ခန်း ၃၉၅
လောဘကြီးပြီးအရှက်မဲ့တဲ့ခွေး...
ခွပ်.....
သလင်းကျောက်တုံးစီမှ ပီသသော ကွဲကြေသံ တစ်ခု ထွက်ပေါ်လာပြီးနောက် သလင်းကျောက်တုံး၏ မျက်နာပြင်ပေါ်ပိုင်းက ဟသွားသည်။ထို ကျွပ်ဆပ်သော အသံနှင့်အတူ သလင်းကျောက်တုံး အပိုင်းအစလေးများအဖြစ် ပြောင်းလဲသွားသည်။
ဥမင် လှိုဏ်ခေါင်းထဲ၌ အလွန်တိတ်ဆိတ်နေသောကြောင့် ထိုသလင်းကျောက်အရင်းအမြစ် ကွဲဟသွားသည် အသံကို လူတိုင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ပုဖန်က မဟူရာလိပ်ခုံး ဒယ်အိုးပေါ်တွင် ထိုင်နေပြီး အပူငွေ့လေးများ တလူလူ ထွက်နေဆဲ ဖြစ်သည့် ကမာနှလုံးသား ပန်ကိတ်ကို စားနေသည်။သူကလည်း ရွှေရောင်အလင်းတန်များ ထုတ်လွှင်နေသည့် သလင်းကျောက် အရင်းအမြစ်ကို အာရုံစိုက်လိုက်၏။
သူကြည့်နေစဉ်အတောအတွင်းမှာပင် ထိုကွဲကြေသွားသော သလင်းကျောက် အရင်းအမြစ်ထဲမှ ခွေးလက်ဖဝါးတစ်ခု ပေါ်ထွက်လာလေ၏။
...ခွေးလက်ဖဝါး.... ဘယ်လိုဖြစ်ပြီး သလင်းကျောက် အရင်းအမြစ်ထဲကနေ ခွေးလက်ဖဝါး ပေါ်လာရတာလဲ....
ပုဖန်က ခဏမျှ ကြောင်အသွားပြီး အတွေးများပင် တန့်သွားလေသည်။
"စနစ်က ဒီသလင်းကျောက် အရင်းအမြစ်ထဲမှာ စားစရာအတွက် ပါဝင်ပစ္စည်းပါတယ်လို့ ပြောလိုက်တာ မဟုတ်ဘူးလား......ဒီခွေးလက်ဖဝါးက ပါဝင်ပစ္စည်းလား.....ငါက အဲ့ဒီခွေးလက်ဖဝါးကို ပေါင်းရမှာလား.....စနစ်က တကယ့်ကို...တကယ့်ကိုပဲ ခွေးသားကို ချက်ပြုတ်ခိုင်းချင်နေတာလား.....ဘုရားရေ......
ပုဖန်က သူ့အတွေးကြောင့် စိတ်လှုပ်ရှားသွား၏။ သ်ို့သော်လည်း သူ့စိတ်ထဲ၌ ဇဝေဇဝါဖြစ်မှုနှင့် သံသယများကိုလည်း ခံစားနေရသေးသည်။ထို ခွေးလက်ဖဝါးကို သူကြည့်လေလေ ရင်းနီးလေလေဟု ခံစားမိလေသည်။ထိုခွေးလက်ဖဝါးက ခွေးငပျင်းဘလက်ကီ၏ လက်ဖဝါးနှင့်ပင် ဆင်တူနေသည်ဟု ထင်ရသည်။
ပုဖန်က ပို၍ပင် အံ့အားသင့်သင့်ဖြင့် သိချင်စိတ် ပိုများလာခဲ့သည်။အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ မျက်ဝန်းများကလည်းစိတ်လှုပ်ရှားမှုဖြင့် တောက်ပြောင်လာ၏။
ထို သလင်းကျောက် အရင်းအမြစ်ထဲ၌ ရှိနေမည့် အရာကို အလွန်ပင် မြင်ချင်နေပေပြီ။ထိုသလင်းကျောက် အရင်းအမြစ်ထဲ၌ သူတို့ မျိုးနွယ်စုကို ဦးဆောင်ဦးရွက်ပြုသော...ကျယ်ပြန့်လှသော ပင်လယ်ဧရိယာတစ်ခုလုံးကို သိမ်းယူ လွှမ်းမိုးနိုင်မည့် ပုစွန်ဘိုးဘေးကြီး သေချာပေါက်ရှ်ိနိုင်လိမ့်မည်ဟု ယုံကြည်ထားပေသည်။
သို့သော်လည်း ထက်ခြမ်းကွဲသွားသော သလင်းကျောက်အရင်းအမြစ်ထဲမှ ခွေးလက်ဖဝါးတစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ၌ သူ့၏ မျက်နာက ပျက်ယွင်းသွားသည်။သူ့၏ လှပပြီး ဆန်းကြယ်လှသော အိပ်မက်လေးက အစိပ်စိပ် အမွှာမွှာ ပြိုကွဲသွားလေသည်။
"ဘယ်လိုဖြစ်ပြီး ပုစွန်ဘိုးဘေးကြီးက အမွှေးတွေနဲ့ ဖြစ်နေတာလဲ....."
