Chapter(34)
Viewers 12k

"မှော်သမားတော်"ဟူသည့်စကားလုံးကိုကြားလိုက်ရသော် ကျောက်ကျင်းစစ်တောင့်တင်းသွားရသည်။


ဒါကို​မြင်လိုက်ရရာ ကျောက်ရှင်းတွေးမိသည်: အခုဝမ်ရယ်ကဧကရာဇ်ငယ်လေးကိိုသိပ်ချစ်နေတာ၊  ကူကောင်ဖယ်လိုက်ရင် ဧကရာဇ်ငယ်လေးကဝမ်ရယ်ကိုမချစ်တော့ရင်ကော?


သူပြောရရင် လုံးဝမရှင်းပြတတ်တော့ပေ၊ ဘာပဲဖြစ်ဖြစ် ဝမ်ရယ်ကဧကရာဇ်ငယ်လေးကိုအမြဲချစ်နေသ၍ ဧကရာဇ်ငယ်လေးကရူးသွားမှာမဟုတ်ဘူး၊ တွယ်ကပ်တာကကိစ္စကြီးမှမဟုတ်ဘဲ။


ဒါပေမဲ့ ကျောက်ကျင်းစစ်အလောင်းအစားမလုပ်ရဲပေ၊ ရှောင်ရှီဇီက"အချစ်ပြန်ရရင် ရူးသွားမှာမဟုတ်ဘူး"ဟုပြောခဲ့ပေမဲ့လည်း ရှောင်ရှီဇီသိထားတာကမှားနေရင်ကော?


အရင်ဘဝတုန်းကဧကရာဇ်ငယ်လေးကိုသူပြန်မချစ်လို့ ဘယ်လိုရူးသွားလဲဆိုတာကိုတွေးကြည့်မိရင်း သူ့ရင်ထဲမှာစူးရှစွာနာကျင်သွားရသည်။ အရင်ဘဝတုန်းကသူဒါကိုဘာလို့မတွေးမိခဲ့တာလဲ။ ဧကရာဇ်ငယ်လေးကအဲ့လိုမျိုးတစ်ဆင့်ပြီးတစ်ဆင့်ဖြစ်လာတာ၊ သူကသူ့ကိုတွန်းအားပေးလိုက်မိလို့....များလား။


ကျောက်ကျင်းစစ်မျက်လုံးမှိတ်ကာ ခက်ခက်ခဲခဲပြောလိုက်ရသည်။

"ဆက်ရှာထား၊ ​မြန်ပါစေ။"


ဆိုတော့အချစ်ကူအဆိပ်ကခံစားချက်တွေကိုတိုးမြှင့်ပေးတာဆိုရင်ကော? ဒီကာလတစ်လျှောက်လုံးကသူနှင့်ဧကရာဇ်ငယ်လေးကြားကဆက်ဆံရေးကအကုန်အတုအယောင်ဖြစ်ပြီး တကယ့်အစစ်အမှန်ခံစားချက်လုံးဝမရှိဘူးဆိုတာသူမယုံပေ။


အရှင်မင်းကြီးကအစကသူ့ကိုအချစ်ကူအဆိပ်ကြောင့်သဘောကျသွားနိုင်ပေမဲ့ နောက်ပိုင်းသူကသူ့ကိုတကယ်ချစ်သွားရင်ကော? သူအများကြီးမလိုအပ်ပေ၊ နည်းနည်းလေးဆိုရင်လုံလောက်ပြီ။


သို့ဖြစ်၍ အချစ်ကူကောင်ထုတ်ပြီးသွားရင် သူနှင့်အရှင်မင်းကြီးကဒီကနေ့လိုမျိုးနီးကပ်တော့မှာမဟုတ်ပေမဲ့ အနည်းဆုံးတော့သူတို့ဟာတစ်ယောက်ကိုတစ်ယောက်ချစ်နေအုံးမှာဖြစ်သည်။ ထိုအချိန်ကျရင် သူအပြင်းအထန်ကြိုးစားကာ အရှင်မင်းကြီးသူ့ကိုနက်ရှိုင်းစွာထပ်ချစ်လာစေမည်။


လင်ခုံးလုစားပွဲကိုတစ်ယောက်တည်းပြန်သွားလိုက်ပြီး သူ့မျက်နှာမှာနီမြန်းလျက် ခပ်ဖွဖွလျှောက်လာသည်။


0687ကသူ့အတွက်အချစ်ကူအဆိပ်လွှမ်းမိုးမှု၁ရာခိုင်နှုန်းပိတ်ပေးလာသဖြင့် သူနောက်ဆုံးပုံမှန်ပြန်ဖြစ်သွားကာမေးမိသည်။

"ဒီနေ့ဘာဖြစ်သွားလို့လဲ။ အားစစ်ကတစ်ခုခုတော့တစ်ခုခုပဲ။"


0687: "!" ဘာလို့အားစစ်လို့ခေါ်နေသေးတာလဲဟ။


သူနောက်ထပ်၃ရာခိုင်နှုန်းပိတ်ပေးလိုက်သည်။


လင်ခုံးလု: "?"


"အခုပုံမှန်ဖြစ်သင့်ပြီမလား။"

0687တိုးတိုးပြောမိသည်။


လင်ခုံးလုတမဟုတ်ချင်းမည်းမှောင်သွားရကာပြောမိသည်။

"ငါခုနကတော်တော်လေးပုံမှန်ပါပဲနော်။"


"ပုံမှန်တဲ့လား၊ မင်းသူ့ကိုအားစစ်လို့ခေါ်နေတုန်းပဲလေ။"

0687ပဟေဠိဖြစ်သွားသည်။


လင်ခုံးလုချောင်းအသာဟမ့်လိုက်ပြီး ပင်ကိုယ်အားဖြင့်အကြောင်းရင်းကိုပြောမှာမဟုတ်ဘဲ မေးလိုက်သည်။

"ဒီတော့ဘာဖြစ်သွားတာလဲ။"


0687: "အာ၊ သူကမင်းရဲ့အချစ်ကူအဆိပ်အကြောင်းသိသွားလို့ ကျင်းဝမ်ကိုတောင်ဖမ်းလိုက်ပြီ။"


လင်ခုံးလု: "!!!" မင်းဘာလို့ဒီလိုကိစ္စကြီးကိုစောစောမပြောခဲ့တာလဲ။


0687: "အဓိကအချက်က ငါပြောပြောမပြောပြောအတူတူပဲလေ။ ငါပြောလိုက်ရင် မင်းရဲ့လုပ်ဆောင်ချက်ပေါ်သက်ရောက်သွားနိုင်တယ်။"


လင်ခုံးလု: "...."


အမှန်ပဲ၊ သူ့စိတ်နဲ့သူဆိုရင် အရမ်း​ကောင်းကောင်းသရုပ်ဆောင်နိုင်တယ်။ ဒါပေမဲ့ မင်းတကယ်စိတ်ခံစားချက်ထဲနစ်ဝင်သွားရင် မင်းဘာမှမတတ်နိုင်တော့ဘူး။ ဘာမှမသိချင်ယောင်၊ ဘာမှသတိမထားမိချင်ယောင်၊ အချစ်ကူအဆိပ်လုံးဝမိချင်ယောင်ဆောင်တာပိုကောင်းတယ်။


ဒါကိုတွေးမိရင်း သူပြောမိပြန်သည်။

"ဒါဆိုအခုပိတ်ထားတဲ့အပိုင်းကိုပြန်ဖွင့်ထား၊ နောက်ကျဒီလိုထိန်းထားပေး၊ ခဏခဏမပိတ်နဲ့။"


၎င်းကသူ့ကိုတစ်အောင့်ကြာပုံမှန်၊ တစ်အောင့်ကြာပုံမမှန်ဖြစ်သွားစေသဖြင့် သူပုံမှန်မဖြစ်လုနီးပါးဖြစ်သွားရသည်။


0687: "...."


ကျောက်ကျင်းစစ်ကကျောက်ရှင်းကိုဘာလုပ်ရမလဲပြောပြီးနောက် သူနန်းဆောင်ထဲဝင်လာတော့ ဧကရာဇ်ငယ်လေးကစားပွဲရှေ့ထိုင်လျက် သေရည်ကရားနှင့်တိတ်တခိုးကစားနေတာကိုမြင်လိုက်ရသည်။


သူချောင်းအသာဟမ့်ကာ အနားကပ်သွားလိုက်သည်။ လင်ခုံးလုလန့်သွားကာသေရည်ကရားကိုလွှတ်ချမိလုမတတ်ပင်။ သူနောက်လှည့်ကြည့်လိုက်တော့သူ့ကိုမြင်လိုက်ရချိန် သူစိတ်သက်သာရာမရသွားဘဲ ပို၍ပင်စိုးရိမ်ပူပင်လာသည်။ သူထစ်ထစ်အအမေးမိသည်။

"ခင်ဗျား၊ ဘာလို့အသံမပေးဘဲလျှောက်လာတာလဲ။ ခင်ဗျားကကြောင်လား။"


"ဟွန်?"


