Chapter(33)
Viewers 10k

ဧကရာဇ်ငယ်လေးကိုကိုင်ထားသည့်ကျောက်ကျင်းစစ်၏လက်များမှာတုန်ယင်လို့နေပြီး သူစစ်မြေပြင်မှာရန်သူတို့ထံမှအဝိုင်းခံထားရတုန်းကတောင် အခုလိုမျိုးမသက်မသာမခံစားခဲ့ရဖူးပေ။


စွင်းတဲ့ချန်မှာလည်းထိတ်လန့်မှုကြောင့်ဖြူရော်သွားပြီး  နန်းတွင်းသမားတော်ကိုအပြေးအလွှားသွားခေါ်ချိန်တွင် ခလုတ်တိုက်မိလုနီးပါးဖြစ်သွားရသည်။


သမားတော်ကျန်းမှာ လင်စန်းထံမှဝတ်ရုံကော်လအဆွဲခံရလုမတတ် အလွန်လျင်မြန်စွာဖြင့် ဧကရာဇ်ငယ်လေးထံအခေါ်ခံလာရကာ အခန်းထဲဝင်လာသည်နှင့်သွေးကြောစမ်းပေးလိုက်ရသည်။


ဤအချိန်တွင် ကျောက်ကျင်းစစ်ကဧကရာဇ်ငယ်လေးကိုအိပ်ရာပေါ်တင်ကာ သမားတော်ကျန်းကိုထိုင်ခုံပေးလိုက်သည်။ သူကဘေးမှာတည်ငြိမ်စွာရပ်နေပုံပေါက်ပေမဲ့ သူ့မျက်လုံးများမှာဧကရာဇ်ငယ်လေး၏မသိမသာဖြူဖျော့နေသောမျက်နှာလေးထက်မြဲမြံစွာရှိနေပြီး စိုးရိမ်ပူပင်မှုအရိပ်အယောင်ဖော်ပြလျက်။


ဆေးပန်းကန်လုံးကြောင့်လား။ ဖြစ်နိုင်တယ်၊ ဒါပေမဲ့သူကိုယ်တိုင်ဧကရာဇ်ငယ်လေးကိုဇွန်းနဲ့ခွံ့တိုက်ခဲ့တာလေ။


ကျောက်ကျင်းစစ်မျက်လုံးမှိတ်လိုက်ပြီး သူ့လက်ချောင်းများမှာမသိမသာတုန်ယင်လျက် သူ့လက်ချောင်းထိပ်ပေါ်မှာသွေးနွေးနွေးရှိနေဆဲပင်။


သူ့မျက်နှာထားမှာတစ်ခဏမျှနာကျင်မှုတစ်ချက်ဖြတ်ပြေးသွားပေမဲ့ သူမျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် ၎င်းမှာရန်လိုမှုအဖြစ်ပြောင်းလဲသွားပြန်သည်။


ဧကရာဇ်မယ်တော်ကစသိတာ ဘယ်သူဖြစ်မလဲ။ ကျင်းဝမ်လား။ ဒါပေမဲ့ ဟုတ်ဟုတ်မဟုတ်ဟုတ် ကျင်းဝမ်ကတော့ဒီအတိုင်းနေရမှာမဟုတ်တော့ဘူး။


မတိုင်ခင်ကတစ်ဖက်လူကတစ်စုံတစ်ယောက်ကိုလွှတ်ကာ ဧကရာဇ်ငယ်လေးကကျုံးကျိုးနယ်မြေမှာရှိနေကြောင်းပြောပြခဲ့ပေရာ ထိုအချိန်တုန်းကဖြစ်ရပ်နောက်ကွယ်ကအခြားလက်သည်တရားခံများရှိနေတာမို့ ဆက်လက်မြှားဖို့တွေးခဲ့သဖြင့် ဒီပုန်းကွယ်နေသည့်အန္တရာယ်ကိုချန်ထားခဲ့မိသည်။


"ကျောက်ရှင်း။"

သူ့အသံမှာအေးစက်လို့နေကာ သူ့ငယ်သားကိုအမိန့်ပေးလိုက်သည်။

"လူခေါ်ပြီးကျင်းနန်းဆောင်ကိုဝန်းရံထား၊ ဘယ်သူမှမလွတ်စေနဲ့၊ ငါလာမှာကိုစောင့်နေ။"


ကျောက်ရှင်းကချက်ချင်းအမိန့်ယူကာထွက်သွားသည်။


ထိုစဥ် ဧကရာဇ်ငယ်လေး၏သွေးကြောကိုစမ်းသပ်နေခဲ့သည့်သမားတော်ကျန်းမှာရုတ်တရက်မျက်နှာပြောင်းလဲသွားကာ နောက်ဆုံးတွင်တုံ့ပြန်လာသည်။


ကျောက်ကျင်းစစ်လက်သီးအလိုလိုဆုပ်ကာ သြရှရှအသံဖြင့်မေးမိသည်။

"ဘာတဲ့လဲ။ အရှင်မင်းကြီးဘယ်လိုနေလဲ။"


သမားတော်ကျန်းကသူ၏မုတ်ဆိတ်ဖြူကိုပွတ်သပ်ကာဆိုသည်။

"အရှင်မင်းကြီးရဲ့ခန္ဓာကိုယ်ကယာယီတော့ကောင်းပါသေးတယ်။"


ယာယီ? ကျောက်ကျင်းစစ်မျက်မှောင်ကြုတ်မိသည်။


စွင်းတဲ့ချန်ကသူ့ဘေးမှာရှိနေပြီး စိုးရိမ်တကြီးပြောလာသည်။

"အိုး၊ ကျုပ်သမားတော်ကျန်းကိုပြောထားတယ်လေ၊ ဒီတစ်ခေါက်အရူးမလုပ်နဲ့တော့၊ ​စကားကိုမြန်မြန်ပြီးအောင်ပြော!"


ဘုရင်ခံမင်းသားအလျင်စလိုဖြစ်နေရင် သူမင်းကိုအပြင်ခေါ်ထုတ်ပြီး အပိုင်းပိုင်းဖြတ်ပစ်မှာစိုးရိမ်မနေဘူးနော်။


သမားတော်ကျန်းကမသေချာမရေရာစွာဖြင့် ချိတုံချတုံပြောလာသည်။

"အရှင်မင်းကြီးရဲ့ခန္ဓာကိုယ်ထဲမှာသက်ရှိတစ်ကောင်ကောင်ရှိနေတဲ့အရိပ်အယောင်တွေ့တယ်။ ဒီသမားတော်သံသယဝင်မိတာက...ကူကောင်အဆိပ်ဖြစ်နိုင်တယ်။"


"ကူအဆိပ်?"

စွင်းတဲ့ချန်အာမေဋိတ်သံပြုမိသည်။


ကျောက်ကျင်းစစ်မှာနားညည်းသွားပုံရကာ မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်ကာမေးလိုက်သည်။

"ဘာကူလဲ။"


ဒီနန်းတော်သမားတော်သေချာမသိပေ၊ သူကကူအဆိပ်အကြောင်းသိပ်မသိသကဲ့သို့ ဧကရာဇ်ငယ်လေးဆီမှာပုံမှန်ဆိုကူအဆိပ်၏လက္ခဏာမမြင်ရသဖြင့် ပြောရခက်လှသည်။


"ရှက်ရွံ့မိပါတယ်၊ ဒီသမားတော်အိုကြီးကဒီအပိုင်းမှာမကျွမ်းပါဘူး၊ ဝမ်ရယ်ဒီအပိုင်းမှာကျွမ်းကျင်တဲ့တစ်ယောက်ယောက်ကိုအမြန်ဆုံးရှာဖွေပြီး အရှင်မင်းကြီးကိုတစ်ချက်ကြည့်ခိုင်းသင့်ပါတယ်။" သမားတော်ကျန်းအကြံပြုကာ တန့်သွားပြီးပြောလိုက်သည်။

"ပြီးတော့အရှင်မင်းကြီးကပြုစားခံရတာနည်းနည်းကြာလောက်ပြီ။"


အနည်းဆုံးတော့ သူကျင်းကျိုးမှာအရှင်မင်းကြီးရဲ့သွေးကြောကိုစမ်းသပ်တုန်းကသတိထားမိခဲ့တဲ့မူမမှန်မှုက အခုတော့ထင်ယောင်ထင်မှားဖြစ်တာမဟုတ်ဘူးထင်တယ်၊ စောစောသာသိခဲ့ရင်....


