Chapter(32)
Viewers 10k

လင်ခုံးလုအလွန်အံ့သြသွားရသည်။ ပထမတစ်ခေါက်တုန်းက ဧကရာဇ်မယ်တော်ကကိုယ်လုပ်တော်ရွေးချယ်ခြင်းနှင့်ပတ်သတ်ပြီးတစ်ခါမှပြောမလာဖူးပေ။


သူသေချာတွေးကြည့်လိုက်တော့ အကြောင်းရင်းကိုအကြမ်းဖျင်းခန့်မှန်းမိလိုက်သည်။ ပထမတစ်ခေါက်ဒီအချိန်တုမ်းက သူဟာဘုရင်ခံမင်းသားကိုဆွဲဆောင်ရန်အကောင်းဆုံးကြိုးစားနေခဲ့သဖြင့် နန်းတော်ထဲကလူတိုင်းသိကြပြီး ကျောက်ကျင်းစစ်မှာဘာညှို့အားရှိနေလို့လဲ၊ ဒါမှမဟုတ် ဧကရာဇ်ငယ်လေးကရူးနေလောက်သည်ဟုသံသယဝင်နေခဲ့ကြသည်ပင်။


ထိုအချိန်တုန်းကဧကရာဇ်မယ်တော်ကဒေါသထွက်လွန်းလို့သွေးအန်ခဲ့ရသည်၊ သူမကိုယ်လုပ်တော်ရွေးတဲ့ကိစ္စနှင့်ပတ်သတ်ပြီးတွေးနိုင်မယ်တဲ့လား။


လင်ခုံးလုချက်ချင်းခေါင်းခါကာ ငြင်းဆန်လိုက်သည်။

"မရွေးဘူး။"


သူဒီကမထွက်သွားတာကဒီအပိုင်းမှာဇာတ်ကွက်မရှိတာကြောင့်ဖြစ်ပြီး ဆက်ဆံရေးနှင့်လုံးဝမဆိုင်ပေ။ ထို့အပြင် သူ့ရင်ထဲမှာသူသဘောကျတဲ့တစ်စုံတစ်ယောက်ရှိနေပြီကို သူကသူ့ဇနီးလေးကိုဘာလို့ထိခိုက်စေရမှာလဲ။


"မင်းမရွေးချင်ဘူးပေါ့?"

ဧကရာဇ်မယ်တော်မှာဒီရက်ပိုင်းကြောင်နှင့်ဆော့ကစားပြီးခွေးနှင့်လမ်းလျှောက်ထွက်​နေတဲ့အတွက်သူ့ကိုစိတ်ပျက်နေပြီဖြစ်သည်။ ဒီစကားကိုကြားလိုက်ရပြီးနောက် သူမနောက်ဆုံးမှာဒေါသထိန်းမရတော့ပေ။ သူမစားပွဲကိုရိုက်ချကာပြောလိုက်သည်။

"မင်းအသက်ဘယ်လောက်ရှိပြီလဲ၊ ကိုယ်လုပ်တော်မရွေးချင်သေးဘူးလား။ မင်းဦးရီးတော်ကျင်းဝမ်ကိုကြည့်လိုက်၊ မင်းထက်၁၀နှစ်ပဲကြီးပေမဲ့ ငါ့လက်ထဲမြေးလေးရောက်လာတော့မယ်။"


"ဒါဆို သူကအသက်၁၂နှစ်မှာနန်းတွင်းသူလေးတစ်ယောက်ကိုကိုယ်ထိလက်ရောက်စော်ကားခဲ့လို့ ဖခမည်းတော်ရဲ့အဖိုးတော်ရိုက်တာခံခဲ့ရတာကျ ဘာလို့မပြောလဲ။"

သူ့ဦးရီးတော်အကြောင်းပြောလာတော့ ဧကရာဇ်ငယ်လေးမှာပြန်မပြောဘဲမနေနိုင်ပေ။


"မင်း!"

ဧကရာဇ်မယ်တော်မှာဒေါသထွက်လွန်းလို့ပြောစရာစကားမဲ့သွားရသည်။


ဒါကိုမြင်လိုက်ရသော် စွင်းတဲ့ချန်ခပ်သွက်သွက်ရေနွေးကြမ်းကမ်းပေးကာစည်းရုံးလိုက်သည်။

"မယ်မယ်၊ စိတ်အေးအေးထားပါ၊ အရှင်မင်းကြီးကမယ်မယ့်ကိုစနေရုံပါပဲ။"


ဧကရာဇ်မယ်တော်ကရေနွေးကြမ်းတစ်ငုံသောက်လိုက်ပေမဲ့ မီးကမငြိမ်းသွားပေ၊ သူမကခွက်ကိုအမြန်ပြန်ချကာ ပြောလာသည်။

"အိုက်ကျားဂရုမစိုက်ဘူး၊ ဒီကိစ္စကဆက်ခံသူနဲ့ကော၊ အဖွဲ့အစည်းနဲ့ကောဆက်စပ်နေတာ၊ မင်းရွေးရမယ်၊ မရွေးချင်လည်းရွေးရမယ်။ မင်းသဘောကျတဲ့တစ်ယောက်ကိုရွေးမလား၊ အိုက်ကျားမင်းအတွက်ရွေးပေးရမလား။"


လင်ခုံးလု: "...." မမျှော်လင့်ဘဲ လက်ထပ်ဖို့တိုက်တွန်းတဲ့ရှေးခေတ်ဗားရှင်းနဲ့ကြုံလိုက်ရပြီ။


သူတစ်အောင့်ကြာစဥ်းစားကာ ရိုးရှင်းစွာပြောလိုက်သည်။

"ဒါဆိုဘုရင်ခံမင်းသားကိုရွေးမယ်။"


တိုက်ဆိုင်စွာဖြင့် နဂိုဇာတ်ကြောင်းထဲမှာ သူဟာလည်းဒီဖြစ်ရပ်အားလူတိုင်းကိုသိစေခဲ့သည်။


ဧကရာဇ်မယ်တော်မှာဒေါသထွက်လွန်းလို့တစ်အောင့်ကြာသဘောမပေါက်ဘဲ အလိုလိုခေါင်းငြိမ့်လိုက်မိသည်။

"ပြီး...."


သူမ"ပြီးရော"ဟုပြောလို့မပြီးသေးခင် ရုတ်တရက်ပြန်တွေးကြည့်မိကာ ဒေါသထွက်ပြီးစားပွဲကိုရိုက်မိပြန်သည်။

"အဓိပ္ပါယ်မရှိတာ၊ မင်းတို့နှစ်ယောက်လုံးကယောက်ျားတွေ၊ ပြီးတော့သူ့သရုပ်မှန်က....ဒါ၊ ဒါ၊ ဘာပဲဖြစ်ဖြစ်မဖြစ်နိုင်ဘူး။"


ဧကရာဇ်ငယ်လေးမှာသူနှင့်ဘုရင်ခံမင်းသားတို့အတူမရှိနိုင်ကြောင်း အခြားသူတို့ပြောတာကိုနားမထောင်နိုင်ပေရာ ဒီစကားကိုကြားလိုက်ရချိန် သူထိတ်လန့်သွားကာဒေါသထွက်ချင်လာသည်။ ဒါပေမဲ့သူ့ရှေ့ကလူကသူ့မိခင်ဖြစ်နေသဖြင့် သူစိတ်ထိန်းကာ ဗလုံးဗထွေးအသံဖြင့်ပြောလိုက်သည်။

"ဒါဆိုမရွေးဘူး။"


အဆုံးတွင် အမေနှင့်သားမှာမပျော်မရွှင်လမ်းခွဲလိုက်ကြသည်။


ဧကရာဇ်မယ်တော်ကငတုံးမဟုတ်၊ သူမသားရဲ့ကိုယ်ကျင့်စရိုက် ဒီလောက်ကြီးကြီးမားမားပြောင်းလဲသွားတာကို သူမသတိမထားမိဘဲနေမယ်တဲ့လား။ ဧကရာဇ်ငယ်လေးထွက်သွားပြီးနောက် သူမကစွင်းတဲ့ချန်ကိုထပ်ခေါ်ကာ ဘာမေးခွန်းမှမမေးဘဲသူ့ကိုဒူးထောက်ခိုင်းလိုက်သည်။


အချိန်အကြာကြီးဒူးထောက်ခိုင်းထားပြီး စွင်းတဲ့ချန်မခံနိုင်တော့သည့်အချိန်ကျမှ သူမဖြည်းညှင်းစွာမေးလိုက်သည်။

