အပိုင်း၁၂၆
Viewers 32k

Chapter 126

Chapter 126

နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီ



"ကျန်းကျန့် ...အနာဂတ်မှာ မြို့တော်ကို လာဦးမှာလား"


ကျောက်ကျင်းကောက မေးလေသည်။


"နှစ်အနည်းငယ်ကြာတဲ့အထိ ကိုယ်အဲဒီကို ပြန်မလာတော့ဘူး"


ကျန်းကျန့် ကျောက်ကျင်းကော မွေးတော့မည်ဆိုသည်က သေချာနေပြီး ထို့နောက်မှာ ကလေးက အဝေးကို ခရီးထွက်ရန် ငယ်လွန်း၏။ဤနှစ်အနည်းငယ်အတွင်း သူ့တွင် အဝေးတစ်နေရာသို့ သွားရန် အစီအစဉ်မရှိပါချေ။


သူ့ကိုယ်ရံတော်လုပ်ငန်းကိုဖွင့်ပြီး လူအင်အားပိုလေ့ကျင့်သည်က သူ့အတွက် ပိုကောင်း၏။


ကျန်းကျန့်၏စကားကိုကြားပြီးနောက် ကျောက်ကျင်းကော စိတ်သက်သာရာရသွား၏။၎င်းနောက် ကျန်းကျန့်က ထပ်မံပြောသည်ကိုသူကြားလိုက်ရသည်။


"ကျင်းကော...ကိုယ်တို့အိမ်ပြန်ရောက်ရင် ဒီတစ်ခါအိမ်ပြန်တာအောင်မြင်တယ်လို့ယူဆလို့ရတယ်...ကိုယ်တို့မိဘတွေ အရမ်းပျော်ကြလိမ့်မယ်"


ကျောက်ကျင်းကော အက္ခရာများကို သင်ယူခြင်းအပြင် ပျင်းရိစရာစာအုပ်အချို့ကိုလည်း ဖတ်တတ်သောကြောင့် အိမ်ပြန်ရခြင်း၏ အဓိပ္ပါယ်ကို သူသိသည်။ သူပျော်သွား၏။ သူနှင့် ကျန်းကျန သည် လေးလကြာအောင် အိမ်မှထွက်သွားခဲ့သည်။ သူနည်းနည်း အိမ်လွမ်းနေ၏။ဒါပေမဲ့ သူ့မိဘတွေ ဘယ်လိုနေလဲ...


........


ဟယ့်ရှီရွာ....


ကျောက်ဖူကွေ့တစ်ယောက် ရွာ၏အရှေ့ဘက်စွန်းမှ ရွာ၏အနောက်ဘက်သို့ လမ်းလျှောက်သွားကာ သူ့အိမ်တံခါးကိုဖွင့်ကာ ဝင်လာခဲ့သည်။


"အဘိုးကြီး ရှင်ဘာထွက်လုပ်ပြန်တာလဲ"

ကျောက်လျုက ဘဲဥတွေကို ရေတွက်ရင်း မေး၏။


"ဘာမှမဟုတ်ပါဘူး...ဒီအတိုင်း ဟိုဟိုဒီဒီလျှောက်တာ"

ကျောက်ဖူကွေ့က ပြောလိုက်သည်။


ကျောက်လျူက သူမခင်ပွန်းကို တစ်ချက်ကြည့်လိုက်သည်။

"ကျန်းကျန့် နဲ့ ကျောက်ကျင်းကော ပြန်လာတာကို မတွေ့သေးဘူးလား"


ကျောက်ဖူကွေ့က ဘာမှ မပြောပေမဲ့ ကျောက်ဖူကွေ့က ကျန်းကျန်းနှင့်ကျောက်ကျင်းကော ပြန်လာမလားဆိုသည်ကို ကြည့်ရန် ထွက်သွားမှန်းကို သူမသိပါ၏။


"မလာသေးဘူး"

