အပိုင်း ၁၀
Viewers 16k

Chapter 10

နိုးထလာတဲ့ ငပျော့လေးတစ်ယောက်


"ဦးဦး...ယန်"

ယောင်စစ်တွင် သံသများရှိနေဆဲပင်ဖြစ်သည်။

"အပြာရောင်ဂြိုလ်ပေါ်ကလူတွေမျိုးသုဉ်းသွားတယ်လို့ ရှင်ပြောခဲ့တယ်မလား... ကျန်နေသေးတဲ့သူတွေအကုန်လုံးသွေးစုပ်ဖုတ်ကောင်တွေအဖြစ်ပြောင်းသွားပြီဆိုရင် ... ရှင်တို့မှာ ဘယ်လိုလုပ် မွေးကာစသွေးစုပ်ဖုတ်ကောင်တွေရှိနေသေးရတာလဲ..."

အပြာရောင်ဂြိုလ်ပေါ်ရှိလူများကသာ သွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းလဲနိုင်ပါက လက်တွေ့တွင်အဓိပ္ပါယ်မရှိတော့ချေ။


"ကောင်းလိုက်တဲ့မေးခွန်း..."

ယန်ရွှမ် စိတ်ကျေနပ်သွားပြီးသူမကို ချီးမွမ်းလာသည်။ 

"ဒီပြဿနာကိုတောင် သတိပြုမိတယ်ဆိုတော့... ဦးဦးရဲ့ကလေးလေးက အရမ်းဉာဏ်ကောင်းတာပဲ..."


“…”


သူ့လက်ပေါ်ရှိ ပုံရိပ်ယောင်ကွန်ပျူတာမှထုတ်ပေးသော ဖတ်စာအုပ်ကိုနှိပ်လိုက်ပြီး ဆက်ရှင်းပြဖို့ ပစ္စည်းကိရိယာအချို့ကိုထုတ်လိုက်သည်။


"ငါတို့သွေးစုပ်ဖုတ်ကောင်တွေက မျိုးမပွားနိုင်ကြသလို သွေးစုပ်ဖုတ်ကောင်တိုင်းကလည်းလူတစ်ယောက်ကိုပဲ သူ့မျိုးဆက်အဖြစ်ပြောင်းနိုင်တယ်...."

သူ လေးနက်သောမျက်နှာထားဖြင့်ဆက်ပြောလိုက်သည်။

"ဒါကြောင့် သွေးစုပ်ဖုတ်ကောင်တွေရဲ့ ပထမဆုံးကိုက်တာက တစ်သက်မှာတစ်ကြိမ်ပဲရှိတာမလို့ အရမ်းအရမ်းကိုအရေးကြီးတယ်... အပြာရောင်ဂြိုလ်ပေါ်မှာဖြစ်ခဲ့တဲ့ ကမ္ဘာပျက်ကပ်အခြေအနေကလွဲလို့ အရေးပေါ်မဟုတ်တဲ့ မလိုအပ်တဲ့အခြေအနေတွေက လွဲရင် တွေ့ရာလူကိုမကိုက်ကြပါဘူး.... ဘာလို့လဲဆိုတော့ သွေးစုပ်ဖုတ်ကောင်တွေရဲ့လူဦးရေက မျိုးဆက်တစ်ခုမှာ အယောက်သုံးထောင်ဝန်းကျင်နဲ့တစ်သမတ်တည်းထားလေ့ရှိတာမလို့ပဲ.... အဲ့တာကြောင့်ပဲငါတို့ကို တတိယမျိုးစိတ်တွေလို့ခေါ်ကြတာ..."


တတိယမျိုးစိတ်... ဒေါက်တာဝမ်နဲ့အခြားသူတွေက ကမ္ဘာကိုတတိယဂြိုလ်လို့ခေါ်တာ အဲ့တာကြောင့်ကိုး..... 


"အပြာရောင်ဂြိုလ်ပေါ်ကလူတွေကမရှိတော့ဘူးဆိုပေမယ့်လည်း...."

ယန်ရွှမ် သက်ပြင်းချပြီး ဆက်ပြောလိုက်သည်။

"အခုခေတ် မျိုးရိုးဗီဇနည်းပညာနဲ့ဆိုရင် အပြာရောင်ဂြိုလ်ပေါ်ကလူတွေရဲ့ မျိုးရိုးဗီဇကိုရှာတွေ့တာနဲ့ ပုံတူပွားလိုက်လို့ရတယ်လေ..."