"အိုက်ကျားကိုမှန်မှန်ပြော၊ နယ်စပ်မှာဧကရာဇ်ဘာဖြစ်သွားခဲ့တာလဲ။ သူပြန်လာပြီးနောက်ပိုင်း ဘာလို့တစ်ခါတလေမတူညီတဲ့လူတစ်ယောက်ကိုပြုမူနေရတာလဲ။"


"ပြီးတော့ သူနဲ့ကျင်းစစ်ကြားမှာဘာတွေဖြစ်ကုန်တာလဲ။ တစ်ခုခုရှိနေတာလား။"


သူမကဒီမေးခွန်းကိုမေးလိုက်ပေမဲ့လည်း ဧကရာဇ်မယ်တော်ကိုယ်တိုင်မယုံကြည်နိုင်။


ကျောက်ကျင်းစစ်ကသူမနှင့်လက်ကိုင်ပုဝါလဲလှယ်ခဲ့သူ၏သားဖြစ်ပြီး သူမနှင့်ပထမဧကရာဇ်ကသူကြီးပျင်းလာတာကိုမြင်ခဲ့ရကာ သူဟာသူ့အလုပ်မှာအမြဲအမျှော်အမြင်ရှိသည်။ သူမသားတော်မှာတကယ်အဲ့စိတ်ကူးရှိနေရင်တောင် ကျောက်ကျင်းစစ်ကသေချာပေါက်သူ့ကိုလာရှုပ်ခွင့်ပေးလိမ့်မည်မဟုတ်။


ဒါကိုတွေးမိရင်း သူမကစွင်းတဲ့ချန်ကိုပိုမိုတည်တင်းသောမျက်လုံးများဖြင့်ကြည့်ကာ သူမဘာသာတွေးမိသည်: သူ့အနားကအစေခံတွေကဧကရာဇ်ငယ်လေးကိုနိမ့်ကျစေခဲ့တာလား။


စွင်းတဲ့ချန်မှာတုန်ရီလျက် ဘာမှမပြောရဲဘဲ ကြမ်းပြင်ပေါ်ဒူးထောက်ကာပြန်ဖြေလိုက်သည်။

"နယ်စပ်မှာတုန်းကအရှင်မင်းကြီးရဲ့ခြေထောက်တွေနှင်းကိုက်ဒဏ်ဖြစ်သွားပြီးတော့ သူ့ခြေထောက်တွေခဏခဏနာတတ်ပါတယ်။ အဲ့ဒါက......"


"ခွမ်း!"


အဝါရောင်ရေနွေးကြမ်းခွက်ကသူ့ရှေ့မှာအခွဲခံလိုက်ရပြီး ဧကရာဇ်မယ်တော်ကခက်ထန်စွာပြောလာသည်။

"မောင်မင်းအမှန်မပြောသေးဘူးလား။ အိုက်ကျားမဖော်ထုတ်နိုင်ဘူးထင်နေတာလား။"


စွင်းတဲ့ချန်ဘာမှမကွယ်ဝှက်ထားရဲဘဲ အလျင်စလိုဖြင့်အရာအားလုံးကိုဝန်ခံလိုက်မိသည်။


ဒါပေမဲ့ဧကရာဇ်ငယ်လေး၏ဘုရင်ခံမင်းသားအပေါ်နှစ်သက်မှုကိုချန်ထားခဲ့သည်၊ သူဒါကိုမပြောဝံ့ဘဲ ပြောလိုက်သည်။

"အရှင်မင်းကြီးကလှုံ့ဆော်ခံလိုက်ရတာဖြစ်လောက်မယ်၊ မကြာခင်ပြန်ကောင်းသွားမှာပါ...."


ဧကရာဇ်မယ်တော်မှာဒီစကားကိုနားထောင်ဖို့စိတ်အခြေအနေမရှိပေ၊ သူမမိန်းမောနေမိကာ မယုံကြည်နိုင်ဖြစ်မိသည်။

"မောင်မင်းဆိုလိုတာ....ရှောင်လုရဲ့ခန္ဓာကိုယ်နှင်းကိုက််ဒဏ်မိခဲ့တာမို့ သူမလုပ်နိုင်တာလား။"


အဲ့ဒါကြောင့်သူကိုယ်လုပ်တော်မရွေးချင်ဘဲ ဘုရင်ခံမင်းသားကိုဒိုင်းကာအဖြစ်သုံးခဲ့တာလား။ ဒါအဓိပ္ပါယ်ရှိတယ်၊ အဆုံးမှာဘယ်သူကယောက်ျားတစ်ယောက်ရဲ့ဂုဏ်သိက္ခာအကြောင်း အခြားသူတွေကိုသိခွင့်ပေးချင်မှာလဲ။


ဧကရာဇ်မယ်တော်မှာမိန်းမောနေမိပြီး စိတ်သောကရောက်သွားရပြန်ပေမဲ့ သူမလက်မလျှော့သေးပေ။ သူမကစွင်းတဲ့ချန်ကိုစိုက်ကြည့်ကာမေးလာသည်။

"သေချာလား။ စမ်းကြည့်ပြီးပြီလား။"


ဟမ်?


စွင်းတဲ့ချန်ကြောင်အမ်းသွားရသည်၊ ဘယ်လိုစမ်းကြည့်ရမှာလဲ။


ဧကရာဇ်မယ်တော်က"မောင်မင်းဘာလို့ဒီလောက်အသုံးမကျရတာလဲ"ဟူသောမျက်နှာထားချက်ချင်းဖော်ပြကာ သူမ၏အစေခံအထိန်းတော်လီကိုအမိန့်ပေးလိုက်သည်။

"အခြေခံသဘောတရားသိပြီး လူသားကိစ္စတွေနားလည်တဲ့နန်းတွင်းသူတချို့သွားရွေးချည်၊ မှတ်ထားရမှာက လှပရမယ်နော်။"


အထိန်းတော်လီကချက်ချင်းသွားလုပ်သည်။


ဒါတင်မကသေး၊ ဧကရာဇ်ငယ်လေးမထောင်နိုင်မှာစိုးလို့ ဧကရာဇ်မယ်တော်ကအရံပစ္စည်းတချို့ပင်ပို့လိုက်သေးသည်။


ထိုညလင်ခုံးလုမှာအိပ်ဆောင်ထဲဝင်လိုက်သည်နှင့်လန့်သွားတော့သည်။ လှပသောနန်းတွင်းသူ၇၊ ၈ယောက်ကတန်းစီရပ်လျက် သူတို့မျက်နှာမှာရှက်သွေးဖြာလို့နေပြီး သူတို့အကုန်လုံးကခေါင်းငုံ့ထားကာ သူ့ကိုမကြည့်ရဲကြပေ။


လင်ခုံးလု၏နှုတ်ခမ်းထောင့်မသိမသာတွန့်သွားရကာ စနစ်ကိုမေးလိုက်မိသည်။

"ဒါဘာအခြေအနေကြီးလဲ။"


0687: "ဧကရာဇ်မယ်တော်ကမင်းမထောင်နိုင်တာကြားပြီး တစ်ယောက်ယောက်ကိုလာစမ်းကြည့်ခိုင်းလိုက်တာ။"


လင်ခုံးလု: "...." စမ်းကြည့်မယ်? ဒီလောက်လူတွေအများကြီးပို့လိုက်တာ သူ့ကိုသေစေချင်လို့လား။


ထိုစဥ် စွင်းတဲ့ချန်ကရှေ့တိုးကာသတိရှိရှိပြောလာသည်။

"အရှင်မင်းကြီး သဘောကျတဲ့တစ်ယောက်....."


"ထွက်သွား!"

မျှော်လင့်ထားတဲ့အတိုင်း ဧကရာဇ်ငယ်လေးကဒေါသထွက်သွားကာ အကုန်လုံးကိုမောင်းထုတ်တော့သည်။


စွင်းတဲ့ချန်မရပ်မနားစောဒကတက်လျက် လူတိုင်းကိုအလျင်စလိုအပြင်ခေါ်ထုတ်သွားလေသည်။


နန်းတွင်းသူများမှာလည်းအလွန်ကြောက်နေမိပြီး သူတို့သယ်လာသည့်သစ်သားလင်ဗန်းကိုမတော်တဆလွတ်ကျသွားသည်။ ဒါပေမဲ့ဧကရာဇ်မယ်တော်ကသူတို့ကိုလာခိုင်းခဲ့စဖြင့် သူတို့လာပြီးနောက်ပြန်မသွားရဲဘဲ နောက်ဆုံးအိပ်ဆောင်အပြင်မှာရှက်ရွံ့စွာရပ်စောင့်နေမိကြသည်။


လင်ခုံးလုကဒါကိုမသိပေ။ ဒေါသထွက်သွားပြီးနောက် သူကစိတ်ငြိမ်စေရန်အလို့ငှာအိပ်ရာစောစောဝင်လိုက်သည်။


နောက်တစ်နေ့နိုးလာတော့ သူအိပ်ရာပေါ်ကဆင်းလိုက်ရာ ရုတ်တရက်သစ်သားလင်ဗန်းကိုကန်မိသွားသည်။


သူငုံ့ကြည့်လိုက်ရာ သစ်သားလင်ဗန်းကိုအုပ်ကာထားသည့်ချည်အဝတ်စအောက်ကျသွားပြီး ပျံ့ကြဲနေသည့်ပစ္စည်းများပေါ်လာသည်။


"ဒါဘာတွေလဲ။"

လင်ခုံးလုမေးမိသည်။


0687: "ဧကရာဇ်မယ်တော်ကမင်းမထောင်နိုင်မှာစိုးလို့ တစ်ယောက်ယောက်ကိုအရံပစ္စည်းပြင်ဆင်ခိုင်းထားခဲ့တာ။"


လင်ခုံးလု: "....."


