တံခါးမှာတွန်းဖွင့်ခံလိုက်ရပြီး ဧကရာဇ်ငယ်လေးကအပြင်မှာရပ်လို့နေသည်။
သူ့မျက်နှာမှာဖြူဖျော့နေပေမဲ့ သူ့မျက်လုံးများမှာနီရဲလျက် ကျောက်ကျင်းစစ်ကိုတုံးအစွာစိုက်ကြည့်လို့နေသည်။ သူ့မျက်လုံးများမှာရေငွေ့တို့ဖြင့်ပြည့်နေသဖြင့် မျက်လုံးကိုကျယ်ကျယ်ဖွင့်ကာ တစ်ဖက်လူ၏ပုံရိပ်ကိုရှင်းလင်းစွာမြင်ရဖို့ကြိုးစားနေရသည်။
သူ့ခြေထောက်နာလို့လားမသိ၊ သူကားအနည်းငယ်တုန်ရီနေသယောင်။
ကျောက်ကျင်းစစ်ရင်ထဲမှာရုတ်ခြည်းနာကျင်သွားရကာ အလိုလိုရှေ့တိုးလိုက်မိသည်။ "ရှောင်လု...."
ဒါပေမဲ့ ဧကရာဇ်ငယ်လေးကသူရှေ့တိုးလာမှာစိုးသည့်အလား ခြေတစ်လှမ်းနောက်ဆုတ်သွားသည်။ ကျောက်ကျင်းစစ်တမဟုတ်ချင်းအေးခဲသွားရကာ ထိတ်လန့်မှုကသူ့ရင်ထဲမှာတဖြည်းဖြည်းချင်းပျံ့နှံ့လာသည်။
"အရှင်မင်းကြီး။"
သူခက်ခက်ခဲခဲပြောလိုက်ပေမဲ့ ဘယ်လိုရှင်းပြရမယ်မှန်းမသိပေ။
"ဧကရာဇ်?"
ဧကရီမယ်တော်မှာသူအပြင်မှာရှိနေမည်ဟုမထင်ထားမိပေရာ အနည်းငယ်အံ့အားသင့်ပြီးစိတ်ပူသွားပုံရသည်။
"ဘာလို့ဒီရောက်နေတာလဲ။"
ဧကရာဇ်ငယ်လေးကမဖြေဘဲ ကျောက်ကျင်းစစ်ဆီမှခဲရာခဲဆစ်အကြည့်လွှဲကာ တပ်သားများထံမှအချုပ်ခံထားရသည့်မိန်းမစိုးငယ်လေးကိုကြည့်လိုက်သည်။
"မင်း..ဘယ်သူလဲ။ ဘာလို့ကိုယ်တော့်ကိုလိမ်ပြီးဒီစကားတွေနားထောင်ခိုင်းခဲ့တာလဲ။"
သူ့စိတ်သူအတတ်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစားထိန်းလိုက်ပေမဲ့ သူ့အသံထဲမှာတုန်ရီမှုပါသွားဆဲပင်။
ချူဟုန်ကအသာပြုံးလိုက်ပြီး သူ့မျက်ဝန်းထဲမှာရူးသွပ်မှုရှိနေပေသည်။
"လိမ်တာ? ငါကမင်းကိုကိစ္စတချို့သိစေချင်ရုံပဲ။ ဘာလို့ ကျောက်ကျင်းစစ်ကမင်းကိုမသတ်ချင်တော့တာလဲ။ သူဘာလို့မင်းကိုနန်းမချချင်တော့တာလဲ။ တကယ်တော့ အဲ့ဒီ့ဧကရီမယ်တော်အဘွားကြီးကလည်းဒါကိုသိပေမဲ့ မင်းမသိအောင်ဖုံးကွယ်ထားတာ၊ မင်းကအသုံးမကျလွန်းလို့လေ....."
ဧကရာဇ်ငယ်လေးမှာပိုမိုဖြူဖျော့ကာတုန်ရီသွားရပြီး ကျောက်ကျင်းစစ်နောက်ဆုံးမှာမနေနိုင်ဘဲရှေ့တိုးကာ သူ့ကိုပွေ့ဖက်ပြီး သူ့နားရွက်နှစ်ဖက်ကိုကာပေးလိုက်ကာ သူ့အသံမှာတုန်ရီလို့နေသည်။
"နားမထောင်ပါနဲ့၊ နားမထောင်နဲ့နော်၊ သူပြောတာမဟုတ်ဘူး၊ ကိုယ်မင်းကိုပြောပြမယ်၊ ကိုယ်မင်းကိုရှင်းပြပါ့မယ်...."
ထိုစဥ် ဧကရီမယ်တော်ကလည်းအေးစက်သောအသံဖြင့်အမိန့်ပေးလိုက်သည်။
"သူ့ပါးစပ်ကိုပိတ်ပြီး အရင်ဆုံးအချုပ်ထဲထည့်ထားလိုက်!"
"မလုပ်နဲ့၊ ကိုယ်တော်သူပြောတာနားထောင်ချင်တယ်!"
ဧကရာဇ်ငယ်လေးကကျောက်ကျင်းစစ်ကိုရုတ်ခြည်းတွန်းထုတ်လိုက်ပြီး သူ့မျက်လုံးများမှာကြောက်ရွံ့မှုမှမည်းမှောင်မှုအဖြစ်ပြောင်းသွားလေသည်။
သူခြေလှမ်းအနည်းငယ်မျှဒယိမ်းဒယိုင်ဖြစ်သွားပြီးနောက် တံခါးကိုကိုင်ကာမြဲမြံစွာရပ်ပြီး သူ့မျက်လုံးများမှာနီရဲလျက် ချူဟုန်ကိုစိုက်ကြည့်ကာ အံကြိတ်ပြီးပြောလိုက်သည်။
"လွှတ်ပေးလိုက်၊ သူဆက်ပြောပါစေ။"
နန်းတွင်းအစောင့်မှာတုံ့ဆိုင်းသွားပေမဲ့ ဧကရာဇ်ငယ်လေးနှင့်မျက်လုံးချင်းဆိုင်သွားချိန်တွင် အလိုလိုခေါင်းငုံ့လိုက်မိပြီး ချူဟုန်၏ပါးစပ်ကိုပိတ်ထားသည့်အဝတ်စကိုဆွဲထုတ်လိုက်သည်။
ချူဟုန်ကနှစ်ခါရယ်သွမ်းကာ ဟားတိုက်လာသည်။
"မင်းကသိပ်သနားစရာကောင်းတာပဲ။ တကယ်တော့ ကျောက်ကျင်းစစ်ကမင်းကိုသတ်ချင်နေမှန်းမင်းသိပြီးသားဖြစ်ပေမဲ့ မင်းကတော့သူ့ကိုချစ်လွန်းအားကြီးလို့ အဲ့အကြောင်းတမင်မေ့ပစ်လိုက်တယ်လေ။"
"မင်းသူ့ကိုဘာလို့ရုတ်တရက်ကြီးနင့်နင့်နဲနဲချစ်မိသွားလဲဆိုတာမင်းသံသယမဝင်မိဘူးလား။ အဲ့ဒါကမင်းနယ်စပ်မှာတုန်းက ရှောင်ရှီဇီကမင်းကိုယ်ထဲအချစ်ကူကောင်ထည့်ပေးခဲ့လို့ မင်းမျက်လုံးဖွင့်လိုက်ချိန်မှာပထမဆုံးမြင်လိုက်ရတဲ့လူကိုမင်းချစ်မိသွားမှာမို့လို့ပဲ၊ အဲ့ဒါကမိန်းမစိုးငယ်လေးပဲဖြစ်ဖြစ် ခွေးတစ်ကောင်ပဲဖြစ်ဖြစ် မင်းရူးသွားတဲ့အထိချစ်မိသွားလိမ့်မယ်။"
"ကံမကောင်းချင်တော့ မင်းမြင်လိုက်ရတဲ့လူကကျောက်ကျင်းစစ်ဖြစ်သွားပေမဲ့ ရလဒ်ကသိပ်မဆိုးဘူး။ ကျောက်ကျင်းစစ်အပေါ်မင်းရဲ့လက်ရှိခံစားချက်တွေကအချစ်ထက်ဘာမှမပိုဘူး။ ကျောက်ကျင်းစစ်ကမင်းကိုပြန်မချစ်ရင် မင်းသံသယလွန်ကဲပြီး ပိုပိုပြီးရူးသွပ်လာပြီးတော့ အသိစိတ်ပျောက်ပြီးလုံးဝရူးသွားမှာ။ ကျောက်ကျင်းစစ်ကမင်းကိုပြန်ချစ်ရင်တော့ မင်းကပိုစွဲလမ်းလာပြီးတော့ မိန်းမတစ်ယောက်လိုမျိုးသူ့ကိုတစ်စတစ်စတွယ်ကပ်ပြီးတော့ သူ့ကိုမခွဲနိုင်မခွာနိုင်ဖြစ်လာပြီး တိုင်းပြည်ကိုဂရုမစိုက်ချင်တော့ဘဲ အမှိုက်တစ်စဖြစ်လာပြီးတော့ သူ့လက်ထဲကရုပ်သေးရုပ်ဖြစ်လာလိမ့်မယ်။"
"အာ၊ ငါမေ့သွားတယ်၊ မင်းကအစထဲကအမှိုက်တစ်စပဲကို။ ဧကရီမယ်တော်သာငါ့အမေကိုမသတ်ခဲ့ရင် မင်းပလ္လင်ပေါ်မှာထိုင်ရမယ်ထင်နေတာလား။ ဖခမည်းတော်ရဲ့အချစ်ဆုံးမင်းသားကငါပဲ၊ သူနန်းမွေဆက်ခံစေချင်တဲ့မင်းသားကလည်းငါပဲ၊ ယောက်ျားတွေရဲ့အိပ်ရာပေါ်ဘယ်လိုတက်ရမလဲဆိုတာပဲသိတဲ့ အသုံးမကျတဲ့အမှိုက်ကောင်မင်းမဟုတ်ဘူး!"
