Chapter(28)
Viewers 10k

မြင်ကွင်းမှာတစ်အောင့်ကြာရှေ့တိုးနောက်မဆုတ်အခြေအနေမှာရှိနေပြီး ကျောက်ကျင်းစစ်၏မျက်လုံးများမှာအေးစက်လို့နေကာ သူကဧကရာဇ်ငယ်လေးကိုငုံ့ကြည့်လိုက်ချိန်တွင် သူဟာရိုသေလေးစားမှုစိုးစဥ်းမှမပြပေ။


လင်ခုံးလုကအားနည်းချက်မဖော်ပြဘဲ ခေါင်းအသာမော့ကာ သူ့ကိုကြည့်လိုက်သည်။


သို့သော် သူကငယ်ရွယ်သောဆယ်ကျော်သက်လူငယ်လေးဖြစ်နေဆဲမို့ သူ့အရပ်မှာအပြည့်အဝမထွက်လာသေးဘဲ သူကအရှိန်အဝါမှာခေါင်းတစ်လုံးပိုပုလျက်။


ထို့အပြင် သူကနန်းတော်ထဲတွင်ကောင်းမွန်စွာပြုစုပျိုးထောင်ခံခဲ့ရသည်။ သူ၏မျက်နှာသွင်ပြင်လက္ခဏာများမှာထူးကဲလို့နေပြီး သူ့မျက်ခုံးများမှာလှပနေကာ သူ၏အသားအရည်မှာသာမန်လူငယ်တို့ထက်ပိုမိုမျှတကာကြည်လင်ပေသည်။ သူဟာသူ၏ပုံရိပ်ကိုထိန်းသိမ်းဖို့အကောင်းဆုံးကြိုးစားနေသော်လည်း သူ၏ရှက်ရွံ့မှုကိုဖုံးကွယ်ထားလို့မရပေ။


ဘုရင်ခံမင်းသားနှင့်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲကား ကျားရှေ့မှာရေစိုနေသောကြောင်လေးတစ်ကောင်ပမာ။


စစ်သူကြီးဝေ့ကျီကဧကရာဇ်ငယ်လေးကိုတစ်ချက်၊ ဘုရင်ခံမင်းသားကိုတစ်ချက်ခိုးကြည့်လိုက်ပြီး သူတို့နှစ်ဦးကြားကလေထုမှာအနည်းငယ်ထူးဆန်းသည်ဟုခံစားလိုက်ရသည်။


ကျောက်ကျင်းစစ်ကဧကရာဇ်ငယ်လေးကိုတစ်အောင့်ကြာတိတ်တဆိတ်စိုက်ကြည့်နေမိပြီးမှ ရုတ်တရက်​ခြေလှမ်းကျယ်ကြီးဖြင့်ရှေ့တိုးလာပုံမှာ တစ်စုံတစ်ယောက်ကိုရိုက်နှက်တော့မည့်အလား။


လင်ခုံးလုအလိုလိုကြောက်လန့်သွားရပေမဲ့ သူမတုံ့ပြန်ရသေးခင် တစ်ဖက်လူကသူ့ထံလျှောက်လာကာ သူ့ကိုသန်မာသောလက်မောင်းများဖြင့်ကာရံလျက် သူ့ကိုအလျားလိုက်ပွေ့ချီလိုက်သည်။


ကျောမပိုးဘူးလား။


လင်ခုံးလုကြောင်အမ်းသွားရသည်။


ကျောက်ကျင်းစစ်လှောင်ပြုံးပြုံးကာ သူ့နားထဲတွင်တီးတိုးပြောလိုက်သည်။

"အရှင်မင်းကြီးတကယ်လိုချင်တာဒါမဟုတ်ဘူးလား။"


ရတယ်လေ၊ ဧကရာဇ်ငယ်လေးကသူနဲ့အတူရှိချင်တာမဟုတ်ဘူးလား။ သူ့ကိုဖြည့်ဆည်းပေးလိုက်မယ်၊ ဒါပေမဲ့သူကဧကရာဇ်မဖြစ်သင့်ဘဲ ရုပ်သေးရုပ်ဖြစ်သင့်တာ။ ဘာပဲဖြစ်ဖြစ် သူကသူ့ရဲ့တိုင်းရေးပြည်ရေးကိစ္စတွေကိုလျစ်လျူရှုပြီးတော့ စိတ်ထဲမှာအချစ်တစ်ခုပဲရှိတာမလား။


ဘုရင်အသစ်ကျင့်ကြံနေတုန်း ဒီအရူးလေးကရယ်ချင်စရာကိစ္စတချို့လုပ်လာလို့ရှိရင် သူကမျှမျှတတနန်းချပစ်လိုက်လို့ရတယ်။


ထိုအကြောင်းတွေးလိုက်ပြီးနောက် သူကဧကရာဇ်ငယ်လေးကိုအကြည့်ရပ်ကာ စစ်မြင်းထံ​ခြေလှမ်းကျယ်ကြီးများဖြင့်လျှောက်သွားလိုက်သည်။


ဒါကိုမြင်လိုက်ရသော် ပတ်ဝန်းကျင်ရှိတပ်သားများမှာခေါင်းအကုန်ငုံ့လိုက်ကြပြီး သူတို့ကိုမကြည့်ဝံ့ပေ။


ဝေ့ကျီ၏မျက်နှာထားမှာစကားပြောဖို့တုံ့ဆိုင်းနေလျက်၊ သူ့လှုပ်ရှားမှုကအလွန်မသင့်တော်ဟုခံစားမိပေမဲ့ ဧကရာဇ်ငယ်လေးကိုယ်တိုင်ကဘာမှမပြောမှတော့ သူသာဝင်ပြောလိုက်လို့ရှိရင် သူက.....


သူချိတုံချတုံဖြစ်နေချိန်တွင် ကျောက်ကျင်းစစ်ကဧကရာဇ်ငယ်လေးကိုမြင်းရှေ့သယ်သွားပြီဖြစ်ကာ ဧကရာဇ်ငယ်လေး၏ခါးကိုလက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ထားကာ အခြားတစ်ဖက်ကကမြင်းဇက်ကြိုးကိုဆုပ်ကိုင်ထားမည့်အစား သူကဧကရာဇ်ငယ်လေးကိုမြင်းပေါ်မှောက်လျက်ပစ်တင်လိုက်သည်။


လင်ခုံးလုမှာတစ်ချိန်လုံးမိန်းမောနေပြီး သူတုံ့ပြန်လိုက်ချိန်တွင် ကျောက်ကျင်းစစ်ကကြာပွတ်ကိုလွှဲရမ်းကာ မြင်းကိုအရိုင်းဆန်စွာစီးနင်းသွားတော့သည်။


လင်ခုံးလု၏ခန္ဓာကိုယ်မှာမြင်းခုန်ပေါက်မှုကြောင့်တိမ်းစောင်းသွားကာ မြင်းပေါ်ကပြုတ်ကျသွားတော့မည်ပင်။ ခါးသက်ဖွယ်အေးစက်စက်လေပြင်းကရုတ်တရက်သူ့လည်ချောင်းထဲတိုးဝင်လာကာ သူ့ကိုချောင်းဆိုးသွားစေသည်။


ကျောက်ကျင်းစစ်ကသူ့ကိုလက်တစ်ဖက်ဖြင့်ကိုင်ထားခဲ့တာမို့ သူ့ကိုပြုတ်ကျသွားစေလိမ့်မည်မဟုတ်ပေမဲ့ စစ်သူကြီးဝေ့ကျီမှာဒီမြင်ကွင်းကိုမြင်လိုက်ရချိန် သူစိုးရိမ်သွားကာ နောက်ကအမြန်လိုက်သွားမိသည်။


လင်ခုံးလုမှာမှောက်လျက်ဖြစ်နေပြီး ကျောက်ကျင်းစစ်ကသူ့ခါးနားရှိဝတ်ရုံစကိုဆုပ်ကိုင်ထားတာမို့ သူမပြုတ်ကျသွားနိုင်သော်လည်း သူကတစ်ဖက်လူရှေ့မှာထိုင်နေတာမို့ လေအေးကသူ့မျက်နှာကိုဓားပမာဖြတ်တိုက်သွားကာ သူမျက်လုံးဖွင့်မရပေ။ သူ့ရင်ဘတ်မှာလည်းလေအေးဝင်တာများပြီးထုံကျင်လို့နေသည်။


ဒီခံစားချက်ကတကယ်အဆင်မပြေပေ၊ သူကသူ့ကိုအပြစ်တင်မည့်လူတစ်ယောက်မဟုတ်တာမို့ သူရိုးရှင်းစွာမျက်စိမှိတ်ကာ အနောက်လှည့်ပြီးသူ့ကိုတင်းကြပ်စွာဖက်တွယ်လိုက်သည်။