သူမမြင်ချင်ယောင်ဆောင်လိုက်​ပေမဲ့ မျက်လုံးထောင့်မှနေ၍ အနီရောင်ကြိုးနှင့်ချည်ထားသည့်ခေါင်းလောင်း၏ပုံရိပ်ကိုမတော်တဆဖမ်းဆုပ်မိလိုက်တော့ သူသိချင်စိတ်ဖြစ်လာပြန်သည်။


ဒါကရှေးခေတ်ဗားရှင်းဆိုပဲ၊ လှုပ်လို့ရတယ်။ လင်ခုံးလုမှာဒီပစ္စည်းဘယ်လိုအလုပ်လုပ်လဲအလွန်သိချင်နေမိသည်။ ဒါ့အပြင်....သူတကယ်အဆင်ပြေလားဆိုတာသူလည်းသိချင်မိသည်။


ဒီတော့ အိပ်ဆောင်ထဲမှာဘယ်သူမှမရှိပေမဲ့လည်း ဧကရာဇ်ငယ်လေးမှာမလုံမလဲဖြင့်ဟိုဟိုဒီဒီဝေ့ဝဲကြည့်လိုက်မိပြီးမှ ကြမ်းပြင်ပေါ်ကပစ္စည်းများကိုတိတ်တခိုးကောက်ကာ အိပ်ရာပေါ်ပြန်တက်သွားလိုက်သည်။


ဒီပစ္စည်းကိုဘယ်လိုသုံးရတာလဲ။ လင်ခုံးလုအနီရောင်ကြိုးကိုကိုင်ကာ တွေးကြည့်မိသည်၊ ဟိုနေရာမှာချည်ရမှာလား။


"စနစ်ရေ၊ ခဏလောက်ဆင်ဆာသွားကြည့်ပါအုံး။"

သူရုတ်တရက်စနစ်ကိုအမိန့်ပေးလိုက်သည်။


0687: "....."


ကျောက်ကျင်းစစ်ဒီနေ့အစောကြီးထလာမိပြီး ဒါကသူနန်းတော်ထဲသွားဖို့အတက်ကြွဆုံးအချိန်ဖြစ်လောက်မည်။


ဒါပေမဲ့အသုံးမဝင်လေတော့၊ ဧကရာဇ်ငယ်လေးကမလာပေရာ ကျောက်ကျင်းစစ်မျက်မှောင်အသာကြုတ်မိကာ အနည်းငယ်စိတ်ပူသွားရသည်။


အချိန်ကနှေးကွေးစွာလှုပ်ရှားနေပေမဲ့ ဧကရာဇ်ငယ်လေးကအချိန်အတော်ကြာအောင်မပေါ်လာသဖြင့် အမတ်များမှာမနေနိုင်လဲတီးတိုးပြောမိကြသည်။ ယ


ကျောက်ကျင်းစစ်မှာစောင့်ရတာစိတ်မရှည်ဖြစ်လာပုံရပြီး နန်းတော်အပြင်ကမိန်းမစိုးငယ်လေးကိုလှမ်းခေါ်ကာမေးမိသည်။

"အရှင်မင်းကြီးဘာလို့မလာသေးတာလဲ။"


"ဒါက...." မိန်းမစိုးငယ်လေးတုံ့ဆိုင်းသွားရပေမဲ့ ဘုရင်ခံမင်းသားကတကယ့်အာဏာရှိသည့်တစ်ယောက်ဖြစ်ကြောင်းတွေးမိရင်း တိုးတိုးလေးပြောပြလိုက်သည်။

"ဧကရာဇ်မယ်တော်ကမနေ့ညကတစ်စုံတစ်ယောက်ကိုအရှင်မင်းကြီးကိုယ်ရေးကိုယ်တာကိစ္စသင်ပေးခိုင်းခဲ့တယ်​လေ။ အရှင်မင်းကြီးပင်ပန်းနေတာဖြစ်ပါလိမ့်မယ်။"


ပင်ပန်းနေတာ?


ကျောက်ကျင်းစစ်၏မျက်နှာထားမှာတမဟုတ်ချင်းမည်းမှောင်သွားရပြီး ဘယ်ကဒေါသရောက်လာမှန်းမသိဘဲ ရုတ်တရက်ခြေလှမ်းကျယ်ကြီးများဖြင့်ဧကရာဇ်ငယ်လေး၏အိပ်ဆောင်ထံလျှောက်သွားမိသည်။


တံခါးဆီရောက်တော့ ငယ်ရွယ်လှပသောနန်းတွင်းသူ၇၊ ၈ယောက်ကတံခါးအပြင်ဘက်မှာရပ်နေတာကိုမြင်လိုက်ရသည်။


ကျောက်ကျင်းစစ်တိတ်တခိုးအံကြိတ်လိုက်မိသည်၊ အပြင်မှာ၇ယောက် ၈ယောက်ရှိနေတယ်၊ အထဲမှာဘယ်နှယောက်ရှိနေလဲမသိလူး။ ဒါမှမဟုတ်ဒါကခစားပြီးသွားတာလား။


သူကသတင်းတင်ပြချင်သည့်စွင်းတဲ့ချန်ကိုတိုက်ရိုက်ရပ်စေကာ တည်တင်းသောမျက်နှာဖြင့်အခန်းထဲဝင်သွားလိုက်သည်။


လင်ခုံးလုမှာကြိုးချည်လိုက်ရုံသာရှိသေး၊ မမျှော်လင့်ထားစွာဖြင့်တစ်စုံတစ်ယောက်ကဖောက်ဝင်လာသည်။ သူလန့်သွားကာ အလျင်စလိုစောင်ကိုဆွဲခြုံပြီးသူ့ကိုယ်သူဖုံးကာလျက် အထိတ်အလန့်မေးလိုက်မိသည်။

"ဘယ်သူလဲ။"


ကန့်လန့်ကာကိုဖြတ်၍ ကျောက်ကျင်းစစ်၏ပုံရိပ်ကိုတဝိုးတဝါးမြင်လိုက်ရလေရာ သူ့နှလုံးခုန်သံမှာရုတ်တရက်ပိုမြန်လာသည်။


ကျောက်ကျင်းစစ်၏မျက်လုံးများမှာမည်းမှောင်လျက် အိပ်ဆောင်ထဲကထွက်သွားရမည့်အစား အရိုအသေမဲ့စွာရှေ့တိုးကာ ကန့်လန့်ကာကိုဘေးပို့ပြီး စောင်ကိုဆွဲချလိုက်သည်။


သူ့ရှေ့ကမြင်ကွင်းကိုမြင်ရမည်ဟုမထင်ထားမိသည့်အလား သူတစ်အောင့်ကြာထိတ်လန့်သွားရပြီးမှ သူ့မျက်လုံးများမှာတဖြည်းဖြည်းချင်းမည်းမှောင်လာတော့သည်။


ဧကရာဇ်ငယ်လေးကားရှက်သွေးဖြာကာထိတ်လန့်လျက်။ ဒါပေမဲ့ကျောက်ကျင်းစစ်ကမျက်လုံးထဲမှာမည်းမှောင်သောဒီရေတို့နှင့်အတူ သူ့လက်ကိုအောက်ချပြီး ရုတ်တရက်သူ့ဘေးကနဂါးဝတ်ရုံကိုဆွဲကာ သူ့ကိုကူဝတ်ပေးသည်။


ဧကရာဇ်ငယ်လေးမှင်တက်သွားရသည်။


ကျောက်ကျင်းစစ်သူ့ကိုကြည့်လိုက်ပြီး သူ့မျက်နှာထက်အမူအရာစိုးစဥ်းမျှမရှိပေမဲ့ သူ့အသံကသူ့နားထဲမှာခပ်နိမ့်နိမ့်နှင့်သြရှလို့နေသည်။