ကျောက်ကျင်းစစ်သူ့လက်ထဲကကရားကိုတစ်ချက်ကြည့်ကာ တစ်ခုခုမှားနေပြီဟုခံစားမိရင်း တည်ငြိမ်စွာမေးလိုက်သည်။

"အရှင်မင်းကြီးဘာလုပ်...."


"အော်ဟော၊ ခင်ဗျားပြောတော့အပြင်လူတွေမရှိရင် စိမ်းစိမ်းကားကားမပြောဘူးဆို။"

လင်ခုံးလုသူ့ကိုတမင်ဖြတ်ပြောလိုက်သည်။


ကျောက်ကျင်းစစ်တစ်ခုခုခန့်မှန်းမိသွားပုံရကာ တစ်ချက်ရယ်ရင်းထိုင်ချကာပြောလိုက်သည်။

"ဒါဖြင့်....ကိုယ်အရှင်မင်းကြီးကိုရှောင်လုလို့ခေါ်ရမလား၊ ခင်ပွန်းလို့ခေါ်ရမလား။"


လင်ခုံးလု၏နားရွက်များနီရဲသွားကာ တီးတိုးပြောလိုက်သည်။

"ရှောင်လုလို့ခေါ်။"


ဤကဲ့သို့ဧကရာဇ်ငယ်လေးကိုကြည့်ရင်း ကျောက်ကျင်းစစ်ပိုမိုမျှော်လင့်ချက်ရှိလာသည်။ ဒီလိုစစ်မှန်တဲ့တုံ့ပြန်မှုမျိုးမှာ စိတ်ခံစားချက်လုံးဝမရှိဘူးဆိုတာဖြစ်နိုင်ပါ့မလား။


သူကားတစ်ဖက်လူ၏လက်ထဲကကရားအိုးကိုယူကာပြောလိုက်သည်။

"ကိုယ်...ရှောင်လုအတွက်သေရည်ငှဲ့ပေးမယ်။"


ဒါပေမဲ့ လင်ခုံးလုရုတ်တရက်ကရားအိုးပြန်ယူကာ ထပ်ခါတလဲလဲပြောလိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော်ခင်ဗျားအတွက်သေရည်ငှဲ့ပေးမယ်၊ အားစစ်၊ ခင်ဗျားကကျွန်တော့်ကိုစားစရာနဲ့ပတ်သတ်ပြီးအမြဲကူညီပေးခဲ့တယ်လေ။"

သူဒါကိုပြောလိုက်ရာ သူ့မျက်လုံးများမှာအနည်းငယ်ဝေ့ဝဲလျက် သိသိသာသာကိုအပြစ်ရှိစိတ်ဖြစ်နေခြင်းပင်။


"ခင်ပွန်း"ကမယ်ဒရင်းဘဲကရားပြင်ထားကာ တစ်ဝက်ကစိတ်ဝိညာဥ်၊ တစ်ဝက်ကသေရည်ဖြင့်ပြည့်နေပေသည်။ ဒီည သူသေချာပေါက်"ဇနီး"ကိုသေရည်မူးစေကာ သူ့ကိုအိပ်ရာထဲခစားခိုင်းရမည်။


ကျောက်ကျင်းစစ်သူ့ကိုနက်နဲစွာတစ်ချက်ကြည့်လိုက်ပြီး သူ၏"ကောင်းမွန်သော"နှလုံးသားလေးကြောင့်အနှောင့်အယှက်ဖြစ်သွားတာဖြစ်လောက်သည်ဟုတွေးမိပေမဲ့ ဘာမှမဆိုဘဲ စောင့်သာကြည့်နေလိုက်တော့သည်။


လင်ခုံးလုမှာအလုပ်ကြိုးစားသောပျားလုပ်သားလေးပမာ စိတ်လှုပ်ရှားစွာဖြင့်သူ့အတွက်သေရည်ငှဲ့ပေးလိုက်ပြီး တစ်ခွက်ပြီးတစ်ခွက်ထည့်ပေးနေပေမဲ့ ဒီနည်းလမ်းကကျောက်ကျင်းစစ်အပေါ်မှာအလုပ်မဖြစ်ဟုမထင်ထားမိပေ။


နယ်စပ်မှာကျောက်ကျင်းစစ်သောက်ခဲ့သည့်သေရည်ဒီမယ်ဒရင်းဘဲကရားအိုးထဲကထက်အများကြီးပိုပြင်းသည်။ သူကဧကရာဇ်ငယ်လေးထည့်ပေးသည့်သေရည်အကုန်လုံးကိုသောက်လိုက်ပေမဲ့ အကြိမ်အနည်းငယ်အပြီးတွင် ဧကရာဇ်ငယ်လေးကအရင်မူးသွားသည်။


0687: "...." ငါ၁ရာခိုင်နှုန်းပိုပိတ်လိုက်တာနဲ့ Hostတစ်ယောက်ဒီနည်းလမ်းကမတက်လာတော့ဘူး။ သေချာတာပေါ့၊ ချစ်မိသွားတဲ့လူတွေကအိုင်ကျူဆုံးရှုံးသွားတော့တာပဲ။


ဧကရာဇ်ငယ်လေးကသူ့အပေါ်မှာမူးနေမှန်းမြင်လိုက်ရရင်း ကျောက်ကျင်းစစ်သက်ပြင်းချမိကာ သူ့ကိုအိပ်ရာပေါ်တင်ပေးပြီး ခါးကိုင်းကာပြောလိုက်သည်။

"ရှောင်လုကကိုယ့်ကိုဘာလို့အရက်မူးစေချင်တာလဲ။"


လင်ခုံးလုသူ့ကိုရီဝေဝေမျက်လုံးများဖြင့်ကြည့်ကာ အနည်းငယ်ရူးနှမ်းစွာပြုံးရင်း ပြောလိုက်သည်။

"ခင်ဗျားကအရမ်းကြည့်ကောင်းလွန်းလို့ 'ခင်ပွန်း'ဖြစ်တဲ့ကျွန်တော်ကခင်ဗျားကိုဒီနေ့အိပ်ရာပေါ်မှာထိုင်ခိုင်းပြီးတော့ မနက်ဖြန်ကျကြင်ရာတော်ဖြစ်အောင်လုပ်မလို့လေ၊ ဟီးဟီး။"

ပြောလို့ပြီးသွားသော် သူလည်းကြို့ထိုးသွားသည်။


ကျောက်ကျင်းစစ်ရယ်မောမိကာ အရက်မူးသမားလေးကိုကောက်ချီပြီး သူ့မျက်နှာကိုသုတ်ပေးကာ သူ့လက်များကိုဆေးပေးလိုက်သည်။


အိပ်ရာဝင်ချိန်?


အချစ်ကူအဆိပ်သာမရှိရင် ကျောက်ကျင်းစစ်သေချာပေါက်ဧကရာဇ်ငယ်လေးနှင့်အဆင့်ပိုတက်ချင်မိသည်။ ဒါပေမဲ့အခုတော့ ဧကရာဇ်ငယ်လေးမှာအချစ်ကူအဆိပ်ကြောင့်သူ့အပေါ်နက်ရှိုင်းစွာအမြစ်တွယ်​နေမှန်းသိလိုက်ရလို့ သူမဝံ့ရဲပေ။


အခုသူသာဧကရာဇ်ငယ်လေးကိုတကယ်တစ်ခုခုလုပ်လိုက်ရင် သူအခွင့်ကောင်းယူသလိုမဖြစ်သွားဘူးလား။ ကူကောင်ဖယ်ပြီးနောက်ပိုင်း ဧကရာဇ်ငယ်လေးနောင်တရသွားပြီး သူ့ကိုမုန်းပါမုန်းသွားရင် သူတို့ကြားမှာဖြစ်နိုင်ချေရှိပါအုံးမလား။


ကျောက်ကျင်းစစ်မှာစိုးရိမ်ပူပင်မှုများစွာရှိနေပေမဲ့ ဧကရာဇ်ငယ်လေးမှာတော့မရှိပေ။ သူကျောက်ကျင်းစစ်ကိုကြည့်လေလေ တစ်ဖက်လူကကြည့်ကောင်းသည်ဟုတွေးမိလေလေပင်။ တစ်ဖက်လူခါးကိုင်းကာသူ့လက်ကိုသုတ်ပေးလာချိန် သူသေရည်မူးခြင်းနှင့်ရဲတင်းမှုကိုအသုံးချကာ သူ့ထံပစ်ဝင်ပြီးသူ့ကိုနမ်းလိုက်သည်။


ကျောက်ကျင်းစစ်အကာအကွယ်မဲ့သွားကာ သူ့လက်မောင်းထဲပစ်ဝင်သွားသည်။


ဧကရာဇ်ငယ်လေးသူ့ကိုနမ်းလာချိန် သူ့လက်များမှာမရိုးသားဘဲ သူ့ဝတ်ရုံကော်လာကိုဆွဲဖို့ကြိုးစားလာသည်။