ဤသို့ဖြင့် မြင်းသိပ်မခုန်သည့်အပြင် မျက်နှာပေါ်လေဖြတ်တိုက်သွားလိမ့်မည်မဟုတ်။ သို့ပေမဲ့ သူအနောက်လှည့်လိုက်ချိန်တွင် သူ့နှုတ်ခမ်းတစ်စုံကအေးစက်ကာနူးညံ့သောတစ်စုံတစ်ရာကိုပွတ်တိုက်သွားပုံပင်။


သူဖက်ထားသည့်ခန္ဓာကိုယ်တစ်အောင့်မျှတောင့်ခဲသွားသည်ဟု လင်ခုံးလုခံစားလိုက်ရသည်။ သူမျက်လုံးဖွင့်ကြည့်လိုက်ရာ ကျောက်ကျင်းစစ်ကလည်းသူ့ကိုငုံ့ကြည့်လျက် သိသိသာသာကိုစိတ်မသာမယာဖြစ်နေပြီး ခပ်နိမ့်နိမ့်အသံဖြင့်ပြောလာသည်။

"ငြိမ်ငြိမ်နေ။"


လင်ခုံးလု: "....." အဲ့လောက်ရွံစရာကောင်းလား။


သူခုနကမတော်တဆနမ်းမိသွားတုန်းက သူ့စိတ်ဝိညာဥ်အနက်ရှိုင်းဆုံးထံမှလာသောရင်းနှီးမှုကိုပြန်တွေးကြည့်ကာ မနေနိုင်ဘဲမျက်လုံးမှေးစင်းလိုက်မိပြီး ရိုးရှင်းစွာခေါင်းထပ်လှည့်ကာ မတော်တဆထပ်ထိမိသွားချင်ယောင်ဆောင်လိုက်သည်။


ကျောက်ကျင်းစစ်မှာဒီတစ်ခေါက်စိတ်တိုပြီး သူ့ကိုပစ်ချမိလုနီးပါးဖြစ်သွားရသည်။


အေးစက်သောမျက်နှာနှင့်အတူ သူကရုတ်တရက်မြင်းဇက်ကြိုးကိုဆွဲကာ ဧကရာဇ်ငယ်လေး၏ဝတ်ရုံကော်လာကိုဆွဲကိုင်ပြီး သူ့ကိုအောက်ပစ်ချဖို့ပြင်လိုက်သည်။


လင်ခုံးလုချက်ချင်းခေါင်းမော့ကာ သူ့ကိုစူးစိုက်ကြည့်လိုက်သည်။

"အတင့်ရဲလှချည်လား။"


ကျောက်ကျင်းစစ်တန့်သွားရပြီးမှ လှောင်ပြုံးပြုံးလိုက်မိသည်။


သူဘာလို့ကြောက်ရမှာလဲ။ သူဒီအရူးလေးကိုအခုချက်ချင်းသတ်ပစ်ရဲတယ်!


ဒီအားနည်းသောခန္ဓာကိုယ်လေးနဲ့ဆိုရင် မြင်းပေါ်ကတကယ်ပစ်ချလိုက်တာနဲ့ အနောက်ကလိုက်လာတဲ့မြင်းတွေတက်နင်းတာခံရပြီးသေသွားလောက်တယ်။


ဒါပေမဲ့ တကယ်သတ်ပစ်လိုက်လို့ရှိရင် တိုင်းပြည်ကဖရိုဖရဲဖြစ်သွားပြီး စစ်ပွဲပြန်ဖြစ်လာလိမ့်မည်ဖြစ်ရာ ပြဿနာပေါင်းများစွာရှိလာလိမ့်မည်ပင်။


သူ့လက်ထဲမှာအခု​သေသွားလို့ရှိရင်ဖြစ်လာမည့်ပြဿနာကိုတွေးမိရင်း ၎င်းကမတန်ဟုကျောက်​ကျင်းစစ်ခံစားလိုက်ရတာမို့ သူ့ကိုအေးစက်စက်မျက်နှာဖြင့်ပြန်ချပေးကာ အေးစက်သောအသံဖြင့်ပြောလိုက်သည်။

"ထိုင်နေ။"


လင်ခုံးလု: ထိုင်ဆိုတော့လည်း ထိုင်လိုက်တာပေါ့။


သူကတစ်ဖက်လူ၏လက်မောင်းများကြားထဲတိုက်ရိုက်မှီချလိုက်ပြီး အေးနေသေးသည်ဟုခံစားလိုက်ရသဖြင့် တစ်ဖက်လူ၏ဝတ်ရုံကိုရက်စက်စွာချွတ်ပြီး ချည်ပိုးကောင်လေးပမာ သူ့ကိုယ်ပေါ်ခြုံကာ မျက်လုံးနှစ်လုံးသာဖော်ထားလိုက်သည်။


သူ့ကိုကျောက်ကျင်းစစ်ငုံ့ကြည့်နေသည်ကိုမြင်လိုက်ရသော် သူချက်ချင်းပြုံးပြလိုက်သည်။


ကျောက်ကျင်းစစ်: "....."


ကျောက်ကျင်းစစ်မျက်နှာမှာတင်းမာသွားရသည်၊ ထင်ထားတဲ့အတိုင်း အရင်ဘဝတုန်းကလိုမျိုး ဒီဧကရာဇ်ငယ်လေးကသူ့ကိုမြူဆွယ်ဖို့အမြဲကြိုးစားနေတာပဲ။


သူဘာစဥ်းစားနေမှန်းလင်ခုံးလုမသိပေရာ မျက်လုံးမှေးစင်းပြီးစနစ်ကိုမေးလိုက်သည်။

"မင်းအချစ်ကူအဆိပ်ရဲ့လွှမ်းမိုးမှုကိုတကယ်ပိတ်ဆို့ထားပါတယ်နော်?"


သူခုနကနမ်းချင်ယောင်ဆောင်လိုက်တုန်းက သူတမင်သက်သက်ခဏကြာအောင်နေကာ ထိုရင်းနှီးသောခံစားချက်ကိုသေချာဂရုတစိုက်ခံစားကြည့်လိုက်သည်။ အချစ်ကူအဆိပ်ကြောင့်မဟုတ်ဘူးဆိုရင် လုစစ်ချန်ထားခဲ့သည့်စွမ်းအားဖြစ်ရမည်။


"တကယ်ပိတ်ထားပါတယ်ဆို။"

0687ကူကယ်ရာမဲ့စွာပြောမိသည်။


"အမ်း။"

ဒါကိုကြားသော်လင်ခုံးလုမရယ်မောမိဘဲမနေနိုင်ပေ။


ကမ္ဘာနှစ်ခုလုံးမှာတွေ့ရတာတကယ်အံ့သြစရာပဲ။


"အရင်ကမ္ဘာကတန်ဖိုးရလဒ်ထွက်လာပြီလား။"

သူမေးမိပြန်သည်။


"မင်းမေ့နေပြီထင်တာ။"

ဒါကိုပြောလိုက်ရာ 0687မှာသူ၏စိတ်လှုပ်ရှားမှုကိုမထိန်းနိုင်ဘဲ ပြောမိသည်။

"တန်ဖိုးရလဒ်ထွက်လာပြီ၊ ထူးကဲသာလွန်အဆင့်ပဲ။"


"ထူးကဲသာလွန်အဆင့်?"

လင်ခုံးလုအနည်းငယ်အံ့သြသွားမိသည်။ အရင်ကမ္ဘာကအဓိကလမ်းကြောင်းကအဲ့လိုပြိုလဲသွားပြီး သူကဇာတ်ညွှန်းအတိုင်းလိုက်မလုပ်ခဲ့တာကို ထူးကဲသာလွန်အဆင့်ရသေးတယ်လား။


"ဇာတ်ကြောင်းဇာတ်အိမ်ကပင်မလမ်းကြောင်းကသွေဖီသွားပေမဲ့ ပြန်ပြင်လိုက်တဲ့ဇာတ်အိမ်ကကမ္ဘာငယ်လေးကိုပိုပြီးတည်တည်ငြိမ်ငြိမ်လည်ပတ်စေခဲ့တာမို့ ကမ္ဘာငယ်လေးကပင်မကမ္ဘာကိုအရင်ကထက်စွမ်းအားအများကြီးပိုပြီးပြန်ထောက်ပံ့လာခဲ့တယ်။ အဲ့ကမ္ဘာမှာbugနဲ့ခက်ခဲတဲ့တာဝန်တွေပိုများတယ်လို့ယူဆလိုက်တော့ နောက်ဆုံးရလဒ်ကတော်တော်လေးအားရစရာပဲ၊ အထက်ကစည်းမျဥ်းတွေကိုပြန်ပြင်ပြီး ပင်မကမ္ဘာကိုပြန်ထောက်ပံ့လာတဲ့စွမ်းအင်ပမာဏကိုစမ်းစစ်ဖို့တစ်စိတ်တဝမ်းထဲဆုံးဖြတ်ကြတော့ မင်းကဒီကဏ္ဍမှာရလဒ်မြင့်မြင့်ရခဲ့တာမို့ မင်းကထူးကဲသာလွန်အဆင့်ရလာတာ။"

0687ပျော်ရွှင်စွာရှင်းပြလိုက်သည်။


"အော်?"

