Chapter 127
"ဘယ်လိုပဲဖြစ်ဖြစ် သူက ငါတို့ခန္ဓာကိုယ်တွေကို ရောင်းစားမှာမဟုတ်ဘူးလေ"
ကျန်းကျန့်၏ လက်အောက်ငယ်သားများ အများစုသည် ၎င်းတို့ကို စိတ်ဝင်စားကြသည်ကို ကျောက်လင်ရှီး သိသည်။ သို့သော်လည်း ကျန်းကျန့်က အမိန့်ပေးထားသောအခါ ထိုလူများက သူတို့အား ဘာမှ မလုပ်ရဲကြပေ။
သူတို့စကားပြောနေစဉ် ကျောက်ကျင်းကောက အခြားသင်္ဘောပေါ်တွင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များအနီးသို့ ရောက်လာသည်ကို တွေ့လိုက်ရသည်။
ယခုအချိန်မှာ ရာသီဥတုက ပိုအေးလာသည်နှင့်အမျှ ကျောက်ကျင်းကောက ထူထဲသောအဝတ်များကို ပြောင်းလဲဝတ်ထားသောကြောင့် သူ့ဗိုက်ကို မမြင်ရတော့ပေ။
သင်္ဘောဦးပေါ်မှာစိုက်ထားသည့် ဟင်းသီးဟင်းရွက်တွေကို ကြည့်ပြီးနောက် ကျောက်ကျင်းကော အသီးအရွက်တချို့ကို ဆွဲနှုတ်ပြီး ထမင်းချက်လီကိုချက်ပြုတ်ပေးရန် တောင်းဆိုလိုက်သည်။
"မင်းကတော်က ဘာလို့ ဒီနေ့ အသီးအရွက်တွေ အများကြီး ခူးရတာလဲ"
လီက သူမရှေ့က ဟင်းသီးဟင်းရွက်တွေကို ကြည့်ပြီး အံ့သြတကြီး မေးလိုက်သည်။
"အိမ်ရောက်ခါနီးနေပြီဆိုတော့ ငါတို့အားလုံးစားရင်လည်း ကိစ္စမရှိဘူးလေ"
ကျောက်ကျင်းကောက မတ်တပ်ထရပ်ပြီး ပြုံးပြုံးလေးပြောလိုက်သည်။
မြန်မြန်ဆန်ဆန် ခရီးသွားရန်အတွက် သူတို့ ရိက္ခာတွေ ဖြည့်တင်းရန် မကြာခဏ ရပ်တန့်မနေခဲ့ကြပါချေ။သို့ပေမဲ့ သူတို့ရပ်လိုက်တိုင်း ကျန်းကျန့်က စိုက်ရန် ဟင်းသီးဟင်းရွက်တွေ ဝယ်ပေးတတ်သည်။ကျန်းကျန့်က အသီးအရွက်တွေ စိုက်ထားပေငြါး သူကိုယ်တိုင် မစားဘဲ ကျောက်ကျင်းကောကို အစား ပိုစားခိုင်း၏။
ကျန်းကျန့်က သူကိုယ်တိုင်ကျ မည်သည့်ကြက်သားလတ်လတ်ဆတ်ဆတ်မှမစားဘဲ သူ့အတွက် ချန်ထားတတ်သည်။ယခု နှစ်ရက်အတွင်း အိမ်ပြန်ရောက်တော့မှာဖြစ်သဖြင့် သူက ကျန်းကျန့်ကို သူနှင့်အတူ အမြဲစားခိုင်းခဲ့သည်။
ထိုညနေစာသည် အလွန်လျှံပယ်သောကြောင့် ကျန်းကျန့်တစ်ယောက် ကျောက်ကျင်းကောကို စိုက်ကြည့်ကာ ပြုံး၍ စားနေတော့သည်။
ညစာစားပြီးသောအခါ ကျန်းကျန့်က ကျောက်ကျင်းကောကို စာအုပ်တစ်အုပ်ဖတ်ပြကာ ကုတင်ပေါ်တွင် ဘေးချင်းကပ်အိပ်ကြသည်။ကျောက်ကျင်းကောကို သူဖတ်ပြခဲ့သည် စာအုပ်မှာ ချုံလင်းမူကြိုကျောင်းဖြစ်ပြီး ထိုခေတ်က လူတွေဖတ်သည့် ဉာဏ်အလင်းပေး စာအုပ်တွေဖြစ်သည်။
သို့ပေမဲ့ ရှက်စရာကောင်းသည်က သူဖတ်ပြီးသည့်အပိုင်းတွေကို ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ခဲ့ခြင်းပင်. . . ကံကောင်းထောက်မစွာဖြင့် ကျောက်ကျင်းကောက ပို၍ပင် နားမလည်နိုင်ခဲ့ပေ။ ပြဿနာတစ်စုံတစ်ရာ ရှိခဲ့ပါက အိုးနင်းခွက်နင်းနှင့်ပဲပြီးသွားတတ်၏။
လှည့်စားခံရသည်နှင့် ပတ်သက်၍မူ. . . အကြိမ်တစ်ရာစာဖတ်သည်က သူ့အတွက် အကျိုးကျေးဇူးရှိသည်ဟုပြောခဲ့သည်၊ ထို့ကြောင့် သူ အကြိမ်တစ်ရာဖတ်ခဲ့၏. . .
