အပိုင်း ၃၉၉
Viewers 52k

အခန်း ၃၉၉

အဲ့ဒါ ဘေးဆိုးငါး...


"မီးဖိုချောင်တစ်ခု ပြင်ဆင်ပေးရမယ်....."


မြွေမျိုးနွယ်အာဏာပိုင်နှင့် အခြားသူများက ပုဖန်၏ ရုတ်တရက် တောင်းဆိုမှုကြောင့် ကြောင်အနေကြသည်။သူတို့က ပုဖန်ကို ပြောစရာစကားမဲ့စွာဖြင့် စိုက်ကြည့်နေမိသည်။


ဝူမူကလည်း ကသိကအောင့် ပြုံးလိုက်မိသည်။ပုဖန်ပြန်လာသည့်အချိန်၌ ထိုကဲ့သို့ ထူးဆန်းသည့် အပြုအမူမျိုး ပြုလုပ်လိမ့်မည်ဟု မထင်ထားခဲ့မိပေ။


"ပိုင်ရှင်ပု ငါတို့ အရေးကြီးတဲ့ ကိစ္စကို အရင်ဆုံးပြောသင့်တယ်......"


မြွေမျိုးနွယ်အာဏာပိုင်၏ လှပလှသော မျက်နာလေးပေါ်၌လည်း ကသိကအောင့် ဖြစ်သည့် အမူအရာတစ်ခ်ျို့ ဖြတ်ပြေးသွားသည်။


....ဒီပုဖန်က ငါတို့ရဲ့ ဆွေးနွေးမှုကို မီးဖိုချောင်ထဲမှာ ပြုလုပ်ချင်နေတာလား....ဒီအခြေအနေကြီးက တော်တော်ကြီး ထူးဆန်းတယ်လေ မဟုတ်ဘူးလား......


"ပိုင်ရှင်ပု...ရှင်တကယ်လို့ အစားအသောက်စားချင်တယ်ဆိုလည်း ကျွန်မရဲ့ တော်ဝင်စားတော်ကဲကို ပြင်ဆင်ဖို့ ပြောလိုက်ပါ့မယ်.....အခု အရင်ဆုံး အဓိကခန်းမထဲသွားပြီးတော့ ယုဖူရဲ့ အကြောင်းကို ဆွေးနွေးကြရအောင်....."


မြွေမျိုးနွယ်အာဏာပိုင်က ယုဖူ၏ ကိစ္စနှင့်ပတ်သတ်၍ အနည်းငယ်မျှပင် တုံ့နှေးမနေချင်သောကြောင့် ပုဖန်ကို ခန်းမထဲသွားရန် တိုက်တွန်းလိုက်သည်။


ပုဖန်က မြွေမျိုးနွယ်အာဏာပိုင်ကို တစ်ချက်မျှ ကြည့်ပြီး နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ထို့နောက် သူက အထင်သေးဟန်ဖြင့် စကားပြောလိုက်၏။


"တော်ဝင်စားဖ်ိုမှူး.....ဟုတ်လား.....သူတို့က စားစရာကော လုပ်နိုင်ရဲ့လား.....သူတို့လုပ်တဲ့ အစားအစာတွေက စားလို့ကောရရဲ့လား......"


မြွေမျိုးနွယ်အာဏာပိုင်က မျက်မှောက်ကြုတ်လိုက်မိသည်။ပုဖန်က သူမ၏ စားဖိုမှူးကို အထင်သေးနေသည်ဟု ခံစားမိလေသည်။


သူမက တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ရောက်ရှိနေပြီဖြစ်ပြီး ရံဖန်ရံခါ၌သာ အစာစားသုံးသည် ဆိုသော်လည်း... သူမက မဟာမြွေလူသားမြို့တော်၏ အုပ်ချုပ်သူ တစ်ယောက်သာဖြစ်သည်။ထို့ကြောင့် အကောင်းတကာ့အကောင်းဆုံး စားဖိုမှူးကို ရွေးချယ်ထားခဲ့ခြင်းဖြစ်၏။သူမ၏ စားဖိုမှူးက မြွေလူသားများစွာထဲမှ အတော်ဆုံး လက်ရွေးစင်တစ်ယောက်ဖြစ်သည်။


"ပိုင်ရှင်ပု ရှင်စိတ်ချထားလို့ရပါတယ်.....တော်ဝင်စားဖိုမှူးတွေကို မြွေလူသားများစွာထဲကမှ ဂရုတစိုက်နဲ့ ရွေးထုတ်ထားတာပါ......သူတို့ရဲ့ ဟင်းချက်စွမ်းရည်က ရှင့်ကို နည်းနည်းမှ စိတ်ပျက်စေလိမ့်မှာ မဟုတ်ဘူး......."


"အိုး......သူတို့က ခင်ဗျားပြောသလို အံ့အားသင့်စရာကောင်းတယ်ဆိုတော့ သူတို့ ဒီပစ္စည်းကို ချက်နိုင်လား....."