"နယ်စပ်ဂိတ်ကကူအဆိပ်ဖြစ်နိုင်တယ်။"

သမားတော်ကျန်းခန့်မှန်းကြည့်လိုက်သည်။


ကျောက်ကျင်းစစ်လည်းတွေးမိသည်၊ သူကသမားတော်ကျန်းထင်တာထက်ပိုအချိန်တိကျမှုရှိသည်။


သူဧကရာဇ်ငယ်လေးကိုနှင်းတောထဲကကယ်တင်လာပြီးနန်းတော်ဆီပြန်လာသည်အထိ တစ်ဖက်လူဟာသူဘေးမှာအမြဲရှိနေခဲ့ပြီး နန်းတော်ကိုပြန်လာပြီးနောက်ပိုင်းမှာ သူတို့ကအပြန်အလှန်ဖွင့်ဟဝန်ခံခဲ့ကြကာ သူကဧကရာဇ်ငယ်လေးကိုပိုဂရုစိုက်ပေးပြီး သူ့ကိုပိုမိုနီးကပ်စွာကာကွယ်ပေးခဲ့သည်။ တစ်ခုတည်းသောဖြစ်နိုင်ချေကား ဧကရာဇ်ငယ်လေးနယ်စပ်ကိုထွက်သွားချိန်တုန်းကဖြစ်ပြီး ထိုအချိန်တုန်းကရှောင်ရှီဇီဟာဧကရာဇ်ငယ်လေးနှင့်အတူရှိနေခဲ့သည်.....


ကျောက်ကျင်းစစ်၏နှလုံးသားနစ်မြုပ်သွားရကာ ချက်ချင်းသူ့ငယ်သားများကိုအမိန့်ပေးလိုက်သည်။

"တောင်ပိုင်းကိုသွားပြီး အကျဥ်းသားရှောင်ရှီဇီကိုမြို့တော်ဆီခေါ်လာခဲ့၊ မှတ်ထားရမှာက မင်းတို့သူ့ကိုလမ်းမှာသေခွင့်ပေးလို့မဖြစ်ဘူး။"


ဤအခိုက်အတန့်တွင် သူဟာအလွန်ကံကောင်းလှသည်၊ ကံကောင်းထောက်မစွာဖြင့် ဧကရာဇ်ငယ်လေးကသူရှောင်ရှီဇီကိုသတ်မှာတားမြစ်ခဲ့လို့ပင်၊ မဟုတ်ရင် မဟုတ်ရင်....


ကျောက်ကျင်းစစ်၏နှလုံးသားမှာထူထဲကနာကျင်သိပ်သည်းလျက်၊ သူအိပ်ရာရှေ့မှာထိုင်ချကာ ဧကရာဇ်ငယ်လေး၏ဖြူဖျော့ဖျော့မျက်နှာကိုအသာထိဖို့လက်မြှောက်လိုက်ပေမဲ့ သူ့လက်ချောင်းထိပ်ပေါ်ကသွေးကိုမြင်လိုက်ရချိန်တွင် သူရုတ်တရက်အလန့်တကြားပြန်ရုတ်လိုက်မိသည်။


"အရှင်မင်းကြီးကခုနကကူအဆိပ်ကြောင့်သွေးအန်ခဲ့တာမလား။ ဆေးပန်းကန်လုံးက...."

သူနက်ရှိုင်းသောအသံဖြင့်ပြောလိုက်ပြန်ကာ ဆေးနှင့်တစ်ခုခုဆိုင်နေမလားဟုသံသယဖြစ်နေမိဆဲပင်။


သမားတော်ကျန်းကားပန်းကန်လုံးထဲမှာကျန်သည့်ဆေးရည်ကိုစစ်ဆေးကြည့်ပြီးဖြစ်ရာ ထိုစကားများကိုကြားလိုက်ရပြီးနောက်ပြန်ဖြေလိုက်မိသည်။

"ဆေးမှာပြဿနာမရှိပါဘူး။ ဒီသမားတော်အိုကြီးအထင် ဆေးထဲမှာကူကောင်တွေကိုလှုံ့ဆော်တဲ့ပါဝင်ပစ္စည်းတွေရှိနေလို့ဖြစ်ပါလိမ့်မယ်။ သာမန်လူတွေသောက်ပြီးနောက်မှာအဆင်ပြေပေမဲ့ အရှင်မင်းကြီးသောက်လိုက်တော့....ကူကောင်တွေကလှုံ့ဆော်ခံလိုက်ရလို့ရုန်းကြွလာတာမို့ သူသွေးအန်ခဲ့တာပါ။"


ကျောက်ကျင်းစစ်လက်သီးတင်းတင်းဆုပ်မိပြန်ကာ သူ့လက်ဖဝါးကိုထိုးဖောက်မိမတတ်ပင်။ သေချာတာပေါ့၊ သူတိုက်လိုက်တဲ့ဆေးနဲ့ဆိုင်နေတုန်းပဲ။


ဒါပေမဲ့ဒါကဘာကူအမျိုးအစားလဲ။ ကူကောင်တွေရုန်းကြွလာရင်ဘာဖြစ်မှာလဲ။


သူ့ကိုယ်ထဲမှာကူကောင်ရှိနေတာကဘယ်လိုနေမလဲဆိုတာကျော​က်ကျင်းစစ်ခန့်မှန်းမရပေ၊ သူစိုးရိမ်နေချိန်ဇဝေဇဝါဖြစ်လျက် သိချင်လာမိသည်: 

ကူကောင်ကဧကရာဇ်ငယ်လေးကိုကိုက်မှာလား။ ဧကရာဇ်ငယ်လေးအခုနာကျင်နေမှာလား။ သူ့မျက်နှာကဒီလောက်ဖြူဖျော့ပြီး သူ့မျက်ခုံးတွေကမသိမသာတွန့်ခေါက်နေတာမို့ နာကျင်နေတာဖြစ်မယ်။


သူခဏတောင်မစောင့်နိုင်တော့ဟုကျောကျင်းစစ်ခံစားလိုက်ရကာ ဧကရာဇ်ငယ်လေး၏အဆိပ်ကိုအမြန်ဆုံးဖယ်ရှားရမှာမို့ သူ့လူတို့ကိုတောင်ပိုင်းနယ်စပ်ကိုအမြန်လွှတ်ပြီး အဆိပ်အရာမှာထူးချွန်သည့်မှော်သမားတော်ကိုသွားရှာစေသည်။


"ဒါနဲ့ အရှင်မင်းကြီးမှာဘာကူကောင်ရှိနေလဲဆိုတာမသိတဲ့အပြင် ဘယ်လိုဆိုရင်လှုံ့ဆော်ခံလိုက်ရမလဲဆိုတာမသိတာမို့ ဝမ်ရယ်လတ်တလောအရှင်မင်းကြီးကိုဘာဆေးမှမသောက်စေပါနဲ့။ အစာကွေလွယ်တာကမှန်ပေမဲ့ ကူကောင်တွေကိုရုန်းကြွစေတဲ့ဘာကိုမဆိုမတော်တဆစားမိသွားနိုင်တယ်။ အရှင်မင်းကြီးကိုအခုတလောစားတဲ့စားစရာစားခိုင်းတာကပိုပြီးအန္တရာယ်ကင်းပါတယ်။"

သမားတော်ကျန်းကအကြုံပြုလာပြန်သည်။


အနည်းဆုံးတော့ သူအခုတလောစားနေတဲ့စားစရာတွေကစားလို့အဆင်ပြေတယ်ဆိုတာသက်သေပြနိုင်တယ်လေ။


ကျောက်ကျင်းစစ်လည်းဒီအချက်ကိုနားလည်သည်၊ ဧကရာဇ်ငယ်လေးဘာမှမစားရသေးသဖြင့် သူနောက်ကျနိုးလာရင်ဗိုက်ဆာနေလောက်မည်ဟုတွေးမိရင်း သူအမိန့်ပေးလိုက်သည်။

"ဒီစားစရာတွေအကုန်ဖယ်ပြီး အရင်နှစ်ရက်တုန်းကစားစရာတွေပဲအသစ်ပြန်ပြင်လိုက်။"