ယင်းက ကျိုးကြောင်းဆီလျော်သည်။ကျန်းကျန့်က စာအများကြီးဖတ်ထားပြီး အသံထွက်ဖတ်ရသည်ကို သူတကယ်စိတ်ဝင်စား၏။မှန်ပေသည်၊ ၎င်းကလည်း ဤသင်္ဘောပေါ်မှာ စာဖတ်သည်ကလွဲ၍ တခြားဘာမှ လုပ်စရာမရှိ၍ပါပင်။
အချိန်အတော်ကြာအောင် လေ့လာပြီးနောက် ကျန်းကျန့် စာအုပ်ကို ချလိုက်ပြီး စကားပြောနေရင်း ကျောက်ကျင်းကော၏ဗိုက်ကို ထိလိုက်သည်။အမှန်တွင် သူက ကျောက်ကျင်းကောကိုစာဖတ်ပြသည့်အပြင် ကျောက်ကျင်းကော၏ ဗိုက်ထဲကကလေးကိုလည်းဖတ်ပြခဲ့သည်။ကိုယ်ဝန်အကြောင်း များများစားစား သူမသိသော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ် ပညာပေးရန်လိုအပ်ကြောင်း သူကြားသိခဲ့ရသည်။
ကျောက်ကျင်းကော၏ဗိုက်ထဲက ကလေးအတွက် သီချင်းမဖွင့်နိုင်သည်ဖြစ်ရာ စာအုပ်တွေပဲ ဖတ်ပြခဲ့သည်။ သူ့အသံက သိပ်မဆိုးလောက်ပေ။သူယခုလိုဖတ်ပြလျှင် . . .ကျောက်ကျင်းကော၏ဗိုက်ထဲကကလေးကို မမွေးခင် သူ့အဖေ၏အသံကို မှတ်မိအောင် လုပ်ပေးနိုင်လောက်သည်။
ဤအတိုင်းတွေးကာ ကျန်းကျန့် ကျောက်ကျင်းကော၏ဗိုက်ကို ထိလိုက်ပြန်သည်။
"သား...ငါက မင်းအဖေပါ...မင်းထွက်လာရင် မင်းကို မြင်းစီးဖို့ ခေါ်သွားပေးမယ်"
သူ မြို့တော်ကို ရောက်တုန်းက ကျန့်မိသားစုက သူ့ကို ရထားလုံးတစ်စီးနှင့် မြင်းတစ်ကောင် ပေးခဲ့သည်။ကျန်းကျန့်က သူတို့ကို သင်္ဘောပေါ်တင်ပြီး တောင်ဘက်ပြန်သယ်လာခဲ့သည်။
ကျောက်ကျင်းကော ကျန်းကျန့်ကို ဤကဲ့သို့မြင်ရသောအခါ မပြုံးဘဲမနေနိုင်ပေ။
ကျန်းကျန့်က သူ့ဗိုက်ထဲက ကလေးက အပြင်က အသံတွေကြားနေရသည်ဟုဆိုသည်။ထိုသို့တွေးလိုက်သောအခါ ကျန်းကျန့်က ဤကလေးကို အလွန်ဂရုစိုက်သည်ကို တွေ့ရသဖြင့် သူပျော်သွားရသည်။
နှစ်ရက်အကြာတွင် ရေယာဥ်စုသည် စီရင်စုသို့ ရောက်ရှိလာပြီး ကျန့်မိသားစု၏ သီးသန့် ဆိပ်ကမ်းတွင် ရပ်နားခဲ့သည်။
