အပိုင်း ၃၉၃
Viewers 54k

အခန်း ၃၉၃

ခွေးငပျင်းဘယ်ရောက်နေတာလဲ....


သူ့၏ ခြေထောက်အောက်မှ ပြင်းထန်လှသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာသည်။ပုဖန်၏ ခန္ဓာကိုယ်က အက်ကွဲကြောင်းထဲသို့ စုပ်ယူခြင်း ခံစလိုက်ရ၏။သူလေဟာနယ်ထဲ ပြုတ်ကျနေစဉ်တစ်လျှောက်၌လည်း ပတ်ဝန်းကျင်ရှိ ပြင်းထန်လှသော လေစီးကြောင်းကြောင့် ဆံပင်များပင် တဖြတ်ဖြတ် လွင့်ခါနေသည်။


သူ့၏ ပတ်ဝန်းကျင်က ပိန်းပိတ်အောင် မှောင်နေသောကြောင့် မည်သည့်အရာမှ မမြင်တွေ့ရသော်လည်း သူနံရံနှင့် နီးကပ်စွာ ရှိနေကြောင်းကို ပုဖန် ခံစားမိလေသည်။သူကျနေစဉ် တစ်လျှောက်၌ နံရံ၌ အေးစိမ့်သော အငွေ့အသက်များ ထုတ်လွင့်နေသည်ကို ခံစားမိလေ၏။


သူ မည်မျှကြာအောင် ပြုတ်ကျနေသည်ကို သူမသ်ိပေ။ရုတ်တရက် စုပ်ယူမှုအားက ပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်ပြီး သူ၏ မြင်ကွင်းများ ပြန်လည် ကြည်လင်လာသည်။


ပိန်းပိတ်အောင်မှောင်သည့် လှိုဏ်ခေါင်းထဲတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့ရပြီးနောက် တစ်ဖန်ပြန်လည်၍ နေရောင်ခြည်ကို မြင်ရတော့မည် ဖြစ်သောကြောင့် သူ စိတ်လှုပ်ရှားမှုကိုပင် ခံစားလိုက်ရသည်။သို့သော်လည်း တကယ်တမ်းတွင် နေရောင်ခြည်ကို မမြင်ရသေးပေ။


အောက်ခြေသို့ ဖြေးဖြေးချင်း ကျဆင်းနိုင်ရန်အတွက် သူ့၏ စွမ်းအင်များကို လှည့်ပတ်လိုက်သည်။သူ့၏ အကြမ်းပတမ်းလွင့်ခါနေသော ဆံပင်များကလည်း တဖြေးဖြေးပြန်လည် ငြိမ်သက်သွားသည်။သူ့၏ အရှိန်နှုန်းကလည်း လွင့်မျောနေရုံသာသာလောက်ထိ လျှော့ကျသွားလေသည်။


မကြာခင်မှာပင် သူ့၏ ခြေဖဝါးက မာကြောသော မြေပြင်ကို ထိတွေ့မိလိုက်သည်။ပုဖန်က မြေပြင်ပေါ်၌ သေချာစွာ ရပ်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။


သူ မြင်တွေ့လိုက်ရသည့်အရာက သူ့ကို လေအေးများ ရှူရှိုက်လိုက်မိစေသည်။ပုဖန်က တဖြေးဖြေးချင်း ခေါင်းမော့ကြည့်လိုက်သည်။သူ တွေ့မြင်ခဲ့ရသောအလင်းရောင်က နေ့ကောင်းကင်မဟုတ်ပေ။


အဘယ်ကြောင့်ဆိုသော် သူက ကြီးမားသော လှိုဏ်ခေါင်းတစ်ခုအတွင်း.. နက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။


သူ့၏ ခေါင်းပေါ်မှာကား... ကြည်လင်လှသော သလင်းကျောက်များဖြင့် ပြည့်နှက်နေသည့် လှိုဏ်းခေါင်းအမိုးဖြစ်သည်။ထို သလင်းကျောက်များထဲ၌ တခြားကွဲပြားခြားနားသော အရောင် ငါးရောင် ခြောက်ရောင်ခန့်မျှ ထုတ်လွင့်နေသည့် သလင်းကျောက်များရှိသော်လည်း အများစုက အဖြူရောင်အလင်းများကို ထုတ်လွင့်နေခြင်းပင် ဖြစ်သည်။


