chapter 11
ကွဲပြားသော စကြာဝဠာ...
ယောင်စစ်တစ်ယောက် သူမတို့သွားမည့်နေရာက ဤနေရာနှင့်အရမ်းဝေးသည်ဟု လုရန်ဆီမှကြားလိုက်ရသည်။ထို့ကြောင့် တစ်စုံတစ်ယောက် သူမကိုလာခေါ်မည်ဟု ကြားရသောအခါ... အာကာသကိုဖြတ်သန်းသွားရန်အတွက် အနည်းဆုံးတော့ အာကာသယာဉ် သို့မဟုတ် လူတစ်ကိုယ်စာယာဉ်ပျံ တစ်ခုတော့လိုလိမ့်မည်။သူမက အနာဂတ်၏နည်းပညာများကို လေ့လာရန်ပြင်ဆင်ထားခဲ့သည်။
သို့သော် လီယွဲ့ ကိုမြင်လိုက်သည့်ခဏ၌ သူမပြင်ဆင်ထားမှုက မလုံလောက်သေးကြောင်းသိလိုက်ရသည်။အဘယ်ကြောင့်ဆိုသော် သူမက ဗဟုသုတတွေလိုအပ်ရုံသာမက သူမ၏ သာမာန်အတွေးအခေါ်တွေကိုပါစွန့်လွှတ်ရန်လိုနေသောကြောင့်ဖြစ်သည်။
လီယွဲ့ က သေးငယ်သော ဓားပျံကိုစီးနင်းလာခဲ့သည်။
၄င်းက ရှန်းရှဇာတ်လမ်းတွဲများမှ သိုင်းသမားများစီးလေ့ရှိသော အရာကဲ့သို့ပင် လက်ဖဝါးစာမျှ အရွယ်ရှိပြီး အဖြူရောင်အလင်းများထုတ်လွှင့်နေကာ မှော်ဆန်ဆန်လေထုလွှမ်းခြုံနေခဲ့သည်။
ယောင်စစ် ကြောင်အမှင်သက်နေမိသည်။
ဒီနေရာက စကြာဝဠာလား...ရှန်းရှကမ္ဘာလား...ဘာလို့ဓားပျံစီးနေကြတာလဲ...ပြီးတော့ ဒီလူတွေကရော သူတို့ရှေ့မှာဖြစ်နေတဲ့အရာတွေက ပုံမှန်လိုမျိုး အရမ်းတည်ငြိမ်နေကြတာလဲ... သောက်ကျိုးနည်း သူမက အနာဂတ်ကိုရောက်သွားရုံသာမက အချိန်ဖြတ်ကျော်ပြီး တခြားနယ်မြေတစ်ခုကိုပါရောက်သွားတာလား...
သဘောတရားတွေ သာမန်သိထားတဲ့အရာတွေဘယ်ရောက်ကုန်တာလဲ...အကုန်သာဝဲပစ်လိုက်တော့...
"သူမက မင်းကြိုဆိုရမဲ့ မင်းတို့မျိုးနွယ်ရဲ့ကလေးမဟုတ်လား... "
လေထဲမှ ဆင်းစက်လာသောသူက ယောင်စစ်ကို ခြေဆုံးခေါင်းဆုံးအကဲခတ်ကြည့်နေသည်။သူ၏ အေးစက်သောအမူအရာက TV ရှိုးများတွင်ပါဝင်သော နတ်ဘုရားများကဲ့သို့ပင် သူ၏ မျက်နှာတွင် "ငါသည်မြင့်မြတ်သော နတ်ဘုရားဖြစ်သည်" ဟု စာတမ်းရေးထားသကဲ့သို့ပင်။
မြန်မြန်လာကြဟေ့...သက်ရှိထင်ရှားနတ်ဘုရားတစ်ပါးကိုလာကြည့်လိုက် မြန်မြန်လေး...