"သာမန်မိသားစုရဲ့ဇနီးတစ်ယောက်က ခင်ပွန်းကိုအဝတ်ကူဝတ်ပေးတယ်မလား။"


ဧကရာဇ်ငယ်လေးခေါင်းငုံ့ကာ သူ့နားများပူနွေးလာရသည်။ မင်းခစားချင်တာအမှန်ပဲဆိုတော့ သူ့ကိုလုပ်ခွင့်ပေးလိုက်တော့တာပဲ။


စောစီးသောညီလာခံမှာ ဧကရာဇ်ငယ်လေးကသူ့ပါးပြင်ပေါ်မှာနီစွေးစွေးတိမ်တိုက်တို့ဖြင့် ငိုက်မြည်းလျက် အမတ်တို့ပြောနေတာကိုကြားတစ်ချက်မကြားတစ်ချက်ပင်။


ကံကောင်းစွာဖြင့် သူသေချာနားထောင်ဖို့မလိုအပ်ပေ၊ သူကဧကရာဇ်ရာထူးကိုတရားဝင်မယူရသေးသဖြင့် အမတ်တို့ကသူ့အမြင်ကိုမေးလာချိန်တွင်"အမ်း"ဟုပြောလိုက်ရုံသာ။


ဒါပေမဲ့တစ်စုံတစ်ယောက်ကမူမမှန်မှုကိုသတိထားမိသွားသေးကာ စိုးရိမ်ပူပင်စွာမေးလာသည်။

"အရှင်မင်းကြီးနေရထိုင်ရသက်သာပါရဲ့လား။"


လင်ခုံးလုသူ၏မသိမသာဗရမ်းဗတာဖြစ်သွားသောအသက်ရှုနှုန်းကိုတည်ငြိမ်အောင်လုပ်ကာ မျက်မှောင်ကြုတ်ချင်ယောင်ဆောင်ပြီးပြောလိုက်သည်။

"ကိုယ်တော်အဆင်ပြေတယ်၊ ဆက်ပြောကြ။"


ကျောက်ကျင်းစစ်သူ့ကိုဆက်တိုက်စိုက်ကြည့်နေခြင်းဖြစ်ပြီး ဒီအခိုက်အတန့်မှာရုတ်တရက်နောင်တရသွားမိသည်။ ဧကရာဇ်ငယ်လေးကထိုနန်းတွင်းသူတချို့နှင့်အတူရှိခဲ့လောက်မှန်းသူသိလိုက်ရတုန်းက....သူမဖော်ပြနိုင်လောက်အောင်မွန်းကြပ်သွားရကာ ခုနကဧကရာဇ်ငယ်လေးကိုတမင်သက်သက်တုံ့ပြန်ဖို့အခွင့်အရေးမပေးဘဲ သူ့ကိုညီလာခံတန်းခေါ်လာကာ တမင်ရှက်ရွံ့စေခဲ့မိသည်။


တစ်ဖက်လူကနဂါးပလ္လင်ပေါ်မှာထိုင်ကာ သူ့မျက်နှာမှာနီမြန်းနေပြီး သူ့မျက်လုံးများဗလာကျင်းနေတာကိုမြင်ရပေရာ သူနောင်တရသွားပြန်သည်။ ဒီလိုဧကရာဇ်ငယ်လေးကိုသူတစ်ယောက်ပဲမြင်ရသင့်တာလေ။


အမတ်တို့မှာမရပ်မနားစကားပြောနေကြပြီး ဘယ်သူ့သားကဘယ်သူ့ခြေထောက်ကိုချိုးခဲ့ပေမဲ့ မတောင်းပန်ဘဲလျော်ကြေးပေးသည့်အပြင် မောက်မာသောစိတ်သဘောထားရှိကြောင်း အကြမ်းဖျင်းပြောနေကြသည်။


ကျောက်ကျင်းစစ်မျက်မှောင်ကြုတ်ကာ တိုက်ရိုက်ဖြတ်ပြောလိုက်သည်။

"ဒီလိုအသေးအမွှားကိစ္စလောက်နဲ့ အရှင်မင်းကြီးကိုအနှောင့်အယှက်ပေးတယ်လား။ နန်းတော်ကမင်းတို့ကိုဘာအတွက်ထောက်ပံ့နေတာလဲ။ အနားယူလိုက်ကြတော့!"


အမတ်တို့အားလုံးမှာချက်ချင်းတစ်ယောက်ကိုတစ်ယောက်ကြည့်မိကြပြီး အမတ်အိုကြီးတချို့မှာတွေးမိကြသည်:

ဘုရင်ခံမင်းသားကဒီရက်ပိုင်းရုတ်တရက်အာဏာပြနေတာ၊ အရှင်မင်းကြီးကိုအာဏာပြန်မပေးချင်မှာစိုးတယ်။


လူတိုင်းထွက်သွားပြီးနောက် လင်ခုံးလုသူ၏ဗလာကျင်းနေသည့်မျက်လုံးများကိုပိတ်ချည်ဖွင့်ချည်လုပ်ကာ အောက်မှာရပ်နေဆဲဖြစ်သည့်ကျောက်ကျင်းစစ်ကိုရန်လိုစွာပြောလိုက်သည်။

"ကျောက်ချင်း၊ ကိုယ်တော့်ခြေထောက်နာတယ်၊ ကိုယ်တော့်ကိုကျောပိုးသွားအုံး။"


ကျောက်ကျင်းစစ်ကအပေါ်တက်ကာ စွင်းတဲ့ချန်ကိုထွက်သွားခိုင်းပြီး ဧကရာဇ်ငယ်လေးဘေးမှာဆောင့်ကြောင့်ထိုင်ကာ ခပ်တိုးတိုးမေးလိုက်မိသည်။

"ခြေထောက်တကယ်နာတာလား။"


လင်ခုံးလု: "....." အင်း၊ ငါ့ခြေထောက်အားနည်းနေလို့ပါ၊ မင်းဒီလောက်စျေးမပေါသင့်ဘူးလေ။


ဒါပေမဲ့၎င်းဟာလည်းသူလုပ်နိုင်ကြောင်းသက်သေပြနေတာပင်။


ကျောက်ကျင်းစစ်ရယ်မောကာ လက်မြှောက်ပြီး သူ့ကိုဝတ်ရုံကိုဖြတ်၍ပွေ့လိုက်သည်။ ဧကရာဇ်ငယ်လေးကချက်ချင်းနှာမှုတ်ကာ သူ့လက်မောင်းများကြားထဲမှာပျော့ပြောင်းစွာမှီလိုက်လေသည်။


ကျောက်ကျင်းစစ်ကစွင်းတဲ့ချန်ကို"အရှင်မင်းကြီးမှာ​ခြေထောက်ပြဿနာရှိတယ်"ဟုပြောကာ ကိုယ်တိုင်ပြန်ခေါ်သွားလိုက်သည်။


သူနန်းတော်ကိုလာတာရှားတာမို့ ဧကရာဇ်ငယ်လေးမှာသူ့ကိုစွဲစွဲလမ်းလမ်းဆက်တိုက်စိုက်ကြည့်လျက် ပြောမိသည်။

"ကျောက်ချင်း၊ ကိုယ်တော်နဲ့ညစာအတူစားပါလား။"


ထိုစကားများကြားလိုက်ရသော်

ကျောက်ကျင်းစစ်မျက်လုံးပင့်ကာ ပြောမိသည်။

"အရှင်မင်းကြီး အဲ့ဒီ့မိန်းမလှလေးတွေနဲ့ညစာအတူမစားခဲ့ဘူးလား။"


ဒီကိစ္စကိုပြောလာချိန် ဧကရာဇ်ငယ်လေးရှက်သွေးဖြာသွားရကာ ခပ်တိုးတိုးပြောမိသည်။

"အဲ့ဒါကမယ်တော့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ၊ ကိုယ်တော်သူတို့ကိုမထိခဲ့ဘူး။"


ဒါကိုကြားလိုက်ရမှ ကျောက်ကျင်းစစ်၏စိတ်သောကရောက်နေသည့်နှလုံးသားမှာနောက်ဆုံးပြေလျော့သွားပြီး သူ့မျက်နှာထားမှာနွေဦလေညှင်းတိုက်ခတ်သွားကာ နှင်းနှင့်ရေခဲတို့အရည်ပျော်ကျလာသည့်နှယ်။


သူ့အပြုံးကိုမြင်လိုက်ရတော့ ဧကရာဇ်ငယ်လေးမှာစွဲလမ်းသွားရပြန်ကာ ရေရွတ်မိသည်။

"အားစစ်၊ ခင်ဗျားအရမ်းကြည့်ကောင်းတယ်။"


ကျောက်ကျင်းစစ်မသိမသာလှုပ်ခတ်သွားရကာ အစောင့်ကိုဖယ်ခိုင်းပြီး ဧကရာဇ်ငယ်လေးကိုမေးမိသည်။

"အရှင်မင်းကြီးဒီအမတ်ကိုတကယ်အရမ်းသဘောကျတာလား။"


"ဒါပေါ့။"

ဧကရာဇ်ငယ်လေးကမတုံ့မဆိုင်းဆိုသည်။

"ကျွန်တော်ခင်ဗျားကိုဒီရက်ပိုင်းမတွေ့ရတော့ ကောင်းကောင်းစားမရ ကောင်းကောင်းအိပ်မရနဲ့ ကျွန်တော့်ခြေထောက်နာလာရင်နှိပ်ပေးမဲ့လူမရှိဘူး....."