သင်္ဘောပေါ်မှာ ကုန်ပစ္စည်းတွေ အများကြီးရှိ၏။အမှန်တွင် ဖုချောင်ကို အရင်သွားရောင်းသည်က ပိုကောင်းပေမဲ့ ကျန်းကျန့်ဖြစ်စေ၊ကျောက်ကျင်းကောပဲဖြစ်စေ အိမ်ပြန်ချင်ကြသည်။
ကျန့်မိသားစု၏ဆိပ်ကမ်းတွင် သင်္ဘောဆိုက်ကပ်သောအခါ ကျန်းကျန့်၊ကျောက်ကျင်းကော နှင့် ကျန်းကျန့် မြို့တော်သို့ ခေါ်သွားသောလူများ အားလုံး လှေပေါ်မှ ဆင်းခဲ့ကြသည်။ကျန်းကျန့် ၏ ရထားလုံးကိုလည်း သင်္ဘောပေါ်မှ သယ်ဆောင်သွားခဲ့သည်။
သင်္ဘောပေါ်ရှိ စိတ်ဓာတ်ကျနေသော မြင်းသည် ဆင်းသက်ပြီးနောက် အလွန်ပျော်ရွှင်နေပုံရသည်။
"ဒီတစ်ခေါက် ပြန်ဖို့ ရထားလုံးစီးလို့ရတယ်... ရွာသားတွေ အရမ်းအားကျကြလိမ့်မယ်"
ကျန်းကျန့်က ရထားလုံးကိုကြည့်ကာ ကျောက်ကျင်းကောဘက်သို့ ပြန်လှည့်သွားသည်။
ယနေ့ခေတ်တွင် ရထားတစ်စီးရှိခြင်းမှာ ရှားပါးလာပြီး မော်ဒန်ခေတ်တွင် BMWကားတစ်စီးရှိခြင်းထက် တစ်စုံတစ်ယောက်၏လုပ်နိုင်စွမ်းကိုပိုပြနိုင်သည်။
ကျန်းကျန့်ကိုယ်တိုင်က ကြွားရသည်ကို ကြိုက်သည့်လူမဟုတ်ပေမဲ့ ကျောက်လျူကကြွားရသည်ကို သဘောကျ၏။ မြင်းဆွဲရထားလုံးဖြင့် ပြန်သွားပါက ကျောက်လျူကို မျက်နှာများစွာ ရစေမည်ဖြစ်သဖြင့် သူမ အိမ်နီးနားချင်းများရှေ့တွင်ကြွားနိုင်မည်ဖြစ်သည်။
"ဒီရထားလုံးက ရွာကို မရောက်နိုင်ဘူး"
ကျောက်ကျင်းကောက ဆိုလိုက်၏။
"ဘာရယ်"
ကျန်းကျန်် အံ့ဩသွားသည်။
"ရွာကိုသွားရာလမ်းမှာ တံတားတစ်စင်းရှိတယ်...အဲဒီတံတားက ဒီရထားလုံးနဲ့ဖြတ်လို့မရဘူး"
ကျောက်ကျင်းကော၏ စကားများအပြီးတွင် ကျန်းကျန့် ထိုသို့သော အရာတစ်ခု ရှိနေသည်ကို သတိရမိသည်။ ဟယ်ချောင်စီရင်စုကနေ ဟယ့်ရှီ ရာအထိ၊ မင်းမြစ်ကိုဖြတ်ရသည်။ထိုမြစ်ပေါ်တွင် တံတားတစ်စင်း ရှိသည်။ လှေကားထစ်များရှိသော ကျောက်တုံးတံတားအမျိုးအစားဖြစ်ပြီး ထိုတံတားကို ရထားလုံးဖြင့်ဖြတ်ကျော်၍မရပေ. . .