လင်ခုံးလုအတွေးများသွားသည်။


စိတ်ခံစားချက်လမ်းကြောင်းကကောင်းကောင်းပြောင်းလဲသွားတာနဲ့ပင်မဇာတ်ကြောင်းသွေဖီမှုကရလဒ်မြင့်မြင့်ရလာနိုင်တယ်လား။ အဲ့လိုဆိုမှတော့ သူဒီကမ္ဘာမှာဘာလုပ်ရမလဲသိသွားပြီ။


ဒီအကြောင်းတွေးမိရင်း သူခေါင်းလှည့်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာကြိုးတုပ်ခံထားရကာ သူ့ခေါင်းကိုဆုံးရှုံးရတော့မည့်ရှောင်ရှီဇီကိုမြင်လိုက်ရသည်။ ထိုအကြောင်းစဥ်းစားမိပြီး သူအလျင်စလိုအော်ပြောလိုက်သည်။

"ရပ်စမ်း!"


ဒီတော့မိန်းမစိုးငယ်လေးကသေဖို့အချိန်မကျသေးဘူးမလား။ သိပ်ကောင်းတယ်၊ သူ့ကိုထိန်းသိမ်းထားတာအသုံးဝင်လောက်တယ်။


ဒါပေမဲ့ ရှောင်ရှီဇီ၏ခေါင်းကို​ဖြတ်ဖို့ပြင်နေသူများမှာကျောက်ကျင်းစစ်၏ကိုယ်ပိုင်တပ်သားများဖြစ်ကြသည်။ ဧကရာဇ်ကပြောလိုက်ပေမဲ့လည်း သူတို့အကုန်လုံးကကျောက်ကျင်းစစ်ကိုကြည့်ကာ အမိန့်ကိုစောင့်နေကြသည်။


လင်ခုံးလုမျက်နှာထားပြောင်းလဲချင်ယောင်ဆောင်ကာ မသာမယာပြောလိုက်သည်။

"ဘာလဲ။ ငါကိုယ်တော်ပြောတဲ့စကားကအသုံးမဝင်ဘူးလား။"


ဒါပေမဲ့သူကသူ့ကိုယ်သူတင်းကြပ်စွာထုပ်ပိုးထားပြီး ကျောက်ကျင်းစစ်၏ရင်ခွင်ထဲမှာမိန်းမငယ်လေးပမာပုန်းလျက် မျက်ဝန်းတစ်စုံကိုသာဖော်ပြထားသဖြင့် သူ့မျက်နှာထားပြောင်းလဲသွားရင်တောင် ဘယ်သူမှမမြင်နိုင်ပေ။


စစ်သူကြီးဝေ့ကျီကဒီတစ်ခေါက်အလျင်စလိုရောက်လာကာ ဧကရာဇ်ငယ်လေးကိုခပ်သွက်သွက်ကူညီပေးကာ ထိုလူတို့ကိုဆူငေါက်လိုက်သည်။

"အရှင်မင်းကြီးပြောနေတယ်​လေ၊ မင်းတို့ဘာလို့သူ့ကိုမလွှတ်ပေးသေးတာလဲ။"


ထိုတပ်သားများမှာချက်ချင်းတုံ့ဆိုင်းသွားပြီး ကျောက်ကျင်းစစ်ကဒီအခိုက်အတန့်မှာစကား​ပြောလာကာ သူ၏လေသံမှာပျော်ရွှင်မှုနှင့်အမျက်ဒေါသတို့စိုးစဥ်းမျှမကြားရ။

"အရှင်မင်းကြီးကလွှတ်ပေးဆိုမှတော့ လွှတ်ပေးလိုက်ပေါ့။"


လင်ခုံးလုနှာမှုတ်ကာ သူ့ရင်ခွင်ထဲကျေနပ်စွာပြန်ခိုလှုံလိုက်ပေမဲ့ ထိုအကြောင်းတွေးကြည့်မိတော့ သူကကျောက်ကျင်းစစ်၏ဆုံးဖြတ်ချက်ကိုခွန်းတုံ့ပြန်မိသွားသည်ဟုခံစားလိုက်ရကာ တစ်ဖက်လူစိတ်မသာမယာဖြစ်သွားမှာစိုးသည်။


သူကအချစ်ကူအဆိပ်သက်ရောက်ခံချင်ယောင်ဆောင်ထားသဖြင့် သဘာဝအလျောက်သူ၏ချစ်ရသူကိုမပျော်မရွှင်ဖြစ်အောင်လုပ်ဖို့တွန့်ဆုတ်နေရမှာမို့ သူအလျင်စလိုထပ်ပေါင်းပြောလိုက်သည်။

"ဒါပေမဲ့ ခုနကကျောက်ချင်းပြောသွားတာလည်းမှန်တယ်၊ သူကသခင်ကိုကာကွယ်တဲ့နေရာမှာတကယ်မကောင်းဘူး၊ သူအပြစ်ပေးခံရသင့်တယ်၊ သူ့ကိုပြန်ခေါ်သွားပြီးအရင်ဆုံးအကျဥ်းချထားလိုက်။"


သူ့ကိုကျောက်ကျင်းစစ်၏နေရာမှာအကျဥ်းချထားတာကတစ်ဖက်လူအတွက်အချိန်မရွေးစစ်ဆေးမေးမြန်းပြီး အချစ်ကူအဆိပ်အကြောင်းရှာတွေ့သွားဖို့အဆင်ပြေဆုံးပင်။


ကျောက်ကျင်းစစ်ကဧကရာဇ်ငယ်လေး၏ဆံပင်ကိုငုံ့ကြည့်ကာ တိတ်တဆိတ်လှောင်ရယ်မိသည်။


အရင်ဘဝတုန်းက ဒီမိန်းမစိုးငယ်လေးကဧကရာဇ်ငယ်လေးကိုဘယ်လောက်ဆိုးတဲ့အကြံဉာဏ်တွေပေးခဲ့မှန်းသူမှတ်မိသည်။ ဧကရာဇ်ငယ်လေးဆောင်ကြာမြိုင်ကမိန်းမအဝတ်အစားဝတ်ခဲ့တာကမိန်းမစိုးငယ်လေး၏အကြံဖြစ်သည်။


အရင်ဘဝတုန်းကသူတစ်ဖက်လူကိုအကြိမ်ပေါင်းများစွာရှင်းပစ်ဖို့ကြံရွယ်ခဲ့ပေမဲ့ ဧကရာဇ်ငယ်လေးကသူ့ကိုအမြဲကာကွယ်ပေးခဲ့သည်။


နောက်ပိုင်းသူအကျဥ်းချခံထားရချိန် ဧကရာဇ်ငယ်လေးကပိုမိုလွန်ကျူးကာရက်စက်လာပြီး မိန်းမစိုးငယ်လေးကသစ္စာရှိအမတ်များစွာကိုသတ်ပစ်ခဲ့သည်။ ဒီလိုကောက်ကျစ်တဲ့လူယုတ်မာမျိုးကို ဓားနဲ့ခုတ်သတ်လိုက်ရင်တောင် သူ့အတွက်ညှာတာလွန်းရာကျသွားလိမ့်မည်ပင်။


ဒါပေမဲ့ ဧကရာဇ်ငယ်လေးကမသတ်ချင်မှတော့ သူ့ကိုထိန်းသိမ်းထားပြီး ဧကရာဇ်ငယ်လေးကိုထိုမကောင်းတဲ့အကြံတွေနားထောင်ခွင့်ပေးလိုက်တာပေါ့၊ သူရယ်ချင်စရာကိစ္စတွေကိုအစောကြီးလုပ်လာနိုင်လောက်တယ်။


လင်ခုံးလုကသူဘာစဥ်းစားနေမှန်းမသိဘဲ ရှောင်ရှီဇီ၏ကိစ္စကိုဖြေရှင်းပြီးနောက် သူကသူ့လက်မောင်းပေါ်ချပ်ဝတ်တန်ဆာဝတ်ကာ ပြောလိုက်သည်။

"ကျောက်ချင်း၊ ကိုယ်တော့်ခြေထောက်တွေကိုခံစားလို့မရဘူး၊ ကိုယ်တော့်ကိုမြန်မြန်ပြန်ခေါ်သွားချည်။"


ကျောက်ကျင်းစစ်၏မျက်နှာမှာတစ်အောင့်ကြာမည်းမှောင်သွားရပြီး ဧကရာဇ်ငယ်လေးကိုပြန်​ခေါ်သွားဖို့ပြင်လိုက်ပေမဲ့ သူထိုသို့အမိန့်ပေးခံရချိန်တွင်ရုတ်တရက်အနည်းငယ်အဆင်မပြေဖြစ်သွားရသည်။


သူသတိပေးခြင်းမရှိဘဲ မြင်းကိုဒုန်းစိုင်းမောင်းနှင်လိုက်ပြန်ရာ ဧကရာဇ်ငယ်လေးကိုယိမ်းထိုးသွားစေသည်။


လင်ခုံးလု: "...." ဟမ့်၊ သူဒီကမ္ဘာမှာစိတ်တော်တော်ရှည်သား!