ကျောက်ဖူကွေ့ အနည်းငယ် စိတ်မချမ်းသာစွာဖြင့် ထိုင်လိုက်သည်။


"ကျွန်မတို့တောင် ဘဲတွေကို ပြန်ရောင်းနေပြီ...သူတို့ ဘာလို့ပြန်မလာသေးတာလဲ"

ကျောက်လျူက သက်ပြင်းချလိုက်သည်။

"ဒီမြို့တော်က ဘယ်လောက်ဝေးလဲ"


"မသိဘူး"

ကျောက်ဖူကွေ့ကဆိုသည်။


"လမ်းတစ်လျှောက်မှာ အန္တရာယ်တစ်ခုခု ကြုံခဲ့ရမလား မသိဘူး...ဒုက္ခများရောက်နေကြသလား"


"လုံးဝမဟုတ်ဘူး"

ကျောက်ဖူကွေ့ အလွန်သေချာနေသည်။


"ကျွန်မလည်း ကျင်းကောအတွက် ဆရာဝန်ရှာချင်တာ...ဒါပေမဲ့ သူတို့ လက်ထပ်ပြီးတာနဲ့ ထွက်သွားကြတယ်...ဒီအတိုင်းဆက်သွားရင် ကျွန်မတို့မြေးဘယ်တော့ရနိုင်မလဲ"

ကျောက်လျူက ထပ်ပြောသည်။


"နည်းနည်းလောက်ထပ်စောင့်ပါဦး"


"ရှင်နောက်ထပ် စကားနည်းနည်းပိုပြောလို့ မရဘူးလား"

ကျောက်လျူက သူမယောကျာ်းကို မကျေမနပ် ကြည့်နေသည်။


"မင်းပဲအကုန်​​ပြောနေတာမဟုတ်ဘူးလားကွာ"

ကျောက်ဖူကွေ့က သူပြောချင်သည်ကို မပြောခင် ကျောက်လျူက ပြောထားပြီးသားဖြစ်နေသည်။ သူမသည် တစ်ကြိမ်ထက်မက ပြောခဲ့သေးသည်။


"ရှင်က ကျွန်မ စကားအများကြီးပြောတာကို မကြိုက်မဖြစ်နေသေးတယ်ပေါ့လေ"

ကျောက်လျူက ကျောက်ဖူကွေ့ ကို စိုက်ကြည့်နေသည်။


"မဟုတ်ဘူးပါကွာ..."

ကျောက်ဖူကွေ့က ပြောလိုက်သည်။


"ကောင်းပြီ သန့်ရှင်းရေးလုပ်ပြီးထမင်းစား...ကျွန်မ ရှင့်အတွက် ရှင်အကြိုက်ဆုံး ကြက်ဥကြော်ထားတယ်... ရှင်က အရမ်းဇီဇာကြောင်တာပဲ... ကြက်ဥပြုတ်က သိပ်အရသာရှိလွန်းနေပြီမဟုတ်ဘူးလား... ဒါကို ကြော်စားရသေးတယ်..."


ကျောက်လျူက ပြောသည်။


ကျောက်ဖူကွေ့က စကားမဆိုဘဲ စားလိုက်သည် ။

အရင်တုန်းက သူတို့ ဘာမှစားစရာမရှိချိန်မှာ ကြက်ဥပြုတ်တွေကပင် အရသာရှိနေပြီဆိုပေမဲ့ ကျန်းကျန့်က ကြက်ဥတွေကို နေ့တိုင်းစားခိုင်း၏။ သူတို့စားတဲ့အခါ ကြက်ဥပြုတ်ကို အမြဲစားရတာ ငြီးငွေ့လာမှာ မဟုတ်ဘူးလား...


