Chapter(30)
Viewers 10k

ဧကရာဇ်ငယ်လေးကပြောလို့မပြီးသေးပေမဲ့ အဓိပ္ပါယ်မှာသိသာလှပေသည်။


ကျောက်ကျင်းစစ်မှာအံ့သြလွန်းလို့ ဧကရာဇ်ငယ်လေးကိုစကားမဆိုဘဲကြည့်လိုက်မိသည်။


ဇနီး? ဧကရာဇ်ငယ်လေးကသူပြောတာကိုနားလည်မှုလွဲသွားတာလား။


သူဆန္ဒမရှိကြောင်းမြင်လိုက်ရရင်း ဧကရာဇ်ငယ်လေးကနှုတ်ခမ်းတင်းတင်းစေ့သွားပြီး အနည်းငယ်မပျော်မရွှင်ဖြစ်သွားကာ ပြောလိုက်သည်။

"သာမန်မိသားစုရဲ့ဇနီးမယားတွေက သူတို့ခင်ပွန်းပင်ပန်းတာသက်သာအောင် ခြေထောက်နှိပ်ပေး ခါးနှိပ်ပေးကြတယ်လေ၊ ဘာပဲဖြစ်ဖြစ်...."


ဒါကိုကြားလိုက်ရချိန် ကျောက်ကျင်းစစ်၏မျက်နှာမှာမည်းမှောင်သွားရသည်။ ဒီလိုစကားမျိုးက...


"အရှင်မင်းကြီးဘယ်ကနားထောင်လာတာလဲ။"

သူအံကြိတ်လျက်မေးလိုက်မိသည်။


ဧကရာဇ်ငယ်လေးကအပြစ်ကင်းစင်စွာဖြင့် ဝေါယာဥ်၏ထောင့်စွန်းကပုံပြင်စာအုပ်ကိုတစ်ချက်ကြည့်ကာပြောလာသည်။

"စာအုပ်ထဲမှာလေ။"


သူဝေါယာဥ်စီးနေချိန်ပျင်းလာတာမို့ တပ်သားတစ်ယောက်ကိုသွားဝယ်ခိုင်းခဲ့တာဖြစ်သည်။ တပ်သားကမဖတ်တတ်တာမို့ ပုံ​ပြင်စာအုပ်အပုံအပင်ဝယ်လာခဲ့တာဖြစ်လောက်သည်။


ကျောက်ကျင်းစစ်သူ့အကြည့်နောက်လိုက်ကြည့်လိုက်တော့ လက်သည်တရားခံကိုရှာတွေ့သွားသည်။


ဝေါယာဥ်ထဲကအလင်းရောင်မှာမှိန်နေပေရာ သူမီးအိမ်ထွန်းပြီး စာအုပ်ကိုလှမ်းယူကာဖွင့်ကြည့်လိုက်တော့ သူ့မျက်လုံးထဲဝင်လာတာက "လူကြီးလူကောင်းတစ်ယောက်ကသူ့ဇနီးရဲ့အခန်းကိုညဘက်သွားလည်ပြီး လှပသောဇနီးလေးကသူ့​ခြေထောက်တွေကိုနှိပ်ပေးကာ သူ့ခါးကိုဖျစ်ညှစ်ပြီး တိမ်တိုက်များထံခေါ်ဆောင်သွားလေသည်"ဟူ၍ပင်။


သူ့မျက်နှာလုံးဝမည်းမှောင်သွားရပြီး သူဝေါယာဥ်ကန့်လန့်ကာကိုဖွင့်ကာ စာအုပ်ကိုလွှင့်ပစ်လိုက်သည်။


ဝေါယာဥ်အပြင်ဘက်မှာ လင်စန်းကဝေါယာဥ်ထဲမှရုတ်တရက်ထွက်လာသည့်တစ်စုံတစ်ခုကိုမြင်သွားကာ ချက်ချင်းတင်းမာပြီးသတိချပ်လိုက်ပေမဲ့ သူရှေ့တိုးကာကောက်ယူကြည့်လိုက်ချိန်တွင် သူ့မျက်နှာမှာဗလာကျင်းသွားရပြန်သည်။


ဝေါယာဥ်ထဲတွင် ဧကရာဇ်ငယ်လေးကသူ့​​ခြေထောက်ကိုမြှောက်ကာကျောက်ကျင်းစစ်၏ပေါင်ပေါ်တင်လိုက်ပြီး သူ၏ဘောင်းဘီအဖြူကိုပင့်တင်လိုက်သည်။ သူ့မျက်လုံးများမှာခုနကစာအုပ်ကိုလွှင့်ပစ်လိုက်သည့်လုပ်ရပ်ကိုမမြင်သည့်အလား တောက်ပကာမျှော်လင့်စောင့်စားမှုအပြည့်နှင့်ပင်။