မိုးကြိုးတစ်ချက်ပစ်ခတ်သွားသည့်အလား လက်ရှိလူတိုင်းတောင့်တင်းသွားကြသည်။
"မင်း၊ မင်း..."
ဧကရီမယ်တော်ယိမ်းထိုးသွားရကာ သူမနှဖူးကိုကိုင်လျက် ရုတ်ခြည်းမူးဝေလာတော့သည်။
ဧကရာဇ်ငယ်လေး၏ပုံရိပ်မှာလည်းယိမ်းထိုးသွားကာ သူ့မျက်လုံးများမှာမယုံကြည်နိုင်ဖြစ်မိလျက်။
"မင်းကအစ်ကိုတော်လား။ ဒါပေမဲ့ အရင်ထဲက...."
"ငါ့ကိုအစ်ကိုတော်လို့မခေါ်နဲ့၊ မင်းနဲ့မတန်ဘူး!"
ချူဟုန်၏မျက်လုံးများမှာစိတ်လှုပ်ရှားမှုဖြင့်ရဲရဲနီလျက်။
"ငါမသေဘူး၊ မင်းတို့အကုန်လုံးအံ့သြသွားကြလား။"
ဧကရီမယ်တော်မျက်လုံးမှိတ်ကာ "မမျှတဘူး"ဟုစိတ်ထဲကပြောမိသည်။
ပထမဧကရာဇ်၏ဆက်ခံသူများမှာရှားပါးလှပြီး သားတော်နှစ်ပါးနှင့်သမီးတော်တစ်ပါးသာရှိကာ မင်းသမီးကြီးကလက်ထပ်ပြီးသွားပြီမို့ မင်းသားကြီးနှင့်လင်ခုံးလုသာကျန်သည်။
မင်းသားကြီး၏မိခင်အရင်းမှာကိုယ်လုပ်တော်လီဖြစ်သည်။ ကိုယ်လုပ်တော်ရှုဖြစ်နေဆဲဧကရီမယ်တော်လည်းတစ်ချိန်တည်းမှာကိုယ်ဝန်ရှိနေခဲ့သည်။ ပထမဧကရာဇ်မှာအလွန်ပျော်ရွှင်သွားပြီး မင်းသားမွေးပေးသည့်မည်သူမဆိုဧကရီဖြစ်လာလိမ့်မည်ဖြစ်ပြီး ဧကရာဇ်၏အကြီးဆုံးသားတော်ကလည်းအိမ်ရှေ့စံမင်းသားဖြစ်လာလိမ့်မည်ဟုကတိပေးခဲ့သည်။
နောက်ပိုင်း ကိုယ်လုပ်တော်လီကမင်းသားတစ်ပါးဖွားမြင်ခဲ့ပေမဲ့ ပထမဧကရာဇ်ကကတိကိုမေ့ပျောက်သွားပုံရကာ အချိန်အတော်ကြာအောင်ဆက်ခံသူကိုမဆုံးဖြတ်ခဲ့ပေ။ တစ်နေ့မှာ ကိုယ်လုပ်တော်လီကအစောင့်တစ်ဦးနှင့်ဖောက်ပြန်နေတာကို နန်းတွင်းသူတစ်ယောက်ကဖမ်းမိသွားကာ ပထမဧကရာဇ်ကဒေါသထွက်သွားပြီး သူမကိုသေဖို့အမိန့်ပေးခဲ့သည်။
မထင်မှတ်ထားစွာဖြင့် ကိုယ်လုပ်တော်လီကနန်းတွင်းဘွဲ့ရပြီးနောက်ပိုင်းမှာ သူမကအဆိပ်ဝိုင်(သို့)ချည်ပိုးဖြူကိုမရရှိဘဲ နန်းဆောင်ထဲမှာမီးရှို့သတ်စေရာ ဧကရာဇ်၏အကြီးဆုံးသားတော်မှာလည်းမီးထဲမှာသေဆုံးသွားခဲ့သည်။
သိသိသာသာကိုပင် ချူဟုန်ကမီးထဲမှာသေသွားခဲ့ရမည့်ဧကရာဇ်၏အကြီးဆုံးသားတော်ဖြစ်သည်။
ဤအခိုက်အတန့် သူ့မျက်လုံးထဲမှာနက်ရှိုင်းသောအမုန်းတရားဖြင့် သူကဧကရီမယ်တော်ကိုခက်ထန်စွာစိုက်ကြည့်ကာ အံကြိတ်ပြီးပြောလာသည်။
"အဘွားကြီး၊ ခင်ဗျားကျုပ်အမေကိုသတ်ပြီး သူမနန်းဆောင်ကိုပြာကျသွားတုန်းကပျော်ခဲ့တယ်မလား။ သနားစရာက ကျုပ်ကမီးလောင်ပြီးမသေသွားဘူး၊ မီးလောင်သေသွားတဲ့တစ်ယောက်ကအစောင့်ငယ်လေးတစ်ယောက်ပဲ...."
ဧကရီမယ်တော်ရုတ်ခြည်းမျက်လုံးဖွင့်ကာ စူးရှစွာပြောလိုက်သည်။
"အတင့်ရဲလိုက်တာ! မင်းအမေကမှားယွင်းစွပ်စွဲခံရတယ်ထင်နေတာပေါ့? ဒီဧကရီကသူမကိုထိခိုက်အောင်လုပ်ခဲ့တယ်လား။ မင်းကိုပြောလိုက်မယ်၊ သူမကနန်းတော်ထဲမဝင်ခင်ထဲကအစောင့်နဲ့ရည်ငံနေခဲ့တာ၊ ဒီဧကရီချောက်ချခဲ့တာမဟုတ်ဘူး။"
"ပထမဧကရာဇ်ကအကြီးဆုံးသားတော်ကိုအိမ်ရှေ့စံမင်းသားဖြစ်စေမယ်လို့အစကကတိပေးခဲ့ပေမဲ့ နောက်ကျဘာလို့ဘာမှမပြောတော့တယ်ထင်လဲ။ ဘာလို့လဲဆိုတော့ ဧကရာဇ်ကမင်းကသူ့သားတော်မဟုတ်ဘူးဆိုတာသိသွားလို့ပဲ၊ အဲ့တုန်းကကိုယ်လုပ်တော်လီရဲ့အဖေကစစ်တပ်အာဏာကိုကိုင်ထားလို့ ဧကရာဇ်ကသူမကိုသွားမထိချင်တာမို့ ဒီကိစ္စကိုသည်းညည်းခံပြီးတော့ မင်းတို့သားအမိကိုနန်းတော်ထဲမှာနှစ်နည်းနည်းပိုကြာကြာနေခွင့်ပေးခဲ့တာ။"
"မင်းကိုယ်မင်းမင်းသားတစ်ပါးလို့ထင်နေတယ်ပေါ့? သိပ်ရယ်စရာကောင်းတယ်။ မင်းကကိုယ်လုပ်တော်လီဖောက်ပြန်ပြီးမွေးလာတဲ့မျိုးမစစ်တစ်ယောက်သာသာပဲ။ ထီးနန်းကငါ့သားနဲ့မတန်ဘူးဆိုတော့ မင်းလိုမျိုးမစစ်ကကောတန်လို့လား။"
ချူဟုန်မှာဒီစကားများကြောင့်မိန်းမေားသွားရပေမဲ့ သူသိသိသာသာကိုမယုံကြည်ပေရာ ခေါင်းအမြန်ခါလိုက်ပြီး သူ့မျက်လုံးများမှာဒေါသပိုထွက်လာကာ အံကြိတ်လိုက်မိသည်။
"ခင်ဗျားအဓိပ္ပါယ်မရှိတာတွေပြောနေတာပဲ!"
