သူ့အမိန့်အောက်ရှိတပ်သားများမှာ အမှောင်ထဲတွင်ပုန်းပြီးမြှားပစ်လာခဲ့သည့်ထိုလူ့ကိုပစ််သတ်လိုက်ကြပေမဲ့ ကျောက်ကျင်းစစ်မှာသွားမစစ်ဆေးအားပေ။
သူကဧကရာဇ်ငယ်လေးကိုကောက်ချီကာ ဝေါယာဥ်ဆီခပ်သွက်သွက်လျှောက်သွားပြီး စိုးရိမ်ပူပင်နေသည့်စွင်းတဲ့ချန်ကိုအေးစက်စက်မျက်နှာဖြင့်ပြောလိုက်သည်။
"နန်းတွင်းသမားတော်မခေါ်သေးဘူးလား။"
ဧကရာဇ်ငယ်လေးသတိလစ်သွားတာကိုမြင်လိုက်ရရင်း စွင်းတဲ့ချန်မှာစိုးရိမ်လွန်းလို့တစ်အောင့်ကြာသတိလွတ်သွားသည်။ သတိပြန်ဝင်လာပြီးနောက်
သူအနောက်လှည့်ကာ အော်ပြောလိုက်သည်။
"သမားတော်ကျန်း ဘာလို့အဲ့မှာပတ်တီးစီးပေးနေသေးတာလဲ။ မြန်မြန်လာခဲ့!"
သမားတော်ကျန်းမှာဆေးသေတ္တာကိုကောက်မကာ ပြေးလာပေမဲ့ သူဟာအသက်ကြီးပြီမို့ သူ့ခြေထောက်များမှာသိပ်မကောင်းပေရာ ထော့နဲ့ထော့နဲ့ဖြစ်နေပေသည်။
ကျောက်ကျင်းစစ်တစ်ယောက်ယောက်ကိုသူ့ကိုသယ်လာဖို့တိုက်ရိုက်အမိန့်ပေးကာ တည်တင်းသောမျက်နှာဖြင့်ပြောလိုက်သည်။
"အရှင်မင်းကြီးကိုတစ်ချက်ကြည့်ပေး။"
သမားတော်ကျန်းကဧကရာဇ်ငယ်လေး၏သွေးကြောကိုစမ်းကြည့်နေပြီး တစ်အောင့်ကြာပြီးနောက် သူရုတ်တရက်လေးနက်သွားပုံရကာ ဟင်းခနဲလုပ်လိုက်မိသည်။
ဒါကိုမြင်လိုက်ရသော် စွင်းတဲ့ချန်ချက်ချင်းစိုးရိမ်စွာမေးမိသည်။
"ဘာဖြစ်လို့လဲ။ အရှင်မင်းကြီးတစ်ခုခုဖြစ်လို့လား။"
ကျောက်ကျင်းစစ်၏မျက်နှာထားမှာလည်းသိသိသာသာကိုတင်းမာလို့နေပြီး ဧကရာဇ်ငယ်လေးကိုဆုပ်ကိုင်ထားသည့်လက်မောင်းမှာအလိုလိုအနည်းငယ်တင်းကြပ်သွားရော့သည်။
သမားတော်ကျန်းကတစ်အောင့်ကြာသေချာကြည့်လိုက်ပေမဲ့ ခေါင်းခါကာပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ ကျုပ်အမှားလုပ်မိတာဖြစ်မယ်။"
သူခုနကသွေးကြောစမ်းလိုက်တုန်းက အရှင်မင်းကြီး၏ကိုယ်ထဲမှာအသက်တစ်ခုရှိပုံရသည်ဟုခပ်ဖျော့ဖျော့ခံစားမိလိုက်ပေမဲ့ ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ အရှင်မင်းကြီးကမိန်းမတစ်ယောက်မဟုတ်တာမို့ သူဟာကိုယ်ဝန်မရှိနိုင်။ ကံကောင်းစွာဖြင့် သူသေချာထပ်စစ်ဆေးကြည့်လိုက်တော့ အရာရာတိုင်းကပုံမှန်ပြန်ဖြစ်သွားလေပြီ။ သူစိတ်ထွေပြားပြီး အမှားလုပ်မိတာဖြစ်မယ်။
ကျန်းသမားတော်အိုကြီးကဒီမှာရှိနေပြီး ကျောက်ကျင်းစစ်ရှေ့မှာ သူကဧကရာဇ်ငယ်လေး၏ခြေထောက်ပြဿနာကအကြောင်းမပြောဘဲပြောလိုက်သည်။
"အရှင်မင်းကြီးရဲ့မြင့်မြတ်တဲ့ခန္ဓာကိုယ်ကအဆင်ပြေပါတယ်၊ အထိတ်လန့်လွန်ပြီဖြစ်သွားတာမို့ ဒီသမားတော်အိုကြီး အရှင်မင်းကြီးကိုဆက်သဖို့ ဆေးရည်တစ်ခွက်သွားကျိုလိုက်ပါ့မယ်။"
စွင်းတဲ့ချန်သက်မချကာ အလျင်စလိုပြောမိသည်။
"ဒါဆိုမြန်မြန်သွားကျိုတော့။"
ကျောက်ကျင်းစစ်လည်းအနည်းငယ်စိတ်ပြေလျော့သွားကာ ဧကရာဇ်ငယ်လေးကိုငုံ့ကြည့်မိချိန် သူ့မျက်နှာထားမှာတစ်ဖန်ရှုပ်ထွေးသွားရပြန်သည်။
အကြောက်လွန်သွားတာ? ဧကရာဇ်ငယ်လေးဝေါယာဥ်ပေါ်ကဆင်းလာတုန်းက သူ့မျက်နှာထားကပုံမှန်ပါပဲ၊ သူကြောက်နေပုံမပေါ်ဘူး၊ သူကသူဒဏ်ရာအပြင်းအထန်ရသွားတယ်ထင်ပြီးထိတ်လန့်သွားတာဖြစ်မယ်။
သူကဧကရာဇ်ငယ်လေးကိုလက်မောင်းထဲတွင်ပွေ့လျက်သားဖြင့် တစ်ခုခုတွေးနေသည့်အလား တိတ်ဆိတ်လို့နေသည်။ ဘေးကစွင်းတဲ့ချန်မှာစိတ်မရှည်ဖြစ်လာကာ မနေနိုင်ဘဲပြောမိသည်။
"ဝမ်ရယ်၊ အရှင်မင်းကြီးကိုအောက်ချလိုက်ပါတော့။ ဝမ်ရယ်ကမာကြောတဲ့ချပ်ဝတ်တန်ဆာဝတ်ထားပြီး..."
တစ်ချိန်လုံးပွေ့ထားတော့ အရှင်မင်းကြီးအဆင်မပြေဖြစ်နေပါလိမ့်မယ်။
ကျောက်ကျင်းစစ်ခေါင်းမော့ကာ အနည်းငယ်မကျေမနပ်ဖြစ်သွားသည့်အလား သူ့ကိုမျက်လုံးမှေးစင်းကြည့်လိုက်ပေမဲ့ ဘာမှမဆိုဘဲ အနောက်လှည့်ကာ ဧကရာဇ်ငယ်လေးကိုဝေါယာဥ်ထဲသယ်သွားလိုက်သည်။
သမားတော်ကျန်းဆေးကျိုနေစဥ် သူကတိတ်တခိုးမြှားပစ်လာခဲ့သည့်လူ၏အလောင်းကိုသွားစစ်ဆေးကြည့်ပေမဲ့ မည်သည့်သဲလွန်စမျှရှာမတွေ့ပေရာ သူဘေးကလူကိုအမိန့်ပေးလိုက်သည်။
"ကျင်းလီကိုခိုစာပို့ပြီး အခုတလောဘယ်သူအကြံထုတ်နေလဲစုံစမ်းခိုင်းလိုက်။"
သူ့ဘေးရှိလူကချက်ချင်းအမိန့်ယူသွားပြီး ကျောက်ကျင်းစစ်ခေါင်းလှည့်လိုက်တော့ သိပ်မဝေးသောနေရာကဧကရာဇ်ငယ်လေး၏ဝေါယာဥ်ကိုစောင့်ကြပ်နေသည့်လင်စန်းကိုမြင်သွားကာ ပြောလိုက်သည်။
"ပြီးတော့ ဧကရာဇ်ငယ်လေးဘေးကကိုယ်ရံတော်ကိုပါစစ်ဆေးလိုက်၊ သူ့တကယ့်သရုပ်မှန်ကတော်ဝင်သက်တော်စောင့်ပဲ၊ အဓိကအချက်က သူဟာဧကရာဇ်ငယ်လေးရဲ့အမိန့်ကိုဘဲတကယ်နာခံတာလားဆိုတာကိုစစ်ဆေးကြည့်ဖို့ပဲ။"
"ဓားပြ"ကဲ့သို့သော်မတော်တဆဖြစ်ရပ်မျိုးနှင့်တွေ့ကြုံပြီးနောက် ဧကရာဇ်ငယ်လေးကသတိလစ်သွားပြီး သူကျုံးကျိုးရောက်သွားချိန်တွင် ကျောက်ကျင်းစစ်ကသူ၏သရုပ်မှန်ကိုထုတ်ပြကာ ကျုံးကျိုး၏နယ်စားကိုသူ့ကိုခေါ်သွားပြီး ဒီမှာတစ်ညတာအနားယူဖို့စီစဥ်စေသည်။
