့်ပေး စေခိုင်းလိုက်သည်။အခြားမြွေလူသားများက ကြောင်အမှင်သက်နေဆဲ ဖြစ်သော်လည်း သူတို့ အမိန့်ကို နာခံလိုက်ကြသည်။


မဟာမြွေလူသား မြို့တော်ထဲ၌ တိမ်ဖြူစံအိမ်၏ အရှင်သခင် ဝူမူက မြင့်မားလှသော အဆင့် အတန်း ဂုဏ်သိက္ခာရှိသည်။ဝူမူက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ပုဖန်နှင့် ဘလက်ကီကို မဟာမြွေလူသား မြို့တော်အတွင်းသို့ ခေါ်ဆောင်သွားလိုက်သည်။


ပုဖန်က ဘလက်ကီ၏ လက်ဝါးရိုက်ချက်ဖြင့် မြို့တံခါးဝကို ဖောက်ကွဲပစ်ရန် စဉ်းစားထားခဲ့ပြီ ဖြစ်သည်။သို့သော်လည်း သူက ဝူမူ ထွက်ပေါ်လာခဲ့မည်ဟု လုံးဝ မထင်ထားခဲ့ပေ။


ဝူမူဦးဆောင်၍ မဟာမြို့တော်အတွင်းသို့ ခေါ်ဆောင်သွားခြင်းကလည်း ပို၍ အခြေအနေ ကောင်းမွန်ပေသည်။


သူတို့ မဟာမြွေလူသားမြို့တော်အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် မြို့၏ ခမ်းနားကြီးကျယ်မှုကြောင့် ပုဖန် အံ့အားသင့်သွားမိသည်။


အင်ပါရီယာမြို့တော်နှင့် နှိုင်းယှဉ်လိုက်လျှင် မဟာမြွေလူသားမြို့တော်က ပို၍ စည်ပင်သာယာ ဝပြောပေသည်။ပတ်ဝန်းကျင်တစ်ခွင် တွေ့နေရသော ဗိသုကာ လက်ရာများကလည်း အင်ပါရီယာ မြို့တော်နှင့် ခြားနားလှပေသည်။ လမ်း၏ တစ်ဖက်တစ်ချက်၌ ရှိနေကြသော ပျံကျစျေးသည်များကလည်း ကျယ်လောင်စွာ အော်ဟစ်ရောင်းချနေကြသည်။


ပုဖန်က စိတ်ဓာတ်တက်ကြစွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲ အကဲခတ်ကြည့်ရှုလိုက်သည်။ဒီမြို့၌ အရသာရှိလှသော စားကောင်းသောက်ဖွယ် အများအပြားရှိနေနိုင်ပေသည်။


သူမျှော်လင့်ထားသည့်အတိုင်းပင် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် ပုဖန်က အလွန်မွှေးပျံ့လှသော ရနံ့များကို စတင်ရရှိလိုက်သည်။


လမ်းတစ်ခုပေါ်၌ မြောက်များလှစွာသော အစားအသောက်များကို ရောင်းချနေသည်။မြွေလူသား တစ်ယောက်က ပြည်ကြီးငါးများကို အဆီရွှဲရွှဲဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ချက်ပြုတ်နေသည်။ထိုနေရာမှ သိပ်သည်းလှသော ရနံ့များကလည်းဝေ့ဝဲထွက်ပေါ်နေ၏။


တစ်ခြားပျံကျစျေးသည် တစ်ယောက်ကလည်း နီရဲနေအောင် ပေါင်းထားသော ကျောက်ပုစွန်များကို ဆွဲကိုင်ထားသည်။အခွံများခွာလိုက်သည်နှင့် တစ်ပြိုင်နက် နူးအိလှသော ပုစွန်သားလေးက တုန်ခါသွားပြီး မွှေးရနံ့ပြင်းပြင်းများ ထွက်ပေါ်လာသည်။လေထဲလွင့်ပါလာသော ထိုမွှေးရနံ့က ပုဖန်ကိုပင် လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။


"မဟာမြွေလူသားမြို့တော်က နယ်နိမိတ်မဲ့ ပင်လယ်နဲ့ နီးတယ်.....အဲ့ဒါကြောင့်မို့ ဒီက အဓိက ပါဝင်ပစ္စည်းတွေ အားလုံးက အဲ့ဒီပင်လယ်ကနေပဲ ရရှိတာဖြစ်တယ်.....ပြောချင်တဲ့ အဓိပ္ပာယ်ကတော့ ဒီနေရာမှာ ပင်လယ်စာ ပေါတယ်.....တစ်ခါတစ်လေကျရင် မြွေလူသားတွေက အဆင့်နိမ့်စိတ်ဝိညာဉ် ရေသတ္တဝါတွေကို ဖမ်းဆီးပြီးတော့ အံ့သြဖွယ်ကောင်းလောက်တဲ့ ဟင်းလျာတွေအဖြစ် ပြောင်းလဲတက်ကြတယ်...."