နတ်ဘုရားနယ်ပယ်အဆင့် အဏ္ဏဝါမျိုးစိတ်ပညာရှင်က တီးတိုး ရေရွတ်လိုက်သည်။ပုစွန်ဘိုးဘေးကြီး ထွက်ပေါ်လာပုံက အနည်းငယ် ဆန်းကြယ်နေပေသည်။
"ပုစွန် ဘိုးဘေးကြီးရဲ့ အမွှေးက ဘာလို့ ခွေးမွှေးနဲ့ တူနေတာလဲ....."
သူတို့အားလုံးထဲ၌ ခေါင်းဆောင်ဖန်းက ပို၍ အံ့အားသင့်သင့်ဖြစ်လေသည်။သူတို့က ထိုသလင်းကျောက်အရင်းအမြစ်နှင့် အနီးကပ်ဆုံး ရှိနေသည့် အပြင် ထို သလင်းကျောက်ကို ကွဲဖြတ်ဖွင့်ခဲ့သူလည်း ဖြစ်နေပေသည်။ သူက ထိုသလင်းကျောက်ထဲ၌ ရှေးဟောင်း နတ်ဘုရားလက်နက်တစ်ခု ပါမည်ဟု သေချာပေါက် မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။
နဂါးမြို့ဟောင်းတိုက်ကြီးက အလွန်ရှေးကျလှသော အချိန်ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့် ရှေးဟောင်းနတ်ဘုရားလက်နက် တစ်ခုပါခဲ့မည်ဆိုလျှင် အံ့အားသင့်စရာမဟုတ်ပေ။ရှေးယခင်ကလူများသည်လည်း သလင်းကျောက် အရင်းအမြစ်ထဲမှ နေ၍ နတ်ဘုရားလက်နက် ပစ္စည်းများကို ရှာတွေ့ခဲ့ဖူးကြသည်။
သလင်းကျောက် အရင်းအမြစ်က လှိုဏ်ခေါင်းအတွင်း၌ရှိနေသော စိတ်ဝိညာဉ် စွမ်းအင် အရင်းအမြစ်များကို အဆက်မပြတ် စုပ်ယူထားခဲ့သည်။ထို့ကြောင့် ထိုသလင်းကျောက်အရင်းအမြစ်ထဲ၌ အဆင့်မြင့်သောနတ်ဘုရားလက်နက် တစ်ခုသာပါသင့်ပေသည်။
"ဘာကြောင့် ခွေးလက်ဖဝါးပေါ်လာတာလဲ.....သူ့၏ အစစ်အမှန် ယွမ်စွမ်းအင်များကို ပင် လောင်ကျွမ်းစေ၍ တိုက်ခိုက်လုယူခံရသော သလင်းကျောက်အရင်းအမြစ်ထဲ၌ ခွေးအနက်တစ်ကောင် ပါဝင်နေသည်လား.....ငါ့ရဲ့ နတ်ဘုရားလက်နက်က ဘယ်မှာလဲ...."
မျှော်လင့်ချက် ကြီးမားလေလေ ကျဆုံးမှု များလေလေပင် ဖြစ်သည်။ထိုအချိန်၌ ခေါင်းဆောင်ဖန်း၏ စိတ်ထဲ၌ စိတ်ပျက်မှု တစ်ခုတည်းကိုသာ ခံစားနေရလေသည်။သူ့၏ နှလုံးသားကအဆက်မပြတ် တုန်ယင်လာပြီး သလင်းကျောက်တုံးထဲမှ ထွက်ပေါ်လာသော ခွေးလက်ဖဝါးကို ဆုပ်ကိုင်လိုက်သည်။
မျှော်လင့်ချက်များက ပျက်ပြယ်သွားပြီး ရူးသွပ်လုနီးပါးပင် ဖြစ်သွားသည်။သူ့၏ အသက်ရှူသံကလည်း ဒေါသတကြီးဖြင့် မြန်ဆန်လာလေသည်။
"ငါရဲ့ နတ်ဘုရားလက်နက်က ဘယ်ရောက်သွားတာလဲ.....သေချာတယ် ငါ့ရဲ့ နတ်ဘုရားလက်နက်က ဒီခွေးနက်ထဲမှာပဲ ရှိရမယ်....."