သူတို့ဂိတ်ဝရောက်သွားချိန်တွင် ကျောက်ကျင်းစစ်ကဧကရာဇ်ငယ်လေးကိုမည်းမှောင်သောမျက်နှာထားဖြင့်အောက်ချပေးလာသည်။


မိန်းမစိုးအိုကြီးစွင်းတဲ့ချန်ကဂိတ်တံခါးဝရှေ့မှာစိတ်ပူတကြီးရပ်စောင့်လို့နေသည်။ ဧကရာဇ်ငယ်လေးနောက်ဆုံးတော့ပြန်လာပြီမှန်းမြင်လိုက်ရရင်း သူက"အိုက်ရိုး"ဟုဆို၍ အလျင်စလိုရှေ့တိုးကာပြောလာသည်။

"အရှင်မင်းကြီး၊ ဘာဖြစ်တာလဲ။ ဒီ...."


"နန်းတွင်းသမားတော်သွားခေါ်။"

ကျောက်ကျင်းစစ်အေးစက်စွာဖြတ်ပြောလိုက်သည်။


လင်ခုံးလုမှာတစ်လျှောက်လုံးမြင်းခုန်မှုကြောင့် အန်ချမိလုနီးပါးပင်။


သူ့ကို​ကျောက်ကျင်းစစ်ကအေးစက်သောမျက်နှာထားဖြင့်ဘေးအခန်းထဲပွေ့ခေါ်လာပေးပြီးနောက် သူလက်တုံ့ပြန်ကာ လင်ခုံးလုက

"ကျောက်ချင်း၊ ကိုယ်တော့်ကိုရေပူတစ်ဇလုံယူလာပေးပါအုံး။"


ကျောက်ကျင်းစစ်မှာသူ့ဘေးရှိမိန်းမစိုးငယ်လေးကိုအမိန့်ပေးဖို့ဟိုဘက်လှည့်လိုက်ပေမဲ့ လင်ခုံးလုကချက်ချင်းလူတိုင်းအတွက်အလုပ်ပေးလိုက်သည်၊ တစ်ယောက်ကရေနွေးကြမ်းဆက်သ၊ နောက်တစ်ယောက်ကရေထည့်၊ တချို့ကစားစရာပြင်၊ တချို့ကဝတ်ရုံကူလဲ၊ ခြေထောက်နှိပ်....


သူတစ်အောင့်ကြာအေစက်စက်စူးစိုက်ကြည့်နေမိပြီး အနောက်လှည့်ကာ စကားတစ်ခွန်းမဆိုဘဲထွက်သွားလိုက်သည်။


သိပ်မကြာခင်စွင်းတဲ့ချန်ကသမားတော်ကျန်းကိုခေါ်လာပြီး လင်ခုံးလုကလူတိုင်းကိုအပြင်ထွက်ခိုင်းကာ သူတို့နှစ်ယောက်သာနေခဲ့စေသည်။


စွင်းတဲ့ချန်ကယခင်ဧကရာဇ်ဘေးကအကြီးဆုံးမိန်းမစိုးဖြစ်ပြီး သူဟာလည်းယခင်ဧကရာဇ်ကဧကရာဇ်ငယ်လေးအတွက်အထူးသီးသန့်ချန်ထားပေးခဲ့သည့်လူတစ်ယောက်ဖြစ်ရာ သူကဧကရာဇ်ငယ်လေးအပေါ်အလွန်သစ္စာရှိသည်။


လူတိုင်းထွက်သွားပြီဖြစ်ကြောင်းမြင်လိုက်ရရင်း သူကခါးကိုင်းကာရေနွေးကြမ်းဆက်သပြီး တီးတိုးပြောလိုက်သည်။

"လင်စန်းပြန်လာပါပြီ၊ အရှင်မင်းကြီးသူ့ကိုတွေ့ချင်ပါသလား။"


လင်စန်းကားဧကရာဇ်ငယ်လေးဘေးရှိလျို့ဝှက်သက်တော်စောင့်ဖြစ်ပြီး သူ့ကိုဘုရင်ခံမင်းသားအကြောင်းရှာဖွေရန်အပြင်လွှတ်ခဲ့တာဖြစ်သည်။


အမှန်ပင်၊ အချစ်ကူအဆိပ်မမိခင်တုန်းက ဧကရာဇ်ငယ်လေးကဘုရင်ခံမင်းသားကိုသတိထားနေခဲ့သည်။


ဒါကပုံမှန်ပါပဲ၊ ခုနကနန်းတက်လာပြီးလက်ထဲမှာအာဏာမရှိတဲ့ဘယ်ဧကရာဇ်က ရာထူးမြင့်အမတ်တွေအပေါ်သံသယမရှိဘဲနေမယ်တဲ့လား။ ရာထူးမြင့်အမတ်မှာအစကတကယ်ဘာရည်ရွယ်ချက်မှမရှိပေမဲ့လည်းပေါ့။


အရင်တစ်ခါတုန်းက လင်ခုံးလုကဇာတ်ကောင်၏ငယ်ဘဝထဲကူးပြောင်းသွားခဲ့ရသည်၊ အဘယ်ကြောင့်ဆိုသော်ဒီဇာတ်ကောင်မှာလည်းစောစီးသောအသက်အပိုင်းအခြားမှာအခန်းကဏ္ဍရှိတာမို့ပင်။ ဒါပေမဲ့ဒီတစ်ခေါက်သူဟာအရင်ကမ္ဘာကအကြာကြီးနေခဲ့တာမို့ မြန်မြန်ပြီးစေရန်အလို့ငှာ အချစ်ကူအဆိပ်မိထားပြီးနောက်ပိုင်းထံတိုက်ရိုက်ကူးပြောင်းလာခဲ့သည်။


အချိန်အတော်ကြာခဲ့ပြီမို့ သူလင်စန်းကိုဘုရင်ခံမင်းသားအကြောင်းဘယ်လိုစုံစမ်းခိုင်းခဲ့မှန်းသိပ်မမှတ်မိတော့သဖြင့် သူပြောလိုက်သည်။

"သူ့ကိုဝင်လာခိုင်းလိုက်။"


လင်စန်းကခပ်သွက်သွက်ဝင်လာကာ တရိုတသေဒူးထောက်ပြီး မဖြေခင်နန်းတွင်းသမားတော်ကျန်းကိုကြည့်လိုက်သည်။


လင်ခုံးလုစကားမပြောဘဲ စွင်းတဲ့ချန်ကိုကြည့်လိုက်တော့ စွင်းတဲ့ချန်ချက်ချင်းနားလည်သွားကာ သူ့ကိုယ်စားပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ သူကငါ့လူပါ၊ ထပြီးဖြေတော့။"


လင်စန်းထရပ်လိုက်ပေမဲ့ ခေါင်းငုံ့ထားလျက် အသံနိမ့်ပြောလိိုက်သည်။

"အရှင်မင်းကြီးကိုတင်ပြရရင် လွန်ခဲ့တဲ့နှစ်ရက်တုန်းကဘုရင်ခံမင်းသားကရုတ်တရက်စစ်တပ်တိတ်တခိုးဖြန့်ပြီးတော့ အရှင်မင်းကြီးကိုပေကျင်းကိုပြန်လာဖို့အတွက်စီစဥ်ခဲ့ပါတယ်၊ လမ်းပေါ်မှာ ဒီငယ်သားသံသယဝင်မိတာ...."