သူတို့ကမြို့တော်ကိုရောက်ခါနီးပြီး ဖေးကောကစာအမြန်ပို့ခဲ့သဖြင့် ထိုညမှာခြုံခိုတိုက်ခိုက်မှုကကျင်းဝမ်၏လုပ်ရပ်ဖြစ်ကြောင်းကျောက်ကျင်းစစ်သိလိုက်ရသည်။
ကျင်းဝမ်ကားဧကရာဇ်ငယ်လေး၏ဦးရီးတော်ဖြစ်ပြီး ဉာဏ်ထိုင်းပုံပေါက်ပေမဲ့ တိတ်တခိုးအကြံထုတ်နေသူပင်။
ဒီတစ်ခေါက်သက်သေမရခဲ့သည့်အပြင် ဒီကိစ္စနောက်ကွယ်မှာအခြားလက်သည်များရှိနေသေးသဖြင့် ကျောက်ကျင်းစစ်ဒီကိစ္စကိုခဏတာဘေးပို့ကာ အကြာကြီးငါးဆက်မြှားဖို့စီစဥ်လိုက်သည်။
"အဲ့ဒါအပြင် လင်စန်းရဲ့အခြေအနေကိုလည်းသိခဲ့ရပါပြီ။ သူကဧကရာဇ်ငယ်လေးရဲ့အမိန့်ကိုဘဲတကယ်နာခံတာပါ။ ဝမ်ရယ်ကျွန်တော်တို့ကိုတောင်ကြားမှာလူအင်အားစုခိုင်းတုန်းက သူကခေါင်မိုးပေါ်မှာခိုးနားထောင်ခဲ့တဲ့တစ်ယောက်ပါ။ ကံကောင်းချင်တော့ နောက်ကျဝမ်ရယ်အမိန့်ပြန်ရုတ်သိမ်းခဲ့တယ်လေ။"
အရိပ်သက်တော်စောင့်ကတင်ပြသည်။
ထိုစကားများကြားလိုက်ရချိန်ကျောက်ကျင်းစစ်တောင့်တင်းသွားရသည်၊ အဲ့နေ့တုန်းကဧကရာဇ်ငယ်လေးရဲ့လူတွေကအပြင်မှာရှိနေခဲ့တာလား။
"ဒါပေမဲ့လည်း အရှင်မင်းကြီးကအဲ့အကြောင်းသိပုံမရဘူး၊ အဲ့နေ့ကလင်စန်းဘာမှမကြားလိုက်တာဖြစ်လောက်မယ်။"
အရိပ်သက်တော်စောင့်ကပြောလာပြန်သည်။
ကျောက်ကျင်းစစ်မျက်စိမှိတ်ကာ စားပွဲပေါ်တတောက်တောက်ခေါက်ပြီး စကားမပြောမိပေ။
လင်စန်းသေချာမကြားလိုက်ဘူး၊ ဒါကတကယ်ဖြစ်နိုင်ချေရှိတယ်။
ဒါပေမဲ့နောက်ထပ်ဖြစ်နိုင်ချေတစ်ခုရှိသေးတယ်၊ ဧကရာဇ်ငယ်လေးကသူ့ကိုစွဲလမ်းလွန်းလို့များ.... ဒီကိစ္စကိုသိထားပေမဲ့ ဘာမှမပြောတာများလား။
သူစဥ်းစားနေစဥ် တစ်စုံတစ်ယောက်ကတံခါးအပြင်မှတဆင့် ဧကရာဇ်ငယ်လေးနိုးလာပြီး သူ့ကိုအလျင်စလိုရှာနေသည်ဟုပြောလာသည်။
ကျောက်ကျင်းစစ်၏နှလုံးသားထဲမှာထူးဆန်းသောစိတ်ခံစားချက်တစ်ချက်ဖြတ်ပြေးသွားကာ ရေကန်ထဲကျောက်တုံးပစ်လိုက်သည့်နှယ် လှိုင်းထသွားတော့သည်။
ဘာမှမဆိုဘဲ သူထရပ်ကာ သူ့ဝတ်ရုံကိုဆန့်ပြီး အပြင်ထွက်သွားလိုက်သည်။
လင်ခုံးလုနိုးလာခါစတွင် အနည်းငယ်မိန်းမောနေဆဲဖြစ်ကာ စနစ်ကိုမေးလိုက်မိသည်။
"ငါဘာဖြစ်သွားတာလဲ။"
0687: "မင်းမူးလဲသွားတာ။"
လင်ခုံးလု: "အော်။"
ကျောက်ကျင်းစစ်ကိုယ်ပေါ်ကသွေးကိုသတိရသွားရင်း သူ့နှလုံးသားမှာနာကျင်ကာပြာယာခတ်သွားလေသည်။
ထိုစဥ်ကျောက်ကျင်းစစ်ကအခန်းထဲဝင်လာပေရာ သူစဥ်းပင်မစဥ်းစားဘဲ ချက်ချင်းထထိုင်ကာ တစ်ဖက်လူ၏လက်ကိုဆွဲပြီး မျက်ရည်ဝဲလျက်မေးမိသည်။
"ကျောက်ချင်း၊ အဆင်ပြေရဲ့လား။ မင်းသွေးတွေအများကြီးထွက်နေတာကိုယ်တော်မြင်လိုက်ရတယ်..."
ကျောက်ကျင်းစစ်ကလက်ပြန်မရုတ်သွားပေ၊ သူ့လေသံမှာအရင်ကကဲ့သို့အေးစက်မနေတော့ဘဲ ခေါင်းအသာငြိမ့်ကာပြောလာသည်။
"ဘာမှမဖြစ်ပါဘူး။"
ဒါပေမဲ့လင်ခုံးလုမယုံကြည်ဘဲ ခေါင်းမာမာဖြင့်စစ်ဆေးကြည့်ရန်သူ့ဝတ်ရုံကိုဆွဲတင်လိုက်သည်။
ကျောက်ကျင်းစစ်သက်ပြင်းရှိုက်ကာ သူ၏ဂနာမငြိမ်ဖြစ်နေသည့်လက်ကိုလှမ်းဆွဲပြီး သူ့ပုခုံးပေါ်တင်ပေးကာ တတ်နိုင်သမျှအေးဆေးတည်ငြိမ်စွာပြောလိုက်ရသည်။
"တကယ်ဘာမှမဖြစ်ပါဘူး။"
ဒါပေမဲ့ အဝတ်အလွှာတွေအများကြီးကိုဖြတ်ပြီးသိနိုင်မယ်တဲ့လား။
စဥ်းပင်စဥ်းစားမနေတော့ဘဲ လင်ခုံးလုဝတ်ရုံကော်လာထဲလက်ထည့်ကာ အတွင်းဝတ်ရုံကိုဖြတ်ပြီးအသာထိကြည့်လိုက်တော့ ပတ်တီးစီးထားသည့်အရိပ်အယောင်တကယ်မရှိမှန်းသိလိုက်ရတာမို့ သူသက်မချလိုက်မိသည်။
ကျောက်ကျင်းစစ်မသိမသာအသက်ရှုတန့်သွားရသည်၊ ဧကရာဇ်ငယ်လေး၏လက်မှာသူ့လက်လိုမျိုးကျယ်ပြန့်ကာခွန်အားမကြီးပေမဲ့ ကြောင်လေးတစ်ကောင်၏လက်ဖဝါးနှင့်ကုတ်ခြစ်နေသည့်ပမာ သူ့ပုခုံးကိုယားကျိကျိဖြစ်သွားစေပြီး သူ့ရင်ထဲမှာထူးဆန်းသောခံစားချက်ဖြစ်တည်လာကာ မနေနိုင်ဘဲထိုလက်ဖဝါးလေးကိုဆုပ်ကိုင်ချင်မိသွားသည်။
သူ့မျက်နှာထားမှာသိသိသာသာကိုတစ်အောင့်ကြာတောင့်တင်းသွားပေမဲ့ ဒီခံစားချက်ကိုခပ်မြန်မြန်ဖိနှိပ်ကာ တစ်ဖက်လူ၏လက်ကောက်ဝတ်ကိုလှမ်းကိုင်ကာ ခပ်သွက်သွက်ဆွဲထုတ်လိုက်ရသည်။
လင်ခုံးလုကသူ၏မူမမှန်မှုကိုသတိမထားမိပေရာ သူအဆင်ပြေကြောင်းအတည်ပြုလိုက်ရသဖြင့်စိတ်သက်သာရာရသွားလေသည်။
ထိုစဥ်သမားတော်ကျန်းကဆေးယူလာတာမို့ ဒါကိုမြင်သော်လင်ခုံးလုချက်ချင်းမျက်မှောင်ကြုတ်ကာပြောမိသည်။
"ကိုယ်တော်မသောက်ဘူး။"
သူကသွေးကြောက်ရုံပဲမို့ ဘာမှလုပ်စရာမလိုပါဘူး။
ဒါပေမဲ့ကျောက်ကျင်းစစ်ကသူ့ကိုစိုက်ကြည့်ကာ နူးညံ့သောလေသံဖြင့်စည်းရုံးလာသည်။
"အရှင်မင်းကြီး၊ နဂါးခန္ဓာကိုယ်အတွက်တွေးပေးသင့်ပါတယ်။"
ဒါကိုကြားလိုက်ရချိန်ဧကရာဇ်ငယ်လေးကမျက်လုံးလှိမ့်ပြီး ခပ်မြန်မြန်စိတ်ပြောင်းကာပြောလိုက်သည်။
"ဒါဆိုကျောက်ချင်း ကိုယ်တော့်ကိုတိုက်လေ။"
ကျောက်ကျင်းစစ်ကသူ့ကိုတစ်ချက်ကြည့်လာပုံမှာ 'မင်းမှာလက်မပါဘူးလား?'ဟုပြောချင်သည့်အလား။
ဧကရာဇ်ငယ်လေးကနေမကောင်းချင်ယောင်စဆောင်ကာ အကြောင်းမဲ့ပြဿနာရှာတော့သည်။
"ကိုယ်တော့်ခြေထောက်နာတယ်၊ ကိုယ်တော့်ခြေထောက်နာတယ်...."