ယခု ကျောက်မိသားစုမှာ ကြက်များနှင့် ဘဲများစွာကို မွေးမြူထားသော်လည်း ကျောက်လျူဖြစ်စေ၊ ကျောက်ဖူကွေ့ ပင်ဖြစ်ပါစေ ကြက်နှင့် ဘဲများကို သတ်ရန် တွန့်ဆုတ်နေကြဆဲဖြစ်သည်။ကျန်းကျန့်၏ စကားအရ နေ့တိုင်း ဥအချို့စားကြပြီး အခွင့်အရေးရလျှင် ငါးစားသလို အသားတွေလည်း ဝယ်စားကြ၏။


သူတို့ ကောင်းကောင်းစားရ၍လားမသိပေမဲ့ လေးလအကြာမှာ ကျောက်ဖူကွေ့က အတော်ကို ငယ်သွားပုံရသည်။ သူ့မျက်နှာက အရင်က ညိုမဲပြီး အရေးအကြောင်းတွေ ရှိခဲ့ပေမဲ့ မကြာခင်မှာ အသားပြည့်လာပြီး အရေးအကြောင်းတွေကို မမြင်ရတော့ပါချေ။


ကြက်ဥမွှေကြော်နှင့် ထမင်းဖြူတစ်ကိုက်စားပြီးနောက် ကျောက်ဖူကွေ့ကပြောလိုက်သည်။ "အသက်ကြီးလာတဲ့အခါ ဒီလောက်ကောင်းတဲ့ဘဝရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"


နေ့တိုင်း ကြက်ဥစား၊ လက်ထဲမှာ ပိုက်ဆံတွေကိုင်ပြီး တောင်ပေါ်မှာ ကြက်၊ ဘဲတွေ အများကြီးရှိသည်. . .ကျောက်ဖူကွေ့ ယခင်က မတွေးဝံ့သည့် အရာတစ်ခုပင်။


"ဟုတ်တယ်ရယ်..."

ကျောက်လျူက ခေါင်းညိတ်လိုက်သည်။


"ကျန်းကျန့်နဲ့ကျင်းကော ပြန်မလာသေးတာတစ်ခုပဲ စိတ်ပူနေရတယ်"


ထမင်းစားပြီးနောက် ကျောက်ဖူကွေ့ နှင့် ကျောက်လျူတို့သည် ယခုနှစ်တွင် ရိတ်သိမ်းထားပြီး အပြင်ဘက်တွက် အခြောက်လှမ်းထားသော ကောက်နှံများကို သွားကြည့်ကြသည်။ထို့နောက် ကျောက်ဖူကွေ့ ထွက်သွားပြန်သည်။


သူ့မိသားစုမှာ ကြက်နှင့် ဘဲချေးများ ပေါများသဖြင့် ဓာတ်မြေဩဇာ ပြတ်လပ်မှုမရှိပါချေ။ယခုနှစ်၌ ရေနုတ်မြောင်းစပါးခင်းမှာ စပါးစိုက်ထားသည်။ ဆောင်းစပါးအထွက်နှုန်းက မမြင့်ပေမဲ့ နောက်နှစ်မှာ စိုက်လျှင် သူတို့မိသားစုမှာ ဂျုံမှုန့်ရှိလာမည်ပင်။


ကျောက်ဖူကွေ့ လယ်ကွင်းသို့သွားကာ ဂရုတစိုက်အလုပ်လုပ်သည်။


ကျောက်မိသားစုက ဝယ်ထားသည့်မြေက အရင်က ကျန်းမိသားစုပိုင်ဖြစ်ပြီး မဝေးသည့်နေရာမှာ ကျန်းမိသားစုမြေလည်း ရှိသေး၏။ကျန်းမိသားစု၏မြေတွင် သားသတ်သမားကျန်းလည်းအလုပ်လုပ်နေသည်။


ကျန်းမိသားစု၏ ယခုနှစ် စပါးရိတ်သိမ်းမှုမှာ သိမ်မကောင်းမွန်သောကြောင့် သားသတ်သမားကျန်းသည် ဆောင်းစပါးကိုလည်း စိုက်ပျိုးခဲ့သည်။


သူတို့နှစ်ဦးသည် လယ်ကွင်းထဲတွင် တစ်နာရီနီးပါး သီးခြားစီ အလုပ်လုပ်ကြသည်။ပြီးနောက် သူတို့အနားက တောင်ကြောပေါ်မှာ ထိုင်ပြီး အနားယူနေကြသည်။