ထို့ကြောင့်ပင် လှိုဏ်ခေါင်းမျက်နာကျက်က နေ့ကောင်းကင်အလား ထင်မှတ်မှားရပြီး လှိုဏ်ခေါင်းတစ်ခုလုံး လင်းထိန်နေခြင်း ဖြစ်သည်။


မျက်နာကျက်၌ သလင်းကျောက်များသာလျှင် ရှိနေခြင်း မဟုတ်ပဲ အခြားတွင်းထွက် ကျောက်အများအပြားလည်း ရှိနေသည်။ပုဖန်က ထိုအရာများကို သတိထားမိသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။သူ့၌ တွင်းထွက်ကျောက် နာမည်များနှင့် ပတ်သတ်သည့် ဗဟုသုတ အနည်းငယ်မျှပင် ရှိမနေပေ။


ဝေရာ.....


လှိုဏ်ခေါင်း၏ အထက်ပိုင်းဆီမှ အရာဝတ္တု တစ်ခု ပြုတ်ကျလာသလိုမျိုး ကျယ်လောင်သော မြည်သံကို ကြားလိုက်ရသည်။ထို့နောက် ပုဖန် ပြုတ်ကျလာသော နေရာဆီမှ ရုတ်တရက် ကျောက်တုံးကျောက်စနများ ပြိုဆင်းကျလာသည်။


ပုဖန်က တွေးတောငေးမောနေရာမှရပြန်လည် သတိဝင်လာပြီး သူ့အနောက်သို့ ထပ်ကြပ်မကွာ လိုက်နေသည့် ပင်လယ်နက် ကျိုင်းပုစွန်ကို သတိရသွားသည်။


"အဲ့ဒီ ဧရာမ သတ္တဝါက ဒီနေရာထိတော့ သူ့နောက်ကို လိုက်ဖမ်းမှာမဟုတ်ဘူး ဟုတ်တယ်မဟုတ်လား ....သူက ဒီနေရာမှာ အလဟဿ သောင်တင်နေချင်မှာတော့ မဟုတ်ဘူးမဟုတ်လား....."


ပုဖန်က သူ့အတွေးဖြင့် စိတ်သက်သာရာရသွားပြီး စပ်ဖြဲဖြဲ ပြုံးလိုက်မိသည်။


ဖျော.....ဖျောက် ....ဖျောက်....


လှိုဏ်ခေါင်း၏ အထက်ပိုင်းမှ ကျောက်တုံးများ ပိုမို၍ ပြုတ်ကျလာပြီး ပင်လယ်နက် ကျိုင်းပုစွန်၏ ဧရာမခေါင်းကြီးက သူပြုတ်ကျလာသည့် အပေါက်ဝ၌ ပေါ်လာသည်။


သို့သော်လည်း ပေါ်လာသည်က ကြီးမားသည့် ခေါင်းမျှသာဖြစ်သည်။သူ့၏ ခန္ဓာကိုယ်က အပေါက်ထဲ၌ ညှပ်နေဆဲ ဖြစ်သောကြောင့် မြေပြင်ပေါ်သို့ ဆင်းလာနိုင်ခြင်းမရှိပေ။


သူ့၏ကြီးမားလှသော မျက်လုံးပြူးကြီးများက ကလည်ကလည် ဖြစ်နေကာ ခေါင်းဆီမှ အတံရှည် နှစ်ချောင်းကလည်း လေထဲ၌ တလှုပ်လှုပ် တရွရွ ဖြစ်နေသည်။


ရုတ်တရက် အပေါက်ထဲ၌ ညှပ်နေသည်ကို သူသတိပြုမိသွားပြီး စိုးရိမ်တကြီးဖြင့် ခြေလက်များကို လှုပ်ရှားလိုက်သည်။ထိုလှုပ်ရှားမှုကြောင့် ကျောက်ခဲကျောက်စများ ထပ်မံ ပြိုကျလာလေသည်။