"ငါကမင်းကိုဘာလို့လိမ်ပြောရမှာလဲ။"
ဧကရီမယ်တော်ကသူ့ကိုအထင်အမြင်သေးစွာကြည့်ကာပြောလိုက်သည်။
"အမှန်အတိုင်းပြောရရင် လင်တော်ဝင်မိသားစုရဲ့ဘိုးဘေးဘီဘင်တွေကမတူညီတဲ့သစ်သီးတွေကိုမတော်တဆစားခဲ့ဖူးလို့ သူတို့မျိုးဆက်တွေရဲ့ညာပုခုံးမှာမွေးရာပါအမှတ်အသားပါလာစေတယ်။ မင်းမွေးလာခါစတုန်းက မင်းဟာမင်းသားတစ်ပါးမဟုတ်မှန်းဧကရာဇ်သိသွားတယ်။ ကိုယ်လုပ်တော်လီသာမီးထဲမဝင်သွားခဲ့ဘူးဆိုရင် ဧကရာဇ်ကမင်းကိုသတ်ဖို့တစ်ယောက်ယောက်လွှတ်လိုက်လိမ့်မယ်။"
"သနားစရာက အဲ့တုန်းကဒီဧကရီမှာစိတ်ကောင်းရှိတာမို့ မင်းတို့သားအမိကိုရှင်းပစ်တဲ့ကိစ္စမှာဝင်မပါခဲ့ဘူး၊ အဲ့တော့မင်းမှာအခုငါ့သားတော်ကိုထိခိုက်အောင်လုပ်ဖို့အခွင့်ကောင်းရှိလာတယ်။ ငါ့ကိုပြော၊ အချစ်ကူအဆိပ်ကိုဘယ်လိုဖြေရှင်းလို့ရလဲ။ မင်းပြောပြရင် ဒီဧကရီမင်းအသက်ကိုချမ်းသာပေးနိုင်လောက်တယ်...."
ဒါကိုကြားသော် ဧကရာဇ်ငယ်လေးမှာတစ်ကိုယ်လုံးချမ်းစိမ့်သွားရသည်။ သူကားကျောက်ကျင်းစစ်ထံမှတင်းကြပ်စွာအဖက်ခံထားရလျက် အပြင်လူတစ်ယောက်အလား သူ့ရှေ့ကအရာရာတိုင်းကိုဗလာသက်သက်စိုက်ကြည့်နေမိသည်။ သူတို့နှစ်ယောက်ဘာအကြောင်းပြောနေမှန်းသူနားမလည်။
သို့သော်လည်း သူလက်မြှောက်ကာ သူ့ညာပုခုံးကိုဖိကြည့်တော့ ထိုနေရာမှာမွေးရာပါအမှတ်တကယ်ရှိနေပေသည်။ သူလက်မြှောက်ကာ သူ့နှလုံးသားကိုဖိကြည့်မိပြန်ရာ သူနင့်နင့်နဲနဲချစ်သည့်လူတစ်ယောက်တကယ်ရှိနေပေသည်၊ ထိုလူကသူ့ကိုသတ်ကာသူ့ကိုနန်းချဖို့ပြင်နေတာကိုသူသိရင်တောင် သူ့ကိုမချစ်ဘဲမနေနိုင်ပေ။
ဧကရီမယ်တော်ပြောတာကမှန်သည်၊ ချူဟုန်ပြောတာကလည်းမှန်သည်။ သူကဒီလက်တုံ့ပြန်မှုမှာအကြောင်းမဲ့ဆွဲသွင်းခံခဲ့ရပြီး အချစ်ဖြင့်ပြုစားခံရကာ သူ့ကိုယ်သူပျောက်ဆုံးသွားပြီး ရယ်စရာကောင်းသောသားကောင်ဖြစ်လာသည်။
ရုတ်တရက်သူနားမထောင်နိုင်တော့ပေ၊ ကျောက်ကျင်းစစ်ကိုအတင်းတွန်းထုတ်ကာ နန်းဆောင်ထဲမှမိန်းမောစွာလျှောက်ထွက်သွားမိသည်။
"ရှောင်လု!" ကျောက်ကျင်းစစ်ထိတ်လန့်သွားကာ သူ့ကိုလှမ်းဆွဲရန်လက်ဆန့်လိုက်မိသည်။
ဒါပေမဲ့ ဧကရာဇ်ငယ်လေးကသူထိမှာစိုးပုံရကာ ရုတ်ခြည်းသူ့ကိုရှောင်ပြီး ဒယိမ်းဒယိုင်ပြေးသွားတော့သည်။
ဆောင်းရာသီရောက်တော့မှာမို့ ဒီနေ့နှင်းကျနေပြန်သည်။ ဧကရာဇ်ငယ်လေးကခြေထောက်သိပ်မကောင်းသည့်အပြင် သူ့ခြေကျင်းဝတ်မှာအဆစ်လွဲထားသဖြင့် ခြေလှမ်းအနည်းငယ်ပြေးပြီးနောက်လဲကျသွားချေသည်။
သူမထချင်တော့ဘဲ နှင်းထဲမှာတိတ်တဆိတ်လဲလျောင်းကာ မည်းမှောင်ပြီးစိတ်သောကရောက်ကာမီးခိုးရောင်သန်းနေသည့်မိုးကောင်းကင်ကိုဗလာသက်သက်စိုက်ကြည့်နေမိသည်။
"အရှင်မင်းကြီး..."
ကျောက်ကျင်းစစ်ကသူ့အနောက်ခြေတစ်လှမ်းအကွာမှာရှိနေပြီး သူ့မျက်လုံးများမှာနီရဲလို့နေကာ သူကသူ့ဘေးကနှင်းထဲမှာဒူးထောက်ချပြီး သူ့ကိုတုန်တုန်ရီရီဖြင့်တင်းကြပ်စွာပွေ့ဖက်လာသည်။
ဝတ်ရုံလက်ကျယ်တို့ကဧကရာဇ်ငယ်လေးကိုကာပေးထားပေမဲ့ ၎င်းတို့ကအေးစိမ့်မှုကိုတော့ဖြင့်မကာပေးနိုင်။
"အရှင်မင်းကြီး၊ ဒီမှာအေးတယ်၊ ကျွန်တော်မျိုးတို့နန်းဆောင်ကိုအရင်ပြန်သွားကြရအောင်လား။"
သူကဧကရာဇ်ငယ်လေး၏နားထဲတီးတိုးပြောလိုက်ပုံမှာ သူ့ရင်ခွင်ထဲကလူကိုခြောက်မိသွားမှာစိုးသည့်အလား။
ဧကရာဇ်ငယ်လေးမျက်လုံးမှိတ်လိုက်ပြီး မျက်ရည်များကနောက်ဆုံးတော့ပါးပြင်ပေါ်စီးကျလာသည်။
သူသူ့ကိုအရမ်းချစ်နေတုန်းပဲ၊ သူ့ရင်ခွင်ထဲမှာအဖက်ခံထားရချိန် သူ့ရင်ခုန်သံကအရှိန်မြန်လာပြီးတော့ သူ့နှလုံးသားကပျော်ရွှင်နေလိမ့်မယ်။ ဒါပေမဲ့ဒါတွေအားလုံးကအချစ်ကူအဆိပ်ကြောင့်ဖြစ်တာတဲ့လား။ သူကပိုပိုပြီးလေးနက်လာပြီးတော့ သူ့စိတ်ထဲမှာကျောက်ကျင်းစစ်တစ်ယောက်ပဲရှိတယ်၊ သူ့ဆီကနေဘယ်တော့မှခွဲသွားလို့မရဘူးလား။
ကျောက်ကျင်းစစ်ကကော? ဘာလို့သူ့ကိုအရင်ကသတ်ချင်ပေမဲ့ နောက်ပိုင်းကျချစ်သွားတာလဲ။ သူကောကူအဆိပ်မိသွားတာလား။
သူရုတ်တရက်ထိုအကြောင်းမတွေးချင်တော့ပေ၊ သူ့ချစ်ရသူ၏ရင်ခွင်ထဲမှာခိုနားပြီး သူ့ဘဝတစ်လျှောက်လုံးအဖက်ခံချင်ရုံသာ။ မင်းသာထိုရှုပ်ထွေးသောကိစ္စများကိုမတွေးရင် မင်းရဲ့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာအမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေသွားလို့ရ...