ကျောက်ကျင်းစစ်: "....." မင်းလက်နာတာမှမဟုတ်တာ။
သူမထူးခြားမခြားနားဖြစ်နေဆဲဖြစ်ကြောင်းမြင်လိုက်ရရင်း ဧကရာဇ်ငယ်လေးမှာမပျော်မရွှင်ဖြစ်လာကာ သူ့ဝှက်ဖဲကိုထုတ်သုံးလိုက်သည်။
"သာမန်မိသားစုရဲ့ဇနီးတစ်ယောက်က...."
ခပ်ပွန်းကိုကိုယ်တိုင်ဆေးတိုက်လိမ့်မယ်။
ဒီစာသားကိုကြားလိုက်ရသော် ကျောက်ကျင်းစစ်၏မျက်နှာမည်းမှောင်သွားရကာ သမားတော်ကျန်းလက်ထဲကဆေးပန်းကန်လုံးကိုချက်ချင်းလှမ်းယူပြီး ဇွန်းအပြည့်ခပ်ကာ ဧကရာဇ်ငယ်လေးနားကပ်ပေးပြီး မမှုတ်ပေးဘဲ ဖြတ်ပြောလိုက်သည်။
"သောက်။"
ဧကရာဇ်ငယ်လေးကျေနပ်သွားပြီး ကြောင်လေးပမာခိုးပြုံးလိုက်ပေမဲ့ နှုတ်ခမ်းတင်းတင်းစေ့ထားကာပြောလိုက်သည်။
"ပူတယ်။"
ကျောက်ကျင်းစစ်: "...." တော်တော်ပြဿနာရှာတာပဲ။
ဒါပေမဲ့သူဇွန်းကိုပြန်ယူကာ အေးစက်စက်မျက်နှာဖြင့်မှုတ်ပေးပြီး လှမ်းခွံ့လိုက်ပါသေးသည်။
ဒီမြင်ကွင်းကိုမြင်လိုက်ရရာ စွင်းတဲ့ချန်တိတ်တခိုးစိတ်ပူသွားမိသည်: အရှင်မင်းကြီးကဘုရင်ခံမင်းသားအပေါ်တကယ်စိတ်ရှိနေတာများလား။ အရှင်မင်းကြီးဒီလိုပြုမူတာကိုအရင်ကတစ်ခါမှမမြင်ဖူးဘူးရယ်၊ ဒါက.... ဆက်ခံသူမရဖို့များတယ်ဆိုတော့ သူလှုံ့ဆော်ခံလိုက်ရပြီးစိတ်ပြောင်းသွားတာများလား။
ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ နန်းတော်ပြန်ရောက်ရင် ဧကရီမယ်မယ်ကိုသွားမေးရမယ်၊ အိုင်း။
ဆေးသောက်ပြီးနောက် ဧကရာဇ်ငယ်လေးမှာသူချွေးထွက်နေပြီး မတိုင်ခင်ကမြေကြီးပေါ်လိမ့်ကျသွားခဲ့သည့်ဝတ်ရုံကိုမလဲရသေးမှန်းတွေ့ရှိသွားကာ သူ၏အသန့်ကြိုက်မှုပေါ်ထွက်လာပြန်ပြီး သူရေချိုးကာအဝတ်လဲချင်မိသည်။
သူ့စကားများကိုကြားလိုက်ရချိန် ကျောက်ကျင်းစစ်ဇွန်းအောက်ချကာ မျက်နှာအမူအရာကင်းမဲ့စွာပြောလိုက်သည်။
"ဒီအမတ်ထွက်သွားနှင့်ပါ့မယ်။"
သို့သော်လည်း သူထရပ်လိုက်သည်နှင့် သူ့ဝတ်ရုံလက်များမှာလှမ်းဆွဲခံလိုက်ရသဖြင့် ကျောက်ကျင်းစစ်ခေါင်းငုံ့ကြည့်လိုက်တော့ ဧကရာဇ်ငယ်လေးမှာရှက်သွေးဖြာလျက် သူ့လေသံမှာခြင်ပမာတိုးလျစွာဖြင့် "ကျောက်ချင်းကကိုယ်တော်ရေချိုးတာမစောင့်ပေးဘူးလား။"
ကျောက်ကျင်းစစ်၏မျက်နှာမည်းမှောင်သွားရပြန်ကာ သူမငြင်းဆန်နိုင်ခင် တစ်ဖက်လူကပြောလာပြန်သည်ကိုကြားလိုက်ရတော့သည်။
"သာမန်မိသားစုရဲ့ဇနီးတစ်ယောက်က...."
ခင်ပွန်းကိုရေချိုးပြီးအဝတ်လဲပေးလိမ့်မယ်။
ကျောက်ကျင်းစစ်၏နှဖူးမှာသွေးကြောများထောင်လာပြီး ဒီတစ်ခေါက်သူ့ကိုဘာမှပြန်ပြောမနေဘဲ သူ့ဝတ်ရုံလက်ကိုပြန်ဆွဲကာ စွင်းတဲ့ချန်ကိုပြောလိုက်သည်။
"တစ်ယောက်ယောက်ကိုလာခစားခိုင်းလိုက်!"
စွင်းတဲ့ချန်ကသူငြင်းမှာစောင့်နေတာဖြစ်ပေရာ သူအလျင်စလိုပြောလာသည်။
"အိုင်း! ဒါဆို ကျေးဇူးပြုပြီးတော့ ဝမ်ရယ် အရင်။"
အပြင်ထွက်နှင့်ပါ။
သူက"ကျေးဇူးပြုပြီးတော့"ဟူသည့်လက်ဟန်ဖြင့်ပြောလာသည်။
ကျောက်ကျင်းစစ်ထွက်သွားချင်ပေမဲ့ ဧကရာဇ်ငယ်လေးကသူ့ဝတ်ရုံလက်များကိုဆုပ်ကိုင်ထားသည်။ သူခေါင်းငုံ့ကာထပ်ကြည့်လိုက်တော့ ဧကရာဇ်ငယ်လေးကသူ့ဝတ်ရုံလက်များကိုသူ့လက်မောင်းများထဲဆုပ်ကိုင်ထားပြီး သူ့ကိုစိတ်အားထက်သန်စွာကြည့်နေပေကာ သူ့ကိုလွှတ်ပေးမည့်ပုံမရပေ။
ကျောက်ကျင်းစစ်ပင့်သက်ရှိုက်ကာ အနောက်လှည့်ပြီး စွင်းတဲ့ချန်ကိုပြောလိုက်သည်။
"ကတ်ကြေးသွားယူ။"
အဆုံးတွင် "ဇနီး"က"ခပ်ပွန်း"ရေချိုးပြီးအဝတ်လဲတာကိုမစောင့်ပေးဘဲ သူ့ဝတ်ရုံလက်များကိုဖြတ်ပစ်သွားသည်။
သူ၏ဖြတ်ထားသည့်ဝတ်ရုံလက်ဟာလည်းအလွန်ကောင်းသည်ဟု ဧကရာဇ်ငယ်လေးခံစားလိုက်ရပေရာ ဝတ်ရုံလက်ကိုသေချာခေါက်ပြီး ဖွက်ထားလိုက်သည်။
သို့သော် ဝတ်ရုံလက်ကိုဖွက်ပြီးနောက် သူချက်ချင်းခေါင်းငုံ့ကာ စွင်းတဲ့ချန်ကိုပြောလိုက်သည်။
"မောင်မင်းအခုနောက်ပိုင်းတော်တော်ရဲတင်းလာပါလား။ မောင်မင်းကိုဘယ်သူကကိုယ်ပိုင်ဆုံးဖြတ်ချက်ချခိုင်းလို့လဲ။"
စွင်းတဲ့ချန်ကြောက်လွန်းလို့ ကြမ်းပြင်ပေါ်ဒုန်းခနဲဒူးထောက်ချကာ ရင်ထဲတွင်ညည်းတွားလိုက်မိသည်: ခြေထောက်နှစ်ဖက်စလုံးဒဏ်ရာရပြီးကတည်းက အရှင်မင်းကြီးရဲ့စရိုက်ကပိုပိုပြီးမရေမရာဖြစ်လာတာပါလား။