သူသဘောကျသည့်တစ်စုံတစ်ယောက်ထံမှစနောက်ခံရသည့်မည်သူမဆို မထူးခြားမခြားနားနေနိုင်လိမ့်မည်မဟုတ်။ ထို့အပြင် ဧကရာဇ်ငယ်လေးမှာနူးညံ့ကာလိမ်မာတာမို့ သူ့အပေါ်လှဲလာချိန်မှာ သူကနေရာတိုင်းမှာမီးတောက်သွားစေသည်။ 


ကျောက်ကျင်းစစ်၏မျက်လုံးများမည်းမှောင်သွားရပြီး သူ့အသက်ရှုနှုန်းမှာမသိမသာဖရိုဖရဲဖြစ်စပြုလာသည်။ ဒါပေမဲ့သူ့အတွေးများကိုဖိနှိပ်ကာ ဧကရာဇ်ငယ်လေး၏လျှောက်သွားနေသည့်လက်ကလေးများကိုလှမ်းဆွဲကာ အက်ရှရှအသံဖြင့်ပြောလိုက်ရသည်။

"မရသေးဘူး။"


ဧကရာဇ်ငယ်လေး၏လက်ကလေးများတောင့်တင်းသွားကာ သံသယဖြင့်မေးမိသည်။

"ဘာလို့လဲ။"


တုံ့ဆိုင်းမှုနှင့်ရုန်းကန်မှုလျှပ်တပြက်လက်သွားပြီးနောက် သူနောက်ဆုံးမျက်လွှာချကာပြောလိုက်သည်။

"နောက်တစ်လကြာလို့ အရှင်မင်းကြီးဆန္ဒရှိနေသေးရင်...."


တစ်လအတွင်းမှာ သူမှော်သမားတော်ရှာပြီး အရှင်မင်းကြီးကိုအဆိပ်ဖြေပေးရမည်။


"အာ၊ သိပြီ။"

သူပြောလို့မပြီးသေးခင် ဧကရာဇ်ငယ်လေးရုတ်ခြည်းသဘောပေါက်သွားပြီး ခေါင်းငုံ့ကာရှက်ရွံ့စွာပြောမိသည်။

"ကျွန်တော်ခင်ဗျားကိုကြင်ရာတော်ဘွဲ့မပေးရသေးဘူး၊ ဒီတော့ကျွန်တော်ခင်ဗျားကိုမသိမ်ငယ်စေခဲ့သင့်ဘူး၊ ခင်ဗျားကိုဘွဲ့မပေးဘဲအိပ်ရာပေါ်တက်ခိုင်းခဲ့မိတယ်။"


ကျောက်ကျင်းစစ်: "...."


သူ့မျက်နှာရုတ်ခြည်းမည်းသွားပေမဲ့ ဧကရာဇ်ငယ်လေးကသတိမထားမိဘဲ သူ့လက်ကိုဆုပ်ကိုင်လျက် မူးဝေစွာကတိပေးလာသည်။

"စိတ်မပူပါနဲ့၊ အားစစ်၊ မယ်တော်ပြန်လာတာနဲ့ ကျွန်တော်သူမကိုသွားပြောလိုက်မယ်၊ ကျွန်တော်ခင်ဗျားကို၊ ကျွန်တော်ခင်ဗျားကို...."


သူသေရည်အမူးလွန်နေတာမို့ဖြစ်လောက်မည်၊ သူစကားမဆုံးသေးခင် ဧကရာဇ်ငယ်လေးငိုက်မြည်းသွားကာ သူ့ပေါ်မှာအိပ်ပျော်သွားလေသည်။


ကျောက်ကျင်းစစ်သက်ပြင်းအသာချကာ သူ့ကိုအိပ်ရာပေါ်ပွေ့တင်ပြီး စောင်ခြုံပေးလိုက်ရပြန်သည်။


နောက်တစ်နေ့ လင်ခုံးလုနိုးလာတော့အိပ်ရာပေါ်မှာတစ်ယောက်တည်းဖြစ်နေမှန်းမြင်လိုက်ရသဖြင့် ချက်ချင်းသက်ပြင်းချလိုက်မိသည်။


မနေ့ညကဖြစ်ခဲ့တာကိုသူဘာလို့မမှတ်မိတာလဲ။ အိုင်း၊ "ဇနီး"ကသူ့အိပ်ဆောင်ထဲကထွက်ပြေးသွားပြန်ပြီ။


ဒီလိုကိစ္စကိုသူတို့လုပ်ပြီးသင့်တာကို လက်တစ်ကမ်းဘဲလိုတော့တဲ့အချိန်မှာဘာလို့မလုပ်ရသေးတာလဲ။


လင်ခုံးလုသက်ပြင်းချမိပြီး ကျောက်ကျင်းစစ်မှာသူထွက်သွားတုန်းကတစ်စုံတစ်ယောက်ကိုမှာကာ သူ့မှာအပြင်ထွက်ပြီးလုပ်စရာရှိသဖြင့် ဒီနေ့သူနှင့်အတူမနက်စာမစားပေးနိုင်ဘဲ မနက်ပိုင်းညီလာခံပျက်ကွက်မည်ဖြစ်ကြောင်းပြောလာသည်။


ဒီတော့သူညီလာခံသွားတက်ချိန်မှာ သူ့မျက်နှာမှာနွမ်းလျလို့နေသည်။


ဒါပေမဲ့ ဒီနေ့စောစီးသောညီလာခံမှာ လေထုကသိသိသာသာကိုအနည်းငယ်ပုံမှန်မဟုတ်ဘဲ "တောင်တန်းနှင့်မိုးသက်မုန်တိုင်းလာတော့မည်ဖြစ်ရာ လေပြင်းမှာအဆောက်အအုံအပြည့်ပင်"ဟူသည့်အနေအထားတော်တော်လေးပေါက်နေသည်။


ဘယ်သူဦးဆောင်လိုက်မှန်းမသိ။ ပထမဆုံး လူတချို့ကဒူးထောက်ကာ ဘုရင်ခံမင်းသားကအာဏာကိုလက်ဝါးကြီးအုပ်ကာ ဥပဒေမဲ့စွာဖြင့် ကျင်းဝမ်ကိုအကျဥ်းထားတာအပြစ်ရှိကြောင်းစွဲချက်တင်လာသည်။ အခြားသူတို့ကဒူးထောက်ကာပြောလာကြသည်။

"အရှင်မင်းကြီး၊ ဘုရင်ခံမင်းသားရဲ့မျက်လုံးထဲမှာမင်းကြီးရှိပါသေးရဲ့လား။ အရှင်မင်းကြီးလွန်ခဲ့တဲ့တစ်လကတာဝန်လွှဲယူခဲ့ပေမဲ့ သူကအရှင်မင်းကြီးကိုအာဏာပြန်ပေးဖို့ဆန္ဒမရှိတဲ့အပြင် ကျင်းဝမ်ကိုလည်းဖမ်းဆီးခဲ့ပါတယ်။ ဒါကအရှင်မင်းကြီးကိုလုံးဝလျစ်လျူရှုထားတာပဲ။"


သူသာကူအဆိပ်မိမနေဘူးဆိုရင် လင်ခုံးလုသေချာပေါက်တွေးမိမှာပင်: မမှန်ဘူး၊ သူငါ့ကိုအလကားလူလိုဆက်ဆံရင် မနေ့ကတစ်ခုခုဖြစ်ခဲ့မှာပေါ့?


ဒါပေမဲ့ အချစ်ကူအဆိပ်မိထားသည့်ဧကရာဇ်ငယ်လေးမှာဘုရင်ခံမင်းသားကိုနင့်နင့်နဲနဲချစ်မိနေသဖြင့် သူ့ချစ်ရသူကိုအခြားသူတို့မဟုတ်မမှန်စွပ်စွဲပြောဆိုတာမျိုးကိုနားမထောင်နိုင်ပေရာ ဒါကိုကြားလိုက်ရသော် သူမသက်မသာဖြစ်လာကာ ဒေါသထွက်ချင်လာသည်။


သူမအောင့်အီးဘဲ ချက်ချင်းမျက်နှာငုံ့ကာ ဒေါသတကြီးပြောလိုက်သည်။

"ဘုရင်ခံမင်းသားကိုသက်သေမရှိဘဲစွပ်စွဲရဲတဲ့သတ္တိဘယ်ကရလာတာလဲ။ ငါကိုယ်တော်သူ့ကိုအစီအရင်ခံစာအတည်ပြုဖို့ကူခိုင်းခဲ့တာ၊ ငါကိုယ်တော်ပဲသူ့ကိုတိုင်းပြည်ရေးကိစ္စကူပြီးကိုင်တွယ်ခိုင်းခဲ့တာ။ သူဘာလို့လက်ဝါးကြီးအုပ်ရမှာလဲ။ တိုင်းပြည်ရေးကိစ္စပဲမဟုတ်လား။ ငါကိုယ်တော်သူ့ကိုလုပ်ခိုင်းခဲ့တာ။ သူကသိသိသာသာကိုငါကိုယ်တော့်စကားနားထောင်နေတာလေ။"