မဟုတ်ဘူး၊ ဒါကကူအဆိပ်ရဲ့အကျိုးသက်ရောက်မှုမလား။ သူ့ကိုအချစ်ရဲ့ရုပ်သေးရုပ်ဖြစ်သွားစေခဲ့တာလေ။
ဧကရာဇ်ငယ်လေးရုတ်ခြည်းနိုးလာကာ ပြင်းထန်စွာရုန်းကန်ပြီး ကျောက်ကျင်းစစ်၏ပွေ့ဖက်မှုထဲမှကြိုးစားရုန်းထွက်နေမိသည်။
ကျောက်ကျင်းစစ်ကသူ့ကိုနန်းဆောင်ဆီပွေ့သွားပြီးဖြစ်ကာ သူရုန်းကန်နေတုန်းထိခိုက်သွားမှာစိုးသဖြင့် သူ့ကိုအိပ်ရာပေါ်အမြန်တင်ပေးလိုက်သည်။
"ဝေးဝေးသွား။"
ဧကရာဇ်ငယ်လေးမှာ ဒီစိတ်ခံစားချက်ကိုတောင့်ခံနေရသည့်အလား မောဟိုက်လျက်။
ကျောက်ကျင်းစစ်မထွက်သွားဘဲ ဧကရာဇ်ငယ်လေးရှေ့မှာဒူးထောက်ကာ နှင်းကြောင့်စိုရွှဲသွားသည့်သူ့ဝတ်ရုံနှင့်ဖိနပ်များကိုညင်သာစွာကူလဲပေးရန်လက်မြှောက်လိုက်သည်။
သူတိတ်ဆိတ်နေလေလေ ဧကရာဇ်ငယ်လေးမှာဒေါသပိုထွက်လာရလေလေဖြစ်ကာ သူ့လက်ကိုရုတ်ခြည်းရှောင်ကာ အဆစ်မလွဲသောခြေထောက်နှင့်ကန်ပြီး ငိုသံဖြင့်ပြောလိုက်မိသည်။
"ကိုယ်တော်မောင်မင်းကိုထွက်သွားခိုင်းနေတယ်လေ၊ နားမလည်ဘူးလား။"
ကျောက်ကျင်းစစ်သူ့ခြေထောက်ကိုကိုင်ကာမလှုပ်ရှားနိုင်အောင်ချုပ်ထားလိုက်သည်။ သူခေါင်းမော့လိုက်ချိန် သူ့မျက်လုံးများမှာပိုမိုနီရဲလာကာ အက်ရှရှအသံဖြင့်ပြောလိုက်သည်။
"အရှင်မင်းကြီးကကျွန်တော်မျိုးရဲ့ရှင်းပြချက်ကိုနားမထောင်တော့ဘူးလား။"
"မကြားချင်ဘူး။"
ဧကရာဇ်ငယ်လေးဆို့နင့်သောအသံဖြင့်ပြောလိုက်မိသည်။
မင်းနားထောင်လိုက်ရင် အရာအားလုံးအတည်ပြုလိုက်လိမ့်မယ်၊ မင်းကိုယ်မင်းဘယ်တော့မှထပ်လှည့်စားလို့ရမှာမဟုတ်တော့ဘူး။
ကျောက်ကျင်းစစ်ကဧကရာဇ်ငယ်လေး၏ခြေထောက်ကိုပွေ့ဖက်ကာ သူ့ကိုမော့ကြည့်လာပြီး သူ့မျက်လုံးများမှာဖိနှိပ်ထားသောခံစားချက်တို့အပြည့်ရှိနေပေမဲ့ နာကျင်မှုကပိုများသည်။
"ဒါပေမဲ့ကိုယ်ပြောချင်တယ်။"
သူတီးတိုးပြောလိုက်ပြီး သူ့အသံမှာမသိမသာတုန်ယင်လျက်။
"ကျွန်တော်မျိုးအရှင်မင်းကြီးကိုမလိမ်ချင်တော့ဘူး၊ တကယ်တော့ကျွန်တော်မျိုးကဘဝအသစ်ရလာခဲ့တာ၊ နယ်စပ်မှာတုန်းက..."
ဧကရာဇ်ငယ်လေးမိန်းမောသွားရကာ မရုန်းကန်တော့ဘဲ သူ့ဇာတ်လမ်းကိုတိတ်တဆိတ်နားထောင်နေမိသည်။
နားထောင်ပြီးနောက် သူ့မျက်လုံးများနီရဲသွားရပြန်ကာ ဆို့နင့်စွာပြောမိသည်။
"ဒီတော့အရင်ဘဝတုန်းက ကျွန်တော်ကခင်ဗျားကိုနှိပ်စက်ညှင်းပန်းဖို့အကျဥ်းထောင်ထဲထည့်ခဲ့တယ်၊ ပြီးတော့တစ်စုံတစ်ယောက်ကိုလွှတ်ပြီး အန်းဝမ်ဖေးကိုသတ်ခိုင်းတယ်လို့ ခင်ဗျားထင်နေခဲ့တာလို့ ခင်ဗျားပြန်မွေးဖွားလာပြီးနောက်ပိုင်းမှာ ကျွန်တော့်ကိုလက်တုံ့ပြန်ချင်ခဲ့တာပေါ့။ အစကခင်ဗျားကျွန်တော့်ကိုသတ်ဖို့စီစဥ်ခဲ့ပေမဲ့ နောက်ကျမသင့်တော်ဘူးခံစားရလို့ အမိန့်ကိုပြန်ရုတ်ပြီးတော့ ကျွန်တော့်ကိုနန်းချဖို့အစီအစဥ်ပြောင်းလိုက်တာပေါ့?"
"ကိုယ်တောင်းပန်ပါတယ်၊ ကိုယ်တောင်းပန်ပါတယ်၊ အရင်ဘဝတုန်းက ကိုယ်တုံးလွန်းလို့ အရှင်မင်းကြီးရဲ့မူမမှန်ကိုသတိမထားမိခဲ့တဲ့အပြင် ကောက်ကျစ်တဲ့လူယုတ်မာချူဟုန်ကအရှင်မင်းကြီးကိုထိန်းချုပ်ထားမှန်းသတိမထားခဲ့မိဘူး။ ကိုယ်အရှင်မင်းကြီးကိုမကယ်နိုင်ခဲ့ဘူး။" ကျောက်ကျင်းစစ်သူ့ကိုယ်သူအပြစ်တင်မိပြီး သူ့ရင်ထဲမှာနာကျင်နေရကာ ဧကရာဇ်ငယ်လေးကိုတင်းကြပ်စွာပွေ့ဖက်လိုက်မိသည်။
ဒါပေမဲ့ ဒါကကျောက်ကျင်းစစ်နဲ့ဘာဆိုင်လို့လဲ။ ဧကရာဇ်ငယ်လေးမိန်းမောစွာတွေးမိသည်။
ချူဟုန်နှင့်ဧကရီမယ်တော်ကြားကမကျေနပ်ချက်မှာ သူနှင့်ကျောက်ကျင်းစစ်တို့ဆွဲသွင်းခံလိုက်ရပြီး ကျောက်ကျင်းစစ်ကသူ့ထက်ပို၍ကံမကောင်းဘဲ အခက်တွေ့ကာအကျဥ်းချခံခဲ့ရသည်၊ အရင်ဘဝတုန်းကသူဘာလို့သူ့ကိုကယ်ခဲ့သင့်တာလဲ...
ဒါပေမဲ့ သူတွေးလေလေ စိတ်မကောင်းဖြစ်မိလေလေပင်။ သူတို့နှစ်ယောက်လုံးကအချစ်ကူအဆိပ်ကြောင့်အတူချည်နှောင်ခံလိုက်ရပုံပင်။
သူရုတ်တရက်ရူးသွားကာ အဆက်မပြတ်ရုန်းကန်တွန်းထုတ်ပြီး နာကျင်စွာပြောမိသည်။
"ဒါဆို ဘာလို့အဲ့လူတွေကိုပြန်ရုတ်ခဲ့တာလဲ။ ဘာလို့ကိုယ်တော့်ကိုဒီအတိုင်းမသတ်ပစ်လိုက်တာလဲ။ အဲ့အချိန်တုန်းကကိုယ်တော်သာကျုံးကျိုးမှာသေသွားခဲ့ရင် ကိုယ်တော်အချစ်ကူအဆိပ်ထိန်းချုပ်တာခံရမှာမဟုတ်ဘူး...."
