Chapter 128
ကျန်းရှောင်မိန်ထွက်ပြေးသွားသည်
ထိုလူက အော်ဟစ်ပြီးနောက် ကျန်းကျန့်လည်း ထိုနေရာတွင် ရှိနေသည်ကို တွေ့ပြီးပြောလိုက်သည်။
"ကျန်းကျန့် မင်းပြန်လာပြီပဲ... မင်းပြန်လာရင် သူတို့အဆင်ပြေလိမ့်မယ်"
ကျန်းကျန့်သည် ဤလူက ကျောက်မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း သိသည်။ အခု အဘွားကြီးကျန်းက ကျောက်မိသားစုရဲ့အိမ်ကို သွားပြီလို့ ဒီလူက ပြောတယ်...ဘာတွေဖြစ်နေတာလဲ...
ကျန်းကျန့်က မျက်မှောင်ကြုတ်ကာ အိမ်ပြန်တော့မည်ပြုသည်။သို့သော် ခြေလှမ်းအနည်းငယ်အကြာတွင် သူက ဟယ်ချွန်းရှန့် နှင့် အခြားသူများကို ကြည့်ကာပြော၏။
"မင်းတို့ ...ဒီပစ္စည်းတွေကို လီအိမ်ကို အရင်ယူသွားပါ"
လီယွမ်သေသွားပြီ။ သူပြန်ရောက်သည်နှင့် လီအိမ်ကို သွားသင့်ပေမဲ့ ကျောက်လျူဆီမှာ တစ်ခုခုဖြစ်သွားသည့်အတွက် သူအရင်သွားရန်လိုပေသည်။
"စိတ်မပူပါနဲ့ဘော့စ်... ငါတို့ ပြီးအောင်လုပ်ပါ့မယ်"
ဟယ်ချွန်းရှန့်က ချက်ချင်းပြော၏။
ဟယ်ချွန်းရှန့်ကို ခေါင်းညိတ်ပြပြီး ကျန်းကျန့် သတင်းပေးပို့သူအား "ဘာတွေ ဖြစ်နေတာလဲ" ဟုမေးရင်း မိသားစုအိမ်ဆီသို့ ချက်ချင်း အပြေးသွားခဲ့သည်။
"ကျန်းချောင်ဝမ်က ပိုက်ဆံအလိမ်ခံရတယ်... ပိုက်ဆံရှာဖို့အတွက် အဘွားကြီးကျန်းက ကျန်းရှောင်မိန်ကိုပြောပေမဲ့ ...ကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုမဟုတ်ဘူး...အဲဒါကြောင့် ကျန်းရှောင်မိန်ကထွက်ပြေးသွားတဲ့အတွက် ကျန်းမိသားစုက ကျောက်မိသားစုဆီပြေးသွားတာ"
ထိုလူကဆိုသည်။
ကျန်းကျန့် ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။
သူက အဘွားကြီးကျန်းဖြစ်စေ၊သားသတ်သမားကျန်းကိုဖြစ်စေ မကြိုက်သလို ကျန်းချောင်ဝမ်နှင့် ကျန်းချောင်ရှန့်ကိုလည်း မကြိုက်ပါချေ။