အိမ်ပြန်ဖို့ ရထားလုံးကို မောင်းဖို့ မဖြစ်နိုင်ဘူးထင်ပါရဲ့... အိမ်ပြန်ဖို့ လှေငယ်တစ်စီးလိုနေသေးပုံပဲ...
ကျန်းကျန့်နှင့် သူ့လူများက လှေပေါ်တက်ကြပြီး သူတို့အဖွဲ့ဟာ ဟယ့်ရှီဆီကို ဖြည်းညှင်းစွာ ဦးတည်သွားကြ၏။
ကျန်းကျန့်က လွန်ခဲ့သော တစ်နှစ်ခန့်ကမှ ဤနေရာကို ရောက်ရှိလာသောကြောင့် ဟယ့်ရှီတွင် အကြာကြီးမနေခဲ့ရပေ။ ထိုစဉ်ကပင် သူ့တွင် အမှတ်တရကောင်းများစွာ မရှိခဲ့ပေ။ သို့တိုင် သူ ဟယ့်ရှီကို အလွန်လွမ်းပါ၏။မည်သို့ပင်ဖြစ်စေ ၊ထိုမှာ ကျောက်ဖူကွေနှင့် ကျောက်လျူ ရှိသည်၊ ပြီးလျှင် သူ သူတို့ကို သူမိသားစုနှင့်သူ့အိမ်ဟု သတ်မှတ်ထားသည်။
ကျန်းကျန့် ၏နှလုံးသားသည် သံလိုက်အိမ်မြှောင်တစ်ခုကဲ့သို့ဖြစ်သည်— ဟယ့်ရှီနှင့် ပိုနီးကပ်လေလေ၊ သူ့နှလုံးသားက ပိုလေးလေဖြစ်သည်။ သူ ယခုလိုခံစားခဲ့ရသည်က တခြားအကြောင်းကြောင့်ထက် . . . ဤတစ်ခေါက် မြို့တော်သွားပြီး ပြန်လာရာတွင် သူ့လူတွေထဲက တစ်ယောက် သေဆုံးသွားသည့်အတွက်ဖြစ်သည်။
သူ့လူတွေထဲက တစ်ယောက်သာ သေဆုံးသွားသည့်အတွက် ကျန့်မိသားစု၏ယာဥ်စုထက် ပိုကောင်းပေမဲ့ မည်သို့ပင်ဖြစ်စေ လူတစ်ယောက် သေဆုံးသွားခဲ့သည်ပင်။ထိုလူက. . . သူနှင့်အတူ အပြင်သို့ခေါ်ဆောင်သွားခဲ့သူ ဖြစ်သည်။ကျန်းကျန့် ယခုလို မတော်တဆမှုမျိုး မဖြစ်စေချင်ပေမဲ့ အဆုံးမှာ အပြစ်ရှိသလို ခံစားရ၏။
"ဘော့စ် ဘာလို့စိတ်ညစ်နေတာလဲ"
ကျန်းမင်က အံသြစွာ မေးလိုက်သည်။
ကျန်းကျန့်က ဘာမှပြန်မပြော။ သူ့ဘေးနားက သေတ္တာကိုပဲ ကြည့်လိုက်သည်။
သေဆုံးသွားသောရွာသားမှာ လီယွမ်ဟုခေါ်သည်။ သူသည် အသက်ဆယ့်ရှစ်နှစ်သာ ရှိသေးသည်။ကျန့်မိသားစု၏ ရေယာဉ်များ ဆိုက်ကပ်ပြီးနောက် ကျန်းကျန့် လူများကိုခေါ်ကာ သူ့ကို သင်္ဂြိုဟ်ပြီး သူ၏ ပစ္စည်းအားလုံးကို ဤသေတ္တာတွင် ထုပ်ပိုးထားသည်။
ထို့နောက် ကျန့်မိသားစုမှ ပေးသော ပင်စင်လစာကို ကျန်းကျန့်က ထုပ်ပိုးထားခဲ့ပြီး ပင်လယ်ဓားပြများထံမှ လုယက်လားသော ငွေတစ်စိတ်တစ်ပိုင်းကိုလည်း ပါခဲ့သည်။