"လီယွဲ့ သူမကကလေးပဲရှိသေးတယ် သူကိုမခြောက်ပါနဲ့..."ယန်ရွှမ် ရှေ့သို့ခြေတစ်လှမ်းတိုး၍ အကာကွယ်ပြုလိုက်သည်။
"မွေးကာစလေးလား..."
လီယွဲ့ အံအားတသင့်ဖြင့်မေးလိုက်သည်။
"ဟုတ်တယ်..."
ယန်ရွမ်က သူမ၏ ခေါင်းကို ခပ်ဖွဖွပုတ်၍ပြန်ဖြေလိုက်သည်။
"လိမ္မာတဲ့ ကလေးလေး ...ဦးဦးလီကိုနှုတ်ဆက်လိုက်..."
အံအားသင့်မှုထဲ နစ်မြှုပ်နေဆဲဖြစ်သော ယောင်စစ်က သူပြောတဲ့တိုင်းလိုက်နာ၍ ခေါ်လိုက်သည်။
"ဦးဦးလီ..."
အေးစက်လှသော လီယွဲ့၏ မျက်နှာက အနည်းငယ် ပြေလျော့သွားသည်။ သူ၏ ဝတ်ရုံထဲမှ တစ်စုံတစ်ရာကိုယူလိုက်ပြီး စကားအပိုမဆိုပဲ တစ်ခွန်းပဲပြောလိုက်သည်။
"လက်ဆောင်..."
ယောင်စစ် ငုံကြည့်လိုက်ရာ သူလက်ထဲတွင် တောက်ပလှသော ရောင်စုံဥလေးတစ်လုံးကို တွေ့လိုက်ရသည်။
ဟမ်... ဘာလို့ငါကိုဥပေးတာလဲဟ...
"အဲဒါက စိတ်ဝိဉာဉ် သားရဲဥပဲ...အဲဒါ ဦးဦးလီက သမီးကို အသိမှတ်ပြုကြောင်းလက်ဆောင်ပေးတာ ယူလိုက်လေ အိမ်ပြန်ရောက်တဲ့အခါမှ သားဖောက်လိုက်..."
ယောင်စစ် ဥကိုလက်ပြောင်းယူလိုက်သည်။ စိတ်ဝိညာဉ်သားရဲဥတဲ့ ကြားရတာတော့ အံအားသင့်စရာပဲ...
ဒါပေမဲ့ ငါမှ ဥမဖောက်တတ်တာ...
"အနီရောင် ဂြိုလ်ကိုပြန်ရောက်တဲ့ထိစောင့်လိုက်လေ ...ပြီးရင် ဦးဦးကသမီးကို ဘယ်လိုဥဖောက်ရမလဲဆိုတာသင်ပေးလိုက်မယ်..."
ယန်ရွှမ် လျှင်မြန်စွာရှင်းပြလိုက်သည်။
ထို့နောက် ခဏမျှ စဉ်းစားပြီးနောက် နောက်ထပ်တစ်ကြောင်းထည့်ပေါင်းပြောလိုက်သည်။
"မွေးခါစ သားရဲဥတွေက အရမ်းအရသာရှိတယ် ...ကလေးလေး အရမ်းကြိုက်နှစ်သက်မှာသေချာတယ်..."
အဲဒီတော့ဒီဥကို သားဖောက်မယ်ဆိုတာ စားဖို့ပေါ့လေ...
"သွားကြစို့..."
လီယွဲ့က အနည်းငယ် စိတ်မသက်မသာ ပုံစံဖြစ်နေသည်။ သူလက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်နှင့် လေကိုထိုးခွဲလာသော အသံနဲ့အတူ သူခြေထောက်အောက်မှ ဓားနဲဆင်တူလှသော အဖြူရောင်ဓားတစ်လက်ထွက်ပေါ်လာသည်။
ဒီနတ်ဘုရားက ဘယ်လိုမျိုး ဓားပျံစီးရမလဲဆိုတာကို သင်ပေးတော့မလို့လား...