ဝမ်ဟိုင်ရှန်း၏သားအငယ်ဆုံး ဝမ်တနျိုသည် အဝေးမှ ပြေးလာပြီး ကျောက်ဖူကွေ့ကို ခြင်းတောင်းတစ်ခု ပေးလိုက်သည်။


"အဘိုးကျောက်...အဘွားကျောက်က သားကို လက်ဖက်ရည်ပို့ခိုင်းလိုက်တယ်"


"တနျိုက အရမ်းလိမ္မာပါ့လားကွ"


ကျောက်ဖူကွေ့တို့အရွယ်လူများသည် ကလေးများကိုနှစ်သက်သောကြောင့် ဝမ်တနျိုကိုမြင်လျှင်မပြုံးနိုင်ဘဲမနေနိုင်။


ခြင်းတောင်းထဲက အရာတွေကို ကြည့်လိုက်သောအခါ သူ ဝမ်းသာသွားသည်။ ခြင်းတောင်းထဲတွင် လက်ဖက်ခြောက်ခပ်ထားသော လက်ဖက်ရည်အိုးကြီးတစ်လုံးနှင့် လက်ဖဝါးအရွယ် ကိတ်မုန့်တစ်ခုရှိသည်။


ဟယ့်ရှီရှိလူများပြုလုပ်သော ကိတ်မုန့်များသည် အလွန်ကို ရိုးရှင်းပါသည်။ အချိုနှင့်အငန်သာရှိပြီး အချိုတွင် သကြားညိုထည့်ကာ အငန်တွင်ဆားထည့်ကြသည်။အများစုက ဆားထည့်ကြ၏။


သကြားညို၏စျေးနှုန်းသည် ဆားထက် များစွာစျေးမချိုဘဲ အချိုဖြစ်စေရန်အတွက် သကြားအညိုများစွာကို အသုံးပြုရသော်လည်း ဆားက အနည်းငယ်သာထည့်ရသည်. . .ကျောက်အိမ်က ကိတ်မုန့်ကို ဆားနှင့် ကြက်သွန်မြိတ်တို့ဖြင့် ပြုလုပ်ထားသောကြောင့် အရသာက ကြက်သွန်မြိတ်ပေါင်မုန့်လိုနီးပါးပါပင်။


ရေကပူနေသဖြင့် ကိတ်မုန့်လည်း ပူနေသေးလောက်သောကြောင့် ကျောက်ဖူကွေ့ လက်ဖက်ရည်နှင့် ကိတ်မုန့်တစ်လုတ်ကို ကျေနပ်စွာ စားသောက်လိုက်သည်။ သူ့ဘေးတွင် သားသတ်သမားကျန်းတစ်ယောက် သူယူလာခဲ့သော ရေတစ်ကျိုက်ကိုသောက်လိုက်၏။ယင်းက ကြာမြင့်စွာကတည်းက အေးပြီး ချဉ်နေခဲ့သည်။


အရင်တုန်းက လက်ဖက်ရည်နှင့်စားစရာတစ်ခုခု သူ့မှာအမြဲရှိခဲ့၏။သို့ပေမဲ့ ယခုမူ သူ့နေ့ရက်များက ကျောက်ဖူကွေ့နှင့်ပင် မယှဉ်နိုင်တော့ပေ။


ကျောက်ဖူကွေ့ သားသတ်သမားကျန်းကိုကြည့်ကာ သူ့စိတ်တွေ အတော်ရှုပ်ထွေးသွားသည်။ အရင်တုန်းက သားသတ်သမားကျန်းက ​​အလွန်ကို တက်ကြွနေပုံရပေမဲ့ ထိုချိန်ကတည်းကစပြီး သူက အသက်ပိုကြီးရင့်လာပုံပေါ်လေသည်. . . သို့သော် သူတို့မိသားစုနှစ်စု၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ သူတို့နှင့် စကားပြောရန်မှာ မလွယ်ကူလှပေ. . .