"တောင်းပန်ပါတယ်...."
ကျောက်ကျင်းစစ်ကြေကွဲသွားရပေမဲ့ သူ့ကိုဘယ်လိုနှစ်သိမ့်ရမလဲမသိသဖြင့် အဖန်တလဲလဲတောင်းပန်ရုံသာတတ်နိုင်သည်။
သူဧကရာဇ်ငယ်လေး၏လက်ကိုလှမ်းဆွဲကာ သူ့ကိုယ်သူထိခိုက်အောင်လုပ်နေခြင်းမှကာကွယ်လိုက်သည်။
"စိတ်မပူပါနဲ့၊ အရှင်မင်းကြီး၊ ကျွန်တော်မျိုးလူလွှတ်ပြီးမှော်သမားတော်ရှာခိုင်းထားပြီးပြီမို့ အရှင်မင်းကြီးကချူဟုန်ပြောသလိုဖြစ်လာမှာမဟုတ်ဘူး။"
သူခပ်တိုးတိုးအခိုင်အမာဆိုမိသည်။
ဧကရာဇ်ငယ်လေးမှာရုန်းကန်ရပင်ပန်းသွားပြီး ငိုလွန်းအားကြီးကာပင့်သက်ရှိုက်လိုက်မိသည်။ ဒါကိုကြားသော် သူ့မျက်နှာထားမှာရုတ်ခြည်းမည်းမှောင်သွားရပြန်ကာ တည်ငြိမ်စွာပြောလိုက်သည်။
"ကျောက်ချင်းအတွက်တကယ်ခက်ခဲခဲ့မှာပဲ။ ရပြီ၊ ကိုယ်တော်အဆင်ပြေတာမို့ မောင်မင်းထွက်သွားတော့။"
သူ့ကိုထိုသို့မြင်လိုက်ရရင်း ကျောက်ကျင်းစစ်ပို၍ပင်မသက်မသာဖြစ်သွားရကာ သူ့ကိုသတိရှိရှိလွှတ်ပေးလိုက်မိသည်။
သူ့ကိုဒီလိုမြင်လိုက်ရတော့ ဧကရာဇ်ငယ်လေးရုတ်ခြည်းလှောင်ပြုံးပြုံးကာ ပြောမိသည်။
"မောင်မင်းကိုယ်တော့်ကိုသနားနေတာလား။"
ကျောက်ကျင်းစစ်အသက်ရှုတန့်သွားရသည်၊ ဒီလိုဧကရာဇ်ငယ်လေးကသူ့အရင်ဘဝကိုသတိရသွားစေသည်။
ထိုအချိန်တုန်းက ဧကရာဇ်ငယ်လေးကမကြာခဏဒီလိုဖြစ်လေ့ရှိသည်၊ သံသယလွန်ကဲခြင်း၊ ရူးသွပ်ခြင်း၊ မည်းမှောင်မှု၊ စိတ်ဆိုးဒေါသထွက်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်းအစရှိသဖြင့်.....
မဟုတ်ဘူး၊ အရင်ဘဝကအခုထက်အတော်လေးပိုပြင်းထန်တယ်။
ကျောက်ကျင်းစစ်သူ့ကိုမလှုံ့ဆော်ရဲတော့ဘဲ လက်သီးတင်းတင်းဆုပ်ကာ တွန့်ဆုတ်စွာထွက်လာရသည်။
နန်းဆောင်အပြင်ရောက်သွားချိန်တွင် သူပင့်သက်ရှိုက်လိုက်မိပြီး ရုတ်တရက်ချူဟုန်ကိုတစစီခုတ်ပစ်ချင်စိတ်ပေါ်လာသည်။
စွင်းတဲ့ချန်ကအပြင်မှာစောင့်ကြပ်နေခဲ့ပြီး သူနောက်ဆုံးအပြင်ထွက်လာတော့ သူသတိရှိရှိရှေ့တိုးကာပြောလိုက်သည်။
"ဝမ်ရယ်၊ အရှင်မင်းကြီး..."
ကျောက်ကျင်းစစ်မျက်လုံးမှိတ်လိုက်ပြီး သူ့လျှာဖျားကိုအကြောင်းမဲ့ကိုက်ချလိုက်မိရာ သူ့ပါးစပ်မှာသွေးအပြည့်ဖြစ်သွားသည်။
သူသြရှရှအသံဖြင့်ပြောလိုက်သည်။
"နန်းတွင်းသမားတော်သွားခေါ်လိုက်အုံး၊ အရှင်မင်းကြီးခြေထောက်နာနေလောက်တယ်။"
"အိုင်းအိုင်း၊ ဟုတ်ကဲ့။"
စွင်းတဲ့ချန်အမြန်ပြန်ဖြေလိုက်သည်။
ထိုစဥ် ဧကရီမယ်တော်ကတစ်ယောက်ယောက်လွှတ်ကာသူ့ကိုဖိတ်ခေါ်လာသည်။
ကျောက်ကျင်းစစ်အနောက်လှည့်ကာ နန်းဆောင်ကိုတစ်ချက်ကြည့်လိုက်ပြီးမှ စွင်းတဲ့ချန်ကိုအသံတိုးတိုးဖြင့်ပြောလိုက်သည်။
"အရှင်မင်းကြီးစိတ်အခြေအနေမကောင်းဘူး၊ မင်း...ပိုဂရုစိုက်ပေးလိုက်။"
ဒါကိုပြောလိုက်ချိန်တွင် ကျောက်ကျင်းစစ်၏နှလုံးသားနာကျင်သွားရသည်။ အခုတော့သူကအရှင်မင်းကြီးဂရုစိုက်ပေမဲ့ သူလူလုံးထွက်ပြလို့တောင်မရတော့လို့ အခြားသူတွေကိုမေးရုံပဲတတ်နိုင်တော့တာလား။
ဧကရီနန်းဆောင်ထဲမှာ ဧကရီမယ်တော်ကခပ်မြင့်မြင့်ထိုင်ခုံမှာထိုင်လျက် မိန်းမောစွာရေနွေးကြမ်းခွက်ကိုင်ထားသည်။
ချူဟုန်မှာအဖမ်းခံထားရပြီးဖြစ်ကာ ပြုတ်ကျသွားသည့်အရာဝတ္ထုများကိုနန်းတွင်းသူတစ်ယောက်ကရှင်းသွားသဖြင့် အရာရာတိုင်းမှာပုံမှန်ပြန်ဖြစ်သွားသယောင်။
ကျောက်ကျင်းစစ်အထဲဝင်သွားချိန်တွင် သူဂါရဝပြုကာမေးလိုက်သည်။
"မယ်မယ်ချူဟုန်ကိုဘယ်လိုဖြေရှင်းဖို့စီစဥ်ထားပါသလဲ။"
ဒီလူအကြောင်းပြောလိုက်တော့
ဧကရီမယ်တော်မှာချက်ချင်းမျက်နှာနှိမ့်ချကာဒေါသတကြီးပြောမိသည်။
"အရှင်မင်းကြီးကိုသတ်ဖို့ကြံစည်ရင် အသေကောင်းမှာမဟုတ်ဘူး။"
ဒါပေမဲ့ပြောပြီးသွားသော် သူမ၏မျက်လုံးများမှာကျောက်ကျင်းစစ်ဘက်လှည့်သွားကာ မှင်သေသေပြောလိုက်သည်။
"ကျင်းစစ်၊ မင်းကိုဒီဧကရီနဲ့ပထမဧကရာဇ်ပျိုးထောင်ခဲ့တာ၊ ဒီဧကရီမင်းအပေါ်အဲ့လိုပြင်းထန်တဲ့နည်းလမ်းတွေမသုံးချင်ပေမဲ့ မင်းဒီဧကရီ့ကိုအမှန်အတိုင်းပြောမှရမယ်၊ ဒီနေ့ဖြစ်ရပ်ကချူဟုန်အတွက်လုပ်တာဖြစ်ပေမဲ့လည်း ဒီဧကရီတကယ်မေးချင်တဲ့မေးခွန်းတချို့လည်းပါတယ်၊ မင်းနဲ့ဧကရာဇ်...."
ထိုစဥ် ကျောက်ကျင်းစစ်ရုတ်ခြည်းဒူးထောက်ချကာ ကျောမတ်ပြီး ဝန်ခံလိုက်သည်။
"ကျွန်တော်မျိုးအရင်ကအမှားတွေလုပ်ခဲ့မိပါတယ်၊ ဒါပေမဲ့...ကျွန်တော်မျိုးအရှင်မင်းကြီးတကယ်ချစ်တာမို့ ကျွန်တော်မျိုးသူ့ကိုလက်လွှတ်ပေးမှာမဟုတ်ဘူး။"
"အဓိပ္ပါယ်မရှိလိုက်တာ!"