"ကိုယ်ပွားတွေလား..."

ယောင်စစ်၏မျက်လုံးများပြူးကျယ်သွားသည်။


"ဟုတ်တာပေါ့ ..ဒါပေမဲ့..." 

သူ သနားစဖွယ်ခေါင်းခါလိုက်သည်။

"အပြာရောင်ဂြိုလ်ကလူတွေရဲ့ မျိုးရိုးဗီဇကထူးခြားတာကြောင့် အောင်အောင်မြင်မြင်ပုံတူပွားနိုင်တာကရှားပါးတယ်လေ... အဲ့တာကြောင့်ပဲ အခုလိုနည်းပညာတွေနဲ့တောင်မှ အောင်မြင်မှုနှုန်းကနည်းပါးနေဆဲဖြစ်နေတာ... အပြာရောင်ဂြိုလ်ကလူတွေကို အောင်အောင်မြင်မြင်ပုံတူပွားနိုင်ရင်တောင် အနည်းနဲ့အများတော့ မျိုးရိုးဗီဇဆိုင်ရာ အမူအကျင့်တွေကျန်နေသေးတယ်...."


"မျိုးရိုးဗီဇဆိုင်ရာအမူအကျင့်တွေလား..."

အဲ့တာဘာကိုဆိုလိုတာလဲ....


"ဥပမာအားဖြင့်... သူတို့ရဲ့အရင်ဘဝကမှတ်ဉာဏ်တွေနဲ့ အဲ့တာနဲ့ ဆင်တူတဲ့အရာတွေပေါ့..."

သူ သူမကြည့်လိုက်ပြီး မျက်လုံးများမှေးသွားသည်အထိပြုံးပြလာသည်။

"သမီးလိုပေါ့... ဦးဦးရဲ့ ကလေးလေးရယ်..."


ယောင်စစ် စိတ်ရှုပ်ထွေးသွားတော့သည်။ သူ အစောကသူမပြောပြသည့်အရာတိုင်းကို မျိုးရိုးဗီဇမှရလာသည့် မှတ်ဉာဏ်များဟုထင်ပြီး ထို့ကြောင့်သာ သူမပြောသမျှကိုမအံ့ဩရကြောင်း နားလည်သွားခဲ့သည်။


"ဒါပေမယ့် ကလေးလေးစိတ်မပူနဲ့နော်... အဲ့ဒီမှတ်ဉာဏ်တွေကို မကြာခင်မှာမေ့သွားမှာ..."

သူ သူမခေါင်းကိုပွတ်ပေးပြီး နှစ်သိမ့်လိုက်သည်။

"မကြာခင် သမီးက လိမ္မာပြီးနာခံမှုရှိတဲ့ကလေးလေးအဖြစ် သမီးရဲ့ အစစ်အမှန်ပုံစံကိုပြန်ရလာမှာပါ... အဲ့ဒီ့အချိန်မတိုင်ခင်အထိ ကလေးလေးသင်ယူရမယ့်အရာတွေအများကြီးမှ အများကြီးရှိတယ်နော်..."


“…”


ဒါကြောင့်သူက သူမကိုကလေးလေးလို့ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာပေါ့လေ... ဒါပေမယ့် သူမက တကယ့်ကိုယ်ပွားမှမဟုတ်တာ...


"အစပိုင်းမလို့ သမီးမှာချို့ယွင်းချက်တွေရှိနေလိမ့်မယ်..."

ယန်ရွှမ် ခန့်မှန်းပြီးပြောလိုက်သည်။

"အဲ့တာကြောင့်ပဲ သမီးရဲ့ဖေဖေက သမီးကိုဒီလောက်ငယ်ငယ်လေးနဲ့ဆောင်းခိုခိုင်းရတာနေမှာ... ဒါပေမယ့် သူက ဂြိုလ်အဆုံးသတ်ခြင်းအစီအစဉ်ကြောင့် သမီးလေးကသတ်မှတ်ထားတဲ့အချိန်မတိုင်ခင်နိုးလာမယ်လို့ကြိုမတွေးမိခဲ့တာဖြစ်နိုင်တယ်..."