ခေါင်းဆောင်ဖန်း၏ ဒေါသများက ပေါက်ကွဲထွက်လာသည်။သူက အစစ်အမှန် စွမါးအင်ဓားကို လွှဲယမ်းလိုက်ပြီး သလင်းကျောက် အရင်းအမြစ်ကို လုံးဝ ကွဲကြေသွားအောင် ခုတ်ချလိုက်သည်။
ခွပ်.....
နောက်ဆုံး၌ သလင်းကျောက်အရင်းအမြစ်က အပိုင်းအစလေးများအဖြစ်သို့ ကွဲကြေသွားပြီး သလင်းကျောက်မိုး ရွာချလာသကဲ့သို့ ပြန့်ကျဲသွားလေသည်။ထိုပြန့်ကျဲသွားသော သလင်းကျောက်လေးများက အတွင်း၌ သိမ်းဆည်းထားသောအရာတစ်ခုကို လှစ်ဟပြလာသည်။
သလင်းကျောက်ထဲ၌ ရှိနေသော အရာဝတ္တုကို မြင်လိုက်ရသည်နှင့် ခေါင်းဆောင်ဖန်းနှင့် အဏ္ဏဝါမျိုးစိတ်ပညာရှင်တို့က သွေးအန်လုနီးပါးပင် ဖြစ်သွားသည်။ထိုသလင်းကျောက်တုံးထဲ၌ ခွေးအနက်တစ်ကောင်သာရှိနေသည်။
"ခွေးဝတုတ်တစ်ကောင်....."
ထိုခွေးက သေးငယ်လှသော လက်ဖဝါးကို ပင့်မြှောက်ထားပြီး သူ့၏ မျက်ဝန်းများကလည်း မူးယစ်ရီဝေနေပုံဖြင့် မှေးစင်းကျနေသည်။ရံဖန်ရံခါ၌ သိပ်သည်းလှသော စိတ်ဝိညာဉ် အနှစ်သာရများ ပြည့်နှက်နေသည့် လေချဉ်များကိုလည်း ထုတ်လွင့်နေသေးသည်။
ဂေ့.......
ခေါင်းဆောင်ဖန်းက အလွန်အမင်းပင် ဒေါသထွက်သွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။သူ ထိုခွေးနက်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရချိန်၌ တရင်းတနှီးရှိနေကြောင်းကိုလဲ သတိပြုမိလိုက်သည်။
"ဒီခွေးက သလင်းကျောက်တွင်းရဲ့ အပြင်ဘက်မှာ မြင်ခဲ့ရတဲ့ ခွေးနက် မဟုတ်ဘူးလား....."
မကြာသေးခင်က သူအပြင်ဘက်၌ မြင်ခဲ့ရသည့် ခွေးနက်က ဒီကိစ္စတစ်ရပ်လုံးနှင့် မည်သို့မှ မသက်ဆိုင်သလိုပင် ထင်ခဲ့ရသည်။
သလင်းကျောက်တွင်းက ခွေးနက်က သူအရင်ကတွေ့ခဲ့ဖူးသော ခွေးနက်နှင့် တထေရာတည်းတူညီလှသောကြောင့် ကနဦးတည်းက သလင်းကျောက်ထဲရှိနေခြင်း မဟုတ်ကြောင်း ထင်ရှားလှပေသည်။
"ခွေးနက်ကြီး ဒီသလင်းကျောက်အရင်းအမြစ်ထဲက ပစ္စည်းကို ဘယ်မှာ ဖွက်ထားလိုက်တာလဲ...."