ပုဖန်က အေးဆေးစွာ ပြောလိုက်ပြီးနောက် သူ့၏ လက်ကို စွမ်းအင်များဖြင့် ဖုံးအုက်လိုက်သည်။သူ့လက်ကို ပြန်ဆွဲထုတ်လိုက်သည့်အခါ၌ အစက်အပြောက်များဖြင့် ပြည့်နေသော ဝဝဖြိုးဖြိုး ကြီးမားသည့် ငါးတစ်ကောင်ပါလာလေသည်။


ဝူမူနှင့် အခြားသူများက ပုဖန်လက်ထဲမှ ကြောက်စရာကောင်းသည့် ငါးကို ကြည့်ပြီး ထိတ်လန့်သွားကြသည်။


"ဒါက ဘယ်လိုသားရဲမျိုးလဲ....."


"ကြည့်ရတာတော့ မွေးမြူရေးငါးပုံစံမျိုးပဲ ....ဒါပေမယ့် အဲ့ဒီလိုငါးမျိုး ငါအရင်က တခါမှ မမြင်ဖူးဘူး..."


" ဒီငါးက တော်တော်လေး ရုပ်ဆိုးတယ်.....သူ့ရဲ့ အရသာကလည်း ဆိုးလိမ့်မယ်ဆိုတာသေချာတယ်....."


ဘေးနား၌ ရှိနေသော လူတိုင်းက ပုဖန်လက်ထဲမှ ငါးအကြောင်းကို တီးတိုးတီးတိုး ဆွေးနွေးနေကြသည်။သူတို့၏ ပြောဆိုသံကို ကြားသည်နှင့် မြွေမျိုးနွယ်အာဏာပိုင်၏ မျက်နာကလည်း အနည်းငယ် ရှုံ့မဲ့သွားသည်။သူမကလည်း ပုဖန်လက်ထဲမှ ငါးကို မည်သည့်ငါးဖြစ်ကြောင်းခွဲခြားမသိပေ။


ယုဖူကလည်း အံ့အားသင့်နေပေပြီ။သူမက အလုပ်သင်အဖြစ်ဖြင့် အချိန်ကြာမြင့်စွာ လေ့ကျင့်ခဲ့ပြီးနောက် ယခုလက်ရှိ၌ တော်တော်လေး ကျွမ်းကျင်နေပေပြီ။သို့သော်လည်း ပုဖန်လက်ထဲမှ ထိုငါးကို သူမ သေချာပေါက်မသိပေ။အကယ်၍ ယုဖူပင်လျှင် ခွဲခြား၍ မသိလျှင် မြွေမျိုးနွယ်အာဏာပိုင်က လုံးဝ ခွဲခြားနိုင်လိမ့်မည် မဟုတ်ပေ။


"အခု အရေးတကြီးလုပ်ရမှာကတော့ ကျုပ်ကို မီးဖိုချောင် ကို ချက်ချင်းခေါ်သွားပေး ....ကျုပ်ဒီပစ္စည်းကို သုံးပြီး ဟင်းပွဲတစ်ပွဲချက်မယ် .....ကျုပ်ချက်ပြီးတဲ့အခါကျရင် ခင်ဗျားအဲ့ဒီဟင်းပွဲကို မြည်းကြည့်နိုင်တယ်......ပြီးရင်တော့ ခင်ဗျားရဲ့ တော်ဝင်စားဖ်ိုမှူးတွေက ကျုပ်နဲ့ နည်းနည်းလေးမှ မယှဉ်နိုင်ဘူးဆိုတာကို သိလိမ့်မယ်....."


ပုဖန်က လမိုက်ဆူးငါးပူတင်းကို ခပ်မြင့်မြင့် ဆုပ်ကိုင်လိုက်ပြီး မောက်မာထောင်လွှားစွာ ပြောလိုက်သည်။ပုဖန်၏ ပုခုံးထက်၌ ရှိနေသော ရွှေရောင်ကျိုင်းပုစွန်က သူ့၏ မျက်လုံးများကို အနည်းငယ်ရွေ့လျားရင်း ပုဖန်လက်ထဲမှ ငါးပူတင်းကို ခိုးကြည့်လိုက်သည်။သူအရင်က ထိုငါးကို မြင်ဖူးသည်ဟု ခံစားမိလေသည်။


ပုဖန်က ထိုရွှေရောင်ကျိုင်းပုစွန်ကို အနည်းငယ်မျှပင် ဂရုမစိုက်ပဲ မြွေမျိုးနွယ်အာဏာပိုင်ကိုသာ မလွှဲတမ်းစိုက်ကြည့်နေသည်။အဆုံးသတ်၌ မြွေမျိုးနွယ်အာဏာပိုင်က ပုဖန်ကို မီးဖိုချောင်သို့သာ ခေါ်ဆောင်သွားလိုက်ရသည်။