အလုပ်မပြန်ခင် နှစ်ယောက်စလုံး ခဏလောက် အနားယူကြ၏။


ကျောက်မိသားစုတွင် မြေနေရာ များများစားစားမရှိသလို ကျောက်ဖူကွေ့ကလည်းပုံမှန်အလုပ်လုပ်လေ့ရှိသောကြောင့် မပြီးဆုံးနိုင်မည်ကို မစိုးရိမ်ပါချေ။ အချိန်စေ့ခါနီးမှ ကိုယ့်ကိုကိုယ်သပ်ရပ်အောင်လုပ်ပြီး အိမ်ပြန်ခဲ့သည်။


သူ့မိန်းမက ထမင်းဟင်းချက်ပြီးနေတတ်ပြီး သူ စောစောပြန်မလာမချင်း မစားတတ်ပေ။


ကျောက်ဖူကွေ့က အစောကြီး ထွက်သွားသော်လည်း သားသတ်သမားကျန်းက လယ်ကွင်းထဲတွင် ရှိနေခဲ့သည်။


တစ်ဖက်တွင် လယ်အလုပ်သည် အဆုံးမရှိသည့်အပြင် တစ်ဖက်တွင်လည်း အိမ်က ထိုနေရာသို့ မပြန်ချင်လောက်အောင် ရှုပ်ပွနေသည်။


ယခု သူ့ချွေးမနှစ်ယောက်က ကိုယ်ဝန်ရှိနေသဖြင့် အလုပ်မလုပ်တော့ဘဲ သူ့သားတွေကိုလည်း ထည့်တွက်၍မရတော့ပေ။နောက်ဆုံးတွင် သူတို့လင်မယားနှင့်အငယ်ဆုံးသမီးငယ်တို့အပေါ် အလုပ်အားလုံး ကျသွားခဲ့သည်။


ဤသားနှစ်ယောက်အကြောင်းကိုတွေးရင်း သားသတ်သမားကျန် သက်ပြင်းမချဘဲမနေနိုင်ပေ။ သူ့သားအငယ်ဆုံးက စီရင်စုမြို့မှာ အလုပ်ရှာတွေ့သွားပေမဲ့ ကုန်ကျစရိတ်တွေ အလွန်များသည်ဟု ပြော၏။ငွေအိမ်ပြန်ပို့မည်ဟု ပြောပေမဲ့ မတတ်နိုင်သေးပေ။ ဒုတိယသားဖြစ်သူကမူ. . .အစတုန်းက ငွေနှစ်ဆယ်တန် ပင်လယ်ရေမှော်နှင့် ငါးဆားနယ်ကို ဝယ်ခဲ့သည်။ ရွာမှာတချို့ရောင်းပြီး နောက်ပိုင်းမှာ လမ်းပေါ်မှာရောင်းပေမဲ့ အရင်းထက် ပိုမရောင်းရပေ။ နွေရာသီရောက်သောအခါ ပင်လယ်ရေမှော်နှင့်ငါးဆားနယ်တချို့ က မကောင်းတော့ပေ။မဖြုန်းတီးစေရန်အတွက် ၎င်းတို့မိသားစုသည် မကြာသေးမီက ပင်လယ်ရေမှောနှင့် ငါးဆားနယ်များကို နေ့တိုင်းစားခဲ့ရာ ယခုအခါ အနံ့ခံမိသည်နှင့် အန်ချင်လာသည်။



သို့ပေမဲ့ သူဘာမှ မတတ်နိုင်ခဲ့ပါချေ။ အိမ်မှာ စားစရာတွေ အများကြီးကို သူမဖြုန်းတီးပစ်နိုင်ပေ။ဘယ်လောက်ပဲ မစားချင်နေပါစေ စားနေရတုန်းဖြစ်သည်။


အိမ်မှာစုပုံနေသည့်အရာတွေကိုတွေးပြီး သူ့ဒုတိယသားအကြောင်းတွေးရင်း သားသတ်သမားကျန်း ​​ခဏလောက် စိတ်ဓာတ်ကျသွား၏။