ခေါင်းဆောင်ဖန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။သူ့၏ ဒေါသများက မိုးထိအောင် လွင့်ပျံတော့မတတ် ဖြစ်နေလေသည်။သူ့၏ ရင်ဘတ်ကလည်း ဒေါသတရားကြောင့် နိမ့်တုန် မြင့်တုန် ဖြစ်နေသည်။သူက ခွေးနက်ကို ဆုပ်ကိုင်ထားသည့်လက်ကို ခပ်မြင့်မြင့် မြှောက်လိုက်၏။
ကမာနှလုံးသားပန်ကိတ်ကို စားသောက်နေသော ပုဖန်၏ မျက်နာပေါ်တွင်လည်း ထူးဆန်းသည့် အမူအရာတစ်ခု ဖြစ်ပေါ်သွားသည်။
"ဒီသလင်းကျောက် အရင်းအမြစ်ထဲကနေ ဘလက်ကီထွက်လာတယ်ဆိုတော့....သလင်းကျောက်အရင်းအမြစ်ထဲမှာ ရှိနေရမယ့် ပါဝင်ပစ္စည်းက ဘယ်ရောက်သွားလဲ ..... အဲ့ဒီခွေးငပျင်းက စားလိုက်ပြီလား....ငါ့ရဲ့ ယာယီမစ်ရှင်လေး.....အား.....
"
ပုဖန်၏ စိတ်ထဲ၌ အသားကုန် ဟစ်အော်လိုက်မိပြီး နောက်သူ့၏ အမူအရာက တဖြေးဖြေးချင်း အေးစက်လာလေသည်။အိပ်ချင်စိတ်ကြောင့် ဘလက်ကီ၏ မျက်ခွံများက လေးလံပြီး ပိကျနေသည်။သူက ပျင်းရိသော ခွေး၏ သဘာဝအတိုင်းစားပြီးနောက် ချက်ချင်းပင် အိပ်စက်ချင်နေပေပြီ။
အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ ငါးသေကောင်ကဲ့သို့ မျက်ဝန်းများကလည်း ပြူးကျယ်ဝိုင်းစက်နေ၏။
"သလင်းကျောက်အရင်းအမြစ်ထဲမှာ ခွေးတစ်ကောင်ပါနေတာလား...ဒီလိုဆိုရင် ပုစွန်ဘိုးဘေးကြီးက ဘယ်ရောက်သွားလဲ.....အဲ့ဒီခွေးက စားပစ်လိုက်တာလား....ဒါလည်း မဖြစ်နိုင်ဘူး ပုစွန်ဘိုးဘေးကြီးက ကြီးမြတ်တဲ့ တည်ရှိမှုတစ်ခုပဲ ခွေးတစ်ကောင်က ဘယ်လိုလုပ်ပြီး စားနိုင်မှာလဲ......ပြီးတော့ ခွေးတွေက ပင်လယ်စာ မစားဘူးလေ......ဒီလိုဆိုရင်တော့......"
အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။သူတို့ တိုက်ခိုက်လုယူခဲ့ရသော သလင်းကျောက်အရင်းအမြစ်ထဲ၌ ပုစွန်ဘိုးဘေးကြီး မရှိခဲ့လျှင် ကျန်ရှိနေသော သလင်းကျောက်နှစ်ခုထဲမှ တစ်ခုထဲတွင်ရှိရပေမည်။ထိုအချက်ကို စဉ်းစားမိသွားသည်နှင့် အဏ္ဏဝါမျိုးစိတ်ပညာရှင်ကပါးစပ်ကိုဖွင့်ဟ၍ ကျန်သည့်သူများစီသို့ ရေများမှုတ်ထုတ်လိုက်သည်။
သူ့၏ ခန္ဓာကိုယ်က လျှင်မြန်စွာပင် တခြားသလင်းကျောက်နှစ်ခုရှိရာဆီသို့ ရွေ့လျားသွားသည်။
ခေါင်းဆောင်ဖန်းက အံ့အားသင့်သင့်ဖြင့် ကြောင်ကြည့်နေမိသည်။
"သူကဘယ်လိုဖြစ်ပြီး ရုတ်တရက် အလျှင်စလို လှုပ်ရှားနေတာလဲ......"
သို့သော်လည်းအချိန်အတိုအတွင်းမှာပင် သူလည်းတစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ ရည်ရွယ်ချက်ကို သတိပြုမိသွားသည်။
"ရတနာတွေက တခြားသလင်းကျောက် အရင်းအမြစ် နှစ်ခုထဲမှာ ပါတာဖြစ်နိုင်လား......"