ယုဖူက သူတို့နောက်မှနေ၍ ပျော်ရွှင်စွာဖြင့် လိုက်ပါသွားလေသည်။သူမက အချိန်တလမျှ မြွေမျိုးနွယ်အာဏာပိုင်၏ အကျယ်ချုပ် ချုပ်ထားခြင်းကို ခံခဲ့ရသည်။ထိုအချိန်တွင်း သူမ မချက်ပြုတ်ခဲ့ရပေ။သူမ အချိန်အနည်းငယ်မျှ မီးဖိုချောင်သုံးပစ္စည်းများနှင့် ထိတွေ့ခဲ့ရခြင်း မရှိသောကြောင့် ယခုတစ်ဖန် ပြန်လည် ချက်ပြုတ်နိုင်တော့မည်ကို စိတ်အားတက်ကြွ နေပေသည်။


သူတို့ စားဖိုဆောင်ထဲသို့ ဝင်လိုက်သည်နှင့် တော်ဝင်စားဖ်ုမှူးများက မြွေမျိုးနွယ်အာဏာပိုင်ကို ရိုသေလေးစားစွာဖြင့် နှုတ်ခွန်းဆက်လိုက်သည်။


"ဒီပါဝင်ပစ္စည်းကို တစ်ယောက်ယောက်များ သိလား......"


မြွေမျိုးနွယ်အာဏာပိုင်က ပုဖန်လက်ထဲမှ ငါးကို ညွှန်ပြ၍ တော်ဝင်စားဖိုမှူးများကို အေးစက်စွာဖြင့် မေးလိုက်သည်။ထိုငါး၏ အမျိုးအမည်ကို တစ်ယောက်မှမသိသူမရှိဟု သူမ မယုံကြည်ပေ။သို့သော်လည်း ရလဒ်က သူမက်ို စိတ်ပျက်သွားစေသည်။တော်ဝင်စားဖိုမှူးများက ပုဖန်လက်ထဲမှ ငါးကို ကြည့်ပြီးနောက် မည်သည့်အမျိုးအစားမှန်း ခွဲခြားမရပေ။


လူတစ်ချို့က ထိုငါးကို ရင်းရင်းနီးနီးမြင်ဖူးသည်ဟု ပြောဆိုကြသော်လည်း သူ့၏ အမျိုးအစားအမည်မှန်ကို မခွဲခြားနိုင်ပေ။


"ဒီငါးက မဟာမြွေလူသားမြို့တော် နောက်ဘက်ပိုင်းက ငါးနဲ့တူတယ်.....အဲ့ဒီက မြစ်ထဲမှာ ရှိတဲ့ မိစ္တာငါးနဲ့ ဆင်တူတယ်....."


စားဖိုမှူငယ် တစ်ယောက်က ဝင်ပြီး ပြောလိုက်သည်။


"ဒါပေမယ့်လည်း အဲ့ဒီငါးက သေစေနိုင်တဲ့ အဆိပ်ပြင်းတွေ ပါတဲ့အတွက် စားဖို့ မဖြစ်နိုင်ဘူး......အဲ့ဒီငါးကို ပါဝင်ပစ္စည်းတစ်ခုလို့တောင် သတ်မှတ်လို့မရဘူး......"


တစ်စုံတစ်ယောက်က ခန့်မှန်းနိုင်လိမ့်မည်ဟု မထင်ထားသောကြောင့် ပုဖန် အနည်းငယ်မှင်သက်သွားမိသည်။ထိုသူ၏ ခန့်မှန်းချက်က မှန်ကန်သော်လည်း ပုဖန်က ငါး၏ နာမည်ကို ပြောပြခြင်းမရှိပေ။


ဒီပတ်ဝန်းကျင်မှာ နေထိုင်သည့် ငါးနှင့် သူ့၏ ငါးက သေချာပေါက် ကွဲပြားခြားနားပေလိမ့်မည်။


"မင်းမှန်တယ်.....ဒီငါးက အဆိပ်ပါတယ်......ဒီငါးရဲ့ အဆူးတွေက တန်ခိုးရှင်အဆင့်တစ်ယောက်ကိုတောင် သေစေနိုင်တယ်....."


ပုဖန်၏ စကားကြောင့် အားလုံးရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။


"တန်ခိုးရှင် အဆင့်တစ်ယောက်ကိုတောင် သေစေနိုင်လောက်တဲ့ အဆိပ်ပါတဲ့ ငါးကို သူက တကယ်ပဲ ချက်ပြုတ်ချင်နေတာလား.....ဒါက ဘေးဆိုးငါးပဲ.....သူက အဆိပ်ပါတယ်ဆိုမှတော့ ချက်ပြီးရင်လည်း မဆိပ်သင့်နေအုန်းမှာပဲ....စားဖို့ မသင့်ဘူး"


 ထိုငယ်ရွယ်သော စားဖိုမှူးလေးက ငိုကြွေးလုနီးပါးပင် တုန်ရီနေလေ၏။


"အဲ့ဒါဘာလို့လဲဆ်ိုတော့ မင်းတို့အားလုံးက ဒီငါးကို ဘယ်လိုချက်ရမယ်ဆိုတာ မသိလို့ပဲ......အဲ့ဒီမြစ်က ဘယ်နားမှာရှိတယ်ဆိုတာ အခုငါ့ကို ပြောပြပါဦး ....."


စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။အကယ်၍ မြစ်ထဲ၌ ဒီငါးတွေရှိနေသည်ဆိုပါက သူ ထိုနေရာသို့သွား၍ ငါးပူတင်းငါးများကို ဖမ်းရပေမည်။သိူ့မှသာလျှင် ထိုငါးများကို ပြန်လည်ယူဆောင်သွားပြီး ငါးဟင်းပွဲတစ်ခု ရောင်းချနိုင်ပေပြီ။


"အဲ့ဒါက ကပ်ဘေးမြစ်ပဲ.....အဲ့ဒီထဲမှာရှိတဲ့ မိစ္ဆာငါးတွေအားလုံးကို ငါတို့ မြွေလူသားမြို့တော်က ကျွမ်းကျင်ပညာရှင်တွေ အားလုံးက သတ်လိုက်ပြီးသွားပြီ.....အဲ့ဒီရေထဲမှာ မိစ္ဆာငါးတွေရဲ့ သွေးပဲရှိတော့တယ်.....ဒါပေမဲ့လည်း ငါတို့ မျိုးနွယ်က ပညာရှင်တွေက အဲ့ဒီနေရာကို စည်းချထားပြီးတော့ ရေကို အဆိပ်ခတ်ခဲ့တယ်......"


စားဖိုမှူး လူငယ်က ခေါင်းကို မြင့်မြင့်မော့၍ ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ပုဖန်၏ မျက်နာက သုန်မှုန်သွားသည်။သူက စားဖိုမှူးငယ်၏ ဂုဏ်ယူဝင့်ကြွားနေသည့် မျက်နာကို တွေ့ရသောအခါ၌ မဟူရာလိပ်ခုံးဒယ်အိုးဖြင့် ဖြတ်ရိုက်ချင်စိတ်ပင် ပေါက်သွားသည်။သူပြောသည့် မိစ္ဆာငါးက ငါးပူတင်းငါးများပင်ဖြစ်သည်။ထိုငါးများက ပြီးပြည့်စုံသည့် ပါဝင်ပစ္စည်းများပင် ဖြစ်သည်။


ပုဖန်က သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး ယုဖူကို ဆွဲ၍ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။ဝူမူနှင့် မြွေမျိုးနွယ်အာဏာပိုင်က ပုဖန်၏ အမူအရာကြောင့် ကြောင်အသွား၏။တော်ဝင်စားဖိုမှူးများက ထိုငါးချက်ပြုတ်သည့် နည်းကို သိရှိလိုကြ၏ သူတို့က ပုဖန်၏ နောက်မှ လိုက်ဝင်ရန် ပြင်လိုက်ကြသည်။သို့သော်လည်း သူတို့ မဝင်ခင်မှာပင် ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကိုသုံး၍ မီးဖိုချောင်ဝကို ပိတ်ဆို့ထားလိုက်သည်။ထို့နောက် သူက တော်ဝင်စားဖိုမှူးများကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။


"မင်းတို့ကို မင်းတို့ ဘာလုပ်နေတယ်လို့ထင်နေတာလဲ....ငါ့ရဲ့ မီးဖိုချောင်နားကနေ ဝေးဝေးနေကြ.....ငါချက်ပြုတ်နေစဉ်အတွင်းမှာ ငါ့ရဲ့ အလုပ်သင်ကလွဲပြီး ဘယ်သူကမှ မီးဖိုချောင်ထဲ ဝင်ခွင့်မပြုဘူး.....မလိုက်နာတဲ့ ဘယ်သူမဆို ဒီဒယ်အိုးနှင့် သေသည့်အထိ ရိုက်ခံရမယ်......"