"ဒါပေမဲ့ ဝတ်ရုံလက်တွေကိုကောင်းကောင်းဖြတ်ခဲ့တာပဲ။"
သူ့ရင်အုံထဲမှာဖွက်ထားသည့်ဝတ်ရုံလက်ကိုများထိရင်း ဧကရာဇ်ငယ်လေးကချက်ချင်းတိမ်ထူကာ အပြုံးတစ်ပွင့်ဖြင့်ပြောလာသည်။
ကျောက်ကျင်းစစ်ကဧကရာဇ်ငယ်လေးကိုငြင်းပယ်သွားပြီးနောက် သူထွက်သွားပြီးနောက်ပိုင်းဒေါသထွက်လိမ့်မည်ဟုထင်ထားခဲ့သည်။ သေချာတာပေါ့၊ တစ်အောင့်ကြာတော့ စွင်းတဲ့ချန်တစ်ယောက်ခါးသက်သောမျက်နှာဖြင့်ထွက်လာရသည်။
ကျောက်ကျင်းစစ်ကားခပ်လှမ်းလှမ်းရှိပွဲကြည့်စင်ထဲမှာထိုင်ပြီး အသာလှမ်းကြည့်ပြီးနောက်အကြည့်လွှဲလိုက်ပေမဲ့ သူ့နှလုံးသားမှာအပြင်ပန်းကကဲ့သို့အေးဆေးမနေပေ။
ဒီနေ့မတိုင်ခင်တုန်းကသာဆိုရင် ဧကရာဇ်ငယ်လေးဒေါသထွက််မထွက်ကိုသူအရေးစိုက်လိမ့်မည်မဟုတ်။ ဒါပေမဲ့ ဒီအခိုက်အတန့် သူပွဲကြည့်စင်ထဲမှာထိုင်လျက် အမတ်ပို့လာသည့်အရည်အသွေးမြင့်ရေနွေးကြမ်းသောက်နေရင်း သူတွေးမိသည့်အရာမှာ ဧကရာဇ်ငယ်လေးကိုအလိုလိုပြေးလာပြီးသူ့ကိုကာကွယ်ပေးခဲ့သည့်မြင်ကွင်းဖြစ်သည်။
ပြီးတော့သူတို့လဲကျသွားပြီးနောက် ဧကရာဇ်ငယ်လေးကသူ့အောက်မှာအဖိခံထားရပြီး သူ၏ရှင်းသန့်ကာလှပသောမျက်နှာလေးကဖုန်မှုန်တို့ပေကျံနေပေမဲ့ သူ၏စိတ်ပူမှုနှင့်အကြောက်တရားကိုမဖုံးကွယ်ပေးနိုင်ပေ။
အရင်ဘဝတုန်းကသူ့မိခင်ကြားဖြတ်အသတ်ခံလိုက်ရတာက ဧကရာဇ်ငယ်လေးနှင့်ဘာမှမဆိုင်သည့်အပြင် ဧကရာဇ်ငယ်လေးကသူ့မိခင်ကိုကယ်ဖို့လူလွှတ်ခဲ့သည့်အချက်လည်းပါသည်။
သူ့မှာပိုကောင်းသောသဘောထားရှိသင့်ပေမဲ့ ဧကရာဇ်ငယ်လေးကတကယ်ရယ်စရာကောင်းသည်။
ကျောက်ကျင်းစစ်လက်ထဲမှာရေနွေးကြမ်းခွက်ကိုလှည့်လျက် ခေါင်းငုံ့ကြည့်လိုက်ရာ ဧကရာဇ်ငယ်လေး၏မျက်နှာကကြည်လင်သောရေနွေးကြမ်းထဲမှာပေါ်လာသည်။
သူတစ်အောင့်ကြာအေးခဲသွားရသည်၊ ဧကရာဇ်ငယ်လေးကဘာလို့နေရာတိုင်းမှာရှိနေရတာလဲ။
သူချက်ချင်းထရပ်ကာ ပွဲကြည့်စင်ဆီလျှောက်သွားပြီး ဥယျာဥ်ထဲကရှုခင်းကိုရှုစားလိုက်ပေမဲ့ သူ့စိတ်ထဲကပုံရိပ်မှာရှိနေဆဲပင်။
ကျောက်ကျင်းစစ်မျက်မှောင်ကြုတ်ကာ နောက်ဆုံးတွင်တွေးလိုက်မိသည်:
ထားလိုက်တော့၊ ဧကရာဇ်ငယ်လေးစိတ်ငြိမ်သွားပြီလားသွားကြည့်တာပေါ့။
ဆုံးဖြတ်ချက်ချပြီးနောက် တစ်ခုခုကိုလွှတ်ချလိုက်သည့်အလား စိတ်လက်ပေါ့ပါးသွားတော့သည်။
သူခြေနင်းတုံးများကိုနင်းချကာ ပွဲကြည့်စင်ထဲကထွက်လာခဲ့ပေမဲ့ စကြန်လမ်းထောင့်မှာ နယ်စားဝမ်နှင့်ဆုံသည်။
သူကကပြာကယာပြုံးပြကာ သူနှင့်အရှင်မင်းကြီးကိုကြိုဆိုရန်စားသောက်ပွဲတော်ပြင်ထားပြီး အရှင်မင်းကြီးကသွားနှင့်ပြီဖြစ်ကာ သူ့ကိုသူနှင့်အတူသွားဖို့လာဖိတ်သည်ဟုဆိုသည်။
ကျောက်ကျင်းစစ်ကြားလိုက်ရချိန် သူ၏ပထမဆုံးတုံ့ပြန်မှုကား: ဧကရာဇ်ငယ်လေးရေချိုးတာမြန်လှချည်လား။
သူမျက်မှောင်အသာကြုတ်ကာပြောလိုက်သည်။
"လမ်းပြပါ။"
ဝမ်လူကြီးမင်းမျက်နှာထက်အပြုံးတစ်ပွင့်ရှိနေပေမဲ့ သူတကယ်တော့စိတ်ပူနေခြင်းပင်။ ဧကရာဇ်ငယ်လေးကသူ့တရားစီရင်ပိုင်ခွင့်အောက်ရှိနယ်မြေထဲမှာမတော်တဆဖြစ်သွားသဖြင့် သူ့မှာတာဝန်ရှိတာမို့ မျက်နှာသာရဖို့စားသောက်ပွဲတော်ပြင်ခဲ့တာဖြစ်သည်။
လေပြင်းကိုလက်ခံပြီး ဖုန်မှုန့်ကိုဖယ်ရှားပစ်တာကမှားယွင်းပေမဲ့ စားသောက်ပွဲတော်ကတဆင့် အလှလေးများကိုပေးလိုက်မှသာ "အောင်မြင်မှု"ရနိုင်မှာအမှန်ဖြစ်သည်။
ထို့ကြောင့် ကျောက်ကျင်းစစ်ဟောခန်းမထဲရောက်သွားချိန်တွင် ဧကရာဇ်ငယ်လေးကအဓိကထိုင်ခုံမှာထိုင်လျက် အဆိုနှင့်အကတို့ကိုရှုစားနေပြီး သူ့ဘေးနားမှာအလှလေးနှစ်ယောက်ထိုင်နေတာကိုမြင်လိုက်ရသည်။
သူ့နှုတ်ခမ်းထောင့်များမသိမသာတွန့်သွားရပြီး အေးစက်သောမျက်နှာဖြင့်ဘာမှမဆိုဘဲ ညာဘက်ထောင့်ကိုသွားကာဝင်ထိုင်လိုက်သည်။
လင်ခုံးလုသူ့ကိုမြင်လိုက်ရချိန်တွင် သူ့မျက်လုံးများတောက်သွားပေမဲ့ သူ့ဘေးမှာအခြားလူများရှိနေသဖြင့် သူချုပ်တည်းကာပြောလိုက်သည်။
"ကျောက်ချင်းကဘာလို့ကိုယ်တော်နဲ့ဝေးဝေးသွားထိုင်နေတာတုန်း?"