သူ့ခယ်မနှစ်ယောက်နှင့် ထိုတူလေးအတွက်လည်း ခံစားချက်မရှိသော်ငြား ကျန်းရှောင်မိန် အတွက်မူ ရှိခဲ့သည်. . . သူမသည် ကျန်းမိသားစုတွင် သူနှစ်သက်သောတစ်ဦးတည်းသောသူ ဖြစ်သည်။
ကျန်းရှောင်မိန်က ပျင်းရိပြီး အလုပ်မကူညီချင်သော်လည်း၊ သူမသည် အကြီးဆုံးကျန်းကို ဘယ်သောအခါမှ အနိုင်ကျင့်ခြင်းမရှိသလို အဘွားကြီးကျန်းပေးသော စားကောင်းသောက်ဖွယ်များ ရှိပါကလည်း အကြီးဆုံးကျန်းအတွက် အနည်းငယ် ချန်ထားခဲ့သေးသည်။
ကျန်းကျန့်က အကြီးဆုံးကျန်း၏ ခန္ဓာကိုယ်ကို အသုံးပြုနေသောကြောင့် အကြီးဆုံးကျန်းရရှိခဲ့သော ကြင်နာမှုကိုလည်း သတိရမိပေသည်။ သူအရင်က ကျေးဇူးမဆပ်ခဲ့ပေ။ တစ်စိတ်တစ်ပိုင်းက သူကိုယ်တိုင်သည် ထိုအချိန်က အရည်အချင်းမပြည့်မီသောကြောင့်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းကကျန်းမိသားစုက ကျန်းရှောင်မိန်အပေါ် သိပ်ပြီး မကောင်းသည်မျိုးမဟုတ်သည့်အတွက်ဖြစ်၏။
အဘွားကြီးကျန်းက ကြက်ဥပြုတ်သည့်အခါ ကျန်းရှောင်မိန်ကို အထူးတလည် ပေးတတ်ကြောင်းကို သူ မှတ်မိသည်။
သူနှင့်မတူဘဲ ကျန်းရှောင်မိန်းက သူမ၏မိဘများနှင့် အဆက်အသွယ်ဖြတ်ရန် မလိုလားခဲ့သလို အဘွားကြီးကျန်း နှင့် သားသတ်သမားကျန်းတို့ကလည်း သူမအား ကောင်းမွန်စွာဆက်ဆံခဲ့သည်။ ယခုလိုအခြေအနေမျိုးမှာ သူ့အနေဖြင့် ဘာမှသိပ်လုပ်စရာမလိုသည့်အတွက် ကျန်းရှောင်မိန်က အိမ်ထောင်ကျသည့်အချိန် အနာဂတ်ကို စောင့်နေခဲ့သည်။ထိုအချိန်ရောက်လျှင် သူ သူမကို ပိုက်ဆံနည်းနည်းလောက်ပေးပြီး သူမယောက္ခမမိသားစုကိုသေချာစောင့်ကြည့်ပေး၍ရသည်။
ကျန်းကျန့်သည် သားသတ်သမားကျန်း နှင့် အဘွားကြီးကျန်းက မည်သို့ပင်ဖြစ်ပါစေ ကျန်းရှောင်မိန်အတွက် ကောင်းမွန်သောအိမ်ထောင်ရေးကို ရှာပေးလိမ့်မည်ဟု အမြဲတွေးခဲ့သည်။ အများဆုံးလုပ်မှ သူမကို ခန်းဝင်ပစ္စည်း လျှော့ပေးခြင်းမျိုးသာဖြစ်လိမ့်မည်။
ဒါပေမဲ့ သူဘယ်တုန်းကမှ မတွေးခဲ့မိဘူး. . .