ထိုကိစ္စရပ်က သေချာလှပေသည်။ဒီလိုမှမဟုတ်လျှင် အဏ္ဏဝါမျိုးစိတ်ပညာရှင်က အလျှင်စလို လှုပ်ရှားလိမ့်မည်မဟုတ်ပေ။အတွေးစုံသည်နှင့် တစ်ပြိုင်နက် ခေါင်းဆောင်ဖန်းကလည်း လျှင်မြန်စွာ လှုပ်ရှားလိုက်သည်။သူ ပထမသလင်းကျောက်တစ်ခုအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ထားခဲ့ရသည်ဖြစ်လေရာ ဒုတိယတစ်ခုကိုသာ ဆုံးရှုံးသွားရလျှင် ရင်ထု၍ ငိုကြွေးနေရပေလိမ့်မည်။
သို့သော်လည်း သူ့လက်ထဲမှရှိနေသော ခွေးနက်ကြီးကို ပစ်ပောက်တော့မည့် အချိန်မှာပင် ထိုခွေး၏ မှေးစင်းကျနေသော မျက်ဝန်းများက ပွင့်လာပြီး သလင်းကျောက်နှစ်ခုစီသို့ လျှင်မြန်စွာချဉ်းကပ်သွားသော အဏ္ဏဝါမျိုးစိတ်ပညာရှင်ကို ကြည့်လိုက်သည်။
၄င်းကသူ့၏ သေးငယ်ပြီး ချစ်စရာကောင်းလှသော ခွေးလက်ဖဝါးလေးကိုမြှောက်လိုက်ရာ လေထုထဲ၌ ကြီးမားလှသည့် ခွေးလက်ဖဝါးပုံရိပ်တစ်ခုပေါ်လာသည်။
ဘန်း.....
သလင်းကျောက်အရင်းအမြစ် နှစ်ခုစီသို့ လျှင်မြန်စွာ သွားနေသော အဏ္ဏဝါမျိုးစိတ်ပညာရှင်က ထိုခွေးလက်ဖဝါးနှင့် ထိပ်တိုက်တွေ့ဆုံမိသွားပြီး နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် လွင့်စင်သွားသည်။
"ဘာတွေ ဖြစ်နေတာလဲ......"
အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ မျက်ဝန်းအကြည့်များက စူးရှသွားသည်။သူက ခွေးနက်ကြီးကို လှမ်းကြည့်လိုက်ပြီး အော်ဟစ် ဟိန်းဟောက်လိုက်သည်။
သူ့လက်ထဲ၌ သုံးခွမှိန်းတစ်ချောင်းပေါ်လာပြီးနောက် ထိုမှိန်းကို ဝှေ့ယမ်းလိုက်သည်။သုံးခွမှိန်းစီမှ မြောက်များလှစွာသော ရေနဂါးများ ထွက်ပေါ်လာလေသည်။ထိုရေနဂါးများက ဟိန်းဟောက်သံများပြု၍ ခွေးလက်ဖဝါးပုံရိပ်ကို တစ်စစီဖြိုကွဲပစ်ရန် တိုးဝင်သွားကြသည်။
"ခွေးနက်ကြီး မင်းက သလင်းကျောက် အရင်းအမြစ်ထဲမှာ ပါတဲ့ ရတနာကိုလည်း စားပြီးခဲ့ပြီးပြီ .....ဒါတောင်မှ တခြားသလင်းကျောက်အရင်းအမြစ်နှစ်ခုကို လိုချင်နေသေးတာလား......ဘယ်လိုတောင် တွန့်တိုကပ်စေးပြီး အရှက်မရှိတဲ့ ခွေးမျိုး ကမ္ဘာပေါ် ရောက်လာတာလဲ......"