ကျောက်ကျင်းစစ်သူ့ကိုကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။
"ဒီမှာအရမ်းကောင်းပါတယ်။"
ဒါပေမဲ့ရင်ထဲမှာတွေးလိုက်မိသည်: ငါဘယ်လိုသွားကပ်ထိုင်ရမှာလဲ။ အဲ့အလှလေးနှစ်ယောက်ရဲ့ထိုင်ခုံမှာသွားထိုင်ရမှာလား။
လင်ခုံးလုမှာထိုမိန်းကလေးနှစ်ယောက်ကိုသူ့ဘေးနားမထိုင်စေချင်ပေမဲ့ သူတို့ကထိုင်ပြီးနေပြီမို့သူဘာမှပြောမနေတော့ပေ။
သူနယ်စားဝမ်၏ရည်ရွယ်ချက်များကိုနားလည်သည်။ မကောင်းတဲ့လူမှုရေးနည်းလမ်းဟောင်းကဒီလိုမျိုးပဲ။ အမျိုးသမီးများကသူတို့ကိုယ်သူတို့မပိုင်ပေ။ သူရှက်ရွံ့စေချင်ရင် နယ်စားကိုသာအရှက်ရစေသင့်သည်။ ဒီမိန်းကလေးနှစ်ယောက်ကိုရှက်ရွံ့စေဖို့မလိုအပ်ပေ။
ဒါပေမဲ့ကျောက်ကျင်းစစ်မှာတစ်ခုခုအထင်လွဲသွားလားမသိပေ။ ထိုင်ပြီးနောက် သူ့မျက်လုံးများကအဆိုနှင့်အကပေါ်မှာမရှိဘဲ ဧကရာဇ်ငယ်လေးကိုသာခဏခဏကြည့်နေလေသည်။
ဒါကိုမြင်လိုက်ရသော် ဝမ်လူကြီးမင်းကအခုလေးတင်ကပြီးသွားသည့်အလှလေးနှစ်ယောက်ကိုသွားထိုင်ရန် အလျင်စလိုအချက်ပြလိုက်သည်။
ကျောက်ကျင်းစစ်ကဘာကြောင့်မှန်းမသိဘဲ အေးစက်စက်တစ်ချက်ကြည့်ကာမငြင်းဆန်ပေ။
ဝမ်လူကြီးမင်းစိတ်ထဲမှာသိချင်နေမိသည်: ဝမ်ရယ်ကအလှလေးတွေကိုမကြိုက်ဘူးဆို? သူဘာလို့အရှင်မင်းကြီးဘေးကအလှလေးကိုခဏခဏစိုက်ကြည့်နေရတာလဲ။ ငါသာစောစောသိခဲ့ရင် ဝမ်ရယ်အတွက်အရင်စီစဥ်ပေးခဲ့မှာပေါ့။
အဆုံး၌ ဤသည်ကားတကယ့်အာဏာရှိသည့်တစ်ယောက်ဖြစ်သည်ပင်။
လင်ခုံးလုမြင်လိုက်ရချိန် သူ့မျက်နှာမှာချက်ချင်းစိမ်းဖန့်သွားရသည်။ သူအလှလေးဘေးမှာထိုင်နေတုန်းကဘာမှမခံစားရပေမဲ့ ကျောက်ကျင်းစစ်ဘေးမှာလည်းအလှလေးများသွားထိုင်ကြချိန်တွင် သူ့မျက်လုံးများမှာတမဟုတ်ချင်းမီးတောက်သွားပုံပင်။
ဒါပေမဲ့ သူကသူ့ချစ်ရသူကိုဒေါသမထွက်နိုင်သဖြင့် ရုတ်တရက်တူကိုလွှင့်ပစ်ကာ နယ်စားဝမ်ကိုမည်းမှောင်သောမျက်လုံးများဖြင့်ကြည့်ပြီးမေးလိုက်သည်။
"ဝမ်ရွှမ်းဟိုင်၊ ကိုယ်တော်ကျုံးကျိုးနယ်စပ်မှာဓားပြတွေနဲ့ကြုံရတုန်းကအကြောင်းမောင်မင်းမှာဘာမှပြောစရာမရှိဘူးလား။ မောင်မင်းဘယ်လိုအုပ်ချုပ်နေတာလဲ။"
ဧကရာဇ်ငယ်လေးကပြုံးနေရင်း နောက်တစ်ခဏကျမျက်နှာပြောင်းသွားလိမ့်မည်ဟုဝမ်ရွှမ်းဟိုင်မထင်ထားမိပေရာ ကြောက်လွန်းလို့ ခပ်မြန်မြန်ဒူးထောက်ချကာဖြောင့်ချက်ပေးမိသည်။ ဒါပေမဲ့ သူဒီကိစ္စကိုတကယ်ရှင်းလင်းစွာမရှင်းပြနိုင်။ ကျုံးကျိုးမှာသူခိုးဓားပြများစွာရှိပေမဲ့ ဧကရာဇ်ငယ်လေးမတော်တဆဖြစ်ခဲ့သည့်တောင်မှာတော့တကယ်မရှိပေ။ ဒီလူတွေဘယ်ကရောက်လာမှန်းဘုရားပဲသိလိမ့်မယ်။
ထိုစဥ်ကျောက်ကျင်းစစ်ကအသာဝင်ပြောလာသည်။
"ဒီလူအုပ်ကဓားပြယောင်ဆောင်ထားတာမို့ ဝမ်လူကြီးမင်းမသိတာပုံမှန်ပါပဲ။"
သူဟာဝမ်ရွှမ်းဟိုင်အတွက်ပြောပေးပုံပေါ်ပေရာ ထိုစကားကိုကြားလိုက်ရသော်ဧကရာဇ်ငယ်လေးမှာမပျော်မရွှင်ဖြစ်လာသည်။ သူ့ဘေးမှာထိုင်နေသည့်အလှလေးနှစ်ယောက်ကိုမြင်လိုက်ရရင်း သူနှုတ်ခမ်းစေ့ကာ ရုတ်ခြည်းထရပ်ကာထွက်သွားလိုက်သည်။
ဧကရာဇ်ငယ်လေးထွက်သွားပြီမှန်းဝမ်ရွှမ်းဟိုင်မသိပေရာ သူတုန်တုန်ရီရီိဒူးထောက်နေမိသည်။
ကျောက်ကျင်းစစ်သူ့နားလျှောက်သွားကာ အေးဆေးတည်ငြိမ်သောအမူအရာဖြင်အပြောလိုက်သည်။
"ဝမ်လူကြီးမင်းကလူတွေကိုလက်ဆောင်ပေးပြီး အထက်လူကြီးတွေကိုကျေနပ်စေခြင်းအားဖြင့် ကျုံးကျိုးကိုအုပ်ချုပ်နေတာလား။"
ဝမ်ရွှမ်းဟိုင်ဒါကိုကြားလိုက်ရသော် ပို၍ပင်တုန်ရီသွားရကာ သူ့နှဖူးမှာချွေးစေးများပြန်လာတော့သည်။
"ထုချေလွှာရေးပြီး ကိုယ်တိုင်တောင်းပန်ချည်။"
ကျောက်ကျင်းစစ်၏အသံမှာမပျော့ပြောင်းသကဲ့သို့မာထန်ခြင်းလည်းမရှိဘဲ စိတ်ခံစားချက်စိုးစဥ်းမျှမပါဝင်။
ပြောပြီးနောက် သူလည်းပဲလှည့်ထွက်သွားတော့သည်။
လင်ခုံးလုပင်မနန်းဆောင်ကထွက်လာပြီးနောက် သူ၏မျက်နှာထားမှာမည်းမှောင်လျက်ရှိပြီး သူဟာဥယျာဥ်ထဲမသိလိုက်မသိဘာသာလျှောက်ဝင်သွားမိသည်။
ခုနကဝမ်ရွှမ်းဟိုင်အတွက်ကျောက်ကျင်းစစ်၏စကားက ဝမ်ရွှမ်းဟိုင်ကအလှလေးပို့ပေးခဲ့သောကြောင့်ဖြစ်ရမည်ဟုသူခံစားနေရသည်။
ဒီဝမ်ရွှမ်းဟိုင်ကတကယ်ရွံဖို့ကောင်းတယ်၊ သူ့မှာအစွမ်းအစမရှိဘူး၊ သူကအလှလေးတွေကိုသုံးပြီးမျက်နှာသာယူချင်တာ...အာ၊ မဟုတ်ဘူး၊ ထိုအချိန်တုန်းကသူ့ဘေးမှာအလှလေးနှစ်ယောက်ရှိခဲ့တာပဲလေ။
သူ့ဘေးမှာအလှလေးနှစ်ယောက်ကိုမြင်လိုက်ရတုန်းကကျောက်ကျင်းစစ်ဒေါသထွက်သွားကာ တမင်သက်သက်မငြင်းဆန်ဘဲ သူ့ကိုလှုံ့ဆော်ဖို့ကြိုးစားခဲ့တာဖြစ်ကြောင်း လင်ခုံးလုရုတ်ခြည်းနားလည်သဘောပေါက်သွားသည်။
ဒီတော့ တစ်ဖက်လူကိုလည်းသူ့ကိုကြိုက်နေတာဖြစ်ရမယ်။
သူသည်သူ့ရင်အုံထဲမှာဖွက်ထားသည့်ဝတ်ရုံလက်ပြတ်ကိုထိကာ ချက်ချင်းပျော်ရွှင်သွားရပြန်ပြီး ပြန်သွားဖို့ကြံရွယ်လိုက်သည်။ ဒါပေမဲ့ သူအနောက်လှည့်လိုက်သည်နှင့် ကျောက်ကျင်းစစ်ကသူ့အနောက်ခပ်လှမ်းလှမ်းမှာရပ်ကာ သူ့ကိုကြည့်နေမှန်းသူမြင်လိုက်ရသည်။
ဆိုတော့သူထွက်လာတာနဲ့ တစ်ဖက်လူကလည်းထွက်လာခဲ့တာလား။
လင်ခုံးလုပို၍ပင်ပျော်ရွှင်သွားရကာ သူ၏ပျော်ရွှင်မှုကိုဖိနှိပ်ပြီး ရှေ့တိုးကာမေးလိုက်သည်။
"ကျောက်ချင်း...သဝန်တိုနေတာလား။"
သူခုနကစိတ်သောကရောက်နေပုံရတာကိုကျောက်ကျင်းစစ်မြင်လိုက်ရကာ သူ့ကိုသွားနှစ်သိမ့်ရင်ကောင်းမလားဟုချိတုံချတုံဖြစ်နေမိပေမဲ့ သူဒီစကားရုတ်တရက်ပြောလာမည်ဟုမထင်ထားမိပေရာ သူတစ်အောင့်ကြာအနည်းငယ်အံ့သြသွားမိသည်။
လင်ခုံးလု: "ကိုယ်တော်သိတယ်၊ ကျောက်ချင်းကကိုယ်တော့်ဘေးကအလှလေးနှစ်ယောက်ကြောင့် ကိုယ်တော့်ကိုရန်စဖို့တမင်ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပဲ။"
ကျောက်ကျင်းစစ်ပါးစပ်ဟလိုက်ပေမဲ့ ဘာပြောရမည်မှန်းတစ်အောင့်ကြာမသိလေတော့။
လင်ခုံးလု: "စိတ်ချပါ၊ ကိုယ်တော်ကသူတို့ကိုသနားရုံပဲ၊ ကိုယ်တော်ကမင်းကိုပဲသဘောကျတာ။"
ကျောက်ကျင်းစစ်နှုတ်ဆိတ်လျက်၊ ဒီတစ်ခေါက်ဘာပြောရမယ်မှန်းသူတကယ်မသိလေတော့။
"ကိုယ်တော်သေချာပေါက်ကျောက်ချင်းကိုလက်ထပ်မယ်။"
လင်ခုံးလုကတိပေးလိုက်ပြန်သည်။
"ကိုယ်တော်ကဘုရင်မဖြစ်သေးပေမဲ့ ကိုယ်တော်ဘုရင်ဖြစ်လာတဲ့အခါကျရင် ကိုယ်တော်မင်းကိုသေချာပေါက်ကြင်ယာတော်အဖြစ်တင်မြှောက်မယ်။ အဲ့ဒီ့အချိန်မရောက်မချင်း ကိုယ်တော်မင်းအတွက်အဲ့ရာထူးကိုထိန်းသိမ်းထားမှာပါ။"
ကျောက်ကျင်းစစ်: "...." ဘာလို့ဒီစကားတွေကဆန်ကုန်မြေလေးတစ်ယောက်ကအမျိုးသမီးကောင်းလေးကိုချော့မြူနေတာနဲ့တူနေတာပါလိမ့်?