ဧကရီမယ်တော်ကစားပွဲကိုဒေါသတကြီးရိုက်ချလိုက်သည်။
"မင်းတို့ဘယ်သူလဲဆိုတာသိသေးရဲ့လား။ ပြီးတော့ အရင်ကမင်းဧကရာဇ်ကိုနန်းချပြီးတော့ သူ့ကိုလုပ်ကြံဖို့တောင်တကယ်တွေးခဲ့တယ်မလား။ ဧကရာဇ်ကအမှားတစ်ခုခုလုပ်ခဲ့မိလို့လား။"
"မင်းသိရဲ့လား၊ ဒီကိစ္စနှစ်ခုပေါ်အခြေခံလိုက်ရင် ဒီဧကရီအခုပ်မင်းကိုသတ်ပြီးတော့ မင်းရဲ့နန်းဆောင်ကိုချိပ်ပိတ်ခိုင်းလိုက်လို့ရတယ်ဆိုတာ? မင်းအမေရောက်လာရင်တောင် ဘာမှပြောရဲမှာမဟုတ်ဘူး။"
ဒါပေါ့၊ သူကဘုရင်မင်းမြတ်ကိုသတ်ဖို့ကြံရွယ်မိသည့်ကြီးလေးသောပြစ်မှုကိုကျူးလွန်ခဲ့မိမှန်း ကျောက်ကျင်းစစ်သိသည်။ သူအရင်ကဂရုမစိုက်ခဲ့ပေမဲ့ အခုတော့....သူပိုပြီးဂရုစိုက်မိသည်။
"မယ်မယ်ကျွန်တော့်ကိုစိတ်တိုင်းကျအပြစ်ပေးလို့ရပါတယ်၊ ဒါပေမဲ့ကျွန်တော့်ကိုအရှင်မင်းကြီးနဲ့အတူရှိခွင့်ပေးပါ။"
သူမျက်လွှာချကာပြောလိုက်သည်။
"မင်း!" ဟုတ်တာပေါ့၊ ဧကရီမယ်တော်ကသူ့ကိုသတ်ပစ်ဖို့မရည်ရွယ်ထားပေ၊ မဟုတ်ရင်သူမကတည့်တိုးပြောလာလိမ့်မည်မဟုတ်။
ကျောက်ကျင်းစစ်မှာအာဏာရှိလို့ သူမကအလွယ်လေးလှုပ်ရှားလို့မရတာကြောင့်လို့မပြောရအောင်၊ နေမကောင်းတဲ့သူမသားကအချစ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေသေးတာမို့ ဒီအရူးကိုသေလောက်အောင်ချစ်နေတာကြောင့်လို့ပြောကြစို့။
သူမသာကျောက်ကျင်းစစ်ကိုတကယ်သတ်ပစ်လိုက်လို့ ဧကရာဇ်ငယ်လေးရဲ့အချစ်ကူအဆိပ်ကမပြေသွားဘဲ တကယ်ရူးသွားရင်ကော?
ဧကရီမယ်တော်ခေါင်းကိုက်လာကာ မနေနိုင်ဘဲရင်ထဲမှာယခင်ဧကရာဇ်ကိုဆူငေါက်မိသည်။ အကုန်လုံးကအဲ့အဖိုးကြီးရဲ့အမှားပဲ၊ သူတို့သားကိုသူ့ကြောင့်ခံစားသွားရစေတယ်။
"မင်းနယ်စပ်ကိုပြန်သွားတော့။"
ဧကရီမယ်တော်သူမနားထင်ကိုဖိကာ ပြောလိုက်ရသည်။
"ဒီဧကရီ ဧကရာဇ်ရဲ့အဆိပ်ကိုဖြေဖို့ တစ်ယောက်ယောက်ရှာလိုက်မယ်။ နောက်ပိုင်းမင်းနဲ့သူ...တစ်ယောက်ကိုတစ်ယောက်မတွေ့ကြတာအကောင်းဆုံးပဲ။"
ကျောက်ကျင်းစစ်နစ်မြုပ်သွားရပြန်သည်၊ ဧကရာဇ်ငယ်လေးနဲ့ခွဲခွာရတာကသူလက်ခံနိုင်တဲ့နောက်ဆုံးအရာဖြစ်တာမို့ သူဒီလိုဖြစ်ခွင့်ပေးလိမ့်မည်မဟုတ်။
"ကျေးဇူးပြုပြီးတော့ကျွန်တော်မျိုးကိုခွင့်လွှတ်ပါ၊ မယ်မယ်။"
ဤအချိန်တွင် သူ့လေသံမှာပိုမိုတည်ငြိမ်လာကာ သူပြောလိုက်သည်။
"ကျွန်တော်မျိုးမလုပ်နိုင်ပါဘူး။"
ဧကရီမယ်တော်ဒေါသတကြီးထရပ်ကာ ခက်ထန်စွာပြောလိုက်သည်။
"မလုပ်နိုင်ဘူး? ငါမင်းကိုဖမ်းခိုင်းလိုက်ရမလား။"
ဒီတစ်ခေါက်ကျောက်ကျင်းစစ်လည်းထရပ်ကာပြောလိုက်သည်။
"မယ်မယ်မလုပ်နိုင်မှာစိုးရွံ့မိပါတယ်။"
"မင်း---"
ဧကရီမယ်တော်မိန်းမောသွားရပြီးမှ တစ်ခုခုနားလည်သွားကာ သူ့ကိုလက်ညှိုးထိုးပြီး ဒေါသတကြီးပြောမိသည်။
"မင်းငါ့ကိုခြိမ်းခြောက်နေတာလား။"
"ကျွန်တော်မျိုးမလုပ်ချင်ပါဘူး၊ မယ်မယ်ကျွန်တော်မျိုးကိုတွန်းအားမပေးသ၍ ဘာမှဖြစ်လာမှာမဟုတ်ဘူး။"
သူဗလာသက်သက်ပြောလိုက်ပြီး ထွက်မသွားခင်ထပ်ပြောလိုက်သည်။
"ဒါနဲ့ မယ်မယ်ချူဟုန့်ကိုကျွန်တော်မျိုးဆီလက်လွှဲပေးနိုင်မယ်လို့မျှော်လင့်မိပါတယ်။"
"မင်း၊ မင်း...."
ဧကရီမယ်တော်မှာဒေါသထွက်လွန်းလို့ လက်များတုန်လာရပြီး သူထွက်သွားပြီးနောက်ရုတ်တရက်သူမဘေးကိုပြောလိုက်မိသည်။
"အန်းဝမ်ဖေးကိုဒီဧကရီမေးချင်မိတယ်၊ သူမသားကိုသူမဘယ်လိုသင်ပြထားခဲ့တာလဲလို့လေ?"
သူမဘေးကနို့ထိန်းလီမှာတစ်ခဏမျှရှက်ရွံ့သွားရကာ ခပ်တိုးတိုးအသိပေးလိုက်ရသည်။
"ဘုရင်ခံမင်းသားအသက်ဆယ်နှစ်မှာ အရင်ဧကရာဇ်ခေါ်လာတာကိုမယ်မယ်မေ့သွားတာပါလား။"
ဧကရီမယ်တော်: "...."