လင်ခုံးလု၏မျက်နှာထားမပြောင်းလဲသွားပေမဲ့ စွင်းတဲ့ချန်မှာတမဟုတ်ချင်းနှလုံးဒိန်းခနဲဆောင့်တက်သွားရသည်။


"ဒါပေမဲ့လည်း ဒီမနက်သူကရုတ်တရက်တပ်ပြန်ရုတ်လိုက်ပြန်တယ်။ ဒီငယ်သားတိတ်တဆိတ်စုံစမ်းနေတာကိုသူသတိထားမိသွားလားမသိပါဘူး။"

လင်စန်းကစကားဆုံးအောင်ဆက်ပြောလာသည်။


စွင်းတဲ့ချန်သက်မချမိပြီး သူ၏တင်းမာနေသောမျက်နှာမှာလည်းပြေလျော့သွားရကာပြောမိသည်။

"နောက်တစ်ခါကျရင် တစ်ခါတည်းဆုံးအောင်ပြော။"


သူပြောပြီးနောက် ဧကရာဇ်ငယ်လေးကိုတစ်ချက်ခိုးကြည့်လိုက်ရာ တစ်ဖက်လူ၏မျက်နှာထားကအစမှအဆုံးထိလုံးဝမပြောင်းလဲသွားကြောင်းမြင်လိုက်ရသည်။ သို့သော်လည်း သူမနေနိုင်ဘဲတိတ်တခိုးချီးကျူးမိသည်: သခင်လေးကိုအရင်အရှင်မင်းကြီးကိုယ်တိုင်သင်ကြားပေးခဲ့ရကျိုးနပ်ပါတယ်၊ သူ့ရဲ့ပြတ်သားမှုကသိပ်ကိုတုနှိုင်းမဲ့ပါပဲလား။


လင်ခုံးလုကတကယ်တော့ကျောက်ကျင်းစစ်၏ထိုလူများကိုစီစဥ်မှုကသူ့ကိုသတ်ဖို့ကြံရွယ်ထားမှန်းဆိုလိုလောက်သည်ဟုစဥ်းစားနေခြင်းပင်။ ထိုအချိန်တုန်းက တစ်ဖက်လူကပြန်လည်မွေးဖွားလာခါစဖြစ်ပြီး အမုန်းတရားမှာသန်မာလွန်းလှသဖြင့် သူ့ကိုချက်ချင်းသတ်ပစ်ချင်ခဲ့ရုံသာ။


နောက်ပိုင်းတပ်ပြန်ရုတ်ခဲ့သည်မှာ သူ့ကိုလွှတ်ပေးဖို့မဟုတ်ဘဲ စိတ်ငြိမ်သွားပြီးနောက် သူအချိန်တစ်ခုစာမျှသေလို့မရဟုခံစားသွားရခြင်းပင်။ ထို့ကြောင့်တစ်ဖက်လူကသူ့ကိုအခုရှင်းပစ်ရန်နောက်နည်းလမ်းတစ်ခုစဥ်းစားထားတာဖြစ်ရမည်၊ ဒါပေမဲ့ဘာနည်းလမ်းဖြစ်လိမ့်မလဲ။


အခြားတစ်ဖက်၌ သမားတော်ကျန်းကဧကရာဇ်ငယ်လေး၏သွေးကြောကိုစမ်းကာ သူ့ခြေထောက်များကိုကြည့်လိုက်ပြီးနောက် သူ့မျက်နှာထားမှာသိပ်မကောင်းတော့ပေ။


လင်ခုံးလုမှာစိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးဖြစ်ရာမေးလိုက်သည်။

"ဘယ်လိုလဲ။"


သမား​တော်ကျန်းကသိသိသာသာကိုအလွန်စိုးရိမ်ပူပင်နေပြီး သူ့နှဖူးထက်ချွေးစေးများဖြင့် သေချာဂရုတစိုက်ပြောလာသည်။

"အရှင်မင်းကြီးရဲ့ခြေထောက်...ရောဂါရဲ့ဇစ်​မြစ်ကျန်ခဲ့လောက်ပါတယ်၊ အနာဂတ်မှာမကြာခဏနာကျင်လောက်တယ်၊ အထူးသဖြင့်တိမ်ထူပြီးတော့မိုးရွာတဲ့နေ့တွေမှာပိုဆိုးနိုင်ပါတယ်။ တကယ်လို့သေချာဂရုမစိုက်ဘူးဆိုရင် အချိန်အရမ်းကြာသွားပြီးရင် မတ်တပ်ရပ်ရခက်မှာ၊ လမ်းလျှောက်ရခက်မှာ ကျွန်တော်မျိုး ကျွန်တော်မျိုးစိုးရိမ်မိပါတယ်။"


လင်ခုံးလု၏မျက်နှာအနည်းငယ်မည်းမှောင်သွားရပေမဲ့ ရင်ထဲမှာသက်ပြင်းချမိသည်: "တကယ်ဒီလိုထပ်ဖြစ်ပြန်ပြီ၊ စနစ်ရေ၊ အနာဂတ်မှာနာကျင်မှုကိုအမြဲပိတ်ထားဖို့မမေ့နဲ့နော်။"


စွင်းတဲ့ချန်မှာဒါကိုကြားလိုက်ရချိန် သူ့မျက်နှာမှာတမဟုတ်ချင်းပြောင်းလဲသွားရကာ စိုးရိမ်တကြီးပြောမိသည်။

"ဒါဆိုမင်းဘာလို့မြန်မြန်မကုပေးတာလဲ။"


ရှားမင်းဆက်တွင် ရုပ်ပိုင်းဆိုင်ရာမသန်စွမ်းသူကဧကရာဇ်မဖြစ်သင့်ဟူသောဘိုးဘေးတို့၏စည်းမျဥ်းရှိသည်။ ဧကရာဇ်ငယ်လေးရဲ့ခြေထောက်တကယ်ဆိုးဝါးသွားတာကို အပြင်လူတွေသိသွားလို့ရှိရင်....မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီကိစ္စပြန့်သွားလို့မဖြစ်ဘူး။


သို့သော် နန်းတွင်းသမားတော်မှာသိသိသာသာကိုစကားပြောလို့မပြီးသေးပေ၊ ဧကရာဇ်ငယ်လေးကမြင်သော် ဆူပုတ်သောမျက်နှာဖြင့်ပြောလိုက်သည်။

"ဘာဖြစ်လဲ။ ဆက်ပြောလေ။"


နန်းတွင်းသမားတော်ကျန်းကဒုန်းခနဲဒူးထောက်ချကာ ပို၍ချွေးစေးပြန်လာပြီး တုန်တုန်ရီရီပြောလာသည်။

"အရှင်မင်းကြီး၊ အရှင်မင်းကြီးက....အေးစိမ့်မှုကြောင့်နာကျင်ရပါလိမ့်နယ်၊ အနာဂတ်မှာ ဆက်ခံသူတွေကိုထိခိုက်စေမှာ စိုးရွံ့ စိုးရွံ့မိပါတယ်။"


ထိုစကားများထွက်လာသည်နှင့် စွင်းတဲ့ချန်ကလည်းဒုန်းခနဲဒူးထောက်လိုက်မိပြီး သူလုပ်လို့မရမှာ...အိုး၊ သူမလုပ်နိုင်မှာဝမ်းနည်းနေသည့်အလား။


သူမကြားသင့်မှန်းတစ်စုံတစ်ရာကိုကြားလိုက်ရမှန်းလင်စန်းသဘောပေါက်သွားကာ ချက်ချင်းဒူးထောက်လိုက်မိသည်။


လင်ခုံးလုကြောင်အမ်းသွားရကာ စနစ်ကိုအလိုလိုမေးမိသည်။

"ဘာကိုဆိုလိုတာလဲ။"


0687: "မင်းမတ်တပ်ထနိုင်စွမ်းမရှိတော့တာဖြစ်မယ်။" (*It mean မထောင်နိုင်)


မတ်တပ်ထနိုင်စွမ်းမရှိတာကအဓိပ္ပါယ်နှစ်မျိုးရှိသည်။


လင်ခုံးလု: "....." မင်းကတော့တစ်ခုခုပဲ။


ဒါပေမဲ့ အရင်တစ်ခေါက်တုန်းကအဲ့လိုမဖြစ်ခဲ့ပေ။ သူစိတ်ငြိမ်ငြိမ်ထားကာသေချာဂရုတစိုက်တွေးကြည့်မိတော့ ကျောက်ကျင်းစစ်၏အမှားဟုတွေးမိသည်။


ကျောက်ကျင်းစစ်ပထမဆုံးရောက်လာတုန်းက သူကထိုနေရာမှာဒီအတိုင်းရပ်ကြည့်ကာ သူ့ကိုနှင်းတောထဲကအရင်တစ်ခါကထက်နာရီဝက်နောက်ကျမှဆွဲထုတ်ပေးခဲ့သဖြင့် သူ့ကိုအနည်းငယ်ပိုကြာစွာအေးခဲသွားစေခြင်းပင်။


ဘယ်လောက်စိတ်တိုစရာကောင်းလိုက်လဲ!