"ငါကိုယ်တော်ရဲ့ဦးရီးတော်က သူကကျင်းကျိုးကိုလူလွှတ်ပြီးတော့ ကိုယ်တော့်ကိုလုပ်ကြံခိုင်းခဲ့တာ၊ ကိုယ်တော်သူနဲ့စာရင်းမရှင်းရသေးပေမဲ့ မောင်မင်းတို့ကသူ့ကိုယ်စားစောဒကတက်နေကြတယ်ပေါ့? မောင်မင်းတို့​ဒီနန်းတော်ကနေလစာယူနေတာလား၊ သူ့ဆီကနေယူနေတာလား။ ငါကိုယ်တော်ပြောလိုက်မယ်၊ ကျင်းဝမ်ကိုအကျဥ်းချခဲ့သင့်တာကြာပြီ၊ ဒါပေမဲ့ ကျောက်ချင်းကဂရုစိုက်ပေးပြီးတော့ ငါကိုယ်တော့်ကိုယ်စားဒီလိုကိစ္စမျိုးကိုလုပ်ပေးခဲ့တာ၊ မောင်မင်းတို့အကုန်လုံးသူ့လောက်စဥ်းစားတတ်ကြလို့လား။"


၎င်းမှာအမှန်တရားဖြစ်သည်၊ ကျင်းဝမ်မှာတကယ်အပြစ်ရှိပေမဲ့ သူကဒါကိုပြောလာတော့ အမတ်တို့အကုန်လုံးမှာဘာမှမဆိုနိုင်ဘဲ ဒီစကားများမှာလူယုတ်မာကြောင့်မိန်းမောနေသည့်ငတုံးဘုရင်တစ်ပါး၏စကားများနှင့်တူကာ ယုံကြည်လက်ခံနိုင်စရာမရှိဟုခံစားလိုက်ရသည်။


အမတ်အနည်းစုမှာတကယ်ကြေကွဲသွားကာ ဧကရာဇ်ငယ်လေးကိုဘုရင်ခံမင်းသားကြောင့်မကန်းသွားဖို့ကြိုးစားစည်းရုံးပေမဲ့ ဖုံးကွယ်ထားသောလှုပ်ရှားမှုများရှိသည့်လူတစ်စုဟာလည်း ဒူးထောက်ကာ "ယခင်ဧကရာဇ်၊ မျက်လုံးဖွင့်ကြည့်တော်မူပါ"ဟုအော်ကာ (သို့) "ဘုရင်ခံမင်းသား၏ဝံပုလွေရည်မှန်းချက်များ"ဟုပြောလာကြပြီး "ကြီးမြတ်တဲ့ရှားမင်းဆက်အဆုံးသတ်ရောက်လာတော့မယ်"ဟုပင်အပိုပြောလာကြသည်။


ကျောက်ကျင်းစစ်မရှိလို့ သူတို့ပိုမိုရဲတင်းလာတာဖြစ်လောက်သည်။ သူတို့ကဧကရာဇ်ငယ်လေးကို "မြန်မြန်လေးအာဏာပြန်ယူပြီး ဘုရင်ခံမင်းသားကိုရှင်းပစ်ပါ"ဟုမပြောရုံတမယ် တွန်းအားပေးနေကြသည်။ နဂိုကလေးနက်သောညီလာခံမှာဟင်းသီးဟင်းရွက်စျေးပမာဇရမ်းဗတာဖြစ်လျက်။


လင်ခုံးလုမြင့်မားသောနဂါးပလ္လင်ပေါ်မှာထိုင်ကာ သူတို့ငိုယိုနေကြပုံကိုအေးစက်စွာကြည့်နေရင်း သူ့မျက်နှာထားမှာပိုမိုမည်းမှောင်လာရော့သည်။ သူဒီလူတွေဘယ်သူ့ကိုမဆိုပြောဆိုတာကိုသူသည်းခံနိုင်ပေမဲ့ ဘုရင်ခံမင်းသားကိုပြောဆိုတာကိုတော့သူသည်းမခံနိုင်ပေ။


သူ့ရင်ထဲကအမျက်ဒေါသမှာ ဆီလောင်းထည့်လိုက်သည့်ပမာ ပိုမိုပြင်းထန်စွာလောင်မြိုက်သွားပြီး အမတ်တို့ပြင်းထန်စွာတိုက်တွန်းလာချိန်တွင် သူရုတ်ခြည်းထရပ်ကာ စားပွဲပေါ်ကအစီရင်ခံစာကိုဆွဲယူပြီး အကုန်လုံးကိုအောက်ပစ်ချကာ ဒေါသတကြီးပြောလိုက်သည်။

"တော်လောက်ပြီ!"


အောက်မှာတစ်အောင့်ကြာတိတ်ဆိတ်သွားပြီး ၎င်းမှာဧကရာဇ်ငယ်လေး၏ကြိုတင်မှန်းမရသောကိုယ်ကျင့်စရိုက်ကိုပထမဆုံးမြင်လိုက်ရသဖြင့် သူတို့တစ်ခဏကြာမတုံ့ပြန်မိပေ။


လင်ခုံးလုစားပွဲကိုတိုက်ရိုက်ကန်ကာ အံကြိတ်လျက် ခြိမ်းခြော​က်ဟန်ပြောလိုက်သည်။

"အနာဂတ်မှာ ဘုရင်ခံမင်းသားအကြောင်းမကောင်းပြောရဲတဲ့ဘယ်သူမဆိုဆွဲထုတ်ခံရပြီးတော့ ပျဥ်ပြားနဲ့အချက်သုံးဆယ်အရိုက်ခံရမယ်။ ကျင်းဝမ်အတွက်ကတော့ သူ့ကိုအကျဥ်းချထားတာကသူ့အတွက်စျေးပေါနေတုန်းပဲ။ စွင်းတဲ့ချန်၊ ငါ့အမိန့်ကိုယူပြီးတော့ သူ့ကိုမြေအောက်အကျဥ်းတိုက်ထဲမှာထည့်ပိတ်ထားလိုက်!"


ပြောပြီးနောက် သူ​ဒေါသတကြီးလှည့်ထွက်သွားရာ အမတ်တို့အကုန်အသိပြန်ဝင်လာကြသည်။


ဒါပေမဲ့ ပင်မနန်းဆောင်နှင့်သိပ်မဝေးသောနေရာမှာ ဘယ်သူမှမရှိကြောင်းမြင်လိုက်ရရင်း လင်ခုံးလု၏မျက်လုံးများတမဟုတ်ချင်းနီရဲသွားကာ ခါးကိုင်းပြီး သူ့ခြေထောက်များကိုပွေ့ဖက်ကာပြောမိသည်။

"နာတယ်၊ နာတယ်ဟ၊ ချီး၊ မင်းနာကျင်မှုကိုမပိတ်ထားဘူးလား။"


နာကျင်မှုကသူ့ကိုအသိပြန်ဝင်လာစေသည်။ 


0687တုံ့ဆိုင်းသွားကာပြောမိသည်။

"အရိုးအဆစ်အမြစ်နာကျင်မှုကို၉၉ရာခိုင်နှုန်းပိတ်ပေးထားတယ်။ မင်းအခုခံစားနေရတဲ့နာကျင်မှုကမင်းရဲ့ခြေကျင်းဝတ်နဲ့ကန်လိုက်တာကြောင့်ရုတ်တရက်နာကျင်သွားတာ။ ငါဒီလိုနာကျင်မှုကိုမပိတ်ပေးဖူးပေမဲ့ အခုမင်းအတွက်ကာပေးထားတယ်။ မင်းနန်းတွင်းသမားတော်ကိုမြန်​​မြန်သွားတွေ့သင့်တယ်နော်။"


လင်ခုံးလု: "...." ချီး၊ မတူညီတဲ့ပိတ်ကာပေးမှုပုံစံတွေရှိတာပဲ။


ကျောက်ကျင်းစစ်ပြန်လာသည်နှင့်တစ်ပြိုင်နက် ဧကရာဇ်ငယ်လေး၏ခြေထောက်ဒဏ်ရာအကြောင်းကြားလိုက်ရကာ အိပ်ဆောင်ကိုချက်ချင်းအ​​မြန်သွားမိသည်။


လင်ခုံးလုသူ့ကိုမြင်လိုက်ရသည်နှင့် သူ့မျက်လုံးများမှာမျက်ရည်အပြည့်နှင့် မဖော်ပြနိုင်လောက်အောင်မှားယွင်းစွပ်စွဲခံလိုက်ရသယောင်။

"အားစစ်၊ ကိုယ်တော့်ခြေထောက်နာတယ်။"