ယခု သူ၏ရုပ်ကြွင်းအပြင်၊ ဤသေတ္တာတွင် ငွေ ၃၀၀ လည်းပါရှိသည်။ ထို့အပြင် ကျန်းကျန့် မြို့တော်ရှိ ပစ္စည်းအချို့ကို ဝယ်ပြီး လီယွမ်၏မိသားစုထံ ပေးမည့် အခြားသေတ္တာတစ်ခုထဲတွင် ထည့်ထားသည်။
ကျန်းကျန့် ထိုသို့လုပ်သည်ကိုမြင်သောအခါ သူ့လက်အောက်ငယ်သားတွေကလည်း ပစ္စည်းတွေ ပေးကြပြီး အားလုံးကို သေတ္တာထဲမှာ ထည့်ထားလိုက်သည်။
"ဘော့စ်... မင်းပေးခဲ့တဲ့ငွေက တော်တော်များနေပါပြီ...လီယွမ်ရဲ့ မိဘတွေက မင်းကို အပြစ်တင်မှာမဟုတ်ပါဘူး"
ကျန်းမင်က ဆိုလိုက်သည်။လီယွမ်၏ မိဘများ မဆိုနှင့်၊ ငွေအမြောက်အမြားတွေ့ပြီးနောက် သူ့မိဘများပင် သူ့ကို အပြစ်တင်ကြမည်မဟုတ်ပေ။
"ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူက ဆုံးသွားပြီလေ"
ကျန်းကျန့်က ပြောလိုက်သည်။
သူပေးသောပင်စင်သည် များပြားနေပြီမှန်းလည်း သူသိသည်။ သူ မူလက လူများကို ရွေးသောအခါတွင် သူသည် တစ်ဦးတည်းသောသားဖြစ်သူများကို အတိအကျ မရွေးချယ်ခဲ့ပေ. . . လူ့ဘဝက တန်ဖိုးမရှိသော ဤနေရာ၌ လူသားရောင်းဝယ်ဖောက်ကားမှုကပင် ဖြစ်ရိုးဖြစ်စဉ်ဖြစ်သောကြောင့် မည်သူမျှ သူ့ကို အပြစ်ပုံချရန် မဖြစ်နိုင်သော်လည်း သူ စိတ်နှလုံးမသာယာဆဲပါပင်။
ကျန်းမင် နှင့် အခြားသူများ နှုတ်ဆိတ်သွားကြသည်။ ဟုတ်တယ်၊ နောက်ဆုံးတော့ ဒီလူက ဆုံးသွားပြီလေ ... နဂိုက သူတို့နဲ့ အတူ မြို့တော်ကို သွားခဲ့တဲ့ သူလည်း မရှိတော့ဘူး...
ယနေ့ခေတ်တွင် မိသားစုတွင် ကလေးလေးယောက်မွေးခြင်းသည် ပုံမှန်ဖြစ်သော်လည်း အချို့လူများတွင် ကလေးခြောက်ယောက် သို့မဟုတ် ခုနစ်ယောက်ရှိကာ သုံးလေးယောက်သာ ကြီးပြင်းအောင် မွေးမြူနိုင်သည်။သို့ပေမဲ့ ဤလူက သူတို့ရှေ့မှာ သေသွားသည့်အတွက် အဆုံးမှာ သူတို့ စိတ်မချမ်းသာပါချေ။
လှေသည် ဟယ့်ရှီအနီးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး မကြာမီတွင် လူတိုင်း ဆင်းသက်လာကြသည်။ လူတိုင်း၏မျက်နှာက သိပ်ကောင်းမနေကြပေ။
"ကျန်းကျန့် ကျင်းကော..."