"အဖိုးကြီးသင်ပေးထားတဲ့အဖိုးလေးပီသပါပေတယ်၊ ဒီဧကရီတော့ဧကရာဇ်ကိုပဲသနားမိတယ်။"
နို့ထိန်းလီ: "...." မယ်မယ်မေ့သွားပြန်ပြီလား၊ မယ်မယ်ပဲသူ့ကိုသင်ပေးခဲ့တာလေ။
ဒီနှစ်ဧကရာဇ်ငယ်လေးမှာဒုက္ခများစွာရှိနေသည်ဟုသမားတော်ကျန်းခံစားလိုက်ရသည်။ မကြာသေးခင်ကသူဘာမှလုပ်စရာမရှိသဖြင့် တစ်ဖက်လူ၏သွေးကြောကိုနေ့တိုင်းသွားစစ်ဆေးကြည့်ခဲ့သည်။
သို့သော်လည်း ပုံမှန်သွေးကြောစစ်ဆေးမှုအတွင်းမှာ ဘုရင်ခံမင်းသားကသူ့ကိုရပ်ကြည့်နေလိမ့်မည်ပင်။ ဒီနေ့တော့အကြောင်းတချို့ကြောင့် တစ်ဖက်လူကထိုနေရာမှာရှိမနေဘဲ သူဧကရာဇ်ငယ်လေး၏ခြေထောက်ကိုစစ်ဆေးပေးပြီးနောက်အပြင်ထွက်လာမှသာ တစ်ဖက်လူကနန်းဆောင်ပြင်ပမှာနီရဲသောမျက်လုံးတို့ဖြင့်ရပ်နေတာကိုမြင်လိုက်ရသည်။
သမားတော်ကျန်းအလျင်စလိုဂါရဝပြုချင်ပေမဲ့ သူကလက်မြှောက်ကာတားလာသည်။
"အရှင်မင်းကြီးဘယ်လိုနေလဲ။ သူ့ခြေထောက်တွေမှာပြင်းထန်တဲ့ပြဿနာတစ်ခုခုရှိလား။"
ဘုရင်ခံမင်းသား၏အသံမှာအက်ရှလို့နေပြီး သူကတမင်သက်သက်တိုးတိုးပြောလာပုံမှာ အထဲကလူကြားသွားမှာစိုးသည့်အလား။
သမားတော်ကျန်းကြောင်အမ်းသွားရကာ အလျင်စလိုခပ်တိုးတိုးပြန်ဖြေလိုက်သည်။
"ဝမ်ရယ်၊ အရှင်မင်းကြီးရဲ့ခြေထောက်တွေကအအေးထပ်မိသွားတာပါ။ အခုတလောရာသီဥတုကဆိုးဝါးတာမို့ ဆိုးဆိုးဝါးဝါးနာကျင်မှာစိုးတယ်။ အဲ့ဒါအပြင် အဆစ်လွဲသွားတဲ့ခြေကျင်းဝတ်ကိုတော့ ဒီသမားတော်အိုကြီးပြန်တည့်ပေးခဲ့ပါတယ်။ ကောင်းသွားပြီဆိုပေမဲ့လလတ်တလောလှုပ်လှုပ်ရှားရှားသိပ်မလုပ်ဘဲ ရက်နည်းနည်းကြာကြာအနားယူပြီးမှအပြင်ထွက်တာအကောင်းဆုံးပါပဲ။"
ကျောက်ကျင်းစစ်၏မျက်လုံးများတုန်ရီသွားရကာ ခပ်တိုးတိုးဆိုလိုက်သည်။
"သွားလို့ရပြီ။"
ခြေထောက်နာတယ်....
အဲ့နေ့တုန်းကသူသာအရှင်မင်းကြီးကိုနှင်းတောထဲကစောစောကယ်ခဲ့ရင် ဒီရောဂါဖြစ်လာမှာမဟုတ်ဘူးမလား။
ကျောက်ကျင်းစစ်၏နှလုံးသားအလွန်နာကျင်သွားရကာ အထဲဝင်ပြီးဧကရာဇ်ငယ်လေး၏ခြေထောက်ကိုနှိပ်ပေးချင်ပေမဲ့ သူ့ကိုထပ်ခံစားရအောင်လုပ်မိသွားမှာစိုးလို့ အဆုံးမှာတော့အပြင်မှာသာနေလိုက်တော့သည်။
၎င်းမှာကောင်းကင်မှောင်မိုက်သွားကာ စွင်းတဲ့ချန်နန်းဆောင်ထဲကထွက်လာပြီး ခပ်တိုးတိုးမတင်ပြလာခင်အထိပင်။
"အမွှေးနံ့သာထွန်းပေးပြီးတဲ့နောက်မှာလအရှင်မင်းကြီးအိပ်ပျော်သွားပါပြီ။"
ကျောက်ကျင်းစစ်အမူအရာမဲ့စွာခေါင်းငြိမ့်ပြလိုက်သည်။
အထဲမဝင်သွားခင် ဘေးကနန်းဆောင်ကိုသွားကာအဝတ်လဲပြီး သူ့ကိုယ်သူမီးဖြင့်နွေးထွေးအောင်လုပ်လိုက်သည်။ သူ့ကိုယ်ပေါ်မှာအအေးဓာတ်လုံးဝမရှိတော့မှန်းသေချာအောင်လုပ်ပြီးမှ တံခါးကိုအသာဖွင့်လိုက်သည်။
အိပ်ရာပေါ်မှာ ဧကရာဇ်ငယ်လေးကအသက်ရှုမှန်မှန်အိပ်မနေဘဲ သူ့မျက်နှာမှာဖြူဖျော့လျက် သူ့မျက်ခုံးများမှာတင်းကြပ်စွာကြုတ်ထားလို့နေသည်။
ကျောက်ကျင်းစစ်သူ့ကိုခပ်ဖွဖွပွတ်သပ်လိုက်မိပေမဲ့ သူ့ကိုနှိုးမိသွားမှာစိုးသဖြင့် နောက်ဆုံးအခြားတစ်ဖက်မှာဝင်ထိုင်ကာ ဧကရာဇ်ငယ်လေး၏ခြေထောက်ကိုသူ့ပေါင်ပေါ်တင်ပြီး ကျွမ်းကျင်စွာဖြင့်ညင်ညင်သာသာနှိပ်အေးလိုက်တော့သည်။
သူကခေါင်းငုံ့ထားသဖြင့် ဧကရာဇ်ငယ်လေးကမျက်လုံးဖွင့်လာကာ မျက်ဝန်းတို့မှာဖုံးဖိမရသောချစ်ခြင်းမေတ္တာတို့ဖြင့်ပြည့်နှက်နေပေမဲ့ တစ်အောင့်ကြာတော့၎င်းတို့ကနာကျင်စွာပိတ်သွားပြန်တာကိုသတိမမူမိလိုက်ပေ။
နောက်တစ်နေ့ ဧကရာဇ်ငယ်လေးကရုတ်တရက်လုံ့လဝီရိယရှိစွာအလုပ်စလုပ်လာပြီး သူ့ခြေထောက်နှင့်ခြေကျင်းဝတ်အဆင်မပြေသော်လည်း ခေါင်းမာမာဖြင့်ညီလာခံသွားတက်သည်။ ညီလာခံသွားရာလမ်းမှာ ဘာမှမစားဘဲအစီရင်ခံစာများစဖတ်သည်။
ဒါပေမဲ့သူညီလာခံရောက်သွားချိန်တွင် သူ့မျက်လုံးများမှာထိန်းချုပ်မရစွာကျောက်ကျင်းစစ်ဘက်ရောက်သွားလိမ့်မည်ဖြစ်ပြီး သူစာရေးနေချိန်မှာ အာရုံစိုက်မရဘဲ စာရွက်ပေါ်ကစကားလုံးတိုင်းက"ကျောက်ကျင်းစစ်"ဖြစ်လာသယောင်။
ဧကရာဇ်ငယ်လေးမှာကြီးစွာနာကျင်ခံစားနေရပြီး သူဟာတကယ်အသုံးမကျဘဲ သူ့စိတ်ထဲမှာထိုလူ့ကိုဆုပ်ကိုင်ထားရုံသာတတ်နိုင်သည်။
ကျောက်ကျင်းစစ်မှာသူ၏ပြောင်းလဲမှုကိုသိလိုက်ရပြီးနောက် အချိန်ကြာမြင့်စွာတိတ်ဆိတ်သွားရကာ အရိပ်အယောင်မပြဘဲသူ့ကိုစကူညီလိုက်သည်။
အမှန်ပင်၊ ဧကရာဇ်ငယ်လေးကတိုင်းပြည်အရေးကိစ္စများကိုင်တွယ်ရတာကိုသဘောမကျတာမဟုတ်ဘဲ သူ့စိတ်မှာအချစ်ကူအဆိပ်သက်ရောက်နေတာကြောင့်ဖြစ်သည်။ တကယ်တော့ အချစ်ကူအဆိပ်မမိခင်တုန်းက ဧကရာဇ်ငယ်လေးဟာတာဝန်ယူရဖို့မျှော်လင့်နေခဲ့တာဖြစ်သည်။
ကျောက်ကျင်းစစ်ထိုအကြောင်းတွေးလေလေ သူပိုမိုဝမ်းနည်းလာရကာ ဧကရာဇ်ငယ်လေးအပေါ်ပိုသတိရှိလာပုံမှာ တစ်ခုခုကြံနေသည့်အလား။
ဧကရာဇ်ငယ်လေးခံစားမိပေမဲ့ ဘာမှမဆိုပေ။ သူတို့အကုန်လုံးက ဘာမှမဖြစ်ခဲ့သည့်အလား အပေါ်ယံငြိမ်းချမ်းမှုကိုထိန်းသိမ်းထားကြသည်။
ဒါပေမဲ့ စိတ်ဖိစီးလေလေ ပိုနာကျင်ရလေလေပင်။
ရက်အနည်းငယ်ကြာငြိမ်းချမ်းမှုအပြီးတွင် ဧကရာဇ်ငယ်လေးကအစီရင်ခံစာဖတ်နေချိန်စိတ်အနှောင့်အယှက်ဖြစ်သွားရပြန်ကာ အပြင်မှာကျောက်ကျင်းစစ်ကစွင်းတဲ့ချန်ကိုဘာဖြစ်ခဲ့မှန်းတိုးတိုးလေးပြောနေတာကိုသူကြားလိုက်ရချိန် သူရုတ်တရက်စိတ်ထဖောက်ကာ အစီရင်ခံစာအကုန်လုံးကိုယူကာတံခါးကိုပစ်ပေါက်ပြီး ဒေါသတကြီးပြောလိုက်သည်။
"သူ့ကိုဘာပြောနေတာလဲ။ ဘာလို့အထဲဝင်ပြီးကိုယ်တော့်ကိုလာမပြောတာလဲ။ ကိုယ်တော်ကအသုံးမကျတဲ့အမှိုက်လို့ မောင်မင်းလည်းထင်တယ်မလား။"
ကျောက်ကျင်းစစ်၏နှလုံးသားတင်းကြပ်သွားရကာ ချက်ချင်းတံခါးတွန်းဖွင့်ကာဝင်လာမိသည်။ ဧကရာဇ်ငယ်လေးကရုန်းကန်ကာထနေပုံကိုမြင်လိုက်ရသော် သူအမြန်ရှေ့တိုးကာသူ့ကိုပွေ့ဖက်ကာခပ်တိုးတိုးနှစ်သိမ့်ပေးလိုက်သည်။
"အရှင်မင်းကြီး၊ အဲ့လိုမပြောပါနဲ့၊ အရှင်မင်းကြီးကအရမ်းတော်...."