"ဒီသလင်းကျောက်အရင်းအမြစ်တွေက ငါခွေးဘုရင်ရဲ့ဟာပဲ....ဒါတွေကို လုယူဖို့ ဘယ်သူက မင်းတို့ကို ခွင့်ပြုလို့လဲ ..... "
နူးညံ့သိမ်မွေ့သော်လည်း နက်ရှိုင်းလှသော ယောက်ကျားဆန်လှသည့် အသံတစ်ခုက ခွေးနက်ကြီး၏ ပါးစပ်ထဲမှနေ၍ လွင့်ပျံထွက်ပေါ်လာသည်။
ခေါင်းဆောင်ဖန်း၏ မျက်ဝန်းများက ပြူးကျယ်သွားသည်။ခွေးဘုရင်ကို ဆုပ်ကိုင်ထားသော သူ့၏လက်က ပူလောင်လာသလို ခံစားလိုက်ရပြီး သူချက်ချင်းပင် ပြန်ရုတ်လိုက်သည်။
ဘလက်ကီ၏ ခန္ဓာကိုယ်ကပြုတ်ကျသွါးခြင်းမရှိပဲလေထဲတွင် ဝဲပျံနေလေသည်။
ဘလက်ကီက သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေး၍ လူသားတစ်ယောက်ကဲ့သို့ ပြုံးလိုက်သည်။ထို့နောက် သူ့၏ လက်ဖဝါးကို မြှောက်လိုက်ပြီး လက်ဖဝါးအရိပ်ကြီးရှိရာစီသို့ တိုးဝင်လာကြသော ရေနဂါးများကို လှည့်၍ ရင်ဆိုင်လိုက်သည်။
ဘလက်ကီက သူ့၏ လက်ဖဝါးကို ညှင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ရေနဂါးများကို ပြိုကွဲသွားအောင် ရိုက်ချလိုက်သည်။ထို့နောက် သူ့၏ လက်ဖဝါးကို နောက်တစ်ကြိမ်မြှောက်လိုက်ပြီး အဏ္ဏဝါမျိုးစိတ်ပညာရှင်ကို လွင့်ထွက်သွားအောင် ရိုက်ချလိုက်လေသည်။အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ ခန္ဓာကိုယ်က ဘောလုံးတစ်လုံးကဲ့သို့ လွင့်ထွက်သွားပြီး ဥမင်လှိုဏ်ခေါင်း၏ အမိုးနှင့် ပြင်းထန်စွာ တိုက်မိသွားလေသည်။
ဥမင်လှိုဏ်ခေါင်းတစ်ခုလုံး တုန်ခါသွားပြီး အမိုးခုံးပေါ်မှ သလင်းကျောက်တုံးလေးများ ပြုတ်ကျလာလေသည်။
ပလုတ်ပလောင်းစားနေသော ပုဖန်က ဘလက်ကီ၏ လှုပ်ရှားမှုများကို တိတ်ဆိတ်စွာပင် ကြည့်နေသည်။
ထိုမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်လိုက်ရသော ခေါင်းဆောင်ဖန်းကထခုန်မိမတက် လန့်ဖြန့်သွားလေသည်။သလင်းကျောက် အရင်းအမြစ်ထက်မှ ပေါ်ထွက်လာသော ထိုခွေးက ဤမျှလောက် စွမ်းအားပြင်းမည်ဟု သူမမျှော်လင့်ထားမိပေ။ထိုခွေးက နတ်ဘုရားနယ်ပယ် မသေမျိုးခန္ဓာအဆင့် ကျွမ်းကျင် ပညာရှင်ကိုပင် လက်ဝါးရိုက်ချက်ဖြင့် လွင့်ထွက်သွားစေသည်။
အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ဘလက်ကီကို ကြည့်နေသော သူ့၏ အကြည့်များကလည်း အေးစက်သွားသည်။
"မင်းက သလင်းကျောက်အရင်းအမြစ်တစ်ခုကိုလည်း ယူထားခဲ့ပြီးပြီ....အခုလည်းနောက်ထပ် သလင်းကျောက်နှစ်ခုကိုလည်း မင်းအပိုင်အဖြစ် သိမ်းဆည်းချင်သေးတယ်.....မင်းက အရမ်းလောဘကြီးလွန်းမနေဘူးလား......"
ခေါင်းဆောင်ဖန်းက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ထို့နောက် သူက ခန္ဓာကိုယ်ထဲမှ အစစ်အမှန်ယွမ်စွမ်းအင်များကို ရုတ်တရက် လောင်ကျွမ်းစေလိုက်သည်။ကြည်လင်လှသော အစစ်အမှန်စွမ်းအင်များက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးကွယ်သွားမတက် ထွက်ပေါ်လာသည်။ကမ္ဘာကြီး၏ အဆုံးမဲ့ စွမ်းအားများကဲ့သို့ ထွက်ပေါ်လာသော စွမ်းအင်များက ဘလက်ကီကို ဖိနှိပ်လာလေ၏။
ခောင်းဆောင်ဖန်းအနေဖြင့် မည်ကဲ့သို့သော မြင်ကွင်းမျိုးကို မြင်ခဲ့ရသည် ဖြစ်ပာစေ...သူ့အတွက် သလင်းကျောက် အရင်းအမြစ်တစ်ခု မဖြစ်မနေ ရရှိရန် လိုအပ်နေပေသေးသည်။
ဘလက်ကီက သန်းဝေလိုက်သည်။သူ အလွန်အမင်းအိပ်ချင်နေဆဲ ဖြစ်သောကြောင့် မျက်ဝန်းများဖွင့်ထားရသည်က ဒုက္ခများလွန်းလှသည်။သူက ခေါင်းဆောင်ဖန်းကို ဂရုမစိုက်တော့ပဲ ပုဖန်ဘက်သို့ လှည့်၍ ကြည့်လိုက်သည်။
"ပုဖန် ကောင်လေး....မင်းက ဒီကို သလင်းကျောက်အရင်းအမြစ်တွေတွက်ပဲ လာတာပဲမဟုတ်ဘူးလား....အခုဒါကိုယူပြီး ပြန်ကြမယ် .....ဒါဆိုရင် မင်းရဲ့ မစ်ရှင်လည်း မြန်မြန်ပြီးတာပေါ့ ဒီခွေးဘုရင်က အိမ်ကိုပြန်ပြီး အိပ်ချင်နေပြီ....ဒီအရာက အရမ်းကို အရသာရှိလွန်းတယ် ....အခုအဲ့ဒီဟာကို စားပြီး အရမ်းကိုအိပ်ချင်နေတယ်.....ဒါက တကယ်ကိုပဲ ...."