ပုဖန်က ပြောပြီးသည်နှင့် မီးဖိုချောင်တံခါးကို ဘန်းခနဲ မြည်အောင် ပိတ်ချလိုက်သည်။မြွေမျိုးနွယ် အာဏာပိုင်၏ မျက်နာပေါ်၌ ကသိကအောင့်ဖြစ်သည့် အမူအရာမျိုး ပေါ်လာသည်။ထိုအချင်းအရာကတကယ်ကို စိတ်ရှုပ်စရာကောင်းလှပေသည်။


သူမက အမြီးကို ဝှေ့ယမ်းလိုက်ပြီး မီးဖိုချောင်တံခါးဆီသို့ တိုးကပ်သွားလိုက်သည်။သူမက ထိုစားကောင်းသောက်ဖွယ်ဟု ခေါ်သည့် ဟင်းပွဲကို မည်ကဲ့သို့ ချက်ပြုတ်မည်ကို သိချင်လှသည်။ဝူမူက နွေးထွေးစွာပြုံး၍ ပြောလိုက်သည်။


"ပိုင်ရှင်ပုက တကယ့်ကို ပါရမီရှိတဲ့ လူတစ်ယောက်ပါ.....သူ့ ရဲ့ အချက်အပြုတ်စွမ်းရည်က အံ့အားသင့်စရာကောင်းတယ်....ဒီလိုလူတစ်ယောက်အနေနဲ့ မောက်မာတာကတော့ မထူးဆန်းပါဘူး......"


မြွေမျိုးနွယ်အာဏာပိုင်က ဝူမူကို ခပ်တည်တည်ဖြင့် ကြည့်၍ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဘေးဘက်သို့ ထွက်သွားလိုက်သည်။


စားဖိုဆောင်က တော်တော်လေး ကျယ်ဝန်းပြီး ခန်းနာလှသည်။သပ်ရပ်လှပြီး အစက်အပြောက် မထင်အောင်ပင် သန့်ရှင်းစင်ကြယ်နေ၏။စားဖိုဆောင်ထဲ၌ စားဖိုမှူးများ လာရေုက်ချက်ပြုတ်မည်ကို စောင့်ဆိုင်းနေကြသော ပါဝင်ပစ္စည်းများ အများအပြားရှိသည်။လှောင်အိမ်ထဲမှ သားရဲတစ်ချို့ကလည်း ပုဖန်ကို စိုက်ကြည့်နေကြ၏။


ထိုသားရဲများက မကြာခင်ပင် ဟင်းပွဲဖြစ်လာတော့မည့် သတ္တဝါများဖြစ်သည်။ပုဖန်က မီးဖိုချောင်ထဲ ဝင်လိုက်သည်နှင့် သူတို့ကို ဂရုမစိုက်ပဲ လျစ်လျူရှုထားလိုက်သည်။သူကနေရာတစ်ခုကို ပြောင်းလဲရန် ပြင်ဆင်လိုက်သည်။


ပုဖန်က စားပွဲပေါ်၌ရှိနေသော မီးဖိုချောင်းသုံးဓားတစ်လက်ကို ကောက်ယူပြီး လေထဲ၌ အနည်းငယ် ဝှေ့ယမ်းလိုက်သည်။အချိန်ခဏမျှ စဉ်းစားလိုက်ပြီး ထိုဓားကို ယုဖူဆီသို့ လှမ်းပစ်လိုက်သည်။


"ဒီဓားကို ကိုင်လိုက် ......နင်က မချက်တာ တစ်လလောက် ရှိပြီဆိုတော့....ဒီဟင်းချက်ပစ္စည်းတွေနဲ့ ပြန်ပြီးရင်းနီးအောင် လုပ်ကြည့်သင့်တယ်.....ပြီးတော့ ငါဘယ်လိုချက်တယ်ဆိုတာကို သေသေချာချာကြည့်ထား ဒါမှသာ မင်း အများကြီး သင်ယူနိုင်လိမ့်မယ်......"


ယုဖူက ဓားကို လှမ်းယူလိုက်ပြီးနောက် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။သူမက နောက်တစ်ကြိမ်ပြန်လည်၍ ချက်ပြုတ်ရတော့မည်ဖြစ်သောကြောင့် ပျော်ရွှင်နေမိသည်။


ပုဖန်က သူမကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီးနောက် သူ့၏ ဒယ်အိုးကို နေရာချလိုက်သည်။သူက တော်ဝင်စားဖိုမှူးများသုံးဆွဲနေသည့် ကြုံရာ ဒယ်အိုးများနှင့်စာလျှက် သူ့၏ ကိုယ်ပိုင်ဒယ်အိုးကိုသာ ပို၍ သုံးစွဲချင်ပေသည်။


ပုဖန်က ဒယ်အိုးထဲ၌ အိပ်ပျော်နေသော ဘလက်ကီကို သယ်ထုတ်၍ ထောင့်တစ်ထောင့်၌ ချထားလိုက်သည်။ထို့နောက် နွေဦးစမ်းရေကို အိုးထဲသို့ လောင်းထည့်လိုက်၏။သူ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီးနောက် ပါးစပ်ကိုဟ၍ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မှုတ်ထုတ်လိုက်သည်။