သူတစ်အောင့်ကြာတွေးကာမေးမိသည်။
"အရှင်မင်းကြီးခုတလောဘာစာအုပ်ဖတ်လဲ။"
"အာ? မဖတ်ပါဘူး၊ ကျောက်ချင်းပဲအကုန်လွှင့်ပစ်လိုက်တယ်မလား။"
လင်ခုံးလုမှာဖမ်းစားခံလိုက်ရသည့်နှယ်။
ကျောက်ကျင်းစစ်တစ်ခဏကြာတိတ်ဆိတ်သွားရကာ ရုတ်တရက်အကြုံပြုလိုက်သည်။
"အရှင်မင်းကြီး၊ သမားတော်ကျန်းကိုအရှင်မင်းကြီးရဲ့ခေါင်းကိုကြည့်ခိုင်းလိုက်ပါလား။"
လင်ခုံးလု: "....." ဘောပဲ၊ သူကငါ့ကိုဦးနှောက်ပြဿနာရှိတယ်ဆိုပြီးပြောနေတာပဲ။
0687: "...." အချစ်ကူအဆိပ်ရဲ့လွှမ်းမိုးမှုအောက်မှာ Hostကကြုံတောင့်ကြုံခဲတစ်ခေါက်တော့ကျိုးကြောင်းဆီလျော်သွားပြီပဲ။
ဒါပေမဲ့မကြာခင် သူမပျော်မရွှင်ဖြစ်သွားကာပြောမိသည်။
"ကျောက်ချင်းကိုယ်တော့်ကိုမယုံဘူးပေါ့?"
ကျောက်ကျင်းစစ်ကစကားမပြောဘဲ သူ့ကိုကြည့်ရုံသာကြည့်နေသည်။
"ဒါဖြင့်ရင်ကျောက်ချင်းဒေါသထွက်နေတာလား။"
လင်ခုံးလုနှုတ်ခမ်းစေ့ကာ အနည်းငယ်ယုံကြည်ချက်ရှိစွာပြောလိုက်သည်။
"ကိုယ်တော်ခုနကကျောက်ချင်းကိုဒေါသထွက်အောင်လုပ်ဖိူ့မရည်ရွယ်ခဲ့ပါဘူး၊ ကိုယ်တော်ကဒီအတိုင်း....ကျောက်ချင်းကိုအရမ်းကြိုက်လွန်းလို့ ကိုယ်တော်မထိန်းချုပ်နိုင်ခဲ့တာပါ။"
ထိုစကားများကိုကြားလိုက်ရချိန်ကျောက်ကျင်းစစ်တောင့်တင်းသွားရသည်၊ အဲ့လောက်တောင်ကြိုက်တာလား။
ဒါကဧကရာဇ်ငယ်လေးသူ့အချစ်ကိုဖွင့်ဟဝန်ခံတာပထမဆုံးအကြိမ်မဟုတ်ပေမဲ့ ဒီတစ်ခေါက်မှာအနည်းငယ်ကွဲပြားသွားသယောင်။
သူတစ်အောင့်ကြာတွေးလိုက်ပေမဲ့ နောက်ဆုံးမှာမတုံ့ပြန်ဘဲ သူ့လေသံကိုအနည်းငယ်နှေးချကာပြောလိုက်သည်။
"အေးလာပြီ၊ အရှင်မင်းကြီးပြန်သွားပြီးအနားယူသင့်ပြီ။"
သူဒေါသမထွက်တော့မှန်းလင်ခုံးလုသိလိုက်ကာ သူပျော်ရွှင်သွားရပြန်သည်။ သူပျော်ရွှင်နေချိန် တစ်လက်မပိုယူကာပြောလိုက်သည်။
"အဲ့ဒါဆိုကျွန်တော့်ကိုကျောပိုး။"
ရိုးရိုးအားပေးနှစ်သိမ့်လိုက်သည့်စကားတစ်ခွန်းကဧကရာဇ်ငယ်လေးကိုဤမျှပျော်ရွှင်သွားကာ သူ့ကိုယ်သူ"ကိုယ်တော်"ဟုသုံးနှုန်းရန်ပင်မေ့သွားစေလိမ့်မည်ဟု ကျောက်ကျင်းစစ်မထင်ထားမိပေရာ ထူးဆန်းစွာခံစားလိုက်ရပြန်သည်။
သူမတုံ့ပြန်ကြောင်းမြင်လိုက်ရသော် သူဆန္ဒမရှိဟုလင်ခုံးလုထင်ကာ ထပ်ပြောလိုက်ပြန်သည်။
"ကိုယ်တော့်ခြေထောက်နာတယ်၊ ကိုယ်တော့်ခြေထောက်နာတယ်...."
ကျောက်ကျင်းစစ်မှာဧကရာဇ်ငယ်လေး၏ခြေထောက်ကိုငုံ့ကြည့်ကာ မေးလိုက်မိသည်။
"တကယ်နာတာလား။"
လင်ခုံးလုခေါင်းငြိမ့်ပြလိုက်ပြီး စောဒကတက်နေသည့်အလား သူ့လေသံမှာရန်လိုနေပေသည်။
"အဲ့နေ့တုန်းကခင်ဗျားကျွန်တော့်ကိုနှင်းတောထဲကအချိန်မီမဆွဲထုတ်ခဲ့တာမို့ဖြစ်လောက်မယ်။"
သူကသူ့ကိုယ်သူ"ကိုယ်တော်"ဟုသုံးနှုန်းရန်မေ့သွားပြန်သည်။
ကျောက်ကျင်းစစ်၏မျက်လုံးများမသိမသာလှုပ်ခတ်သွားကာ သူ့ခြေထောက်များကိုနှိပ်ပေးခဲ့သည့်ထိုညတုန်းကသူခံစားမိလိုက်သည့်အေးစိမ့်မှုကိုတွေးမိရင်း မထင်မှတ်ထားစွာဖြင့် သူတကယ်ကြီးအနောက်လှည့်ကာ ဆောင့်ကြောင့်ထိုင်ပြီးပြောလိုက်သည်။
"တက်။"
သူတကယ်သဘောတူလိမ့်မည်ဟုလင်ခုံးလုမထင်ထားမိပေရာ သူ့မျက်လုံးများမှာအံ့အားသင့်မှုတို့ပြည့်သွားရပေမဲ့ သူတကယ်တက်ရတော့မည်ဆိုသော် အနည်းငယ်ချိတုံချတုံဖြစ်ကာရှက်ရွံ့နေမိသည်။
"မနာတော့ဘူးလား။"
ကျောက်ကျင်းစစ်မှာလည်းနောင်တရသွားပုံရသည်။
လင်ခုံးလု"နာတယ်"ဟုခပ်သွက်သွက်ဆိုကာ ချက်ချင်းကျောပေါ်တက်လိုက်သည်။
ကျောက်ကျင်းစစ်မှာပိန်သွယ်သောခန္ဓာကိုယ်ရှိပြီး ပိန်ပါးသယောင်ရှိပေမဲ့ သူ၏ပုခုံးများမှာဧကရာဇ်ငယ်လေးထက်အတော်လေးပို၍ကျယ်ပြန့်နေဆဲပင်။
သူကဧကရာဇ်ငယ်လေးကိုကျောပိုးလျက် ခြေလှမ်းမှန်မှန်လျှောက်ကာ ခပ်တိုးတိုးအသိပေးလိုက်သည်။
"အရှင်မင်းကြီးခုနကအသုံးအနှုန်းနှစ်ခါမှားသုံးလိုက်တယ်၊ နောက်ကျဂရုစိုက်။"
လင်ခုံးလုမှာသူ့ကျောပိုးတွင်လှဲလျက်သားဖြင့် သူ့နှလုံးသားမှာပျော်ရွှင်မှုတို့ပြည့်လျှံသွားကာ မတုံ့မဆိုင်းပြောလိုက်သည်။
"ကိုယ်တော်ကမင်းနဲ့ဒီလောက်နီးကပ်တာမို့ ဘယ်နှခေါက်မှားသုံးသုံးကိစ္စမရှိဘူးလေ။"
တစ်အောင့်ကြာသော်သူပြောလိုက်ပြန်သည်။
"ကျောက်ချင်းနဲ့နှစ်ယောက်ထဲရှိတဲ့အခါကျရင် ကျွန်တော်ကိုယ့်ကိုယ်ကို'ကျွန်တော်'လို့ဘာလို့မသုံးရမှာလဲ၊ ကျွန်တော်ခင်ဗျားကိုကျောက်ချင်းလို့အမြဲခေါ်တာက မရင်းနှီးရာရောက်တော့....."