ပုဖန်က ဘလက်ကီ၏ စကားကို ကြားပြီးနောက် ပြောစရာစကားမဲ့သွားလေသည်။
"အရသာရှိတယ်......ဒီခွေးငတုံးကတော့ ပါဝင်ပစ္စည်းတွေကို စားလိုက်တာလား......"
သို့သော်လည်း ယခုအချိန်၌ ထိုအကြောင်းကို စဉ်းစားနေရမည့် အချိန်မဟုတ်ပေ။ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးပေါ်မှ ထိုင်နေရာမှ အလျှင်စလို ခုန်ချလိုက်သည်။ကျိုင်းပုစွန်ကို အုပ်ထားသည့် မဟူရာလိပ်ခုံးဒယ်အိုးက လေထဲ၌ ဝဲပျံသွားပြီးနောက် ပြန်လည်ကျုံ့သွားကာ ပုဖန်လက်အတွင်းသို့ ပြန်ရောက်လာသည်။
ရွှစ်.....
မဟူရာလိပ်ခုံးဒယ်အိုးကို ဖယ်လိုက်သည်နှင့် ကျိုင်းပုစွန်က သူ့၏ လက်များကို ဒေါသတကြီး ဝှေ့ယမ်းလာလေသည်။အခုလက်ရှိအချိန်၌ ပုဖန်ကို တစ်စစီ ဆုတ်ဖြဲချင်ရုံကလွဲ၍ အရေးကြီးကိစ္စမရှိပေ။
ဘလက်ကီက မျက်မှောင်ကြုတ်လိုက်သည်။သူ့၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး ထိုကျိုင်းပုစွန်ကို ရိုက်ချလိုက်လေသည်။
ကျယ်လောင်သော အသံနှင့်အတူ ထိပ်တန်း ကျိုင်းပုစွန်က အခွံတခြား အသားတခြားပင် ဖြစ်သွားမတက် ခံစားလိုက်ရသည်။
အဝေးသို့ လွင့်ထွက်သွားကာ မြေပြင်နှင့် ပြင်းထန်စွာ ရိုက်မ်ိသွားသည်။သူ့၏ နောက်ကျောဘက်နှင့် ပြုတ်ကျသွားပြီး မြောက်များလှစွာသော အရိုးများ ကျိုးကြေသွားလေသည်။ထိုခဏ၌ သူ့ကိုယ်သူ ဘာဖြစ်သွားမှန်းပင် မသိလိုက်ပေ။
"ဒီပင်လယ်စာကောင်က ဘယ်ကရောက်လာတာလဲ.....ခွေးဘုရင်က ပင်လယ်စာတွေကို မုန်းတယ်.....ဟမ်း......"
ဘလက်ကီက နှာခေါင်းတစ်ချက်ရှုံ့၍ ရေရွတ်လိုက်သည်။ပုဖန်က လွင့်ထွက်သွားသော ကျိုင်းပုစွန်ကို အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိပဲ အရှေ့သို့သာ အလျှင်စလို ဆက်သွားလိုက်သည်။ခဏအတွင်းမှာပင် သလင်းကျောက်အရင်းအမြစ်နှစ်ခုအနားသို့ ရောက်ရှိသွား၏။ထိုမြင်ကွင်းကို မြင်လိုက်ရသော ခေါင်းဆောင်ဖန်း၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားကြသည်။
"ဒီလူသားနဲ့ ခွေးနဲ့က တစ်ဖွဲ့တည်းလား.....သေစမ်း....သူတို့က ငါ့ကို ပူးပေါင်းကြံစည်နေကြတာပဲ....."