ပုဖန်လှုပ်ရှားသမျှကို သေချာစွာ ကြည့်နေသော ယုဖူက မီးတောက်မှုတ်ထုတ်လိုက်သည်ကို မြင်လိုက်ရသောအခါ၌ အံ့အားသင့်သွားမိသည်။ရွှေရောင်မီးတောက်က လေထဲ၌ လွင့်ဝဲသွားပြီး အိုး၏ အောက်ခြေ၌ ရောက်ရှိသွားသည်။အိုးကို အပူပေးပြီးနောက် ခဏအတွင်းမှာပင် နွေးဦးစမ်းရေများက ပွက်ပွက်ဆူလာလေသည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးထဲတွင် ဘလက်ကီ အိပ်သွားသောကြောင့် အိုးကို ရေဆူဆူဖြင့် သေချာစွာ ဆေးကြောလိုက်သည်။ထို့နောက် သူ လမိုက်ဆူးငါးပူတင်းကို စတင်၍ ကိုင်တွယ်လိုက်သည်။အကယ်၍ ပုဖန် ဒယ်အိုးကို ရေဆေးနေသည်ကိုသာ ဘလက်ကီ တွေ့ပါက သူ့ကို သေသည်အထိ ရိုက်သက်ချင်ပေလိမ့်မည်။


ဒီပုဖန်က ခွေးဘုရင် ခဏအိပ်ရုံမျြှဖင့်ပင် ဒယ်အိုးကို ဆေးကြောချင်နေပေသည်။


"ငါခွေးဘုရင်က ခဏပဲ အိပ်တာလေ......ဘာလို့ မင်းက နွေဦးစမ်းရေနဲ့တောင် ဆေးကြောဖို့ လိုအပ်တာလဲ......"


သူ့၏ အပြုအမူကိုသာ ဘလက်ကီ တွေ့ခဲ့လျှင် သွေးအန်လုနီးပါး ဒေါသထွက်သွားပေလိမ့်မည်။


သို့သော်လည်း ယခုလက်ရှိ၌ အရာရာက အဆင်ပြေနေပေသည်။ပုဖန်၏ စိတ်လှုပ်ရှားတက်ကြွမှုက ယုဖူအပေါ်သို့ပင် သက်ရောက်နေပေ၏။ယုဖူ၏ မျက်နာက စိတ်လှုပ်ရှား မှုဖြင့် ပြည့်နှက်နေပြီး ကြက်သီးမွှေးညှင်းများပင် ထနေပေသည်။


သူမ အလွန်ပင် စိတ်လှုပ်ရှားနေကြောင်း ပုဖန် မြင်နိုင်ပေသည်။သူမက ပထမဦးဆုံးအကြိမ်ဖြင့် ပုဖန်၏ အလေးအနက်တည်ငြိမ်ပြီး တက်ကြွနေသည့် ပုံသဏ္ဍာန်ကို မြင်ဖူးခြင်းဖြစ်သည်။


ငါးပူတင်း၏ အရေပြားက ထူထဲပြီး မာကြောလှသော်လည်း ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားဖြင့် အသာလေး လှီးဖြတ်လိုက်နိုင်သည်။ထိုဓားကို အသုံးပြုလိုက်သောကြောင့် တို့ဟူးကို ဖြတ်ရသကဲ့သို့ပင် လွယ်ကူလွန်းလှသည်။


သူဓားကို အနည်းငယ်မျှ ဝှေ့ယမ်းလိုက်ရုံဖြင့် ငါးအရေပြားပေါ်တွင် ဓားချက်ရာလေးများပေါ်လာသည်။ထို့နောက် ဓားကို ပြန်လည်၍ မြှောက်ယူလိုက်ပြီးနောက် အရေခွံပေါ်ဖိတင်လိုက်သည်။သူ့၏ ဓားက ငါးအသားထဲသို့ နစ်မြှုပ်သွားသည့်အချိန်၌ သူ့၏ လက်ဖျားများပင် တုန်ခါလာသည်။


ပုဖန်က ငါး၏ အရေခွံနှင့် အသားကြားထဲမှ ဆက်သွယ်နေသည့် နေရာအနည်းငယ်ကို ဓားဖြင့် ဖြတ်တောက်လိုက်သည်။ယုဖူက ပုဖန်ငါးကိုင်တွယ်နေပုံကိုကြည့်၍ မျက်လုံးလေးများဖြင့် ဝိုင်းစက်နေသည်။


ပုဖန်၏ ခန္ဓာကိုယ်မှ အလင်းရောင်စဉ်များ ဖြာထွက်၍ မီးဖိုချောင်တစ်ခုလုံးကို အလင်းပေးထားသည်ဟုပင် သူမခံစားမိလေသည်။ပုဖန်က ငါးအရေခွံကို လုံးဝ ဖြတ်တောက်ပြီးသည်၌ အရေခွံကို ဆွဲခွာလိုက်သည်။