ကျန်းကျန့်က အလျင်လိုနေပေမဲ့ ကျောက်ကျင်းကောက ပို၍ပင် စိုးရိမ်နေသည်ကို တွေ့လိုက်ရသောအခါ သူကပြောလိုက်သည်။
"ကျင်းကော ဖြည်းဖြည်းသွား ...သတိထား"
ကျောက်ကျင်းကောက အရှိန်မလျှော့လေရာ ကျန်းကျန့်ကသာ သူပြေးနေသည်ကို ကြည့်ရင်း ကတုန်ကယင်ဖြစ်ပြီး သူ့ကို ဂရုတစိုက် ကာကွယ်ရုံသာနိုင်ခဲ့သည်။
၎င်းကိုမြင်သောအခါ ကျောက်ဖူကွေ့ သူ့သားကကြီးကျယ်လွန်းသည်ဟု ပိုပိုပြီး ခံစားလာရသည်။
ဤအတောအတွင်း ကျောက်မိသားစုဘက်တွင်မူ အခြေအနေများ ဖရိုဖရဲဖြစ်နေပြီဖြစ်သည်။
အဘွားကြီးကျန်းက ကျန်းချောင်ဝမ် ၊ သားသတ်သမားကျန်း နှင့် ကျန်းမိသားစုမှ လူအချို့ကို စွန်းရှောင်ရှန်း နှင့် ကျောက်လျူ တို့ကို ဝိုင်းရန် ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် သူမက ကျောက်လျူကို ပြင်းပြင်းထန်ထန် ကြည့်လိုက်သည်။
ကျန်းမိသားစု၏ ဤကိစ္စသည် လွန်ခဲ့သော တစ်လခန့်က စတင်ခဲ့သည်။
လွန်ခဲ့သည့်တစ်လက ကျန်းချောင်ဝမ် အိမ်သို့ ရုတ်တရက်ရောက်လာပြီး သူလုပ်နိုင်သော လုပ်ငန်းကြီးတစ်ခုရှိသည်ဟုပြောပြီး ပိုက်ဆံတောင်းခဲ့သည်။ ထိုအချိန်တွင် အဘွားကြီးကျန်းက သူ၏ လုပ်ငန်းမိတ်ဆက်မှုကို ဂရုတစိုက် နားထောင်ခဲ့သော်လည်း သားသတ်သမားကျန်းက ၎င်းကို မယုံဘဲ ပိုက်ဆံပေးရန် ဆန္ဒမရှိခဲ့ပေ။ ၎င်းနောက် ကျန်းချောင်ဝမ်က နေ့တိုင်းလိုလို ပိုက်ဆံတောင်းလေသည်။သို့ပေမဲ့ သူက ငိုပြီးရင်း ငိုပြီး ကိုယ့်ကိုယ်ကို ကြိုးဆွဲချရန် ကြိုးစားသည့်တိုင် သားသတ်သမားကျန်းက ပိုက်ဆံမရှိသလို သူ့ကို ပေးချင်စိတ်လည်း မရှိသေးပါချေ။
အမှန်တွင် တစ်နေ့တာ၏အဆုံးတွင် သားသတ်သမားကျန်း ကျန်းချောင်ဝမ်၏ဇွဲလုံ့လကြောင့် အနည်းငယ် စိတ်လှုပ်ရှားနေသေးသည်။ လုပ်ငန်းကောင်းတစ်ခုဖြစ်မည်ဟု သူထင်ခဲ့သည်။ ပိုက်ဆံမပေးဘူးဟု အခိုင်အမာပြောရသည့် အဓိကအကြောင်းအရင်းက သူ့မှာ မရှိ၍ပါပင်။ သူ့အရွယ် တစ်စုံတစ်ယောက်အတွက် ဤ "လုပ်ငန်းအကြီးကြီး" တွင် ပါဝင်ရန် ပစ္စည်းများ ရောင်း၍မဖြစ်ပါချေ။