ထိုမြင်ကွင်းကြောင့် ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။သူ့၏ တွက်ချက်မှုက မမှားပေ။ထိုသတ္တဝါက အပေါက်ဝ၌ အမှန်တကယ်ကိုပင် တစ်ဆို့နေပေသည်။


ကျဉ်းမြောင်းလှသော ဥမင် လှိုဏ်ခေါင်းအတွင်း၌ သူ့၏ ကြီးမားလှသော ခန္ဓာကိုယ်ကိုမှ အားမနာလူသားများကို တုပ၍ သွားရဲလေရာ တစ်ဆို့နေခြင်းက သဘာဝကျလှပေသည်။


ပုဖန်က ယက်ကန်ယက်ကန် ဖြစ်နေသော ကျိုင်းပုစွန်ကို ဂရုမစိုက်တော့ပဲ လျစ်လျူရှူလိုက်ပြီး အရှေ့သို့ လျှောက်သွားလိုက်သည်။ခပ်လှမ်းလှမ်းအကွာဝေးဆီမှ စုပ်ယူမှုအားတစ်ခုကို ထပ်မံ ခံစားလိုက်ရသောကြောင့် သူပြန်လှည့်လိုက်သည်။


ထို့အပြင် ထိုနေရာဆီမှ စွမ်းအင်အတက်အကျ လှိုင်းများနှင့်အတူ ဆူညံသည့် အသံများကိုပါ ကြားလိုက်ရသည်။ထိုနေရာ၌ ကျွမ်းကျင်ပညာရှင်တစ်ချို့ တိုက်ခိုက်နေကြပုံပေါ်သည်။


............


ခေါင်းဆောင်ဖန်းက သူ့၏ ရှေ့၌ ရှိနေသော သလင်းကျောက် အရင်းအမြစ်သုံးခု၏ ပုံသဏ္ဍာန်ကို စူးစိုက်ကြည့်နေသည်။ထိုပုံဆောင်ခဲတစ်ခုက သူတို့နှင့် နီးကပ်စွာ ရှိနေသည်။


သူတို့ထဲမှ တစ်ခုက ပြင်းထန်လှသော စွမ်းအင်လှိုင်းများကို ထုတ်လွင့်နေသည်။၄င်းက ဥမင် လှိုဏ်ခေါင်းထဲ၌ ရှိနေသော စိတ်ဝိညာဉ် အရင်းအမြစ် စွမ်းအင်များကို စုပ်ယူထားပုံပေါ်သည်။


"ဒီပုံဆောင်ခဲတွေက စွမ်းအားမြင့်တဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေကို စုပ်ယူထားနိုင်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး.....သူတို့ထဲမှာပါဝင်နေတဲ့ အရာတွေက တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ....."


ခေါင်းဆောင်ဖန်း၏ ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာသည်။


သူ ပုံဆောင်ခဲ အရင်းအမြစ်များကို ယခင်က မြင်ဖူးသော်လည်း စိတ်ဝိညာဉ် စွမ်းအင်များကို ကိုယ်တိုင်စုပ်ယူထားနိုင်သည့် ပုံဆောင်ခဲမျိုးတော့မမြင်ဖူးချေ။


"ဒါကဘာဖြစ်နိုင်လဲ....."


သူ ခေါင်းမသုံးပဲ စဉ်စားလျှင်ပင် ထိုပုံဆောင်ခဲစဉ်းရင်းမြစ်ထဲ၌ တမူထူးခြားလှသော ရတနာများပါဝင်နေကြောင်းပြောနိုင်ပေသည်။သို့သော်လည်း မည်သည့်ပုံဆောင်ခဲအရင်းအမြစ်မျိုးက စိတ်ဝိညာဉ် စွမ်းရည်ကို ကိုယ်တိုင်စုပ်ယူနိုင်မှန်း သူမသိပေ။


"ဒီပုံဆောင်ခဲ ရင်းမြစ်ထဲမှ နတ်ဘုရား လက်နက် ပါတာဖြစ်နိုင်လား...ထို့အပြင် ထိုပုံဆောင်ခဲထဲ၌ နတ်ဘုရားလက်နက် ပါနေမည်ဆိုလျှင် သာမန် တစ်ခုတော့ မဖြစ်နိုင်ဘူး...."