0687: "...." ခြေကျင်းဝတ်အဆစ်လွဲသွားရုံလေးပါ။


ကျောက်ကျင်းစစ်၏နှလုံးသားတင်းကြပ်သွားရကာ သူအလျင်စလိုရှေ့တိုးလိုက်ပေမဲ့ သူဆောင့်ကြောင့်ထိုင်ချလိုက်ချိန်တွင် ခုနကမှပတ်တီးစီးလို့ပြီးသွားပြီး အငွေ့တထောင်းထောင်းနှင့်ပေါက်စီပမာဖူးယောင်နေသေးသည့် ဧကရာဇ်ငယ်လေး၏ခြေကျင်းဝတ်ကိုမထိကြည့်ရဲပေ။


သူ့မျက်ဝန်းထဲမှာစိတ်သောကရောက်မှုတစ်ချက်ဖြတ်ပြေးသွားကာ ခပ်တိုးတိုးမေးလိုက်မိသည်။

"ဘာလို့အဆစ်လွဲသွားတာလဲ။"


လင်ခုံးလုမှာဖြောင့်မတ်သောမခံမရပ်နိုင်ဖြစ်မှုဖြင့်ပြည့်နှက်လျက် သူ့ကိုယ်စားမှားယွင်းစွပ်စွဲခံလိုက်ရသယောင်ခံစားနေရသည်။ သူဒီနေ့ညီလာခံမှာဖြစ်ခဲ့သည့်ကိစ္စကိုချက်ချင်းပြောပြလိုက်ပြီးနောက် သူ့လက်ကိုလှမ်းကိုင်ကာကတိပေးလိုက်သည်။

"စိတ်မပူနဲ့၊ အားစစ်၊ ကျွန်တော်ခင်ဗျားကိုအမြဲယုံတယ်၊ ကျွန်တော်သူတို့ကြောင့်ဘယ်တော့မှအထင်လွဲမှာမဟုတ်ဘူး။"


ကျောက်ကျင်းစစ်၏နှလုံးသားမှာနာကျင်ကာနူးညံ့ပျော့ပြောင်းသွားရပြီး ဧကရာဇ်ငယ်လေးကိုပွေ့ကာ ကုတင်ပေါ်တင်ပေးပြီး နူးညံ့စွာပြောလိုက်သည်။

"ကိုယ်မင်းကိုယုံတယ်၊ ဒါပေမဲ့ အနာဂတ်မှာဒီလိုကိစ္စမျိုးထပ်ဖြစ်လာလို့ရှိရင် သူတို့ကိုဒေါသမထွက်နဲ့တော့နော်။ ကိုယ်ဒီအရာတွေကိုအရေးမစိုက်ပေမဲ့ မင်းထိခိုက်သွားရင် ကိုယ်စိတ်မကောင်းဖြစ်ရလိမ့်မယ်။"


ဘေးမှာရပ်ကာသူ့ကိုစောင့်ပေးနေသည့်စွင်းတဲ့ချန်တစ်ယောက်သွားများကိုက်လာပေမဲ့ ဧကရာဇ်ငယ်လေးမှာအလွန်အကူအညီဖြစ်လှသည်။ သူကချက်ချင်းကျောက်ကျင်းစစ်၏လည်တိုင်ကိုပွေ့ဖက်ကာ သူ့​ခေါင်းကိုသူ့ပုခုံးထဲမှာနှစ်ပြီး ခပ်ချွဲချွဲပြောလိုက်သည်။

"အားစစ်၊ ခင်ဗျားကျွန်တော့်အပေါ်အရမ်းကောင်းတာပဲ။"


ကျောက်ကျင်းစစ်ကအချိန်ကောင်းမှာကျင်းဝမ်ကိစ္စကိုမကိုင်တွယ်ခဲ့ပေ။


သူကအာဏာရယူသည်ဟုစွပ်စွဲခံထားရပြီး အခုဆိုကျင်းဝမ်မှာအဖမ်းခံထားရသည်။ သူကျင်းဝမ်၏ပုန်ကန်မှုတကယ့်သက်သေအစစ်ထုတ်ပြနိုင်ရင်တောင် လူတချို့ကသူ့မှာဖုံးကွယ်ထားသောလှုပ်ရှားမှုများရှိသည်ဟုတွေးကြပေလိမ့်မည်။


ထို့အပြင် အခုတလောသူဟာမှော်သမားတော်ရှာဖွေဖို့အလုပ်များနေပြီး ညီလာခံမှာဖိအားပေးသည့်ကိစ္စများမှာအတော်များများလျော့ကျသွားပြီး ဖုံးကွယ်ထားသောလှုပ်ရှားမှုများရှိသည့်လူတချို့သာတက်ကြွလာချေသည်။


အဆုံး၌ ဒီကိစ္စပိုမိုပြဿနာကြီးမားလာပြီး ၎င်းကဗုဒ္ဓကိုကိုးကွယ်နေသည့် ဧကရာဇ်မယ်တော်၏နားထဲရောက်သွားကာ  စီစဥ်ထားသည့်အချိန်ထက်ပိုစောစွာပေကျင်းကိုပြန်လာရတော့သည်။


နန်းတော်ကိုပြန်လာပြီးနောက် ဧကရာဇ်မယ်တော်ကနန်းတော်ဂိတ်အပြင်မှာဒူးထောက်နေကြသည့်ထိုအမတ်များကိုသွားမတွေ့ဘဲ မေးမြန်းရန်အတွက် ကျောက်ကျင်းစစ်ကိုတိုက်ရိုက်အခေါ်လွှတ်လိုက်သည်။


လင်ခုံးလုမှာဒါကိုကြားလိုက်ရချိန် သူ့ချစ်ရသူမှားယွင်းစွပ်စွဲခံရမှာစိုးကာ ချက်ချင်းလိုက်သွားချင်မိသည်။


ကျောက်ကျင်းစစ်ကအခုတလောသူ့ကိုအလိုလိုက်ထားကာ မငြင်းဆန်ပေ။ ကံကောင်းစွာဖြင့် ဧကရာဇ်မယ်တော်ကိုသူ့ကိုမြင်သွားချိန်မှာဘာမှမပြောဘဲ ကျောက်ကျင်းစစ်ကိုသာမေးလာသည်။

"ကျင်းဝမ်ကိစ္စကအမှန်ပဲလား။"


ကျောက်ကျင်းစစ်ကမျက်မြင်သက်သေနှင့်ရုပ်ဝတ္ထုသက်သေများခေါ်လာခဲ့သည်။


ဖတ်ပြီးနောက်ပိုင်း ဧကရာဇ်မယ်တော်မှာဒေါသထွက်တော့မည့်အလား သူမမျက်နှာတကယ်ပြောင်းလဲသွားပေသည်။


သူမဘေးကချောမောသောမိန်းမစိုးငယ်လေးကအလျင်စလိုခါးကိုင်းကာ သူမကိုပြန်နှစ်သိမ့်ပြီး နူးညံ့သောအသံဖြင့်ပြောလိုက်သည်။

"မယ်မယ်၊ ဗုဒ္ဓကိုကိုးကွယ်တဲ့စိတ်ကအေးချမ်းရမယ်လို့ အရှင်ယိယွင်ပြောခဲ့တယ်လေ၊ မယ်မယ်ဒေါသထွက်လို့မဖြစ်ပါဘူး။"


လင်ခုံးလုချက်ချင်းခေါင်းမော့ကာ မိန်းမစိုးငယ်လေးကိုသိချင်စိတ်ဖြင့်ကြည့်လိုက်မိပြီး ကျောက်ကျင်းစစ်ကလည်းမျက်လုံးထောင့်မှတစ်ချက်ကြည့်လိုက်သည်။


ဧကရာဇ်မယ်တော်ကစည်းရုံးခံလိုက်ရပုံရကာ မိန်းမစိုးငယ်လေး၏လက်ကိုပုတ်လိုက်ပြီးမှ ကျောက်ကျင်းစစ်ကိုပြောလာသည်။

"မင်းကောင်းကောင်းလုပ်ခဲ့တာပဲ။ ရှောင်လုမှာညီလာခံဖို့ကြည့်ပေးဖို့မင်းရှိနေလို့ အိုက်ကျားအရမ်းစိတ်သက်သာရာရသွားပြီ။"


ကျောက်ကျင်းစစ်အရိုအသေပေးကာပြောလိုက်သည်။

"မခံယူဝံ့ပါဘူး။"


ထလာပြီးနောက် သူဧကရာဇ်ငယ်လေးကိုရုတ်တရက်ပြောလိုက်သည်။

"ခုနကဒိီကိုလာတုန်းက အစီရင်ခံစာအတည်မပြုရသေးဘူးလို့အရှင်မင်းကြီးမပြောခဲ့ဘူးလား။"


သွယ်ဝိုက်ပြော​နေတာက မင်းအစီရင်ခံစာဖတ်ဖို့ပြန်မသွားသေးဘူးလား။


သူ့မှာသူမနှင့်နှစ်ယောက်တည်းပြောစရာတစ်ခုခုရှိသည်ကို ဧကရာဇ်မယ်တော်မြင်သွားကာ သူမပါဧကရာဇ်ငယ်လေးကိုပြောလိုက်သည်။