လင်ခုံးလုနိုးလာတော့ သူ့ပတ်ပတ်လည်ကလူတို့ကသူ့ကိုသတိရှိရှိကြည့်နေကြတာကိုတွေ့လိုက်ရသည်။ 


ကျောက်ကျင်းစစ်ကားအိပ်ရာရှေ့မှာဆက်တိုက်စောင့်ကြပ်ပေးနေခြင်းပင်။ ဧကရာဇ်ငယ်လေးနိုးလာတာကိုမြင်လိုက်ရတော့ သူ၏တင်းမာနေသောမျက်နှာထားမှာနောက်ဆုံးအနည်းငယ်ပြေလျော့သွားကာ ပြောလိုက်သည်။

"အဆင်ပြေရဲ့လား၊ ဗိုက်ဆာနေလား။ အရှင်မင်းကြီးခန္ဓာကိုယ်ထဲမှာတစ်ခုခုမသက်မသာဖြစ်တာရှိလား။"


သူကအတတ်နိုင်ဆုံးကြိုးစားနူးညံ့သိမ်မွေ့ထားပြီး ကွဲကြေလွယ်သောဖန်ရုပ်လေးကိုဆက်ဆံသည့်အလား အပြုံးနုနုကိုထိန်းသိမ်းလျက်။


လင်ခုံးလုမှာတစ်ခုခုမူမမှန်တာကိုသတိထားမိသင့်ပေမဲ့ အချစ်ကူအဆိပ်၏လွှမ်းမိုးမှုအောက်မှာ သူ့ချစ်ရသူကသူ့ကိုအလွန်ဂရုစိုက်ကြောင်းမြင်လိုက်ရသော် သူပျော်ရွှင်သွားရကာ ခပ်မြန်မြန်ခေါင်းခါပြီးပြောမိသည်။

"နေရထိုင်ရအဆင်ပြေပါတယ်၊ ဗိုက်ပဲနည်းနည်းဆာတာ။ ဒါနဲ့ ခုနကကိုယ်တော်ဘာဖြစ်သွားတာလဲ။"


ကျောက်ကျင်းစစ်သူ့ကိုကူထူပေးကာ ပုံမှန်အသံဖြင့်ပြောလိုက်သည်။

"အရှင်မင်းကြီးအခုတလောအားဆေးသောက်တာများသွားလို့ သွေးအန်သွားတာ။ နောက်ကျဒီဆေးတွေကိုသောက်စရာမလိုတော့ဘူး။"


ဘေးမှာရပ်နေသည့်စွင်းတဲ့ချန်မှာချက်ချင်းခေါင်းငုံ့လိုက်မိသည်။ ဧကရာဇ်ငယ်လေးမနိုးလာခင်တုန်းက အရှင်မင်းကြီး၏စိတ်အခြေအနေကိုသက်ရောက်ပြီး ကူကောင်များကိုမရုန်းကြွလာစေရန်အလို့ငှာ ဘုရင်ခံမင်းသားသည်အရှင်မင်းကြီးကူအဆိပ်မိထားသည့်အချက်ကိုဘယ်သူမှထုတ်မပြောရန်အမိန့်ပေးထားခဲ့၏။


ဧကရာဇ်ငယ်လေးကဒါကိုမသိဘဲ ဆေးသောက်စရာမလိုတော့ဘူးဟုကြားလိုက်ရချိန် အနည်းငယ်စိတ်ပျက်သွားရသဖြင့် ခေါင်းငုံ့ကာတိုးတိုးပြောမိသည်။

"ဒါဆို....အခုကစပြီး ဆေးမတိုက်တော့ဘူးပေါ့?"


ကျောက်ကျင်းစစ်ပြုံးကာပြောလိုက်သည်။

"ကျွန်တော်မျိုးအရှင်မင်းကြီးကိုအသီးတွေဆက်သလို့ရပါသေးတယ်။"


"ဘယ်လိုလုပ်တူမှာလဲ။"

ဧကရာဇ်ငယ်လေးအလိုလိုပြန်ပက်လိုက်မိသည်၊ သွယ်ဝိုက်အနမ်းလေးမရတော့ဘူးပဲ။


ကျောက်ကျင်းစစ်ကသူဘာစဥ်းစားနေမှန်းသိပုံရကာ ရုတ်တရက်လက်ဝေ့ရမ်းကာလူတို့ကိုအပြင်ထွက်သွားစေပြီးမှ ခါးကိုင်းကာ ဧကရာဇ်ငယ်လေး၏မျက်လုံးထဲကိုသူ၏နက်မှောင်သောမျက်လုံးများဖြင့်စိုက်ကြည့်ပြီး နူးညံ့စွာပြောလိုက်သည်။

"အရှင်မင်းကြီးဘာတွေနောင်တရနေတာတုန်း?"


"ကျွန်တော်...."

ဧကရာဇ်ငယ်လေး၏မျက်ဝန်းထဲမှာထိတ်လန့်မှုတစ်ချက်လက်သွားပြီး အလိုလိုအကြည့်လွှဲချင်သွားသည်။


ကျောက်ကျင်းစစ်ကရုတ်တရက်သူ့မေးစေ့ကိုဖျစ်ညှစ်ကာ သူ့ကိုတည့်တိုးစိုက်ကြည့်လျက် ရင်းနှီးသောအသက်ရှုငွေ့ကဖြည်းညှင်းစွာချဥ်းကပ်လာပြီးနောက် သူ့ကိုမသိမသာအေးစက်သောနှုတ်ခမ်းဖြင့်နမ်းရှိုက်လာသည်။


ဧကရာဇ်ငယ်လေးကြက်သေသေသွားကာ မတုံ့ပြန်မိပေ။


ကျောက်ကျင်းစစ်မှာအစကခပ်ဖွဖွသာထိလိုက်ပေမဲ့ သူ့နှုတ်ခမ်းကိုအကြိမ်အနည်းငယ်ငုံပြီးနောက် ရုတ်တရက်ဧကရာဇ်ငယ်လေး၏နောက်စိကိုလှမ်းဆွဲကာ သူ့ကိုဖိချပြီးနမ်းရှိုက်လိုက်တော့ ဧကရာဇ်ငယ်လေးမှာတစ်အောင့်ကြာပြီးနောက်အသက်ရှုကြပ်လာသည်။


ကျောက်ကျင်းစစ်သူ့ကိုလွှတ်ပေးလိုက်ပေမဲ့ လူကတော့ဖိထားလျက် ​အက်ရှရှအသံဖြင့်ရယ်မောလိုက်သည်။

"အရှင်မင်းကြီးဒါကိုနောင်တရနေတာလား။"


ဧကရာဇ်ငယ်လေးမှာနောက်ဆုံးအသက်မှန်မှန်ရှုနိုင်သွားကာ သူ့မျက်နှာမှာရုတ်ခြည်းနီမြန်းသွားပြီး တောင့်တင်းစွာပြန်ပြောလိုက်သည်။

"မရပါဘူး။"


"တကယ်လား။"

ကျောက်ကျင်းစစ်ပြုံးကာပြောလိုက်သည်။

"ကြည့်ရတာတော့အရှင်မင်းကြီးလည်းသဘောကျပုံရတယ်။"


ပုံမှန်ဆိုသူ့ကိုအမြဲနမ်းချင်ပေမဲ့ သူ့ကိုတကယ်နမ်းလိုက်ရင်တောင် သူ့အရည်အချင်းကသိပ်မကောင်းဘူးလေ။


ဧကရာဇ်ငယ်လေးမသိမသာစိတ်ပျက်လက်ပျက်ဖြစ်သွားကာ အကောင်းဆုံးလှည့်ကာ သူ့ကိုပြန်ဖိချပြီး အသာမောဟိုက်လျက်ပြောလိုက်သည်။

"သာမန်မိသားစုရဲ့ဇနီးတစ်​ယောက်က ကိုယ်တော့်လိုခင်ပွန်းကိုဘယ်လိုလုပ်ဖိချနိုင်ရတာလဲ။"


ကျောက်ကျင်းစစ်မျက်ခုံးအသာပင့်သွားကာပြောလိုက်သည်။

"သာမန်မိသားစုရဲ့ခင်ပွန်းတစ်ယောက်က အရှင်မင်းကြီးလိုမျိုးအနမ်းကြောင့်သတိလစ်တော့မလိုမဖြစ်သွားပါဘူးနော်။"


"ကျွန်တော်၊ ကျွန်တော်...."