သူ့မျက်ခုံးများတွန့်ချိုးသွားပြီး သူ့မျက်နှာတွင်ဒေါသများပေါ်ထွက်လာသဘ်။


"ဒါပေမယ့် ဦးဦးရဲ့ကလေးလေးကစိတ်ပူစရာမလိုဘူးနော်... ဦးဦးတို့အိမ်ပြန်ရောက်တာနဲ့ စုံစမ်းပေးမှာပါ... အဲ့မှာသမီးရဲ့သွေးကိုစစ်ဆေးပေးပြီး ကလေးလေးကဘယ်မျိုးဆက်ကလဲဆိုတာကိုရှာပေးမယ်နော်...."


"ကျွန်မ ကျွန်မရဲ့ မျိုးဆက်ကိုသိတယ်..."


"အိုး.."

ယန်ရွှမ် မျက်ခုံးပင့်ပြီးမေးလာသည်။

"သမီးရဲ့ အုပ်ထိန်းသူက သမီးဆောင်းမခိုခင်ကပြောခဲ့တာလား... ကလေးလေးက ဘယ်မျိုးဆက်ကတဲ့လဲ..."


သူမ မဝံ့မရဲနှင့်လက်ငါးချောင်းထောင်ပြလိုက်သည်။

"ငါး..."

သူမသာ အားနည်းတဲ့ ပဉ္စမမြောက်မျိုးဆက်လေးဖြစ်မှန်းသိရင်ဘယ်လိုနေမလဲ...


"ငါးဆယ်လား.. ငါးရာလား...."


"ဘယ်လို...."

ယောင်စစ် သူ့မေးခွန်းကြောင့်စိတ်ရှုပ်သွားသည်။ အဲ့ဒီ့နံပါတ်တွေကဘာလဲဟ....


"မမှတ်မိဘူးလား...."

ယန်ရွှမ် အသက်ရှူထုတ်လိုက်ပြီး သူမကိုအဆင်ပြေပါတယ်ဟူသော ပုံစံဖြင့်ပြောလာသည်။

"အဆင်ပြေပါတယ်...သမီးကကောင်းကောင်းလုပ်ခဲ့တာပဲ နံပါတ်ငါး ကိုမှတ်မိဖို့ကိုကခက်နေပြီလေ... ငါးဆယ်မြောက်မျိုးဆက်တွေကအများကြီးမရှိတော့ရှာဖို့အချိန်နည်းနည်းယူရမယ်ဆိုပေမယ့် ငါးရာမြောက်မျိုးဆက်တွေကဆိုရင်တော့ရှာရလွယ်ပါလိမ့်မယ်..."


"နေ...နေပါဦး..."

သူမစိတ်နှလုံးရုတ်တရက်တုန်ခါသွားကာ အဓိပ္ပါယ်မရှိသောအကြံတစ်ခုထွက်ပေါ်လာသည်။

"ဦးဦး...ယန် ရှင်ကရောဘယ်မျိုးဆက်ကလဲဆိုတာမေးလို့ရမလားဟင်...."


ရန်ရွှမ်သည် "ကလေးတွေရဲ့စပ်စုချင်စိတ်ကို  ကျေနပ်စေတဲ့ ဦးလေးကောင်းတစ်ယောက်"  ဟူသော မျက်နှာအမူအယာဖြင့် မျက်လုံးများမှိတ်အောင်ပြုံးလိုက်သည်။

"ဦးဦးရဲ့မျိုးဆက်က ရှေ့ကိုတော်တော်လေးရောက်တယ်... ဦးဦးက လေးဆယ့်ရှစ်ဆက်မြောက်မျိုးဆက်ပါ..."


"လေးဆယ့်ရှစ်..."

ယောင်စစ် မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် အံ့ဩသွားသည်။


သောက်ကျိုးနည်း... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဟ... တိုးတက်မှုဘားကြီးမြင့်လာတာအရမ်းမြန်မနေဘူးလားဟယ်... လွန်ခဲ့တဲ့တစ်စက္ကန့်တုန်းကတင် ပထမမျိုးဆက်သုံးဆက်ကလူတွေ လမ်းတွေပေါ်မှာကြောင်တွေလိုကိုက်နေတာကိုမြင်နေရသေးတာလေ... 

"ပထမ မျိုးဆက်ဆယ်ခုကရောဟင်..."


"ပထမ မျိုးဆက်ဆယ်ခုက ကမ္ဘာပျက်ကပ်မတိုင်ခင်က ပျောက်ကွယ်သွားခဲ့ကြတာလေ... သူတို့က ဒဏ္ဍာရီလာတည်ရှိမှုတွေပဲ..."