"ဇာတ်ကောင်စရိုက်အရဆို မင်းအခုပေါက်ကွဲသင့်တယ်နော်။"

0687ကခပ်နိမ့်နိမ့်အသိပေးလာသည်။


လင်ခုံးလုဒေါသထွက်ချင်ယောင်ဆောင်ကာ ရေနွေးကြမ်းခွက်ကိုပစ်ချလိုက်ပြီး ဒေါသပေါက်ကွဲလိုက်တာမို့ ဒူးထောက်နေသည့်လူသုံးယောက်ကိုကြောက်လွန်းလို့စကားမပြောရဲအောင်ဖြစ်သွားစေသည်။


"မင်းခုနကဘာကြားလိုက်လဲ။"

သူကလင်စန်းကိုမည်းမှောင်သောမျက်နှထားနှင့်အတူအေးစက်သောအသံဖြင့်မေးလိုက်သည်။


လင်စန်းချက်ချင်းခေါင်းခါကာပြောမိသည်။

"ဒီငယ်သားဘာမှမကြားလိုက်ပါဘူး။"


"ကောင်းတယ်။"

ဧကရာဇ်ငယ်လေးကမျက်နှာအမူအရာကင်းမဲ့စွာဖြင့် သမားတော်ကျန်းကိုကြည့်လိုက်ပြန်သည်။


သမားတော်ကျန်းကလည်းအလွန်ဉာဏ်ကောင်းကာ ချက်ချင်းပြောလိုက်သည်။

"အရှင်မင်းကြီးရဲ့ခြေထောက်တွေကနည်းနည်းအအေးမိသွားရုံပါပဲ၊ ကျွန်တော်မျိုးဘာမှမပြောမိပါဘူး။"


"အမ်း။" ဧကရာဇ်ငယ်လေးခေါင်းထပ်ငြိမ့်ကာ အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။

"မင်းတို့်အကုန်ထွက်သွားတော့။"


သူတို့အကုန်အပြင်ထွက်သွားပြီးနောက် စွင်းတဲ့ချန်ကသူ့ဘေးမှာဒူးထောက်လျက် သတိရှိရှိပြောလာသည်။

"အရှင်မင်းကြီး၊ အရမ်းစိတ်မပူပါနဲ့။ သမားတော်ကျန်းကဖြစ်နိုင်ချေရှိတယ်လို့ပဲပြောသွားတာပါ။ သေချာဂရုစိုက်ပေးလို့ရှိရင် သေချာပေါက်....."


"မင်းပါထွက်သွား။"

ဧကရာဇ်ငယ်လေးဖြတ်ပြောလိုက်သည်။


စွင်းတဲ့ချန်မှာစကားပြောရချိတုံချတုံဖြစ်နေပေမဲ့ ဧကရာဇ်ငယ်လေးကမည်းမှောင်သောမျက်နှာထားရှိနေပေမဲ့ သူ့မျက်လုံးများကမသိမသာနီမြန်းနေပုံကိုမြင်လိုက်ရရင်း သူခံစားရအဆင်မပြေလို့ ခဏလောက်တစ်ယောက်တည်းနေချင်တာဖြစ်လောက်တာမို့ သူ့အရင်ထွက်သွားရမည်မှန်းသိလိုက်သည်။


လူတိုင်းထွက်သွားပြီးနောက် လင်ခုံးလုသရုပ်ဆောင်ရ​ပ်ကာ မျက်မှောင်ကြုတ်ပြီးပြောမိသည်။

"တကယ်အဲ့လောက်မဆိုးဘူးမလား။"


"အဟမ်း၊ မလိုတော့ပါဘူး။"

0687သူ့ကိုဖြတ်ပြောလိုက်သည်။

"ခုနကဇာတ်လိုက်ရဲ့လူအပြင်ကချောင်းကြည့်သွားတယ်။"


လင်ခုံးလုမျက်မှောင်ကြုတ်လျက်သား။


"ငါမင်းအတွက်ပိတ်ထားပြီးတော့ 'ခြေထောက်နာလိမ့်မယ်'ဆိုတာလိုမျိုးစကားလုံးတွေကိုပဲကြားခွင့်ပေးလိုက်တယ်။"

0687ပြောလိုက်ပြန်သည်။


လင်ခုံးလုသက်ပြင်းချမိသည်၊ ဇာတ်လိုက်သူ့ကိုအခုသနားညှာတာမှုပြသဖို့ဆိုတာတကယ်မဖြစ်နိုင်ဘူး။


တစ်အောင့်ကြာတွေးရင်း သူပြောလိုက်သည်။

"အချစ်ကူအဆိပ်ပိတ်ထားတာကိုဖယ်လိုက်။"


နေ့လယ်ခင်းတွင် ဧကရီဟောင်းအန်းကဧကရာဇ်ငယ်လေးကိုကယ်လာပြီမှန်းကြားတာမို့ သူ့ကိုလာတွေ့သည်။


သူမကားကျောက်ကျင်းစစ်၏မိခင်ဖြစ်ပြီး ယခင်နှစ်များတုန်းကသူမ၏ခင်ပွန်းအန်းဝမ်နှင့်အတူနယ်နိမိတ်မှာတိုင်းတပါးကရန်သူများကိုဆန့်ကျင်တိုက်ခိုက်ခဲ့သည်။ ဘုရင်အန်း၏သေဆုံးမှုအပြီးတွင် သူမကနယ်နိမိတ်ကိုကာကွယ်စောင့်ကြပ်ခဲ့ပြီး ရဲစွမ်းသတ္တိရှိသောဒဏ္ဍာရီလာအမျိုးသမီးတစ်ဦးဖြစ်သည်။


ဧကရာဇ်ငယ်လေး၏မိခင်နှင့်သူမဟာလက်ကိုင်ပုဝါလဲလှယ်ခဲ့ကြပြီး သူတို့မှာကောင်းမွန်သောဆက်ဆံရေးရှိကာ သူမကဧကရာဇ်ငယ်လေးကိုမိဘနှင့်သားသမီးပမာဆက်ဆံပေသည်။


ဒါကိုပြောရတာအရိုအသေတန်ရာကျပေမဲ့ ဧကရာဇ်ငယ်လေးမှာတကယ်ဘဲသူမနှင့်ကောင်းမွန်သောဆက်ဆံရေးရှိပြီး သူကသူတို့ဆုံကြချိန်တွင်"အဒေါ်"ဟုတိတ်တခိုးခေါ်လိမ့်မည်ပင်။


အရင်ဘဝ လင်ခုံးလုရုပ်သေးရုပ်ဖြစ်လာချိန်တွင် အန်းဧကရီကသူမသားအကျဥ်းကျနေမှန်းသိသွားကာ တောင်းဆိုရန်မြို့တော်ကိုအလျင်စလိုသွားခဲ့ပေမဲ့ ဇာတ်ကြောင်း၏တိုးတက်မှုအရ သူမကအလယ်မှာကြားဖြတ်အသတ်ခံလိုက်ရသည်။


ထိုအချိန်တုန်းကလင်ခုံးလုမှာကမ္ဘာအနည်းငယ်ဖြတ်သန်းခါစဖြစ်ကာ တစ်ခါတရံစိတ်မရှည်ပေ။ ပင်မဇာတ်ကြောင်း၏တိုးတက်မှုကိုမသက်ရောက်စေဘဲ သူကသူမကိုကယ်တင်ဖို့လူလွှတ်ပေးကာ နောက်ဆုံးတွင်သူမကိုရွာငယ်လေးမှာအခြေချထားခဲ့သည်။


ဧကရီအန်းကခေါင်းကိုကျောက်တုံးမှန်ကာ မှတ်ဉာဏ်ပျောက်သွားတာကလည်းတိုက်ဆိုင်မှုသာဖြစ်သည်။ သူမကသေသွားပြီမို့ ပင်မဇာတ်ကြောင်း၏အဆုံးသတ်နှင့်တူတူပင်ဖြစ်သည်ဟုလင်ခုံးလုကပြောခဲ့သဖြင့် နောက်ဆုံးရလဒ်ကထူးကဲသာလွန်ဖြစ်နေဆဲပင်။


လင်ခုံးလုပင်မနန်းဆောင်ရောက်သွားချိန်တွင် ဧကရီအန်းနှင့်ကျောက်ကျင်းစစ်နှစ်ယောက်စလုံးကထိုနေရာတွင်ရှိနေကြသည်။