ကျောက်ကျင်းစစ်၏အပြုံးမသိမသာအေးခဲသွားရသည်: သူ့အလုပ်ကခြေထောက်နှိပ်ပေးဖို့ပဲလား။


"အရေးကြီးဆုံးအရာကကျွန်တော်ခင်ဗျားအကြောင်းတစ်ချိန်လုံးတွေးနေမိတာ ဘာဆိုဘာမှမလုပ်နိုင်တော့ဘူး။ ဒါနဲ့ ကျွန်တော်အရင်ရက်တွေမှာခင်ဗျားပုံတူပန်းချီကားတွေအများကြီးဆွဲဖြစ်ခဲ့တယ်...."

ဧကရာဇ်ငယ်လေးကစိတ်လှုပ်ရှားစွာပြောကာ ပန်းချီကားများထုတ်ပြဖို့ပြင်လိုက်သည်။


ကျောက်ကျင်းစစ်၏နှုတ်ခမ်းထောင့်များမှာမနေနိုင်ဘဲကော့တက်သွားပြီး ဥကရာဇ်ငယ်လေးကိုပြန်ဆွဲကာပြောလိုက်သည်။

"အရှင်မင်းကြီးရဲ့နှလုံးသားကိုကျွန်တော်မျိုးသိပါတယ်၊ တကယ်တော့ကျွန်တော်မျိုးလည်းအရှင်မင်းကြီးကိုသဘောကျတယ်။ အရှင်မင်းကြီးကျွန်တော်မျိုးနဲ့အတူရှိချင်တယ်ဆိုရင် အနာဂတ်မှာကျွန်တော်မျိုးတစ်ယောက်ထဲကိုပဲသဘောကျလို့ရမှာနော်၊ နားလည်ပါရဲ့လား။"


ဧကရာဇ်ငယ်လေးမိန်းမောသွားကာ အလိုလိုမေးမိသည်။

"ခင်ဗျားကကော?"


ကျောက်ကျင်းစစ်ပြုံးကာပြောလိုက်သည်။

"ကျွန်တော်မျိုးလည်းအရှင်မင်းကြီးကိုဘဲသဘောကျတယ်။"


ဧကရာဇ်ငယ်လေးမှာတမဟုတ်ချင်းပျော်ရွှင်မှုဖြင့်ပြည့်နှက်သွားကာ မနေနိုင်ဘဲသူ့ကိုပွေ့ဖက်ကာနမ်းရှိုက်လိုက်မိသည်။


ကျောက်ကျင်းစစ်မှာအနမ်းကြောင့်တောင့်တင်းသွားရပြီး အလိုလိုလက်မြှောက်ကာ သူ့ပါးသူထိလိုက်မိသည်။ အရမ်းနူးညံ့ပြီးတော့ အရမ်းပေါ့ပါးလွန်းတယ်၊ ဒါပေမဲ့အရမ်းမြန်လွန်းလို့ သူဧကရာဇ်ငယ်လေးကိုဆွဲချပြီး ခဏလောက်နမ်းပစ်လိုက်ချင်တယ်။


ဧကရာဇ်ငယ်လေးမှာသူ့ကိုနမ်းပြီးနောက်စိတ်ရှုပ်သွားရကာ သူ့ကိုစောဒကတက်မိသည်။

"ဒါပေမဲ့ကျွန်တော့်မယ်တော်ကမနေ့ကပြောတယ်၊ သူမကကျွန်တော့်အတွက်ကိုယ်လုပ်တော်ရွေးပေးမယ်တဲ့၊ ကျွန်တော်မရွေးရင် သူမကကျွန်တော့်ကိုကူရွေးပေးမယ်တဲ့လေ။"


ကျောက်ကျင်းစစ်မျက်မှောင်အသာကြုတ်မိသည်၊ ဒါကတကယ်ပြဿနာပဲ၊ ဒါပေမဲ့......


သူဧကရာဇ်ငယ်လေး၏ခေါင်းကိုပွတ်ကာပြောလိုက်သည်။

"ဒီကိစ္စကိုဒီအမတ်ဆီအပ်ထားလိုက်၊ အရှင်မင်းကြီးစိတ်ပူဖို့မလိုဘူး။"


"တကယ်လား။" ဧကရာဇ်ငယ်လေး၏မျက်လုံးများတောက်ပသွားပြီး သူချက်ချင်းတစ်လက်မပိုတိုးကာ ပြောလာပြန်သည်။

"ဒါဆိုဒီရက်ပိုင်းအစီရင်ခံစာအပုံလိုက်ရှိ...."


ကျောက်ကျင်းစစ်တန့်သွားကာ သူ့ကိုတစ်ချက်ကြည့်ပြီးမေးမိသည်။

"အရှင်မင်းကြီးရဲ့လက်တွေပါနာနေလို့လား။"


ဧကရာဇ်ငယ်လေးကဆိုသည်။

"​ခြေထောက်နာရင် စိတ်မကောင်းဖြစ်ရတယ်၊ စိတ်မကောင်းဖြစ်ရင် အလုပ်လုပ်ချင်မှာမဟုတ်ဘူးလေ။"


ကျောက်ကျင်းစစ်မှာရွေးချယ်စရာမရှိပါဘဲ သူ့ကိုနွေးထွေးသောအခန်းထဲပွေ့သွားလိုက်ရပြီး စွင်းတဲ့ချန်ကိုစောင်များများပိုယူလာခိုင်းကာ အစီရင်ခံစာများပါယူလာခိုင်းလိုက်ရသည်။


နောက်ရက်အနည်းငယ်အတွင်းမှာ ဧကရာဇ်ငယ်လေးကသူ့ကိုပို၍ပင်တွယ်ကပ်လာပြီး သူ့ကိုမြင်လိုက်ရချိန်ရုတ်တရက်လမ်းမလျှောက်နိုင်တော့သည့်အလား သူ့ကိုပွေ့ခိုင်းသကဲ့သို့ကျောလည်းပိုးခိုင်းသည်။


ထို့အပြင် ထိုနေ့ကသူ့ကိုနှင်းတောထဲကအချိန်မီဆွဲထုတ်မပေးခဲ့သောကြောင့် ဧကရာဇ်ငယ်လေး၏ခြေထောက်များထိခိုက်နာကျင်သွားရသည်ဟု ကျောက်ကျင်းစစ်တကယ်ထင်ကာ တဖြည်းဖြည်းချင်းအပြစ်ရှိစိတ်ခံစားလာရသည်။


ဧကရာဇ်ငယ်လေးအပေါ်သူ၏ခံစားချက်များနက်ရှိုင်းလာသည်နှင့် သူအပြစ်ရှိစိတ်ပိုခံစားရလေလေပင်။ ဧကရာဇ်ငယ်လေးနှင့်အတူရှိချိန်မှာ သူခဏခဏမေးလိမ့်မည်ပင်။

"ဒီနေ့ခြေထောက်နာသေးလား။ ဒီကိုလာ၊ ကျွန်တော်မျိုးနှိပ်ပေးမယ်။"


နန်း​တော်ကထွက်လာပြီးနောက် သူကသူ့လူတို့ကိုကျော်ကြားသောသမားတော်များရှာခိုင်းသည့်အပြင် နေရာတိုင်းမှာအသုံးဝင်သောအားဆေးများစုဆောင်းခိုင်းကာ ဧကရာဇ်ငယ်လေး၏ခြေထောက်ရောဂါကိုအပြီးအပိုင်ကုသနိုင်ဖို့မျှော်လင့်နေမိသည်။