ကျောက်ကျင်းစစ်မှာပြောစရာစကားမဲ့သွားပုံပင်။ သူကသူ့ကိုကြည့်လိုက်ပြီးနောက် သူ့မျက်နှာထက်ထူးဆန်းသောမျက်နှာထားနှင့်အတူ သူ့ပေါင်ပေါ်ကသူ့​​ခြေသလုံးကိုကြည့်လိုက်သည်။


ဧကရာဇ်ငယ်လေး၏​ခြေထောက်များမှာသေးသွယ်ပြီး သူ့​ခြေထောက်ပုံသဏ္ဍာန်မှာအလွန်လှပပေမဲ့....သူဘာလို့ငါ့ပေါ်လာတင်တာလဲ။


ကျောက်ကျင်းစစ်မှာတည်တင်းသောမျက်နှာဖြင့် ဧကရာဇ်ငယ်လေး၏​ခြေထောက်ကိုကိုင်ကာ ဖယ်ပစ်ဖို့ကြိုးစားလိုက်ပေမဲ့ ခြေထောက်များမှာနူးညံ့ကာအေးစက်နေပေသည်။


အေးစက်နေပါလား။


ကျောက်ကျင်းစစ်မျက်မှောင်ကြုတ်လိုက်မိသည်၊ ဝေါယာဥ်ထဲမှာအပူပေးကိရိယာရှိနေတာမို့ အရမ်းနွေးနေတာကို ဧကရာဇ်ငယ်လေးရဲ့​ခြေထောက်ကဘာလို့ဒီလောက်အေးစက်နေတာလဲ။ သူ့ခြေထောက်တကယ်ထိခိုက်ထားတာလား။


သူတုံ့ဆိုင်းနေစဥ် ဧကရာဇ်ငယ်လေးကသူ့လက်ကိုဖိကာ ပြောလာသည်။

"ကိုယ်တော့်ခြေထောက်နာတယ်၊ ကိုယ်တော့်ခြေထောက်နာတယ်...."


ကျောက်ကျင်းစစ်၏လက်မှာအသာဖိထားကာ သူမဖယ်ပစ်လိုက်နိုင်ပေ။


သူအလိုလိုဖိကာ သူ့လက်ဝါးကိုသူ့ဒူးခေါင်းပေါ်ရွှေ့လိုက်သည်။ သေချာတာပေါ့၊ အအေးဓာတ်ကသူ့အရိုးထဲကလာပုံရကာ ဝေါယာဥ်ထဲကနွေးထွေးမှုကကိုယ်ထဲမဝင်နိုင်ပေ။


ဧကရာဇ်ငယ်လေးကညည်းညူလာပြန်ပြီး ကျောက်ကျင်းစစ်တိတ်တဆိတ်နားထောင်နေမိကာ သူမသိလိုက်ခင်တကယ်စနှိပ်ပေးနေမိသည်။


သူ့လက်ဖဝါးများမှာအလွန်ပူနွေးလို့နေပြီး သူ့လက်အားမှာအနေတော်ပင်။ ဧကရာဇ်ငယ်လေးကသက်တောင့်သက်သာဖြစ်စွာမျက်လုံးမှေးစင်းလျက် ပြတ်တောင်းပြတ်တောင်းညည်းညူလို့နေသည်။


နောက်တစ်နေ့ ကျောက်ကျင်းစစ်မှာဝေါယာဥ်ထဲမှာဧကရာဇ်ငယ်လေးနှင့်အတူအိပ်ပျော်သွားမှန်းတွေ့ရှိသွားကာ သူ့မျက်နှာထက်မယုံကြည်နိုင်သောမျက်နှာထားရှိနေမိသည်။


သို့သော် သိပ်မကြာခင်ပို၍ပင်မယုံကြည်နိုင်စရာတစ်ခုခုကိုမှတ်မိသွားသည်၊ သူမနေ့ညကဧကရာဇ်ငယ်လေးကိုကူနှိပ်ပေးခဲ့တာပဲ! ​ခြေထောက်! ကိုလေ!


ထိုစဥ်ဧကရာဇ်ငယ်လေးကသူ့လက်မောင်းကြားထဲမှာအသက်ရှုမှန်မှန်အိပ်ပျော်လျက်ရှိပြီး သူ့မျက်နှာမှာတမဟုတ်ချင်းမည်းမှောင်သွားရကာ တစ်ဖက်လူကိုင်ထားသည့်ဝတ်ရုံလက်ကိုဆွဲထုတ်လိုက်ပြီး အုံ့ဆိုင်းနေသောမျက်နှာထားဖြင့် ဝေါယာဥ်ထဲမှမည်းမှောင်စွာထွက်လာခဲ့လိုက်သည်။