ခေါင်းဆောင်ဖန်းက စိတ်လှုပ်ရှားမှုဖြင့် ရူးသွပ်မတတ်ဖြစ်သွားသည်။အကယ်၍ ထိုရတနာကိုသာ သူရခဲ့လျှင် မဟာဂိုဏ်းထဲ၌ သူ့၏ အဆင့်တန်းကလည်း အဆမတန် မြင့်မားသွားပေလိမ့်မည်။


ထိုသို့ ဖြစ်လာလျှင် ကောင်းကင်ဘုံ အမွေခံ ဆယ်ပါးဟု ခေါ်ဆိုခဲ့ရသူများပင် သူ့၏ ရှေ့မှောက်၌ အမှိုက်သရိုက်များ ဖြစ်လာပေလိမ့်မည်။ထိုသူများက သူနှင့် တွေ့သည့်အခါတွင် ရို့ကျိုးစွာဖြင့် ခေါင်းငုံ့ထားရပေလိမ့်မည်။


အဏ္ဏဝါမျိုးစိတ် ကျွမ်းကျင်ပညာရှင်၏ မျက်ဝန်းများကလည်းငါးသေကောင်ကဲ့သို့ပင် ပြူးကျယ်နေသည်။သူကလည်း ထိုပုံဆောင်ခဲရင်းမြစ်များ၏ ထူးခြားချက်ကို သတိပြုမိသည်။ခေါင်းဆောင်ဖန်းပင်လျှင် သတိပြုမိသော အချက်များကိုသူက မည်သို့ သတိမပြုမိဘဲ နေပါမည်နည်း။ထိုသူများ၏ သဘာဝအရည်အချင်းကပင် ခေါင်းဆောင်ဖန်းကဲ့သို့ တွေးတောစဉ်းစားနိုင်ခြေရှိသည်။


သို့သော်လည်း ခေါင်းဆောင်ဖန်းနှင့် မတူညီသည့် အချက်မှာ သူက ပုံဆောင်ခဲထဲ၌ နတ်ဘုရားလက်နက် ပါသည်ဟု ကောက်ချက်ချခြင်း မဟုတ်ပေ။


အဏ္ဏဝါမျိုးစိတ်များ၏ နတ်ဆရာက ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေအတွင်း ကြီးမားလှသော သလင်းကျောက်ကြီးတတွင်း၌ ကျိုင်းပုစွန်ဘိုးဘေးကြီး အိပ်ပျော်နေသည်ဟု ပြောကြားခဲ့သည်။


ထိုဘိုးဘေးကြီးက အဏ္ဏဝါမျိုးစိတ်များ၏ မျှော်လင့်ချက်ပင် ဖြစ်သည်။နတ်ဆရာက ပြောကြားခဲ့သည်မှာ ထိုဘိုးဘေးကြီးကိုသာ နှိုးထအောင် လုပ်ဆောင်ခဲ့လျှင် အဏ္ဏဝါမျိုးစိတ်များ၏ လွှမ်းမိုးနိုင်မှုက သမုဒ္ဒရာထက်ပင် ကျယ်ပြန့်သွားပေလိမ့်မည်။


ထိုသို့ တွေးမိသွားပြီးနောက်... အဏာဝါမျိုးစိတ်ပညာရှင်၏ မျက်ဝန်းများက ပို၍ ပြူးကျယ် တောက်ပလာသည်။စိတ်လှုပိရှားမှုကြောင့် သူ့၏ ပါးရိုးမှနေ၍ ရေများပန်းထွက်လာသည်။