သူတစ်အောင့်ကြာတွေးကာ ရုတ်တရက်ပျော်ရွှင်စွာပြောလိုက်သည်။
"ကျွန်တော်ခင်ဗျားအားစစ်လို့ခေါ်မယ်လေ၊ ခင်ဗျားလည်းကျွန်တော့်ကိုနာမည်ပြောင်သုံးပြီးခေါ်လို့ရတယ်။"
သူပြောပြီးသွားသော် ထိုအကြောင်းတွေးလေလေ ပျော်ရွှင်လာလေလေပင်၊ သူမနေနိုင်ဘဲ"အားစစ်၊ အားစစ်"ဟုအခေါက်ပေါင်းများစွာထပ်ခါတလဲလဲခေါ်မိသည်။
ဧကရာဇ်ငယ်လေး၏အသံမှာကြည်လင်ရှင်းသန့်ပေမဲ့ သူ့ချစ်ရသူ၏နာမည်ကိုခေါ်ချိန်တွင် အနည်းငယ်ချွဲလို့နေကာ အဆုံးသတ်မှာလျှာဖျားမှလိမ့်ထွက်လာပြီး လူတစ်ယောက်၏နှလုံးသားထဲချိတ်လိုက်သည့်အလား ငြိတွယ်ကာရုန်းထွက်မရဖြစ်စေသည်။
သူ့နာမည်ကိုဒီလောက်အမြတ်အနိုးခေါ်လို့ရမှန်း ကျောက်ကျင်းစစ်ပထမဆုံးအကြိမ်သိလိုက်ရသည်။
သူရပ်ခိုင်းချင်ပေမဲ့ အကြောင်းမဲ့စွာနှုတ်ဆိတ်နေမိသည်။
နှစ်ရက်ကြာပြီးနောက် နန်းတော်ပြန်ရောက်လာချိန် အမတ်အားလုံးကဒူးထောက်ကာသူ့ကိုကြိုဆိုကြသည်။
နောက်တစ်နေ့ကျတော့ ဧကရာဇ်ငယ်လေးထံကန့်ကွက်ချက်များကိုတောင်တန်းပမာယူဆောင်လာပြီး အကြောင်းအရာအားလုံးမှာကြေကွဲစရာကောင်းလှပြီး "'ရွှေထောင်ပေါင်းများစွာတန်တဲ့သားတော်ကဒီအတိုင်းထိုင်နေလို့မရ'၊ အရှင်မင်းကြီးကအမတ်တွေကိုဘာမှမပြောဘဲ စိတ်တိုင်းကျပြုမူပြီးနယ်စပ်ကိုမပြေးသွားသင့်ပါဘူး။"ဆိုသည့်စာသားများဖြစ်သည်။
လင်ခုံးလု: "အာ။"
သူကျောက်ကျင်းစစ်ကိုမမြင်ရရင် သူကားအတော်လေးပုံမှန်ဖြစ်သည်။ အစီအရင်ခံစာများကိုလှန်လှောကြည့်ပြီးနောက် သူစွင်းတဲ့ချန်ကိုပြောလိုက်သည်။
"ဘုရင်ခံမင်းသားဆီပို့ပြီးအတည်ပြုခိုင်းလိုက်။" ဘာပဲဖြစ်ဖြစ် အရေးကြီးကိစ္စမှမဟုတ်တာ။
သူသည်မနေ့ညကသူ၏ဧကရီမယ်တော်ထံမှထိုအကြောင်းပြောရန်အခေါ်ခံခဲ့ရသဖြင့် အမတ်တို့ပြောတာကိုသူတကယ်နားမထောင်ချင်ပေ။
စွင်းတဲ့ချန်မှာစိတ်ပူနေပြီး ကျုံးကျိုးတွင်တစ်ညတာအချိန်ဖြုန်းပြီးနောက်ပိုင်းမှာ ဧကရာဇ်ငယ်လေးနှင့်ဘုရင်ခံမင်းသားတို့တစ်ခုခုဖြစ်နေသည်ဟုခံစားလိုက်ရသည်။
ဧကရာဇ်ငယ်လေးမှာအရင်ကဘုရင်ခံမင်းသားထံမှအာဏာလိုချင်သည့်အကြံရှိခဲ့ပေမဲ့ ယခုမူ သူကတကယ်ကြီးလက်ဦးမှုရယူပြီးတော့ တစ်ဖက်လူဆီအစီအရင်ခံစာပို့ပြီး အတည်ပြုပေးစေချင်တယ်တဲ့လား။
"ဒါနဲ့ ဘုရင်ခံမင်းသားအခုရက်ပိုင်းဘာလုပ်နေလဲ။"
တိုင်းပြည်ကိစ္စမပါဘဲ လင်ခုံးလုကဝတ္ထုစာအုပ်များစဖတ်နေပေမဲ့ သူ့ဟာတစ်စုံတစ်ယောက်ကိုအချိန်နှင့်အမျှတွေးနေမိသည်။
စွင်းတဲ့ချန်ကချက်ချင်းရိုကျိုးစွာပြောလာသည်။
"လျို့ဝှက်သက်တော်စောင့်ဆီကသတင်းအရဆိုရင် သူတို့ကကျင်းဝမ်နဲ့နန်းတွင်းသက်တော်စောင့်အကြောင်းတစ်ခုခုလိုက်စုံစမ်းနေပုံရတယ်။"
လင်ခုံးလုချက်ချင်းမျက်မှောင်ကြုတ်ကာ မသာမယာပြောမိသည်။
"မောင်မင်းကိုဘယ်သူကသူ့ကိုစောင့်ကြည့်ခိုင်းလို့လဲ။"
စွင်းတဲ့ချန်၏နှလုံးသားတင်းကြပ်သွားပေမဲ့ တစ်ဖက်လူအပြောကိုကြားလိုက်ရပြန်သည်။
"ဒါပေမဲ့စောင့်ကြည့်နေတာကောင်းပါတယ်။ မှတ်ထား၊ သူကဆောင်ကြာမြိုင်တစ်ခုခုသွားလို့ရှိရင် ကိုယ်တော့်ကိုအချိန်မီတင်ပြရမယ်။"
စွင်းတဲ့ချန်၏မျက်နှာအိုကြီးမှာပြိုလဲသွားရသည်၊ ကောင်းရော၊ သူတို့နှစ်ယောက်ကြားမှာဘာမှမရှိဘူးဆိုရင် သူ့မျက်လုံးတွေကိုကလော်ပြီး စကျင်ကျောက်အဖြစ်သုံးလိုက်တော့မယ်။
ဧကရာဇ်ငယ်လေးကဘုရင်ခံမင်းသားကိုတကယ်ချစ်ပုံရသည်။ ထိုနောက်ပိုင်း သူဘာလုပ်လုပ် သူကသူ့အကြောင်းပြောလိမ့်မည်ပင်။
အကြိုက်ဆုံးစားစရာစားချိန် "ဒါကောင်းတယ်၊ ဘုရင်ခံမင်းသားဆီတစ်ပွဲပို့လိုက်"ဟုဆိုကာ ဧကရီမယ်တော်ဆီကအဖိုးတန်တဲ့ပစ္စည်းတစ်ခုခုရလာရင် "ဘုရင်ခံမင်းသားဆီပို့လိုက်"ဟုဆိုတတ်ပြီး တိရစ္ဆာန်ဥယျာဥ်မှာချစ်စရာယုန်လေးနှစ်ကောင်တွေ့တော့ "ဒါလေးကချစ်စရာလေး၊ ဘုရင်ခံမင်းသားဆီတစ်ကောင်ပို့လိုက်"ဟုဆိုသည်။
အပ်ချုပ်ဌာနကအစေခံမိန်းကလေးကဧကရာဇ်ငယ်လေးကိုအတွင်းဝတ်ရုံချုပ်ပေးရန် ကိုယ်တိုင်းလာတိုင်းချိန်တွင်တောင် "ဘုရင်ခံမင်းသားအခုတလောအဝတ်အစားချုပ်လား။ ဘာလို့သူ့အတွက်လည်းဝတ်စုံအနည်းငယ်မချုပ်ပေးတာလဲ။"ဟုပြောပါသေးသည်။
ဒီတော့ ကျောက်ကျင်းစစ်တစ်ယောက်ရက်အနည်းငယ်ကြာအောင်ကျင်းဝမ်နှင့်နန်းတွင်းသက်တော်စောင့်အကြောင်းစုံစမ်းပြီးပြန်လာချိန်တွင် သူ့နန်းဆောင်မှာစားစရာနှင့်အဝတ်အထည်အပါအဝင် ဧကရာဇ်ငယ်လေးပေးအပ်(ပို့)လိုက်သည့်ပစ္စည်းများအပုံလိုက်ရှိနေကြောင်း သူရုတ်တရက်တွေ့လိုက်ရတော့သည်။
"အရှင်မင်းကြီးကအရင်ရက်တွေထဲကဝမ်ရယ်အကြောင်းတွေးနေတာ။ စားချိန်ကော၊ အစီရင်ခံစာဖတ်ချိန်ကော၊ အိပ်ချိန်မှာပါတွေးလေ့ရှိတယ်။ သူသဘောကျတာတစ်ခုခုမြင်ရင် သူကချက်ချင်းဝမ်ရယ်ကိုတွေးမိပြီး ဒီအစေခံအိုကြီးကိုဝမ်ရယ်ဆီပို့ခိုင်းပါတယ်။"