ခရီးမှာလျင်​မြန်စွာတစ်ဖန်ပြန်ဆက်ပြီး စွင်းတဲ့ချန်မှာတစ်ခုခုမှားနေမှန်းသတိထားမိသွားသည်။ အရင်ကအရှင်မင်းကြီးကဘုရင်ခံမင်းသားရဲ့အာရုံကိုဆွဲဆောင်ဖို့ သာမန်ထက်လွန်ကဲတဲ့ကိစ္စတွေကိုမကြာခဏလုပ်တတ်သည်။ ထိုအချိန်တုန်းကအရှင်မင်းကြီး၏​အကျင့်မှာသေချာရေရာမှုမရှိဘဲ တစ်ခဏမှာဘုရင်ခံမင်းသားအပေါ်ကောင်းကာ နောက်တစ်ခဏကျဒေါသထွက်နေတတ်သည်။


သူ၏ငယ်ရွယ်သောအရှင်မင်းကြီးကမတော်တဆဖြစ်ပြီးနောက်ပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာဒဏ်ရာရသွားပြီး သူ့ရင်ထဲမှာအထုံးဖြစ်ကာ ဖယ်ရှားလို့မရတော့တာမို့ ဘုရင်ခံမင်းသားကိုမကြာခဏပြဿနာရှာလေ့ရှိသည်ဟုသာသူတွေးမိသည်။


ဒါပေမဲ့ ဘုရင်ခံမင်းသားဝေါယာဥ်ပေါ်ပထမဆုံးဝင်သွားပြီးနောက်ပိုင်း အခြေအနေကပြောင်းလဲသွားတော့သည်။ အရှင်မင်းကြီး၏သူ့အာရုံကိုဆွဲဆောင်ပုံကပြဿနာရှာဖို့မဟုတ်တော့ဘဲ ကြင်နာမှုကိုပြသဖို့ဖြစ်သည်။ အရေးကြီးဆုံးအရာမှာဘုရင်ခံမင်းသားကအရင်ကလုံးဝမတုံ့ပြန်ဘဲ အမတ်တို့၏နည်းလမ်းအတိုင်းရှောင်ဖယ်သွားတတ်ပေမဲ့ ယခုမူ သူဟာတကယ်ကြီးတုံ့ပြန်လာပေသည်။


အရှင်မင်းကြီးကစားစရာပေးလာရင် သူကတစ်အောင့်မျှတိတ်ဆိတ်သွားပြီးနောက်စားလိုက်သည်။ အရှင်မင်းကြီးကသူ့ကိုဝေါယာဥ်ထဲဝင်ခိုင်းရင် သူတစ်အောင့်မျှတိတ်ဆိတ်သွားပြီးနောက်ဝင်သွားသည်။ ဝေါယာဥ်ကလေကောင်းလေသန့်မရတာမို့ သူနှင့်မြင်းအတူစီးချင်သည်ဟုအရှင်မင်းကြီးကပြောလာရင် သူတစ်အောင့်မျှတိတ်ဆိတ်သွားပြီးနောက် ဧကရာဇ်ငယ်လေးကိုသူ့လက်မောင်းကြားထဲထည့်ကာမြင်းပေါ်တက်လိုက်သည်....


တစ်ခုခုတော့မှားနေပြီ၊ တစ်ခုခုတော့သိပ်ကိုမှားနေပြီ။


နောက်စခန်းရောက်သွားချိန်တွင် စွင်းတဲ့ချန်ကလင်စန်းကိုလက်ယပ်ခေါ်ကာ ခပ်တိုးတိုးမေးလိုက်သည်။

"မနေ့ညကမကောင်းတာတစ်ခုခုဖြစ်သွားသေးလား။"


လင်စန်း၏မျက်နှာထားမှာစကားပြောရတုံ့ဆိုင်းသွားပြီး ၎င်းကပြောရမလွယ်ဟုခံစားလိုက်ရသည်၊ သူတို့တွေခြေထောက်နှိပ်၊ ခါးကိုညှစ်ပြီး စာဖတ်နေကြတာလို့ပြောလိုက်ရင်ကော?


ကျောက်ကျင်းစစ်ကဧကရာဇ်ငယ်လေးနှင့်ပူးပေါင်းဆောင်ရွက်ချင်တာမဟုတ်ပေမဲ့ သူ့ရည်ရွယ်ချက်ကဧကရာဇ်ငယ်လေးကိုပြက်ရယ်ပြုဖွယ်ရာကိစ္စများစောစောလုပ်စေချင်တာဖြစ်သည်၊ ဒါမှသူ့မှာတစ်ဖက်လူကိုနန်းချဖို့ အကြောင်းပြချက်ရှိမှာမလား။


ထို့အပြင် သူမတုံ့ပြန်လိုက်ရင်....