ကျန်းချောင်ဝမ် ရက်အတော်ကြာ ပြဿနာရှာခဲ့သော်လည်း နောက်ဆုံးတွင် ရပ်တန့်သွားသည်။သားသတ်သမားကျန်းက သူ ဤ "လုပ်ငန်းအကြီးကြီး" ကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း နိမိတ်လက္ခဏာအဖြစ် မှတ်ယူကာ အခြားစီးပွားရေးအသေးစားအချို့ကို လုပ်ဆောင်ရန် အကြံပေးခဲ့သည်. . .စျေးတွင် အစားအသောက် သို့မဟုတ် တစ်ခုခုရောင်းချခြင်းပြုလုပ်ရန်ပင်။
မရောင်းနိုင်လျှင်ပင် ဘန်းမုန့်ပေါင်းလုပ်၍ငွေရှာလျင် ပိုက်ဆံအများကြီးမဆုံးရှုံးပေ။ သို့သော် ကျန်းချောင်ဝမ်က ဤလုပ်ငန်းမျိုးကို အထင်အမြင်သေးသည်။
ဤကဲ့သို့ပင် ကျန်းချောင်ဝမ်က အရင်ကလို တစ်နေ့ကုန် အိမ်မှာ ပျင်းရိနေခဲ့သည်။
သားသတ်သမားကျန်းက ၎င်းကို အလေးအနက်မထားပေ။သို့ပေမဲ့ ကျန်းချောင်ဝမ်က ပို ပိုစိုးရိမ်လာသည့်။ လွန်ခဲ့သည့် ငါးရက်က မြို့ကနေ အိမ်ပြန်ရောက်ပြီး ကြေကွဲပြီး ငိုရသည်။
သားသတ်သမားကျန်းက ပိုက်ဆံပေးရန် ငြင်းဆန်ပြီး ကျန်းချောင်ဝမ်က ဤလုပ်ငန်းကို စွန့်လွှတ်ရန် တွန့်ဆုတ်နေသောကြောင့် ကျန်းချောင်ဝမ်တစ်ယောက် ထိုလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံရန် ပိုက်ဆံချေးခြင်းနှင့် အမှန်တကယ် အဆုံးသတ်သွားခဲ့ခြင်း ဖြစ်လေသည်။
သူ့လက်ထဲမှာရှိသည့် ငွေ၃၀ကို ငွေ ၁၅၀ ဖြစ်အောင် ငွေ ၁၂၀ ချေးခဲ့သည်။ ထို့နောက် ပြင်ပမှ အဖိုးတန် ဆေးဖက်ဝင်ပစ္စည်းများ ဝယ်ရန် ဆယ်ရက်ကြာ ခရီးထွက်ခဲ့ကြသော သူများသည် ခြေရာလက်ရာ မရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ရက်အနည်းငယ်ကြာအောင် စောင့်ပြီးနောက် ကျန်းချောင်ဝမ် နောက်ဆုံးတွင် ထိုင်မနေနိုင်တော့ပေ။ သူ ထိုလူများ၏ နေအိမ်များသို့ သွားခဲ့ရာ အဆောက်အအုံများ လွတ်နေပြီဖြစ်ကြောင်းကိုသာ တွေရှိခဲ့သည်။
နောက်ဆုံး၌ ထိုသူတို့က စီရင်စုမြို့လေးမှာ ဤအိမ်ကြီးကြီးကို ငှားယမ်းခဲ့ခြင်းဖြစ်၏။ သူတို့သူ့ကိုခေါ်သွားသည့် ဆေးဆိုင်ကလည်း သူတို့ နှစ်ယောက်ကို လုံးလုံး မသိဘူးဟု ပြောကြသည်။
ကျန်းချောင်ဝမ် ယူကြုံးမရဖြစ်သွားသည်၊ ငွေ ၁၅၀ ဖြင့် လှည့်စားခံခဲ့ရသည်။ထိုမာဏထဲက ငွေ ၁၂၀ ကို သူ ငွေတိုးချေးးသူတွေဆီက ချေးယူခဲ့ရသည်။