အမှန်တွင် သူအရင်းကို ပြန်မရရုံသာဆိုလျှင် သားသတ်သမားကျန်း ငွေအတွက် ဝမ်းနည်းနေပေမဲ့ အဆင်ပြေသည်ဟု သူထင်နေတုန်းပါပင်။ အနည်းဆုံး ကျန်းချောင်ဝမ်က သူပေးခဲ့သည့်မြေရောင်းရငွေကနေ ရရှိသည့်ငွေ လေးဆယ်ထဲက ငွေဆယ်စပဲ ဆုံးရှုံးသွားခြင်းဖြစ်သည်။


သို့သော် . . .ကျန်းချောင်ဝမ်က ယခုတစ်ကြိမ်တွင် စီးပွားရေးလုပ်ရန် ကျရှုံးခဲ့သည့်အတွက် ကျေနပ်ခြင်းမရှိဘဲ ဒုတိယအကြိမ်မြောက် စမ်းကြည့်ချင်ခဲ့သည်။ဤရက်ပိုင်း သူတစ်ချိန်လုံး အိမ်အပြင်မှာ ပြေးလွှားနေရ၏။


သားသတ်သမားကျန်း အလွန်ဆိုးရွားသော စိတ်ဓာတ်ဖြင့် အိမ်ပြန်သွားကာ သူပြန်လာသည်နှင့် တစ်ပြိုင်နက် ရွာမှ အောင်သွယ်တော်အမျိုးသမီးဟဲက သူ့အိမ်မှ ထွက်လာသည်ကို တွေ့လိုက်ရသည်။


တံခါးမှဝင်သွားပြီးနောက် သားသတ်သမားကျန်ူက မျက်မှောင်ကြုတ်ကာ "အောင်သွယ်တော်က ဒီမှာ ဘာလုပ်နေတာလဲ" ဟု မေးသည်။


"သူက ကျွန်မသမီးငယ်လေးအကြောင်း မေးဖို့လာခဲ့တာ"

အဘွားကြီးကျန်းက ပြောသည်။


သားသတ်သမား အံ့အားသင့်သွားပြီး သူ့သမီးလေးကို လက်ထပ်ပေးရန် အချိန်တန်ပြီဆိုသည်ကို သတိရလိုက်၏။


အရင်တုန်းက သူတို့မိသားစုက ကျန်းရှောင်မိန်အပေါ်ကို အလိုလိုက်ဖူးဖူးမှုတ်ထားကြသည်။သူတို့က သူမကို အလုပ်လည်းခိုင်းပေမဲ့ ပေါ့ပေါ့ပါးပါးအလုပ်တွေကိုပဲ လုပ်ခိုင်းခဲ့သည်။ယခုမူ. . .

တစ်နှစ်ခွဲကျော်အတွင်း ကျန်းရှောင်မိန်၏လက်များနှင့် မျက်နှာသည် ပိုမိုထူထဲလာသည်။


သူတို့အနေဖြင့် ကျန်းရှောင်မိန်အကြောင်းပြောနိုင်ဆဲဖြစ်သော်လည်း လူကောင်းများအကြောင်းပြောနိုင်ဦးမလားသူမသိပေ။


သားသတ်သမားကျန်း သူ၏ ဒုတိယသားကျန်းချောင်ဝမ်ကို ပျော်ရွှင်သော မျက်နှာဖြင့် အပြင်မှ လာသည်ကို မြင်သောအခါ စိတ်ပူသွားသည်။


သားသတ်သမားကျန်း သူ၏ ပြုံးနေသော မျက်နှာကို မြင်သောအခါ ဒေါသထွက်သွားသည်။သို့ပေမဲ့ အဘွားကြီးကျန်းကမူ သူမ၏ချစ်လှစွာသော ဒုတိယသားလေး ပြန်လာသည်ကို တွေ့ရသောအခါ အတော်ပင် ပျော်သွားသည်။ သူမ အားရဝမ်းသားဖြစ်၍နေသည်။


"ချောင်ဝမ်... နောက်ဆုံးတော့ မင်းပြန်လာပြီ"


"အဖေ အမေ"