ဒါကိုတွေးမိရင်း အဓိကထိုင်ခုံမှာဂုဏ်ယူဝံ့ကြွားကာမျှော်လင့်တကြီးမျက်နှာထားဖြင့်ထိုင်လျက် သူ့ကိုတစ်ယောက်ယောက်လာဆက်သမှာစောင့်နေသည့်တစ်စုံတစ်ယောက်ကိုတစ်ချက်လှမ်းကြည့်မိကာ တူတစ်စုံကိုချိုးမိလုနီးပါးဖြစ်သွားရသည်။


ဧကရာဇ်ငယ်လေးမှာသူ့ချစ်ရသူစားစရာလာပို့ပေးမှာကိုမစောင့်နိုင်တော့ဘဲ ခေါင်းလှည့်ကြည့်မိတော့ သူဆန္ဒမရှိပုံပေါ်ကြောင်းမြင်လိုက်ရသဖြင့် သူမနေနိုင်ဘဲနှုတ်ခမ်းစေ့ကာ ခပ်နိမ့်နိမ့်အသံဖြင့်ပြောလိုက်သည်။

"သာမန်မိသားစုရဲ့ဇနီးတစ်ယောက်က..." 


ခင်ပွန်းကိုညစာဆက်သရမယ်။


သူပြောမပြီးသေးခင် ကျောက်ကျင်းစစ်အံကြိတ်ကာဖြတ်ပြောလိုက်သည်။

"မနေ့ညကကျွန်တော်မျိုးပြောခဲ့တာကိုအရှင်မင်းကြီးမှတ်မိ..."


"သိပါတယ်၊ သိပါတယ်။"

ဧကရာဇ်ငယ်လေးကလည်းဖြတ်ပြောကာ ရုတ်တရက်အပြုံးလေးဖြင့်မျက်လုံးမှေးကာ သူ့နားနားကိုင်းပြီးတီးတိုးပြောလာသည်။

"ကိုယ်တော်ကနေ့ဘက်မှာဧကရာဇ်၊ ညဘက်ကျရင်တော့ကျောက်ချင်းရဲ့ခင်ပွန်းပေါ့။"


သူ့အသံမှာလေစီးကြောင်းပမာညင်သာလှပြီး အာငွေ့နွေးနွေးကကျောက်ကျင်းစစ်၏နားကိုယားယံစေကာ သူ့ကိုဒေါသတကြီးအံကြိတ်မိသွားစေသည်။


ခင်ပွန်း? ကျောက်ကျင်းစစ်အံကြိတ်ကာတွေးလိုက်သည်: ဧကရာဇ်ငယ်လေးကသူ့ခန္ဓာကိုယ်သေးသေးလေးနဲ့ပတ်သတ်ပြီးဘာတွေအထင်လွဲ​နေတာလဲ။


အစေခံများကခပ်လှမ်းလှမ်းမှာရပ်နေပြီး နှုတ်ခမ်းထောင့်တွန်းသွားသည့်နားကောင်းသောလင်စန်းမှအပ၊ မည်သူကမျှသူပြောတာကြားပုံမရ။


ကျောက်ကျင်းစစ်ထွက်သွားချိန်တွင် သူကလင်စန်းကိုအလိုလိုစိုက်ကြည့်မိပြီး သူ့ကိုတစ်နေရာရာမှာမြင်ဖူးသည့်အလား ဒီလူ့ကိုရင်းနှီးပုံရသည်ဟုခံစားလိုက်ရသည်။


ဧကရာဇ်ငယ်လေးကဘုရင်ခံမင်းသားကို"ဖွင့်ပြော"ပြီး သူ့ရည်ရွယ်ချက်များအတွက်"တုံ့ပြန်မှု"ရရှိပြီးကတည်းက ဘုရင်ခံမင်းသားအပေါ်သူ့မျက်လုံးထဲရှိအကြည့်မှာပိုမိုပြင်းပြလာပြီး သူဟာသူနှင့်အမြဲအတူရှိချင်နေပေသည်။


ဧကရာဇ်ငယ်လေးကသူ့ကိုဘာလို့အဲ့လောက်သဘောကျနေလဲဆိုတာ ကျော​က်ကျင်းစစ်တစ်ခါတလေသိချင်မိသည်။ ဒါပေမဲ့ သူထိုအကြောင်းမစဥ်းစားမိပေ၊ သူ့အရင်ဘဝမှတ်ဉာဏ်များ၏လွှမ်းမိုးမှုကြောင့်လား၊ လင်တော်ဝင်မိသားစုမှာအချစ်လွန်ကဲမှုမရှိတာကြောင့်လားမသိ၊ ဧကရာဇ်ငယ်လေးကအရိုးထဲမှာနည်းနည်းရူးနေသည်ဟုသူခံစားနေရသည်။