လင်ခုံးလုမှာလတ်တလောအလွန်သက်တောင့်သက်သာရှိသောဘဝမှာနေနေရသည်၊ ကျောက်ကျင်းစစ်ကသူ့ကိုအစီရင်ခံစာကူအတည်ပြုပေးခြင်း၊ ကျောက်ကျင်းစစ်ကသူနှင့်ထမင်းလိုက်စာပေးခြင်းနှင့်ကျောက်ကျင်းစစ်ကသူ့ခြေထောက်ကိုနှိပ်ပေးခြင်းစသည်တို့ပင်။ ကျောက်ကျင်းစစ်ကဧကရာဇ်မယ်တော်ကိုဘာသွားပြောလိုက်လဲမသိ၊ အခုဆိုရင်ဧကရာဇ်မယ်တော်ကသူ့ကိုကိုယ်လုပ်တော်ရွေးဖို့ဖိအားမပေးတော့ပေ။


"ဒါချစ်မိသွားတာပဲ။"

ကျောက်ကျင်းစစ်အနားမှာမရှိချိန် အချစ်ကူအဆိပ်၏လွှမ်းမိုးမှုကလျော့ကျသွားသဖြင့် သူပုံမှန်ပြန်ဖြစ်သွားသည်။ သူမနေနိုင်ဘဲသက်ပြင်းချမိသည်။

"ငါအရင်ကမ္ဘာမှာကြိုပြီးတော့အနားယူခဲ့တာပဲ။"


"အချစ်လေး၊ မင်းမစ်ရှင်ကိုမေ့နေပြီလား။"

0687အသိပေးလိုက်ရသည်။

"ဇာတ်လိုက်ရဲ့မကောင်းတဲ့စိတ်တန်ဖိုးကအခုဆို၃၇ရှိနေပြီ၊ သူ့နှစ်သက်မှုက၈၁ပဲရှိသေးတယ်။"


လင်ခုံးလု: "၈၁? အနှုတ်ပွိုင့်ကနေတော့တက်လာသားပဲ။"


0687: "....." မင်းတို့နှစ်ယောက်နေ့တိုင်းပူးကပ်ပြီးချစ်နေကြတာကိုမြင်လိုက်ရတော့ ငါ၉၁ရှိမယ်ထင်နေတာ။


လင်ခုံးလု: "သူအခုမှငါ့ကိုစချစ်ရုံပဲရှိသေးတာ၊ သူ့နှလုံးသားထဲထိမရောက်သေးဘူးလို့ဆိုလိုတာပဲ။ သူ့နှလုံးသားထဲထိရောက်ဖို့လိုတယ်။"


ကျောက်ကျင်းစစ်ကလတ်တလော"တိုင်းပြည်အုပ်ချုပ်ရေးကိစ္စရပ်များကိုလက်ဝါးကြီးအုပ်ထားသည်"။ သူကအာဏာရလာပြီးနောက် ဧကရာဇ်ငယ်လေးကိုအာဏာပြန်မပေးချင်ပုံပင်။ ၎င်းကအမတ်များကိုသူတို့ရင်ထဲမှာသူ့ကိုအတော်လေးဆန့်ကျင်စေပြီး ဧကရာဇ်ငယ်လေးကိုတစ်ယောက်ပြီးတစ်ယောက်စောဒကလာတက်ကြသည်။


ဒါပေမဲ့လင်ခုံးလုဒါကိုအရေးမစိုက်ပေ၊ သူကနေရာလွတ်အချိန်စီမံခန့်ခွဲရေးဌာနအတွက်အလုပ်လုပ်နေတာဖြစ်ပြီး ဒီကမ္ဘာငယ်လေးကိုတာဝန်ထမ်းဆောင်ဖို့လာခဲ့တာဖြစ်သည်။ ဒါပေါ့၊ လမ်းမှာဆက်ဆံရေးတည်ဆောက်ခဲ့သေးတယ်။ တိုင်းပြည်ရေးရာကိစ္စတွေကိုကိုင်တွယ်ဖြေရှင်းရအုံးမယ်ဆိုရင် မင်းမှာအလုပ်နှစ်လုပ်ရှိပြီးလစာတစ်ခုပဲရှိတယ်လို့မဆိုလိုပေဘူးလား။


ထို့အပြင် ပင်မဇာတ်ကွက်ထဲမှာ သူကားတိုင်းပြည်ရေးရာကိစ္စများကိုမကိုင်တွယ်ရသည့်ရုပ်သေးရုပ်ဘုရင်ဖြစ်သည်။ အခုဆိုရင်သူကပင်မဇာတ်ကွက်အတိုင်းလိုက်မလုပ်​တော့ ကိုင်တွယ်ဖို့ဆိုတာပိုတောင်မဖြစ်နိုင်သေးတယ်။ ဘာပဲဖြစ်ဖြစ် ကျောက်ကျင်းစစ်ကအာဏာသုံးပြီး ထီးနန်းကိုလုယူမှာမဟုတ်တဲ့အပြင် ဒုတိယအချက် သူ့ကြောင့်ကြီးမြတ်တဲ့ရှားမင်းဆက်ကအဆုံးသတ်သွားမှာမှမဟုတ်တာ။ သူဘာကိုစိတ်ပူနေရအုံးမှာတုန်း?


0687: "...." ဒါပေမဲ့ ဘယ်လိုပဲကြည့်ကြည့် မင်းကချစ်မိသွားလို့ဒီမှာတာဝန်ဆောင်နေတဲ့ပုံပေါက်နေတယ်လေ။


ကျောက်ကျင်းစစ်ကအခြားသူတို့ပြောစကားကိုအရေးမစိုက်ဘဲ ဧကရာဇ်ငယ်လေး၏အတွေးများကိုသာဂရုစို်ကပေသည်။


အစီရင်ခံစာမှာသူ့ကိုစောဒကတက်ထားသည့်စကားလုံးပေါင်းမျိုးစုံကိုမြင်လိုက်ရရင်း သူမျက်မှောင်ကြုတ်ကာ ခေါင်းလှည့်ပြီး သူ့ကိုမှီထားသည့်ဧကရာဇ်ငယ်လေးကိုပြောလိုက်သည်။

"အရှင်မင်းကြီးကျွန်တော်မျိုးနဲ့အတူဘယ်လိုစီမံအုပ်ချုပ်ရမလဲဆိုတာလေ့လာပါလား။"


"ဟင့်အင်း။"

ဧကရာဇ်ငယ်လေးကသူ့ပေါ်မှာ အရိုးမရှိသောကြောင်လေးတစ်ကောင်ပမာမှီတွယ်လျက် ပျင်းရိပျင်းတွဲပြောလာသည်။

"အားစစ်၊ ကျွန်တော့်ကိုကူဖြေရှင်းပေးပါနော်။ ကျွန်တော့်ခြေထောက်နာတယ်၊ စာလုံးတွေကိုမြင်လိုက်ရရင် ပိုပြီးတော့တောင်နာသေးတယ်။"


ကျောက်ကျင်းစစ်၏နှုတ်ခမ်းအသာတွန့်သွားရပေမဲ့ သူဟာတိုက်ခိုက်ရင်းဒဏ်ရာရတာကိုနေသားကျနေပြီဖြစ်သည်၊ လူတစ်ယောက်ကခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုမှာအတော်လေးနာကျင်နေပြီဆိုရင် တကယ်ဝမ်းနည်းစိတ်မကောင်းဖြစ်ရလိမ့်မည်ဖြစ်ကာ သူ့တစ်ကိုယ်လုံးနာကျင်နေသည့်အလား ဘာမှမလုပ်ဘဲ ဒီအတိုင်းလေးလှဲနေချင်မှန်းသူသိသည်။


သူဧကရာဇ်ငယ်လေး၏​ခြေထောက်ကိုအသာညှစ်ကာ တွေးကြည့်မိသည်: သူ့ခြေထောက်ပြန်ကောင်းလာတဲ့အထိစောင့်ရင်ကော?