ရုတ်တရက် အသံတစ်ခုထွက်လာပြီး ကျောက်ဖူကွေ့ မြစ်ကမ်းဘေးမှာ ရပ်နေသည်ကို တွေ့လိုက်ကြရ၏။
အမြဲတမ်း နှုတ်ဆိတ်နေပြီး စကားလုံးအကန့်အသတ်ရှိပုံပေါ်သည့် ဒီလူက ပါးစပ်နားရွက်ချိတ်မတတ် ပြုံးနေပြီး အများစုက မည်းနေသည့် သို့မဟုတ် အဝါရောင်ဖြစ်နေသည့် သွားတွေအပြည့်နှင့် ပါးစပ်ကြီးပေါ်သည်အထိပင်။
သို့သော်လည်း သူက ပါးစပ်ကို အမြန်ပိတ်ပြီး ပြုံးမနေတော့ဘဲဆို၏။
"မင်းတို့ နောက်ဆုံးတော့ ပြန်လာပြီ... မင်းတို့ပြန်လာတာ ကောင်းတယ်"
ကျောက်ဖူကွေ့က ကျန်းကျန့် နှင့် ကျောက်ကျင်းကော မြို့တော်သို့သွားစဉ်ကတည်းက တစ်ခုခုလုပ်ပြီး မြစ်တစ်ဝိုက်နှင့် စီရင်စုမြို့သို့သွားသောလမ်းတစ်ဝိုက်မှာဟိုလျှောက်သည်လျှောက်လုပ်ရသည်ကို နှစ်သက်သည်။ယနေ့ သူ ထပ်ပြီး ဟိုလျှောက်သည်လျှောက် ယောင်လည်လည်လုပ်နေခြင်းဖြစ်သည်။
ကျန်းကျန့်နှင့် ကျောက်ကျင်းကောကို အဝေးကမြင်ရကတည်းက သူ တအားပျော်နေပေမဲ့ ကျန်းကျန့်၏ မျက်နှာနှင့်တခြားသူတွေကိုမြင်သောအခါ နှလုံးခုန်နှုန်းတွေမြန်လာသည်။ ဒီလူတွေရဲ့ မျက်နှာက မကောင်းဘူး...မြို့တော်ကို သွားရတဲ့ ခရီးက မချောမွေ့မှာကို ကြောက်မိတယ်...ဒါပေမဲ့ အဆင်ပြေပါတယ်... ပြန်လာသရွေ့တော့ အဆင်မပြေလည်းကိစ္စမရှိပါဘူး...
ကျောက်ဖူကွေ့ ကြည့်လိုက်သောအခါ ကျန်းကျန့်က အခြေအနေကောင်းနေပုံရပြီး သူ့သားက နည်းနည်းပိုထွားလာသည်ကို တွေ့လိုက်ရသဖြင့် နောက်ဆုံးမှာ စိတ်သက်သာရာရသွား၏။
နောက်ပိုင်းမှာ သူ ဤကဲ့သိုသော တခြားအရာတွေကို တွေ့လိုက်ရသည်. . . ဒီလူတွေဟာ သေတ္တာနှစ်လုံး သယ်ထားရုံကလွဲလို့ အားလုံးက လက်ဗလာနဲ့. . .
အမှန်တွင် အိမ်ပြန်သည့်အခါ သူနှင့်အတူ နောက်ထပ်ပစ္စည်းတွေ ယူလာချင်ပေမဲ့ သူ့မှာ လူတွေများနေပြီး နောက်ထပ်လှေတွေ ချက်ချင်း ရှာမတွေ့ပေ။အဲဒီတော့ သူ အဲဒီပစ္စည်းတွေကို ဘယ်မှာသွားထားရမလဲ...ပစ္စည်းတွေ ယူဖို့ အပြန်ပြန်အလှန်လှန် လုပ်ရင် သူ့လူတွေကို ပြန်ခေါ်တာ ပိုကောင်းမယ် မဟုတ်လား...
အိတ်ကြီးကြီး သေးသေးလေးတွေ ကိုင်ဆောင်ထားသည့် လူထွားကြီးတွေကို ကြည့်ပြီးနောက် ကျန်းကျန့် ထိုလူတွေကို လောလောဆယ်ပစ္စည်းတွေက သင်္ဘောပေါ်မှ ထားခဲ့ရန်နှင့် မနက်ဖြန်မှ လာယူဖို့ ပြန်လာရန်ပြောလိုက်သည်။သူလည်း ထိုသို့ လုပ်မှာပင်။ သို့ဖြစ်ရာ အိမ်သို့ပြန်လာကြသော သူတို့အားလုံးသည် ငွေအပြည့်ထည့်ထားသော အိတ်ငယ်တစ်လုံးသာ ယူဆောင်လာပြီး မြို့တော်မှ သူတို့ယူသွားသမျှထက် များစွာပိုနည်းလေသည်။
အခုနောက်ပိုင်း ခရီးရှည်ကနေ တစ်ခုခု အိမ်ပြန်မသယ်လာတဲ့သူတွေဘယ်မှာရှိလို့လဲ... အပြင်မှာ ဒုက္ခရောက်ပြီး ပိုက်ဆံတွေ အကုန်ကုန်တာ မဟုတ်ရင် အိမ်ပြန်ယူစရာ တကယ် ဘာမှ မရှိတော့လို့ပဲ...