ခရီးမှာရက်အနည်းငယ်ပိုဆက်ခဲ့ပြီး သိပ်မကြာခင်ကျုံးကျိုးနယ်နိမိတ်ကိုရောက်လာကာ မြို့တော်ကိုနှစ်ရက်အတွင်းရောက်လာသည်။


ဤနေရာမှာတောင်တန်းတောင်ထွတ်များစွာရှိပြီး သူတို့အုပ်စုချိုင့်ဝှမ်းကိုရောက်ချိန်တွင် ရုတ်တရက်ဓားပြများစွာတဟုန်ထိုးပြေးထွက်လာကာ မြင်မြင်သမျှအကုန်သတ်ပစ်လေသည်။


ကျောက်ကျင်းစစ်၏မျက်နှာမသိမသာပြောင်းလဲသွားရပြီး သူ့လူများကိုဧကရာဇ်ငယ်၏ဝေါယာဥ်ကိုကာကွယ်ခိုင်းကာ သူကတန်ပြန်တိုက်စစ်ဆင်ဖို့အခြားသူတို့ထံမြင်းဖြင့်ပြေးဝင်သွားလိုက်သည်။ သူ့ရင်ထဲမှာသိပ်ကိုအံ့သြနေမိသည်၊ သူသိသိသာသာကိုရှင်းပစ်ခဲ့ပြီးပြီလေ၊ ဘာလို့ဒီမှာခြုံခိုတိုက်ခိုက်မှုရှိနေသေးတာလဲ။


ဒီနေရာကိုရောက်လာကြသည့်လူအားလုံးမှာကောင်းမွန်စွာလေ့ကျင့်ထားကြပြီး သူတို့ဟာသိသိသာသာကိုဓားပြယောင်ဆောင်ထားကြခြင်းဖြစ်သည်။


သူတို့ဘယ်ကရောက်လာတာလဲ။ သူ့ကိုပစ်မှတ်ထားတာလား၊ ဧကရာဇ်ငယ်လေးကိုပစ်မှတ်ထားတာလား။


ကျောက်ကျင်းစစ်၏မျက်နှာထားမှာတည်တင်းလျက် သူ့အတွေးများပတ်ချာလည်နေပေမဲ့ သူ့အာရုံမှာမပျက်သွားပေ။ သူဓားဆွဲထုတ်ကာ ဝေါယာဥ်မောင်းသမားကိုရွယ်လာသည့်မြှားအားလုံးကိုတားဆီးပြီး ဝေါယာဥ်မောင်းသမားထံတဟုန်ထိုးပြေးသွားသည့်ဓားပြအများအပြား၏လည်မျိုကို သူ့ဓားနှင့်ဖြတ်ပစ်လိုက်သည်။ ဓားကိုယ်ထည်ကားအေးစက်သောအလင်းရောင်အပြည့်။


ဧကရာဇ်ငယ်လေးကဝေါယာဥ်ထဲမှာတိတ်ဆိတ်နေမိပြီး တကယ်အပြင်ထွက်သွားချင်မိသည်၊ သူ့နှလုံးသားမှာတစ်ချိန်လုံးအခုန်မြန်နေကာ အပြင်ကလူအတွက်ထိန်းချုပ်မရစွာစိတ်ပူနေမိသည်။


အဲ့ဒါသူပဲ....အနာဂတ်ဧကရီ၊ သူတစ်ဖက်လူကိုအဆောင်အယောင်မပေးရသေးဘူးလေ၊ တစ်ဖက်လူကိုဒီအတိုင်းထားတာကလုံလောက်နေပြီ။ ဒီအခိုက်အတန့်မှာသူအပြင်ထွက်ပြီးသူ့ကိုမကာကွယ်နိုင်လို့ရှိရင် သူကဘယ်လိုခင်ပွန်းမျိုးဖြစ်သွားမလဲ။


ဒါပေမဲ့ စွင်းတဲ့ချန်ကသူ့ကိုတင်းကြပ်စွာဆွဲထားကာ ငိုယိုလျက်စည်းရုံးလာသည်။

"အရှင်မင်းကြီးအပြင်ထွက်သွားလို့မဖြစ်ပါဘူး။"


လင်ခုံးလုရင်ထဲမှာအော်ပြောနေမိသည်:

မရဘူး၊ ငါအပြင်ထွက်ချင်တယ်! သူတစ်ခုခုဖြစ်သွားရင် ငါဘယ်လိုလုပ်ပြီးအသက်ရှင်နိုင်မှာလဲ။


0687ကရုတ်တရက်အချစ်ကူအ​ဆိပ်၏လွှမ်းမိုးမှုအကုန်ပိတ်ကာ မေးလာသည်။

"မင်းအပြင်ထွက်အုံးမှာလား။"


လင်ခုံးလု: "...ဟင့်အင်း၊ ငါကတကယ်တော့သွေးနည်းနည်းကြောက်တယ်ရယ်၊ ငါ့အထင် ကျောက်ကျင်းစစ်ကတော်တော်လေးခွန်အားကြီးတာမို့ ဒီဓားပြတစ်သိုက်ကိုကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။"


0687: "....."