အဓိက ငွေတိုးချေးသူ လျူဟိုင်ထုန်ကို ကျန်းကျန့်၏ လက်အောက်ခံအဖြစ် လက်ခံထားကြ သော်လည်း ဟယ်ချောင်စီရင်စုတွင် လျူဟိုင်ထုန်တစ်ဦးတည်းကထိုအလုပ်လုပ်သည်မဟုတ်ပေ။ တခြားသူတွေက လျူဟိုင်ထုန်ထက် ပိုသနားညှာတာမှုရှိကြသည် မဟုတ်ပါချေ။
ကျန်းချောင်ဝမ်က ၎င်းကို တစ်လချေး
ပြီးနောက် ငွေ ၁၃၀ ပြန်ပေးရန် သဘောတူခဲ့သည်။ ယခုမူ ငွေ ၁၃၀ကို ဘယ်ကနေ သွားယူရမည်နည်း။ ပြန်မဆပ်နိုင်ပါက အတိုးနှင့် အကြွေးတွေ တိုးလာမည်။ အနာဂတ်မှာ သူ့လက်တွေ ခြေတွေပင် အဖြတ်ခံရနိုင်သည်။
ကျန်းချောင်ဝမ် စိတ်ပူလာသည်နှင့် အိမ်ပြန်သွားပြီး ငိုတော့၏။
သားသတ်သမားကျန်ူ နှင့် အဘွားကြီးကျန်းတို့သည် အလွန်ဒေါသထွက်ခဲ့ကြပြီး ငွေလိမ်လည်သူများကို ကျိန်ဆဲခဲ့ကြကာ သားသတ်သမားကျန်းက ကျန်းချောင်ဝမ်ကို ရိုက်နှက်ခဲ့သည်။သို့ပေမဲ့လည်း ပြီးသွားသည့်အခါ ပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှာနေရဆဲပင်။
ကျန်းချောင်ဝမ်ကို မည်မျှပင်အပြစ်တင်နေစေကာမူ သူသည် သူတို့၏သားဖြစ်နေဆဲပင်။ကျန်းချောင်ဝမ်ကို ကယ်တင်ရန် သေချာပေါက် လိုအပ်သည်. . . မှန်ပေသည်၊ ထိုအချိန်မှာ သူ့ကို ကယ်တင်ရန် သူတို့မှာ နည်းလမ်းမရှိပေ။ကျန်းချောင်ဝမ်ကို ပိုက်ဆံချေးတဲ့သူတွေက ပိုက်ဆံမရရင် သူတို့ဆီလာမှာသေချာတယ်...သူတို့...မြေရောင်းရတော့မှာလား...
သူတို့မြေကို အရင်တစ်ခေါက်က ရောင်းခဲ့ပြီးပြီ... ပြီးတာနဲ့ ချက်ချင်းပြန်ရောင်းဖို့ လိုနေတယ် ...မကြာခင် ဟယ့်ရှီမှာ လူချမ်းသာတွေထဲကတစ်ဦးဖြစ်တဲ့ သူတို့ဟာ ဆင်းရဲသားတွေ ဖြစ်လာတော့မှာလား...
သားသတ်သမားကျန်း နှင့် အဘွားကြီးကျန်းတို့ နှစ်ဦးစလုံးသည် ၎င်းတို့၏မြေများကို ရောင်းချရန် တွန့်ဆုတ်နေခဲ့ကြပြီး အနည်းဆုံး ၎င်းတို့သည် ယင်းကို လျှော့ရောင်းရန် နည်းလမ်းရှာခဲ့ကြရသည်။ သူတို့ စဉ်းစားပြီး နောက်ဆုံးမှာ တစ်ချက်ပေါ်လာသည်။
ကျန်းရှောင်မိန်ကို တခြားသူတွေ ပြောနေတာ မဟုတ်ဘူးလား...