သူကသူ့ခြေထောက်ရှိနာကျင်မှုကိုပိတ်ဆို့ထားပေမဲ့လည်း နာကျင်မှုကြောင့်ဖြစ်သည့်အားနည်းမှုမှာရှိနေသေးပေရာ သူကအနည်းငယ်နှေးကွေးစွာလမ်းလျှောက်နေရသည်။


ကျောက်ကျင်းစစ်ကသူ့ကိုမြင်သွားချိန် မျက်မှောင်ကြုတ်ကာထမရပ်လာပေ။ ဧကရီအန်းကခပ်သွက်သွက်ထရပ်ကာ ရှေ့တိုးပြီး တရိုတသေအရိုအသေပေးလာသည်။

"အရှင်မင်းကြီးကိုနှုတ်ခွန်းဆက်ပါတယ်။"


လင်ခုံးလုသူမကိုထူကာ အပြုံးလေးနှင့်ပြောလိုက်သည်။

"အဒေါ်လန်၊ ယဥ်ကျေးနေစရာမလိုပါဘူး၊ ဒီမှာအပြင်လူတွေမရှိဘူးလေ။"


ထိုသို့ပြောပြီးနောက် သူကျောက်ကျင်းစစ်ကိုကြည့်လိုက်ပြီး အစက"ကျောက်ချင်းရဲ့ရေပူအိုးထဲမှာအကြာကြီးနစ်နေခဲ့ပြီးပြီ"ဟုပြောချင်ပေမဲ့ တစ်ဖက်လူကိုမော့ကြည့်လိုက်ချိန်တွင် သူအသက်ရှုတန့်သွားရကာ သူ့စိတ်ဝိညာဥ်ကိုဆုံးရှုံးသွားရလုနီးပါးပင်။


တစ်စုံတစ်ယောက်ကိုရူးရူးမိုက်မိုက် နင့်နင်နဲနဲ စွဲစွဲလမ်းလမ်းချစ်ရတာကဘယ်လိုမျိုးလဲ။ လင်ခုံးလုအရင်ကမသိခဲ့ပေမဲ့ အခုသိသွားခဲ့ပြီ။


သူကျောက်ကျင်းစစ်ကိုမြင်လိုက်ရသည့်အခိုက် ကမ္ဘာကြီးကအရောင်ပျောက်ဆုံးသွားပြီး သူ့ရှေ့ရှိလူတစ်ယောက်ကသာသူ့ကိုဆွဲမက်ကာ ရိုးတွင်းခြင်ဆီထဲထိချစ်မြတ်နိုးပြီး သူ့နှလုံးသားနှင့်ဝိညာဥ်တစ်ခုလုံးကိုထိရှသွားစေသည်။


လျင်​မြန်သောရင်ခုန်သံကသွေးကိုတဟုန်ထိုးဆောင့်တိုးစေကာ သူ့ပါးပြင်များပူလောင်လာရသည်။ သူ့မှာသူ့အကြောင်းပြချက်ကိုမဖိနှိပ်နိုင်ဘဲ တစ်ဖက်လူကိုချက်ချင်းပြေးဖက်မိလုနီးပါးဖြစ်သွားသည်။


"မြန်မြန်လုပ်၊ အချစ်ကူအဆိပ်ရဲ့လွှမ်းမိုးမှုကို၈၀ရာခိုင်နှုန်းပိတ်လိုက်။"

သူ0687ကိုအလျင်စလိုပြောမိသည်။


0687ကအမောတကောလုပ်ပေးသည်။


တစ်စိတ်တစ်ပိုင်းပိတ်ဆို့လိုက်ပြီးနောက် နှလုံးခုန်သံမှာနောက်ဆုံးတော့ပုံမှန်ပြန်ဖြစ်သွားချေသည်။


လင်ခုံးလုပင့်သက်ရှိုက်ကာ မျက်မှောင်ကြုတ်လျက်ပြောမိသည်။

"ဘာလို့ဒီလိုဖြစ်တာလဲ။"


အရင်ဘဝတုန်းက သူဇာတ်ညွှန်းကိုဖတ်ခဲ့တာမို့ အချစ်ကူအဆိပ်၏အကျိုးသက်ရောက်မှုကိုသိထားသည်။ သူ၏ဆင်ခြင်တုံတရားကိုထိန်းသိမ်းရန်အလို့ငှာ သူမျက်လုံးဖွင့်လိုက်ချိန်တွင်မှန်ထဲကိုတန်းကြည့်လိုက်သဖြင့် သူဟာသူ့ကိုယ်သူအမြဲချစ်သွားခဲ့သည်။ ကျောက်ကျင်းစစ်ရှေ့ရှိရူးနှမ်းမှုအကုန်လုံးမှာဟန်ဆောင်ထားခဲ့ခြင်းပင်။


သို့သော်ထိုအချိန်က အချစ်ကူအဆိပ်၏အကျိုးသက်ရောက်မှုကထိုမျှသန်မာလိမ့်မည်ဟုမထင်ထားခဲ့ပေ။


0687ကရှင်းပြသည်။

"အချစ်ကူအဆိပ်ကလူတွေကိုအကြောင်းမဲ့ခံစားချက်ရှိလာစေတာမဟုတ်ဘူး။ ယေဘုယျအားဖြင့် အချစ်ကူအဆိပ်သက်ရောက်ခံလိုက်ရတဲ့လူတွေကလူတစ်ယောက်ကိုရင်ထဲမှာချစ်မိသွားတဲ့လူတွေလိုပဲ။ လုပ်ဆောင်မှုကခံစားချက်ကိုအဓိကဦးတည်ပြီးတော့ သားကောင်ကမရူးသွားမချင်း ဒါမှမဟုတ်ခံစားချက်တွေတုံ့ပြန်မခံရမချင်း ခံစားချက်တွေကိုအဆက်မပြတ်တိုးပွားစေလိမ့်မယ်။"


"မူလခံစားချက်ကနက်ရှိုင်းလေလေ စိတ်ခံစားချက်အညှို့ခံရပြီးနောက်ပိုင်းမှာ တုံ့ပြန်မှုကပိုပြင်းထန်လေလေပဲ။ Hostဒီကမ္ဘာရဲ့ခံစားချက်တွေရဲ့လွှမ်းမိုးခံထားရတယ်၊ မင်းရဲ့စိတ်ကိုထိန်းညှိဖို့ငါအကြံပေးတယ်၊ ငါမင်းအတွက်၉၀ ရာခိုင်နှုန်းပိတ်ဆို့ပေးထားတယ်၊ မင်းသာ၈၀ ရာခိုင်နှုန်းဘဲပိတ်ထားလို့ရှိရင် မင်းတောင့်ခံနိုင်စွမ်းမရှိလောက်ဘူး။"


လင်ခုံးလု: "....."


သူ၏ထူးဆန်းသောပုံစံကကနန်းဆောင်ထဲရှိအခြားနှစ်ယောက်ကိုခပ်မြန်မြန်ဆွဲဆောင်သွားပြီး သူ့မျက်ဝန်းထဲကရူးသွပ်မှုနှင့်စွဲလမ်းမှုကိုမြင်လိုက်ရသော် ကျောက်ကျင်းစစ်၏မျက်ခုံးများမှာအပြင်းအထန်တွန့်ခေါက်သွားရသည်။


ဧကရီအန်းကအထင်လွဲသွားကာ လင်ခုဲးလုကကျောက်ကျင်းစစ်ကိုဆက်တိုက်စိုက်ကြည့်နေပြီး ကျောက်ကျင်းစစ်၏မျက်နှာအရောင်သိပ်မကောင်းမှန်းမြင်လိုက်ရရင်း သူမသား၏ရိုင်းပြမှုကဧကရာဇ်ငယ်လေးကိုစိတ်ပျက်သွားစေသည်ဟုသူခံစားလိုက်ရကာ အလျင်စလိုပြောလိုက်သည်။

"ကျင်းစစ်၊ မင်းဘာလို့အရှင်မင်းကြီးကိုအရိုအသေပေးဖို့မေ့နေရတာလဲကွယ်။"


လင်ခုံးလု: သူမမေ့ပါဘူး၊ သူကအရိုအသေမဲ့နေတာ။


ကျောက်ကျင်းစစ်ကသူ့အမေအပေါ်ကောင်းမွန်ဆဲဖြစ်ရာ ဧကရာဇ်ငယ်လေးကိုအေးစက်စက်ခေါင်းငုံ့အရိုအသေပေးလိုက်သည်။