နာရီဝက်ကြာပြီးနောက် ကိစ္စများမှာလင်ခုံးလုမျှော်လင့်ထားသလိုဖြစ်လာပြီး "ဓားပြ"အကုန်လုံးမှာလည်ပင်းဖြတ်ခံထားရကာ ကျောက်ကျင်းစစ်၏တပ်သားများကစစ်မြေပြင်ကိုစရှင်းနေပြီဖြစ်သည်။


သူတို့ကအရှင်မထားချင်တာမဟုတ်ဘဲ ဒီအုပ်စုကပါးစပ်မှာအဆိပ်ထည့်ထားတာဖြစ်ပြီး သူတို့အဖမ်းခံလိုက်ရရင် သူတို့ကချက်ချင်းသတ်သေလိုက်ကြလိမ့်မည်ပင်။


ကျောက်ကျင်းစစ်ကလည်းစစ်မြေပြင်ကိုစစ်ဆေးနေသည်။ သူ့ဒဏ်ရာကိုပတ်တီးစီးထားသည့်လင်စန်းဘေးကဖြတ်သွားချိန်တွင် သူ့ခြေလှမ်းများရုတ်ခြည်းရပ်သွားရကာ သူ့မျက်လုံးများကတစ်ဖက်လူ၏ခါးပေါ်ကျသွားသည်။


ခုနကလင်စန်းတိုက်ခိုက်နေတုန်းက သူ့ခါးတဝိုက်ရှိဝတ်ရုံမှာဓားပြထံမှမတော်တဆဖြတ်တောက်ခံလိုက်ရကာ လျို့ဝှက်သက်တော်စောင့်၏တံဆိပ်ပြားပေါ်သွားသည်။


ကျောက်ကျင်းစစ်ကတော်ဝင်လျို့ဝှက်သက်တော်စောင့်၏တံဆိပ်ပြားကိုမြင်ဖူးထားပေမဲ့ ၎င်းမှာအရင်ဧကရာဇ်အုပ်ချုပ်တုန်းကဖြစ်သည်။ ဧကရာဇ်ငယ်လေးနန်းတက်ပြီးနောက်ပိုင်း သူကလျို့ဝှက်သက်တော်စောင့်များ၏တံဆိပ်ပြားကိုပြောင်းလဲခဲ့သည်။ တံဆိပ်ပြားအသစ်မှာဧကရာဇ်ငယ်လေးကိုစောင့်ကြပ်ပေးခဲ့သည့်ဘုရင်ခံမင်းသားအပါအဝင် အပြင်လူတို့မြင်ရခဲသည်။


ဒါပေမဲ့ ကျောက်ကျင်းစစ်ကတော့ဒီတံဆိပ်ပြားကိုမြင်ဖူးသည်။ အရင်ဘဝတုန်းကသူ့လူယုံတော်လာကယ်ပြီးနောက် သူအန်းဝမ်ဖေးမတော်တဆဖြစ်သွားခဲ့သည့်နေရာကိုသွားတော့ ထိုကဲ့သို့တံဆိပ်ပြားကိုရှာတွေ့ခဲ့သည်။


နောက်ပိုင်း ဧကရီအန်း၏အသက်ရှင်ကျန်ခဲ့သည့်အစောင့်များ၏မှတ်ဉာဏ်မှတဆင့် ဧကရီအန်းအဖမ်းခံလိုက်ရချိန်တွင် နောက်လူတစ်အုပ်ကသူတို့ကိုလာကယ်ခဲ့ပြီး သူတို့ကတံဆိပ်ပြားနှင့်အုပ်စုဖြစ်သည်။


ဒီကြင်နာသောနှလုံးသားနှင့်လူတို့၏အကူအညီနှင့်ပင် ရန်သူတို့ကလူအရေအတွက်ပိုများနေသည်မှာသနားစရာပသ်။ အဆုံးတွင် အန်းဝမ်ဖေးကတံဆိပ်ပြားနှင့်လူတို့နှင့်အတူ မြစ်ကမ်းပါးဘေးသွားကာ သူတို့နှင့်အတူမြစ်ထဲခုန်ချဖို့တွန်းအားပေးခံခဲ့ရသည်။