ဒီနေရာ၌ မဟာဂိုဏ်းမှ နတ်ဘုရားနယ်ပယ် မသေမျိုးခန္ဓာ ကျွမ်းကျင်အဆင့်ရှိသူကို ဆန့်ကျင်ရဲသူ အမှန်တကယ်ပင် ရှိနေသေးသည်။
ခေါင်းဆောင်ဖန်းက ဒေါသထွက်သွားပြီး သူ့၏အစစ်အမှန် ယွမ်စွမ်းအင်များကို နောက်တစ်ကြိမ် လောင်ကျွမ်းစေလိုက်သည်။
ယခုကိစ္စက ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိပေ။
သူ့၏ ခန္ဓာကိုယ်မှ အဝါရောင် ရောင်စဉ်များ ထွက်ပေါ်လာသည်။အဝါရောင်နဂါးတစ်ကောင်နှင့်ဆင်တူသော ထိုရောင်စဉ်များက သူ့၏ ခန္ဓာကိုယ်ပတ်လည်၌ လှည့်ခွေနေသည်။
သူ့၏ တောင့်တင်းလှသော ကြွက်သားများက ပို၍ပင် ဖောင်းကားလာပြီး အစစ်အမှန် စွမ်းအင်လှိုင်းများကလည်း ပို၍ လှုပ်ခတ်လာသည်။
"နောက်ဆုတ်စမ်း......"
ခေါင်းဆောင်ဖန်းက အော်ဟစ် မာန်သွင်းလိုက်ပြီးနောက် သူ့၏ လက်သီးကို လွှဲယမ်းလိုက်သည်။လေထုကိုပင် ချိုးဖျက်နိုင်ပြီးသော သူ့၏ လက်သီးချက်ဖြင့် ဘလက်ကီဆီသို့ တိုက်ခိုက်လိုက်သည်။
အိပ်ပျော်လုနီးပါး ဖြစ်နေသော ဘလက်ကီက ဆတ်ခနဲ အသိပြန်ဝင်လာသော်လည်း.. သူလွင့်ထွက်သွားလေ၏။သူ့၏ ခန္ဓာကိုယ်က ဥမင်လှိုဏ်ခေါင်း၏ နံရံနှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားပြီး ထိုနေရာ၌ ဖုန်လုံးများပင် အလိပ်လိုက်ထွက်ပေါ်လာသည်။
ပုဖန်က ဘလက်ကီ လေထဲလွင့်ထွက်သွားသည့် မြင်ကွင်းကို ကြည့်၍ မျက်ခမ်းစပ်များပင် တဆတ်ဆတ်လှုပ်သွားသည်။ထို့နောက်သူ ပါးစပ်ကို ဖွင့်ဟ၍ ရွှေရောင်မီးတောက်တစ်ခုကို အန်ထုတ်လိုက်သည်။
သူ့လက်ဖဝါးပေါ်၌ တောက်ပနေသော ရွှေရောင်မီးတောက်ငယ်လေးက သူ့၏ ထိန်းချုပ်မှု အောက်မှာပင် မီးတောက်ဓားအဖြစ်သို့ ပြောင်းလဲသွားသည်။
ခေါင်းဆောင်ဖန်းက ထိုရွှေရောင်မီးတောက်လေးကို မြင်လိုက်သည့်ခဏ၌ ပို၍ပင် ဒေါသကြီးလာပြီး အော်ဟစ်လိုက်သည်။
"ဒါက ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်အမျိုးအစား ကောင်းကင်ကမ္ဘာမြေ မီးလျှံပဲ မင်းက ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ယူသွားခဲ့တဲ့လူပဲလား......"
ပုဖန်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခေါင်းဆောင်ဖန်းကို လုံးဝ လျစ်လျူရှူလိုက်သည်။ထို့နောက် သူ့လက်ထဲမှ မီးလျှံဓားဖြင့် သလင်းကျောက်အရင်းအမြစ်ကို ဖြတ်တောက်လိုက်၏။
ပထမဦးဆုံးအကြိမ် သူကိုယ်တိုင်ခွဲဖြတ်သည့် တစ်ခုဖြစ်သောကြောင့် သူစိတ်လှုပ်ရှားနေခဲ့သည်။