ကျန်းရှောင်မိန်က အသက်ဆယ့်ခြောက်နှစ်ဖြစ်သည်။ တစ်ယောက်ယောက်က သူမကို လာကမ်းလှမ်းခဲ့သော်လည်း အခုထိ မဆုံးဖြတ်ရသေးပါချေ. . . အခု သူတို့သာ သူမကို ကောင်းမွန်သောမိသားစုတစ်ခုထဲလက်ထပ်ဝင်ခိုင်းလိုက်လျှင်. . . သူတို့ တင်တောင်းကြေး ငွေလေးဆယ်၊ ငါးဆယ် ဒါမှမဟုတ် ဒီထက်မက ကျနိုင်လိမ့်မည်မဟုတ်ပါလော။ဤနည်းဖြင့် မြေယာကို လျှော့ရောင်းနိုင်မည်ဖြစ်သည်။
သားသတ်သမားကျန်း နှင့် ဆွေးနွေးပြီးနောက် အဘွားကြီးကျန်း ဖြစ်နိုင်သည်ဟု ထင်ခဲ့သော်လည်း. . . သင့်တင့်လျောက်ပတ်သောမျက်နှာနှင့် မိသားစုနောက်ခံကောင်းရှိပြီး ခန်းဝင်စာငွေ ၄၀ မှ ၅၀ အထိ တတ်နိုင်သူများတွင် မည်သူက ကျန်းရှောင်မိန်နှင့် လက်ထပ်ရန် ဆန္ဒရှိမည် နည်း။ ထိုတင်တောင်းကြေးသည် စာပေပညာရှင်၏သမီးတစ်ဦးအတွက်ဖြစ်သည်။
ထို့အပြင် ထိုသို့သော မိသားစုများတွင်လည်း လက်ထပ်ရန်ကမ်းလှမ်းလိုသူ အများအပြားရှိသည်။ ဤအမျိုးသမီး သို့မဟုတ်ကော ကို ၎င်းတို့၏မိသားစုများက ချစ်ခင်ကြသောကြောင့် ၎င်းတို့သည် တင်တောင်ကြေးကိုမယူထားပဲ ခန်းဝင်ကြေးအဖြစ် လက်ထပ်ပြီးသည့်အခါ သတို့သမီးနှင့် ပြန်ထည့်ပေးလိုက်ကြသည်။
အများအားဖြင့် သာမန်လူများအတွက်၊ အိမ်ထောင်လက်ဆောင်အချို့နှင့် ငွေနှစ်ဆယ်ရသော သတို့သမီးသည် ဈေးကောင်းဖြစ်နေပြီဖြစ်သည်။ သတို့သမီး၏ မိသားစုက ခန်းဝင်ပစ္စည်း ပိုပေးလျှင် သို့မဟုတ် သူတို့က သူ့ကို အလွန်သဘောကျကာမှ ပိုပေးချင်ကြမှာဖြစ်သည်။ ငွေလေးဆယ်ငါးဆယ်သည် သာမန်လူများ ပေးလိုသော အရာမဟုတ်ပေ။
ဤတင်တောင်းကြေးကို အမှန်တကယ်ရယူလိုသော သတို့သမီး၏မိဘများသည် ၎င်းတို့၏သမီးကိုလက်ထပ်ပေးခြင်းမဟုတ်ဘဲ သူမကိုရောင်းစားခြင်းသာဖြစ်သည်။အစပိုင်းတွင် ကျောက်လျူ၏မိဘများက သူမအား ငွေ ၄၀ ဖြင့် သူမ၏အဖေအရွယ် အမျိုးသားတစ်ဦးထံ ရောင်းချရန် စီစဉ်ခဲ့သည်။
ထို့ကြောင့် ကျန်းရှောင်မိန်သည် ကောင်းမွန်သောမိသားစုတွင် လက်ထပ်ရန် မဖြစ်နိုင်ပေ။အထူးသဖြင့်. . . ကျန်းလင်မယားက ငွေလိုနေသေးသည်။သို့ပေမဲ့ တစ်ခါတလေမှာ တိုက်ဆိုင်မှုဟုပင် ပြော၍ရ၏။
စီရင်စုမြို့မှာ အရင်က ချွေးမတစ်ယောက်နှင့် အိမ်ထောင်ချပေးခဲ့သည့် မိသားစုတစ်ခုရှိပေမဲ့ သားသမီးမမွေးနိုင်သောကြောင့် သားဖြစ်သူအတွက် ကိုယ်လုပ်တော်ယူချင်သောကြောင့် ငွေငါးဆယ် ပေးဆောင်ရန် ဆန္ဒရှိကြသည်