ဒါပေမဲ့ဧကရာဇ်ငယ်လေးကကြားပုံမပေါ်ဘဲ သူ့မျက်လုံးများကိုကျယ်ကျယ်ဖွင့်ကာ မိန်းမောစွာပြောလာသည်။
"ဟုတ်တယ်၊ ကိုယ်တော့်ကိုအမှိုက်လို့ထင်လို့ ဘုရင်အသစ်တင်ဖို့လုပ်နေတာ။ ကိုယ်တော်ကဘုရင်ယင်ချွမ်းရဲ့မြေးလောက်တောင်မတော်ဘူး။ မောင်မင်းသွားမစုံစမ်းခဲ့ဘူးလား။ သူကကိုယ်တော့်ထက်ပိုပြီးသင့်တော်တယ်မလား။"
"ဘာပဲဖြစ်ဖြစ် ကိုယ်တော့်ခြေထောက်တွေကအသုံးမဝင်တဲ့အပြင် ကိုယ်တော့်ဦးနှောက်ကလည်းအသုံးမကျတော့ တိုင်းပြည်အရေးကိစ္စကိုမကိုင်တွယ်နိုင်ဘူးလေ။ မောင်မင်းဘာလို့သူ့ကိုသွားခေါ်ပြီးတော့ ကိုယ်တော့်ကိုနန်းချပြီး သူ့ကိုဧကရာဇ်အသစ်မတင်မြှောက်တာလဲ...."
0687: "....." ဘုရင်ယင်ချွမ်းရဲ့မြေးကသုံးလပဲရှိသေးတာ၊ သူကသင့်တော်တယ်လို့ ဇာတ်လိုက်တကယ်မထင်ပါဘူး၊ ပြီးတော့ Host၊ မင်းရဲ့ခြေထောက်ကအသုံးမဝင်တာမဟုတ်ဘူးလေ။
"မဟုတ်ဘူး၊ မဟုတ်ပါဘူး..."
ကျောက်ကျင်းစစ်ဧကရာဇ်ငယ်လေးကိုတင်းကြပ်စွာပွေ့ဖက်လိုက်မိကာ သူ့ရင်ထဲမှာနာကျင်နေတော့သည်။
ဒီစကားလုံးများကသူ့ကိုချွန်မြသောဓားများပမာထိုးဖောက်သွားပြီး သူ့မှာအစကထိုကဲ့သို့အတွေးများရှိခဲ့တာကိုနောင်တရမိကာ ထိုကဲ့သို့အမိန့်များပေးခဲ့မိသည့်အတွက်သူ့ကိုယ်သူပင်မုန်းတီးမိသည်။
"အရှင်မင်းကြီးထက်ပိုပြီးတော့ ဘယ်သူကမှအဲ့ရာထူးနဲ့မသင့်တော်ပါဘူး။ အရှင်မင်းကြီးအချစ်ကူအဆိပ်မိနေလို့ ကိုယ့်ကိုယ်ကိုယ်ခဏလောက်မထိန်းချုပ်နိုင်ဖြစ်နေရုံပဲ၊ သိပ်မကြာခင်ကောင်းသွားလိမ့်မယ်။ ကျွန်တော်မျိုးလွှတ်လိုက်တဲ့လူတွေကမှော်သမားတော်ကိုရှာတွေ့သွားပြီ...."
ဧကရာဇ်ငယ်လေးကကြားနိုင်ပုံမရဘဲ ဆက်တိုက်ဒေါသထွက်ကာ သူကသူ့ကိုသနားနေလို့ သူ့ကိုလွှတ်ပေးလိုက်တာဟုပြောနေပေသည်။
ဒါပေမဲ့သူမတုံ့ပြန်ရသေးခင် ဧကရာဇ်ငယ်လေးကသူ့ကိုယ်ပေါ်ပြိုလဲကျလာကာ ရေနစ်သူကမျောနေသည့်သစ်လုံးကိုဖက်တွယ်လိုက်သည့်ပမာ သူ့ကိုပွေ့ဖက်ကာ နမ်းရှိုက်ရင်း ရေရွတ်ပြောဆိုလာသည်။
"အားစစ်၊ ကျွန်တော့်ကိုမထားသွားပါနဲ့၊ ကျွန်တော်ခင်ဗျားကိုအရမ်းချစ်တယ်၊ အရမ်းချစ်တာ...."
ကျောက်ကျင်းစစ်မှာသူ့ချစ်ရသူထံမှထိုကဲ့သို့ပွေ့ဖက်အနမ်းခံလိုက်ရပေမဲ့ သူ့ရင်ထဲမှာပျော်ရွှင်မှုမရှိဘဲ နာကျင်မှုသာရှိသည်။
သူကဧကရာဇ်ငယ်လေးကိုဒီလိုဖြစ်အောင်တွန်းအားပေးခဲ့မိသည့်တစ်ယောက်ပင်။ သူပြန်မွေးဖွားလာတုန်းကသူလုပ်ခဲ့သည့်ကိစ္စများကြောင့်မဟုတ်ရင် ဧကရာဇ်ငယ်လေးကအချစ်ကူအဆိပ်အကြောင်းအဖြစ်မှန်ကိုသိပြီးနောက်ပိုင်းမှာလက်မခံနိုင်ဖြစ်မှာမဟုတ်လောက်ပေမဲ့ သူအခုဖြစ်နေသလိုမျိုးရယူမှုနှင့်ဆုံးရှုံးမှုအကြောင်းစိတ်ပူကာ သူ့ရူးသွပ်မှုကိုဖိနှိပ်နေမှာမဟုတ်လောက်ပေ။
ကျောက်ကျင်းစစ်ဧကရာဇ်ငယ်လေးကိုပွေ့ဖက်ထားကာ သူ့ကိုနမ်းခွင့်ပေးထားရင်း သူ့နှလုံးသားမှာအေးစက်လို့နေသည်။
ကံကောင်းချင်တော့ ဧကရာဇ်ငယ်လေးကကြာမြင့်စွာစကားပြောပြီးနောက်မောပန်းလာပြီး သူ့ရင်ခွင်ထဲမှာတဖြည်းဖြည်းချင်းအိပ်ပျော်သွားသည်။
ကျောက်ကျင်းစစ်သူ၏မသိမသာစိုထိုင်းကာရှုပ်ပွနေသောဆံနွယ်ကိုသပ်ပေးကာ သူ့နှဖူးအလယ်ဗဟိုကိုအမြတ်တနိုးနမ်းရှိုက်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်မိသည်။
"အိိပ်တော့နော်၊ မနက်ဖြန်ကျရင်....ကူအဆိပ်ပြေသွားလိမ့်မယ်။"
__________________