ပုဖန်၏ ဓားကိုင်ကျွမ်းကျင်မှုက သာမန်အဆင့်မှနေ၍ ပြီးပြည့်စုံသည့် အဆင့်သို့ပင် ရောက်ရှိနေပေပြီ။သူ့၏ အလုပ်သင်စားဖိုမှူး တစ်ယောက်ဖြစ်သော ယုဖူကလည်း သူမ နေ့စဉ်နေ့တိုင်း ဓားပညာကို လေ့ကျင့်ခဲ့သည်။သို့သော် သူမ၏ အရည်အချင်းက ပုဖန်၏ ဖြတ်တောက်ခြင်း နည်းပညာနှင့် ယှဉ်လိုက်လျှင် တော်တော်လေး အားနည်းနေပေသေးသည်။


ထို့ကြောင့်ပင် ပုဖန်၏ ဓားကိုင်စကေးကို တွေ့မြင်ရသည့်အခါ၌ သူမ အံ့အားသင့်နေခြင်းဖြစ်သည်။သူချက်ပြုတ်နေသည်ကို မြင်လိုက်ရသည့်အခါတိုင်း၌ ထိုအရာက အနုပညာလက်ရာတစ်ခုနှင့် တူသည်ဟုပင် သူမခံစားမိသည်။


ပုဖန် ချက်ပြုတ်နေသည်ကို ကြည့်နေရသည်က အလွန် စိတ်ကျေနပ်စရာကောင်းလှသည်။ပုဖန်က အရေခွံကို ကြွေဗန်းထဲသို့ ထည့်ပြီးနောက် ထိုဗန်းကို မီးဖိုခုံပေါ်တင်လိုက်သည်။


အရေခွံကို သေချာစွာဖြတ်တောက်ပြီးသည်နှင့် ပုဖန်က သူ့၏ ရှေ့မှ ငါးအသားကို ပြန်လည် အာရုံစိုက်လိုက်သည်။ပုဖန်က ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီးနောက် သူ့၏ မျက်ဝန်းအကြည့်များက အနည်းငယ် စူးရှသွားသည်။ထိုခဏမှာပင် သူ့၏ ဓားမှ အလင်းရောင်တစ်ချက်လက်သွားပြီးနောက် ငါးပူတင်းပေါ်သို့ ကျရောက်သွား၏ ပုဖန်၏ လှုပ်ရှားမှုများက အလွန်ပင် လျှင်မြန်လှလေရာ ကြည့်ရှုသူများကို မျက်စိကျိန်းသွားစေနိုင်သည်။


သူဓားတစ်ချက် ပင့်မလိုက်သည့်အခါတိုင်း၌ ငါး၏ ခန္ဓာကိုယ်မှာရှိသော အဆိပ်ရည်အိတ်လေးများကို ဖယ်ရှားပစ်နေပေသည်။ထိုအဆိပ်ရည်အိတ်လေးများက ပုဖန်ကို တိုက်ခိုက်လာသော အဆိပ်အပ်များကို ဖန်တီးနိုင်စွမ်းရှိပေသည်။


ထိုအိတ်ငယ်လေးများထဲ၌ သေစေလောက်အောင် ပြင်းထန်သော အဆိပ်ရည်များ ပါဝင်နေပေသည်။ထိုအဆိပ်ရည်များသာ ငါးအသားထဲသို့ ရောက်သွားပါက ငါးအသားတစ်ခုလုံး စားသုံး၍ မဖြစ်နိုင်တော့သည်ကို သူကောင်းကောင်းသိပေသည်။


ထိုအဆိပ်ရည်အိတ်များကို ဖယ်ရှားသည့်အခါ၌ အလွန်တရာ စိတ်ရှည်ရန် လိုအပ်ပေသည်။ထိုနေရာ၌ အနည်းငယ်မျှပင် အမှားအယွင်းပြုလုပ်၍ မရကြောင်း သူသိပေသည်။


ရွှပ်..... ရွှပ်....... ရွှပ်......


သူအဆိပ်ရည်အိတ်လေးများကို ထုတ်ယူပြီးသည်နှင့် ကြွေဗန်းတစ်ခုထဲသို့ ထည့်ထားလိုက်သည်။အဆိပ်ရည်အိတ်ထုတ်ယူရာမှ ထွက်ပေါ်လာသော တရွှပ်ရွှပ်အသံက ယုဖူကို ပို၍ပင် မျက်လုံးပြူးကျယ်လှစေပြီး ပို၍ ရင်တုန်လာစေသည်။သူမ၏ မျက်နာက နီရဲလာပြီး နဖူးမှ ချွေးများပင် စီးကျနေလေပြီ။


သူမက အသက်ရှုပင် အောင့်ထားသောကြောင့် သူမ၏ နဂိုဝိုင်းစက်သော မျက်လုံးလေးများက ပိုမိုဝိုင်းစက်နေကာ သူမကို ပို၍ ချစ်စရာကောင်းနေစေပေသည်။


သို့သော်လည်း ယခုလက်ရှိမချိန်၌ ပုဖန်က အလုပ်ရှုပ်နေလေရာ သူမ၏ ချစ်ဖို့ကောင်းနေမှုကို ကြည့်ရှုရန် အချိန်မရှိပေ။


"ဒီအဆိပ်ရည်အိတ်တွေကို သေချာလုပ်လိုက်အုန်း......မင်းအဲ့ဒါတွေကို သွားထိလို့မရဘူးနော် မဟုတ်ဘူးဆိုလို့ရှိရင် မင်းကို အဆိပ်သင့်သွားလိမ့်မယ်......"