"အရေးကြီးတယ်ဆို အရှင်မင်းကြီးအရင်ပြန်သွားပြီးဖတ်သင့်တယ်။"


"အာ?" လင်ခုံးလုကြောင်အမ်းသွားရကာ အဲ့စကား၏အဓိပ္ပါယ်က အားစစ်ကိုကျွန်တော့်အတွက်အတည်ပြုခိုင်းရမှာမဟုတ်ဘူးလား။


လင်ခုံးလု၏ခြေကျင်းဝတ်ဒဏ်ရာမှာမပျောက်သေးသဖြင့် သူကထော့နဲ့ထော့နဲ့ဖြင့်နန်းတော်အပြင်ဘက်ကိုမည်းမှောင်သောမျက်နှာထားနှင့်လျှောက်ထွက်သွားရသည်။ တစ်အောင့်ကြာတော့ မိန်းစိုးငယ်လေးထွက်လာသည်။


လင်ခုံးလုသူ့ကိုသိချင်စိတ်ဖြင့်ထပ်ကြည့်ကာမေးလိုက်သည်။

"မောင်မင်းရဲ့နာမည်ကဘာလဲ။ မယ်မယ်ရဲ့နန်းဆောင်ထဲမှာဘယ်တုန်းကစလုပ်တာလဲ။ ဘာလို့ငါကိုယ်တော်မောင်မင်းကိုအရင်ကမမြင်ဖူးတာလဲ။"


မိန်းမစိုးငယ်လေးကရိုသေစွာခေါင်းငုံ့ကာပြောလာသည်။

"ဒီအစေခံရဲ့နာမည်ကရှောင်ချူဇီလို့ခေါ်ပါတယ်။ အရင်ကဂူဗိမာန်မှယခငိဧကရာဇ်ရဲ့ဝိညာဥ်စောင့်ကြပ်ခဲ့တာပါ။ မယ်မယ်ဆီကသနားကြင်နာမှုရရှိခဲ့လို့ ဒီနေ့ကမှအလုပ်စဝင်တာပါ။"


"အော်။" လင်ခုံးလုခေါင်းငြိမ့်လိုက်ပြီး မေးခွန်းထပ်ထုတ်ချင်ပေမဲ့ ကျောက်ကျင်းစစ်ကထွက်လာသည်။


သူဘာမေးချင်လဲဆိုတာချက်ချင်းမေ့သွားပြီး သူ့မျက်လုံးထဲမှာသူ့ချစ်ရသူနှင့်သာပြည့်နေကာ သူရှေ့တိုးကာပြောလိုက်သည်။

"မယ်တော့်ကိုဘာပြောလိုက်တာလဲ။"


ကျောက်ကျင်းစစ်သူ့လက်ကိုလှမ်းကိုင်ကာ မိန်းမစိုးငယ်လေးကိုတစ်ချက်ကြည့်လိုက်တော့ ချက်ချင်းကြောက်ရွံ့စွာခေါင်းငုံ့သွားလေသည်။


ကျောက်ကျင်းစစ်ဘာမှမဆိုဘဲ ဧကရာဇ်ငယ်လေးကိုကူတွဲကာထွက်သွားတော့သည်။


သူတို့ထွက်သွားပြီးနောက် မိန်းမစိုးငယ်လေးမှာခေါင်းမော့လာပြီး မျက်ဝန်းထဲတွင်ရွဲ့ပြုံးတစ်ပွင့်ရှိနေလျက် နန်းဆောင်ဆီပြန်လှည့်သွားသည်။


နန်းဆောင်ထဲမှာ ဧကရာဇ်မယ်တော်ကမျက်မှောင်ကြုတ်ကာတစ်ခုခုစဥ်းစားနေပြီး သူဝင်လာတာတွေ့တော့ သူမမျက်ခုံးများပြေလျော့သွားသည်။


ဒါကိုမြင်သော် မိန်းမစိုးငယ်လေးကအမြန်ရှေ့တိုးကာ သူမ၏နားထင်နှစ်ဖက်ကိုနှိပ်ပေးလာသည်။


ဧကရာဇ်မယ်တော်မျက်လုံးအသာမှိတ်ကာပြောလိုက်သည်။

"မောင်မင်းခုနကကျင်းစစ်ပြလာတဲ့သက်သေအကုန်လုံးကိုမြင်လိုက်တယ်မလား၊ ဘယ်လောက်ကအမှန်၊ ဘယ်လောက်ကအမှားလို့ မောင်မင်းထင်လဲ။"


မိန်းမစိုးငယ်လေးကပျော့ပြောင်းစွာဆိုသည်။

"ဒီအစေခံရဲ့အမြင်ကတော့ အကုန်မှန်ပါတယ်။ ကျင်းဝမ်မှာမကောင်းတဲ့ရည်ရွယ်ချက်တွေရှိပြီးတော့ အရှင်မင်းကြီးကိုတောင်လုပ်ကြံခဲ့တယ်၊ ဒါပေမဲ့..."


သူချိတုံချတုံဖြစ်သွားသည့်အလား အသာတန့်သွားသည်။


ဧကရာဇ်မယ်တော်ကမျက်လုံးမှိတ်ထားလျက် ပြောလာသည်။

"ဆက်ပြော။"


မိန်းမစိုးငယ်လေးကတုံ့ဆိုင်းမနေတော့ဘဲ ခပ်တိုးတိုးဆိုသည်။

"အရင်က ကျင်ဝမ်ကအရှင်မင်းကြီးကိုလုပ်ကြံဖို့လူလွှတ်ခဲ့တဲ့ကိစ္စကိုမယ်မယ်စုံစမ်းခိုင်းခဲ့တယ်။ ဒီအစေခံစုံစမ်းကြည့်တော့ ကျင်းဝမ်မလုပ်ခင် ဘုရင်ခံမင်းသားကလည်းအဲ့ဒီ့တောင်ကြားထဲမှာခြုံခိုတိုက်ခိုက်ဖို့လူလွှတ်ခဲ့ပြီး အရှင်မင်းကြီးကိုလုပ်ကြံဖို့ရည်ရွယ်ခဲ့ပေမဲ့ နောက်ကျအကြောင်းမဲ့ တပ်ပြန်ရုတ်သွားတယ်ဆိုတာကိုသိလိုက်ရပါတယ်။"


ဧကရာဇ်မယ်တော်မျက်လုံးအမြန်ဖွင့်ကြည့်လိုက်သည်။


"အရှင်မင်းကြီးအနားကလူတွေကလည်းဒီကိစ္စကိုသိပေမဲ့ အကြောင်းတချို့ကြောင့်ဘာမှမပြောကြဘူး။"

မိန်းမစိုးငယ်လေးကဆက်ပြောသည်။

"ဒါပေမဲ့လည်း မကြာသေးခင်ကစုံစမ်းစစ်ဆေးမှုအတွင်းမှာ အရှင်မင်းကြီးကအချစ်ကူအဆိပ်မိနေလို့ ဘုရင်ခံမင်းသားကိုလိုသလိုလိုက်လျောနေပုံရတာကိုလည်းဒီအစေခံရှာတွေ့ခဲ့ပါတယ်။"


"ဘန်း!"


ဧကရာဇ်မယ်တော်မှာရေနွေးကြမ်းခွက်ကိုမတော်တဆတိုက်ချမိသွားသည်။


"ပြီးတော့ အရှင်မင်းကြီးနယ်စပ်မှာရှိနေတုန်းက ဘုရင်ခံမင်းသားကတော်ဝင်မိသားစုကမြေးတော်တော်များများကိုလူလွှတ်စုံစမ်းကြည့်ခိုင်းခဲ့တာမို့ ကြည့်ရတာအရှင်မင်းကြီးရဲ့မွေးစားဆက်ခံသူဖြစ်ခိုင်းဖို့ရည်ရွယ်ထားတဲ့ပုံပါပဲ။"

မိန်းမစိုးငယ်​လေးကထပ်ပေါင်းပြောသည်။


ဤသည်ကားဧကရာဇ်ငယ်လေးကိုနန်းချပြီး နောက်အသစ်တစ်ပါးထပ်တင်မည်ဟုဆိုလိုခြင်းပင်။


ဧကရာဇ်မယ်တော်မျက်လုံးမှိတ်လိုက်မိပြီး သူမ၏လေသံမှာစိတ်ပျက်မှုအပြည့်နှင့်ပင်။

"ကြည့်ရတာ အိုက်ကျား...ဘုရင်ခံမင်းသားကိုညစာအတူစားဖို့ဖိတ်ဖို့လိုအပ်ပုံပဲ။"


ဧကရာဇ်မယ်တော်ကခမ်းနားကြီးကျယ်သောစားသောက်ပွဲတော်ကျင်းပကာ ကျော​က်ကျင်းစစ်နှင့်စစ်ပွဲဆင်နွှဲတော့မည်ဖြစ်ကြောင်း မိန်းမစိုးငယ်လေးနားလည်သွားသည်။