ယန်ရွှမ် စိတ်ရှည်ရှည်နှင့်ဖြေလိုက်သည်။

"အရှင်ဘုရင်ကြီးကလွဲလို့ အခုငါတို့သွေးစုပ်ဖုတ်ကောင်တွေက သုံးဆယ်မြောက်မျိုးဆက်နောက်ပိုင်းကလူတွေချည်းပဲလေ..."


"သုံးဆယ်နဲ့ နောက်ပိုင်း...."


"အငယ်ဆုံး မျိုးဆက် မွေးကာစလေးတွေကတောင် ခုနစ်ရာမြောက်မျိုးဆက်နီးပါးရှိနေပြီ... ကလေးလေးစိတ်မပူနဲ့နော် ကလေးလေးကအငယ်ဆုံးမျိုးဆက်မဟုတ်ပါဘူး...."


"ခုနစ်ရာမြောက်..."

ဒါကြအရမ်းဝေးသွားပြီလေ...


"ဟုတ်ပါ့...."

သူမ၏ ကြောင်အနေသောမျက်နှာကိုကြည့်ပြီး ယန်ရွှမ်က သူမ သူမရဲ့မျိုးဆက်အပေါ်မကျေမနပ်ဖြစ်နေသည်ဟုထင်ဟန်ဖြင့် ဆက်လက်နှစ်သိမ့်ပေးပြန်သည်။

"ကလေးလေးရယ်... သမီးရဲ့မျိုးဆက်ကိုအတည်မပြုရသေးပါဘူး.. သမီးက ငါးရာမြောက်မျိုးဆက်ဝန်းကျင်ကမဟုတ်တာလဲဖြစ်နိုင်တယ်လေ... သမီးလေးက ငါးဆယ်မြောက်မျိုးဆက်ဝန်းကျင်ကဆိုရင် ဦးဦးရဲ့ချစ်စရာကလေးလေးက ဒို့မျိုးနွယ်ရဲ့ မင်းသမီးလေးတစ်ပါးဖြစ်လာမှာ..."


"မင်းသမီးလား... မဟုတ်ဘူး မဟုတ်ဘူး..."


ငါကနင်တို့ရဲ့မင်းသမီးလေးမဖြစ်နိုင်ဘူးဟဲ့... ဘာလို့လဲဆိုတော့ ငါကနင်တို့ရဲ့ဘိုးဘေးကြီးလေ...


သွေးစုပ်ဖုတ်ကောင်များတွင် မျိုးဆက်များစွာရှိနေမည်ဟုသူမ လုံးဝမထင်ခဲ့ချေ။ ယခုတွင် စကြဝဠာထဲရှိ သွေးစုပ်ဖုတ်ကောင်တိုင်း၏မျိုးဆက်သည် ဂဏန်းနှစ်လုံးနှင့်စပြီး သဘောတရားအရပြောရလျှင် သင်၏အဆင့်ထိပ်ပိုင်းနှင့်နီးကပ်လေလေ သင်၏အစွမ်းပိုမိုသန်မာလေလေဖြစ်သည်။


ဒါဆို သူမလို ပဉ္စမျိုးဆက်ဖြစ်တဲ့ငပျော့လေးက အခုတော့ ဘယ်သူ့မှကြောက်စရာမလို သောက်ဂရုစိုက်စရာမလိုပဲ ဂဏာန်းလိုဘေးတစောင်းသွားလို့ရပြီပေါ့လေ...


ဟား... ဟားဟား.... ဟားဟားဟား


သူမလိုငပျော့လေးတစ်ကောင်ကလည်း တစ်နေ့မှာတောက်ပလာဖို့အခွင့်အရေးရှိမယ်လို့ဘယ်သူထင်မှာလဲ... 


မမျှော်လင့်ပဲ သူမအပေါ်ပျော်ရွှင်မှုလှိုင်းလုံးကြီးရိုက်ခတ်သွားသဖြင့် ပြန်လည်အသိဝင်လာရန်အချိန်ယူရပေမည်။


နတ်ဘုရားများကသူမအပေါ်ရုတ်တရက်ကြီး ကောင်းလာသောကြောင့် သူမလက်သင့်မခံနိုင်သေးချေ။


"ဝန်ကြီးယန်... ကျွန်မကတကယ်တော့...."