ဤမိသားစုက တကယ်မချမ်းသာကြဘဲ အရင် ကျန်းမိသားစုထက်ပင် ပိုဆိုးသည်။ မိသားစုတွင် သားတစ်ယောက်သာရှိသောကြောင့် ကိုယ်လုပ်တော်အလိုရှိကြပြီး အခြားအမျိုးသမီးတစ်ယောက်ကို အလုပ်တွင်လည်းကူညီပေးစေလိုကြသည်။ ထို့ကြောင့် သူတို့လိုချင်သည့်အမျိုးသမီးက ကလေးမွေးနိုင်ပြီး အလုပ်လုပ်နိုင်ရမည်။
ဤမိသားစု၏ နာမည်သတင်းက မကောင်းပေ။ချွေးမဖြစ်သူသည် ယခင်က သားဖြစ်သူ၏ကိုယ်ဝန်ရှိခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူက ရိုက်နှက်မှုကြောင့် ကလေးဆုံးရှုံးခဲ့ပြီး ကိုယ်ဝန်မရနိုင်တော့ဟုဆိုကြသည်. . . ယခုလိုမျိုး မိသားစုက မယားငယ်လိုချင်တုန်းပင်။
မှန်ပေသည်၊ လူအများစုက သူတို့၏သမီးကို လက်ထပ်ပေးရန် တွန့်ဆုတ်နေကြသောကြောင့် ငွေ ၅၀ဖြင့်သာ ဝယ်ကြရသည်။
သားသတ်သမားကျန်း နှင့် အဘွားကြီးကျန်းတို့သည် ဤအကြောင်းအရာများကို မသိခဲ့ကြသည်မဟုတ်သော်လည်း သဘောတူဆဲဖြစ်သည်။ကျန်းရှောင်မိန်က ငြင်းဆိုသော်လည်း ၎င်းတို့က သူမအား ထိုကဲ့သို့ ပြောပြခဲ့သည်။
"အဲဒီလူက သူ့မိန်းမကို ရိုက်တယ်၊ ဒါပေမဲ့ နင့်ကို သေချာပေါက် ရိုက်မှာမဟုတ်ဘူး"
"နင်က ကိုယ်လုပ်တော်ဖြစ်ပေမဲ့ ကလေးမွေးမဲ့သူဖြစ်နေတုန်းပဲ...ကလေးမွေးတဲ့အခါ အဲဒီမိသားစုက အရာအားလုံးက နင့်အတွက်ဖြစ်လာလိမ့်မယ်... မကောင်းဘူးလား"
"သမီး...နင် တခြားဘယ်သူနဲ့ လက်ထပ်ချင်လို့လဲ... ဒီလိုမျိုး မိသားစုနဲ့ လက်ထပ်နိုင်ရင် နင်ပျော်ရမှာပါ"
. . .
ကျန်းမိသားစုက ယခုလိုပြောပေမဲ့ အမှန်တရားက မဟုတ်ပါချေ. . . ကျန်းရှောင်မိန် ပေါ့ပေါ့ပါးပါး စုံစမ်းမေးမြန်းပြီး နောက်ထပ်အချက်အလက်များကို ကြားလိုက်ရသည်။
ဥပမာအားဖြင့်၊ဒီမိသားစုက စီရင်စုမြို့မှာနေပြီး ပဲငံပြာရည်ရောင်းတဲ့ဆိုင်သေးသေးလေးဖွင့်ထားပေမဲ့ ပိုက်ဆံမရှာဘူး... မိသားစုထဲက အမျိုးသမီးတွေက မနက်အစောကြီးထပြီး နေ့လယ်ပိုင်းအထိ အထည်တွေကိုယက်ပြီး ပိုက်ဆံနဲ့ရောင်းရတယ်...
ဥပမာ၊ အဲဒီမိသားစုရဲ့သားက သူ့မိန်းမကို ပြင်းပြင်းထန်ထန်ရိုက်တယ်၊ သူ့ကိုသတ်လုနီးပါးပဲ...