ဧကရာဇ်ငယ်လေး၏မျက်လုံးများမှာရှက်ရွံ့မှုတို့ဖြတ်ပြေးသွားတော့သည်။


ဒါကိုမြင်လိုက်ရသော် ကျောက်ကျင်းစစ်သူ့ကိုထပ်မစတော့ဘဲ သူ့ကိုပွေ့ဖက်ကာထထိုင်ပြီး ပြောလိုက်သည်။

"အရှင်မင်းကြီးဗိုက်ဆာနေပြီမလား။ အရင်စားကြစို့လေ။"


ဧကရာဇ်ငယ်လေးသက်မချလိုက်မိပြီး "ဇနီး"ကမေးခွန်းမထုတ်တော့သဖြင့် "ခင်ပွန်း"၏ဂုဏ်သိက္ခာကိုနောက်ဆုံးမှာထိန်းသိမ်းလိုက်နိုင်ပြီဟုခံစားလိုက်ရသည်။


ဒါပေမဲ့ သူ"ဇနီး"ဆီကပွေ့ဖက်ခံရကာ စားပွဲရှေ့ထိုင်လိုက်ချိန်မှာ ဧကရာဇ်ငယ်လေးမိန်းမောသွားရပြန်သည်။


"ဘာလို့ဟင်းပွဲပြောင်းလိုက်တာလဲ။"

သူတော်ဝင်စားဖိုဆောင်ကိုချက်ခိုင်းခဲ့တဲ့ငါးဟင်းနဲ့ရတနာ၈မျိုးဘဲကကော?


ကျောက်ကျင်းစစ်မှာဒီနေ့တော့ဧကရာဇ်ငယ်လေးကိုအလိုလိုက်နေပုံပင်၊ တစ်ဖက်လူဘာမေးမေး သူသဘောတူလက်ခံလုနီးပါးဖြစ်သည်။ ဧကရာဇ်ငယ်လေးသူ့ကိုကြည့်လိုက်ချိန်တွင် သူ့မျက်နှာထက်အပြုံးနုတစ်ပွင့်အမြဲရှိနေပုံမှာ အေးချမ်းသာယာသောနေရာကမတူညီသောလူတစ်ယောက်ပမာ။


ဒါပေမဲ့ သူနန်းတော်ဂိတ်ဝကထွက်သွားချိန်တွင် သူ့မျက်နှာမှာချက်ချင်းမည်းမှောင်သွားကာ သူ့အနားကလူတို့ကိုမေးလိုက်သည်။

"ကျင်းဝမ်ကိုဖမ်းပြီးပြီလား။"


သူ့ငယ်သားများကရှက်ရွံ့စွာခေါင်းငုံ့ထားလျက်ပြောလာသည်။

"သူဘာမှမပြောပါဘူး။"

တစ်ဖက်လူကဝမ်ရယ်ဖြစ်နေကာ သူတို့ကသူ့ကိုအကျဥ်းထောင်ထဲမပို့ရသေးပေ၊ သူတို့ကသူ့ကိုမနှိပ်စက်ချင်ပေ။


တကယ်တော့ ကျောက်ကျင်းစစ်၏လူများမှာဧကရာဇ်မယ်တော်ကစတင်ပြီး ဧကရာဇ်ငယ်လေးဆီဆေးပို့ခဲ့သည့်လူကိုဖမ်းမိထားပြီးဖြစ်ပေမဲ့ တစ်ဖက်လူကလည်းပါးစပ်လုံကာဘာမှထုတ်မပြောလာပေ။


ဒါပေမဲ့ ကျောက်ကျင်းစစ်၏အလိုလိုသိစိတ်မှာ ဒီကိစ္စကကျင်းဝမ်နှင့်တစ်ခုခုဆိုင်နေမှန်းအလွန်သေချာလျက်။


သူကနန်းတော်ကိုပြန်မသွားဘဲ ဝေါယာဥ်ပေါ်တက်ပြီးနောက် မောင်းနေသည့်တပ်သားကိုတိုက်ရိုက်ပြောလိုက်သည်။

"ကျင်းဝမ်နန်းတော်ကိုသွား။"


ယခုမူ ကျင်းဝမ်၏နန်းဆောင်မှာကျောက်ကျင်းစစ်၏တပ်သားများဝန်းရံထားကာ ငှက်တစ်ကောင်ပင်ပျံထွက်သွားနိုင်ခြင်းမရှိ။


ကျောက်ကျင်းစစ်နန်းဆောင်ထဲဝင်သွားချိန်တွင် ကျင်းဝမ်ကသူ့ကိုမြင်သွားကာပြောလာသည်။

"ကျောက်ကျင်းစစ်၊ မင်းကအတင့်ရဲလွန်းပြီးတော့ ကိုယ်တော့်နန်းတော်ကိုလူတွေဝိုင်းထားခိုင်းရဲတယ်ပေါ့။ မင်းပုန်ကန်တော့မလို့လား။"


ကျောက်ကျင်းစစ်ဗလာသက်သက်ပြောလိုက်သည်။

"ပုန်ကန်ချင်တဲ့တစ်​ယောက်ကကျွန်တော်မဟုတ်ဘဲဝမ်ရယ်ပါ။"


အဆုံးတွင် သူသည်သူလူများကိုကျင်းဝမ်မှာတစ်ကိုယ်ကောင်းဆန်သောရည်ရွယ်ချက်များရှိပြီး ဒီနှစ်များမှာတိတ်တခိုးလက်နက်များဖြန့်ချီသည့်ကိစ္စနှင့် ဧကရာဇ်ငယ်လေးကိုလုပ်ကြံခဲ့သည့်လူနှင့်တစ်ဖက်လူကြားရှိစာပေးစာယူလုပ်မှုတို့၏သက်သေများကိုထုတ်ပြခိုင်းလိုက်၏။


"ပြီးတော့အရှင်မင်းကြီးပြုစားခံရတဲ့ကိစ္စကလည်းဝမ်ရယ်လုပ်ခဲ့တာမလား။"

ကျောက်ကျင်းစစ်ကသေချာဂရုစိုက်ကြည့်ကာ သူ့လေသံမှာအလွန်သေချာလျက် သူဖြည်းညှင်းစွာပြောလိုက်သည်။

"ဘယ်လိုပြုစားမှုမျိုးလဲ။ ကျွန်တော့်ကိုပြောပြရင် ဝမ်ရယ့်ကိုခွင့်လွှတ်ပေးလို့ရလောက်ပါတယ်။"


ကျင်းဝမ်မှာဒီသက်သေများကိုမြင်လိုက်ရချိန် သူ့မျက်နှာမှာတမဟုတ်ချင်းဖြူဖျော့သွားရသည်။ သူရှောင်နိုင်တယ်လို့ထင်ခဲ့မိပေမဲ့ တကယ်တော့ကျောက်ကျင်းစစ်ကရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့တယ်လား။


မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ သက်သေတချို့ကအကြံပေးအရာရှိချူဟုန်လက်ထဲမှာလေ။ ဘယ်လိုလုပ်ကျောက်ကျင်းစစ်လက်ထဲရောက်သွားတာလဲ။ ချူဟုန်လည်းအဖမ်းခံလိုက်ရတာလား။


ဟင့်အင်း၊ မမှန်သေးဘူး။ ချူဟုန်အဖမ်းခံလိုက်ရရင် ကျောက်ကျင်းစစ်ကသေချာပေါက်ချူဟုန်ကိုအရင်စစ်ဆေးမေးမြန်းမှာ၊ ချူဟုန်ကလည်းဧကရာဇ်ငယ်လေးရဲ့ပြုစားခံလိုက်ရတဲ့ကိစ္စကိုပြောပြလိုက်လိမ့်မယ်၊ ဒီတော့ကျောက်ကျင်းစစ်ကသူ့ကိုဘာလို့ထပ်မေးနေမှာလဲ။


ဒီတော့ ဖြစ်နိုင်ချေတစ်ခုပဲကျန်တော့တယ်၊ အဲ့ဒီ့ချူဟုန်သူ့ကိုသစ္စာဖောက်သွားတာ။ တစ်ဖက်လူကကကျောက်ကျင်းစစ်လက်ထဲမှာသူ့လုပ်ရပ်သက်သေတွေရှိလို့ပြီးဆုံးသွားပြီမှန်းသိတာမို့ သူ့ကိုဒိုင်းကာအဖြစ်ကြိုပြီးအသုံးချသွားတာပဲ။


ဒါကိုသိလိုက်ရပြီးနောက် ကျင်းဝမ်ဒေါသထွက်လွန်းလို့ သူ့မျက်နှာမှာအရုပ်ဆိုးသွားရကာ ကျယ်လောင်စွာအံကြိတ်လိုက်မိသည်။


ကျောက်ကျင်းစစ်မျက်မှောင်ကြုတ်ကာ အေးစက်သောအသံဖြင့်ပြောလိုက်သည်။

"ပြောလေ!"