ဘိ ဘိ ဘိ


သူမစကားမဆုံးသေးမီ ယန်ရွှမ်လက်ကောက်ဝတ်ပေါ်ရှိ ပုံရိပ်ယောင်ကွန်ပျူတာကရုတ်တရက်အသံမြည်လာပြီး အသိပေးချက်တစ်ခုထွက်ပေါ်လာသည်။ ဖန်သားပြင်ပေါ်တွင် ဖောက်ထွင်းမြင်ရသော အနီရောင်ပန်းတစ်ပွင့်ပွင့်အာလာသည်။


"ရောက်လာတာစောသားပဲ...."

သူမတ်တတ်ရပ်လိုက်ပြီး သူမကိုမတ်တတ်ရပ်ရန်လက်ကိုင်ပြီးကူညီပေးလိုက်သည်။

"ဦဦးတို့ကိုလာခေါ်မယ့်သူရောက်လာပြီ.. ကလေးလေးသိချင်တာရှိသေးရင်... ဦးဦးကိုအိမ်ပြန်ရောက်မှမေးရင်ရော ဘယ်လိုလဲ..."


သူပြောပြီးသည်နှင့် သူမကိုတံခါးမှဆွဲထုတ်လိုက်သည်။ ယောင်စစ် သူမလျှာပေါ်တွင်ပတ်ပြေးနေသော စကားလုံးများကိုပြန်မြိုချလိုက်ရသည်။


သူက သူမကို ကလေးတစ်ယောက်လိုဆက်ဆံရတာကိုသဘောကျနေပြီး သူမကပဉ္စမမြောက်မျိုးဆက်လို့ပြောပြတာကို မယုံဘူးလေ...သူတို့ သူမရဲ့ မျိုးဆက်ကိုစစ်ဆေးပြီးချိန်အထိ စောင့်ကြည့်ရတာပေါ့လေ...


စိတ်မပူပါနဲ့... မကြာခင်မှာ သူမကဘယ်လောက်တောင်အံ့ဩဖို့ကောင်းလဲဆိုတာ သူတို့သိလာမှာပါ...


"တို့နှစ်ယောက်ကိုလာခေါ်မယ့်ဦးဦးက ဦးဦးယန်ရဲ့အခြားမျိုးစိတ်သူငယ်ချင်း လီယွဲ့လို့ခေါ်တယ်..."

ယန်ရွှမ် သူမကို သူမကမ္ဘာကြီးဖျက်ဆီးခံရသည်ကိုကြည့်ခဲ့ရသည့် လျှောက်လမ်းကိုခေါ်လာခဲ့သည်။


ထိုမှသာ ယောင်စစ်တစ်ယောက် ညီညီညာညာတန်းစီနေကြသော အယောက်တစ်ရာလောက်ရှိမည့်လူများကိုတွေ့လိုက်ရသည်။ သူမတို့နှစ်ယောက်ထွက်လာသည်ကိုမြင်သောအခါ ထိုလူများကအလေးပြုလာကြသည်။ ရှေ့ဆုံးတွင်မတ်တတ်ရပ်နေသောသူသည် မျက်နှာတွင်ခါးသီးသောအပြုံးတစ်ခုကိုပြုံးထားသည့် လုရန်ဖြစ်ကာ သူ့နောက်တွင်လက်ထောက်အရာရှိနှင့် ဒေါက်တာဝမ်တို့ရှိနေသည်။


"ဝန်ကြီးယန်သွားတော့မလို့လားဗျ..."

လုရန်သည် ငိုနေသည်ထက်ပိုရုပ်ဆိုးသောအပြုံးတစ်ခုဖြင့်သူတို့နားကိုလျှောက်လာသည်။

"အနီရောင်ဂြိုလ်ကဒီနေရာနဲ့တော်တော်လေးဝေးတယ်... ပြီးတော့ မိန်းကလေးယောင်ကလည်းအတော်လေးငယ်သေးတာကြောင့် အဲ့ဒီ့ခရီးအရှည်ကြီးကသူမကိုပင်ပန်းစေလိမ့်မယ်... ကျွန်တော်တို့အာကာစခန်းမှာ ခဏလောက်ထပ်နားပါဦးလား.. ကျွန်တော်တို့ဌာနချုပ်ကိုဆက်သွယ်ပြီး ဝန်ကြီးတို့နှစ်ယောက်ကိုပို့ဆောင်ပေးဖို့ တပ်စုတစ်ခုကိုလွှတ်ပေးခိုင်းလိုက်ပါမယ်... ဘယ်လိုထင်လဲမသိဘူးဗျ..."


"မလိုဘူး..."