ကျန်းရှောင်မိန် သူ့ကို လက်ထပ်လိုက်သည့်အခါ သူမ ကိုယ်လုပ်တော်ဖြစ်ရုံသာမက အလုပ်ဆက်လုပ်ရန်လည်း လိုအပ်ပါလိမ့်မည်. . . ၎င်းကို တွေးကြည့်ရုံနှင့် ကျန်းရှောင်မိန် မပျော်တော့ပေ။ထိုနောက်မှာ ထိုမိသားစုဟာ ကျန်းရှောင်မိန်ကိုတွေ့ရန် အိမ်တံခါးကို လာခဲ့ကြပါသည်။ သူမကိုတွေ့ပြီးနောက် တစ်ဖက်မှငွေပေးချေရန် သဘောတူခဲ့ကြသည်။သို့ပေမဲ့ တစ်ဖက်မှာ သူမက ကိုယ်လုပ်တော်ဖြစ်သဖြင့် လက်ထပ်ပွဲပြုလုပ်ရန်မလိုအပ်ပါချေ။
သားသတ်သမားကျန်းနှင့် အဘွားကြီးကျန်းတို့က ထိုသူတို့နှင့်သဘောတူညီမှု ရခဲ့ပေမဲ့ ရလဒ်ကမူ ထွက်လာသည့် အတိုင်းပါပင်. . . ထိုနေ့တွင် သူတို့သည် ကျန်းရှောင်မိန်ကိုပင် ရှာမတွေ့ခဲ့ပေ။
နောက်ဆုံးတွင် သူတို့သည် ကျောက်မိသားစုကို သွားရှာခဲ့ကြသည်။
"ကျောက်လျူ... မြန်မြန် ကျန်းရှောင်မိန်ကိုလွှဲပေး...နင် သူ့ကိုလွှဲမပေးရင် ငါယဉ်ကျေးနေမှာမဟုတ်ဘူးနော်"
အဘွားကြီးကျန်းက ပြောလိုက်သည်။
ကျောက်လျူ အနည်းငယ် ထိတ်လန့်သွားသည်။ "ကျန်းရှောင်မိန် ဘယ်မှာလဲ ငါတကယ်မသိဘူး"
"နင်ဘယ်လိုလုပ်မသိဘဲနေမှာလဲ... တစ်ယောက်ယောက်က သူနင့်ဆီ လာနေတာကို မြင်လိုက်ရတယ်"
အဘွားကြီးကျန်းက ကျောက်လျူကို ဒေါသတကြီး ကြည့်နေသည်။
"ငါ တကယ်မသိဘူး...ဘာပဲဖြစ်ဖြစ် နင့်သမီးကို ငါဘာလို့ ဝှက်ထားရမှာလဲ"
ကျောက်လျူ မတရားခံရသည်ဟုပဲ ခံစားရသည်။ကျန်းမိသားစုက ကျန်းရှောင်မိန် အတွက် ထိုသို့သောအိမ်ထောင်ရေးမျိုးစီစဥ်ပေးခဲ့ကြောင်း ကြားပြီး သူမအနည်းငယ်သနားမိကာ တစ်စုံတစ်ယောက်အား စကားအနည်းငယ်ပင်ပြောခဲ့သော်လည်း ကျန်းရှောင်မိန်ကို ဝှက်ထားခြင်းမရှိသည်မှာ သေချာသည်။
ကျန်းကျန့်နှင့် ဝေးနေချိန်မှာ ဘယ်သူ့ကိုမှ သူမ မစော်ကားဝံ့ပေ။
"ငါတို့က ကျန်းရှောင်မိန်အပေါ် မကောင်းဘူးလို့ အရင်က နင်ပြောဖူးတယ်မဟုတ်လူးလား...နင်မဟုတ်ရင် ဘယ်သူလဲ"
အဘွားကြီးကျန်းက ကျောက်လျူကို အချိန်အတော်ကြာကတည်းက မုန်းတီးနေပြီဖြစ်သောကြောင့် ပါးရိုက်လိုက်သည်။
"နင်က လူကောင်းမဟုတ်ဘူး ...ငါ့သားကို ပြန်ပေးဆွဲပြီး အခု ငါ့သမီးကို ခေါ်ထုတ်ဖို့ ကြိုးစားတယ်...နင် ငါ့ဘဝ ကောင်းစားမှာကို မမြင်နိုင်ဘူး မဟုတ်လား"
"ကျန်းမိသားစု...မင်းတို့ လူတစ်ယောက်ကို ဘယ်လိုလုပ် ရိုက်နိုင်ရတာလဲ"
ရွာသူကြီးကျန်းဖျင် ပြေးဝင်လာပြီးနောက် ထိုမြင်ကွင်းကြောင့်လန့်သွားရသည်။