ကျင်းဝမ်ကဒေါသတကြီးပြန်ရယ်ကာပြောလာသည်။

"ဟက်၊ ကိုယ်တော်ပြောရင် မင်းတကယ်ခွင့်လွှတ်ပေးမှာလား။"


ကျင်းဝမ်မယုံပေ၊ ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ သူကျူးလွန်ခဲ့တဲ့ကိစ္စကသစ္စာဖောက်မှုနှင့်လုပ်ကြံမှုအပြင် ကျောက်ကျင်းစစ်ရဲ့အနှစ်သက်ခံဧကရာဇ်ငယ်လေးကိုလည်းထိခိုက်အောင်လုပ်ခဲ့သေးတယ်။ တစ်ဖက်လူကသူ့ကိုလုံးဝအလွတ်ပေးမှာမဟုတ်ဘူး၊ ဒီတော့....


"မင်းဘာလို့ကိုယ်တော့်အတွက်လူတစ်ယောက်ကိုမသတ်ပေးတာလဲ၊ သူ့နာမည်ကချူဟုန်၊ ကိုယ်တော့်ရဲ့အကြံပေးအရာရှိ၊ သူ့အမေအသုဘဝတ်စုံလိုမျိုး သူကအမြဲတမ်းဝတ်ရုံဖြူဝတ်ရတာကြိုက်တယ်။ မင်းကိုသတ်ပေးရင် ကိုယ်တော်ကဧကရာဇ်ငယ်လေးရဲ့ခန္ဓာကိုယ်ထဲမှာဘာကူကောင်ရှိလဲ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာပြောပြမယ်။"


ကျင်းဝမ်လှောင်ပြုံးပြုံးလိုက်သည်၊ သူတကယ်သေရမယ်ဆိုရင်တောင် သူမသေခင်ချူးဟုန်ကိုပါဆွဲချသွားမယ်။


ဧကရာဇ်ငယ်လေးကိုယ်ထဲကအချစ်ကူအဆိပ်ကိစ္စကတော့ အရင်ကသူကျောက်ကျင်းစစ်ကိုပြောပြပြီး သူတို့နှစ်​ယောက်ရူးသွားတာမြင်ချင်ခဲ့ပေမဲ့ အခုတော့သူအဲ့လိုလုပ်လို့မရတော့ဘူး။ သူဒီကိစ္စကိုသူ့ဝှက်ဖဲအဖြစ်သုံးပြီးတော့ ကျောက်ကျင်းစစ်ကိုခြိမ်း​ခြောက်ရမယ်။


ကျောက်ကျင်းစစ်လှောင်ပြုံးပြုံးလိုက်ပြီး သူမပြောမှန်းသိသွားကာ လှည့်ထွက်လာလိုက်သည်။


ကျင်းဝမ်ကဘာမှမပြောရင်တောင် သူ့မှာသိရဖို့အခြားနည်းလမ်းတွေရှိတယ်၊ ဥပမာ ရှောင်ရှီဇီ၊ ချူဟုန်၊ ဒါမှမဟုတ် တောင်ပိုင်းကပင့်လာတဲ့မှော်သမားတော်ကိုစောင့်တာ...


ကျင်းဝမ်မှာသူသဘောမတူမှာစိုးကာ အနောက်ကအလျင်စလိုလှမ်းအော်လိုက်မိသည်။

"ကျောက်ကျင်းစစ်၊ ကျောက်ကျင်းစစ်၊ ငါ့အစ်ကိုတော်မှာသစ္စာရှိခွေးတစ်ကောင်ရှိနေတာပဲ။ မင်းကငါ့အစ်ကိုတော်စကားကိုနားထောင်ခဲ့ဖူးတယ်၊ အခုကျတော့ငါ့တူတော်စကားကိုနားထောင်တယ်။ အိုး၊ တွေးကြည့်ရင်ရယ်စရာကောင်းပေမဲ့ မင်းအထင်...."


သူကဒီအထိပြောလိုက်ပြီး ကျင်းဝမ်ရုတ်ခြည်းထူးဆန်းစွာပြုံးလိုက်ပြီးမှ ဆက်ပြောလိုက်သည်။

"ငါ့တူတော်လေးကမင်းကိုတကယ်သဘောကျတယ်ထင်နေတာလား။ ဟားဟားဟား...."


ကျောက်ကျင်းစစ်၏ခြေလှမ်းများမှာအသာတန့်သွားပြီး နားထောင်ပြီးနောက်သူ့မျက်နှာထက်အမူအရာစိုးစဥ်းမျှမရှိဘဲ ဝတ်ရုံလက်ခါကာထွက်လာလိုက်သည်။


နောက်တစ်နေ့နန်းတော်ထဲဝင်လာသော် ဧကရာဇ်ငယ်လေးကသူ့ကိုမြင်သွားပြီးနောက် သူဟာပုံမှန်အတိုင်းပျော်ရွှင်လျက် သူ့ကိုကပ်တွယ်ရတာသဘောကျနေတုန်းပင်။


ကျောက်ကျင်းစစ်အလိုလိုပြုံးလိုက်မိပေမဲ့ ကျင်းဝမ်၏စကားများကသူ့အပေါ်လွှမ်းမိုးမှုတချို့ရှိနေဆဲပင်။


ဧကရာဇ်ငယ်လေးကသူ့ကိုတကယ်သဘောမကျဘူး? ဘာကိုဆိုလိုတာလဲ။


သူအပြုံးကိုဖိနှိပ်ကာ ဧကရာဇ်ငယ်လေး၏ပုခုံးကိုဖိလျက် အလေးအနက်မေးလိုက်မိသည်။

"အရှင်မင်းကြီးကျွန်တော်မျိုးကိုတကယ်သဘောကျတာလား။"


"ဒါပေါ့။"

လင်ခုံးလုမှာစဥ်းပင်မစဥ်းစားဘဲ အလွန်သေချာစွာပြန်ဖြေလိုက်သည်။


ကျောက်ကျင်းစစ်မယုံမှာစိုးသဖြင့် သူနဂါးဝတ်ရုံ၏လည်ပင်းအဟိုက်ကိုတိတ်တခိုးဖွင့်ဟပြီး တစ်ဖက်လူကိုသူ့နှလုံးသားနားမှာဖွက်ထားသည့်အမည်းရောင်ပစ္စည်း​ပြကာ တိုးတိုးပြောလိုက်သည်။

"ကျွန်တော့်ရင်ထဲမှာခင်ဗျားဖြတ်ခဲ့တဲ့ဝတ်ရုံလက်ကိုအမြဲသိမ်းထားတယ်၊ လုံခြုံအောင်လို့လေ။"


ပြောပြီးနောက် သူအရမ်းရူးလွန်းသည်ဟုသူ့ချစ်ရသူထင်သွားမှာစိုးပြီး ရှက်သွေးဖြာသွားရပြန်ကာ သူ့ဝတ်ရုံကော်လာကိုအမြန်ပြန်စေ့လိုက်သည်။


ကျောက်ကျင်းစစ်အံ့သြသွားရကာ ရယ်မောလိုက်မိပြီး ဧကရာဇ်ငယ်လေးကအနည်းငယ်....တုံးအကာချစ်ဖို့ကောင်းသည်ဟုတွေးနေမိသည်။


ထားလိုက်တော့၊ သူအတွေးလွန်သွားတာပဲ၊ ဧကရာဇ်ငယ်လေးကသူ့ကိုမကြိုက်ဘဲနေမလား။ တစ်ဖက်လူကရှင်းရှင်းလင်းကိုအနည်းငယ်ရူးမိုက်တဲ့အထိ....သူ့ကိုချစ်နေပြီးသားကို။


ကျောက်ကျင်းစစ်အလိုလိုပြုံးမိကာ ဧကရာဇ်ငယ်လေး၏ခေါင်းကိုပွတ်ရင်း ပြောလိုက်သည်။

"အရင်စားကြစို့။"


စားဖို့ရောက်လာချိန် လင်ခုံးလုမျှော်လင့်နေမိပေမဲ့ ဟင်းပွဲများကိုမြင်လိုက်ရချိန် သူတမဟုတ်ချင်းဖြူဖျော့သွားရသည်။


"ဘာလို့အခုတလောဒီဟာတွေဘဲစားနေရတာလဲ။ နန်းတွင်းစားဖိုဆောင်ကိုလုပ်ခိုင်းထားတဲ့ရတနာ၈မျိုးဘဲကကော?"