ယန်ရွမ် ဒဲ့ငြင်းလိုက်သည်။

"ကျုပ်သူငယ်ချင်း အာကာသမျိုးစိတ်တစ်ယောက်ကိုဆက်သွယ်ပြီးပြီ... သူကရောက်တောင်ရောက်လာပြီ..."


လုရန်၏မျက်နှာပိုမိုဖြူဖျော့သွားသည်။ သူ့မျက်နှာသည် "အသက်ဆက်ရှင်ဖို့ရာမရှိတော့ပြီ"ဟူသောစာလုံးရေးထားသလိုဖြစ်နေသည်။


ယန်ရွှမ်သည် ယာဉ်ဆင်းသက်ရာနေရာတစ်ခုဆီကိုလမ်းလျှောက်သွားပြီး သူ့မျက်လုံးထောင့်မှ ယောင်စစ်ကိုလှမ်းကြည့်လိုက်သည်။ သူမ အသနားခံနေသည်ကြောင့်လား သို့မဟုတ် သူ့တွင်သနားစိတ်ရှိသောကြောင့်လားတော့မသိ ရုတ်တရက်နောက်သို့လှည့်ပြီးပြောလိုက်သည်။

"စကားမဆက်... အရင်ကကိစ္စတွေကို ငါ့ကလေးလေးရဲ့တောင်းဆိုမှုကြောင့် ဗွေမယူတော့ဘူး..."


"ဝန်ကြီးယန်..."

လုရန် အပျော်လွန်သွားတော့သည်။ ထိုစက္ကန့်ပိုင်းအတွင်းတွင် သူ့ကတစ်ကိုယ်လုံးအသက်ပြန်ဝင်လာပြီး သူ့မျက်နှာသည်လည်း ငွားငွားစွင့်စွင့်ပွင့်လာသည့်ပန်းကြီးတစ်ပွင့်နှယ် ပြုံးဖြီးလာသည်။

"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ..."


"ဒါပေမဲ့...."

ယန်ရွှမ်၏လေသံပြောင်းသွားပြီး သူ့နှုတ်ခမ်းထောင့်တွင် မဲ့ပြုံးကြီးတစ်ခုထွက်ပေါ်လာသည်။

"ခင်ဗျားက ဆောင်းခိုနေတဲ့မွေးကာစာလေးတစ်ယောက်ကိုနှိုးမိသွားတယ်ဆိုတော့ သူမရဲ့အုပ်ထိန်းသူက အနာဂတ်မှာပြဿနာလာရှာမရှာကတော့ ကျုပ်နဲ့မဆိုင်တော့ဘူးနော်..."


လုရန် တောင့်ခဲသွားပြီး သွေးစုပ်ဖုတ်ကောင်များ၏မသေနိုင်စွမ်းထက် ပို၍ကြောက်ဖို့ကောင်းသော ကာကွယ်ချင်စိတ်ပြင်းပြမှုကြီးကိုသတိရသွားသည်။ ခုနတင်ပွင့်လန်းနေသောပန်းပွင့်ကြီးညှိုးနွမ်းကြွေကျသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အက်ကွဲခါနီးကျောက်တုံးကြီးလို တောင့်ခဲသွားသည်။


ယောင်စစ် ယန်ရွှမ်၏နှုတ်ခမ်းထောင့်ရှိ မဖုံးနိုင်မဖိနိုင်ပြုံးနေသောအပြုံးကြီးကိုကြည့်ပြီး နှုတ်ခမ်းများတွန့်လိမ်သွားတော့သည်။


ဒီလူယုတ်မာက သေချာပေါက်ကိုရည်ရွယ်ချက်ရှိရှိလုပ်နေတာ ဟုတ်တယ်မလား... နင်ထွက်သွားခါနီးသူများတွေကို စိတ်ဆင်းရဲအောင်လုပ်ခဲ့ဖို့လိုလို့လားဟယ်....


"ဦးဦးရဲ့ကလေးလေး ဟိုမှာကြည့် ဦးဦးလီလာပြီ..."

ယန်ရွှမ် သူတို့ခေါင်းပေါ်ရှိကောင်းကင်ပေါ်လက်ညှိုးထိုးပြလိုက်သည်။


ယောင်စစ် သူလက်ညှိုးထိုးပြသောနေရာကိုမော့ကြည့်လိုက်သည်။


သူမရုတ်တရက်ကြီးတောင့်ခဲသွားတော့သည်။


ငါ့ကိုလာနောက်နေတာလား....