ပုဖန်က အေးဆေးစွာ ပြောပြလိုက်သည်။ယုဖူက ကမန်းကတန်း ခေါင်းညိတ်ပြလိုက်ပြီးထိုကြွေဗန်းကို ဂရုတစိုက်ဖြင့် ယူလိုက်သည်။သူမ ဗန်းထဲကို ကြည့်လိုက်သည့်အခါ၌ ထိုအဆိပ်ရည်အိတ်ငယ်လေးများထဲ၌ အဝါရောင်အရည်များ စီးဆင်နေသည်ကို တွေ့လိုက်ရသည်။


ပုဖန်က နောက်ထပ်တစ်ဆင့် ကို စတင်လိုက်သည်။သူအရင်ဦးဆုံး ငါးပူတင်း၌ တခြားအဆိပ်အိတ်ငယ်လေးများ ကျန်မကျန်ကို အရင်ဦးဆုံး သေချာစွာ စစ်ဆေးလိုက်သည်။


ထိုဆူးငါးပူတင်း၏ မျက်လုံးများကပင် အဆိပ်များရှိနေသောကြောင့် သူဖောက်ထုတ်ခဲ့ပေပြီ။ပုဖန်က ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ငါးအသားပေါ်မှ အဆီများကို ဖယ်ထုတ်လိုက်သည်။ထိုအဆီများက သိပ်၍ မကြီးမားသလို အဆိပ်များလည်း ပါဝင်ခြင်းမရှိပေ။သို့သော်လည်း စားသုံးသည့်အခါ၌ အရသာကို ထိခိုက်မည်ဆိုးသောကြောင့် သူက ဖယ်ထုတ်ပစ်လိုက်သည်။


ထို့နောက် သူ ငါးကို ခွဲဟလိုက်ပြီး နှလုံးကို ဂရုတစိုက်ဖြင့် ထုတ်ယူလိုက်သည်။ပုဖန်က ငါးအတွင်းသားများကို မကိုင်တွယ်မီ သူ့၏ ဓားကိုလည်း နွေဦးစမ်းရေဖြင့် သေချာစွာ ဆေးကြောခဲ့ပေသည်။


အချိန်တစ်ချို့ ကြာပြီးသည့်နောက် သူက ဆူးငါးပူတင်း၏ အဆိပ်ရှိသော အပိုင်းများအားလုံးကို သေချာစွာ ကိုင်တွယ်ပြီးစီးသွားပေပြီ။သူ့၏ ဓားကို ဝှေ့ယမ်းလိုက်ပြီး အဆိပ်မပါတော့သော ကျန်ရှိနေသည့် အသားများကို လှီးဖြတ်လိုက်သည်။ဆူးငါးပူတင်း၏ အသားက တော်တော်လေး နူးညံ့လှပေသည်။သူက အသားပေါ်တွင် ဓားဖြင့်အသာလေး ထိလိုက်ရုံဖြင့် အသားက ပြတ်တောက်သွားပေပြီ။အားလုံးကိုင်တွယ်ပြီးစီးပြီးသည့်နောက် စတင်ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။


သူ့၏ အရင်ကမ္ဘာ၌ အရသာအရှိဆုံး အသားဟုခေါ်သော ငါးပူတင်းကို ချက်ပြုတ်ရမည်ဖြစ်သောကြောင့် သူအနည်းငယ် စိတ်လှုပ်ရှားမိသည်။ထိုအချင်းအရာက ချဲ့ကားပြောဆိုထားသည်ဆိုသော်လည်း ငါးပူတင်း၏ အသားက အရသာကောင်းမွန်ကြောင်းကိုတော့ ကောင်းကောင်းသက်သေပြန်ိုင်ပေသည်။


ထိုကဲ့သို့သော စာကောင်းသောက်ဖွယ်မျိုးကို သူ့လက်ဖြင့် ကိုယ်တိုင် ဖန်တီးရတော့မည်ဖြစ်သောကြောင့် ပုဖန်က သဘာဝကျစွာဖြင့် စိတ်လှုပ်ရှားနေမိသည်။


ထ်ိုဆူးငါးပူတင်းကို ချက်သည့်အခါ၌လည်း သူသတိလက်လွတ် မဖြစ်အောင် သေချာဂရုစိုက်ရပေမည်။ပုဖန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်၏ အရှိန်က ပို၍ ပြင်းလာပြီး ဒယ်အိုးကို စတင်ပူလာစေသည်။