ကျောက်ကျင်းစစ်သူ့ကိုအသားတစ်ဖတ်ထည့်ပေးလိုက်သည်။ ဒါကိုကြားလိုက်ရသော် သူ့မျက်လုံးများမှိန်ကျသွားကာ နူးညံ့စွာပြောလိုက်သည်။

"အရှင်မင်းကြီးကပြင်းထန်တဲ့ရောဂါကနေနာလန်ထူခါစမို့လို့ ပေါ့တာတစ်ခုခုစားတာပိုကောင်းပါတယ်။"


လင်ခုံးလုနှုတ်ခမ်းတင်းတင်းစေ့ကာ အနည်းငယ်မကျေမနပ်ဖြစ်သွားပြီး ပြောမိသည်။

"မှာထားတဲ့အချိုပွဲကော?"


ကျောက်ကျင်းစစ်: "သိပ်အေးလွန်းတယ်။"


လင်ခုံးလု: "....."


လင်ခုံးလု၏ဘဝမှာသိပ်မလွယ်လှ၊ အနည်းဆုံးတော့အစားအသောက်မှာ လွတ်လပ်မှုမရှိပေ။


ကျောက်ကျင်းစစ်ကအကုန်ဂရုစိုက်ပေးပြီး သူပုံမှန်စားလေ့ရှိသည့်သစ်သီးယိုများကလွဲလို့ လတ်တလောမစားရသည့်စားစရာများကိုသူ့ကိုထိခွင့်မပေးပေ။


လင်ခုံးလုသက်ပြင်းချမိသည်၊ ကျောက်ကျင်းစစ်ကသူအဆင်မပြေဖြစ်သွားတာမြင်လိုက်ရလို့ မေးလိုက်မိသည်။

"အရှင်မင်းကြီးစားချင်တာရှိလား။ လတ်တလောစားတဲ့ဟင်းပွဲထဲမှာလေ?"


လင်ခုံးလုတစ်အောင့်ကြာတွေးကြည့်ကာ သူနယ်စပ်မှာစားခဲ့သည့်ဟင်းပွဲအနည်းငယ်ကိုမှာလိုက်သည်။


မြောက်ပိုင်းကစားတော်ကဲများကသာဒီဟင်းပွဲများကိုအရသာရှိရှိချက်ပြုတ်နိုင်ပြီး ပါဝင်ပစ္စည်းအများစုမှာထိုနေရာတွင်ထုတ်လုပ်သဖြင့် မြို့တော်မှာရှားပါးလှသည်။ တုံ့ဆိုင်းမှုမရှိဘဲ ကျောက်ကျင်းစစ်ကတစ်ယောက်ယောက်ကို မြောက်ပိုင်းကအန်းဝမ်၏နန်းတော်ဆီအမြန်သွားကာ သူနှင့်အတူစားတော်ကဲနှင့်ပါဝင်ပစ္စည်းများယူလာခိုင်းလိုက်သည်။


ရှောင်ရှီဇီကိုသွားခေါ်သည့်လူဟာလည်းမြောက်ပိုင်းကလာနေပြီဖြစ်ကာ လူနှစ်အုပ်ကနေ့တစ်ဝက်ကြာပြီးနောက်မြို့တော်ပြန်ရောက်လာကြသည်။


ကျောက်ကျင်းစစ်ကရှောင်ရှီဇီကိုအရင်သွားစစ်ဆေးမေးမြန်းမှာမို့ စားတော်ကဲနှင့်ပါဝင်ပစ္စည်းများမကြာခင်ရောက်လာတော့မည်ဟုကြားလိုက်ရချိန် သူအမိန့်ပေးလိုက်သည်။

"တစ်ယောက်ယောက်ရောက်လာရင် သူတို့ကိုနန်းတော်ကိုတိုက်ရိုက်သွားပြီးတော့ အရှင်မင်းကြီးအတွက်ချက်ပြုတ်ခိုင်းလိုက်။"


ပြောပြီးနောက် သူကရှောင်ရှီဇီကိုချုပ်ထားသည့်အကျဥ်းထောင်ထဲဝင်သွားလိုက်သည်။


ရှောင်ရှီဇီမှာနှစ်လသုံးလကြာအကျဥ်းချခံထားရသဖြင့် ပိန်ချုံးသွားခဲ့သည်။ သူကကျောက်ကျင်းစစ်ကိုမြင်သွားချိန် သူချက်ချင်းကြောက်လန့်သွားတော့သည်။


"ကိုယ်တော်ဘာမေးမလဲဆိုတာမင်းသိနေတဲ့ပုံပဲ။"

ကျောက်ကျင်းစစ်၏မျက်လုံးများအေးစက်စွာတစ်ချက်လက်သွားပေမဲ့ သူ့လေသံမှာအတက်အကျမရှိပေ။

"ပြော၊ အရှင်မင်းကြီးကိုယ်ထဲမှာဘယ်သူကကူကောင်ထည့်ခိုင်းခဲ့တာလဲ။ ဘာကူကောင်အမျိုးအစားလဲ။ ဘယ်လိုဖြေရှင်းရမလဲ။"


ရှောင်ရှီဇီမှာခေါင်းမာသောလူတစ်ယောက်မဟုတ်ပေရာ သူ့မျက်နှာမှာကြောက်လန့်မှုဖြင့်ဖြူဖျော့လျက် တုန်တုန်ရီရီပြောလာသည်။

"ဝမ်၊ ဝမ်ရယ်ကိုပြန်ပြောရရင် သူဘယ်သူလဲဆိုတာဒီကျွန်တကယ်မသိပါဘူး၊ ပြီးတော့ ဘယ်လိုဖြေရှင်းရမလဲဆိုတာလည်းမသိပါဘူး၊ အချစ်ကူကောင်ဆိုတာဘဲသိပါတယ်။"


အချစ်ကူကောင်?


ကျောက်ကျင်းစစ်မသိမသာတောင့်တင်းသွားရကာ သူအသိပြန်ဝင်လာတော့ သူ့နှလုံးသားမှာတစ်စုံတစ်ခုထံမှတိုက်ချခံလိုက်ရ​ကာ မကောင်းသောခံစားချက်နှင့်အတူအနည်းငယ်နစ်မြုပ်သွားချေသည်။


"ရှင်းရှင်းပြော။"

သူ့အသံမှာတင်းကြပ်လို့နေပြီး ဝတ်ရုံလက်ထဲမှာတဖြည်းဖြည်းချင်းလက်သီးဆုပ်လိုက်မိပေမဲ့ သူ့မျက်နှာမှာအမူအရာကင်းမဲ့လျက်။


ရှောင်ရှီဇီကသိပ်မသိပေ၊ ကြောက်ရွံ့စွာပြောလာသည်။

"အချစ်ကူကောင်ကဘာအတွက်လဲဆိုတာကအဲ့လူကမပြောပါဘူး၊ အရှင်မင်းကြီးရဲ့ကိုယ်ထဲထည့်ပြီးရင် အရှင်မင်းကြီးကခဏသတိလစ်သွားပြီး ပြန်နိုးလာရင် မျက်လုံးဖွင့်လိုက်လိုက်တာနဲ့ ပထမဆုံးမြင်လိုက်ရတဲ့လူကိုချစ်မိသွားမယ်လို့ဘဲပြောပါတယ်။"


ကျောက်ကျင်းစစ်စိတ်ထဲမှာတစ်ခုခုပေါက်ကွဲသွားသည့်အလား "ဘွန်း"ခနဲမြည်သွားကာ ရှောင်ရှီဇီပြောနေတာကိုသူရုတ်တရက်မကြားရတော့ပေ။


မဟုတ်ဘူး၊ သူသေချာကြားရတယ်၊ စကားလုံးတစ်လုံးချင်းစီရဲ့အဓိပ္ပါယ်ကိုနားလည်တယ်၊ ဒါပေမဲ့ စကားလုံးတွေကိုပေါင်းလိုက်ရင် သူရုတ်တရက်နားမလည်တော့ဘူး။


အချစ်ကူအဆိပ်ကဘာလဲ။ မျက်လုံးဖွင့်လိုက်ရင်ပထမဆုံးမြင်လိုက်ရတဲ့လူကိုချစ်မိသွားမယ်ဆိုတာကဘာကိုဆိုလိုတာလဲ။


ကျောက်ကျင်းစစ်ရုတ်တရက်မှင်သက်နေမိကာ သူ့နှလုံးသားတင်းကြပ်သွားရပြီး အသက်ရှုမရတော့ပေ။


သူမသိမသာယိမ်းထိုးသွားရာ သူ့ငယ်သားကျောက်ရှင်းကဒါကိုမြင်သော်ရှေ့တိုးကာလာထိန်းပေးပြီး စိုးရိမ်တကြီးပြောလာသည်။

"ဝမ်ရယ်?"