ထိုနောက်ပိုင်း အန်းဝမ်ဖေးကွယ်လွန်သွားပြီဟု ဧကရာဇ်ငယ်လေးကတရားဝင်ကြေငြာခဲ့သည်။


လင်စန်းကိုရင်းနှီးသည်ဟုဘာကြောင့်ခံစားရမှန်းကျောက်ကျင်းစစ်ရုတ်ခြည်းနားလည်သွားရသည်။ အရင်ဘဝတုန်းက သူ့မိခင်ကွယ်လွန်သွားပြီဆိုတာကိုသူမယုံခဲ့ပေ။ ဆက်လက်ရှာဖွေရန်အလို့ငှာ သူဟာအစောင့်တို့၏မှတ်ဉာဏ်ထဲကအတိုင်း တံဆိပ်ပြားနှင့်လူတို့၏ပုံတူပန်းချီကိုရေးဆွဲခိုင်းခဲ့သည်။ ပုံတူပန်းချီအနက်တစ်ခုပေါ်ကမျက်နှာမှာလင်စန်းနှင့်တူသည်။


မျက်စိတစ်မှိတ်အတွင်း အတွေးတစ်ခုကအရင်ဘဝ၏သိမြင်မှုကိုဖောက်၍ ကျောက်ကျင်းစစ်၏စိတ်ထဲမှာပေါ်ထွက်လာသည်: အရင်ဘဝတုန်းကဧကရာဇ်ငယ်လေးကသူ့မိခင်ကိုလူလွှတ်ပြီးကယ်ခိုင်းခဲ့တာလား။ သူ့မိခင်ဘယ်ရောက်နေမှန်းမသိသေးပေမဲ့ သူကသူ့မိခင်သေဆုံးသွားပြီဟုချက်ချင်းကြေငြာခဲ့သည်။


ဤကဲ့သို့ကြေငြာမှုမျိုးမှာလူတို့၏မျက်လုံးနှင့်နားကိုဖုံးအုပ်ရန် ကာကွယ်လိုသောအဓိပ္ပါယ်တစ်မျိုးရှိသည်၊ ဒါပေမဲ့ ကြားဖြတ်တိုက်ခိုက်သူတွေထဲမှာနန်းတွင်းသက်တော်စောင့်ဟုသကာ်မကင်းဖြစ်မိတဲ့လူအနည်းငယ်ကဘာဖြစ်သွားတာလဲ။


သူ့အရင်ဘဝတုန်းကဖြစ်ပျက်ခဲ့သည့်အရာကသူ့တွေးထားသကဲ့သို့အလုံးစုံမဟုတ်မှန်း ကျောက်ကျင်းစစ်ရုတ်ခြည်းသဘောပေါက်သွားသည်။ ထိုအချိန်တုန်းကသူဟာအကျဥ်းထောင်ထဲမှာရှိနေခဲ့ပြီး နောက်ပိုင်းမှသာကိစ္စများစွာကိုကြားသိခဲ့ရတာဖြစ်သည်။ ထို့အပြင် သူကဧကရာဇ်ငယ်လေးကိုအဆိုးမြင်ခဲ့မိတာပဲ....


"ကျောက်ချင်း!"

သူ့အတွေးတို့ဇဝေဇဝါဖြစ်နေချိန် ဧကရာဇ်ငယ်လေးကဝေါယာဥ်ပေါ်ကဆင်းလာကာ စိတ်ပူတကြီးရှေ့တိုးကာဂရုစိုက်ပေးလာသည်။

"မင်းအဆင်ပြေရဲ့လား။ ဒဏ်ရာရသွားသေးလား။ ကိုယ်တော်ကျောက်ချင်းကိုထွက်ကူပေးချင်ပေမဲ့ အဲ့ဒီ့လူအိုကြီးစွင်းတဲ့ချန်ကကိုယ်တော့်ကိုဆွဲထားတာ။ အိုင်း၊ ကိုယ်တော်ကျောက်ချင်းကိုတောင်းပန်ပါတယ်။ ကိုယ်တော်မင်းကိုကောင်းကောင်းမကာကွယ်ပေးခဲ့မိဘူး..."


စစ်မြေပြင်ကိုရှင်းလင်းနေကြသည့်ပတ်ပတ်လည်ရှိတပ်သားများ၏မျက်နှာမှာထူးဆန်းသောမျက်နှာအမူအရာရှိနေကြသည်။ သူတို့ကဧကရာဇ်ငယ်လေး၏ခန္ဓာကိုယ်တစ်ချက်၊ ဘုရင်ခံမင်းသား၏ခန္ဓာကိုယ်ကိုတစ်ချက်ကြည့်ကာ တွေးလိုက်မိသည်: ဘယ်သူကဘယ်သူ့ကိုကာကွယ်တာ?