"လာလေ ကလေးလေး ..."
ယန်ရွှမ်က ဓားပေါ်ဦးစွာတက်လိုက်ပြီး ယောင်စစ်ကိုလက်ယပ်ခေါ်လိုက်သည်။
ယောင်စစ် တွန့်ဆုတ်စွာနှင့်ပဲ ဥကိုတင်းတင်းကြပ်ကြပ်ဖက်၍ ဓားပျံပေါ်တက်လိုက်သည်။
သူမ တည်တည်ငြိမ်ငြိမ်ရပ်နိုင်ဖို့ အချိန်တော်တော်ကြာ သင်ရလိမ့်မည်ဟု ထင်ခဲ့သည်။သို့သော်လည်း အံအားသင့်စရာကောင်းလောက်အောင်ပင် ဓားပျံကတည်ငြိမ်နေသည်။
သူ တက်လိုက်သည့်အချိန်၌ပင် လှုပ်ခါမှုမရှိပဲ မြေပြင်မှာ ရပ်နေရသကဲ့သို့ ကွာခြားခြင်းမရှိပေ ထို့အပြင် ဘေးပတ်လည်၌လည်း အကာကွယ်တစ်ခုရှိနေသလို ခံစားမိပြီး လေတိုးခြင်းလည်းမခံရပေ။
လီယွဲ့က ထိုဓားပျံကိုမည်ကဲ့သို့ ထိန်းချုပ်နေသည်ကိုသူမမသိပေ။ဓားပေါ်တက်လိုက်သည်နှင့် မီတာအနည်းငယ်မျှ မြင့်တတ်သွားပြီးနောက် ကျယ်ပြောလှသော စကြာဝဠာ ကြီးဆီသို့ စတင်ပျံသန်းသွားလေသည်။
သူမတို့က ကြယ်ကြွေသကဲ့သို့ပင် ဂြိုလ်များကို တစ်ခုပြီးတစ်ခုဖြတ်ကျော်သွားခဲ့သည်။
ယန်ရွှမ်က လီယွမ်၏ အကြံပြုချက်ကို ပယ်ချလိုက်သည်အား သူမ သဘောပေါက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် လီယွဲ့၏ အရှိန်က သောက်ကျိုးနည်း မြန်ပေသည်။
လီယွဲ့က နတ်ဘုရားမျိုးနွယ်ဆိုသည့်အတိုင်းပင် သူ၏ အရှိန်က နဂါးငွေ့တန်းများထက်တောင် မြန်ဆန်နေပေသည်။
ငါးမိနစ်ခန့် ပျံသန်းပြီးနောက် လီယွဲ့က သူတို့ကို လှည့်ကြည့်လာလေသည်။ ထို့နောက် လက်ဟန်တစ်ချို့ပြုလုပ်ခါ ယောင်စစ် ဘာသာမပြန်နိုင်သော ထူးထူးဆန်းဆန်းစကားများကိုရွတ်ဆိုနေလေသည်။
"ကလေးလေး ဦးဦးတို့အခု အာကာသခုန်ကျော်ခြင်းလုပ်ကြတော့မယ် မြဲမြဲကိုင်ထား..
ဘာကြီး..."