ကျောက်ကျင်းစစ်သူ့ကိုဖယ်ခိုင်းကာ လက်မြှောက်၍ အကျဥ်းထောင်တံခါးပေါ်ကသစ်လုံးကိုမြဲမြံစွာဆုပ်ကိုင်လိုက်ပြီး ထိုကဲ့သို့ခွန်အားမှာသစ်လုံးမာကိုခွဲနိုင်လုနီးပါးပင်။


"မင်းခုနကဘာပြောလိုက်တယ်? ပြန်ပြော။"

သူစကားလုံးတိုင်းကိုရပ်တန့်လိုက်ပြီး သူ့မျက်နှာမှာအလွန်အရုပ်ဆိုးလျက် သူ့မျက်ခုံးများမှာထက်ရှသောဓားများပမာ သူ့ရှေ့ကလူကိုတစစီဖြတ်ပစ်တော့မည့်အလား။


ရှောင်ရှီဇီမှာကြောက်လွန်းအားကြီးပြီး ချွေးစေးများပြန်ကာ တုန်တုန်ရီရီပြောမိသည်။

"ဝမ် ဝမ်ရယ်ကိုပြောရရင် အ အချစ်ကူအဆိပ်ကလူတွေကို...."


"တော်တော့!"

ကျောက်ကျင်းစစ်ရုတ်တရက်ခက်ထန်စွာဖြတ်ပြောလိုက်မိသည်။


သူမကြားချင်တော့ဘူး၊ သူဘာလို့သူ့ကိုယ်သူညှင်းပန်းရမှာလဲ။ မဖြစ်နိုင်ဘူး၊ အမှန်မဟုတ်ဘူး!


ဒါပေမဲ့ အရှင်မင်းကြီးသူ့ကိုဘယ်တုန်းကချစ်မိသွားတာလဲ။ နှင်းတောထဲမနစ်ခင်တုန်းကလား။


အရင်ဘဝတုန်းကလည်းဖြစ်ခဲ့သည်။ ဒီဘဝမှာ သူပြန်မွေးဖွားလာပြီးနောက်မျက်လုံးဖွင့်လိုက်ချိန်မှာ အရှင်မင်းကြီးကနယ်စပ်မှာရှိနေပြီ။ သူကြိုးစားမှတ်မိအောင်လုပ်ကြည့်ပေမဲ့ ဟင့်အင်း၊ ဘယ်တုန်းကမှဆိုတာကိုဘဲသိလိုက်ရတယ်။


သူအရှင်မင်းကြီးကိုနှင်းတောထဲကမကယ်ခင်တုန်းက သူတို့ကဒီအတိုင်းသာမန်ဧကရာဇ်နှင့်အမတ်ပဲ၊ အချင်းချင်းအနည်းငယ်တောင်သတိထားခဲ့ကြတယ်။


အရှင်မင်းကြီးသူ့ကိုချစ်တာကအချစ်ကူအဆိပ်ကြောင့်ပဲဆိုတာအမှန်ပဲလား။ ဒါဟာလည်းအရင်ဘဝတုန်းကဖြစ်ခဲ့တာလား။


ကျောက်ကျင်းစစ်မယုံချင်ပေ၊ သူအကျဥ်းထောင်ထဲကမိန်းမောစွာထွက်လာကာ အပြင်ကတောက်ပသောနေရောင်ကိုကြည့်ရင်း ရုတ်တရက်အနည်းငယ်စူးရှတောက်ပမှုကိုခံစားမိလိုက်သည်။


သူ့ကိုလာကူထိန်းပေးပြန်သည့်ကျောက်ရှင်းကိုတွန်းဖယ်ကာ ဦးတည်ရာမဲ့ရှေ့ဆက်သွားမိတော့ မသိလိုက်မသိဘာသာဖြင့်နန်းတော်ဂိတ်ဝကိုရောက်လာသည်။


ဂိတ်ပေါက်ကိုစောင့်ကြပ်နေသည့်အစောင့်က ခုနကစွင်းတဲ့ချန်တစ်ယောက်နန်းတော်ဂိတ်ဝကိုလာပြီး မြောက်ပိုင်းကစားတော်ကဲကိုနန်းတော်ထဲခေါ်လာသည့်အကြောင်းသူ့ကိုတင်ပြလာသည်။


စားတော်ကဲ?


ဧကရာဇ်ငယ်လေးကရုတ်တရက်မြောက်ပိုင်းအစားအစာစားချင်တာမို့

သူတစ်ဖက်လူအတွက်မြောက်ပိုင်းကစားတော်ကဲကိုရှာခိုင်းလိုက်မှန်း ကျောက်ကျင်းစစ်မိန်းမောစွာသတိရသွားသည်။ ပြီးတော့ဧကရာဇ်ငယ်လေးတစ်ချိန်လုံးပျော်ရွှင်ကာပြုံးနေတာကိုသူမြင်ချင်သည်။


ဧကရာဇ်ငယ်လေးကူအဆိပ်ဖယ်ရှားပြီးရင် သူစားချင်တာအကုန်ကျွေးပြီး လိုက်ချုပ်ချယ်မနေတော့ဟုသူလည်းတွေးခဲ့မိသည်။ ဒါပေမဲ့ ဒါပေမဲ့....


ဧကရာဇ်ငယ်လေးကအစကအဆုံးထိအချစ်ကူအ​ဆိပ်ကြောင့်သာ သူ့ကိုချစ်တာဆိုရင် ကူကောင်ဖယ်ပြီးတာနဲ့....


ကျောက်ကျင်းစစ်ရုတ်တရက်မတွေးဝံ့တော့ဘဲ နန်းတော်ဂိတ်ဝ၊ ဟောခန်းမနှင့် စကြန်လမ်းကိုခပ်မြန်​မြန်ဖြတ်ကာ ဧကရာဇ်ငယ်လေးကိုတွေ့ဖို့စိတ်အားထက်သန်နေမိသည်။


ကျောက်ကျင်းစစ်ကသူ့အတွက်မြောက်ပိုင်းကစားတော်ကဲကိုဖိတ်ကြားခဲ့ကြောင်းကြားလိုက်ရသော် လင်ခုံးလုအလွန်ပျော်ရွှင်သွားရသည်။ စားချိန်မတန်သေးခင် သူစားပွဲရှေ့ထိုင်ကာစောင့်နေမိသည်။


ဒါပေါ့၊ သူဘာကိုမှလောဘမရှိဟုသူခံစားရပေမဲ့ သူ့ချစ်ရသူ၏ကြင်နာမှုကသူ့ကိုအများကြီးလှုပ်ခတ်သွားစေသည်။


စားတော်ကဲဟာလည်းသွက်လက်ကျွမ်းကျင်လှပြီး နန်းတော်ထဲဝင်ပြီးမကြာခင်မှာ သူကဧကရာဇ်ငယ်လေးအတွက်အစားအစာအပြည့်စားပွဲတစ်ခုပြင်ပေးလာပြီး အကုန်လုံးမှာသူနယ်စပ်မှာစားခဲ့တာဖြစ်သည်။