ကျန်းချောင်ဝမ်က လှမ်းအော်ပြောသည်။

"အမေနဲ့အဖေ...ဒီတစ်ခေါက် အပြင်မှာ အလုပ်ကောင်းကောင်းရှာလို့ရခဲ့တယ်...ကျွန်တော်သေချာပေါက် ပိုက်ဆံအများကြီးရှာမယ်"


သားသတ်သမားကျန်း ယခုအချိန်တွင် ဤသားကို ယုံကြည်မှုမှာအားနည်းနေပြီဖြစ်သောကြောင့် သူပြောလိုက်သည်။

"မုသားစကားမပြောနဲ့"


သို့ပေမဲ့ အဘွားကြီးကျန်းက သူမသားကို ယုံကြည်ခဲ့သည်။


"တကယ်လား"


"အဖေ ဟန်ဆောင်နေစရာ မလိုတော့ဘူး"


ကျန်းချောင်ဝမ်က ပြောလိုက်သည်။

"သူတို့က လုပ်ငန်းကြီးကြီးမားမားလုပ်ချင်တာ...ပြီးတော့ အဲဒီလုပ်ငန်းက တကယ်ငွေရှာနိုင်တယ်...ကျွန်တော်က သူတို့နဲ့ ဆက်ဆံရေးကောင်းရှိပြီး သူတို့က အရင်းအနှီးမရှိလို့သာမဟုတ်ရင် ကျွန်တော့်ကို လုံးဝပါဝင်ခွင့်ပေးမှာမဟုတ်ဘူး"


ကျန်းချောင်ဝမ်က စကားအများကြီးဆိုပြီး နောက်ဆုံးတွင်ပြော၏။

"စကားမစပ်...ကျွန်တော့် လက်ထဲမှာ ပိုက်ဆံမလောက်ဘူး အမေ... ကျေးဇူးပြုပြီး ကျွန်တော့်ကို တချို့ထပ်ပေးပါဦး"


"မင်းလက်ထဲမှာ ငွေသုံးဆယ်နီးပါး ရှိတာမဟုတ်ဘူးလား...ဘာလို့ မလောက်တာလဲ"

အဘွားကြီးကျန်းက မေးလိုက်သည်။


"လူဆိုးကောင်... ကိုယ့်ကိုကိုယ် အရူးမလုပ်စမ်းနဲ့... အားလုံးက အလိမ်အညာချည်းပဲ"


သားသတ်သမားကျန်းက မျက်မှောင်ကြုတ်လိုက်သည်။


"အဖေ သူတို့အားလုံးက သူဌေးတွေဆိုတော့ ဘယ်လိုလုပ်ပြီး ပိုက်ဆံတွေ လိမ်နေကြမှာလဲ"

ကျန်းချောင်ဝမ် ငွေအမြောက်အမြားရရှိစေမည့် လုပ်ငန်းကောင်းတစ်ခုအဖြစ် ထင်ပြီး စိတ်စွဲမှတ်ထားခဲ့သည်။


မိသားစုက ရုတ်တရက် ရုတ်ရုတ်သဲသဲဖြစ်လာခဲ့ပြီး သားသတ်သမားကျန်း ဒေါသအလွန်ထွက်ပြီး နောက်ဆုံးမှာ ပိုက်ဆံမပေးဘူးဟု အခိုင်အမာပြောခဲ့သည်။ ထိုစကားကိုပြောပြီးနောက် သူသည် သူ့အခန်းထဲသို့ ချက်ချင်းပြန်သွားကာ ကျန်းချောင်ဝမ်ကို ထပ်မတွေ့ချင်တော့ပေ။


......


ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့သည် ဟယ့်ရှီတွင်ဖြစ်ပျက်နေသည့်အရာများအကြောင်းကို ဘာမှမသိခဲ့ကြပေ။ သို့သော်လည်း မြို့တော်မှ ထွက်ခွာပြီးကတည်းက ၎င်းတို့၏ မွေးရပ်မြေကို ပိုပိုပြီး လွမ်းဆွတ်လာကာ အိမ်ပြန်လိုစိတ်ပြင်းပြလာခဲ့သည်။


သို့သော် ယခုအချိန်တွင် ရေယာဉ်စု၏ အရှိန်သည် . . .