ယောင်စစ် ကြောင်အအဖြစ်သွားသည်
သူမတို့ရှေ့၌ anime ကားထဲမှ မှော် စက်ဝန်းပုံစံပေါ်လာလေသည်။ထို စက်ဝန်းထဲ၌ သူမ မမြင်ဖူးသော သင်္ကေတများ မျှောလွှင့်နေသည်။
ထိုမှော်စက်ဝန်း၏ အလယ်မှ မျက်စိကျိန်းလောက်စရာ အလင်းတန်းများပို၍ပို၍ တောက်ပလာပြီး ဂိမ်းပွဲများထဲမှာလို portal တစ်ခုထွက်ပေါ်လာသည်။
လီယွဲ့က လက်ကိုအသာပင့်မြှောက်၍ထိုအဖြူရောင်အလင်းတန်းကို ညွှန်လိုက်သည်နှင့် သူမတို့ သုံးယောက်လုံး အလင်းတန်းထဲ ပျံသန်းဝင်ရောက်သွားသည်။
ယောင်စစ် မျက်ဝန်းရှေ့မှ အဖြူရောင်အလင်းတန်းတစ်ချို့ကို မြင်လိုက်ရပြီးနောက် ဆွတ်ဆွတ်ဖြူနေသော ကမ္ဘာကြီးထဲသို့ ရောက်သွားလေသည်။
သူမတို့ အဆုံးမရှိကျယ်ပြောလှသော အဖြူရောင်လွင်ပြင်ကြီးထဲ ဖြတ်သန်းနေသည်ဆိုသော်လည်း ပို၍ တိုးလာသော လျှင်မြန်သည့်အရှိန်ကို ခံစားမိလေသည်။
လီယွဲ့က လျှင်မြန်စေသည့်အရာ ဒါမှမဟုတ် စက်တစ်ခုခုကိုလှည့်လိုက်ခြင်းဖြစ်ပေလိမ့်မည်။
၄င်းက သိပ္ပံဇာတ်ကားများထဲမှ အဖြစ်နှင့်သိပ်မကွာပေ။
ထိုအဖြူရောင် လွင်ပြင်ထဲ၌ ခန့်မှန်းချေ မိနစ်သုံးဆယ်လောက် ပျံသန်းပြီးနောက်... ယောင်စစ် သူမတို့နှင့် မလှမ်းမကန်းနေရာတွင် အနီရောင်အလင်းကိုမြင်လိုက်ရသည်။
၄င်းကတစ်နေရာရာမှ ထွက်ပေါ်လာသလိုမျိုး တစ်ဖြေးဖြေးကြီးမားလာလေသည်။
သူတို့အဖြူရောင်လွင်ပြင်၌ စက္ကန့်အနည်းငယ်မျှ ပျံသန်းပြီးသည်နှင့် ယောင်စစ် မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရလေသည်။
၄င်းက အနီရောင်ဂြိုလ်တစ်လုံးဖြစ်သည်။
စကြာဝဠာ၏ အလယ်တွင် သွေးကဲ့သို့ ရဲရဲနီနေသော ပတ္တမြားတစ်လုံး လွင့်မျောနေသကဲ့သို့ပင် ပတ်လည်တွင် ဆွတ်ဆွတ်ဖြူနေသော ဂြိုလ်တု သုံးခုလည်း လှည့်ပတ်နေကြသည်။
"ချစ်စရာကောင်းတဲ့ ကလေးလေးရေ အနီရောင် ဂြိုလ်က ကြိုဆိုပါတယ်..."
ဒါက သွေးစုပ်ဖုတ်ကောင်တွေ နေတဲ့ အနီရောင် ဂြိုလ်ပေါ့လေ...