ကျောက်ကျင်းစစ်မှာအမိန့်မနာခံလိုသည့်ရည်ရွယ်ချက်ရှိရင် အကောင်းဆုံးပင်။ အဲ့လိုဆို နောက်ပိုင်း"မင်းနဲ့အတူရွှေရောင်ခွက်သောက်မယ်၊ အပြန်အလှန်ဓားသွားဖြူဖြူရွယ်လျက်ခွင့်လွှတ်ကြမည်မဟုတ်လေတော့"*။


"ဒါနဲ့ ဒီကိစ္စကိုအရှင်မင်းကြီးမသိစေနဲ့။"

ဧကရာဇ်မယ်တော်ထပ်ပေါင်းပြောလိုက်သည်။


မိန်းမစိုးငယ်လေးကခေါင်းငုံ့ကာ "ဟုတ်ကဲ့"ဟုဆိုလိုက်ပေမဲ့ သူ့မျက်ဝန်းထဲထေ့ငေါ့သောအပြုံးတစ်ပွင့်တစ်ချက်လက်သွားသည်။


ဒီကိစ္စတွေကိုဧကရာဇ်မယ်တော်မျှော်လင့်ထားတဲ့အတိုင်းတိုးတက်ခွင့်ပေးလိုက်မယ်တဲ့လား။


မနက်ဖြန်ညကျရင် ကျောက်ကျင်းစစ်ပုန်ကန်မပုန်ကန်တာအသာထား၊ သူဧကရာဇ်မယ်တော်ကိုတစ်ဖက်လူလက်ထဲမှာသေခိုင်းရမယ်။ ဧကရာဇ်ငယ်လေးအတွက်ကတော့ ဒီမိန်းမရဲ့သားကဒီလိုကောင်းမွန်တဲ့ပြဇာတ်ကိုသေချာပေါက်လွဲသွားလို့မရဘူးပေါ့။


သူကဧကရာဇ်ငယ်လေးကို ကျောက်ကျင်းစစ်သူ့မိခင်အရင်းကိုသတ်တာကိုသူ့မျက်စိနှင့်တပ်အပ်မြင်စေချင်တယ်၊ ပြီးရင် သူကကျောက်ကျင်းစစ်ကိုအချစ်ကူအဆိပ်ကြောင့်ပဲသဘောကျတာဆိုတဲ့သနားစရာကိစ္စကိုပြောပြလိုက်မယ်၊ ဟားဟားဟား၊ သူတို့မပြိုလဲသွားဘူး၊ သူတို့မရူးသွားဘူးဆိုတာသူမယုံဘူး!


နောက်တစ်နေ့ လင်ခုံးလုညီလာခံတက်ပြီးနောက် သူ့နန်းဆောင်မှာတစ်နေကုန်နေသည်။


ရက်အနည်းငယ်အတွင်းမှာဆောင်းရာသီရောက်လာတော့မည်မို့ ရာသီဥတုကလတ်တလောအေးစိမ့်လို့နေကာ တစ်ချိန်လုံးနှင်းကျလျက်ရှိသည်။ သူ့​ခြေထောက်များမှာအအေးကြောက်ပြီး သူ့ခြေကျင်းဝတ်ကအဆစ်လွဲထားသဖြင့် ခဲရာခဲဆစ်လမ်းလျှောက်နေရသည်။


ဒါပေမဲ့ညနေခင်းမှာ မိန်းမစိုးငယ်လေးကဧကရာဇ်မယ်တော်ကသူမနန်းဆောင်မှာစားသောက်ပွဲတော်ကျင်းပနေသဖြင့် သူ့ကိုလာစားဖို့ဖိတ်ခေါ်ကြောင်း ရုတ်တရက်လာပြောသည်။


၎င်းကသာမန်မိသားစုစားသောက်ပွဲတော်ဟုလင်ခုံးလုထင်မိပေမဲ့ မိန်းမစိုးငယ်လေးကအမြန်ပြောလာသည်။

"ဘုရင်ခံမင်းသားကသွားပါပြီ။"


လင်ခုံးလုအနည်းငယ်ထူးဆန်းသွားရသည်၊ ဆောင်းရာသီမကူးခင်ဘာလို့စားသောက်ပွဲတော်ကျင်းပတာလဲ။


ဒါပေမဲ့ သူ့ချစ်ရသူကထိုနေရာမှာရှိနေသည်ကိုတွေးမိလိုက်ချိန် သူချက်ချင်းပျော်ရွှင်သွားရပြန်ကာ နာကျင်မှုကိုပိတ်ကာပြီးနောက်ခွန်အားမရှိသောခံစားချက်ကိုတောင့်ခံပြီး ထရပ်ကာ စွင်းတဲ့ချန်ကိုပြောလိုက်သည်။

"ကိုယ်တော့်ကိုအဝတ်လဲပေး။"


အဝတ်လဲနေစဥ် သူ့နှလုံးသားနေရာမှာအမြဲဖွက်ထားသည့်ဝတ်ရုံလက်စမှာအောက်ကျသွားသဖြင့် နိမိတ်မကောင်းတာတစ်ခုခုကိုဖော်ညွှန်းနေသယောင်။


လင်ခုံးလုထိုအကြောင်းသိပ်အများကြီးမတွေးဘဲ ခပ်မြန်မြန်ကောက်ကာပုတ်ခါပြီးမှ သူ့ရင်အုံထဲမှာသေချာဂရုတစိုက်ပြန်ထည့်သိမ်းလိုက်ပုံမှာ သူ့မှာအသန့်ကြိုက်ရောဂါရှိတာကိုမေ့သွားသည့်အလား။


ရှို့ခန်းနန်းဆောင်တွင် ကျောက်ကျင်းစစ်ကညစာစားပွဲရှေ့မှာထိုင်ပြီး သူ့မျက်လုံးများမှာမှိန်လျက် ဧကရာဇ်မယ်တော်သူ့ကိုလာခိုင်းသည့်ရည်ရွယ်ချက်ကိုစဥ်းစားနေသည့်အလား။


မျက်နှာထက်အပြုံးတစ်ပွင့်နှင့်အတူ ဧကရာဇ်မယ်တော်ကသူ့အတွက်သေရည်ငှဲ့ပေးခိုင်းကာ အန်းဝမ်ဖေး၏လက်ရှိအခြေအနေအကြောင်းကြင်နာစွာမေးမြန်းလာသည်။


ကျော​က်ကျင်းစစ်ရိုသေစွာဖြင့် တစ်ခုချင်းစီပြန်ဖြေလိုက်သည်။


ဧကရာဇ်မယ်တော်ကပြုံးကာဆိုသည်။

"သူတို့တွေအကုန်လုံးကငါ့လူတွေမို့လို့ ကျင်းစစ်လေးနက်နေစရာမလိုပါဘူး။ ပြောရရင် အိုက်ကျားနဲ့မင်းမယ်တော်တို့တစ်ယောက်နဲ့တစ်ယောက်မတွေ့ရတာနှစ်တချို့ကြာနေပြီ။ အချိန်ကအများကြီးပြောင်းလဲသွားစေနိုင်တော့ သူမပြောင်းလဲသွားလားငါမသိဘူးလေ။"


ကျောက်ကျင်းစစ်ကသူမဆိုလိုတာကိုနားလည်ပုံမရဘဲ သူပြန်ဖြေလိုက်သည်။

"မယ်မယ်ကအရင်အတိုင်းပါပဲ။"


ထိုစကားကိုကြားသော်ဧကရာဇ်မယ်တော်ရယ်မောမိပြန်ကာ ရုတ်တရက်သူနှင့်ကွေ့ဝိုက်မနေတော့ဘဲ တည့်တိုးပြောလိုက်သည်။

"ကျင်းစစ်၊ အိုက်ကျားကိုမှန်မှန်ပြော။ လူတွေနဲ့မြင်းတွေ၊ မင်းရှောင်လုကိုသတ်ဖို့ပြင်နေတာလား။ မင်း မင်းသားတွေနဲ့တော်ဝင်မိသားစုရဲ့မြေးတွေကိုစုံစမ်းနေတယ်ဆို၊ မင်းဘုရင်အသစ်တင်မြှောက်တော့မလို့လား။ ပြီးတော့ ရှောင်လုရဲ့ကိုယ်ထဲမှာမင်းအချစ်ကူကောင်ထည့်ခဲ့တာလား။"


ကျောက်ကျင်းစစ်တိတ်ဆိတ်လျက် မရှင်းပြနိုင်ပေ။


သူပြန်မွေးဖွားလာတုန်းက မုန်းတီးမှုနှင့်အထင်လွဲမှုကြောင့်ထိုအမိန့်နှစ်ခုထုတ်ပြန်ခဲ့မိသည်။ သူသိပ်မကြာခင်ပြန်ရုတ်သိမ်းခဲ့ပေမဲ့လည်း ၎င်းမှာသူနောင်တအရမိဆုံးအရာဖြစ်နေဆဲပင်။


ဒါပေမဲ့သူနောက်ဆုံးမေးခွန်းကိုကြားလိုက်ရချိန် ရုတ်တရက်ခေါင်းမော့ကာအံကြိတ်လျက်ပြောမိသည်။

"မဟုတ်ဘူး။"


"အိုး။" ဧကရာဇ်မယ်တော်ကသူ့ကိုကြည့်ကာမေးလာသည်။

"အကုန်လုံးလား။ ဒါမှမဟုတ်...."