ဒါပေမဲ့လည်း အရင်ဘဝမှာဧကရာဇ်ငယ်လေးကတိုင်းပြည်ရေးရာကိစ္စများကိုဗရုတ်သုတ်ခကိုင်တွယ်ခဲ့ပုံပင်။


ဒါကိုတွေးမိရင်း သူ့မျက်ခုံးသူဖျစ်ညှစ်လိုက်မိပြန်သည်။


တကယ်တော့ကိစ္စမရှိပေ၊ သူတစ်ဖက်လူအတွက်အရာအားလုံးဂရုစိုက်ပေးကာ တိုင်းပြည်ကိုကာကွယ်ကာ နဂါးပလ္လင်ကိုစောင့်ကြပ်ပေးနိုင်သည်။ သူ့ဧကရာဇ်ငယ်လေးကအမြဲဒီလိုမျိုး ရင်ထဲမှာသူတစ်ယောက်ပဲရှိကာ လွတ်လွတ်လပ်လပ်နေလို့ရသည်။


ဒါပေမဲ့ ဧကရာဇ်ငယ်လေးကဆန္ဒရှိပါ့မလား။


ကျောက်ကျင်းစစ်မသေချာပေ၊ အရင်ဘဝကအာဏာလုယူခံရကာအကျဥ်းချခံခဲ့ရတာကြောင့်ဖြစ်လောက်မည်။ အခုဆိုရင်သူဟာအာဏာကိုဂရုမစိုက်သည့်ဧကရာဇ်ငယ်လေးနှင့်ဆုံတွေ့ခဲ့ရသည်။ လက်ရှိပျော်ရွှင်မှုကအစစ်အမှန်မဟုတ်သည့်အလား သူ့ရင်ထဲမှာအမြဲတမ်းအနည်းငယ်အဆင်မပြေဖြစ်လျက်။


အမတ်အများစုမှာဧကရာဇ်ငယ်လေးကိုပြောမရတာမို့ သူတို့ကအခြားတော်ဝင်မိသားစုဝင်များကိုလာအုပ်ချုပ်စေချင်သည်။ ၎င်းကအလုပ်မဖြစ်ရင် ဧကရာဇ်မယ်တော်ကိုကန့်လန့်ကာနောက်ကွယ်မှာအုပ်ချုပ်ဖို့လေ့ကျင့်စေတာက ဘုရင်ခံမင်းသားကိုတစ်ယောက်ထဲအာဏာယူခွင့်ပေးတာထက်စာရင်ပိုကောင်းသည်။


ဒါပေမဲ့ဧကရာဇ်မယ်တော်ကဒီအချိန်မှာနန်းတော်ထဲမှာမရှိဘဲ ဗုဒ္ဓဘုရားပူဇော်ရန်နန်းတော်အပြင်ထွက်သွားသည်။ ဟိုဟိုဒီဒီရှာဖွေကြည့်ပြီးနောက် သူတို့ကကျင်းဝမ်ကိုရှာတွေ့ခဲ့သည်။


ကျင်းဝမ်၏နန်းဆောင်ထဲမှာ ကျင်းဝမ်ကဝတ်ရုံဖြူအမျိုးသားနှင့်အတူကျားကွက်ကစားနေပေသည်။ အနိုင်ရသွားပြီးနောက် ထိုလူကသက်ပြင်းချသည်။

"ကျောက်ကျင်းစစ်ကိုဘယ်လိုထင်လဲ။ သူအဲ့ဧကရာဇ်ငယ်လေးကိုတကယ်သဘောကျတာလား။"


ဝတ်ရုံဖြူအမျိုးသားကမျက်မှောင်ကြုတ်ကာဆိုသည်။

"သူအဲ့လိုပြုမူမယ်မထင်ထားဘူး။"


သူတို့၏ကောက်နှုတ်ချက်အရဆိုရင် ပုံမှန်​အခြေအနေမှာကျောက်ကျင်းစစ်ကငြင်းဆန်ပြီး ဧကရာဇ်ငယ်လေးကိိုစိတ်ပျက်သွားသင့်ကာ ဧကရာဇ်ငယ်လေးကသူ့အချစ်ကိုပြန်မရသဖြင့် ပိုမိုရူးမိုက်လာကာ နောက်ဆုံးသူ့စိတ်သူအပြီးအပိုင်ဆုံးရှုံးသွားသင့်တာဖြစ်သည်။


ကျင်းဝမ်အနည်းငယ်စိတ်ပျက်သွားရကာ ကျားကွက်စေ့ကိုလွှင့်ပစ်ရင်း ပြောမိသည်။

"အဆုံးမှာ ရှောင်ရှီဇီကအလုပ်လုပ်တာမတော်ဘူးပဲ။ သူသာဧကရာဇ်ငယ်လေးကိုမျက်လုံးဖွင့်ပြီးသူ့ကိုကြည့်အောင်လုပ်နိုင်ခဲ့ရင် တစ်ခေါက်ပဲဆိုရင်တောင်...."


ဧကရာဇ်ငယ်လေးကသူတို့လက်ထဲကရုပ်သေးရုပ်ဖြစ်လာမှာမို့ အခုလိုဒီကိစ္စတွေဖြစ်လာမယ်တဲ့လား။


"ဒါမှမဟုတ် ကျောက်ကျင်းစစ်ကဧကရာဇ်ငယ်လေးကိုမချစ်ရင် အခုဆိုဧကရာဇ်ငယ်လေးရူးသွားလောက်ပြီ။"

ဝတ်ရုံဖြူအမျိုးသားကဆက်ပြောသည်။


ဒါပေမဲ့ကိစ္စတွေကသူတို့စီစဥ်ထားတဲ့လမ်းအတိုင်းသွားမနေပေ။


"အခုငါတို့ဘာလုပ်သင့်တယ်ထင်လဲ။ အဲ့ဒီ့အမတ်အိုကြီးတွေကငါ့ကိုရှေ့ထွက်လာစေချင်သေးတယ်၊ ဟက်၊ ကျောက်ကျင်းစစ်ကသူငါ့ကိုမဖမ်းနိုင်မှာစိတ်ပူနေတာ။"

ကျင်းဝမ်ကပြက်ရယ်ပြုသည်။


ဝတ်ရုံဖြူအမျိုးသားကရေနွေးကြမ်းခွက်ကိုယူကာ လှောင်ပြုံးတစ်ပွင့်နှင့်သူ့မျက်လုံးကိုကာပြီးတွေးလိုက်သည်: ကျောက်ကျင်းစစ်ကမင်းကိုမိသွားတော့မှာ။


ထို့ကြောင့် သူဒီအရူးကျင်းဝမ်ဆီကအမြန်ဆုံးရုန်းထွက်ရမယ်။ ဒါပေမဲ့ မစွန့်ပစ်ခင် ကျင်းဝမ်ကိုထပ်အသုံးချလို့ရလောက်တယ်။


ဒါကိုတွေးမိရင်း ဝတ်ရုံဖြူအမျိုးသားကရုတ်ခြည်းပြုံးကာပြောလိုက်သည်။

"တကယ်တော့ ဒီအခြေအနေကအဲ့လောက်မဆိုးပါဘူး။ အချစ်စစ်ဆိုမှတော့ သူတို့သာအချစ်ကူအဆိပ်အကြောင်းသိသွားရင် သူတို့ထဲတစ်ယောက်ရူးသွားလိမ့်မယ်။"


သူဘာကိုဆိုလိုမှန်းကျင်းဝမ်ချက်ချင်းနားလည်သွားပေမဲ့ ဒီလူနှစ်ယောက်ကိုဘယ်လိုသိခွင့်ပေးရမလဲဆိုတာကနောက်ပြဿနာတစ်ခုဖြစ်သည်။


အချစ်ကူအဆိပ်ကားအလွန်နက်ရှိုင်းစွာသိုဝှက်ထားပြီး ခံစားချက်အားပြင်းနေချိန်မှာရှာတွေ့ဖို့ခက်လှသည်။ နန်းတော်ထဲမှာသူ့လူမရှိတာမို့ စီစဥ်ရမလွယ်ပေ။


ဝတ်ရုံဖြူအမျိုးသားကပြုံးကာဆိုသည်။

"နန်းတော်ထဲမှာစီစဥ်ရခက်ပေမဲ့ နန်းတော်အပြင်မှာစီစဥ်ရမလွယ်လို့လား။ ဧကရာဇ်ငယ်လေးကမကြာခဏခြေထောက်နာကျင်မှုခံစားရတယ်လို့ကြားတယ်။ ကျောက်ကျင်းစစ်နဲ့ဧကရာဇ်မယ်တော်ကသူ့ကိုကူပြီးကုသမှုရှာပေးနေကြတာ။ ကျောက်ကျင်းစစ်ကတင်းတင်းကြပ်ကြပ်စောင့်ကြပ်နေတာမို့သိပ်မလွယ်ပေမဲ့ ဧကရီမယ်တော်ဘက်မှာတော့မလိုဘူး။"


လင်ခုံးလုမှာလတ်တလောဆေးသောက်နေရပြီး ၎င်းတို့အကုန်လုံးမှာခြေထောက်ရောဂါကိုကုသရာတွင်အသုံးပြုခြင်းဖြစ်ကာ တချို့မှာဧကရာဇ်မယ်တော်ကပို့လိုက်တာဖြစ်ပြီး ကျောက်ကျင်းစစ်သူ့အတွက်ရှာပေးထားသည့်ဆေးဖက်ဝင်အပင်များလည်းပါသည်။


ဒါပေမဲ့ သူ့ကိုပို့ရမည့်အရာက အဆိပ်စမ်းသပ်မှုနှင့်စောင့်ကြည့်မှုအလွှာများကိုဖြတ်ကျော်သွားရမှာဖြစ်သည်။