ကျောက်ဖူကွေ့ ကျန်းကျန့်၏ ခရီးစဉ် အဆင်မပြေကြောင်း ပို၍ ပို၍ သေချာလာသည်။ ထိုကဲ့သို့ ကောက်ချက်ချကာ ကျောက်ဖူကွေ့ နောက်ထပ်ဘာမှမမေးရန် ဆုံးဖြတ်လိုက်၏။
"ငါ့ကိုကူစေချင်လား"
"အဖေ မလိုပါဘူး"
ကျန်းကျန့်က ပြောသည်။ သူက အိတ်နှစ်အိတ်ကို သယ်ကာ ကျောက်ကျင်းကောကို လှေပေါ်မှ အရင်ဆင်းစေခဲ့သည်။
သူ့အိတ်နှစ်လုံးက ရွှေငွေတွေအပြင် ကျောက်လျူနှင့် ကျောက်ဖူကွေ့အတွက် အဝတ်အစား နှစ်စုံပါ၏။ဤအိတ်တွေက တခြားအိတ်တွေထက် နည်းနည်းပိုကြီးသဖြင့် အပြင်ထွက်သည့်အခါ နှစ်အိတ်လုံးကို သယ်သွားလေ့ရှိသည်။
ကျောက်ကျင်းကောက ကျန်းကျန့်၏ ဂရုစိုက်မှုကို ခံနေကျဖြစ်သဖြင့် ကျန်းကျန့်က သူ့ကို ပထမဆုံး လှေပေါ်မှ ဆင်းခိုင်းသောအခါ ထိုအတိုင်း လုပ်လိုက်သည်။ လှေပေါ်မှဆင်းသည်နှင့် ကျောက်ဖူကွေ့ဆီသို့ ချက်ချင်းသွားခဲ့သည်။
"အဖေ"
"အဓိပ္ပါယ်မရှိ"
ကျောက်ဖူကွေ့က သူ့သားကို စိုက်ကြည့်နေသည်။ "ကျန်းကျန့်ကို အိတ်တွေအားလုံး ဘယ်လိုလုပ်သယ်ခိုင်းရတာလဲ...လက်ကို ဘယ်လိုငှားရမှန်းတောင် မသိဘူးလား"
သူ့သားက တကယ်ကို ပိုပိုပြီး ရိုင်းစိုင်းလာတယ်... တစ်ချို့အရာတွေကို ကိုယ်တိုင်မယူဘဲ ခင်ပွန်းဖြစ်သူကို အိတ်တွေကို ဘယ်လိုလုပ် သယ်ခိုင်းရတာလဲ...