သူတို့၏ ကာရိုက်တာနှင့် လုံးဝကိုလိုက်ဖက်ညီသည်ဟု ဆိုရပေမည်။ လီယွဲ့က အရှိန်နှေးချလိုက်ပြီး အနီရောင်ဂြိုလ်ပေါ်ဆင်းသက်လိုက်သည်။
သူတို့မြေပြင်ပေါ် ရောက်သည့်နှင့်ဒီဂြိုလ်ကြီး ဘာကြောင့်နီနေရသည်ကိုယောင်စစ်သိသွားပေသည်။
ကမ္ဘာကြီးနှင့်မတူညီစွာပင် ဂြိုလ်တစ်ခုလုံးတွင် အပင်များ အုပ်လိုက်အစုလိုက် လွှမ်းမိုး နေသည်။ထိုအပင်များက အံအားသင့်စရာကောင်းလောက်အောင်ပင် အမြစ်မှ အဖျားထိရဲရဲနီနေသည်။
သူတို့ခြံဝင်းအကျယ်ကြီးတစ်ခုထဲ ဆင်းသက်လိုက်ကြသည်နှင့် လူလေးငါးယောက် လောက်က ယန်ရွှမ်နှင့်ဆွေးနွေးချင်သလိုမျိုး ညွှန်ကြားချက်တစ်ခုခုလိုနေသလိုမျိုး အလျှင်စလိုဖြင့် လာရောက်ကြသည်။
ဝန်ကြီးက သူမကိုအထဲသို့ခေါ်သွားပြီး ဒီနေရာမှာ နေရမည်ဖြစ်ကြောင်းပြောလိုက်သည်။
သူကအားရုံ စူးစိုက်မှုကိုလိုချင်သလိုမျိုး တစ်ချို့ကိစ္စများကို ထပ်ခါတလဲလဲ ပြောနေလေသည်။
နောက်ဆုံး၌ သူခဏမျှ ထွက်သွားဖို့လိုအပ်ကြောင်းနှင့်သူမအတွက် အဖော်တစ်ယောက်ယောက် စီစဉ်ပေးမည့်အကြောင်းပြောလိုက်ပြီး လီယွဲ့နှင့် အခြားလူငါးယောက်နှင့်အတူ ထွက်သွားလေသည်။
ရုံးအရာရှိများက အမြဲလိုလိုပင် အလုပ်များတတ်ကြောင်း နားလည်သဘောပေါက်စွာဖြင့်ပင် ယောင်စစ်ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူမ ပတ်လည်ကို ဝေ့ဝဲ အကဲခတ်လိုက်သည်။ အနီရောင် များဖြင့်သာ ဖုံးလွှမ်းထားသော သွေးစုပ်ဖုတ်ကောင်တို့ ဂြိုလ်နှင့်ယှဉ်လိုက်လျှင် ဒီအခန်းက အံအားသင့်စရာကောင်းလောက်အောင် ပန်းရောင်များဖြင့်ပြည့်နေလေသည်။
ပန်းရောင်စားပွဲ ပန်းရောင်ခုံ ပန်းရောင်အိပ်ယာ ပန်းရောင်လိုက်ကာ နောက်ဆုံး ဗီဒိုကလည်း ပန်းရောင်ပဲ...
အခန်းတစ်ခုလုံးက ကလေးဆန်သည့်ခံစားမှုမျိုးကိုပေးစွမ်းနေလေသည်။
ယောင်စစ် စားပွဲထောင့်စွန်းလေးကို အသာလေးထိကြည့်လိုက်သည့်အခါ၌ သူမ အမျိုးအမည် မသိသော နူးညံပျော့ပျောင်းသည့်ပစ္စည်းနှင့် ပြုလုပ်ထားသည်ကို သိလိုက်သည်။
သူမ ဆောင့်မိသည့်အချိန်တွင် မနာကျင်စေရန်ရည်ရွယ်ပုံပေါ်နေသည်။
ယောင်စစ် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ယန်ရွှမ်က သူမကို ကလေးတစ်ယောက်လို ပျိုးထောင်ဖို့တကယ်ကြီးရည်ရွယ်ထားတာပဲ..
သူမ ယုန်ပုံစံ ခုံလေးပေါ်တွင် ထိုင်ချလိုက်ပြီး သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်လေသည်။
ထို့နောက် လမ်းတစ်လျှောက် ယန်ရွှမ် ပြောပြကဲ့သော အကြောင်းအချက်လက် များကို တွေးတောလိုက်သည်။
သူမထင်ထားသောနည်းပညာအဆင့်မြင့် စကြာဝဠာကြီးနှင့် ယခုရောက်နေသာ နေရာက တော်တော်ကြီးကိုကွာခြားနေသည်ကို ရှင်းရှင်းလင်းလင်းသိလိုက်ရလေသည်။