လင်ခုံးလုတကယ်တော့မသောက်ချင်ပေ။ သူ့မှာခြေထောက်နာကျင်မှုကိုပိတ်ဆို့ပေးမည့်စနစ်ရှိသဖြင့် သောက်တာမသောက်တာသိပ်မကွာပေ၊ ဒီဆေးဝါးများကသိပ်ထိရောက်လောက်မည်မဟုတ်။


ဒါပေမဲ့ ဒါတွေကဧကရာဇ်မယ်တော်နှင့်ကျောက်ကျင်းစစ်၏ဆန္ဒများဖြစ်တာမို့ ငြင်းဆန်ရခက်လှသည်။


အထူးသဖြင့်ကျောက်ကျင်းစစ်​ပေါ့၊ သူ့လက်ထဲကဆေးကသူ့အတွက်တစ်ဖက်လူခက်ခက်ခဲခဲရှာပေးခဲ့ရတာဖြစ်ကြောင်းတွေးမိလိုက်ချိန်တွင် ဧကရာဇ်ငယ်လေးနွေးထွေးကာပျော်ရွှင်မှုအပြည့်ခံစားလိုက်ရပြီး ပန်းကန်လုံးကြီးနဲ့၃ပန်းကန်လောက်သောက်ဖို့ဆန္ဒရှိပေသည်။


0687: "ဒါပေမဲ့ မင်းအခုကိုင်ထားတဲ့ပန်းကန်လုံးကတကယ်တော့ဧကရီမယ်တော်ပို့လိုက်တာ။"


လင်ခုံးလု: "....မင်းစကားမပြောရင်လည်း မင်းကိုဘယ်သူကမှဆွံ့အနားမကြားလိုဆက်ဆံမှာမဟုတ်ဘူး။"


"အချစ်ကူအဆိပ်ရဲ့လွှမ်းမိုးမှုကကြီးမားလွန်းတယ်၊ မင်းကရူးနှမ်းလွန်းလို့ ငါမင်းကိုစကားပိုပြောဖို့ဆုံးဖြတ်လိုက်တာ။"


လင်ခုံးလု: "ပါးစပ်ပိတ်ထားစမ်းပါ။"


ကျောက်ကျင်းစစ်မှာအမတ်တို့နှင့်ဆွေးနွေးပြီးနောက် နွေးထွေးသောနန်းဆောင်ထဲဝင်လာချိန် သူဟာမိန်းမောလျက်ဆေးပန်းကန်ကိုင်ထားတာကိုမြင်လိုက်ရသဖြင့် မနေနိုင်ဘဲရှေ့တိုးကာမေးမိသည်။

"ဘာဖြစ်လို့လဲ။"


လင်ခုံးလုမှာသူ့ကိုမြင်လိုက်ရတော့ အချစ်ရူးလေးပမာပျော်ရွှင်သွားကာ အံ့သြတကြီးပြောမိသည်။

"အလုပ်ပြီးသွားပြီလား။ ကပ်သီးလေးပဲ၊ ဆေးကအခုပဲရောက်လာတာ။"


ကျောက်ကျင်းစစ်ဘာကြောင့်မှန်းမသိ၊ ဧကရာဇ်ငယ်လေးပျော်ရွှင်စွာပြုံးတာကိုမြင်လိုက်ရရာ သူမဖော်ပြနိုင်လောက်အောင်စိတ်အခြေအနေကောင်းသွားတော့သည်။


သူဝတ်ရုံကိုပင့်မကာ ဧကရာဇ်ငယ်ဘေးမှာဝင်ထိုင်ပြီး ဆေးပန်းကန်လုံးကိုကျွမ်းကျင်စွာယူလိုက်ပေမဲ့ ဆေးမတိုက်ခင် သူရုတ်တရက်မေးလိုက်သည်။

"ဒါဘယ်သူယူလာတာလဲ။"


မတ်တပ်ရပ်စောင့်နေခဲ့သည့်စွင်းတဲ့ချန်ကချက်ချင်းပြန်​ဖြေလာသည်:

"အဲ့ဒါကဧကရာဇ်မယ်တော်နန်းတော်အပြင်ကပို့လိုက်တဲ့ဆေးပါ။ သူတို့တွေအဆိပ်ရှိမရှိစမ်းသပ်ပြီးပါပြီ။ ဒီအစေခံအိုကြီးလည်းသောက်ကြည့်တော့ ဘာပြဿနာမှမရှိပါဘူး။"


ကျောက်ကျင်းစစ်နားထောင်ပြီးနောက်ခေါင်းအသာငြိမ့်လိုက်ပေမဲ့ အရင်ဆုံးတစ်ဇွန်းသောက်ကြည့်ပြီးမှ ဧကရာဇ်ငယ်လေးကိုတိုက်လိုက်သည်။


သူသောက်ပြီးနောက် ဧကရာဇ်ငယ်လေးကသောက်လိုက်ရာ သွယ်ဝိုက်အနမ်းနှင့်ညီမျှသည်။


သူဆေးတိုက်တိုင်းဒီလိုလုပ်လေ့ရှိပေမဲ့ ဧကရာဇ်ငယ်လေးမှာအချိန်တိုင်းရှက်သွေးဖြာသွားဆဲဖြစ်ရာ ၎င်းဟာလည်းသူဆေးသောက်ချင်နေရသည့်အကြီးမားဆုံးအကြောင်းပြချက်ဖြစ်လောက်သည်။


ဆေးတိုက်ပြီးနောက် ကျောက်ကျင်းစစ်ကဧကရာဇ်ငယ်လေးကိုသစ်သီးယိုကျွေးလိုက်ပြီး စားပွဲပေါ်ကစားစရာများကိုကြည့်ကာမေးလိုက်သည်။

"ဘာစားချင်လဲ။"


တကယ်တော့ ဧကရာဇ်ငယ်လေးကိုဆေးတိုက်ရတာလည်းသိပ်စိတ်ဝင်စားစရာကောင်းလှသည်၊ သူတစ်ဖက်လူစားချင်တာမှန်သမျှအကုန်ကျွေးလေ့ရှိသည်။ ကျောက်ကျင်းစစ်မှာလတ်တလောပိုမိုထူးချွန်လာပြီး လိုက်ဖက်ညီသောခံစားချက်တစ်စွန်းတစပင်ရနေသည်။


ဒါပေမဲ့ဒီနေ့ သူမေးပြီးနောက် ဧကရာဇ်ငယ်လေးတုံ့ပြန်တာမစောင့်ဘဲ အလိုလိုခေါင်းလှည့်ကြည့်မိတော့ ဧကရာဇ်ကယ်လေးကမျက်မှောင်တင်းကြပ်စွာကြုတ်ထားကာ သူ့မျက်နှာမှာဖြူရော်လျက်ရှိကြောင်းမြင်လိုက်ရသည်။


ကျောက်ကျင်းစစ်မဖော်ပြနိုင်လောက်အောင်ထိတ်လန့်သွားရကာ အလိုလိုမေးမိသည်။

"ဘာဖြစ်လို့လဲ။ နေရထိုင်ရမကောင်းဘူးလား။ ခုနကဆေးက...."


သူပြောလို့မပြီးသေးခင် ဧကရာဇ်ငယ်လေးကရုတ်တရက်ဝေါ့ခနဲသွေးအန်လိုက်ပြီး သူ့ရှေ့ကသွေးကိုကြည့်ကာ လူတစ်ကိုယ်လုံးအဆင််မပြေတော့ပေ။


0687ကသူ့ခန္ဓာကိုယ်ကိုခပ်သွက်သွက်ကူစစ်ဆေးပေးသည်။ စစ်ဆေးကြည့်ပြီးနောက် အချစ်ဆိပ်ကူကောင်များအနည်းငယ်ပိုတက်ကြွလာတာကလွဲလို့ သူဘာမှမဖြစ်မှန်းသိလိုက်ရသည်။ သူမနေနိုင်ဘဲသက်ပြင်းချမိသည်: Hostမေ့လဲသွားပြန်ပြီ။


ကျောက်ကျင်းစစ်မှာသွေးမြင်လိုက်ရချိန် သူ့စိတ်မှာတစ်အောင့်မျှဗလာကျင်းသွားတော့သည်။ သူဟာသိသိသာသာကိုစစ်မြေပြင်မှာသွေးမြင်ရတာနေသားကျနေပေမဲ့ ဒီအခိုက်အတန့် သူ့ရင်ထဲမှာထိတ်လန့်သွားရသည်။


"နန်းတွင်းသမားတော်သွားခေါ်!"

သူကမေ့လဲသွားသည့်ဧကရာဇ်ငယ်လေးကိုပွေ့ဖက်ရင်း သူ့အသံမှာတုန်ရီလျက်။


______________________________