ထို့နောက်သူက ခေါင်းဆောင်ဖန်းဘက်ကို သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်သောအခါ..ခေါင်းဆောင်းဖန်းကလဲ သူ့ကို မမှိတ်မသုန်ပြန်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။


အဏာဝါမျိုးစိတ်ပညာရှင်က စတင်၍ စကားစလိုက်သည်


"မိတ်ဆွေကြီး...ဒီပုံဆောင်ခဲ တစ်ခုက ငါတို့ အဏဝါမျိုးစိတ်တွေအတွက် အရမ်းအရေးပါတယ်...တကယ်လို့ ဒီတစ်ခုကို ငါ့ကို.. ပေးလိုက်မယ်ဆိုရင် ကျန်တဲ့နှစ်ခုကို မင်းတို့ယူသွားနိုင်တယ်"အဏာဝါမျိုးစိတ်ပညာရှင်ကပြောလိုက်သည်။


"အိုး....အဲ့သလိုလား...ဒါပေမဲ့ ဘယ်လိုလုပ်မလဲ....အဲ့ဒီတစ်ခုက ငါတို့မဟာဂိုဏ်းအတွက်လဲ အရမ်းအရေးပါတယ်...ဒီတခုငါ့ကိုပေးလိုက်မယ်ဆို ကျန်နှစ်ခုကို မင်းယူသွားနိုင်တယ် "


"ဟမ့်...ငါ့ကို အရူးလုပ်ချင်နေသေးတယ်... ဆုတောင်းလေ.."

ခေါင်းဆောင်ဖန်းက စိတ်ထဲမှ နှာခေါင်းရှုံလိုက်မိသည်။ 


"မဟာဂိုဏ်းလား..."


အဏဝါမျိုးစိတ်ပညာရှင်၏ မျက်ဝန်းများက ပို၍ပြူးကျယ်သွားသည်။သူက မဟာဂိုဏ်း၏ အကြောင်းကို ကောင်းစွာသိပေသည်။


မဟာဂိုဏ်း၏ပိုင်နက်က ပင်လယ်ရေပိုင်နက်နှင့်အလွန်ဝေးကွာသော်လည်း 

တောင်ပိုင်းဒေသထက်ပို၍ လွှမ်းမိုးနိုင်စွမ်းရှိသည်။ထိုဂိုဏ်းမှ မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်များပေါ်ထွက်ခဲ့ဖူးသည်။ထိုသူများကြား၌ တန်ခိုးရှင်အဆင့်အတားအဆီးကိုကျော်ဖြတ်နိုင်ပြီး နယ်ဘုရားနယ်ပယ် မသေမျိုးခန္ဓာအဆင့်သို့ တက်ရောက်နိုင်ခဲ့သူများပင်ရှိသည်။


ထို့ကြောင့် ဂုဏ်သတင်းကြီးမားလှသော မဟာဂိုဏ်းအကြောင်းကို မကြားဖူးသည်ကမှ ထူးဆန်းနေပေလိမ့်မည်။


"ဒီလိုဆိုမှတော့ ဒါကို ရဖို့အတွက် ငါတို့ ယှဉ်ပြိုင်ကြတာပေါ့ ..."


အဏ္ဏဝါမျိုးစိတ် ပညာရှင်က လေးနက်စွာပြောလိုက်သည်။


ခေါင်းဆောင်ဖန်းက နှုတ်ခမ်းတွန့်ရုံ တစ်ချက်မဲ့လိုက်သည်။ထိုပုံဆောင်ခဲက အဏ္ဏဝါမျိုးစိတ်များအတွက် အလွန်ပင် အရေးကြီးပုံ ပေါ်လေသည်။


မဟာဂိုဏ်း၏ နာမည်ဂုဏ်သတင်းကပင် သူတို့ကို တားဆီးနိုင်ခြင်းမရှိပေ။ခေါင်းဆောင်ဖန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး စတင်၍ လှုပ်ရှားလိုက်သည်။


ဘန်း....ဘန်း.....ဘန်း.....