ကျန်းကျန့် ဘယ်လောက်ပဲ စိတ်ပူနေပါစေ၊ သူ ဖြည်းဖြည်းချင်းသာ ပြန်သွားနိုင်ခဲ့၏။ ကံကောင်းထောက်မစွာဖြင့် သူတို့လမ်းတလျှောက် ဘာပြဿနာမှ မကြုံခဲ့ရပါချေ။သူ့ကို ခေါင်းရှုပ်စေသော တစ်ခုတည်းသောအရာမှာ . . . ကျောက်ကျင်းကော၏ ဗိုက်က ပိုပိုကြီးလာသည်။


ပထမလေးလမှာ ကျောက်ကျင်းကော၏ဗိုက်ကို လုံးဝမမြင်ရပေမဲ့ လေးလလွန်ပြီးနောက် တဖြည်းဖြည်းဖောင်းလာသည်။ ကလေး၏ လှုပ်ရှားမှုတွေကလည်း ပိုပိုပြီး ထင်ရှားလာပါတော့သည်။ကျန်းကျန့်လည်း သူတကယ် ဖခင်ဖြစ်ချင်ကြောင်း ပိုပို၍ ရှင်းရှင်းလင်းလင်း သိလာသည်။


လမ်းမှာ အသီးအရွက်တွေ မစားရလောက်သည်ကို တွေးပြီး မြို့တော်ကနေ ထွက်လာသည့်အခါ ကျန်းကျန့် တစ်စုံတစ်ယောက်ကို မြေစာတွေနှင့် သစ်သားသေတ္တာတွေကို ရှာခိုင်းပြီး ထိုထဲမှာ ဂေါ်ဖီစိမ်းတချို့ စိုက်ထားလိုက်သည်။


ဤဟင်းသီးဟင်းရွက်နှစ်မျိုးသည် စိုက်ပျိုးရလွယ်ကူသည်။ သင်္ဘောပေါ်တွင် စိုက်ထားလျှင်ပင် ကောင်းစွာ ကြီးထွားသည်။ ၎င်းတို့သည် ကျောက်ကျင်းကောသာစားနိုင်သည့်အရာဖြစ်သည်။


လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးတို့သည် သင်္ဘောဦးတွင် ရပ်ကာ သင်္ဘောဦးပေါ်တွင် စိုက်ထားသော စိမ်းလန်းစိုပြေသော ဟင်းသီးဟင်းရွက်များကို ကြည့်လိုက်ကြသည်။ သူတို့သည် မျက်မှောင်ကြုတ်ကာ စိတ်ဓာတ်ကျနေသည်။


"ကျောက်ကျင်းကောက ဘာလို့ ဒီလောက်ကံကောင်းရတာလဲ "


လျှိုချမ်ချမ်က မတတ်နိုင်စွာ ပြောလိုက်သည်။


"ဟုတ်​တယ်​ သူ့ဘဝက ဘာလို့ဒီ​လောက်​​ကောင်းရတာလဲ"


ကျောက်လင်ရှီး သက်ပြင်းကို မချဘဲမနေနိုင်ပေ။ သူနှင့်လျှိုချမ်ချမ် တို့သည် ဆိုးရွားသောဆက်ဆံရေးရှိခဲ့ကြပြီး ယခင်က အချင်းချင်း အဆက်မပြတ်ပြိုင်ဆိုင်ခဲ့ကြသည်။


သို့သော်လည်း ကျန်းကျန့်၏ ကယ်တင်ခြင်းခံရပြီးကတည်းက သူတို့နှစ်ဦး အတူတကွ ငြင်းပယ်ခံခဲ့ရသောကြောင့် ၎င်းတို့၏ဆက်ဆံရေးသည် ပိုမိုနီးကပ်လာခဲ့သည်။


"ကျန်းကျန့်က အနာဂတ်မှာ ငါတို့ကို ဘာလုပ်ခိုင်းမယ်မသိဘူး"


လျှိုချမ်ချမ်က ထပ်ပြောသည်။