ကျောက်ကျင်းစစ်ရောက်သွားချိန် အစေခံကဧကရာဇ်ငယ်လေးကိုစားပွဲပြင်ပေးပြီးခါစဖြစ်ကာ သူမကသူလာတာမြင်သွားတော့ ထုံးစံအတိုင်းချက်ချင်းအပြင်ထွက်သွားသည်။


လင်ခုံးလုမှာသူ့ကိုမြင်ရလို့အလွန်ပျော်ရွှင်သွားပြီး အလျင်စလိုထရပ်ကာသူ့လက်ကိုလှမ်းကိုင်ကာ သူ့ကိုစားပွဲဘေးဆွဲခေါ်သွားပြီးပြောလိုက်သည်။

"အားစစ်၊ ခင်ဗျားအချိန်ကောင်းမှာရောက်လာတာပဲ၊ စားစရာတွေကခုနကပဲပြင်ပြီးတာ၊ ခင်ဗျားကျွန်တော်နဲ့အတူညစာစားရမယ်နော်။ ကျွန်တော်ဒီနေ့စိတ်အ​ခြေအနေကောင်းနေလို့ စွင်းတဲ့ချန်ကိုသေရည်နောက်တစ်အိုးသွားယူခိုင်းထားတာ။"


အရင်ကဆိုရင် သူ့လုပ်ရပ်ကြောင့် ဧကရာဇ်ငယ်လေးပျော်သွားတာကိုမြင်ရတာမြင်လိုက်ရရင် သူသေချာပေါက်မနေနိုင်ဘဲသူနဲ့အတူလိုက်ပြုံးမိပြီး ရင်ထဲမှာကျေနပ်နေမိလိမ့်မယ်။


ဒါပေမဲ့အခုတော့ ဘာပဲဖြစ်ဖြစ်သူမရယ်နိုင်ဘဲ သူ့နှလုံးသားမှာဗလာကျင်းလို့နေသည်။


ဧကရာဇ်ငယ်လေးကသူ့ကိုတကယ်မချစ်ဘူးလား။ အချစ်ကူအဆိပ်ကြောင့်သက်သက်ပဲလား။


ဧကရာဇ်ငယ်လေးပျော်ရွှင်လေလေ သူတွေးမိလေလေပင်: ဧကရာဇ်ငယ်လေးရဲ့လက်ရှိပျော်ရွှင်မှုဘယ်လောက်ကအစစ်အမှန်လဲ၊ အချစ်ကူအဆိပ်ကဘယ်လောက်သက်ရောက်တာလဲ။


လင်ခုံးလုမှာသူ့ကိုစားပွဲဆီဆွဲခေါ်သွားတော့ သူ့မျက်နှာထားကွဲပြားနေတာကိုသာသတိထားမိကာ သက်ာမကင်းမေးမိသည်။

"အားစစ်၊ ဘာဖြစ်နေတာလဲ။ မျက်နှာလည်းမကောင်းဘူး၊ နေရထိုင်ရအဆင်မပြေလို့လား။"


သူပြောရင်း တစ်ဖက်လူ၏နှဖူးကိုစမ်းကြည့်ရန်လက်မြှောက်လိုက်သည်။


ကျောက်ကျင်းစစ်အလိုလိုရှောင်လိုက်မိပြီး ဧကရာဇ်ငယ်လေးကအံ့သြကာစိတ်ပျက်သွားသောမျက်နှာထားဖော်ပြလာတာကိုမြင်လိုက်ရချိန် သူနောင်တရသွားမိပြန်သည်။


သူ့နှလုံးသားမှာချဥ်တူးနေပေမဲ့ သူဖျစ်ညှစ်ပြုံးကာပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ ခုနကမှအကျဥ်းသားကိုစစ်ဆေးမေးမြန်းပြီးထွက်လာတော့ ကျွန်တော်မျိုးရဲ့ကိုယ်ညစ်ပတ်နေတာမို့ အရှင်မင်းကြီးမထိပါနဲ့။"


"အော်။" လင်ခုံးလုမှာအသန့်ကြိုက်ရောဂါရှိပေမဲ့ သူ့ကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။

"မသန့်ရှင်းတာမမြင်မိပါဘူး။"


ထို့နောက်သူကတစ်စုံတစ်ယောက်ကိုရေပူနှင့်သဘက်ယူလာခိုင်းကာ ကျောက်ကျင်းစစ်ကိုကိုယ်တိုင်သန့်ရှင်းပေးချင်မိသည်။


ကျောက်ကျင်းစစ်၏နှလုံးသားမသိမသာနွေးထွေးသွားရကာ သူ့လက်ကိုအသာဖိလျက်ပြောလိုက်ရသည်။

"ရပါတယ်အရှင်မင်းကြီး၊ ကျွန်တော်မျိုးကိုယ့်ဘာသာကိုယ်လုပ်လိုက်ပါ့မယ်။"


လင်ခုံးလုနှုတ်ခမ်းစေ့လိုက်ပြီး မကျေမနပ်ဖြစ်သွားပုံရကာပြောလိုက်သည်။

"ခင်ဗျားအမြဲတမ်း'အရှင်မင်းကြီး'ဆိုပြီးပါးစပ်ဖွင့်ပြီးတော့ 'ကျွန်တော်မျိုး'ဆိုပြီးပါးစပ်ပိတ်တယ်၊ အရမ်းစိမ်းသက်သလိုခံစားရတယ်ရော်။"


ကျောက်ကျင်းစစ်ပြုံးကာ ခါးကိုင်းပြီး သူ့နားထဲတိုးတိုးပြောလိုက်သည်။

"ဒါဆို...ခင်ပွန်းစားပွဲမှာအရင်ထိုင်နှင့်​လေ၊ ကိုယ်ခဏနေလာခဲ့မယ်။"


လင်ခုံးလု၏နားမှာတမဟုတ်ချင်းနီစွေးသွားကာ သူ့ကိုတစ်ချက်ခိုးကြည့်လိုက်ပြီးနောက် မထူးခြားမခြားနားဖြစ်ချင်ယောင်ဆောင်ကာပြောလိုက်သည်။

"ဒါဆိုလည်းပြီးရော။"


ကျောက်ကျင်းစစ်သူ့ကျောပြင်ကိုကြည့်ကာပြုံးလိုက်မိပြီး အမှန်တရားကိုသိလိုက်ရပြီးနောက်ဗလာကျင်းမှုနှင့်နာကျင်ဝမ်းနည်းမှုမှာအတော်လေးသက်သာသွားသယောင်။


ထိုစဥ် ကျောက်ရှင်းကရုတ်တရက်နန်းတော်ထဲဝင်ကာ သူ့ကိုရှာပြီး လျို့ဝှက်သောအသံဖြင့်ပြောလာသည်။

"ဝမ်ရယ်၊ ဝမ်ရယ်ထွက်သွားပြီးတော့ ရှောင်ရှီဇီကထပ်ပြောလာပါတယ်၊ အချစ်ကူအဆိပ်ကအချစ်ပြန်မရဘဲ ထပ်ခါထပ်ခါအငြင်းခံရရင် သူကဝမ်ရယ်ကိုပိုပိုပြီးချစ်လာပြီးတော့ သူ့အသိစိတ်မပျောက်သွားမချင်း ပိုသရုပ်ပျက်ပြီးတော့ရူးသွားပါလိမ့်မယ်တဲ့။ ဒါပေမဲ့ အချစ်ကိုပြန်တုံ့ပြန်ခံရရင်တော့..."


"ဘာဖြစ်မှာလဲ။"

ကျောက်ကျင်းစစ်၏နှလုံးသားတင်းကြပ်သွားရသည်။


အချစ်ပြန်မရရင် ပိုပိုပြီးရူးလာမယ်၊ ဒါကအရင်ဘဝကဧကရာဇ်ငယ်လေးမဟုတ်ဘူးလား။ အရင်ဘဝတုန်းကအချစ်ကူအဆိပ်ကြောင့် အရှင်မင်းကြီးကနောက်ပိုင်းမှာအဲ့လိုဖြစ်သွားတာများလား။


"ပြောတာကတော့ ရူးမသွားဘဲ တစ်ယောက်ကိုတစ်ယောက်ပိုကပ်တွယ်လာပါလိမ့်မယ်တဲ့။"

ကျောက်ရှင်းတိုးတိုးပြောလိုက်ပြီးမှမေးလိုက်သည်။

"ဝမ်ရယ်၊ မှော်သမားတော်ရှာချင်နေတုန်းပဲလား။


____________________________