သူတို့ နှစ်ယောက်စလုံးက တန်ခိုးရှင်အဆင့် အဟန့်အတားကို ချိုးဖောက် ကျော်ဖြတ်နိုင်ပြီးသော မသေမျိုး ခန္ဓာအဆင့်များ ဖြစ်ကြသည်။ထို့ကြောင့်ပင် သူတို့ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအင်များက အလွန်တရာ အားကောင်းသန်မာလှသည်။သူတို့ နှစ်ယောက်စလုံး အော်ဟစ် မာန်သွင်းလိုက်သည်နှင့် ပြင်းထန်လှသော စွမ်းအင်လှိုင်းများက အဖတ်ဖတ်သို့ ရိုက်ခတ်သွားသည်။


ထို့နောက် စွမ်းအားပြည့် ပါသော ထိုးနှက်ချက်ဖြင့် လေထုထဲကို ထိုးနှက်လိုက်ပြီး သူတို့၏ တိုက်ပွဲကို စတင်လိုက်ကြသည်။


သူတို့ ထိုးနှက်ချက်ခြင်း တိုက်မိသွားရာမှ ကျယ်လောင်လှသော အသံနှင့်အတူ ကမ္ဘာတုန်စေလောက်သော စွမ်းအင်ဖိအားများ ပြန့်နှံ့ထွက်ပေါ်လာသည်။


သူတို့က ပုံဆောင်ခဲအတွက် အညှာတာမဲ့စွာဖြင့် တိုက်ခိုက်နေကြသကဲ့သို့ ထိုပုံဆောင်ခဲကလည်း စိတ်ဝိညာဉ် စွမ်းအင်များကို ဆက်လက်၍ စုပ်ယူနေဆဲ ဖြစ်သည်။


ခွပ်.....


ရုတ်တရက် ပုံဆောင်ခဲထဲမှ ရေစီးကြောင်းတစ်ခု စီးထွက်လာသည်။ထို့နောက် ပုံဆောင်ခဲထဲမှ ရေစီးကြောင်းများစွာ ထွက်ပေါ်လာပြီး ရေစီးကြောင်းများက ကြီးမားလှသော ပုံသဏ္ဍာန်တစ်ခု ဖွဲ့တည်လာသည်။


ထိုကြီးမားလှသော ပုံရိပ်က တဖြေးဖြေးချင်းမတ်တပ် ထရပ်လာသည်။သူ့၏ နီရဲလှသော မျက်ဝန်းများက တိုက်ခိုက်နေဆဲဖြစ်သော မသေမျိုးခန္ဓာ ကျွမ်းကျင်ပညာရှင် နှစ်ယောက်ကို စူးစိုက်ကြည့်နေသည်။


၄င်းက ပုံဆောင်ခဲ သားရဲကြီး ဖြစ်သည်။ထို ပုံဆောင်ခဲ သားရဲများက ကြီးမားလှသည့် သလင်းကျောက်တွင်းများမှနေ၍ ဖွဲ့တည်လာခြင်း ဖြစ်သည်။ထို သားရဲ၏ ပုံရိပ်က အလွန်တရာ ကြီးမားလှသလို ကြောက်စရာကောင်းလှသော စွမ်းအင်များလည်း ပါဝင်နေပေသည်။


သူ့၏ အော်ရာများက ခေါင်းဆာင်ဖန်းနှင့် အဏ္ဏဝါမျိုးစိတ် ပညာရှင်ထက် အားနည်းမှု မရှိပေ။မထင်မှတ်ထားစွာပင် ထို သားရဲကြီးကလည်းနတ်ဘုရား နယ်ပယ်အဆင့် တည်ရှိမှုမျိုး ဖြစ်သည်။


ဂရား......"