စွင်းပစ္စည်းပို့ဖို့တာဝန်ကျသည့်ချန်ကပြုံးလိုက်သည်။
သူသည်ဧကရာဇ်ငယ်လေးကဘုရင်ခံမင်းသားကိုသဘောကျတာကိုသဘောမတူပေမဲ့လည်း ယခုတော့ဖြင့်ဧကရာဇ်ငယ်လေး၏မျက်လုံးထဲမှာတစ်ဖက်လူနှင့်ပြညိ့နေပေရာ သူ့အရှင်သခင်၏အတွေးများကိုအလဟဿဖြစ်ခွင့်မပေးချင်ပေ၊ ဘယ်သူကမှသူ့ရည်ရွယ်ချက်ကိုမသိ။
အနည်းဆုံးတော့ ဘုရင်ခံမင်းသားသိထားသင့်သည်။
ကျောက်ကျင်းစစ်သူ့ကိုပြန်သွားခိုင်းလိုက်ပြီး ပစ္စည်းပုံထဲမှလောက်လေးခွလေးနှင့်သစ်သားဓားလေးကိုယူကြည့်လိုက်သည်။
ဒါတွေအားလုံးကဧကရာဇ်ငယ်လေးငယ်ငယ်တုန်းကအရုပ်များဖြစ်သည်။ တချို့မှာအရင်ဧကရာဇ်ငယ်ကိုယ်တိုင်သူ့အတွက်လုပ်ပေးခဲ့တာဖြစ်သည်။ ၎င်းတိူ့မှာဧကရာဇ်ငယ်လေးတကယ်အမြတ်တနိုးတန်ဖိုးထားသည့်အရာများဖြစ်သည်။ ၎င်းတို့ကိုသူ့ကိုပေးကာ ချစ်ခြင်းမေတ္တာ၏နက်ရှိုင်းမှုကိုဖော်ပြလာသည်။
ကျောက်ကျင်းစစ်မနေနိုင်ဘဲပြုံးလိုက်မိသည်။ သူငယ်ငယ်တုန်းကနယ်စပ်မှာကြီးပျင်းခဲ့ရပြီး အန်းဘုရင်ကသူ့အပေါ်အလွန်တင်းကြပ်သည်။ သူငယ်ငယ်ကတည်းက လူသတ်ရန်လေးနှင့်ဓားကိုကိုင်ခဲ့ရသည်။ သူဟာယင်းကဲ့သို့သေးငယ်သောကစားစရာလက်ဆောင်များတစ်ခါမှမရဖူးပေ။ ဒါကသူပထမဆုံးအကြိမ်ရတာဖြစ်ပြီး သူအနည်းငယ်လန်းဆန်းသွားရသည်။
သူဒီရက်ပိုင်းနန်းတော်ထဲမဝင်ဖြစ်ခဲ့ပေမဲ့ ဧကရာဇ်ငယ်လေးထံမှစာလွှာများမကြာခဏရလေ့ရှိပြီး တစ်ခါတရံတစ်ရက်ကိုအများကြီးရသည်။
စာလွှာ၏အကြောင်းအရာမှာဘာမှမဟုတ်ပေ။ အစကအလွန်ပုံမှန်ဖြစ်ပြီး "စားပြီးပြီလား။"၊ "ဘာလုပ်နေလဲ။"နှင့်"နန်းတော်ထဲဘယ်တော့ဝင်မှာလဲ။"ဟုမေးတတ်ပေမဲ့ အတော်ကြာတော့ ဧကရာဇ်ငယ်လေးမှာဘာပြောရမယ်မှန်းသိတော့ပုံပင်၊ စာလွှာက "တစ်ရက်လောက်မတွေ့ရပေမဲ့ အရူးအမူးတွေးနေမိတယ်။"အစရှိသဖြင့်ပြောင်းလဲသွားသည်။
အတိတ်မှာတုန်းကသာဆိုရင် ကျောက်ကျင်းစစ်သည်းမခံနိုင်တော့ဘဲ နန်းတော်ထဲဝင်ကာ ဧကရာဇ်ငယ်လေးကိုသင်ခန်းစာပေးမိလိမ့်မည်ပင်။
ဒါပေမဲ့အခုတော့ အကြောင်းတချို့ကြောင့် သူစာလွှာတိုင်းကိုတစ်လုံးချင်းဖတ်လေ့ရှိပြီး သူဖတ်နေစဥ် သူ့နှုတ်ခမ်းထောင့်များမှာအလိုလိုကော့တက်နေလိမ့်မည်ဖြစ်ကာ စာကြည့်စားပွဲရှေ့မှာလှဲကာစာလွှာထိုင်ရေးနေချိန် ဧကရာဇ်ငယ်လေး၏ရှက်သွေးဖြန်းနေသောပါးပြင်များ၏ပုံရိပ်ကသူ့စိတ်ထဲမှာပေါ်လာသည်။
ကျောက်ကျင်းစစ်သူ၏သေးငယ်သောလေးနှင့်ဓားကိုအောက်ချကာ သူ့လက်မောင်းကြားထဲကစာလွှာကိုထုတ်ပြီး ၎င်းတို့ကိုသူ့လက်ချောင်းထိပ်ဖြင့်ညင်သာစွာပွတ်သပ်ကာ အလိုလိုဖြန့်ကြည့်မိပြန်သည်။
ဧကရာဇ်ငယ်လေးကသူ့ကိုဆိုးဆိုးဝါးဝါးချစ်ခဲ့တာပဲ၊ ဒါပေမဲ့....ဆိုးဝါးတဲ့အရာဖြစ်ပုံမပေါ်ဘူး။
သူဘယ်တုန်းကစိတ်ပြောင်းသွားမှန်းကျောက်ကျင်းစစ်မသိပေ။ အရင်ဘဝတုန်းကသူ့မိခင်ကိုကြားဖြတ်သတ်ပစ်ရာတွင်ပါဝင်ခဲ့သူများဟာတကယ်တမ်းတော်ဝင်သက်တော်စောင့်ထဲမှာကျင်းဘုရင်ထားခဲ့ခြင်းဖြစ်ကာ ဧကရာဇ်ငယ်လေးနှင့်လုံးဝမဆိုင်ကြောင်းသူသိပြီးပြီဖြစ်သည်။
ဧကရာဇ်ငယ်လေးကသူ့ကိုသဘောကျတယ်၊ အခုဆိုရင်သူကလည်းဧကရာဇ်ငယ်လေးကိုသဘောကျနေပြီ။
ဖြစ်ကောင်းဖြစ်နိုင်တာက၊ သူတစ်ဖက်လူကိုသိခွင့်ပေးသင့်တယ်။
ကျောက်ကျင်းစစ်ထိုချစ်သဝဏ်လွှာများကိုသိမ်းကာ ရုတ်တရက်မနက်ဖြန်ကိုစောင့်နေမိသည်။
ဧကရာဇ်ငယ်လေးသူ့ကိုမတွေ့ရတာရက်တော်တော်ကြာပြီဆိုတော့ မနက်ဖြန်သူ့ကိုနန်းတော်ထဲမှာမြင်လိုက်ရရင် သူတော်တော်လေးအံ့သြသွားလောက်မယ်မလား။
ရှို့ခန်းနန်းဆောင်ထဲမှာ ဧကရီမယ်တော်ကဒီနေ့ဧကရာဇ်ငယ်လေးကိုခေါ်ဆူပြန်သည်။
"အရှင်မင်းကြီးဒီရက်ပိုင်းအရေးကြီးတဲ့ကိစ္စတွေကိုမလုပ်ဘဲ ကြောင်တွေနဲ့ဆော့ပြီး ခွေးနဲ့လမ်းလျှောက်ထွက်တယ်ဆို?"
သူ၏မယ်တော်အရင်းရှေ့တွင် ဧကရာဇ်ငယ်လေးကောက်ကျစ်စဥ်းလဲချင်ယောင်ဆောင်ရတာအမြဲသဘောကျပြီး သူသင်ခန်းစာပေးခံရချိန်မှာလိမ်လိမ်မာမာနားထောင်ကာ တစ်လုံးမှခွန်းတုံ့ပြန်လေ့မရှိပေ။
သူ့ကိုဒီလိုမြင်လိုက်ရရာ ဧကရီမယ်တော်မှာပို၍ပင်ဒေါသထွက်လာပေမဲ့ ကူကယ်ရာမဲ့စွာသက်ပြင်းချမိသည်။
"မင်းကနန်းတက်မဲ့အခမ်းအနားဆောင်ရွက်ရတော့မှာ၊ မကြာခင်မင်းဘုရင်ဖြစ်တော့မယ်။ ဘာလို့အရင်ကလိုမနေတော့တာလဲ။ ဒါနဲ့ အိုင်းမိသားစုမင်းကိုပို့လိုက်တဲ့ဓာတ်ပုံတွေကိုကြည့်ပြီးပြီလား။ ဘုရင်ဖြစ်ပြီးရင် မင်းကိုယ်လုပ်တော်ချက်ချင်းရွေးရမယ်၊ မင်းသဘောကျတဲ့မိန်းကလေးရှိလား။"
"အာ?"
လင်ခုံးလုကြောင်အမ်းသွားတော့သည်။
___________________________________
နှစ်ပိုင်းစာစာလုံးရေ၇၀၀၀ကျော်တယ်ရော်။ အဝဖတ်၊ မဝရင်ကိုယ့်ကိုသာလာဖက်တော့~
_____________________________________