ကျန်းကျန့် လှေခပေးနေချိန်မှာ ယောက္ခမက ဇနီးဖြစ်သူအား ကြိမ်းမောင်းသည်ကိုမြင်လိုက်ရသောကြောင့် အလျင်စလိုပြောလိုက်သည်။
"အဖေ... ကျင်းကောက နေမကောင်းဘူး"
"သူဘာမှဖြစ်မနေဘူး... သူက အရမ်းသန်မာတယ်လို့ ငါထင်တယ်"
ကျောက်ဖူကွေ့ သူ့သားကို ကြည့်လိုက်ရာ သူ့သားက သားမွေးကော်လာအဝိုင်းဝတ်ထားသည်ကို တွေ့လိုက်ရသည်။
"ကျန်းကျန့်...သူ့အတွက် ကောင်းတဲ့အရာတွေ အားလုံးကို မပေးနဲ့လေ...မင်းတောင် ဂွမ်းအင်္ကျီဝတ်တဲ့ဟာကို သူ့ကိုဘာလို့ သားရေဝတ်ခိုင်းရတာလဲ"
သူ မပြောဘဲမနေနိုင်ပေ။
ပြန်လာသည့်ခရီးက တစ်လနီးပါးရှိသဖြင့် ကျောက်ကျင်းကောမှာ ကိုယ်ဝန်ငါးလကျော်နေပြီဖြစ်သည်။အမှန်တွင် သူ့ဗိုက်က အလွန်ဖောင်းနေပေမဲ့ လူတွေက သူ့အဝတ်ထူထူတွေကြောင့် သူ့ကို မမြင်နိုင်သဖြင့် ကျောက်ဖူကွေ့ကို သူအများကြီးဝတ်ထားသည်ဟုသာ ထင်စေခဲ့သည်။
ကျန်းကျန့် သူ့ယောက္ခမကို ကျောက်ကျင်းကောမှာ ကိုယ်ဝန်ရှိနေပြီဆိုသည်ကို ပြောပြတော့မည့်အချိန်မှာပဲ ကျောက်ဖူကွေ့က ပတ်ဝန်းကျင်ကို ကြည့်ပြီး ခပ်တိုးတိုး ကြိတ်ကာဆိုသည်။
"အဲဒါအပြင် မင်းတို့ဘာလို့ လှေနဲ့ ပြန်လာတာလဲ... ပိုက်ဆံအများကြီးကုန်တယ်"
အပြင်ထွက်တာ များများစားစားမရခဲ့တာကို လှေနဲ့ပြန်လာပြီး ပိုက်ဆံဖြုန်းနေတာလား...
ကျောက်ဖူကွေ့ နားလည်မှုလွဲနေခြင်းဖြစ်မည်ဆိုသည်ကို သိလိုက်ရသောအခါ ကျန်းကျန့်ကပြောလိုက်၏။
"အဖေ...ဒီခရီးမှာ ပိုက်ဆံအများကြီးရခဲ့တယ်"
ထိုသို့ အသွားအပြန်ခရီးမှာတော့ လက်ထဲမှာရှိသည့် ကုန်ပစ္စည်းတွေ ရောင်းရသည့်အခါ၊ မြို့တော်ရှိ သင်္ဘောများ နှင့် အိမ် များ နှင့် အတူ သူ့ ၏ ပိုင်ဆိုင်မှုသည် ငွေ ၂၀၀,၀၀၀ ကျော် တန်ကြေး ရှိသည်။ထို့ကြောင့် သူက သူဌေး ဖြစ် သည် မှာ သေချာသည်။ သူတို့အများစုသည် လှေတစ်စင်းဖြင့် လိုက်ပါခဲ့ကြသော်လည်း ကြေးဒင်္ဂါးအနည်းငယ်သာ ကုန်ကျသည်။ တကယ်ကို အများကြီး မကုန်ကျခဲ့ပါချေ. . .
ယနေ့ခေတ်တွင် ငွေသည် ယခင်မင်းဆက်များကဲ့သို့ တန်ဖိုးမရှိသော်လည်း သူ၏ငွေ ၂၀၀,၀၀၀ မှာ တော်တော်များနေပြီဖြစ်သည်။
ကျောက်ဖူကွေ့က ကျန်းကျန့်ကို ပိုက်ဆံဖြုန်းသည်ကို နှစ်သက်သည်ဟုထင်ပြီး မယုံခဲ့ပေ။ဤတစ်ခါ ဝက်သားတစ်တွဲတောင် ပြန်မယူလာပေမဲ့ သူကျန်းကျန့်ကို မျက်နှာသာ ပေးနေတုန်းပါပင်။
"အိမ်ပြန်သွားပြီး ပြောရအောင်"
ကျန်းကျန့်က ခေါင်းညိတ်လိုက်သည်။ နောက်မှပြောသည်က ပိုကောင်းမည်ထင်၏။ ထိုအချိန်တွင်ပင် တစ်စုံတစ်ယောက်က ရုတ်တရက် သူတို့ဆီသို့ ပြေးလာပြီးအော်သည်။
"ကျောက်ဖူကွေ့.... တစ်ခုခုဖြစ်နေတယ်... အဘွားကြီးကျန်း မင်းတို့အိမ်ဆီ ပြေးသွားတယ်"