ထို သားရဲက မာန်ဖီလိုက်ရာကြောက်မက်ဖွယ်ကောင်းလှသော လေလှိုင်းများ ဖြစ်ပေါ်လာပြီး ပေါက်ကွဲထွက်သွားသည်။


တိုက်ခိုက်နေသူ နှစ်ယောက်က ထိုစွမ်းအင်လှိုင်းများကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။သူတို့သားရဲကို မြင်သည့်အခါ၌ မျက်ဝန်းများ ပြူးကျယ်သွားသည်။ထိုသလင်းကျောက်တွင်းမှ ဖြစ်ပေါ်လာသည့် ပုံဆောင်ခဲ သားရဲက နတ်ဘုရားနယ်ပယ်အဆင့် ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားမိခဲ့ကြချေ။ထိုအချင်းအရာက သူတို့အတွက် သတင်းကောင်း မဟုတ်ပေ။


သူတို့က ထို ပုံဆောင်ခဲသားရဲကို မကြောက်ရွံ့ကြသော်လည်း တိုက်ခိုက်သည့်အခါ၌ သူတို့ကိုယ်သူတို့ ကာကွယ်ရန်လည်း လိုအပ်နေသေးသည်။မည်သူပင် ထိုသားရဲကို တိုက်ခိုက်သူ ဖြစ်ပါစေ သူတို့၏ စွမ်းအင်များကို အပြည့်အဝ ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ပေ။


ထို ပုံဆောင်ခဲ သားရဲကို တိုက်ခိုက်ရာ၌ ဒဏ်ရာရခဲ့လျှင် သလင်းကျောက်အရင်းအမြစ်များကို လုရာ၌ ဆက်လက်၍ ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။ထို့ကြောင့်သူတို့ ပို၍ စိုးရိမ်းပူပန်လာပြီး ပို၍ပင် သတိထား စောင့်ကြည့်နေကြသည်။သူတို့၏ တိုက်ခိုက်လှုပ်ရှားမှုများကို အလျှင်စလို ပြုလုပ်ရဲခြင်ူမရှိတော့ပဲ သုံးယောက်စလုံး မတိုးသာ မဆုတ်သာ အခြေအနေ၌ ပိတ်မိနေကြသည်။


........


ခွပ်......


ပုဖန် မြေပြင်ကို နင်းလိုက်သည်နှင့် တစ်ပြိုင်နက် ကြီးမားလှသည့် သလင်းကျောက်တုံး ထွက်ပေါ်လာပြီး သူ့ရဲ့ အနောက်သို့ သွားထိမှန်လေသည်။ထိုကြီးမားလှသည့် သလင်းကျောက်တုံးကို မြင်လိုက်ရသည့် အခါတွင် ပုဖန်၏ မျက်ဝန်းများ လင်းလက်တောက်ပသွားသည်။


သို့သော်လည်း ထိုကြီးမားလှသည့် သလင်းကျောက်တုံးကို သိမ်းဆည်းနိုင်လျှင်ပင် စနစ်က အသိအမှတ်ပြုသည် မဟုတ်သည်က နှမြောစရာ ကောင်းလှသည်။ထိုသလင်းကျောက်တုံးက မူလ အရင်းအမြစ်ဖြစ်နေသောကြောင့် သူ့၏ အစစ်အမှန်စွမ်းအင် အဖြစ်သို့ ပြောင်းလဲနိုင်လိမ့်မည်မဟုတ်ပေ။


သလင်းကျောက်တုံးကြီးက သူ့၏ မြင်ကွင်းကို ကွယ်နေသောကြောင့် ပုဖန်က လည်ပင်းဆန့်၍ နောက်ကျောဘက်သို့ ကြည့်လိုက်သည်။ထိုနေရာ၌ မြင်လိုက်ရသော အရာကြောင့် ပုဖန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး လေအေးများ ရှူရှိုက်လိုက်မိသည်။


ထိုနေရာ၌ တည်ရှိမှု သုံးခုရှိနေသည်။ထိုထဲမှ တစ်ခုက အလွန်ကြီးမားလှသော ပုံဆောင်ခဲ သားရဲကြီးဖြစ်သည်။ထိုသားရဲက သူ့ကို ထိတ်လန့်စေခဲ့သည်။ထို့အပြင် သူက သားရဲကို တွေ့လိုက်ရသည့် အခ်ျိန်၌ မထိန်းချုပ်နိုင်စွာအင် သလင်းကျောက်ပေါင်း မည်မျြှဖင့် ဖွဲ့စည်းထားသည်ကို တွေးမိသွားသည်။