သူ့မိခင်ကဧကရာဇ်ငယ်လေး၏မိခင်နှင့်ဆက်ဆံရေးကြောင့် ဧကရာဇ်ငယ်လေးအပေါ်ကောင်းပေးနေမှန်းသူသိသည်။ ဧကရာဇ်ငယ်လေးတစ်ခုခုဖြစ်သွားရင် သူ့မိခင်ကလည်းသေချာပေါက်ဝမ်းနည်းသွားလိမ့်မည်ပင်။


ဒါပေမဲ့ အရင်ဘဝတုန်းက ဒီဧကရာဇ်ငယ်လေးရဲ့မကောင်းမှုကြောင့်မဟုတ်ရင် သူ့မိခင်ကသူ့ကိုကယ်ဖို့ပေကျင်းကိုပြန်လာတဲ့လမ်းပေါ်မှာအသတ်ခံလိုက်ရမယ်တဲ့လား။ ပြီးတော့ သူမကိုသတ်ပစ်လိုက်တဲ့လူက ဧကရာဇ်ငယ်လေးရဲ့ငယ်သားတွေဖြစ်တဲ့တော်ဝင်နန်းတော်အစောင့်ထဲကဖြစ်ဖို့များသည်။


ကျောက်ကျင်းစစ်မှာတကယ်သက်သေမရှိလို့သာ၊ မဟုတ်ရင် ဧကရာဇ်ငယ်လေးကိုအခုချက်ချင်းဖယ်ရှားပစ်လိုက်လောက်သည်။


ဧကရီအန်းကလင်ခုံးလုကိုလာတွေ့ပြီး ပထမဆုံး သူတကယ်အဆင်ပြေမပြေအတည်ပြုကာ ဒုတိယ သူ့ကိုနန်းတော်ကိုဖြစ်နိုင်သမျှအမြန်ဆုံးပြန်ဖို့စည်းရုံးလိုက်သည်။ ကံကောင်းချင်တော့ ဧကရာဇ်ငယ်လေးကဒီတစ်ခေါက်ထိတ်လန့်သွားရုံမို့ပဲပေါ့၊ အရေးပေါ်ကိစ္စတစ်ခုခုဖြစ်လာရင် နန်းတော်ကဖရိုဖရဲဖြစ်သွားမှာမဟုတ်ဘူးလား။


လင်ခုံးလုတကယ်ပြန်သွားချင်သည်၊ ဒီနေရာကသူ့ပိုင်နက်မဟုတ်တာမို့ ဒီနေရာမှာကျောက်ကျင်းစစ်ကိုဆန့်ကျင်လို့သူ့မှာအကျိုးကျေးဇူးမရှိပေ။ ဒါပေမဲ့သူတစ်ယောက်ထဲပြန်မသွားနိုင်ဘူးလေ၊ မဟုတ်ရင်သူဘယ်လိုတိုက်ခိုက်ရမှာတုန်း?


ထို့ကြောင့် သူကကျောက်ကျင်းစစ်ကိုကိုယ်တိုင်လိုက်ပို့ခိုင်းလိုက်သည်။


ဧကရီအန်းလည်းထိုသို့တွေးမိကာ ဒါကိုကြားလိုက်ရတော့အဆင့်သင့်ဖြစ်စွာသဘောတူလိုက်သည်။


ကျောက်ကျင်းစစ်၏မျက်နှာထားမှာပုံမှန်ပင်ဖြစ်ပြီး သူကလုံးဝကန့်ကွက်မလာပေရာ သိသိသာသာကိုသူစီစဥ်ထားပြီဖြစ်လေသည်။


ဒါပေမဲ့ဧကရာဇ်ငယ်လေးကိုလိုက်ပို့ပေးအပြီးတွင် ဧကရီကချက်ချင်းမျက်မှောင်ကြုတ်ကာ သူ့ကိုအလေးအနက်ပြောလာသည်။

"ကျင်းစစ်၊ မင်းခုနကအရှင်မင်းကြီးကိုဘာလို့အရိုအသေမဲ့တဲ့သဘောထားနဲ့ဆက်ဆံလိုက်တာလဲ။ တချို့လူတွေပြောသလိုမျိုး မင်းကဘုရင်ခံမင်းသားဖြစ်လာရက်နည်းနည်းကြာလာတော့ အရှင်မင်းကြီးငယ်ရွယ်တုန်းမှာအရှင်မင်းကြီးကိုအနိုင်ကျင့်ပြီး မင်းမှာမရှိသင့်တဲ့အတွေးများပေါ်လာတယ်ဆိုတာမမှန်ဘူးမလား။ မယ်မယ်မင်းကိုသတိပေး...."


"မယ်မယ်အစိုးရိမ်လွန်နေပြီ၊ ဘာမှမဆိုင်ပါဘူး။"

ကျောက်ကျင်းစစ်နူးညံ့စွာဖြတ်ပြောလိုက်သည်။


သူဘာကိုရှက်ရမှာလဲ။ သူကဧကရာဇ်ကိုရှင်းပစ်ချင်ရုံသက်သက်ပဲ။


ပေကျင်းကိုပြန်ဖို့ဆုံးဖြတ်ပြီးနောက် လင်ခုံးလုကစွင်းတဲ့ချန်ကိုအထုပ်အပိုးပြင်ခိုင်းခဲ့သည်။


ဧကရာဇ်ငယ်လေး၏​ခြေထောက်မှာသိပ်မကောင်းပေ။ သူပေကျင်းကိုပြန်သွားချိန် သူ့ကိုဝေါယာဥ်နှင့်ခေါ်သွားဖို့လိုသည်။


စွင်းတဲ့ချန်မှာသူ့သခင်အတွက်စိတ်မကောင်းဖြစ်မိသဖြင့် ဒီကိစ္စကိုကိုယ်တိုင်ဂရုစိုက်ကာ ဝေါယာဥ်ကချမ်းသာကြွယ်ကာကျယ်ဝန်းရမည်ဖြစ်ပြီး ဧကရာဇ်ငယ်လေးကထိုထဲတွင်ဟိုလှိမ့်ဒီလှိမ့်လုပ်လို့ရရင်အကောင်းဆုံးဟုတောင်းဆိုလိုက်သည်။


ဝေါယာဥ်ထဲရှိအရာဝတ္ထုများဟာလည်းစျေးကြီးရမည်ဖြစ်ပြီး ကူရှင်များမှာနူးညံ့ပျော့ပြောင်းကာထူထဲပြီး အဆာပြေမုန့်နှင့်ရေနွေးကြမ်းလက်ဖက်ရည်မှာတစ်ချိန်လုံးအဆင့်သင့်ဖြစ်နေရမည်ဖြစ်ပြီး အပူပေးကိရိယာကိုလုံးဝမေ့လို့မဖြစ်ပေ။ အရေးကြီးဆုံးအရာမှာတည်ငြိမ်စွာမောင်းနှင်ကာ ဧကရာဇ်ငယ်လေးကိုအဆင်မပြေဖြစ်စေလို့မရပေ။


ကျောက်ကျင်းစစ်ကစွင်းတဲ့ချန်ပြင်ဆင်ထားသည့်ဝေါယာဥ်ကိုတစ်ချက်ကြည့်ကာ မိန်းမစိုးအိုကြီး၏အတွေးများကိုနားထောင်ပြီးနောက် သူမည်းမှောင်သောမျက်နှာဖြင့်မေးလိုက်သည်။

"ခင်ဗျားကိုယ်တိုင်မောင်းလိုက်ပါတော့လား။"


"အဲ့လိုဆိုပိုကောင်း...အဟမ်း၊ မရဘူးလေ!"

စွင်းတဲ့ချန်မှာ"ဟုတ်ကဲ့"ဟုသာမန်ကာလျှံကာပြောလုနီးပါးဖြစ်သွားပေမဲ့ ကံကောင်းစွာဖြင့်အချိန်မီတုံ့ပြန်လိုက်နိုင်ပြီး သူ့စကားလုံးများကိုအလျင်စလိုပြောင်းလဲလိုက်သည်။

"ဝမ်ရယ်ကဝါရင့်မောင်းနှင်သူငှားပေးနိုင်တာမို့ ပိုကောင်းပါလိမ့်မယ်။"


ကျောက်ကျင်းစစ်အေးစက်စက်နှာမှုတ်ကာ သူ့ကိုယ်ပိုင်တပ်သားထဲကတစ်ယောက်ကိုမောင်းခိုင်းလိုက်သည်။


ခြေထောက်ဒဏ်ရာ? ဟက်၊ အရင်ဘဝတုန်းကဧကရာဇ်ငယ်လေး​ခြေထောက်တစ်ခုခုဖြစ်တာကို သူတစ်ခါမှမမြင်ဖူးဘူးရယ်။


_____________________________________