ကျောက်ကျင်းစစ်မျက်လုံးမှိတ်ကာ နာကျင်စွာပြောမိသည်။

"နောက်ဆုံးတစ်ခုမဟုတ်ဘူး။"


လင်ခုံးလုမှာတံခါးအပြင်တွင်တောင့်တင်းစွာရပ်ကာ သူ့မျက်နှာပေါ်ကအပြုံးမှာရုတ်ခြည်းအေးခဲသွားရော့သည်။


အားစစ်ကသူ့ကိုသတ်ဖို့လူလွှတ်ဖူးတယ်လား။ သူကသူ့ကိုသတ်ဖို့အကြောင်းတွေးနေခဲ့တာလား။ မဟုတ်ဘူး၊ အဲ့လိုမဟုတ်ဘူး၊ သူနားကြားမှားတာဖြစ်ရမယ်။


တကယ်တော့နယ်စပ်မှာတုန်းက လင်စန်းကသူ့ကိုဒီကိစ္စတင်ပြခဲ့ပေမဲ့ အချစ်ကူအဆိပ်၏လွှမ်းမိုးမှုအောက်မှာ သူသိသိသာသာကိုလျစ်လျူရှုထားတာကြာပြီဖြစ်ပေမဲ့ ဒီတစ်ခေါက်ပြန်ပြောလာတော့ သူ့စိတ်မှာဖရိုဖရဲဖြစ်ကာ မယုံကြည်နိုင်ဖြစ်မိသည်။


ပြီးတော့ အချစ်ကူအဆိပ်တဲ့လား၊ ဒီမှာဘာတွေဖြစ်နေတာလဲ။


လင်ခုံးလုမှာသူ့ရှေ့ကတံခါးကိုဗလာသက်သက်စိုက်ကြည့်နေမိပြီး ရုတ်တရက်တွန်းမဖွင့်ရဲတော့သည်မှာ နောက်ကွယ်မှာပုန်းကွယ်နေသည့်ကြောက်မက်ဖွယ်သားရဲကောင်တချို့ရှိနေသည့်အလား။


နန်းဆောင်ထဲမှာ ဧကရာဇ်မယ်တော်ဟာလည်းမယုံကြည်နိုင်ဖြစ်မိသည့်အလား မျက်လုံးမှိတ်လိုက်မိသည်။ ဒါပေမဲ့ ကျောက်ကျင်းစစ်ကိုယ်တိုင်ဝန်ခံပြီးမှတော့ ဘာပြောစရာရှိအုံးမှာလဲ။


သူမလက်မြှောက်ကာ ကျောက်ကျင်းစစ်ကိုဖမ်းဆီးရန်ချောင်းမြောင်းတိုက်ခိုက်ခိုင်းချင်ပေမဲ့ သူမအမိန့်မပေးရသေးခင် သူမရုတ်ခြည်းသွေးတစ်လုတ်အန်လိုက်မိသည်။


"မယ်မယ်!"


အနောက်ကမိန်းမစိုးငယ်လေးကသူမကိုချက်ချင်းကူတွဲလိုက်ပြီး ကျောက်ကျင်းစစ်လည်းမျက်ဝန်းထဲမှာစိ​တ်ပူမှုတစ်ချက်လက်သွားကာ ချက်ချင်းထရပ်လိုက်မိပေမဲ့ သူဘာမှမပြောရသေးခင် မိန်းမစိုးငယ်လေးကသူ့ကိုလက်ညှိုးထိုးကာ ထိတ်လန့်စွာပြောလာသည်။

"မင်း မင်းရဲ့အကြံအစည်ပေါ်သွားလို့ မယ်မယ့်ကိုတကယ်ကြီးအဆိပ်ခပ်သတ်တယ်လား။ တစ်​​ယောက်​ယောက်လာ---"


ဒါပေမဲ့သူအော်လို့မပြီးသေးခင် ကျောက်ကျင်းစစ်ကပြုံးလိုက်ပြီး နှုတ်ခမ်းထက်အေးစက်စက်အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။

"ကိုယ်တော်ကအ​ဆိပ်ခတ်တယ်လား။"


သူပြောပြီးတော့ ဧကရီမယ်တော်ကိုကြည့်ကာ ရိုသေစွာပြောလိုက်သည်။

"မယ်မယ်ဘယ်လိုထင်လဲ။"


မိန်းမစိုးငယ်လေးတစ်အောင့်ကြာလန့်သွားရပြီး ထို့နောက်သူဟာဘယ်နှင့်ညာမှတဟုန်ထိုးပြေးထွက်လာသည့်အစောင့်တို့ထံမှဆွဲကာတွန်းဖိခံလိုက်ရသည်။


ထိုစဥ် ဧကရာဇ်မယ်တော်ကလည်းမျက်လုံးဖွင့်ကာ သူမနှုတ်ခမ်းပေါ်က"သွေး"ကိုသုတ်ပြီး စိတ်ပျက်စွာပြောမိသည်။

"ရှောင်ချူဇီ၊ မောင်မင်းကအိုက်ကျားကိုကယ်ခဲ့တယ်ဆိုပေမဲ့ မင်းရဲ့ကယ်တင်မှုမှာဖုံးကွယ်ထားတဲ့လှုပ်ရှားမှုရှိနေပြီးတော့ ကြိုတင်ကြံစည်ထားတာမှန်း အိုက်ကျားလုံးဝမထင်ထားခဲ့မိဘူး။"


ရှောင်ချူဇီမှာမှင်တက်လျက် သူဘာလို့ပေါ်သွားမှန်းနားမလည်ပေ။


ထိုစဥ်ကျောက်ကျင်းစစ်ကလည်း ခပ်တိုးတိုးဆိုလာသည်။

"မင်းရဲ့နာမည်အစစ်ကချူဟုန်၊ မင်းကကျင်းဝမ်ဘေးမှာအကြံပေးအမတ်ဖြစ်ခဲ့ဖူးတယ်။ အဲ့ဒါမတိုင်ခင် မင်းကဧကရာဇ်မယ်တော်အရှင်မင်းကြီးကိုပို့လိုက်တဲ့ဆေးတွေကိုလဲပြီးတော့ အရှင်မင်းကြီးကိုသွေးအန်စေခဲ့တယ်။ ပြီးတော့ အရှင်မင်းကြီးအချစ်ကူအဆိပ်ပေးခဲ့တာလည်းမင်းပဲ။"


"တကယ်တော့ ကျင်းစစ်ကအိုက်ကျားအနားမှာလူတွေမှာပြဿနာရှိနေမှန်းစာရေးပို့ခဲ့တာကြာပြီ။ မနေ့ကမောင်မင်းလို့သူကသံသယဝင်ခဲ့ပေမဲ့ အိုက်ကျားမယုံချင်ခဲ့တာမို့ သူနဲ့ကစားပွဲတစ်ခုကစားခဲ့တာ။ မောင်မင်းသေရည်ထဲမှာအဆိပ်ခတ်လိမ့်မယ်လို့မထင်ထားမိဘူး၊ အိုင်း။"

ဧကရာဇ်မယ်တော်သက်ပြင်းချကာမေးမိသည်။

"ငါ့ကိုပြော၊ မင်းဘာလို့ဒီလိုလုပ်ခဲ့တာလဲ။"


သူ့လုပ်ရပ်အကုန်ပေါ်သွားပြီမှန်းချူဟုန်မြင်လိုက်ရကာ အသာပြုံးလိုက်မိပြီးမှ သူရယ်မောလေလေ သူ့အသံမှာပိုကျယ်လာလေလေပင်။


သူရုတ်တရက်တံခါးကိုကြည့်လိုက်ပြီး တစ်ခုခုကိုဖောက်မြင်ရသည့်အလား စိုက်ကြည့်လျက် ရက်စက်သောလေသံဖြင့်ပြောလိုက်သည်။

"ဧကရာဇ်ငယ်လေး ကြားရဲ့လား။ ဘာလို့မထွက်လာရဲတာလဲ။ ကြောက်လို့လား။"


ကျောက်ကျင်းစစ်ရုတ်ခြည်းခေါင်းလှည့်လိုက်မိပြီး သူ့မျက်ဝန်းထဲမှာထိတ်လန့်မှုနှင့်ကူကယ်ရာမဲ့မှုတို့တစ်ချက်လက်သွားလေတော့သည်။


______________________________________