ထိုသားရဲက အလွယ်တကူ ရင်ဆိုင်၍ ရသော အရာမဟုတ်ကြောင်း သူ သတိထားမိသောကြောင့် အလျှင်စလို ပြေးထွက်သွားရဲခြင်း မရှိပေ။


သူတို့ဆီမှ အော်ရာများအရ ထိုသူများက တန်ခိုးရှင်အဆင့် အတားအဆီးကို ကျော်ဖြတ်ပြီးသူများ ဖြစ်ကြောင်း သတိပြုမိနိုင်သည်။ထို့ကြောင့် ထိုသားရဲက နတ်ဘုရားနယ်ပယ် မသေမျိုး ခန္ဓာအဆင့် ဖြစ်ပေလိမ့်မည်။


သူ့၌ မဟူရာလိပ်ခုံး ဒယ်အိုးကို ပိုင်ဆိုင်ထားပြီး အဆင့် ၇ သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီ ဆိုသော်လည်း တန်ခိုးရှင်များနှင့် ရင်ဆိုင်ရာ၌ သူ့၏ ဒယ်အိုးကိုသာ အားကိုးရလေသည်။သူက တန်ခိုးရှင်များနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ရာ၌ ဒယ်အိုးကို အသုံးပြု၍ ထုချေနိုင်သည် ဆိုသော်လည်း မသေမျိုးခန္ဓာအဆင့်များနှင့် ရင်ဆိုင်ရသည့် အခါတွင်တော့ မေးခွန်းထုတ်စရာ ရှိလာပေမည်။


ရုတ်တရက် ပုဖန်က ခွေးငပျင်း ဘလက်ကီကို သတိရမိသွားသည်။ထိုခွေးက ပျင်းရိလွန်းသည်ဆိုသော်လည်း သူ့၏ ခွန်အားက မယုံနိုင်စရာကောင်းလောက်အောင် သန်မာသွားသည်။ထိုအကြောင်းအရာကို တွေးမိသွား၏။


"ဒီခွေးငပျင်းက ဘယ်ကိုများ သွားလိုက်ပါလိမ့်.....သူက ရုတ်တရက်ကြီး ပျောက်သွားတယ်....လမ်းပျောက်နေတာများလား....."


ပုဖန်က စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်သည်။ရုတ်တရက် သူ့၏ အကြည့်က ကျွမ်းကျင်ပညာရှင် သုံးယောက်၏ ညာဘက်အောက်ခြေနားရှိ အရာတစ်ခုကို တွေ့မိသွားသည်။


ထိုနေရာ၌ ကြည်လင်လှသော သလင်းကျောက် အရင်းအမြစ် သုံးခု ရှိနေသည်။ထို သလင်းကျောက် အရင်းအမြစ်များက စနစ်၏မစ်ရှင်တွင် ပါဝင်သည့် သလင်းကျောက်များ ဖြစ်မှန်းသိသာလှပေသည်။သူတို့ထဲမှ တစ်ခုက စိတ်ဝိညာဉ် စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေပြီး အတော်လေးတောက်ပ လင်းလက်လှသည်။


အတော်လေး အထင်ကြီးဖွယ် ကောင်းလှသော ထိုသလင်ူကျောက်အရင်းအမြစ်က စနစ်၏ မစ်ရှင် ပြီးမြောက်ဖို့အတွက် ပါဝင် ပစ္စည်းတစ်ခုပင် ဖြစ်ပေလိမ့်မည်။


ပုဖန်က သူ့၏ အတွေးများကြောင့် စိတ်လှုပ်ရှားလာပြီး မျက်ဝန်းများကို စုကျုံ့လိုက်မိသည်။ထိုသလင်းကျောက် အရင်းအမြစ်များသုံးဦး၏ လက်ထဲမှ လုယူနိုင်မည့် နည်းလမ်းများကို စဉ်းစားရပေမည်။