ဝူမူက ပုဖန်ကို ရှင်းပြပြောဆိုလိုက်သည်။ပုဖန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှေ့ကို ဆက်လျှောက်သွားလိုက်သည်။မကြာခင်မှာပင် ခမ်းနားလှသော မြွေလူသားနန်းတော်ရှိရာဆီသို့ ရောက်ရှိလာလေသည်။


သူတို့ နန်းတော်ထဲ မဝင်ခင်မှာပင် ကျော့ရှင်းလှပလှသော မြွေလူသားအာဏာပိုင်ကို တွေ့လိုက်ရသည်။ထိုမြွေမျိုးနွယ် အာဏာပိုင်ကို တွေ့ရသည်မှာ ကျော့ရှင်းလှပလှသော်လည်း သူမ၏ ပတ်ဝန်းကျင်၌ အေးစက်သော အငွေ့အသက်များကို ထုတ်လွင့်နေလေ။


ထိုသူက ပုဖန်ကို ခေါ်ဆောင်၍ မြွေလူသား အာဏာပိုင်ရှိရာဆီသို့ အလျှင်အမြန်သွားလိုက်သည်။သူ့၏ မျက်နာအမူအရာကလည်း အလျှင်လိုနေပေသည်။


သူမက သူ့၏ အဆောင်ပြားကို ချိုးချေခဲ့ပြီးဖြစ်သည်။သူ့စိတ်ထဲ၌လည်း ဘာမှန်းမသိသော ကြောင့်ကြမှုများကို ခံစားနေရသည်။ပုဖန်က မြွေမျိုးနွယ် အာဏာပိုင်ကို ဆက်ခနဲ တစ်ချက်ကြည့်လိုက်သည်။တောင်စဉ်တစ်ထောင် တောင်တန်း၌ သူမနဲ့ တွေ့ရှိခဲ့ပြီးပြီ ဖြစ်သည်။ထိုအဓိပ္ပါယ်က ထိုသူမကလည်း သူ့ကို မှတ်မိနေပေလိမ့်မည်။


ထိုအခိုက်အတန့်၌ မြွေမျိုးနွယ်အာဏာပိုင်က မျက်လုံးဖွင့်၍ ပုဖန်ကို ကြည့်လိုက်သည်။သူမ၏ အစိမ်းရောင် ဆံပင်များက ဖြတ်ခနဲ လှုပ်ခါသွားပြီး သူ့၏ မျက်လုံးများကလည်း ဝိုင်းစက်ပြူးကျယ်သွားသည်။


သူမ၏ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်ပေါ်လာသည်။သူမကိုကြည့်ရသည်မှာ တစ်စုံတစ်ရာကို ပြန်လည် အမှတ်ရသွားပုံ ပေါ်သည်။


"မင်းပဲ.....ကြမ်းတမ်းခြင်း တစ်သောင်းမီးတောက်ကို မြိုချခဲ့တဲ့ လူသား ကောင်စုတ်လေး....."


မြွေမျိုးနွယ် အာဏာပိုင်က ကြမ်းတမ်းခတ်ထန်သော အသံဖြင့်ပြောလိုက်သည်။သို့သော် မဟာမြွေလူသားမြို့တော်၏ ကောင်းကင်ထက်ဆီမှ လေတိုးသံတစ်ချက်က ထိုးဖောက်ဝင်ရောက်လာပြီး သူမ၏ အသံက မှေးမှိန်ပျောက်ကွယ်သွားသည်။


ကောင်းကင်ပေါ်မှ နေ၍ သွေးလွှမ်းနေသော ပုံရိပ်တစ်ခု အရှိန်ပြင်းပြင်းပြုတ်ကျလာသည်။ထိုပုံရိပ်ကို ကြည့်၍ ဝူမူ၏ မျက်နာအမူအရာက ပြောင်းလဲသွားသည်။


"ပိုင်ကျန့်....."


ထိုသူ၏ ခန္ဓာကိုယ်၌ ဒဏ်ရာများဖြင့် ပြည့်နေပြီး သွေးများဖုံးလွှမ်းနေသည်။သူ့၏ စွမ်းအင် အငွေ့အသက်ကလည်း မှိန်ဖျော့ဖျော့သာရှိလေသည်။ထိုသူက သလင်းကျောက်တွင်းများကို စီမံကွပ်ကဲသွားသော တိမ်ဖြူစံအိမ်မှ တန်ခိုးရှင်အဆင့် ပိုင်ကျန့်ပင် ဖြစ်သည်။


"ပိုင်ကျန့်က ဘာလို့ ဒဏ်ရာတွေ အများကြီးရထားတာလဲ....သလင်းကျောက်တွင်းကို တစ်ယောက်ယောက်က ကျူးကျော်လာတာများ ဖြစ်နိုင်လား.....ဒါမှမဟုတ် သလင်းကျောက်တွင်းမှာ ပြဿနာတစ်စုံတစ်ခုရှိနေတာလား....."