ဧကရာဇ်ငယ်လေးကကျောက်ကျင်းစစ်၏လက်ကိုကိုင်ထားလျက် သူ့၏စိုးရိမ်ပူပင်မှုများကိုနည်းမျိုးစုံဖြင့်ဖော်ပြနေပေမဲ့ ကျောက်ကျင်းစစ်၏မျက်နှာထားမှာအလွန်ရှုပ်ထွေးလို့နေသည်။


သူဧကရာဇ်ငယ်လေးကိုအထင်လွဲခဲ့တာလား။ ဖြစ်နိုင်တာက အနည်းဆုံးတော့အန်းဝမ်ဖေးကိစ္စမှာ အမှန်မသိရသေးပေ။ ဒါပေမဲ့အရင်ဘဝတုန်းက ဧကရာဇ်ငယ်လေးကရူးသွားပြီးတော့ သူ့ကိုသဘောကျအောင်လုပ်ဖို့နည်းလမ်းအကုန်ကြိုးစားခဲ့သည်။ ဒီအကြောင်းကြောင့် သူကတိုင်းပြည်ကိစ္စရပ်များကိုပင်အရေးမစိုက်ခဲ့ပေ၊ ဒါပေမဲ့ သူ့မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတာမို့ အထင်လွဲတာမဟုတ်ဘူး...


ဧကရာဇ်ငယ်လေးကသူ့ကိုတကယ်သိပ်ချစ်တာများလား။


သူတို့အကုန်သတိလျှော့ချလိုက်ချိန်တွင် နောက်ထပ်အေးစက်သောအလင်းရောင်ကကျောက်ကျင်းစစ်၏နောက်ကျောထံဦးတည်လာခဲ့သည်။ ဧကရာဇ်ငယ်လေးကအရင်ဆုံးမြင်သွားကာ မစဥ်းစားဘဲအရှေ့ကပြေးကာကာအော်လိုက်သည်။

"သတိထား!"


ကျောက်ကျင်းစစ်အလွန်လျင်မြန်စွာတုံ့ပြန်ကာ သူ့ကိုချက်ချင်းပွေ့ဖက်လိုက်သည်။ ဧကရာဇ်ငယ်လေးကအနောက်လှည့်ကာ အေးစက်စက်မြှားကိုကပ်သီးလေးရှောင်လိုက်နိုင်သည်။ သူတို့နှစ်ယောက်စလုံးမြဲမြဲမရပ်နိုင်တော့ဘဲ မြေကြီးပေါ်ကျကာ နှစ်ခါလိမ့်သွားသည်။ သူတို့ခန္ဓာကိုယ်တည်ငြိမ်သွားချိန်တွင် ဧကရာဇ်ငယ်လေးကအောက်မှာဖြစ်ပြီး ကျောက်ကျင်းစစ်ကအပေါ်မှာဖြစ်သည်။


ဧကရာဇ်ငယ်လေးကမျက်လုံးဖွင့်လာပြီး သူ၏ပထမဆုံးတုံ့ပြန်မှုကမေးလာခြင်းဖြစ်သည်။

"ကျောက်ချင်းအဆင်ပြေရဲ့လား။"


ကျောက်ကျင်းစစ်မှာဧကရာဇ်ငယ်လေး၏ပေကျံနေသောမျက်နှာကိုရှုပ်ထွေးသောမျက်နှာထားဖြင့်ကြည့်ကာ လက်မြှောက်ပြီး သူ့ခေါင်းပေါ်ကမြက်ပင်ကိုဖယ်ပေးကာ ခပ်နိမ့်နိမ့်ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။"


ဧကရာဇ်ငယ်လေးကသူပြုတ်ကျသွားချိန်တွင်သူ့ပုခုံးကိုပွေ့ဖက်ထားခဲ့ပေမဲ့ ယခုမူ သူ့လက်ဖဝါးများမှာအနည်းငယ်စေးကပ်မှုခံစားလိုက်ရသည်။ သူအလိုလိုလက်ရုတ်ကာ လက်ဖဝါးကိုကြည့်မိတော အနီရောင်တောက်တောက်ကိုမြင်လိုက်ရသည်။


"သွေး...." ဧကရာဇ်ငယ်လေးမှာတမဟုတ်ချင်းဖြူစုတ်သွယးပြီး ကြောက်မက်ဖွယ်တစ်စုံတစ်ရာကိုမြင်လိုက်ရသည့်အလား သူ့မျက်လုံးများမှာဗလာကျင်းသွားကာ သူအသက်ရှုရခက်လာပြီး ခဏအကြာသတိလစ်သွားတော့သည်။


ကျောက်ကျင်းစစ်၏မျက်နှာထားမှာအံ့အားသင့်သွားပြီးမှ သူ့စိတ်အခြေအနေမှာပိုမိုရှုပ်ထွေးလာသည်။


သူခုနကဓားပြကိုသတ်လိုက်တုန်းက မတော်တဆသွေးပေသွားတာကို ဧကရာဇ်ငယ်လေးကသူဒဏ်ရာရသွားတယ်ထင်ပြီးတော့ စိတ်ပူပြီးသတိလစ်သွားတာလား။


_____________________________